VR လောကထဲဝင်မည်
Vol. 4 Ch. 9
နောက်တစ်နေ့မနက်ရောက်တော့ မက်ဒါနာလည်း ပြင်ဆင်စရာရှိတာ ပြင်ဆင်နေရပြီ။ ဒီနေ့က VR စနစ်ကိုသုံးပြီး ဗီလိန်တွေရဲ့မြေအောက်အင်တာနကထဲကို
ဝင်ဖို့ စီစဥ်ထားတဲ့နေပါ။
မက်ဒါနာက အေမီကိုပါ သူနဲ့အပါခေါ်ဖို့ပြင်ဆင်ထားပြီး VR မျက်မှန်အပိုတစ်ခုပေးလိုက်တယ်။
"မမလေးက ကျွန်မကိုပါ လိုက်စေချင်တာလား။ မမလေးက ကျွန်မကို သွေးသောက်ရဲဘော်တစ်ယောက်လို ယုံတယ်ပေါ့နော်။" မမလေးမက်ဒါနာက သူ့ကိုအားကိုးတယ်ဆိုတဲ့ခံစားချက်ကြောင့် အေမီတစ်ယောက်ပျော်လွန်းလို့ ငိုမိတော့မယ်။ ဒါပေမဲ့ မက်ဒါနာ နောက်ထပ်ပြောလိုက်တဲ့စကားကြောင့် ဒေါသထွက်ပြီး စားပွဲခုံကို မှောက်ပစ်လုနီးပါးပဲ။
"တကယ်တော့... အဲဒီလိုမလုပ်ဘူး။ Dark Web ဆိုတာကြီးက သီးသန့်လင့်တွေနဲ့ပြည့်နေပြီး လိုချင်တဲ့ အချက်အလက်တစ်ခုကို Google ခေါ်ပြီးရှာလို့မရတဲ့နေရာလေ။ ဒီတော့နင့်ကို Dark Webတစ်ခုလုံးကို Scan ဖတ်ခိုင်းမလို့။"
"....." အေမီတစ်ယောက် စက္ကန့်ပိုင်းလောက်အထိ တိတ်ဆိတ်သွားပြီးနောက် ဒေါသတွေအပြည့်နဲ့ ပေါက်ကွဲသွားတော့တာပဲ။
"ဘာ... မမလေးက ကျွန်မကို Google အစားထိုးလုပ်ခိုင်းမလို့ပေါ့။ တစ်ယောက်တည်းမသွားဘဲ ကျွန်မကို အတူတိုက်ပွဲဝင်မယ့် ရဲဘော်တစ်ယောက်လို မြင်ထားတယ်ထင်ခဲ့တာ။
အေမီက မက်ဒါနာနဲ့ရင်ဘောင်တန်းပြီး တိုက်ခိုက်ရတဲ့လူတစ်ယောက် အမြဲဖြစ်ချင်ခဲ့တာပါ။ မက်ဒါနာကတော့ ဘယ်တုန်းကမှ အဲဒီလိုသဘောမထားခဲ့ဘူးလေ။ ဒါပေမဲ့ မက်ဒါနာက အေမီလုပ်ရမယ့်တာဝန်တွေကို ရှင်းပြပြီးနောက်မှာတော့ ထပ်စိတ်ပြောင်းသွားတယ်။
"Dark Webဆိုတာက သပွတ်အူလိုက်နေတဲ့ လျှို့ဝှက် Linkတွေနဲ့ပြည့်နေတာလေ။ ငါ့မှာ Technotelekinesisရှိတယ်ဆိုပေမဲ့ ရလာတဲ့အချက်အလက်အားလုံးကို စီစစ်ဖို့မဖြစ်နိုင်ဘူး။ ဒီတော့ နင်က ငါ့ရလာမယ့်အချက်အလက်တွေကို ကူစီစစ်ပေးရမှာ။ ပြောရရင် ကူဖော်လောင်ဖက်ဆိုပေမဲ့ ငါ့ဘေးနားမှာနေပြီး အတူတိုက်ခိုက်ရမှာနဲ့အတူတူပဲလေ။"
"အတူတိုက်ခိုက်ရမယ်...." ဒီလိုပြောခါမှ အေမီလည်း သဘောတွေ့သွားပြီး ပြုံးဖြီးဖြီးနဲ့ဖြစ်သွားတယ်။
နောက်တော့ သူတို့တွေက Dark Web ထဲကိုဝင်ဖို့ ဆက်ပြီး လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ကြတယ်။ Dark Webဆိုတာကြီးကို ဘယ်သူက တည်ထွင်ခဲ့မှန်းမသိပေမဲ့ အခုလူသားတွေအသုံးပြုနေကြတဲ့ အပေါ်ယံအင်တာနက်ဟာ အင်တာနက်တစ်ခုလုံးရဲ့မျက်နှာပြင်မှာဘောလောပေါ်နေတဲ့ သေးငယ်တဲ့အစိတ်အပိုင်းသာဖြစ်ပြီး Dark Webကတော့ ရေမျက်နှာပြင်အောက်မှာ နစ်မြုပ်နေတဲ့ ပိုကြီးတဲ့အပိုင်းလို့ ဆိုကြပါတယ်။
