← Chapters

အဖြူရောင်မုသား

Vol. 4 Ch. 6

အဖြူရောင်မုသား

Vol. 4 Ch. 6

Void Stream Full Rushဟာ အချိန်အတော်ကြာတဲ့အထိ ငွေရောင်စစ်သည်တော်ရဲ့စွမ်းအားအကြီးဆုံး တိုက်ကွက်ဖြစ်ခဲ့တာပါ။ ဒီတိုက်ကွက်ကိုသုံးပြီး အင်အားကြီးတဲ့ရန်သူတွေကိုလည်း အနိုင်ပိုင်းခဲ့ဖူးတယ်။ နောက်ဆုံး အလင်းဒြပ်မှုန်နည်းပညာကို ဖရာလီတာဆီကနေ ရပြီးတဲ့နောက်တော့ ပိုအားကောင်းတဲ့ တိုက်ကွက်တစ်ခုအဖြစ်ကို တိုးတက်လာခဲ့ပါပြီ။

အတောင်ပံနဲ့ပေါင်းလိုက်တဲ့အခါမှာတော့ အားအဟုန်ရော ပြောင်းလွယ်ပြင်လွယ်ဖြစ်မှုမှာပါ တိုးတက်လာတဲ့အတွက် ပိုပြီးကြောက်ဖို့ကောင်းတဲ့ ဟာရီကိန်းတိုက်ကွက်ဖြစ်လာပါတယ်။

"Hurrican Rush"

ငွေရောင်စစ်သည်တော်က လေမုန်တိုင်းတစ်ခုလိုမျိုး Archmegaဆီကို ပြေးဝင်လာတယ်။ တစ်ဖက်က Archmegaကလည်း အလင်းဗုံးတွေကို အသင့်ပြင်ထားပြီးပါပြီ။ အလင်းဗုံးတွေက မိုးစက်မိုးပေါက်တွေလိုမျိုး ငွေရောင်စစ်သည်ဆီကို ပြေးဝင်လာတယ်။ ဒါပေမဲ့ ငွေရောင်စစ်သည်ရဲ့အတောင်ပံက အလင်းဒြပ်မှုန်တွေကိုသုံးပြီး ၃၆၀ ဒီဂရီအပြည့်ချိုးကွေ့ကာ အလင်းဗုံးတွေကို နောက်ချန်ထားပြီး Archmegaရဲ့ပခုံးကို မြေဆွဲအားဓားနဲ့ခုတ်လိုက်နိုင်တယ်။

Archmegaရဲ့ဝတ်စုံက အနက်ရောင်ပေမဲ့ တကယ်ကိုမာကျောတဲ့ ဇက်သတ္တုအစစ်တွေနဲ့ဖန်တီးထားတာပါ။ ပြီးတော့ ငွေရောင်စစ်သည်ဝတ်စုံရဲ့အလိုက်သင့် ပြောင်းလဲနိုင်စွမ်းမရှိတာကလွဲပြီး မာကျောမှုမှာတော့ Archmegaက အတော်လေးပိုသာပါတယ်။ ဒါပေမဲ့ ဟာရီကိန်းတိုက်ကွက်ရဲ့အင်အားကြောင့် အံ့အားသင့်ဖွယ်အရာတစ်ခု ဖြစ်လာခဲ့ပါပြီ။

မြေဆွဲအားဓားက Archmegaရဲ့ညာဖက်ပခုံးကာကို တစ်ခါတည်းအက်ကွဲသွားစေတယ်။ ဒါကြောင့် Archmegaရဲ့အတွင်းပိုင်းက အကာအရံမဟုတ်တဲ့ စက်ယန္တရားတွေကိုပါ မြင်နေရပြီ။

Archmegaကလည်း အလကားမနေပါဘူး။ သူ့လက်နဲ့မြေဆွဲအားဓားကို ပြန်ဆွဲနှုတ်လို့မရအောင် ဖမ်းဆုပ်လိုက်ပြီး အလင်းဗုံးလောင်ချာနဲ့ ငွေရောင်စစ်သည်ရဲ့ရင်ဘတ်တည့်တည့်ကို ထိုးချိန်လိုက်တယ်။

အောက်မှာရှိနေတဲ့ ဥစာကီနဲ့ဒရုန်းဇုန်တို့ကလည်း ဒီမြင်ကွင်းကို ရင်တမမနဲ့ ကြည့်နေရတယ်။ ဥစာကီက ငွေရောင်စစ်သည်ကို အလင်းဗုံးလောင်ချာနဲ့ချိန်ထားတဲ့ မြင်ကွင်းကိုကြည့်ရင်းပြောလိုက်တယ်။

