← Chapters

ရန်ဖြစ်နေတဲ့စုံတွဲ

Vol. 4 Ch. 5

ရန်ဖြစ်နေတဲ့စုံတွဲ

Vol. 4 Ch. 5

Archmega ပေါ်လာတဲ့အတွက် အခုဆိုရင် အော့တိုက လုံးဝပြေးပေါက်ပိတ်သွားပြီလို့ ဆိုရမှာပါ။ ပြီးတော့ အဲဒီအလင်းလုံးတွေကို မက်ဒါနာမမြင်ဖူးသေးဘူး။ ကြည့်ရတာ အသစ်ထွင်ထားတဲ့ ဖရာလီတာရဲ့အလင်းဒြပ်စင်လက်နက်သစ် ဖြစ်နိုင်မလား။

ဖရာလီတာက အရင်ကတည်းက အလင်းဓားတွေထွင်ထားတယ်ဆိုပေမဲ့ အားမကောင်းဘဲ အလှပဲပြထားရတာပါ။ ဒါပေမဲ့ ဒီအလင်းလုံးလေးတွေက ဖျက်အားပြင်းဗုံးတွေလိုအလုပ်လုပ်ပြီး အင်မတန်မြန်ပါတယ်။ တိုက်ချင်းပစ်ဒုံးတွေထက်တောင် ပိုထိရောက်နိုင်တယ်။ ကံမကောင်းတာက အော့တိုဟာ Clock Reverseကြောင့် ချက်ချင်းဆိုသလိုပြန်ကောင်းလာတဲ့အတွက် အစောပိုင်းက တိုက်ကွက်ဟာ အလကားလိုကိုဖြစ်သွားခဲ့ပါပြီ။

မက်ဒါနာနဲ့ဥစာကီတို့လည်း အော့တိုကိုလိုက်မီသွားပြီး မလှမ်းမကမ်းမှာ ရပ်လိုက်ကြတယ်။ အကြောင်းက Archmegaဟာ သူတို့ကိုရှေ့ဆက်တက်ခွင့်ပေးမယ့်ပုံမပေါ်လို့ပါ။ ဧရာမWar frameကြီးက သူတို့နှစ်ယောက်ကို လှည့်ကြည့်လာပြီးပြောလိုက်တယ်။

"နင်တို့ဝင်မပါနဲ့ ဒါက ငါ့ရဲ့သားကောင်ပဲ။"

မက်ဒါနာကိုယ်တိုင်လည်း အရှိန်သပ်လိုက်ပြီး မြေဆွဲအားဓားကြီးကို ပြန်သိမ်းလိုက်ပါတယ်။ အကြောင်းက Archmegaထဲက ဖရာလီတာရဲ့သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်လို့ပါ။

ပုံမှန်အားဖြင့် ဖရာလီတာတိုက်ခိုက်နေတဲ့အခါမျိုးမှာ ဒီလောက်သတ်ဖြတ်လိုစိတ် ဖိတ်စင်လာတာမျိုး မရှိခဲ့ဖူးပါဘူး။ အခုက သူ့ကိုဝင်ကူတဲ့သူတွေပါ ရောအသတ်ခံရမယ့်ပုံစံမျိုးနဲ့ စကားပြောလာခဲ့တယ်လေ။

အော့တိုကတော့ ဒီစကားကိုကြားပြီးတဲ့နောက် အတော်ကြီးအပျော်ကျူးသွားတယ်။ တကယ်လို့ ဟီးရိုးနှစ်ယောက်နဲ့Archmegaကို တစ်ပြိုင်တည်းရင်ဆိုင်ရရရင် သူ့အနေနဲ့သေရုံသာရှိမှာဆိုပေမဲ့ ဖရာလီတာနဲ့တော့ သူကောင်းကောင်းယှဥ်တိုက်ဖူးတဲ့အတွက် မကြောက်ပါဘူး။ အားနည်းချက်တွေကိုလည်း သူသိထားတာကိုး။

War frameတွေက ကြံခိုင်ပေမဲ့ ကြီးမားပြီး ပြောင်းလွယ်ပြင်လွယ်မရှိဘူး။ ဒါက အရင်တိုက်ပွဲမှာ အော့တိုအနေနဲ့ ဖရာလီတာအပေါ် အကြွင်းမဲ့အသာစီးရခဲ့ရတဲ့အကြောင်းပါ။

"တစ်ခါရှုံးပြီးသားလူက နောက်တစ်ခါလည်း ထပ်ရှုံးနေဦးမှာပဲ။ မင်းက ငါ့ရှေ့မှာပေါ်လာဖို့ အခွင့်အရေးမရှိဘူး။ Clock up"

Archmegaရှေ့မှာရှိနေတဲ့ အော့တိုရဲ့ယိုင်တိုင်တိုင်ပုံရိပ်က နောက်တစ်ခါဝေဝါးသွားပြန်တယ်။ မက်ဒါနာလည်း အော်ဟစ်ပြီး သတိပေးလိုက်ပါပြီ။

"သတိထား..."