Dark Webထဲကိုဝင်ဖို့အတွက် အထူးရေးဆွဲထားတဲ့ ဆော့ဝဲလ်တွေလိုအပ်ပြီး အသုံးပြုသူတွေရော Websiteတွေကပါ သူတို့ရဲ့အချက်အလက်တွေကို ဖုံးကွယ်ဖို့နဲ့ ခြေရာကောက်လို့မရစေဖို့အတွက်ပါ ပြင်ဆင်ရပါသေးတယ်။ Tor browser ကိုအသုံးပြုပြီး Deep Webထဲဝင်တာကို လူအများစုရင်းနှီးကြသလို တရားဥပဒေအရ ခွင့်ပြုထားတဲ့နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ Dark Webဟာ မကောင်းတဲ့ မြေအောက်ကုန်သွယ်မှုတွေ၊ ရွံရှာစရာကောင်းတဲ့ ဗီဒီယိုမြင်ကွင်းတွေနဲ့ ပြည့်နှက်နေပေမဲ့ ကောင်းမွန်တဲ့ အသုံးပြုနည်းတွေရှိနေသေးပြီး နိုင်ငံတကာသတင်းဌာနတွေနဲ့ဥပဒေရေးရာ အကာအကွယ်ပေးရေးအဖွဲ့တွေကလည်း ဒါကိုအသုံးပြုပြီး အန္တရာယ်များတဲ့နေရာတွေကနေ သတင်းအချက်အလက်ရယူဖို့၊ အမည်မဖော်လိုတဲ့ မျက်မြင်သက်သေတွေဆီက ရာဇဝတ်သတင်းပို့ချက်တွေကိုယူဖို့ အသုံးပြုတတ်ပါတယ်။
တချို့သာမန်လူတွေကလည်း စာအုပ်ခိုးကူးရှာဖို့၊ ဇာတ်ကားခိုးကြည့်ဖို့၊ ၁၈ယောက်စုချတဲ့ကားတွေ ဂုန်းဆင်းဖို့အတွက်လည်း သုံးကြပါသေးတယ်။
ဒါပေမဲ့ မက်ဒါနာတို့ဝင်ဖို့လုပ်နေတဲ့အပိုင်းက Deep Webမဟုတ်ဘဲ Dark Web စင်စစ်ဖြစ်ပြီး ဗီလိန်တွေရဲ့လျှို့ဝှက်ဆက်သွယ်ရေးနည်းစနစ်ဖြစ်တဲ့ Cybercrow စောင့်နေတဲ့နေရာပါ။ ဒီနေရာက ခြေတစ်လှမ်းမှားတာနဲ့ အသက်ပါပါသွားနိုင်ပါတယ်။
သူတို့ပြင်ဆင်တာ ပြီးလုနီးနီးအချိန်မှာပဲ ဖရာလီတာက တံခါးကိုဖွင့်ပြီး ဝင်လာတယ်။
"နင်တို့တွေ ငါ့ကိုမခေါ်ဘဲ ဘာလုပ်နေကြတာလဲ။ ကြည့်ရတာ ပျော်စရာကောင်းမယ့်ပုံပဲ။"
မက်ဒါနာက အေမီရဲ့ကျောနောက်က ဆားကစ်ဘုတ်ကိုဖွင့်ပြီး ကွန်ပျူတာနဲ့သွယ်နေတုန်း ဖရာလီတာဝင်လာတာကြောင့် လှည့်ကြည့်ပြီးမေးလိုက်တယ်။
"အမယ်... နင်ငါ့ကို စိတ်ကောက်နေတာမဟုတ်ဘူးလား... ဘာလို့ငါ့အခန်းထဲဝင်လာရတာလဲ။ စိတ်ကောက်ပြေသွားတာလား။"
"ငါ.... ငါတစ်ယောက်တည်းနေရတာ ပျင်းလာလို့။ ဒါပေမဲ့ နင့်ကို ခွင့်လွှတ်လိုက်တာတော့ မဟုတ်ဘူးနော်။"
ဖရာလီတာက မက်ဒါနာကို လက်ညိုးထိုးရင်းနဲ့ ပြောလိုက်တယ်။ မသိတဲ့လူတစ်ယောက်ဆိုရင် ဖရာလီတာကို Tsudereဆန်တယ်လို့ ထင်မိကြမှာပဲ။ ဒါပေမဲ့ ဖရာလီတာက စိတ်ထဲမှာ မကောင်းတဲ့အကြံတွေနဲ့ပြည့်နေတဲ့ Yandereပါ။
"ငါတို့ Dark Webထဲကိုဆင်းပြီး ဟိုသိပ္ပံရူးဘာလုပ်နေလဲသိရအောင် ကင်းထောက်မလို့၊ နင်ပါဦးမလား။"
"မက်ဒါနာ၊ နင်ရူးနေတာလား။ ဗီလိန်တွေရဲ့Dark Webက Cybercrowစောင့်ရှောက်နေတာလဲ။ အဲဒီထဲကို ခိုးဝင်မိတဲ့ အစိုးရအေးဂျင့်တွေတောင် အကုန်အသက်ပျောက်ကုန်တာကို။"