"မကောင်းတော့ဘူး၊ ဒီအတိုင်းဆိုရင် မက်ဒါနာသေတောင်သွားနိုင်တယ်။" အလင်းဗုံးတွေရဲ့စွမ်းအားကို သူအစောပိုင်းကတည်းက မြင်ဖူးခဲ့ပြီးသားပါ။

ဖရာလီတာကလည်း ဝတ်စုံထဲမှာ ပြုံးလိုက်ရင်း အင်တာကွန်းကနေတစ်ဆင့် မက်ဒါနာကို ပြောလာခဲ့ပါပြီ။ "မက်ဒါနာ၊ နင်ငါ့ကို အခုရိုက်ပစ်ချင်နေမှန်းသိပေမဲ့ ဆက်တိုက်ဖို့ကြိုးစားရင် နင့်ရင်ဘတ်ကို စုတ်ပြတ်သွားအောင်လုပ်နိုင်တယ်နော်။ အသေတော့သတ်မှာမဟုတ်ပေမဲ့ နင်ဝတ်စုံတော့ ပြင်မရအောင် ပျက်စီးသွားစေရမယ်။"

ဒါပေမဲ့ ငွေရောင်စစ်သည်ဝတ်စုံထဲမှာရှိနေတဲ့ မက်ဒါနာကလည်း သူ့စိတ်ကူးနဲ့သူပြုံးလိုက်ပြီး သူ့ကိုထိုးချိန်ထားတဲ့ Archmegaရဲ့ဗုံးလောင်ချာကို ဘယ်လက်နဲ့ဆုပ်ကိုင်ကာ ရင်ဝတည့်တည့်ကိုပြောင်းချိန်ပေးလိုက်ရင်း ပြောလိုက်တယ်။

"လုပ်ကြည့်လေ၊ နင်လုပ်နိုင်မလားလို့။" အဲဒီနောက် ညာလက်ကိုမြောက်ပြီး လက်ဖျောက်တစ်ချက်တီးလိုက်တယ်။ ခဏကြာတော့ Archmegaရဲ့မျက်လုံးထဲက မီးရောင်မှိန်ကျသွားပြီး ဂျက်အင်ဂျင်ကိုမထိန်းနိုင်တော့ဘဲ အောက်ကိုတစ်ဟုန်ထိုးစတင်ပြုတ်ကျတော့တယ်။

"အာလေလေ... နင်က နင့်ရဲ့အားနည်းချက်အဟောင်းကြီးကို မပြင်ရသေးဘဲ ငါ့ကိုနိုင်မယ်ထင်နေတာလား။" မက်ဒါနာက Technotelekinesisကို ရိုးရိုးလေးထုတ်သုံးပြီး ခလုတ်ပိတ်ခဲ့ရုံပါ။ အရင်လအနည်းငယ်တုန်းကလည်း ဒီနည်းလမ်းနဲ့ပဲ နိုင်ခဲ့တာလေ။

ဒါပေမဲ့ ဖရာလီတာက ဒီပြဿနာအတွက် မပြင်ဆင်ထားဘူးလို့ ဘယ်သူပြောနိုင်လို့လဲ။ War frameထဲမှာရှိနေတဲ့ ဖရာလီတာက မျက်နှာကိုရှုံမဲ့လိုက်ပြီး မှန်အဖုံးတစ်ခုကိုဖွင့်ကာ အရေးပေါ်မိန်းခလုတ်တစ်ခုကို ဆွဲလှည့်လိုက်တယ်။

"ဝီ....." Archmegaရဲ့အရံထားရှိတဲ့ စွမ်းအင်လိုင်းက မက်ဒါနာကြောင့်ပိတ်သွားတဲ့ ပင်မစွမ်းအင်Core ကို ပြန်နိုးလာအောင် ထောက်နှိုးလိုက်တယ်။

အောက်ကိုတစ်ဟုန်ထိုးပြုတ်ကျနေတဲ့ Archmega ရဲ့ဂျက်အင်ဂျင်က အထိန်းအကွပ်မဲ့မနေတော့ဘဲ မိုးပေါ်ကို ပြန်ထောင်တက်လာကာ ဗုံးလောင်ချာတွေနဲ့ လေထဲမှာပျံသန်းနေတဲ့ ငွေရောင်စစ်သည်ကို ဆက်တိုက်ပစ်ခတ်လိုက်တယ်။

ဒါပေမဲ့မက်ဒါနာက ဟာရီကိန်းတိုက်ကွက်ကို ဆက်တိုက်သုံးနေတဲ့အတွက် အလင်းဗုံးတွေက ထိရောက်မှုရှိမနေဘဲ ငွေရောင်စစ်သည်ကသာ Archmegaကို အန္တရာယ်ရှိတဲ့အခြေအနေတွေထဲ ဆက်တိုက်တွန်းပို့နေပါတယ်။