ဒါပေမဲ့ အော့တိုက Archmegaရဲ့ရှေ့မှာပြန်ပေါ်လာပြီ။ သူ့ရဲ့သာမန်ထက်ထူးခြားတဲ့ခွန်အားနဲ့ Archmegaရဲ့Coreနေရာကို နောက်တစ်ခါဖောက်ထွင်းဖို့ ကြိုးစားလိုက်ပေမဲ့လည်း သန်မာလှတဲ့ သံမဏိလက်ကြီးတစ်ဖက်က သူ့လက်ကိုဆုပ်ကိုင်ပြီး ချိုးပစ်လိုက်တယ်။

"ဘာ... မဖြစ်နိုင်တာ... အား......"

အော့တိုရဲ့ညာဖက်လက်က Archmegaရဲ့လက်ထဲမှာပဲ ရာဘာလက်တစ်ခုလိုမျိုးလိမ်ကောက်သွားပြီး ကျိုးသွားတဲ့အရိုးအပိုင်းအစတွေက အရေပြားကို ဖောက်ထွက်ပြီး ပြူထွက်လာတယ်။ နာကျင်မှုကြောင့် အော့တိုရဲ့အော်သံက ပြာလာတဲ့အထိပဲ။

"တူညီတဲ့ဗျူဟာတစ်ခုကို သုံးခါထပ်ပိုမသုံးသင့်ဘူးဆိုတာ နင်မကြားဖူးဘူးမဟုတ်လား။ သေလိုက်တော့။"

Archmegaရဲ့ခေါင်းက ကြောက်စရာကောင်းတဲ့ပုံစံမျိုးနဲ့ အော့တိုကို ငုံကြည့်လိုက်တယ်။ အလင်းရောင်ပေါ်ထွက်နေတဲ့ မျက်လုံးတွေက ပုံမှန်ထက်ကြောက်ဖို့ကောင်းနေတယ်။ မက်ဒါနာကိုယ်တိုင်လည်း Archmegaရဲ့အခုလိုကြမ်းတမ်းတဲ့ပုံစံမျိုးကို မြင်ရတာရှားတဲ့အတွက် တအံ့တဩစိုက်ကြည့်နေမိတယ်။

Archmegaက သူ့လက်ထဲကိုင်ထားတဲ့ အနက်ရောင်လောင်ချာပုံစံသေနတ်နဲ့ အော့တိုကိုချိန်လိုက်တယ်။ လောင်ချာရဲ့နောက်မှာတော့ ကိုယ်ထည်နဲ့တွဲထားတဲ့ ပိုက်တစ်ခုပါတယ်။ ဒီလောင်ချာက သာမန်ဗုံးလောင်ချာမဟုတ်ဘဲ အလင်းဒြပ်မှုန်တွေထည့်ပစ်

နိုင်တဲ့လောင်ချာပါ။

"မဟုတ်ဘူး... မဟုတ်ဘူး... Clock reverse..."

အော့တိုက သူ့ကိုယ်ပိုင်အချိန်ကိုနောက်ပြန်ဆုတ်ပြီး Archmegaလက်ကနေ လွတ်အောင်ပြေးတယ်။ ဒါပေမဲ့ Archmegaရဲ့နောက်ဂျက်အင်ဂျင်က စတင်လည်ပတ်လာပြီး အော့တိုပြေးမယ့်ရှေ့မှာ ပိတ်ရပ်လိုက်တယ်။ နောက်တော့ သူ့ရဲ့ဧရာမလက်ကြီးနဲ့ အော့တိုရဲ့ရင်ဘတ်ကို ထိုးချလိုက်ပါပြီ။

"မဖြစ်နိုင်တာ... မင်းဘယ်လိုလုပ်ပြီး..." အော့တိုစကားမဆုံးခင်မှာပဲ Archmegaရဲ့လက်သီးက အော့တိုရင်ဘတိကို ချိုင့်ဝင်သွားစေတယ်။ သေချာပေါက်ရှိသမျှအရိုးတွေအားလုံး ကျိုးသွားမှာသေချာတယ်။

"နင်ပြေးမလွတ်တော့ဘူးနော်... ငါ့လက်ကနေပေါ့။"