ဒါပေမဲ့ မက်ဒါနာကတော့ သူထွင်ထားတဲ့ VR မျက်နှာကျက်ကိုပြပြီး ပြောလိုက်တယ်။
"မပူပါနဲ့၊ ငါတို့က ဒီဟာလေးကနေတစ်ဆင့် သုံးမှာ။ ကိုယ်ပိုင် IP addressကိုဖျောက်ပေးပြီး IP အတုဖန်တီးပေးတဲ့အပြင်ကို ဗီလိန်Webထဲမှာ sign in ဝင်ပြီးသား အကောင့်တုတစ်ခုကို ပွားယူပေးနိုင်တယ်။ ပြောရရင် သက်သေခံအတုဆိုပါတော့။ အကောင့်သစ်တစ်ခုက လှုပ်ရှားနေတာမဟုတ်တဲ့အတွက် Cybercrowက ငါတို့ကို မျက်စိဒေါက်ထောက်စောင့်ကြည့်နေတော့မှာမဟုတ်ဘူး။"
အစိုးရအေးဂျင့်တွေက Dark Webကို ထောက်လှမ်းဖို့အတွက် အကောင့်သစ်တွေဖွင့်ပြီး ဗီလိန်ကွန်ယက်ထဲ ဝင်ခဲ့ကြတာပါ။ တစ်နည်းပြောရရင် ဗီလိန်ဟန်ဆောင်ပြီး ခိုးဝင်လာတာဆိုပေမဲ့ အပြင်လောကမှာ သူတို့နာမည်တွေနဲ့ဗီလိန်အစစ်တွေရှိမနေမှန်း သေချာစုံစမ်းရင် သိနိုင်ပါတယ်။
သေချာပေါက် ဗီလိန်ကွန်ယက်ကလည်း ဟီးရိုးအစည်းအရုံးတွေလိုပဲ ဗီလိန်တွေကို မှတ်တမ်းတင်တဲ့စနစ်တစ်ခုထားလောက်တယ်။ ဒါမှ ဘယ်သူက အတုလည်းအစစ်လဲ ခွဲနိုင်မှာပါ။
အစိုးရအေးဂျင့်တွေက အပြင်မှာမရှိတဲ့ဗီလိန်နာမည်နဲ့ အကောင့်တစ်ခုကိုဖွင့်ခဲ့ကတည်းက Cyvercrow သတိထားမိနေလောက်ပြီး သေချာဂရုစိုက်သတိထားနေခဲ့မှာပါ။ ဒါကြောင့် သူတို့ခြေလှမ်းမှားသွားတာနဲ့ အသတ်ခံရဖို့က သေချာသွားပါပြီ။
ဒါပေမဲ့ မက်ဒါနာရဲ့နည်းလမ်းကတော့ ရှိနေပြီးသား အကောင့်တွေကို ပွားယူတာမလို့ သေချာမလေ့လာရင် သတိထားမိမှာမဟုတ်ပါဘူး။ ဒီတော့ ပိုစိတ်ချရတယ်။
"ငါ... ငါလည်းပါလို့ရလား။" ဖရာလီတာက မက်ဒါနာထွင်ထားတဲ့ VR မျက်မှန်ကိုကြည့်ပြီးတဲ့နောက် စိတ်လှုပ်ရှားလာတယ်။ ခါတိုင်းလည်း သူတို့တွေက တစ်ယောက်ထွင်ထားတာတစ်ယောက် စမ်းသုံးကြည့်ပြီး နှလုံးသားချင်းနီးစပ်ခဲ့ကြတာလေ။
အခုလိုအခွင့်အရေးတစ်ခုကို ဖရာလီတာ လက်လွတ်ခံစရာလား။
"ပြောတော့ နင်ငါ့ကို စိတ်ကောက်နေတယ်ဆို။"
"မေ့လိုက်တော့၊ ငါ့ကို နင်နဲ့အတူလိုက်ခွင့်ပေးရင် နင့်ကိုခွင့်လွှတ်ပေးမယ်။"
"ကောင်းပြီလေ...." မက်ဒါနာက ဖရာလီတာအတွက် သီးသန့်ကြိုလုပ်ပေးထားတဲ့ မျက်မှန်ကို ကမ်းပေးလိုက်ရင်းပြောတယ်။
"တကယ်လို့ တစ်ဖက်က ငါတို့ခိုးဝင်တာကို သတိထားမိပြီဆိုရင် မျက်မှန်ပေါ်က ခလုတ်နီလေးကိုနှိပ်လိုက်။ အဲဒါက ငါတို့စိတ်ကို Dark Webနဲ့လုံးဝ အဆက်ပြတ်ပြီး အပြင်ကမ္ဘာပြန်ရောက်လာအောင် လုပ်ပေးနိုင်တယ်။
"ကောင်းပြီ..." နောက်တော့ သူတို့သုံးယောက်သား မျက်မှန်ပါဝါတွေဖွင့်လိုက်ပြီး နာမည်ဆိုးတဲ့ကျော်ကြားလှတဲ့ ဗီလိန်တွေရဲ့Dark Webထဲကို စတင်ဝင်ရောက်တော့တယ်။
မက်ဒါနာ: "Link Start!"
