← Chapters

ဗီလိန်ကွန်ယက်၏အရှင်သခင်

Vol. 4 Ch. 10

ဗီလိန်ကွန်ယက်၏အရှင်သခင်

Vol. 4 Ch. 10

ကြေးစားစစ်တပ်က ထိပ်တန်းအဖွဲ့ဝင်တွေအဖြစ် ဟန်ဆောင်လိုက်တာ တော်တော်မှန်သွားတယ်လို့ ပြောရမယ်။ ပစ္စည်းအတုတွေကို Darkwebကနေ လိမ်ရောင်းဖို့ကြိုးစားနေတဲ့ လူလိမ်တွေအပါအဝင် တော်ရုံဗီလိန်အများစုက သူတို့နားကို မချဥ်းကပ်ရဲကြလို့ပါ။

လူတွေ တအားကျိတ်ကျိတ်တိုးနေတဲ့ နေရာတွေကိုတောင် အေးအေးဆေးဆေး လျှောက်သွားနိုင်ပါတယ်။ အကြောင်းကတော့ ကြေးစားစစ်တပ်ဝတ်စုံတွေကိုတွေ့တာနဲ့ လူတွေက ရှောင်ပေးကြလို့ပါ။ ဘယ်သူမှ ကမ္ဘာ့ဒုတိယအဆင့် ဗီလိန်အဖွဲ့အစည်းကို ရန်မစမိချင်ကြပါဘူး။

ဒါကြောင့် သူတို့အုပ်စုက အလိမ်ပေါ်မှာမစိုးရိမ်ရဘဲ အေးအေးဆေးဆေး ရှေ့ဆက်နိုင်ခဲ့တယ်။ ပြဿနာတစ်ခုက ဒီပလက်ဖောင်းနေရာက မြို့တစ်မြို့စာနီးပါးကျယ်နေပြီး mini mapတစ်ခုရှိမနေတာပါ။ ဒါကြောင့် သူတို့တွေ တတိယထပ်ကို ဘယ်လိုသွားရမလဲ မသိပြန်ဘူး။

"မမလေး... နောက်တစ်ခါဆာဗာကို Scan ဖတ်ပေးလို့မရဘူးလား။" ကြာတော့ စိတ်မရှည်တော့တဲ့အေမီက ဝင်ပြောလာတယ်။

မက်ဒါနာကတော့ အေမီရဲ့ဆန္ဒကို ငြင်းဆန်လိုက်ပါတယ်။ "မရဘူး၊ ပထမတစ်ကြိမ်ရှာပြီးတဲ့နောက် တခြားအင်အားစုတစ်ခုက ငါ့ကိုလိုက်ရှာနေမှန်း ငါသတိထားမိတယ်။ ဒီတော့ထပ်လုပ်ရင် ဆာဗာအစောင့်တွေက ငါတို့ကို ရှာတွေ့သွားလိမ့်မယ်။"

မက်ဒါနာရဲ့ဆာဗာထဲကိုခိုးဝင်တဲ့နည်းက အတော်လေးကောင်းပေမဲ့ အားနည်းချက်မရှိတာတော့မဟုတ်ပါဘူး။ Cybercrowသာ သူတို့ကိုရှာတွေ့သွားရင် မရအရလိုက်သတ်မှာဖြစ်ပြီး သူတို့ထွက်နိုင်ခဲ့ရင်တောင် ဆာဗာကိုဗားရှင်းမြှင့်လိုက်မှာဖြစ်တဲ့အတွက် နောက်တစ်ကြိမ် တူညီတဲ့နည်းလမ်းနဲ့ ပြန်ဝင်လို့ရတော့မှာမဟုတ်ပါဘူး။

မြူတန့်သိပ္ပံအဖွဲ့က မကြာခင်ရက်ပိုင်းအတွင်း အပြင်မှာ ဗီလိန်ကွန်ဂရက်ကျင်းပတော့မှာဖြစ်ပြီးတော့ ဒီတစ်ကြိမ်သတင်းယူတာ ကျရှုံးသွားရင် အချိန်မီထပ်ဝင်ပြီး သတင်းရယူဖို့က မဖြစ်နိုင်တော့တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သေချာပိပိရိရိလုပ်ရပါမယ်။