မက်ဒါနာလည်း မျက်ခုံးပင့်လိုက်မိတယ်။ အော့တိုရဲ့စွမ်းအားက အချိန်စွမ်းအားဆိုပေမဲ့ အားနည်းချက်လုံးဝမရှိတာတော့ မဟုတ်ပါဘူး။ ဥပမာအားဖြင့် clock upလုပ်လိုက်လို့ သူ့အချိန်တွေက သူများထက်ပိုကြာသွားပြီး သူများတွေရဲ့အမြင်မှာ တအားမြန်နေတယ်ထင်ရပေမဲ့ တကယ်တော့ သူက ပုံမှန်မြန်နှုန်းနဲ့ရှိနေတာပါ။ သူဆွဲချဲ့နိုင်တဲ့ အချိန်ကျော်သွားရင် ပုံမှန်အတိုင်းပြန်ဖြစ်သွားမှာဖြစ်ပြီး အားကောင်းတဲ့ အလီဂိုသိမ်သီအိုရီတွေနဲ့ သူပြန်ပေါ်လာမယ့်နေရာနဲ့အချိန်ကို ခန့်မှန်းနိုင်ပါတယ်။ သူမြင်နေရတဲ့ Archmegaရဲ့တိုက်ကွက်တွေက ဒီလိုအားကောင်းတဲ့စနစ်မျိုးကို သုံးထားတာဖြစ်နိုင်တယ်။

"ဖြစ်နိုင်တာက သူငါ့ရဲ့သတိပေးစနစ်ကို ပိုပြီးအဆင့်မြှင့်ထားတာပဲ။ သူ့လက်ရှိစွမ်းအားက အဲဒီလောင်ချာကိုပါပေါင်းရင် S rankထဲဝင်နေပြီ။"

မက်ဒါနာလည်း ဝတ်စုံထဲကနေပြီး ဒီမြင်ကွင်းကိုကြည့်ရင်း ပြုံးလိုက်မိတယ်။ ဖရာလီတာစရောက်လာတုန်းက သူ့ထက်အများကြီးအစွမ်းထက်ပါတယ်။ ဒါပေမဲ့ ငွေရောင်စစ်သည်ချပ်ဝတ်ကို အဆင့်မြှင့်တင်ပြီးတဲ့နောက်တော့ သူတို့တွေအဆင့်တူလာကြပါပြီ။ တကယ်တော့ အတောင်ပံတပ်ပြီးတဲ့နောက်မှာ ငွေရောင်စစ်သည်ချပ်ဝတ်က ပိုအားကောင်းလာပြီး S rank အနိမ့်စားတွေနဲ့အတူတူပါပဲ။ ဖရာလီတာရဲ့ဝတ်စုံသာ တိုးတက်မလာခဲ့ရင် ဖရာလီတာက မက်ဒါနာထက် အားနည်းသွားတော့မှာဖြစ်ပေမဲ့ အခုတော့ စိုးရိမ်စရာမလိုတော့တဲ့ပုံပဲ။ ဖရာလီတာမှာလည်း သူ့ကိုယ်ပေါ် တိုးတက်နည်းရှိနေပုံပါပဲ။

"Clock... Clock reverse!"

အော့တိုက မသေခင်နောက်တစ်ခါ အချိန်တွေနောက်ပြန်ရစ်ဖို့အတွက် သူ့စွမ်းအားတွေကို သုံးလိုက်ပြန်တယ်။ သူ့ရဲ့အချိန်နောက်ပြန်စွမ်းအားကို သုံးလိုက်တဲ့အချိန်တိုင်းမှာ ဆယ်နှစ်လောက်အိုစာသွားတဲ့ပုံပေါ်ပြီး ပိုပိုပြီးအားနည်းလာပါတယ်။ ဒီတစ်ခါတော့ အော့တိုက ပြန်ကောင်းလာလာချင်း Archmegaကို ဆက်မတိုက်တော့ဘဲ ထွက်ပြေးဖို့လုပ်တယ်။

"နောက်ထပ် Clock reverseလား၊ နင်နောက်ထပ် ဘယ်နှစ်ကြိမ်သုံးနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့။"

ဖရာလီတာက သူ့ဂျက်ကို အရှိန်မြှင့်လိုက်ပြီး Clock upနှစ်ဆသုံးထားတဲ့ အော့တိုနောက်ကိုလိုက်တယ်။ ဂျက်ရဲ့အရှိန်ကြောင့် ပတ်ဝန်းကျင်က တိုက်တွေရဲ့မှန်ချပ်တွေ ကွဲအက်ကုန်ပြီး သူသွားရာလမ်းတစ်လျှောက်က ကားမှန်တွေလည်း ရစရာမရှိတော့ဘူး။

"အဲဒီကောင်မလေး... တိုက်ခိုက်နေတုန်း ပတ်ဝန်းကျင်က လူတွေကိုဂရုမစိုက်တော့ဘူးလား။"