....
သူတို့ဗီလိန်တွေရဲ့Dark Webထဲရောက်သွားတော့ သူတို့ကိုယ်သူတို့ မတူညီတဲ့တခြားပုံစံတွေနဲ့ဖြစ်သွားတာကို မြင်လိုက်ရတယ်။
မက်ဒါနာက စစ်စိမ်းရောင်ကိုယ်ကျပ်အင်္ကျီဝတ်ထားတဲ့ ကိုယ်ခန္ဓာကျစ်ကျစ်လစ်လစ်နဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေပြီး လက်မောင်းမှာ နှင်းဆီပန်းပုံတက်တူးတစ်ခုရှိနေတယ်။ သူပွားထားတဲ့အကောင့်ရဲ့အွန်လိုင်းသက်သေခံကတ်ကိုကြည့်တော့ ကြေးစားစစ်တပ်ခေါင်းဆောင် S rank ဗီလိန် စစ်ပွဲနှင်းဆီရဲ့အကောင့်ဖြစ်နေမှန်း တွေ့လိုက်ရတယ်။
"S rank ဗီလိန်ဆိုတော့ ဒီနေရာမှာ အခွင့်ထူးတစ်ခုခုတော့ ရလောက်မယ်ထင်တယ်၊ မဆိုးဘူး။"
သူရောက်နေတဲ့နေရာကို လိုက်ပတ်ကြည့်တော့ ဒီနေရာက Data တွေနဲ့တည်ဆောက်ထားတဲ့ VR world တစ်ခုဖြစ်နေမှန်း သူတို့သတိထားမိလိုက်ကြတယ်။
"အံ့ဩစရာပဲ၊ အရင်နှစ်တွေက Metaကုမ္ပဏီလုပ်ဖို့ကြိုးစားခဲ့တဲ့ VR worldလိုပဲ။ ဒါပေမဲ့ ဒီနေရာက ပိုပြီးအဆင့်မြင့်တာပဲ။"
မက်ဒါနာ ခဏလောက်စောင့်ဆိုင်းပြီးတဲ့နောက်တော့ သူ့ဘေးနားမှာ နောက်ထပ် ကြေးစားစစ်တပ်က ဗီလိန်တစ်ယောက်ထပ်ပေါ်လာတယ်။ အရပ်မြင့်မြင့်၊ သူပုန်တပ်ဗိုလ်ဦးထုပ်စောင်းထားတဲ့ ဗလတောင့်တောင့် ဦးလေးကြီးတစ်ယောက်ပါ။ ဒါပေမဲ့ ကိုယ်နေဟန်ထားက ထူးဆန်းစွာနဲ့ မိန်းကလေးဆန်နေတာတွေ့တော့ မက်ဒါနာတစ်ယောက် အူတက်လုနီးပါး ရယ်မိတော့တာပဲ။
"နင်က အေမီလား၊ ဖရာလီတာလားတော့မသိပေမဲ့ ရယ်ဖို့ကောင်းလွန်းလို့ ငါအူတက်နေပြီ။ ဗလတွေနဲ့ရမ်ဘိုကြီးက ခါးကော့ရင်မော့ပြီး တင်ကိုကောက်ထားရတယ်လို့။"
"မက်ဒါနာစုတ်၊ နင်ငါ့ကို လှောင်ရယ်တယ်ပေါ့။ အပြင်ရောက်ရင် နင်နဲ့ငါနဲ့ကိစ္စပြတ်ပြီ။" ဗလနဲ့ဗိုလ်ကြီးက မက်ဒါနာကို လက်ညိုးထိုးလိုက်ရင်း ယောက်ျားလေသံပေမဲ့ မိန်းကလေးတစ်ယောက်ရဲ့အသုံးအနှုန်းတွေနဲ့ ပြောလိုက်တယ်။
"သေချာပြီ၊ နင်က ဖရာလီတာပဲ။ လောလောဆယ်တော့ မာချိုဖရာလီတာပေါ့။"
နောက်တော့ နောက်ထပ်မိန်းကလေးတစ်ယောက်ထပ်ပေါ်လာတယ်။ မျက်မှန်နဲ့ပြောက်ကြားစစ်ဝတ်စုံဝတ်ထားပြီး ပုပုသေးသေးလေးနဲ့ ရင်ဘတ်ကိတ်ကိတ်ကလေးရှိတဲ့ မိန်းကလေးတစ်ယောက်ပါထပ်ပေါ်လာကြတယ်။ ကြည့်ရတာ အဲဒီကောင်မလေးကလည်း ကြေးစားစစ်တပ်ကပဲ ဖြစ်တဲ့ပုံပဲ။