ဒါပေမဲ့ ဖရာလီတာကတော့ အေးအေးဆေးဆေးခုခံနေရင်း အင်တာကွန်းကနေ ပြောလိုက်တယ်။ "နင့်ဝတ်စုံက ဒီတိုက်ကွက်ကိုထုတ်သုံးဖို့အတွက် စွမ်းအင်အများကြီးသုံးရတယ်မဟုတ်လား။ နင့်ရဲ့Coreက ဘယ်လောက်စွမ်းအားကျန်သေးလည်း ကြည့်ရအောင်။ ဒီလိုတိုက်ကွက်မျိုးကို ဘယ်နှစ်ကြိမ် ထုတ်သုံးနိုင်မှာမလို့လဲ။ ငါးကြိမ်လား၊ ဒါမှမဟုတ် သုံးကြိမ်လား.."

ငွေရောင်စစ်သည်ကလည်း ကောင်းကင်မှာပျံသန်းနေရင်း တိုက်စစ်ဆင်နေတာကို ခဏရပ်လိုက်တယ်။ ဒီတော့ ဖရာလီတာက ပိုပြီးရယ်မောလိုက်တော့တယ်။

"ဪ... နင့်မှာတစ်ကြိမ်စာလောက်ပဲ ကျန်တော့မယ်မဟုတ်လား။ ဒီလိုဆိုရင် ငါ့ကိုဆက်ဘယ်လိုရင်ဆိုင်မလဲ ကြည့်ရအောင်။"

ငွေရောင်စစ်သည်အတွင်းမှာရှိနေတဲ့ မက်ဒါနာလည်း နှုတ်ခမ်းကိုဖိကိုက်ရင်း စွမ်းအင်လက်ကျန်အချက်ပြကို ကြည့်လိုက်တယ်။ တကယ်ပဲ ၂၀% ပဲကျန်တော့တာ။ အစကတော့ တစ်ချက်နှစ်ချက်နဲ့ ဖရာလီတာကို ပွဲသိမ်းအနိုင်ယူနိုင်မယ်ထင်ထားပေမဲ့ အခုတော့ မရတော့တဲ့ပုံပဲ။

ဒါပေမဲ့ စိတ်ပူနေဖို့အချိန်မရှိသေးဘူး။ အကြောင်းက Archmegaရဲ့ရင်ဘတ်နေရာက ပွင့်လာပြီး လျှပ်စစ်ကွိုင်လိုနေရာမျိုးကို မြင်နေရတယ်။ တကယ်တော့ လျှပ်စစ်ကွိုင်မဟုတ်ဘဲ Archmegaရဲ့Core ဖြစ်ပြီးတော့ အလင်းဒြပ်မှုန်တွေက Coreနေရာမှာ စတင်စုစည်းလာခဲ့ပါပြီ။

"ဒါကို နင်ဘယ်လိုရင်ဆိုင်မလဲကြည့်ရအောင်၊ ငါအသစ်ထည့်ထားတဲ့ နောက်လက်နက်တစ်ခုလေ။"

[Ultimate Skill: Dragon Blast]

နဂါးတစ်ကောင်မီးမှုတ်လိုက်တာနဲ့ တစ်မြို့လုံးပြာကျသွားနိုင်တယ်ဆိုတဲ့ ဒဏ္ဍာရီပုံပြင်တွေရှိခဲ့ဖူးတယ်။ အခုဖရာလီတာရဲ့လက်နက်က ဒီလိုလက်နက်မျိုးပါ။ အလင်းမှုန်တွေက Coreရဲ့ရှေ့မှာစုစည်းသွားပြီး လေဆာအလင်းတန်းကြီးတစ်ခုအဖြစ်နဲ့ မက်ဒါနာဆီကို ပြေးဝင်သွားတယ်။ အခြေအနေမကောင်းမှန်းသိတဲ့ မက်ဒါနာကလည်း နောက်ဆုံးကျန်တဲ့စွမ်းအင်ကိုအားကိုးရင်း အရှိန်ကုန်ဖွင့်ကာ အလင်းတန်းကြီးကို ရှောင်လိုက်ရတယ်။

အလင်းတန်းကြီးကတော့ လမ်းမကြီးတစ်လျှောက် ဧရာမစွတ်ကြောင်းရာကြီးကို ချန်ထားခဲ့တယ်။ ကားတွေလည်း အကုန်ပြာကျနေပြီ။ ကံကောင်းစွာနဲ့ လေဆာတန်းကြီးဖြတ်သွားတုန်း ဘယ်သူမှရှိမနေခဲ့ဘူး။ မြူတန့်နှစ်ကောင်စတိုက်နေပြီဆိုကတည်းက အားလုံးဘေးလွတ်ရာ ထွက်ပြေးကုန်ကြတာကိုး။