သူတို့တိုက်ပွဲကိုကြည့်နေတုန်း အော့တိုက လေးလမ်းဆုံက မီးပွိုင့်နေရာဆီရောက်လာတယ်။ တိုက်ပွဲဖြစ်နေတဲ့အတွက် လူတွေက ကားတွေကိုရပ်ထားပြီး လမ်းပေါ်ကနေ ဆင်းပြေးဖို့လုပ်နေတာကြောင့် လေးလမ်းဆုံနေရာက လူသူကင်းမဲ့နေပါတယ်။

Archmegaက အော့တိုရဲ့အပေါ်ကောင်းကင်ပေါ်မှာရပ်လိုက်ပြီး အော့တိုကို ငုံကြည့်တယ်။

"ဘယ်လိုလဲ... Clock up ထက်မလုပ်နိုင်တော့ဘူးလား၊ သေလိုက်တော့။"

အော့တိုက လုံးဝပင်ပန်းနေပြီဖြစ်တာကြောင့် လမ်းပေါ်ကို မှောက်လျက်လဲကျတော့မလိုဖြစ်နေပြီ။ ဖရာလီတာကတော့ ဘာမှဆက်မပြောတော့ဘဲ လောင်ချာကို ကောင်းကင်ပေါ်ထောင်ပစ်လိုက်တယ်။ ကွန်တိန်နာတစ်လုံးစာအရွယ်ရှိတဲ့ အလင်းဒြပ်မှုန်ဗုံးကြီးတစ်ခုက လောင်ချာကနေထွက်လာပြီး တစ်ခုကနေ ပိုသေးတဲ့ လေးခုအဖြစ်ပွားသွားတယ်။ အဲဲဒီအလတ်စားလေးတွေကနေ ပိုပြီးသေးငယ်တဲ့ ဗုံးအသေးစားတွေပွားလာတယ်။ အသေးစားလေးတွေကနေ နောက်ထပ်အသေးစားလေးတွေ။

နောက်ဆုံး လေးလမ်းဆုံတစ်ခုလုံးကို ဖုံးအုပ်ထားနိုင်လောက်အောင်များတဲ့ အလင်းဗုံးတွေက အော့တိုကို အရပ်ရှစ်မျက်နှာလုံးကနေ ဝိုင်းရံထားလိုက်တယ်။

"Ultimate Skill: Sky Light Cluster!"

အော့တိုကတော့ အဲဒီအလင်းဗုံးတွေကိုကြည့်ရင်း အရူးတစ်ယောက်လိုကိုဖြစ်နေပြီ။ သူက သူ့ခေါင်းက ဆံပင်တွေကို ကျွတ်ထွက်တဲ့အထိဆွဲဆောင့်ရင်း တစ်ယောက်တည်း စကားပြောနေတယ်။

"မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး... ဒါအိပ်မက်ဆိုးပဲ အိပ်မက်ဆိုးပဲ.... Clock up, Clock up, Clock up!"

အော့တိုက Clock upတွေဆက်တိုက်သုံးပြီး ဒီနေရာကနေ လွတ်မြောက်ဖို့လုပ်ပေမဲ့ ကောင်းကင်အလင်းဗုံးတွေက ထွက်ပေါက်မရှိအောင် သေချာတွက်ချက် ပိတ်ဆို့ထားတာပါ။ သူ့မှာအသက်ဆယ်ချောင်းရှိတောင် ပြေးမလွတ်တော့ဘူး။

ဗုံးပထမတစ်သုတ်က အော့တိုရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ပျက်စီးသွားစေတယ်၊ အော့တိုက Clock reverseကြောင့် ပြန်ရှင်လာပေမဲ့ နောက်ထပ်အဆုံးအစမရှိတဲ့ ဗုံးတွေက ဆင်းသက်လာနေဆဲပဲ။ ဒီလိုနဲ့ ပျက်စီးလိုက် ပြန်ဖြစ်တည်လာလိုက်နဲ့ ဘယ်လောက်ကြာသွားမှန်းမသိတဲ့အချိန်မှာ အော့တိုရဲ့အော်သံပျောက်သွားပြီး အသက်မဲ့တဲ့ခေါင်းတစ်ခုတည်းသာ လမ်းမျက်နှာပြင်ပေါ်ကို ပြုတ်ကျလာတယ်။ ခေါင်းမှာတော့ ဆံပင်နက်တစ်ချောင်းမှမရှိတော့ဘဲ အကုန်ဖြူနေပြီး မျက်နှာက အရေးအကြောင်းတွေအရလည်း အော့တိုဟာ အသက်တစ်ရာကျော်အဖိုးကြီးလို့ ထင်ရတဲ့အထိပါပဲ။ သူ့မျက်လုံးတွေထဲမှာတော့ မယုံနိုင်ခြင်းတွေကအပြည့်။

