← Chapters

Clock reverse

Vol. 4 Ch. 4

Clock reverse

Vol. 4 Ch. 4

ငွေရောင်စစ်သည်နဲ့ဥစာကီတို့ အခင်းဖြစ်တဲ့နေရာကိုရောက်တော့ တိုကျိုS.W.A.Tတပ်ဖွဲ့နဲ့အစည်းအရုံးဟီးရိုးတချို့က အဆောက်အဦးကို ဝိုင်းထားနှင့်ကြပြီ။

ဒါပေမဲ့ အော့တိုဟာ စွမ်းအားကြီးမြူတန့်ဖြစ်ပြီး လက်ရှိအစည်းအရုံးမှာ အင်အားကြီးဟီးရိုးတွေပြတ်လပ်နေတဲ့အတွက် အထဲကိုမဝင်ကြသေးပဲ မက်ဒါနာတို့ရောက်တာကို စောင့်နေကြတာပါ။

အော့တိုကလည်း အခုထိအဆောက်အဦးထဲက ထွက်မလာသေးဘဲ ခုံပေါ်မှာငုတ်တုပ်ထိုင်နေသေးတယ်။ ဓားစာခံလည်းမခေါ်၊ ဆက်နေဖို့အတွက်လည်း ဘာရည်ရွယ်ချက်မှလည်း မရှိတောဘဲနဲ့ပေါ့။

"သူက ဘာတွေတောင်းဆိုထားသေးလဲ၊ ဆက်သွယ်ကြည့်ဖို့ ကြိုးစားသေးတယ်မလား။"

ဒီလိုကိစ္စတွေမှာ အတွေ့အကြုံရှိတဲ့ ဥစာကီက စောင့်နေတဲ့ ဟီးရိုးတွေကို မေးလိုက်ပေမဲ့ အကုန်လုံးက ခေါင်းခါပြပါတယ်။ အစအဆုံး ဒီဗီလိန်က ကုမ္ပဏီအဝင်ဝမှာ ထိုင်နေရုံသာဖြစ်ပြီးတော့ ဘာမှတောင်းဆိုတာမျိုးလည်း ရှိမနေပါဘူး။

ဒါပေမဲ့ မက်ဒါနာကတော့ စဥ်းစားပြီးပြောလိုက်တယ်။ "သူတစ်ယောက်ယောက်ကို စောင့်နေတာရော မဖြစ်နိုင်ဘူးလား။" မက်ဒါနာစိတ်ထဲမှာတော့ သူ့ဘေးနားကနေ ထွက်သွားတဲ့ ဖရာလီတာကိုသာ တွေးမိလိုက်တယ်။

အော့တိုက ပန်ဒရာဂွန်မိသားစုဝင်ဖြစ်ပြီး ဖရာလီတာနဲ့ရန်ငြိုးရှိတယ်ဆိုတာကိုတော့ ဟီးရိုးအစည်းအရုံးအချက်အလက်တွေအရ သူတို့သိကြပါတယ်။ ဒါပေမဲ့ ဘာကြောင့်သူတို့ရန်သူဖြစ်နေရတယ် ဘယ်ပုံဘယ်နည်းနဲ့ဘယ်အတိုင်းအတာထိ မုန်းတီးနေကြသလဲဲဆိုတာကိုသာ မသိကြတာပါ။

"ဘယ်လိုပဲဖြစ်ဖြစ် ဝရမ်းပြေးတစ်ယောက်ကို ငါတို့ဒီအတိုင်းထားလို့မရဘူး။ ဒရုန်းဇုန်၊ နင်က တခြား ဟီးရိုးတွေနဲ့အထူးတပ်ဖွဲ့တွေကိုဦးဆောင်။ ငါနဲ့SilverKnightနဲ့က ရှေ့ကနေသွားမယ်။"

ဒရုန်းဇုန်က ခေါင်းညိတ်လိုက်ပြီး အထူးတပ်ဖွဲ့တွေနဲ့သာမန်ဟီးရိုးတွေဖက်ကို လှည့်လိုက်တယ်။ ဒီမှာရှိနေတဲ့ဟီးရိုးအများစုက C အဆင့်တွေထက် မပိုကြပါဘူး။ B rank တချို့လည်းရှိပေမဲ့ ဒရုန်းဇုန်က သူတို့ထဲမှာ အားအကောင်းဆုံးပါ။

အထူးတပ်ဖွဲ့ဝင်တွေထဲက တချို့ကတော့ မက်တယ်ပလာဒင်ချပ်ဝတ်ရှိကြပေမဲ့ တော်တော်များများက သာမန်အထိကရုန်းနှိမ်နင်းရေးဝတ်စုံတွေနဲ့ပါ။ ဒါကြောင့် အဆင့်အမြင့်ဆုံးနှစ်ယောက်က သူတို့ကိုဦးဆောင်ဖို့ လုပ်ရတာပါ။