အလင်းတန်းကြီးကို ပစ်ပြီးတဲ့နောက်တော့ ဖရာလီတာမှာလည်း စွမ်းအင်သိပ်မကျန်တော့ဘူး။ ငွေရောင်စစ်သည်ဝတ်စုံကလည်း အားကုန်တော့မယ်။ ဒါပေမဲ့ နှစ်ယောက်လုံးက ရန်ဆောင်နေကြတုန်း။ သူတို့ထပ်တိုက်ဖို့ပြင်နေတုန်း နှစ်ဦးကြားထဲ ဥစာကီက ဝင်ရပ်ပြီး သတိပေးလိုက်တယ်။

"အဟမ်း.... အဟမ်း... နင်တို့နှစ်ယောက်ဆက်တိုက်နေရင် ငါနင်တို့နှစ်ယောက်လုံးကို မြို့ကိုဖျက်ဆီးနေတဲ့ ဗီလိန်တွေအဖြစ် သတ်မှတ်ရလိမ့်မယ်။"

....

ဒီလိုနဲ့ မက်ဒါနာနဲ့ဖရာလီတာတို့နှစ်ယောက် ဝတ်စုံထဲကနေထွက်ပြီး ဟီးရိုးအစည်းအရုံးကို ပါလာတယ်။ နှစ်ယောက်လုံး တစ်ယောက်နဲ့တစ်ယောက် စကားမပြောကြ၊ မျက်နှာချင်းမဆိုင်ကြဘူး။ ဝတ်စုံတွေကတော့ အယ်လိုဟင်နဲ့ဒရုန်းဇုန်တို့ ခွဲသိမ်းထားကြတယ်။ အကြောင်းပြချက်က နောက်တစ်ခါထသတ်ကုန်မှာစိုးလို့တဲ့။

အစည်းအရုံးဂိတ်ဝရောက်တော့ နှစ်ယောက်လုံးဘေးချင်းယှဥ်ရပ်မိကြပြန်တယ်။ မက်ဒါနာက အသေးမလေးကို မျက်စောင်းထိုးလိုက်တယ်။ အသေးမလေးကလည်း စွာတေးလန်မျက်နှာနဲ့ ပြန်ကြည့်တယ်။ နောက်တော့ နှစ်ယောက်သား လက်တွေခြေတွေနဲ့ ထရိုက်ဖို့လုပ်ကြပြန်ရော။ ဒါပေမဲ့ ဥစာကီက နောက်ကနေရောက်လာပြီး ချောင်းဟန့်လိုက်တယ်။

"အဟမ်း... အဟမ်း... နင်တို့နှစ်ယောက် ငါ့ရုံးခန်းထဲအရင်လိုက်ခဲ့ကြ။"

ရုံးခန်းထဲရောက်တော့ ဥစာကီက သူတို့ကြောင့်ပျက်စီးသွားတဲ့ ကုန်ကျစရိတ်တွေကို အကြမ်းဖျင်း တွက်ချက်ပြီး စာရင်းတစ်ခုကမ်းပေးတယ်။

"ကားအစီးပေါင်းသုံးဆယ်ကျော် နင်တို့လက်ချက်နဲ့ ပျက်စီးသွားတယ်။ ကားအမျိုးအစားထည့်မစဥ်းစားသေးရင်တောင် ပျမ်းပျကုန်ကျစရိတ်က ဒေါ်လာသုံးသိန်းငါးသောင်း။"

"လေးလမ်းသွား လမ်းအရှည်နှစ်ကီလိုမီတာလောက် အသစ်ပြန်ခင်းရမှာဆိုတော့ ဒေါ်လာခြောက်သန်း။"

"လမ်းမီးတိုင်တစ်ဒါဇင်ပျက်စီးခက ဒေါ်လာတစ်သောင်းနှစ်ထောင်။"

"အထပ်မြင့်တိုက်မှန်အချပ်ခုနစ်ရာကျော်ကွဲသွားတာဆိုတော့ ဒေါ်လာတစ်သန်းတစ်သိန်းနှစ်သောင်း။"

ဥစာကီက ကုန်ကျစရိတ်တွေကိုတွက်ရင်း နဖူးကိုဆုပ်ကိုင်ကာ မက်ဒါနာတို့နှစ်ယောက်ကို ပြောလိုက်တယ်။ "နင်တို့အတွက်တောင်မှ နည်းနည်းများမယ်ထင်တယ်။ အားလုံးပေါင်း၊ ဒေါ်လာ ၇.၄သန်းလျော်ရမယ်။"

"ခု...ခုနစ်သန်းခွဲနီးပါး၊ နောက်နေတာမလား။ အဲဒါနဲ့ကုမ္ပဏီအသေးတစ်ခုထောင်လို့ရနေပြီလေ။" ဖရာလီတာက အလန့်တကြားထအော်လိုက်တယ်။