Archmegaက မြေပြင်ပေါ်ကို ဆင်းသက်လိုက်ပြီး အော့တိုရဲ့ခေါင်းပြတ်ကြီးကို ကြည့်လိုက်တယ်။ အဲဒီနောက်တော့ သံမဏိခြေထောက်ကြီးကိုမပြီး နင်းချေဖို့ ကြိုးစားလိုက်ပေမဲ့ ငွေရောင်စစ်သည်က သူ့ရှေ့ကိုရောက်လာတဲ့အတွက် ခြေထောက်ကို ပြန်ရုပ်လိုက်တယ်။ ဖရာလီတာက မက်ဒါနာရှေ့မှာရှိနေရင် သွေးသံရဲရဲတိုက်ခိုက်မှုတွေကို တတ်နိုင်သမျှရှောင်တတ်ပါတယ်။

ကားတစ်စီးကလည်း ပလက်ဖောင်းပေါ်တက်မောင်းလာပြီး လေးလမ်းဆုံမီးပွိုင့်အလယ်မှာ ရပ်လိုက်တယ်။ ဖရာလီတာရဲ့ဘန်ဒလေကားဖြစ်ပြီးတော့ ကားပေါ်ကနေ အယ်လိုဟင်လည်းဆင်းလာပါတယ်။ ဒါပေမဲ့ တီဗီခေါင်းနဲ့ဘဏ္ဍာစိုးကိုတော့ ဘယ်နေရာမှာမှ မတွေ့ဘူးရယ်။

ငွေရောင်စစ်သည်က သူ့ကျောနောက်မှာချိတ်ထားတဲ့ မြေဆွဲအားဓားကို ဖြုတ်ယူပြီး အနက်ရောင်စက်ရုပ်ကြီးကို မေးလိုက်ပါပြီ။

"မပြောမဆိုဘဲနဲ့ ဘယ်ကိုထွက်သွားတာလဲ။"

"......" ဖရာလီတာက ဘာမှပြန်ဖြေဘူး။ ဒါပေမဲ့ မက်ဒါနာကတော့ မြေပြင်ပေါ်မှာရှိနေတဲ့ ခေါင်းပြတ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်တယ်။

"ဒီကောင်က နင့်ရန်သူမဟုတ်လား..."

"....." ဖရာလီတာက ပြန်မဖြေသေးဘူး။ ဒါပေမဲ့ မက်ဒါနာက နောက်မှာရှိနေတဲ့ မျက်နှာမကောင်းစွာနဲ့ရပ်နေတဲ့ အယ်လိုဟင်ကိုကြည့်လိုက်ပြီး ပြောလိုက်တယ်။

"တီဗီခေါင်းဘဏ္ဍာစိုးဘယ်မှာလဲ...."

မက်ဒါနာက တီဗီခေါင်းဘဏ္ဍာစိုးဟာ စတန်းဖို့ခ်ဖြစ်မှန်းသိပေမဲ့ နာမည်နဲ့မခေါ်တာများပါတယ်။ လမ်းမပေါ်မှာ Archmegaကတော့ မဟူရာကျောက်တိုင်လိုမျိုး ရပ်ကြည့်နေဆဲပါ။ မက်ဒါနာကတော့ အော့တိုရဲ့ခေါင်းပြတ်ကြီးကို ဓားနဲ့ထိုးချိန်လိုက်ရင်း မေးလိုက်တယ်။

"သူနင့်ဘဏ္ဍာစိုးကို သတ်လိုက်ပြီမဟုတ်လား။"

မက်ဒါနာက ဖရာလီတာရဲ့စိတ်ဓာတ်အကြောင်းကို အတော်လေးသိတယ်။ ဒီကောင်မလေးက အမြဲတမ်းခန့်မှန်းရလွယ်တယ်လေ။ ဘာကြောင့်များ လက်ရှိအခြေအနေကို နားမလည်ဘဲနေရမှာလဲ။

ငွေရောင်စစ်သည်က Archmegaကို ဓားနဲ့ထိုးချိန်လိုက်တယ်။ တခြားဟီးရိုးတွေလည်း သူတို့နောက်မှာရှိနေကြပြီးတော့ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေကို နားမလည်နိုင်ကြသေးပါဘူး။

"အပြစ်ပေးရမယ်... ငါ့ကိုအသိမပေး၊ အကူအညီမတောင်းဘဲ ထွက်သွားရဲတယ်ပေါ့။ နင်က ကိုယ့်ကိုယ်ကိုယ် လူကြီးလို့ထင်နေတာလား။ နင်သေသွားရင် ဘယ်လိုလုပ်မလဲ။"