ဥစာကီက ရှေ့ဆုံးကနေသွားပြီး နောက်ကနေတော့ မက်ဒါနာလိုက်လာတယ်။ သူတို့ရုံးခန်းတံခါးပေါက်ကို ဖြတ်ဝင်ပြီးတာနဲ့ လူသေအလောင်းတွေကို စမြင်ရတယ်။ သူတို့မျက်နှာတွေအရ မသေခင် တော်တော်ကြောက်လန့်နေခဲ့ပုံပေါ်ပြီး ခုခံဖို့တောင် မတတ်နိုင်ခဲ့ပုံပါပဲ။

လူတွေအထဲဝင်လာတာ သတိထားမိတော့ အော့တိုလည်း ဆုံလည်ကုလားထိုင်ကိုလှည့်ပြီး သူတို့နဲ့မျက်နှာချင်းဆိုင်လိုက်တယ်။ S rank ဥစာကီကိုယ်တိုင် ဒီမှာရှိနေတာကိုတောင်မှ ဂရုစိုက်ပုံမပေါ်ဘူး။

"ဘယ်သူတွေများလဲလို့ အနှောင့်အယှက်တွေပဲ။ မင်းတို့က ငါသတ်ချင်တဲ့လူတွေမဟုတ်သေးဘူး၊ ငါ့ပစ်မှတ်ရောက်လာတဲ့အထိ ငြိမ်ငြိမ်လေးစောင့်နေပေးလို့မရဘူးလား။"

အော့တိုက သူ့ခါးက သေနတ်ဆီကို လှမ်းလိုက်တယ်။ ဒရုန်းဇုန်ကလည်း မူမမှန်မှုကို သတိပြုမိတဲ့အတွက် ချက်ချင်းအမိန့်ပေးလိုက်ပါပြီ။

"ပစ်...."

S.W.A.T တပ်ဖွဲ့တွေက အမိန့်ရတာနဲ့ အော့တိုကိုသူတို့သေနတ်တွေနဲ့ချိန်ပြီး ဆက်တိုက်ပစ်ခတ်လိုက်တယ်။ ဒါပေမဲ့ သူတို့တွေသတိမပြုမိလိုက်ခင်မှာပဲ အော့တိုက ဒရုန်းဇုန်ရှေ့မှာပေါ်လာပြီး အထူးတပ်ဖွဲ့ဝင်တချို့ လဲကျသွားတယ်။ သူတို့ခေါင်းတွေမှာတော့ သေနတ်ကျည်ဆန်ရာတွေနဲ့။

အော့တိုက ဒရုန်းဇုန်ကို သေနတ်နဲ့ပစ်ဖို့လုပ်ပေမဲ့ ဒရုန်းဇုန်က သူ့သေနတ်ကို လက်နဲ့ရိုက်ချလိုက်ပြီး မျက်နှာကို လက်သီးနဲ့ထိုးဖို့ပြင်တယ်။ ဒါပေမဲ့ နောက်တစ်ခဏမှာပဲ အော့တိုပြန်ပျောက်သွားပြီး ထိုင်ခုံပေါ်မှာ ထိုင်လျက်သားပြန်ပေါ်လာတယ်။

"ဘာ...." ဥစာကီရောဒရုန်းဇုန်ပါ ဒီအဖြစ်အပျက်ကြောင့် ခြေမကိုင်မိလက်မကိုင်မိဖြစ်ကုန်တယ်။

"အိုး... မင်းရဲ့လက်ထောက်လေးကံကောင်းသွားတယ်၊ ဥစာကီ။"

မက်ဒါနာက ငွေရောင်စစ်သည်ဝတ်စုံနဲ့ ဖြစ်စဥ်တစ်ခုလုံးကို စောင့်ကြည့်နေခဲ့တဲ့အတွက်ကြောင့် ဘာတွေဖြစ်သွားလဲဆိုတာကို ဝတ်စုံက အနှေးကွက်ပြန်ပြပါတယ်။ အော့တိုက ဒရုန်းဇုန်နားကို မရောက်ခင်အထိ မြန်မြန်ဆန်ဆန်လှုပ်ရှားကာ အထူးတပ်ဖွဲ့ဝင်တွေကို သတ်ပစ်ပြီး ဒရုန်းဇုန်ကို သေနတ်နဲ့ချိန်ခါမှ သူ့အရှိန်က ရုတ်တရက်ကြီး နှေးကျသွားခဲ့တာပါ။

"ဒရုန်းဇုန်၊ အားနည်းတဲ့ဟီးရိုးတွေနဲ့တပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်လိုက်တော့။ ဒီလူက သိပ်အန္တရာယ်များတယ်။"

ဥစာကီက ပြောလိုက်တယ်။ မက်ဒါနာကလည်း ဝတ်စုံစနစ်နဲ့အော့တိုရဲ့အချက်အလက်တွေကို ထုတ်ယူစစ်ဆေးလိုက်တယ်။