"နင်ကတော့ အေမီဖြစ်ရမယ်၊ မနာလိုစရာပဲ။ နင်ရထားတဲ့ အကောင့်က အထင်ကြီးစရာရင်ဘတ်တွေရှိနေတာပဲ။"
မက်ဒါနာက စစ်ပွဲနှင်းဆီရဲ့ပြားချပ်နေတဲ့ ရင်ဘတ်နဲ့ အေမီရထားတဲ့ ပြောက်ကျားကောင်မလေးရဲ့ရင်ဘတ်ကို ယှဥ်ကြည့်ရင်း ပြောလိုက်တယ်။
ဒါပေမဲ့ ဖရာလီတာရထားတဲ့အကောင့်တုအကြောင်းကို စဥ်းစားမိတော့ အလိုလိုနေရင်း ပြုံးမိတော့တာပဲ။နောက်တော့ သူက ကျန်တဲ့နှစ်ယောက်ကိုကြည့်ပြီး ပြောလိုက်တယ်။
"ကြည့်ရတာ ငါတို့တွေက ထိပ်သီးဗီလိန်သုံးဖွဲ့ထဲက ကြေးစားစစ်တပ်ရဲ့အကောင့်တွေကို ပွားနိုင်ခဲ့ပုံပဲ။ နင်တို့ရထားတဲ့အကောင့်တွေအကြောင်းပြောပြ။ ဒါမှ အချင်းချင်းသိသလိုသရုပ်ဆောင်ပြီး သဘာဝကျကျ ပလက်ဖောင်းထဲဝင်လို့ရမှာ။"
မက်ဒါနာရဲ့VRမျက်မှန်က ဗီလိန်ပလက်ဖောင်းထဲမှာရှိနေတဲ့ အကောင့်တွေကို ကျပန်းပုံတူပွားပေးနိုင်စွမ်းရှိတယ်။ အကောင့်သုံးခုလုံးကို ကြေးစားစစ်တပ်ရဲ့ပုံစံရထားတာ ကောင်းတယ်ပြောရမယ်။ မတူညီတဲ့ အဖွဲ့အစည်းတွေကနေဆိုရင် သရုပ်ဆောင်ရ ခက်ခဲနေဦးမှာပါ။
ပထမဆုံးအနေနဲ့ မက်ဒါနာက ကျန်တဲ့နှစ်ယောက်ထက်အရင် သူ့ကိုယ်သူပြန်မိတ်ဆက်ပေးလိုက်တယ်။
"ငါရထားတာက စစ်ပွဲနှင်းဆီ၊ လက်ရှိကြေးစားစစ်တပ်ရဲ့မာရှယ်ပဲ။ ဒါပေမဲ့ဗီလိန်ကွန်ယက်အကောင့်တွေမှာက စွမ်းအားအကြောင်းဖော်ပြမထားတော့ သူ့မှာဘာစွမ်းအားရှိမှန်း ငါလည်းမသိဘူး။"
ကြေးစားစစ်တပ်က အများအားဖြင့် တစ်ကိုယ်တော်လှုပ်ရှားတာနည်းပြီး သူတို့ရဲ့စစ်သည်တွေကို ငွေနဲ့ငှားပေးတာမျိုးပဲလုပ်တဲ့အတွက် သူတို့ထိပ်သီးခေါင်းဆောင်တွေမှာ ဘာစွမ်းအားတွေရှိနေလဲတောင် သိဖို့ခဲယဥ်းပါတယ်။ ဒါပေမဲ့ ဖရာလီတာကတော့ အန်တီဟီးရိုးအဖွဲ့တစ်ခုကဆိုတော့ သူတို့နဲ့အဆက်အသွယ်ရှိဖူးပြီး သိနေပါတယ်။
"စစ်ပွဲနှင်းဆီက ရုပ်သေးဝိညာဥ်စွမ်းအားရှိတယ်၊ သူ့စွမ်းအားကိုသုံးပြီး သူ့လက်အောက်က စစ်သည်တွေကို အမိန့်ကနေ သွေဖည်မသွားအောင်ထိန်းနိုင်တယ်။တကယ်တော့ သူနဲ့အပြင်မှာ မျက်လုံးချင်းဆုံပြီးစကားပြောရဲတဲ့သူတောင်ရှားတယ်။ မသိလိုက်ခင်မှာပဲ သူ့ရဲ့စကားအတိုင်းနားထောင်ရမယ့် ရုပ်သေးကျေးကျွန် ဖြစ်သွားအောင် လုပ်နိုင်လို့ပဲ။ တစ်ခါက ထိုင်းနိုင်ငံဝန်ကြီးချုပ်ကို ရုပ်သေးဖြစ်အောင်လုပ်ပြီး ဘန်ကောက်ဟီးရိုးအစည်းအရုံးကို မျိုးဖြုတ်နေတုန်း တော်ဝင်စစ်တပ်က လာမကူနိုင်အောင်တားဖူးတယ်။"