မက်ဒါနာက ဓားကြီးကိုဆွဲပြီး Archmegaကို ခုတ်ဖို့ကြိုးစားလိုက်တယ်။ ဒါပေမဲ့ Archmegaက အဆင့်မြှင့်တင်ပြီးတဲ့ Hyper Analysis System ရှိနေတဲ့အတွက် မက်ဒါနာရဲ့သာမန်အမြန်နှုန်းနဲ့ဓားကို ခုခံနိုင်ပါတယ်။ သူက လက်ကိုမြှောက်လိုက်ပြီး ဓားကိုသာသာလေး ခံဆောင်တယ်။

ဒါပေမဲ့ မက်ဒါနာက မြေဆွဲအားဓားကို အားကုန်မြှင့်လိုက်တဲ့အတွက် Archmegaလည်း ဒူးထောက်ကျသွားပြီး လမ်းလမ်းသွားလမ်းမကြီးလည်း အက်ကွဲသွားကာ Archmegaလည်း မြေကြီးထဲမြုပ်ဝင်သွားတယ်။

ဒရုန်းဇုန်လည်း အခင်းဖြစ်ရာကို ရောက်နေပြီဖြစ်ပြီးတော့ ဥစာကီနောက်မှာရပ်နေရင်း ပြောလိုက်တယ်။

"ဒုက္ခပါပဲ၊ သူတို့နှစ်ယောက် ရန်ဖြစ်နေတာနဲ့တင် လမ်းတွေရစရာမရှိတော့ဘူး။"

ဒရုန်းဇုန်စကားဆုံးတော့ ဥစာကီက စိတ်ညစ်ညစ်နဲ့ သက်ပြင်းချပြီး ဖြည့်ပြောလိုက်တယ်။ "တကယ်က ကွဲသွားတဲ့ကားမှန်တွေနဲ့တိုက်ပြတင်းပေါက်တွေအတွက်လည်း လျော်ပေးရဦးမယ်။ ဒီလတော့ တိုကျိုဟီးရိုးအစည်းအရုံးတစ်ခုလုံး အငတ်ခံရတော့မယ်ထင်တယ်။"

ဟီးရိုးတွေကြောင့်ဖြစ်လာတဲ့ တိုက်ပွဲအပျက်အစီးတွေအတွက် ဟီးရိုးအစည်းအရုံးက အစိုးရနဲ့ပြည်သူတွေကို အလျော်ပေးရပါတယ်။ ဒါက အစည်းအရုံးတည်ထောင်စဥ်ကတည်းက ပြုလုပ်ထားတဲ့ဥပဒေဖြစ်ပြီးတော့ ချိုးဖောက်လို့မရပါဘူး။

ရုတ်တရက် ဒရုန်းဇုန်က အကြံဆိုးကြီးနဲ့ပြုံးလိုက်ပြီး ဥစာကီကိုပြောလိုက်တယ်။

"ခေါင်းဆောင်၊ ဘာပဲပြောပြော သူတို့နှစ်ယောက်က ဘောစိတွေမဟုတ်လား။ ပြီးတော့ နှစ်ယောက်လုံးလိုင်စင်မရှိကြဘူးဆိုတော့ သူတို့ကိုပဲ ကုန်ကျစရိတ်အားလုံး လျော်ခိုင်းရအောင်။"

ဥစာကီကလည်း မငြင်းဘဲ ခေါင်းသာညိတ်ပြလိုက်တယ်။

တစ်ဖက်မှာတော့ ချပ်ဝတ်အကြမ်းစားကြီးတွေဝတ်ထားတဲ့ ကောင်မလေးနှစ်ယောက်ရဲ့တိုက်ပွဲက ဆက်ဖြစ်နေဆဲပါ။ Archmegaက မက်ဒါနာအောက် နည်းနည်းလေးမှ အားမနည်းပါဘူး။

အောက်စည်းရောက်နေတဲ့ အခြေအနေကနေ ရုန်းထွက်ဖို့အတွက် Archmegaက လက်သီးကိုဆုပ်လိုက်ပြီး ငွေရောင်စစ်သည်ရဲ့ဝမ်းဗိုက်ကို အားကုန်ထိုးလိုက်တယ်။ ငွေရောင်စစ်သည်က နောက်ဆုတ်ရှောင်လိုက်တဲ့အချိန်မှာပဲ Archmegaရဲ့ပခုံးကပွင့်လာပြီး ဒုံးအသေးစားတွေနဲ့ပစ်ခတ်လိုက်တယ်။