[အော့တို အေ့စ် ပန်ဒရာဂွန်]

အသက် - ၂၀

စွမ်းအား - Clock up

အဆင့် - A

ပန်ဒရာဂွန်ပင်မမိသားစုမှအကြီးဆုံးသားဖြစ်ပြီး သူ၏အစေခံများအပါအဝင် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။ ရာဂလွန်ကျူးပြီး စွမ်းအားအသေးစိတ်ကို မသိရပါ။]

Clock upဆိုတဲ့ စွမ်းအားနာမည်က အော့တိုကိုယ်တိုင် ပေးထားတာဖြစ်ပြီး အသေးစိတ်စွမ်းဆောင်ရည်တွေကိုတော့ ဟီးရိုးအစည်းအရုံးက မသိပါဘူး။ သူတို့သိတာက အင်မတန်မြန်ပြီး အလျင်အမျိုးအစားဖြစ်နိုင်တယ်ဆိုတာပါ။ ဒါပေမဲ့ မက်ဒါနာကတော့ အလျင်အမျိုးအစားမဖြစ်နိုင်ဘူးလို့ ချက်ချင်းကောက်ချက်ချလိုက်တယ်။

အကြောင်းက ဝတ်စုံရဲ့အနှေးကွက်ပြသချက်တွေကတစ်ဆင့် ပုံမှန်မြန်နှုန်းမြှင့်မြူတန့်စွမ်းအားတွေနဲ့မတူတာကို တွေ့ခဲ့ရလို့ပါ။ လူတစ်ယောက်က ဘယ်လောက်မြန်အောင်သွားနိုင်သွားနိုင် သူ့ရဲ့လှုပ်ရှားမှုတွေကို မြင့်မားတဲ့မြန်နှုန်းအတွင်း ဝင်ရောက်နေချိန်မှာ အတိအကျထိန်းချုပ်ဖို့ ခက်ခဲသွားပါပြီ။

ဒါပေမဲ့ အနှေးကွက်ပြသနေချိန်မှာတော့ သူက အေးအေးဆေးဆေးပဲ လူတွေအနားကိုကပ်သွားပြီး သေနတ်နဲ့ပစ်နေခဲ့တာပါ။ ပုံမှန်အမြန်နှုန်းဟီးရိုးတစ်ယောက်က သူပြေးနေချိန်မှာ သေနတ်ကိုသေချာမှန်အောင် ဘယ်တော့မှမပစ်နိုင်ပါဘူး။ ပြီးတော့ ဒုတိယကမ္ဘာစစ်တုန်းက ကျည်ဆန်ထက် လေယာဥ်ကမြန်နေလို့ ကိုယ့်ကျည်ကိုယ်ပြန်မှန်ဖူးတဲ့ သာဓကတွေလည်းရှိတဲ့အတွက် အမြန်နှုန်းမြူတန့်တွေက သေနတ်ကို လက်နက်အဖြစ်မသုံးပါဘူး။ သေနတ်အစား ပိုထိန်းချုပ်ရလွယ်တဲ့ ဓားကိုသာ သူတို့ရွေးချယ်ပါလိမ့်မယ်။

ပြီးတော့ သူသာအမြန်နှုန်းမြူတန့်ဆိုရင် အနှေးကွက်ထဲမှာ ဘာလို့အေးအေးဆေးဆေးလမ်းလျှောက်နေတယ်လို့ မြင်နေရတာလဲ။ ဒါပေမဲ့ မက်ဒါနာမှာ သူ့စွမ်းအားက အမြန်နှုန်းမဟုတ်ဘူးလို့ သက်သေပြနိုင်ဖို့ အချက်အလက်တွေအများကြီးလိုနေသေးတယ်။

"Silverknight... နင့်မှာဒီကောင်ရဲ့အမြန်နှုန်းကို လိုက်နိုင်မယ့်နည်းလမ်းရှိတယ်မဟုတ်လား။"

အော့တိုက နည်းနည်းအန္တရာယ်များပေမဲ့ ဥစာကီဖြစ်ဖြစ် မက်ဒါနာဖြစ်ဖြစ် သူတို့အသွေးအသားထဲက တိုက်ခိုက်လိုစိတ်တွေ ကြွလာတာကို ခံစားနေရပါတယ်။ အားကောင်းတဲ့သူတစ်ဦးကို ကိုယ့်ရှေ့မှာတွေ့ရင် ဘယ်တိုက်ခိုက်ရေးသမားမဆို ယှဥ်ပြိုင်ကြည့်ချင်ကြမှာပဲလေ။

"အင်း... ငါ့ဝတ်စုံကို အဆင့်မြှင့်ပြီးသွားပြီ။" မက်ဒါနာက ယုံကြည်မှုအပြည့်နဲ့ ခေါင်းညိတ်လိုက်ပြီး ဝတ်စုံကို တိတ်တိတ်လေး အမိန့်ပေးလိုက်တယ်။