မက်ဒါနာကတော့ လျော်ရမယ့်စာရင်းကိုမြင်ကတည်းက တစ်ကိုယ်လုံးတုန်ယင်နေပြီးတော့ တလျှပ်လျှပ်ခုန်နေတဲ့နှလုံးနဲ့ ခုံပေါ်ပြန်ထိုင်နေလိုက်တယ်။ တကယ်တော့ စိတ်ကိုသာမနိုင်ရင် တက်ပါတက်သွားတော့မှာ။

သူချမ်းသာတာထက်တောင် ကျော်နေပြီ။ ပြီးတော့ ဟိုဖလေရာမက သူ့ငွေတွေကို ရင်းနှီးမြုပ်နှံမှုထဲထည့်ထားတော့ လက်ထဲမှာငွေတစ်သန်းတောင်မပြည့်ဘူးရယ်။ သူ့ကိုယ်သူရောင်းပြီးလျော်ရင်တောင် ခုနစ်သန်းပြည့်မယ်မထင်ဘူး။

မက်ဒါနာတစ်ယောက် သူ့ကိုယ်သူ အကြွေးတွေဆပ်ဖို့အတွက် သနားစရာပုံစံလေးနဲ့ တစ်နေရာရာမှာငွေရှာနေရမယ့်ပုံစံကို ကြိုတွေးမိတယ်။ ယုန်ဝတ်စုံဝတ်ပြီး Maid cafeမှာအလုပ်လုပ်ရင်း ပိုက်ဆံရှာရတာတို့ မိန်းကလေးတန်မဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်ကြမ်းလုပ်ပြီးပိုက်ဆံရှာရတာတို့ မျက်လုံးထဲ မြင်ယောင်လာတယ်။

'သောက်ကျိုးနည်း၊ အခြေအနေမဟန်ရင် မက်တယ်ပလာဒင်ဆီပြန်သွားပြီး နောက်ဝတ်စုံတစ်စုံလုပ်ပေးရမယ်။ အလုပ်ကြမ်းတော့မလုပ်နိုင်ဘူး၊ Maid Cafe မှာအလုပ်လုပ်မယ်ဆိုရင်လည်း တင်မီလိုနှာဘူးမျိုးနဲ့တွေ့ရင် ငါကိုယ်ကျိုးနည်းမှာ။' မက်ဒါနာလေးတော့ ကိုယ်ကျိုးနည်းပြီ။

ဖရာလီတာကတော့ မက်ဒါနာကို ချက်ချင်းလှည့်ကြည့်လိုက်ပြီး စအပြစ်တင်တယ်။ "ဒါတွေအကုန်လုံး နင်ငါ့ကို ရုတ်တရက်ကြီးလာတိုက်ခိုက်လို့ဖြစ်ကုန်တာ။ နင်အခုလျော်။"

မက်ဒါနာကလည်း ဒေါသထွက်သွားပြီး ခုံကနေ မတ်တပ်ရပ်လိုက်ကာ ဖရာလီတာကို အပေါ်ကနေ မိုးကြည့်ရင်း ပြောလိုက်တယ်။

"အမယ်... ကားလမ်းတွေပျက်စီးကုန်တာ နင့်ဝတ်စုံက လေဆာတန်းကြီးကြောင့်လေ။ ပြီးတော့ အဖျက်စွမ်းအားအကြီးဆုံးတိုက်ကွက်တွေက နင့်ဆီက လာတာမဟုတ်ဘူးလား။ ငါ့ဓားက ဒီလောက်မပျက်စီးစေဘူးလေ၊ ဒီတော့ သဘာဝကျကျတွေးရင် နင်လျော်ရမှာ။"

"မဟုတ်ဘူး နင်စတိုက်တာဆိုတော့ နင်လျော်ရမှာ။"

"နင်လျော်ရမှာ..."

"နင်လျော်..."

"နင်လျော်လို့ဆို...."

ဘုန်း....။

ဥစာကီက ရန်ဖြစ်နေသေးတဲ့နှစ်ယောက်ကိုကြည့်ရင်း ဒေါသထွက်နေတဲ့ပုံစံနဲ့ စားပွဲခုံကို အားနဲ့ရိုက်ချလိုက်တယ်။ ထွက်ပေါ်လာတဲ့ အသံကျယ်ကြီးကြောင့် သူတို့နှစ်ယောက်လုံး ဆတ်ခနဲလန့်ခုန်လိုက်မိကြပြီး ဥစာကီရှေ့မှာ ကုပ်ကုပ်လေးတွေ ရပ်နေမိကြတယ်။

"တော်ကြတော့၊ အခုကိစ္စက နှစ်ယောက်လုံးမှားလို့ဖြစ်တာ။ ဒီတော့ တစ်ယောက်တစ်ဝက်စီပေါင်းလျော်ကြ။ ငါအလုပ်များနေတယ်၊ မီဒီယာတွေကလည်း အခုကိစ္စနဲ့ပတ်သက်ပြီး ဟီးရိုးအစည်းအရုံးကို မျက်စောင်းထိုးနေကြပြီ။ ကြည့်ကောင်းအောင် သတင်းစာရှင်းလင်းပွဲလုပ်ရဦးမယ်။ တစ်ပတ်အတွင်း လျော်ကြေးပိုက်ဆံတွေလာအပ်တာလိုချင်တယ်၊ မဟုတ်ရင်တော့...."