ကြည့်ရတာ ဗီလိန်အဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင်ဖြစ်လာကတည်းက ဘယ်နည်းနဲ့မှရိုးရှင်းတဲ့ မိန်းမမဖြစ်နိုင်ဘူးရယ်။ ကြေးစားစစ်တပ်တစ်ခုလုံးက သူ့ရုပ်သေးတွေလိုမျိုး ဒီမိန်းမကို အစေခံနေရပုံပဲ။
နောက်တော့ ဖရာလီတာက သူရထားတဲ့အကောင့်အကြောင်းစရှင်းပြတယ်။
"အခုငါဖြစ်နေတဲ့ ကြွက်သားတွေနဲ့ဗာရှယ်က လော့ဒ်မာရှယ်လို့ခေါ်တယ်။ စစ်ပွဲနှင်းဆီလက်အောက်က လက်ထောက်ခေါင်းဆောင် A rankအဆင့် ခွန်အားမြူတန့်ပါ။ သူက အရှေ့အလယ်ပိုင်းနယ်မြေတွေကို စီမံခန့်ခွဲရတယ်။" ဖရာလီတာက သူ့အကြောင်းရှင်းပြပြီးတဲ့နောက် အေမီရထားတဲ့ မှန်ကြောင်မလေးအကြောင်း စရှင်းပြတယ်။
"သူကတော့ စစ်ပွဲနှင်းဆီရဲ့အတွင်းရေးမှူးဂွမ်ပဲ၊ သိပ်မထင်ရှားတော့ သူ့မှာဘာစွမ်းအားရှိမှန်း ငါလည်းမသိဘူး။"
ဖရာလီတာအတွက် ကြေးစားစစ်တပ်ထိပ်သီးအရာရှိကြီးတွေရဲ့နာမည်နဲ့စွမ်းအားတွေကိုသိဖို့က လွယ်ကူပေမဲ့ သာမန်အဖွဲ့ဝင်တွေအကြောင်းသိဖို့ကတော့ ခဲယဥ်းပါတယ်။ သာမန်အဆန်ဆုံးအရာတွေက တုပဖို့ခက်တယ်လေ။
ဖရာလီတာက မက်ဒါနာနဲ့အေမီတို့ကိုကြည့်ပြီး ထပ်သတိပေးပြန်တယ်။ "ငါတို့က သူတို့ရဲ့ကွန်ယက်ထဲကို ခိုးဝင်ရုံပဲဆိုတော့ သရုပ်မှန်ပေါ်သွားရင် အသက်အန္တရာယ်တိုက်ရိုက်မဖြစ်စေနိုင်ပေမဲ့ ငါတို့သိချင်တဲ့အချက်တွေကို မသိလိုက်ရမှာစိုးရတယ်။ ဒီတော့ ကြေးစားစစ်တပ်နဲ့သိသမျှကို ငါပြောပြမယ်။ ကွန်ယက်ထဲမှာ တခြားကြေးစားစစ်တပ်အဖွဲ့ဝင်နဲ့တွေ့ပြီး ငါတို့က အတုတွေမှန်းသိသွားရင် ပြဿနာရှိနိုင်တယ်လေ။"
ဖရာလီတာတဖြစ်လည်း လော့ဒ်မာရှယ်က ပလက်ဖောင်းရဲ့အရေးကြီးတဲ့နေရာတွေထဲမဝင်ခင် ကြေးစားစစ်တပ်အကြောင်းကို လူတိုင်းနားလည်အောင် စရှင်းပြတယ်။
ကြေးစားစစ်တပ်က မြူတန့်လောကမစတင်ခင်ကတည်းက လက်နက်မှောင်ခိုဂိုဏ်းတစ်ခုဖြစ်ပြီးတော့ မြူတန့်စွမ်းအားတည်ရှိလာချိန်မှာတော့ တစ်ဆင့်တက်လာပြီး အားနည်းတဲ့နိုင်ငံပေါင်းများစွာကို တရားဥပဒေပြင်ပကနေ ရုပ်သေးနိုင်ငံတွေအဖြစ် ချုပ်ကိုင်ထားတဲ့ အရိပ်အစိုးရတစ်ခုဖြစ်လာပါတယ်။