"စနစ်... ငါ့အတောင်ပံတွေကို ဖွင့်လိုက်တော့။"

"Flight System ready"

အဲဒီနောက်တော့ ငွေရောင်စစ်သည်ရဲ့ကျောနောက်မှာ အလင်းဒြပ်စင် အတောင်ပံတစ်စုံထွက်ပေါ်လာတယ်။ အေမီကိုစမ်းသုံးခိုင်းပြီးနောက် အဆင့်မြှင့်လိုက်တဲ့ ပျံသန်းရေးအတောင်ပါ။ ဒီအတောင်က ငွေရောင်စစ်သည်ကို ပျံသန်းနိုင်စေရုံမက ပိုပြီးမြန်မြန်သွားလာနိုင်ဖို့ကိုပါ ကူညီပေးပါတယ်။ အခုငွေရောင်စစ်သည်က အသံမြန်နှုန်းကို လိုက်မီနေပါပြီ။

"ဟုတ်ပြီ... အတူတိုက်ကြတာပေါ့။"

ဥစာကီကလည်း သူ့ခါးကိုကိုင်းလိုက်ပြီး ဓားရိုးပေါ်လက်တင်လိုက်တယ်။ နောက်တော့ ဟီးရိုးနှစ်ယောက်လုံးက အသံထက်မြန်တဲ့နှုန်းနဲ့ အော့တိုဆီကို ပြေးထွက်သွားတယ်။ အော့တိုကလည်း ရယ်မောလိုက်ပါပြီ။

"စိတ်ဝင်စားစရာပဲ...."

ပထမဆုံး ဥစာကီရဲ့ဓားချက်က အော့တိုရဲ့လည်ပင်းဆီကို ဦးတည်သွားတယ်။ တစ်ခါတည်း ခေါင်းဖြတ်ပြီးသတ်ဖို့ပါ။ ဒီမြူတန့်က အန္တရာယ်များတဲ့အတွက် ချက်ချင်းအသေသတ်ဖို့ ဥစာကီဆုံးဖြတ်ထားပုံပါပဲ။ ဒါပေမဲ့ သူ့မျက်စိရှေ့မှာတင် အော့တိုရဲ့တည်နေရာက မြန်မြန်ဆန်ဆန်ပြောင်းလဲသွားပြီး ဥစာကီရဲ့နောက်စေ့ကို သေနတ်နဲ့ချိန်ထားပြီးသားအခြေအနေနဲ့ ပြန်ပေါ်လာတယ်။

"Clock up"

ဒါပေမဲ့ သူအခွင့်အရေးမရလိုက်ဘဲ မြေပြင်ပေါ်မှာ အတောင်ပံနဲ့ပြေးနေတဲ့ ငွေရောင်စစ်သည်က သူ့ကိုယ်နဲ့ အော့တိုကို တွန်းဖယ်ပစ်လိုက်တဲ့အတွက် သေနတ်ကျည်က နံရံတစ်ခုကိုပဲသွားမှန်တယ်။

နောက်တော့ ငွေရောင်စစ်သည်ရဲ့မြေဆွဲအားဓားက အော့တိုအပေါ်မိုးကျလာတယ်။ ကြီးမားတဲ့မြန်နှုန်းနဲ့ခွန်အားကြောင့် သာမန်လူတစ်ယောက်သာ ဒီဓားနဲ့ခုတ်ခံရရင် သေချာပေါက်နှစ်ခြမ်းခွဲပြီးသားဖြစ်သွားမှာပါ။ အော့တိုကတော့ အရူးတစ်ယောက်လိုရယ်မောနေဆဲပါ။

"Clock up"

မြေဆွဲအားဓားက ကြမ်းပြင်ကိုသာခုတ်မိသွားပြီး ကုမ္ပဏီအဆောက်အဦးတစ်ခုလုံး လှုပ်ယမ်းသွားတယ်။ ကြွေပြားတွေအားလုံး အက်ကွဲသွားတဲ့အပြင် အကုန်လုံး လေပေါ်ကိုမြောက်တက်ကုန်တယ်။

ဒါပေမဲ့အော့တိုကတော့ ခပ်လှမ်းလှမ်းမှာရှိနေပြီး။ အငွေ့တလူလူထွက်နေတဲ့သေနတ်နဲ့ ငွေရောင်စစ်သည်ကို ချိန်ထားတယ်။

"နှမြောစရာပဲ... မင်းဝတ်စုံက တော်တော်ထူတာပဲ။" အော့တိုက သက်ပြင်းချလိုက်ရင်း စိတ်ပျက်စွာနဲ့ ခေါင်းကိုခါယမ်းလိုက်တယ်။