Silverknightကလည်း ဓားနဲ့ခုတ်ရင်း ဒုံးတွေအားလုံးကို ဖျက်ဆီးပစ်လိုက်တယ်။ Archmega ကတော့ အခုသူမသာကိုယ်မသာတိုက်ပွဲကို စိတ်ကုန်လာပုံပါပဲ ဂျက်ကိုသုံးပြီး ကောင်းကင်ပေါ်ကို ပျံတက်သွားကာ မက်ဒါနာအားမသာတဲ့ ဒုံးလက်နက်တွေနဲ့ ဆက်တိုက်ပစ်ခတ်တယ်။ ဒုံးလက်နက်တွေရဲ့ပေါက်ကွဲမှုကြောင့် လူမရှိတော့တဲ့ တချို့ကားတွေပါ ပေါက်ကွဲမှုထဲပါပြီး လွင့်ပျံထွက်ကုန်တယ်။

ဒရုန်းဇုန်: "အခုတော့ ကားတွေပါလျော်ရတော့မယ်။"

ငွေရောင်စစ်သည်ကလည်း လက်ရှိအခြေအနေအတိုင်းဆို မဟန်မှန်းသိတဲ့အတွက် လက်နဲ့ခရာမှုတ်ပြီး ခွေးကြီးစေဘာစတိန်းကို ခေါ်လိုက်တယ်။ အော့တိုနဲ့တိုက်ပွဲမှာ စေဘာစတိန်းက ဝင်မပါခဲ့ပေမဲ့လည်း အဲဒီတိုက်ပွဲစကတည်းက မက်ဒါနာက ကင်းလှည့်နေတဲ့နေရာကနေ စေဘာစတိန်းကို လှမ်းခေါ်ပြီးပြီမလို့ အခုရောက်နေပြီဖြစ်ပါတယ်။

စေလာစတိန်းရောက်လာတာနဲ့ မက်ဒါနာက ခွေးကြီးပေါ်ခုန်တက်လိုက်ပြီး တကယ့်မြင်းစီးသူရဲကောင်းတစ်ယောက်လိုမျိုး ဓားကိုမြှောက်ကိုင်လိုက်တယ်။

စေဘာစတိန်းက အမြောက်နဲ့ဒုံးလက်နက်တွေအများကြီးတပ်ဆင်ထားတဲ့ တိုက်ပွဲဝင်ခွေးစက်ရုပ်ပါ။ ဒါကြောင့် မက်ဒါနာရဲ့အားနည်းချက်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ တစ်မိနစ်အတွင်းမှာပဲ ဒုံးဒါဇင်ပေါင်းများစွာဟာ လေထဲမှာရင်ဆိုင်မိပြီး ပေါက်ကွဲကုန်တယ်။ နောက်ဆုံး နှစ်ယောက်လုံးမှာ ဒုံးတွေမကျန်တော့မှ ဒုံးချင်းတိုက်နေတဲ့ပွဲရပ်သွားတယ်။

"ဘယ်လိုလဲ ဖရာလီတာ၊ နင့်မှာဒုံးတွေမကျန်တော့ဘူးလား။"

မက်ဒါနာက လှမ်းအော်လိုက်တော့ ဖရာလီတာကလည်း အောက်ကိုငုံကြီးရင်း လေထဲမှာ ကျွမ်းထိုးပြလိုက်တယ်။ 'နင့်မှာ အတောင်ပံရှိလို့လားဆိုပြီး' ဂုဏ်စာတဲ့သဘော။

"ကောင်းပြီလေ၊ နင်က လေပေါ်မှာတိုက်ချင်တယ်ပေါ့။"

မက်ဒါနာက ခွေးကြီးပေါ်ကနေ ဆင်းလိုက်ပြီးတော့ စနစ်ကို အတောင်ပံတွေထုတ်ဖို့ အမိန့်ပေးလိုက်ပါပြီ။ အလင်းဒြပ်မှုန်သုံးတောင်ပံတွေက တမန်တော်တစ်ပါးရဲ့တောင်ပံတွေလိုမျိုး ခမ်းခမ်းနားနားပွင့်လာတယ်။

[Flight mode: Ready.]