ဥစာကီက သူတို့နှစ်ယောက်ကို စိန်းစိန်းဝါးဝါးစိုက်ကြည့်ရင်း ရုံးခန်းထဲကနေ မောင်းထုတ်လိုက်တယ်။ ရုံးခန်းတံခါး ဂျိန်းခနဲပိတ်သွားပြီးတဲ့နောက်တော့ မက်ဒါနာနဲ့ဖရာလီတာက တစ်ယောက်ကိုတစ်ယောက် နှာမှုတ်ပြရင်း ဆန့်ကျင်ဖက်အရပ်တွေဆီ ထွက်သွားကြတယ်။

"ဟွန့်...."

...

ဖရာလီတာနဲ့ရန်သတ်ပြီးသွားတော့ မက်ဒါနာက လီတာရှိနေတဲ့နေရာဆီ ထွက်လာခဲ့တယ်။ ဒရုန်းဇုန်ကလည်း လီဆာနဲ့အတူရှိနေပြီး လီဆာရဲ့ကျန်းမာရေးအခြေအနေကို စစ်ဆေးပေးနေတယ်။

"အားလုံးပုံမှန်ပဲ၊ ဒီလောက်မြန်မြန် ပြန်ကျန်းမာလာလို့ တော်သေးတယ်။" အခုလီဆာက မက်ဒါနာမှတ်မိတဲ့အတိုင်း သာမန်ကောင်မလေးတစ်ယောက်ပြန်ဖြစ်နေပြီ။ ခါတိုင်းလိုပဲ သူအသွင်းပြောင်းတဲ့အတိုင်း အလိုက်သင့်ပြောင်းသွားတတ်တဲ့ သားရေဝတ်စုံကို ဝတ်ထားတယ်။ မက်ဒါနာကိုမြင်တော့ ချက်ချင်းပြေးလာတယ်။

"မေမေမက်ဒါနာ...."

"....." ရုတ်တရက်ကြီး မေမေလို့အခေါ်ခံလိုက်ရလို့ အူကြောင်ကြောင်ဖြစ်သွားပေမဲ့ လီဆာလေးက ပြေးလာပြီး သူ့ရင်ခွင်ထဲဝင်လာတာမလို့ အလိုက်သင့်ပြန်ဖက်ပေးလိုက်ရတယ်။ မေမေအဖြစ်သဘောထားခံနေရလို့ အောင့်သက်သက်ကြီးဖြစ်နေပေမဲ့ပေါ့။

"လီဆာလေး၊ ဘာမှမဖြစ်ပါဘူးနော်။ မြူတန့်သိပ္ပံအဖွဲ့က နင့်ကိုဖမ်းသွားလို့ အန်တီလင်ဒါတအားစိတ်ပူနေတာ။"

"မေမေလင်ဒါက အန်တီမဟုတ်ပါဘူး၊ မေမေမက်ဒါနာနဲ့မေမေလင်ဒါက သမီးရဲ့မေမေတွေလေ။"

"....." မက်ဒါနာတစ်ယောက် လီဆာနဲ့ပိုပြီးတော့တောင် စကားမပြောချင်တော့ဘူး။ ဒီကောင်မလေးက ပျောက်နေတဲ့ကာလတွေအတွင်း ပိုပြီးစကားတတ်လာပုံပဲ။

နောက်တော့ မက်ဒါနာက လီဆာအဖမ်းခံနေရတုန်း သူ့ဖက်မှာ ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို လီဆာဆီပြောပြဖြစ်တယ်။

"ဒါဖြင့် ဟိုအဒေါ်ကြီးဆိုဖီယာက ထွက်သွားပြီး မေမေလင်ဒါနဲ့ဒေါ်လေးဖလေရာက အမေရိကားမှာကျန်ခဲ့တယ်။ မေမေမက်ဒါနာကတော့ ဟိုစမောလေးတစ်ယောက်နဲ့အတူနေနေတယ်ပေါ့။"

"စမောလေး...." ကြည့်ရတာ ဖရာလီတာနဲ့လီဆာက ရွယ်တူတွေဖြစ်နေပြီး လီဆာက ဖရာလီတာထက်ပိုအကောင်ကြီးတဲ့အတွက် ဖရာလီတာကို စမောလေးလို့ နောက်ကွယ်မှာခေါ်နေတဲ့ပုံပဲ။