မက်ဒါနာခေါင်းငုံကြည့်တော့ သူ့ဝတ်စုံမှာကျည်မှန်ထားတဲ့နေရာတွေရှိပြီး ခြစ်ရာတောင်မထင်ပေမဲ့ ထိမှန်ထားခဲ့တဲ့အတွက် ကျည်နဲ့ပွတ်တိုက်ရာကနေဖြစ်လာတဲ့ အပူငွေ့တွေကတော့ ထထောင်းထောင်းထွက်နေဆဲပါ။

အဲဒါပြီးမှ သူ့စနစ်ကနေ ကျည်ဆန်သတိပေးချက်တွေနဲ့လမ်းကြောင်းတွေတက်လာတယ်။ "ဘာ.... ငါ့ရဲ့ဝတ်စုံသတိပေးစနစ်က ကျည်ဆန်လာမှန်ပြီးမှ ကျည်လမ်းကြောင်းကို ခန့်မှန်းနိုင်ခဲ့တာလား။ ဘာလိို့ သာမန်ကျည်တွေက စနစ်မခန့်မှန်းနိုင်တဲ့အထိ မြန်နေရတာလဲ။"

အော့တိုကိုယ်ထားတဲ့သေနတ်က အထူးပြုလုပ်ထားတာဆိုပေမဲ့ ဒီလောက်စွမ်းအားမကြီးပါဘူး။ အထူးသဖြင့် မက်ဒါနာထွင်ထားတဲ့ သတိပေးစနစ်က အတော်လေးအားကောင်းပြီး စနိုက်ပါကျည်တွေကိုတောင် ခြေရာခံနိုင်ပါတယ်။ ပစ္စတိုကျည်က သူမသိလိုက်ဘဲ ထိစရာအကြောင်းကိုမရှိတာ။

"ငါထင်ထားတဲ့အတိုင်းပဲ ဒီကောင့်စွမ်းအားက အမြန်နှုန်းမဟုတ်ဘူးပဲ။" မက်ဒါနာ ဒီလိုတွေးလိုက်ရင်း တုံ့ဆိုင်းမနေဘဲ လက်ကောက်ဝတ်သေနတ်နဲ့ အော့တိုကို ပစ်လိုက်ပြီး အခြေအနေကိုစောင့်ကြည့်တယ်။

ထင်ထားတဲ့အတိုင်းပဲ အော့တိုက နေရာမှာတင်အေးအေးဆေးဆေးရပ်နေပြီး ကျည်တွေက သူ့ကိုမထိဘဲ သူ့နောက်ကနံရံကိုပဲထိသွားတယ်။ အနှေးကွက်ကင်မရာကနေပြန်ပြတော့ သူက ကျည်တွေကို အေးအေးဆေးဆေးရှောင်လိုက်နိုင်တာ။ A rank အမြန်နှုန်းမြူတန့်တွေက ကျည်ဆန်ကိုရှောင်နိုင်တယ်ဆိုပေမဲ့ သူကစားသလိုမကစားနိုင်ပါဘူး။

"Void Stream ဖွင့်...."

မက်ဒါနာက ဒီလူကို ဒီထက်ပိုပြီးအလွတ်မပေးနိုင်တော့ပါဘူး။ မြေဆွဲအားဓားကို အားကုန်တင်လိုက်ပြီး Void streamနဲ့အလင်းဒြပ်စင်ပေါင်းထားတဲ့ အမြန်နှုန်းကိုထုတ်ဖော်တယ်။ နောက်က အတောင်ပံကပါ ပံပိုးပေးထားတဲ့အတွက် သူ့အမြန်နှုန်းက တိုက်လေယာဥ်တစ်စီးထက်တောင် နှေးစရာမရှိတော့ပါ။

"ဝုန်း...."

ငွေရောင်စစ်သည်ဖြတ်သန်းသွားတဲ့ လမ်းကြောင်းတစ်လျှောက်က အရာအားလုံးဟာ လေတိုးအားကိုမခံနိုင်ဘဲ အကုန်အက်ကွဲကုန်တယ်။ မက်ဒါနာက နံရံကိုဝင်မတိုက်မိခင်ရပ်လိုက်ပေမဲ့ အားအဟုန်ကြောင့် မိုးမျှော်တိုက်အဆင့် ကွန်ကရစ်နံရံကြီးဟာ လူတစ်ကိုယ်စာ စက်ဝိုင်းပြတ်ကြီးအဖြစ် ပွင့်ထွက်သွားတော့တယ်။

ဒါပေမဲ့ အော့တိုကတော့ အေးအေးဆေးဆေးရှိနေသေးပြီး သူ့ကြောင့်ဖြစ်သွားတဲ့အပေါက်ကြီးရဲ့ဘေးနံရံမှာ ကျောမှီရပ်နေရင်း ပန်းသီးတစ်စိတ်ကို ပါးစပ်ထဲထည့်လိုက်တယ်။

"နှေးတယ်... နှေးလွန်းတယ်...." မက်ဒါနာ ရင်ထိပ်သွားတယ်။ ဒီလူမှာသာ လက်နက်ကောင်းကောင်းရှိရင် သူတို့နှစ်ယောက်မလွယ်ပါဘူး။