သူတို့လမ်းပျောက်နေတုန်း မက်ဒါနာလည်း စိတ်ထဲ ပေါက်ကရအတွေးတွေပေါ်လာတယ်။ 'တွေ့ကရာဗီလိန်တစ်ယောက်ကို ဖမ်းဆွဲပြီး လမ်းပြခိုင်းရင်ကောင်းမလား။'

ဒါပေမဲ့ မက်ဒါနာက အဲဒီအတွေးကို ချက်ချင်းခေါင်းထဲက ဆွဲထုတ်ပြီး ခေါင်းခါလိုက်တယ်။ ဝန်မခံချင်ပေမဲ့ ဒီနေရာက သူနဲ့အဆင့်တူတစ်ယောက်ဖန်တီးထားတဲ့ Virtual Reality Worldတစ်ခုပါ။ တခြားဗီလိန်တွေမှာ GMဖြစ်တဲ့ Cybercrowကို ချက်ချင်းအသိပေးတိုင်ကြားနိုင်တဲ့ စနစ်တစ်ခုရှိနေနိုင်သလို သွားလာနေတဲ့လူတွေထဲမှာလည်း botတွေရှိနေနိုင်ပါတယ်။

Matrixကားထဲက botတွေကို ထိန်းချုပ်နိုင်တဲ့စမစ်အကြောင်းတွေးလိုက်မိတော့ မက်ဒါနာကျက်သီးထသွားတယ်။ တကယ်လို့ အဲဒီအစွမ်းနဲ့NPCမျိုးသာ ဒီနေရာမှာပေါ်လာရင် သူတို့ပြန်ထွက်နိုင်ဖို့ မသေချာတော့ပါဘူး။

သူတို့ကအခု VR headsetတွေနဲ့ ဒီကမ္ဘာထဲကို Deep Dive inလုပ်ထားတာဖြစ်ပြီး Cybercrowက အင်တာနက်နဲ့ပတ်သက်တဲ့ပစ္စည်းတိုင်းကို ထိန်းချုပ်နိုင်ပါတယ်။ မက်ဒါနာက Cybercrow သူတို့ကိုသတ်လို့မရအောင် ပြင်ဆင်ထားပေမဲ့ တစ်ဖက်လူက VR worldထဲကနေ ပြန်ထွက်လို့မရတော့အောင်လုပ်ရင်တော့ ရှော့အကြီးကြီးဖြစ်သွားပါပြီ။

တစ်သက်လုံး SAOထဲကလို သောက်ကျိုးနည်းကမ္ဘာတုတစ်ခုတည်းမှာပိတ်မိနေရင် သူတို့ဘဝဆုံးပြီ။

လက်ရှိအကျပ်အတည်းကိုဖြေရှင်းဖို့ မက်ဒါနာအကျပ်ရိုက်နေတုန်း ရှပ်အင်္ကျီအဖြူဝတ်ထားတဲ့ ဗီလိန်တစ်ယောက်ရဲ့အဗာတာ သူတို့ဆီကိုလျှောက်လာပါတယ်။

ဒီလူက သာမန်ဆန်လွန်းလို့ မသိရင်အိမ်နီးချင်းတစ်ယောက်လိုတောင်ထင်ရတယ်။ ဒါပေမဲ့ ဗီလိန်ကွန်ယက်ထဲမှာရှိနေတာမလို့ သာမန်မဖြစ်နိုင်တာတော့ အသေအချာပါပဲ။ မက်ဒါနာလည်း ဒီသာမန်ဆန်တဲ့အသွင်အပြင်နဲ့ဗီလိန်က ဘယ်သူမှန်းမသိဘူး။

"ယို့... ဂွမ်၊ လော့ဒ်မာရှယ်နဲ့စစ်ပွဲနှင်းဆီ။" ဒီလူက နှစ်တွေအများကြီးသိလာတဲ့ မိတ်ဆွေတစ်ယောက်လိုမျိုး သူတို့ကိုနှုတ်ဆက်လိုက်တယ်။ မက်ဒါနာလည်း ဒီဖြစ်ရပ်ကြောင့် မျက်ခုံးပင့်လိုက်ပေမဲ့ ချက်ချင်းတည်တည်ငြိမ်ငြိမ်ဖြစ်သွားပြီး ပြန်နှုတ်ဆက်လိုက်တယ်။

"ယို့... အခြေအနေဘယ်လိုလဲ။" ဖြစ်နိုင်သမျှ သာမန်ဆန်ပြီး တည်ငြိမ်နေမှ ဟန်ဆောင်တာမပေါ်မှာပါ။