စစ်လက်နက်ပစ္စည်းအမျိုးမျိုးကို တခြားဗီလိန်အဖွဲ့တွေနဲ့နိုင်ငံတွေဆီ ရောင်းချပေးပြီး နျူကလီးယားထိပ်ဖူးတွေတောင် သူတို့ဆီမှာရှိပါတယ်။ ပါကစ္စတန်နိုင်ငံကို ရုပ်သေးနိုင်ငံဖြစ်အောင်လုပ်ပြီးတဲ့နောက်မှာ နျူထိပ်ဖူးတွေရောင်းဝယ်နိုင်တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်လာတာပါ။
လက်ရှိကမ္ဘာ့အဆင့်ရပ်တည်မှုအရတော့ မြူတန့်သိပ္ပံပြီးရင် ဒုတိယဖြစ်ပြီး S rankတစ်ယောက်ကို ဆုံးရှုံးထားတဲ့ အရိပ်အဖွဲ့က တတိယပါ။ မြူတန့်သိပ္ပံက ကမ္ဘာ့နံပါတ်တစ်ဖြစ်နေတာဟာ ကြေးစားစစ်တပ်ထက် S rankပိုများတဲ့အတွက်ဖြစ်ပြီး ငွေကြေးနဲ့ပိုင်နက်နယ်မြေစိုးမိုးမှုအရဆိုရင်တော့ ကြေးစားစစ်တပ်က ဒုတိယပါ။ ဒါပေမဲ့ အရိပ်သခင်ပြန်လာပြီဖြစ်တဲ့အတွက် အရိပ်အဖွဲ့ရဲ့အခြေခံအုတ်မြစ်လည်း ပြန်ကောင်းလာပြီမလို့ အရိပ်အဖွဲ့နဲ့ကြေးစားစစ်တပ်ရဲ့လက်ရှိခွန်အားက အတူတူနီးပါးပဲလို့ပြောနိုင်ပါတယ်။
"နားထောင်ကြ၊ ကြေးစားစစ်တပ်က တခြားတစ်ယောက်ယောက် ငါတို့ကိုလာတွေ့ပြီးမေးရင် ထိပ်သီးလျှို့ဝှက်ကိစ္စရှိတယ်လို့သာပြော၊ လက်နက်ဝယ်ချင်တဲ့ဖောက်သည်ဆိုရင်တော့ ငါပဲစကားပြောပြီး လမ်းကြောင်းလွှဲလိုက်မယ်။"
အားလုံးစီစဥ်ပြီးတဲ့နောက်တော့ သူတို့တွေက ပလက်ဖောင်းအဝမှာရပ်မနေတော့ဘဲ ခန်းမကြီးထဲကို စဝင်ကြတယ်။
အဝင်ဝရဲ့အလွန်မှာတော့ ဗီလိန်တွေရဲ့အမျိုးမျိုးသော အဗာတာတွေဟာ သက်ဝင်လှုပ်ရှားနေကြပြီးတော့ ဗီလိန်တွေရဲ့မြို့တော်ကြီးတစ်ခုလို့တောင် ထင်ရပါတယ်။ ဒါက ဗီလိန်တွေရဲ့ကွန်ယက်ဖြစ်ပြီး အင်တာနက်ပေါ်က VR လောကကြီးလည်းဖြစ်ပါတယ်။
ပြဿနာက ဒီနေရာမှာ ဝင်ရောက်ဆွေးနွေးနိုင်တဲ့ဖိုရမ်တွေ၊ စျေးဆိုင်တွေသောင်းချီအောင်အများကြီးရှိနေပြီး ဘယ်နေရာက မြူတန့်သိပ္ပံဖိုရမ်မှန်းမသိနိုင်တာပါပဲ။
"စစ်ပွဲနှင်းဆီ၊ ဒီကိစ္စကို နင်ဘယ်လိုလုပ်ဖို့စဥ်းစားထားလဲ။" ကွန်ယက်ထဲကို ရောက်နေပြီဖြစ်လို့ ဖရာလီတာက မက်ဒါနာကို သူတို့ရဲ့အကောင့်အတုတွေအတိုင်းဟန်ဆောင်ရင်း မေးလိုက်တယ်။
"ငါဂွမ်ကို ရှာဖွေရေးအင်ဂျင်တစ်ခုအဖြစ်သုံးဖို့ရာထားတယ်။"
နောက်တော့ မက်ဒါနာတစ်ဖြစ်လည်း စစ်ပွဲနှင်းဆီက ဂွမ်တစ်ဖြစ်လည်း အေမီရဲ့လက်ကို ဖမ်းဆွဲပြီးပြောလိုက်တယ်။