အဲဒီအချိန်မှာပဲ ဥစာကီက အော့တိုနားမှာပေါ်လာပြီး အငိုက်မိနေတဲ့အော့တိုပခုံးကို ဓားနဲ့ခုတ်ချလိုက်တဲ့အတွက် သွေးတွေပန်းထွက်လာတယ်။

"မဖြစ်နိုင်တာ...." အော့တိုက အကျယ်ကြီးအော်ဟစ်လိုက်ပေမဲ့ ဥစာကီကတော့ နည်းနည်းလေးမှမနားပါဘူး။ သူ့ဓားက အော့တိုရဲ့ဝမ်းဗိုက်ကိုပါ ဆက်တိုက်ထိုးနှက်ပြီးသားဖြစ်သွားပြီး အော့တိုရဲ့ခန္ဓာကိုယ်က လေပေါ်မြှောက်တက်သွားတယ်။ သူ့ဗိုက်ကနေတော့ သွေးတွေနဲ့အူအခွေလိုက် ထွက်ကျလာတယ်။

အော့တိုက လက်ရှိမှာ သူတို့နှစ်ယောက်ထက် အသာရနေပေမဲ့ သူ့ကိုယ်သူအထင်ကြီးလွန်းတာကြောင့် ခံလိုက်ရတာပါ။ သူက S rankတွေကို ယှဥ်တိုက်နိုင်တဲ့ A rankဖြစ်ပေမဲ့ ပြိုင်ဖက်ကင်းပြီး မသေနိုင်တဲ့လူမဟုတ်ဘူး။

မက်ဒါနာက အဲဒီမြင်ကွင်းကို အသေးစိတ်လိုက်ကြည့်နေတယ်။ ရုတ်တရက် အော့တိုရဲ့ဆံပင်တချို့ဖြူဖွေးသွားပြီး သူ့ပါးစပ်ကနေ စကားတစ်ခွန်းကို ရေရွတ်လိုက်တယ်။

"Clock reverse" ချက်ချင်းဆိုသလိုပဲ သူ့ဒဏ်ရာတွေက ဘယ်တုန်းကမှ မရှိခဲ့ဖူးသလိုမျိုး ပြန်ကောင်းလာပြီး မြေပေါ်ကိုပြန်ကျလာတယ်။ မက်ဒါနာလည်း မျက်လုံးပြူးသွားပါပြီ။ အစောပိုင်းက ဒဏ်ရာတွေအရဆို ပြန်လည်ကုစားနိုင်စွမ်းရှိရင်တောင် အလကားပါပဲ။ ဒါပေမဲ့ အခုတော့ချက်ချင်းပြန်ကောင်းသွားပြီ။

မက်ဒါနာ အနှေးပြကွက်ကိုပြန်ကြည့်တော့ အော့တိုရဲ့ဒဏ်ရာတွေက ဗီဒီယိုကိုနောက်ပြန်ရစ်လိုက်သလိုမျိုး သွေးစက်တွေပါပြန်ဝင်ပြီး ပြန်ကောင်းသွားမှန်းမြင်လိုက်ရတယ်။

'ငါနားလည်ပြီ....' မက်ဒါနာ နောက်ဆုံးတော့ နားလည်သွားပြီ။ အော့တိုသုံးနေတာက တကယ့်အမြန်နှုန်းစွမ်းအားမဟုတ်ဘဲ အဲဒီထက်ပိုတဲ့ အချိန်စွမ်းအား။

"ဥစာကီ၊ သူ့ကိုစွမ်းအား သုံးခွင့်မပေးနဲ့တော့။"

မက်ဒါနာက အော်ပြောလိုက်တယ်။ အော့တိုလည်း မြေပေါ်ပြန်ရောက်လာပြီ။ ဥစာကီကတော့ ခေါင်းညိတ်လိုက်ပြီး သူ့ဓားစွမ်းအားကို စထုတ်ဖော်လိုက်တယ်။ ဓားရိုးပေါ်က မျက်လုံးပွင့်လာပြီး ဥစာကီရဲ့အရေပြားပေါ်မှာ မီးတောက်နက်သံကြိုးအရိပ်ကြီးတွေ စတင်ထွက်ပေါ်လာတော့တယ်။

"စွမ်းအားကင်းမဲ့ဇုန်... ကျယ်ပြန့်စမ်း..."