"ဒါပေမဲ့ မေမေမက်ဒါနာက ဘာဖြစ်လို့စမောလေးနဲ့နေနေတာလဲ။ ဧကန္တ မေမေလင်ဒါကိုမချစ်တော့ဘူးလား။"

"....." မက်ဒါနာ ဒေါသထွက်လာပြီး လီဆာကိုဒေါသနဲ့ကြည့်လိုက်တယ်။ ဒီကောင်မလေးခေါင်းထဲမှာ ပေါက်ကရတွေနဲ့ချည်းပြည့်နေတာလား။ နောက်တော့ မက်ဒါနာက လီဆာလေးခေါင်းကို ခပ်ဖွဖွလေးထုလိုက်တယ်။

"ပေါက်ကရတွေလျှောက်မပြောနဲ့ ကလေးက ကလေးလိုနေ။"

"ဟီး..." လီဆာက ခေါင်းလေးကိုပွတ်ရင်း မက်ဒါနာကို ရယ်ပြလိုက်တယ်။ ဒီလိုကျတော့လည်း ချစ်စရာလေး။

နောက်တော့ မက်ဒါနာအတင်းမမေးခဲ့ပေမဲ့ လီဆာက မြူတန့်သိပ္ပံစခန်းမှာတွေ့ခဲ့ရတာတွေကို ပြန်ပြောပြတယ်။ အဲဒီတုန်းက မှတ်ဉာဏ်တွေက တစ်ခုမှအကောင်းမရှိပေမဲ့ လီဆာက ကြံ့ခိုင်တဲ့ကလေးပါ။ ဧရာမဘီလူးကြီး အန်းနပ်စ်ကို စမ်းသပ်နေတဲ့အကြောင်း၊ တည်ထောင်သူအဖွဲ့ဝင်တွေနဲ့စင်တီ၊ဗီးနပ်စ်တို့ ပိုအားကောင်းလာတဲ့အကြောင်းတွေ အပါအဝင်ပေါ့။ ကိုယ်ပွားတွေကိစ္စလည်းပါပေမဲ့ မက်ဒါနာအတွက် အံ့ဩစရာမဟုတ်ခဲ့ဘူး။ ဒါပေမဲ့ အန်းနပ်စ်ကိစ္စကတော့ ထူးခြားသွားပြီ။

"ဒီတော့ သူတို့က တအားစွမ်းအားကြီးတဲ့ဇီဝလက်နက်တစ်ခုကို ဖန်တီးနေတာပေါ့။" နောက်ပြီး လီဆာ့ဆီကနေ ဗီလိန်ညီလာခံအကြောင်းလည်းသိလာရပေမဲ့ အသေးစိတ်တော့မဟုတ်ဘူး။ သူ့ကိုစမ်းသပ်နေတုန်း လက်အောက်ခံအဖွဲ့ဝင်တွေ တစ်ခွန်းစနှစ်ခွန်းစပြောနေတာ ကြားခဲ့တာ။

လီဆာက ပုတ်သင်ပုံစံဖြစ်နေတော့ သူတို့စကားကို နားမလည်လောက်ဘူးထင်ပြီး လျှို့ဝှက်ချက်တွေကို ရှေ့မှာမရှောင်ဘဲ ပြောခဲ့ကြပုံပဲ။ တကယ်တော့ လီဆာက အရင်ကတည်းက သားရဲအသွင်ဖြစ်နေရင်တောင် လူစကားနားလည်တယ်။

"သူတို့ဘယ်ပြောင်းသွားကြတာလဲ..." ဒီမေးခွန်းကိုမေးတော့ လီဆာခေါင်းခါပြတယ်။

"နင်ရော ဘယ်လိုလွတ်လာတာလဲ။"လို့မေးတော့ အတော်လေးထူးဆန်းနေတဲ့ စကားတစ်ခွန်းကို မက်ဒါနာကြားလိုက်ရတယ်။

"အစ်မကြီးစင်တီက သူတို့မသိတုန်း ပြန်လွှတ်ပေးလိုက်တာ။"တဲ့။

ကြည့်ရတာ ဟီးရိုးအစည်းအရုံးက သူတို့နေရာကိုသိသွားတော့ နေရာပြောင်းဖို့အသည်းအသန်ဖြစ်နေခဲ့ပုံပဲ။ DNAတွေကို ပုံတူပွားပြီးတဲ့နောက် လီဆာက သူတို့အတွက်အရေးမကြီးတော့တဲ့အတွက် အရေးစိုက်ကြတော့တဲ့ပုံမပေါ်ဘူး။