"ငါက ဆာဗာတစ်ခုလုံးကဒေတာတွေကို စွမ်းအားနဲ့စုပေးမယ်။ နင်က မြူတန့်သိပ္ပံနဲ့ပတ်သက်တာတွေရှာ။"
နောက်တော့ မက်ဒါနာက ဆာဗာရဲ့ဒေတာတွေအားလုံးကို Technotelekinesisနဲ့စစ်ဆေးလိုက်ပြီး ရလဒ်တွေကို အေမီဆီပို့လိုက်တယ်။ အေမီကတော့ သူ့ရဲ့စူပါကွန်ပျူတာနဲ့အတူ ရသမျှဒေတာတွေကို တစ်ခုချင်းစီစစ်ထုတ်ပြီး လင့်တစ်ခုကိုရှာတွေ့သွားတယ်။
"တွေ့ပြီ၊ မြူတန့်သိပ္ပံအဖွဲ့ရဲ့ဖိုရမ်။ ပြီးခဲ့တဲ့အပတ်က နောက်ဆုံးဆွေးနွေးမှုတစ်ခုလုပ်ခဲ့ပြီး သူတို့ရဲ့ဖိုရမ်က VR ကွန်ယက်မှာဆိုရင် တတိယထပ်မှာရှိတယ်။"
မက်ဒါနာကလည်း ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်ပြီး လော့ဒ်မာရှယ် (ဖရာလီတာ)ကို ကြည့်လိုက်တယ်။
"ငါတို့သွားကြည့်ကြတာပေါ့။" တကယ်တော့ မိတင်တစ်ခုပြီးသွားတာနဲ့ Dark Webက ခြေရာလက်ရာမကျန် ဖျက်ပစ်မှာမလို့ သူတို့ဘာတွေပြောခဲ့လဲဆိုတာကို သာမန်အားဖြင့် ပြန်နားထောင်ဖို့မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့Technotelekinesisကိုသုံးရင်တော့ ပြန်ဆယ်ဖို့ဖြစ်နိုင်ပါတယ်။ ဖရာလီတာအပါအဝင် တခြားသူတွေအနေနဲ့ တတ်နိုင်မှာမဟုတ်တဲ့အရာတစ်ခုပါ။
မက်ဒါနာတို့သုံးယောက် ဗီလိန်ကွန်ယက်ထဲ ဝင်ရောက်လှုပ်ရှားနေချိန်မှာတော့ ပြင်ပကမ္ဘာဆာဗာခန်းထဲမှာ အခြေအနေမှန်သမျှကို စောင့်ကြည့်နေရတဲ့ Cybercrowတစ်ယောက်တော့ အကြီးအကျယ်စိတ်ရှုပ်နေပါတယ်။ သူ့ဆာဗာထဲက ဒေတာတွေကို ထူးဆန်းတဲ့ ဒေတာအစိတ်အပိုင်းတစ်ခုက စကင်ဖတ်သွားတယ်လို့ သူခံစားမိလိုက်ပေမဲ့ အဲဒီဒေတာအစိတ်အပိုင်းက ဘယ်ကလာမှန်း သူမသိဘူးဖြစ်နေပါတယ်။
Onlineပေါ်မှာရှိနေတဲ့ အကောင့်တိုင်းကိုစစ်ကြည့်တော့လည်း သူအတည်ပြုပြီးသား အပြင်လောကမှာတကယ်ရှိနေတဲ့ ဗီလိန်စစ်စစ်တွေရဲ့အကောင့်တွေချည်းပါပဲ။
"ငါမျက်စိရှန်းပြီး မကောင်းတဲ့ရည်ရွယ်ချက်တဲ့ ဗီလိန်တစ်ယောက်ကို Whitelistစာရင်းထဲ ထည့်မိတာတော့ မဟုတ်ပါဘူးနော်။"
Cybercrowက ဒီလိုတွေးလိုက်ရင်း သူ့ရဲ့အထူးVR မျက်မှန်ကို တပ်လိုက်တယ်။ အပြင်က ဒေတာတွေကနေ သူ့ကွန်ယက်ထဲ ဖောက်ဝင်လာတဲ့သူကို မရှာနိုင်မှတော့ ကိုယ်တိုင်လိုင်းတက်ပြီး မူမမှန်မှုကို ရှာရမှာပေါ့။