ထူးဆန်းတာက မက်ဒါနာရဲ့တုံ့ပြန်မှုကို မြင်ပြီးတဲ့နောက် တီရှပ်အဖြူနဲ့လူက ပါးစပ်ကို အိုပုံစံဟပြီး အသက်ကို တစ်ဝက်ကြီးရှုသွင်းလိုက်တယ်။ ဒါဘာသဘောလည်းတော့ မက်ဒါနာတို့အုပ်စုမသိကြသေးဘူး။

အဲဒီလူက သူ့ကိုယ်သူစမိတ်ဆက်တယ်။ "ကျွန်တော်က ပြင်သစ်ဗီလိန် ဂရေဗီရာပါ။ ဟိုတစ်ရက်တုန်းက ကြေးစားစစ်တပ်ဆီကနေ Sub machine gun တချို့မှာထားသေးတယ်လေ။ အဲဒါ ဘယ်နေ့လောက်ရောက်ဖြစ်မလဲ မေးချင်လို့ပါ။"

ဒီစကားကိုကြားတော့ လော့ဒ်မာရှယ်ဖြစ်နေတဲ့ ဖရာလီတာက နှာမှုတ်လိုက်ပြီး ဝင်ပြောတယ်။

"မျက်လုံးဖောက်နတ်ဆိုး၊ မင်းကို ငါတို့မမှတ်မိဘူးထင်နေတာလား။ ဒါမှမဟုတ် ဂရေဒီဗာကို မင်းသူ့နာမည်နဲ့ လက်နက်တွေကြားဖြတ်ခုတ်ဖို့လုပ်နေတယ်လို့ ပြောလိုက်ရမလား။"

မက်ဒါနာလည်း ဖရာလီတာရဲ့စကားကြောင့် အခုမှဘာဖြစ်နေလဲဆိုတာ သတိထားမိတော့တယ်။ ဒီဗီလိန်က သူတို့ကိုသံသယဖြစ်နေပုံပေါ်ပြီး လာကင်းထောက်တဲ့ပုံပဲ။ ဒါကြောင့် မက်ဒါနာကလည်း ရှေ့ထွက်လာပြီး ရှပ်အင်္ကျီဖြူနဲ့လူကို အထင်သေးတဲ့အကြည့်နဲ့ကြည့်လိုက်တယ်။

မျက်လုံးဖောက်နတ်ဆိုးဆိုတဲ့ ဗီလိန်က သိပ်အဆင့်မြင့်တဲ့ထဲမှာတော့မပါပေမဲ့ အင်မတန်အန္တရာယ်များတဲ့သူဖြစ်တယ်။ သိပ်ကိုထက်မြက်ပြီး ကိုလံဘီယာ၊ ကော့စတာရီကာ၊ ဘရာဇီးတို့မှာ သူ့နာမည်ကြားတာနဲ့ လူတိုင်းကျက်သီးဖြန်းကုန်တဲ့အထိ ရက်စက်တဲ့သူပါ။

သူက သဲလွန်စမပေါ်ဘဲ လူသတ်မှုကျူးလွန်နိုင်ဖို့အတွက် အလွန်စိတ်အားထက်သန်နေသူဖြစ်ပြီး ပြီးပြည့်စုံတဲ့ ရာဇဝတ်မှုတစ်ခုကို ကျူးလွန်နေချင်သူတစ်ဦးပေါ့။ ဆိုးဆိုးဝါးဝါးလူသတ်မှု ၂၁မှုအတွက် သူ့ကိုအလိုရှိနေပြီး သူ့ရဲ့သားကောင်မှန်သမျှက ၁၆ နှစ်အောက် မိန်းမငယ်လေးတွေပါ။ သူ့သရုပ်မှန်ကို ဘယ်သူမှမသိရသလို သူတို့ရှေ့မှာရပ်နေတဲ့ အဗာတာက သူ့သရုပ်မှန်မဖြစ်နိုင်မှန်း အသိသာကြီး။

ဖရာလီတာကတော့ ဒီလူရဲ့အပြုအမူတွေကိုကြည့်ပြီး ဗီလိန်မျက်လုံးဖောက်နတ်ဆိုးအဖြစ် ခန့်မှန်းပြီး ရမ်းတုပ်ရာမှာ အောင်မြင်ခဲ့ပုံပဲ။