"အစ်မကြီးစင်တီက တကယ်ကြင်နာတတ်တယ်၊ ညတိုင်းသမီးကိုလာတွေ့ပြီး စကားပြောတတ်တယ်။"

ကြည့်ရတာ စင်တီက သူတို့သိထားသလိုမျိုး ခံစားချက်မရှိတာမျိုးတော့ မဟုတ်လောက်ဘူးထင်တယ်။ဒါမှမဟုတ် သူ့ရဲ့ခံစားချက်ရှိတဲ့ဘက်ခြမ်းကို တခြားသူတွေဆီ ထုတ်မပြတတ်တာများလား။ ဒါမှမဟုတ် စင်တီဆီမှာ ပြောင်းလဲမှုတစ်ခုခု ဖြစ်သွားခဲ့တာများလား။

နောက်ထပ် လီဆာဆီကနေ ဘာမှထပ်မသိရတော့ပေမဲ့ အန်းနပ်စ်ကိစ္စနဲ့ဗီလိန်ညီလာခံအကြောင်းသိရတဲ့အတွက် လုံလောက်ပါပြီ။ အသေးစိတ်ကတော့ မက်ဒါနာက သူCybercrowကို သွားရင်ဆိုင်ရင် ထပ်သိရလောက်တယ်လို့ယူဆတယ်။

"လီဆာပြန်မကောင်းလာခင် ဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။" မက်ဒါနာက ဒရုန်းဇုန်ကို ကျေးဇူးတင်လိုက်တယ်။

"ကိစ္စမရှိပါဘူး၊ ငါလုပ်ရမယ့်အလုပ်ပါ။ ဒါပေမဲ့..." ဒရုန်းဇုန်က အနားကပ်လာပြီး လီဆာမကြားအောင်လို့ တီးတိုးပြောတယ်။

"ခဏနေ နင်နဲ့ငါနဲ့နှစ်ယောက်တည်း စကားပြောချင်တယ်။" မက်ဒါနာက ခေါင်းညိတ်လိုက်ပြီး လီဆာကို အခန်းပြင်လွှတ်လိုက်တယ်။ နှစ်ယောက်တည်းကျန်တော့မှ ဒရုန်းဇုန်က မက်ဒါနာကို နှစ်ယောက်ကြားသာရုံလေသံနဲ့ပြောတယ်။

"တကယ်တော့ အရင်နေ့တုန်းက သေသွားတဲ့ဟီးရိုးတစ်ယောက်ရဲ့မိတ်ဆွေဟီးရိုးက လီဆာကိုအဆိပ်ခတ်ဖို့ကြံခဲ့သေးတယ်။ မရည်ရွယ်ဘဲဖြစ်ခဲ့တာဆိုပေမဲ့ သူတို့အတွက်ကတော့ တန်ဖိုးထားရတဲ့သူကို ဆုံးရှုံးခဲ့တာလေ။ ဒီတော့ နင်အနာဂတ်မှာ ကောင်မလေးကို ပိုဂရုစိုက်ပေးသင့်တယ်။ ဒီတစ်ကြိမ် ငါကြိုသိလို့တားခဲ့ပေမဲ့ လက်စားချေမယ့်သူတွေကြောင့် ဘာဖြစ်လာမလဲ မသိနိုင်တာမလို့ပါ။ နောက်ပြီး ဒီအပြစ်ကင်းစင်တဲ့ကလေးမလေးက သူမသိဘဲလုပ်ခဲ့မိတဲ့ကိစ္စတွေကို ပြန်မှတ်မိလာရင် သူ့စိတ်မခံနိုင်မှာလည်း ငါစိုးရိမ်မိတယ်။"

မက်ဒါနာလည်း လေးပင်တဲ့စိတ်တွေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ တကယ်တော့ မက်ဒါနာက လီဆာကိုကျောင်းကိစ္စတွေဘန်းပြပြီး အမေရိကန်ကိုပြန်လွှတ်ဖို့ ဆုံးဖြတ်ပြီးပါပြီ။ ဒါဆိုရင် လက်စားချေခံရမယ့်ရန်ကနေ ဝေးသွားမှာဖြစ်သလို မကောင်းတဲ့မှတ်ဉာဏ်တွေကို ပြန်သတိရလာမယ့်ဘေးကနေလည်း လွတ်သွားနိုင်ပါတယ်။

နှစ်ယောက်စကားပြောပြီးတဲ့နောက်တော့ မက်ဒါနာက အခန်းထဲကထွက်လာပြီး အပြင်မှာစောင့်နေတဲ့ လီဆာလေးကို အတောက်ပဆုံးပြုံးပြလိုက်တယ်။

"ဟိုတယ်ပြန်ကြစို့၊ ပြန်ရောက်ရင် မေမေလင်ဒါနဲ့ဖုန်းပြောကြမယ်လေ။"

All Chapters