ဥစာကီရဲ့ခြေထောက်အောက်ကနေ သံကြိုးအရိပ်မည်းကြီးတွေက အဆောက်အဦးအတွင်းမှာစတင်ပြန့်နှံလာပြီး မက်ဒါနာကိုယ်တိုင်လည်း သူ့ရဲ့ Technotelekinesisကို သုံးလို့မရတော့မှန်း သတိထားမိလိုက်တယ်။ ဥစာကီက သူ့ရဲ့တကယ့်စွမ်းအားကို ထုတ်သုံးလာပါပြီ။

အော့တိုကလည်း တိုက်ပွဲအတွင်းမှာ ဆက်မနေရဲတော့ဘူး။ သူက ဘဝင်မြင့်ပေမဲ့ သေမှာတော့ကြောက်ပါသေးတယ်။ ဥစာကီရဲ့စွမ်းအားစက်ကွင်းအတွင်းမှာ ဘယ်သူမှ မြူတန့်စွမ်းအားကိုထုတ်မသုံးနိုင်ဘူး။ အချိန်အစွမ်းသာမရှိရင် သူက သာမန်လူတစ်ယောက်သာသာပါပဲ။ S rankတစ်ယောက်ကို ဘယ်နည်းနဲ့မှ ခုခံနိုင်မှာမဟုတ်ဘူး။

"Clock up" ဥစာကီ သူ့နောက်ကိုလိုက်ဖို့ပြင်တဲ့အချိန်မှာပဲ အော့တိုက သူ့အစွမ်းကိုသုံးပြီး ရုံးခန်းထဲကနေ ထွက်ပြေးဖို့ပြင်တယ်။ အစောပိုင်းက တစ်ဆင့်မြင့်စွမ်းအား Clock reverse ကြောင့် အားအင်ကုန်ခန်းနေပေမဲ့ ဒီလိုမှမလုပ်ရင် သူသေတော့မှာပါ။

အော့တိုက ရုံးခန်းအပြင်ဖက်မှာ ဝိုင်းထားတဲ့လူတွေကို ဖြတ်ကျော်ပြီး ကားလမ်းမပေါ်တက်ပြေးတယ်။ ဥစာကီနဲ့ငွေရောင်စစ်သည်တော်ကတော့ နောက်ကနေ တူညီတဲ့မြန်နှုန်းမျိုးနဲ့လိုက်လာကြပါပြီ။

ဥစာကီကတော့ မြေပြင်ကနေပဲ ပြေးလိုက်နေတာဆိုပေမဲ့ မက်ဒါနာကတော့ ပတ်ဝန်းကျင်ပျက်စီးမှုနည်းစေဖို့အတွက် လေပေါ်ကနေ ပျံသန်းနေပါတယ်။

အော့တိုရဲ့Clock upက ထွက်ပြေးတဲ့နေရာမှာလည်းတော်တော်အသုံးဝင်ပါတယ်။ အချိန်အတော်ကြာလာတဲ့အထိ မက်ဒါနာတို့က သူ့ကိုဖမ်းမိကြသေးဘူး။ ဒါပေမဲ့ သူ့သက်လုံက ကျဆင်းလာနေတဲ့အတွက် တစ်ချိန်မဟုတ်တစ်ချိန်တော့ မိတော့မှာပါ။ အဆိုးဆုံးကတော့ ငွေရောင်စစ်သည်ဟာ သူသွားနေတဲ့ပုံစံကို ခန့်မှန်းပြီး မြေဆွဲအားဓားနဲ့ ပစ်ခတ်တိုက်ခိုက်နေတာပါ။ ခုထိတော့ မထိသေးပေမဲ့ မထိအောင်ရှောင်နေရတဲ့အတွက် သူ့အစွမ်းပိုသုံးရပါတယ်။

ဥစာကီကလည်း သူ့နောက်ကနေ ချိပ်ပိတ်နယ်မြေနဲ့ အသည်းအသန်လိုက်နေတဲ့အတွက် နယ်မြေထဲကျမသွားအောင်လည်း ဂရုစိုက်ရပါတယ်။ သူ့ခြေတစ်လှမ်း ဥစာကီရဲ့နယ်မြေထဲရောက်တာနဲ့ သူ့ဘဝဆုံးမှာပါ။

"မတတ်နိုင်တော့ဘူး... ငါလည်း ငါ့စွမ်းအားအကုန်ကို ထုတ်သုံးရမှာပဲ။" အော့တိုက နာကျည်းစွာနဲ့ ဆုံးဖြတ်ချက်ချလိုက်တယ်။ တကယ်လို့ သူဒီနေ့ ဒီနေရာမှာမသေရင် သေချာပေါက် ဟီးရိုးနှစ်ယောက်နဲ့ဆက်နွယ်နေတဲ့လူတွေကို လိုက်သတ်ပြီး ကလဲ့စားချေတော့မှာပါ။

သူ့အနေနဲ့ ဒီဟီးရိုးနှစ်ယောက်ကို ဘယ်တော့မှမနိုင်ရင်တောင် အဲဒီဟီးရိုးတွေ တစ်သက်လုံးနာကျင်နေအောင်တော့ သူစေစားနိုင်ပါသေးတယ်။