ကြေးစားစစ်တပ်အဖွဲ့ဝင်အားလုံးက ရန်လိုတဲ့အကြည့်နဲ့ကြည့်လာတာကို ခံစားမိတဲ့ မျက်လုံးဖောက်နတ်ဆိုးလည်း နောက်ကို နှစ်လှမ်းလောက်ဆုတ်လိုက်မိတယ်။ သူက အားနည်းတဲ့ လူယုတ်မာတစ်ယောက်သာဖြစ်ပြီးတော့ ကြေးစားစစ်တပ်လို တကယ့်အဖွဲ့ကြီးတွေနဲ့ ရင်မဆိုင်နိုင်ပါဘူး။ လူတိုင်းက လူမိုက်ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ တကယ့်လူမိုက်တစ်ယောက် ရောက်လာရင်တော့ အကုန်လုံးက ဦးညွှတ်ကြရမှာပါ။

"ဆောရီးပါ၊ ငါက စစ်ပွဲနှင်းဆီ အခုလိုမျိုးပြန်နှုတ်ဆက်တာ တစ်ခါမှမကြုံဖူးတာနဲ့ စိတ်လှုပ်ရှားပြီး ဟာသတွေပြောမိသွားတယ်။"

မက်ဒါနာက မျက်လုံးဖောက်နတ်ဆိုးကို လူသတ်ချင်စိတ်အပြည့်ပါတဲ့ မျက်လုံးမျိုးနဲ့ကြည့်လိုက်တယ်။ ကြည့်ရတာ ဒီပြဿနာက သူ့ရဲ့အားနည်းချက်ကြောင့် ရောက်လာတဲ့ပုံပဲ။ စစ်ပွဲနှင်းဆီက သူတစ်ခါမှမမြင်ဖူးတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တာကြောင့် သူပီပြင်အောင် ဟန်မဆောင်နိုင်ပါဘူး။ စစ်ပွဲနှင်းဆီနဲ့ အပြင်မှာသိတဲ့သူတွေက သူ့ကိုအတုမှန်းတန်းခွဲနိုင်တယ်။

ဒါပေမဲ့ မျက်လုံးဖောက်နတ်ဆိုးဟာ ဉာဏ်ကောင်းရုံသာရှိပြီး ခွန်အားမရှိသူဖြစ်တဲ့အတွက် လက်ရှိအကျပ်အတည်းကနေ ထွက်ဖို့ဆိုရင် အားနည်းချက်ကိုမပြဘဲ ခွန်အားကြီးမားတယ်လို့ ဟန်ဆောင်နေဖို့ပဲရှိတယ်။ အင်အားကြီးတဲ့သူတွေကို အင်အားနည်းသူတွေက ရှောင်သွားတတ်တာမလို့ ဒါက အသင့်တော်ဆုံးဗျူဟာပါ။

"ငါ့ဘာသာငါ လူတစ်ယောက်ကို နှုတ်ဆက်ချင် နှုတ်ဆက်မယ်၊ မနှုတ်ဆက်ချင်လို့ ဒီတိုင်းနေလဲ ရတာပဲ။ ကိစ္စရှိလို့လား။"

စစ်ပွဲနှင်းဆီ(မက်ဒါနာ)ဆီကနေ ထွက်ပေါ်လာတဲ့ ကြီးစိုးနိုင်တဲ့အရှိန်အဝါကြောင့် မျက်လုံးဖောက်နတ်ဆိုး နောက်ကိုကျုံသွားပြီး တောင်းပန်ပါတယ်။

"တောင်း... တောင်းပန်ပါတယ်... ကျုပ်က Iron Maidenတစ်ခုလောက် လျှော့စျေးနဲ့ရမလားလို့ပါ။"

'ကြည့်ရတာ ဒီငနှဲက အလယ်ခေတ်နှိပ်စက်ရေးပစ္စည်းတွေကို ရူးသွပ်တဲ့ စိတ္တဇလူသတ်သမားဖြစ်ပုံပဲ။' ကြေးစားစစ်တပ်က တရားမဝင်တဲ့ပစ္စည်းတိုင်းလိုလိုကို ရောင်းဝယ်တဲ့အတွက် ဒီလိုပစ္စည်းတွေကို သူတို့ဆီကမှာတာ ပုံမှန်ပါပဲ။ ဆန်းတာက မျက်လုံးဖောက်နတ်ဆိုးလို သာမန်ဗီလိန်တစ်ယောက်က ကြေးစားစစ်တပ်ရဲ့အထူးထိပ်တန်းအရာရှိတွေကို တိုက်ရိုက်လာမှာနေတဲ့အတွက် စဥ်းစားစရာဖြစ်နေတယ်။