Silverknightက မြေဆွဲအားဓားလေးကြီးကိုဆွဲပြီး အသံထက်မြန်တဲ့နှုန်းနဲ့ Archmegaရှေ့ကိုပျံသန်းရောက်လာတယ်။ Archmegaကလည်း သူ့လက်အတွင်းပိုင်းမှာဝှက်ထားတဲ့ ဘလိတ်ဓားတစ်ခုကို ထုတ်လိုက်တယ်။ ဓားက ညာဖက်လက်ခုံကနေပြီး အရိုးတစ်ချောင်းလို ငေါထွက်လာတယ်။

ဓားဓားချင်း ယှဥ်မိပြီးတဲ့နောက် လေထဲမှာ မီးပွားတွေထွက်လာခဲ့ပါပြီ။ Archmegaဝတ်စုံထဲမှာရှိနေတဲ့ ဖရာလီတာလည်း အံ့ကြိတ်လိုက်တယ်။ သူ့ဝတ်စုံရဲ့ဘလိတ်ဓားက ဒီတိုင်းအရံလက်နက်တစ်ခုဖြစ်ပြီး ဇက်သတ္တုမစစ်ပါဘူး။ ဒါကြောင့်ဓားအရည်အသွေးပိုင်းမှာ မက်ဒါနာက အသာရနေပြီး သူ့အနေနဲ့အကြာကြီး အနီးကပ်ရင်ဆိုင်တိုက်ဖို့ မဖြစ်နိုင်ပါဘူး။

သူတို့လေပေါ်မှာ လေးငါးကွက်လောက် ဓားရေးချင်းဖလှယ်ပြီးတဲ့နောက်တော့ ဖရာလီတာရဲ့ဓားက တစ်စစီကျိုးပဲ့သွားတယ်။ မက်ဒါနာကတော့ ပျံသန်းနေရင်း ဖရာလီတာဆီကို ပိုချဥ်းကပ်လာတယ်။ ဒါပေမဲ့ Archmegaက တည်တည်ငြိမ်ငြိမ်နဲ့ သူ့လျှပ်စစ်ကျော့ကွင်းကိုထုတ်ကာ Silverknightရဲ့ဓားကို ရစ်ပတ်လိုက်တယ်။ နောက်တော့ မက်ဒါနာကို ကစားစရာတစ်ခုလိုမျိုး ကြိုးကနေတစ်ဆင့် အားနဲ့ဆောင့်ဆွဲကာ တိုက်ကြီးတစ်ခုဆီ လွှဲပစ်လိုက်တယ်။

"ခလွမ်း......"

တိုက်မျက်နှာစာမှာကာထားတဲ့ မှန်တွေကွဲထွက်သွားပြီး ငွေရောင်စစ်သည်လည်း ရုံးခန်းတစ်ခန်းထဲကို ပြုတ်ကျသွားတော့တယ်။ ရုံးဝန်ထမ်းတွေ အော်ဟစ်လန့်ဖြန့် ပြေးလွှားနေချိန်မှာပဲ မက်ဒါနာက ပြန်ထလိုက်ပြီး အဝေးရောက်သွားတဲ့ သူ့ဓားကို ပြန်ဆွဲခေါ်လိုက်တယ်။

"နင်က ဒီလိုလား... ဒီတော့ ငါလည်းအတည်တိုက်ရတာပေါ့။"

ငွေရောင်စစ်သည်က ကွဲနေတဲ့မှန်ပြတင်းပေါက်အပြင်ကို လှမ်းကြည့်လိုက်တယ်။ လက်ရှိသူ့ရဲ့ပြိုင်ဖက်ဖြစ်တဲ့ Archmegaက လေထဲကနေ သူ့ကိုရပ်ကြည့်နေပြီး လက်ထဲမှာတော့ သူ့ရဲ့အကြီးမားဆုံးစွမ်းအားဖြစ်တဲ့ အလင်းဗုံးလောင်ချာကို ကိုင်ထားတယ်။

နောက်တော့ သူက အလင်းဗုံးလောင်ချာကို မိုးပေါ်ထောင်ပစ်လိုက်ပါပြီ။ ဧရာမအလင်းလုံးကြီးကနေတစ်ဆင့် အလင်းလုံးငယ်တွေ ပွားလာတယ်။ တဖြည်းဖြည်း ကောင်းကင်ကြီးပြည့်သွားမလား ထင်ရလောက်တဲ့အထိ။

[Ultimate Skill: Sky Light Cluster]

ငွေရောင်စစ်သည်ကလည်း သူ့ရဲ့အတောင်တွေကိုဖြန့်ကာ ဓားကို ကျစ်ကျစ်ပါအောင်ဖွင့်လိုက်တယ်။ အလင်းမှုန်တွေကလည်း သူ့ကိုရစ်ပတ်လာပြီး Void Streamရဲ့စွမ်းအားတွေက တရိတ်ရိတ်မြင့်တက်လာပါပြီ။

"စနစ်... Void Stream Full Rushကိုသုံးမယ်။"

[System Loading.... Ultimate Skill: Void Stream Full Rush + Flight Mode]

[Alternative Ultimate Skill: Herricane Rush Ready.]

All Chapters