"တွေ့ကြသေးတာပေါ့... Double Clock up!" အော့တိုရဲ့အရှိန်က နောက်တစ်ခါ ထပ်ပြီးမြင့်သွားပြန်တယ်။ ဒီတစ်ခါတော့ အတော်လေးမြန်ဆန်တဲ့အတွက် ဥစာကီတို့နဲ့အန္တရာယ်ရှိတဲ့အကွာအဝေးကနေ လွတ်သွားပါပြီ။ တကယ်လို့ သူသာနောက်ထပ်စွမ်းအားတစ်ကြိမ် ထပ်သုံးလိုက်မယ်ဆိုရင် တစ်နေရာရာမှာ ဝင်ခြေရာဖျောက်ပြီး ဟီးရိုးနှစ်ယောက်ကို လှည့်စားထွက်နိုင်ပါတယ်။

"ငါ မင်းတို့လက်ကနေလွတ်တာနဲ့ မင်းတို့အမျိုးတွေအဆွေတွေအကုန်လုံးကို မျိုးဖြုတ်သတ်ပစ်မယ်။"

အော့တိုက သူ့ရဲ့ညစ်ပတ်တဲ့အကြံနဲ့အတူ နောက်ထပ်စွမ်းအားတစ်ခုထပ်သုံးဖို့ ကြိုးစားလိုက်တယ်။ ဒါပေမဲ့ ကောင်းကင်ကနေ ဧရာမအလင်းစွမ်းအင်လုံးကြီးတစ်ခုက ရုတ်တရက်ကျဆင်းလာပြီး သူ့ကိုထိမှန်လုနီးပါးဖြစ်သွားတယ်။ ဒါပေမဲ့ Clock upကိုသုံးပြီး ရှောင်လိုက်နိုင်တာကြောင့် တကယ်မထိပါဘူး။ လွတ်မြောက်သွားပြီးနောက် သူတော်ပါသေးတယ်လို့ တွေးမိလိုက်တဲ့အချိန်မှာပဲအလင်းလုံးကြီးက ပေါက်ကွဲသွားပြီး ပိုမိုသေးငယ်တဲ့ အလင်းလုံးလေးတွေအဖြစ်နဲ့ သူအနောက်ကို ဆက်လိုက်တယ်။

"ဘာ...."

အလင်းလုံးတွေရန်ကလွတ်ဖို့ နောက်တစ်ခု Clock upသုံးပြီး နောက်ကိုခုန်ဆုတ်ပေမဲ့ သူခုန်ဆုတ်မယ့်နေရာမှာ တိတ်တဆိတ်ရောက်နေတဲ့ နောက်ထပ်အလင်းလုံးက ရှိနေပြီးပါပြီ။

"သေစမ်း...."

အဲဒီနောက်ကအလင်းလုံးကို သူထိမိလိုက်တာနဲ့ လျင်မြန်စွာပေါက်ကွဲသွားပြီး အချိန်ချဲ့ထားတဲ့ Clock upအတွင်းမှာတောင် သူမရှောင်နိုင်တော့ဘူး။ သူ့ခန္ဓာကိုယ်က ပေါက်ကွဲအားကြောင့် ရှေ့ကိုလွင့်စင်သွားပြီး ရှေ့က တခြားအလင်းလုံးငယ်တွေနဲ့ထပ်တိုက်မိပြန်တယ်။

"ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...."

မက်ဒါနာတို့ရဲ့ရှေ့မှာ အလင်းလုံးတွေက လျင်မြန်စွာပျံသန်းကခုန်နေပြီး အော့တိုရဲ့ခန္ဓာကိုယ်က အသားစတွေကို တစ်စစီဖျက်ဆီးပစ်နေတဲ့မြင်ကွင်းကို မြင်နေရတယ်။ ဝေလငါးတစ်ကောင် ရေမြုပ်ဗုံးတွေထဲကို ရောက်သွားသလိုပါပဲ။ ဒါပေမဲ့ အခုက လူသားတစ်ယောက် အလင်းဗုံးတွေကြားထဲမှာ တစ်စစီဖြစ်နေတာပါ။

"Clock reverse...." အော့တိုက နောက်ဆုံးမသေခင်လေးမှာ သူ့ရဲ့အချိန်နောက်ပြန်လည်အစွမ်းကို ထပ်သုံးလိုက်တယ်။ ဒီတစ်ခါတော့ သူ့ခေါင်းတစ်ဝက်လောက်ဖြူသွားပြီး မျက်နှာကလည်း သက်လတ်ပိုင်းတစ်ယောက်အဖြစ်ကို အိုစာသွားတယ်။

မက်ဒါနာတို့ အလင်းဗုံးရဲ့ပိုင်ရှင်ဘယ်သူလည်း စိတ်ဝင်စားနေချိန်မှာပဲ ကောင်းကင်ပေါ်က တိုက်လေယာဥ်အတောင်တွေနဲ့ ပျံသန်းနေတဲ့ War frameတစ်စင်းက လမ်းပေါ်ကိုဆင်းသက်လိုက်တယ်။

"Archmega"

All Chapters