'ဒီလူက ငါတို့ကို တွေ့ကတည်းက သံသယဝင်နေတာဖြစ်နိုင်မလား။' မက်ဒါနာတွေးကြည့်ပြီး ဖြစ်နိုင်တယ်လို့ ယူဆလိုက်တယ်။ သူတို့တစ်ချက်မှားတာနဲ့ သေလမ်းရောက်သွားနိုင်တယ်ဆိုတာတွေးမိတော့ မက်ဒါနာစိတ်ထဲ မွန်းကျပ်သွားတယ်။

"ဂွမ်... သူ့အမှာစာကို မှတ်ထားလိုက်။ ပြီးတော့ ငါတို့ တတိယထပ်ကိုသွားမလို့၊ မင်းလိုက်ဦးမလား။"

မက်ဒါနာက ပြောလိုက်တော့ အေမီကလည်း အလိုက်သင့်လေး ဟန်ဆောင်ပန်ဆောင် မျက်လုံးဖောက်နတ်ဆိုးရဲ့အမှာစာကို မှတ်ပေးလိုက်တယ်။ မျက်လုံးဖောက်နတ်ဆိုးကလည်း သူတို့နဲ့လိုက်ဖို့ဆုံးဖြတ်လိုက်တယ်။ မက်ဒါနာတို့က မသိမသာလေး သူ့နောက်က လိုက်ပေမဲ့ မသိရင် ဘေးချင်းယှဥ်လျက်သွားနေတဲ့ပုံစံမျိုး လုပ်နေကြတယ်။

အတော်လေးထပ်ကြာတော့ သူတို့တွေ ဓာတ်လှေကားအခန်းလိုနေရာတစ်ခုကိုရောက်လာပြီး မက်ဒါနာလည်း ခေါင်းညိတ်လိုက်မိတယ်။ ကြည့်ရတာ ဒီနေရာက အထပ်တွေကြား အဗာတာတွေခရီးသွားနိုင်ဖို့ Data Transfer လုပ်ပေးတဲ့နေရာဖြစ်ပါလိမ့်မယ်။

ဓာတ်လှေကားထဲကိုဝင်ပြီး သူတို့လက်ဖဝါးနဲခလုတ်ကိုထိပြီး အကောင့်ကိုအတည်ပြုပြီးတဲ့နောက်တော့ လေးယောက်လုံး ရှိနေတဲ့နေရာကနေ ပျောက်သွားကြတယ်။

နောက်တစ်စက္ကန့်လောက်ကြာတော့ သူတို့သုံးဦးလုံး တစ်နေရာမှာ ပြန်ပေါ်လာကြပြီ။ ဒါပေမဲ့ မျက်လုံးဖောက်နတ်ဆိုးကိုတော့ ဘယ်နေရာမှာမှ မတွေ့ရတော့ဘူး။

ချက်ချင်း တစ်ခုခုမှားနေတာကို သတိထားမိသွားတဲ့လော့ဒ်မာရှယ်တစ်ဖြစ်လည်း ဖရာလီတာက အားလုံးကို သတိပေးလိုက်တယ်။

"ဒီနေရာက ပုံမှန်မဟုတ်ဘူး၊ ပလက်ဖောင်းနဲ့ခွဲထားတဲ့ နေရာတစ်ခုပဲ။"

မကြာခင်မှာပဲ သူတို့နှစ်ယောက်ရှေ့မှာ လူနှစ်ယောက်ပေါ်လာတယ်။ တစ်ယောက်က ရှပ်အင်္ကျီအဖြူနဲ့ မျက်လုံးဖောက်နတ်ဆိုးဖြစ်ပြီး တခြားတစ်ယောက်ကတော့ ကျီးကန်းပုံစံ သံမဏိမျက်နှာဖုံးကိုဝတ်ထားပြီး အနက်ရောင်ဝတ်ရုံကို စတိုင်ကျကျခြုံထားသူပါ။

"အဲဒီလူတွေက ကြေးစားစစ်တပ်ဟန်ဆောင်နေတယ်လို့ ငါထင်တယ်။" ရှပ်အင်္ကျီအဖြူနဲ့လူက ကျီးကန်းမျက်နှာဖုံးနဲ့လူကို ပြောလိုက်တယ်။ ဒါပေမဲ့ သူ့စကားအကျအနအရ သိပ်သေချာတဲ့ပုံမပေါ်သေးတော့ သူတို့မှာ အခွင့်အရေးရှိနေသေးတဲ့ပုံပဲ။

"ဒါဘာသဘောလဲ မျက်လုံးဖောက်နတ်ဆိုး၊ နင်က ငါတို့ကို မကောင်းကြံချင်တာလား။" မက်ဒါနာက ဒေါသသံပါပါနဲ့အော်ပြောလိုက်ပေမဲ့ မျက်လုံးဖောက်နတ်ဆိုးကတော့ ကိုယ့်ကိုယ်ကိုယ်ကျေနပ်နေတဲ့လေသံနဲ့ ပြောလိုက်တယ်။

"ပထမဆုံးအနေနဲ့ မင်းတို့က ကြေးစားစစ်တပ်က တကယ့်လူတွေမဟုတ်ဘူးဆိုတာ ငါ့အသက်နဲ့ရင်းပြီးပြောရဲတယ်။"

နောက်တော့ မျက်လုံးဖောက်နတ်ဆိုးက စုံထောက်ကြီးတစ်ယောက်လိုမျိုး သူသိထားသမျှသက်သေတွေကို စပြီးရှင်းပြတယ်။

"ပထမဆုံးအနေနဲ့ လော့ဒ်မာရှယ်က ဘယ်တော့မှ စစ်ပွဲနှင်းဆီနောက်မှာ နေတတ်တဲ့လူမျိုးမဟုတ်ဘူး။ သူက အရှေ့အလယ်ပိုင်းဒေသခေါင်းဆောင်မဖြစ်ခင်က စစ်ပွဲနှင်းဆီရဲ့ပြိုင်ဖက်ပဲ။ အခုထိ ရှုံးနိမ့်မှုတွေကြောင့် အခဲမကျေဖြစ်ပြီး စစ်ပွဲနှင်းဆီကို မုန်းတီးနေတာ။ ခွေးလေးတစ်ကောင်လိုမျိုး နောက်မှာကပ်ပြီးနေမှာမဟုတ်ဘူး။ အခုတော့ ခွေးလေးတစ်ကောင်လိုဖြစ်နေတဲ့အပြင် လမ်းလျှောက်တဲ့ပုံစံက မိန်းကလေးဆန်နေတယ်။"

မက်ဒါနာလည်း လော့ဒ်မာရှယ်ဖြစ်နေတဲ့ ဖရာလီတာကို ကြည့်လိုက်တော့ တကယ်ပဲလိုအပ်တာထက် ပိုနုနေလို့ ဂေးလ်လို့တောင်ထင်ချင်စရာဖြစ်နေမှန်းသိလိုက်ရတယ်။ နောက်တော့ မျက်လုံးဖောက်နတ်ဆိုးက မက်ဒါနာကို လက်ညိုးထိုးပြပြန်တယ်။

"စစ်ပွဲနှင်းဆီဟန်ဆောင်ထားတဲ့သူက ရုတ်တရက်ကြည့်ရင်တော့ မသိသာပေမဲ့ သူ့ရဲ့တုံ့ပြန်ပုံတွေက သိပ်ကိုမှားလွန်းနေတယ်။ ပထမတစ်ကြိမ်မှားနှုတ်ဆက်တဲ့အပြင် နောက်တစ်ခုမှားလိုက်သေးတယ်။ ကြေးစားစစ်တပ်က လက်နက်တွေကို လက်ကားဖြန့်ပေမဲ့ တစ်ယောက်ချင်းမရောင်းဘူး။ နှိပ်စက်ရေးပစ္စည်းတွေကလည်း အထူးလက်သမားတစ်ယောက်ဆီမှာအပ်ရမှာ။ စစ်ပစ္စည်းမဟုတ်လို့ ကြေးစားစစ်တပ်မှာမရနိုင်ဘူး။ ဒါက သိသာတဲ့မှားယွင်းမှုပဲ။"

နောက်ဆုံးအနေနဲ့ မျက်လုံးဖောက်နတ်ဆိုးက အေမီကိုကြည့်လိုက်တယ်။ "ဂွမ်အနေနဲ့သရုပ်ဆောင်တဲ့သူက တော်တော်လေးပီပြင်ပြီး မှားယွင်းတာမျိုးမရှိဘူး။ ဂွမ်ရဲ့ရှက်တတ်ပြီးချစ်စရာကောင်းတဲ့ပုံစံလေးက တကယ်ပီပြင်တယ်။ ဒါပေမဲ့ အတုနှစ်ကောင်ကြားထဲမှာ ရှိနေတဲ့သူလေးက ဘယ်လိုလုပ်ပြီး အစစ်ဖြစ်နိုင်တော့မှာလဲ။" ထူးဆန်းစွာနဲ့ မျက်လုံးဖောက်နတ်ဆိုးက ဂွမ်အကြောင်းပြောနေတုန်း လေသံက တော်တော်နူးညံ့သွားတယ်။ မက်ဒါနာတောင် တင်မီကို သတိရလာပြီ။

'နေပါဦး၊ ဒီကောင် ငါတို့ကို လာနှုတ်ဆက်ရတဲ့တကယ့်ရည်ရွယ်ရင်းက ဂွမ်ကိုလူပျိုလှည့်ဖို့တော့ မဖြစ်နိုင်ပါဘူးနော်။' ဒီငနှဲသားက သူတို့ကိုစတွေ့တွေ့ချင်း ရိပ်မိတာမဟုတ်ဘဲ ဖွန်ကြောင်ဖို့လာရင်း သတိထားမိသွားတာ ပိုဖြစ်နိုင်တယ်။

ဒါပေမဲ့ လောလောဆယ် အဲဒီကိစ္စကို မက်ဒါနာဂရုမစိုက်နိုင်သေးဘူး။ သူတို့သတင်းမရသေးတဲ့အတွက် ဒီကနေ ထွက်ပြေးပြီး မြူတန့်သိပ္ပံရဲ့ဖိုရမ်ကိုရှာမှဖြစ်မယ်။ မက်ဒါနာက သူ့ရဲ့Technotelekinesisနဲ့ ဆာဗာရဲ့အဓိကဖန်ရှင်တွေနဲ့ ခိုးဆက်သွယ်လိုက်တယ်။

အတုတွေဆိုတာ သက်သေအခိုင်အလုံရှိနေပြီးတဲ့နောက် Cybercrowအနေနဲ့ သူတို့ကိုညှာတာနေစရာ ဘာကိစ္စမှမရှိတော့ပါဘူး။ သူက ရှေ့ကိုတက်လာပြီး လက်ဝါးဖြန့်လိုက်တယ်။

"ဒါဆိုရင် ပျောက်ကွယ်သွားလိုက်..."

ဒါပေမဲ့ သူ့စကားမဆုံးခင်မှာပဲ မက်ဒါနာက သူတို့ရောက်နေတဲ့နေရာရဲ့ကြမ်းပြင်ကို Matrixဆန်ဆန် ထုချလိုက်တယ်။ Cybercrowနဲ့မျက်လုံးဖောက်နတ်ဆိုးရပ်နေတဲ့ကြမ်းပြင်မှာ သုညနဲ့တစ်ဂဏန်းတွေ ဖြတ်ပြေးသွားပြီး ဟောင်းလောင်းပေါက်ကြီးဖြစ်သွားကာ တစ်ခါတည်း ပြုတ်ကျသွားတယ်။

"ငါလိုး...." Cybercrowရဲ့အော်သံကျယ်ကြီး ထွက်ပေါ်လာပြီးတဲ့နောက်တော့ မက်ဒါနာက လေထုကိုဆုပ်ကိုင်ပြီး ဒေတာအစုအဝေးတစ်ခုကိုဖော်ကာ ပရိုဂရမ်ရေးဆွဲလိုက်တယ်။

"ကိုကောဒိနိတ် Y177489,X167466 ကို စေတန်ဂြိုဟ်ရဲ့ဂြိုဟ်ဆွဲအားအတိုင်းရှိလာအောင်ဖန်တီးမယ်။"

မက်ဒါနာက သူ့စွမ်းအားနဲ့ ဟိုနှစ်ယောက်ကို ပြုတ်ကျနေတဲ့နေရာကနေ အလွယ်တကူပြန်မတက်နိုင်အောင် မြေဆွဲအားပြောင်းလိုက်ပြီး ကျန်တဲ့နှစ်ယောက်ကို လှည့်ကြည့်ကာ ပြောလိုက်တယ်။

"တတိယထပ်ကို အမြန်သွားပြီးတော့ ဒေတာတွေယူကြမယ်။ နောက်မှာပြတ်မကျန်ခဲ့စေနဲ့။" သူစကားဆုံးတာနဲ့ လက်ဖျောက်တစ်ချက်တီးပြီး တံခါးတစ်ချက်ဆင့်ခေါ်လိုက်တယ်။ သီးသန့်နေရာကနေ တတိယထပ်ကို ပြန်သွားမယ့်တံခါးပါ။

အစကတော့ Cybercrowမသိအောင် တိတ်တိတ်လေးခိုးဝင်မလို့ပဲ။ အခုတော့သိသွားပြီဆိုတော့ ခပ်ကြမ်းကြမ်းလေး ဝင်ဟက်ရတော့မှာပဲ။ ဒါကြောင့် မက်ဒါနာက သူ့စွမ်းအားနဲ့Hacking program တွေဆွဲပြီး ဆာဗာကို ယာယီထိန်းချုပ်လိုက်တာပါ။ ဒါပေမဲ့ Cybercrowကို ခဏပဲထိန်းနိုင်မှာ။

သူတို့သုံးယောက် တံခါးထဲဝင်ပြီးတဲ့နောက်တော့ မြင်ကွင်းက ပြောင်းလဲသွားပြန်တယ်။ တကယ့်ကိုခမ်းနားတဲ့ ခန်းမဆောင်ကြီးတွေက ဒီနေရာမှာရှိနေတယ်။

ဖရာလီတာဖြစ်နေတဲ့ လော့ဒ်မာရှယ်က ပြောလိုက်တယ်။ "ဒီနေရာက ခန်းမဆယ်ခုက ထိပ်သီးဗီလိန်ဆယ်ဖွဲ့ကို ကိုယ်စားပြုတာ။ မြူတန့်သိပ္ပံ၊ ကြေးစားစစ်တပ်၊ အရိပ်အဖွဲ့...."

"အဲဒါတွေ ခဏထားစမ်းပါ၊ ငါတို့သွားရမယ့်နေရာပဲ သွားရအောင်။"

ဒီလိုနဲ့သူတို့အုပ်စု မြူတန့်သိပ္ပံအဖွဲ့ရဲ့ဖိုရမ်ရှေ့ကိုရောက်လာတယ်။ ဒါပေမဲ့ ဝင်လို့မရသေးဘဲ ရှေ့မှာ တားမြစ်အသိပေးစာတစ်ခုတည်းကိုသာ တွေ့ရတယ်။

[သတိပေးချက်: လူတိုင်းတက်ရောက်နိုင်သည့် ဆွေးနွေးမှုတစ်ခုကို အိမ်ရှင်မှ လက်ခံမကျင်းပခြင်းမပြုသည့်ကာလတွင် ပြင်ပအင်အားစုများအနေဖြင့် ဖိတ်ခေါ်Linkမပါဘဲ ဝင်ရောက်ခွင့်မရှိပါ။]

"အား... ငါသိသားပဲ၊ ဒီလောက်တော့ ဘယ်လွယ်လွယ်ဝင်လို့ရပါ့မလဲ။" လက်မြန်ခြေမြန်နဲ့ ဖရာလီတာက မက်ဒါနာထက်အရင် Hacking windowကိုဆင့်ခေါ်လိုက်ပြီး ဘာမှန်းမသိတဲ့Codeတွေရိုက်ထည့်ပေးလိုက်တယ်။

စက္ကန့်နည်းနည်းလောက်ကြာတော့ တံခါးလည်းပွင့်သွားတယ်။ သူတို့အထဲကိုဝင်လိုက်တော့ ဘာမှရှိမနေဘူး။ ဒါပေမဲ့ ဒီအခြေအနေကို သူတို့ခန့်မှန်းထားပြီးသားပါ။

မက်ဒါနာက Codeတွေကို မြန်မြန်ဆန်ဆန်ပဲအသက်သွင်းလိုက်ပြီး ဖျက်ခံထားရတဲ့အရင်မှတ်တမ်းတွေကို replayလုပ်ကာ မှတ်တမ်းတင်လိုက်တယ်။

"ဘာ... ဗီလိန်အဖွဲ့အစည်းတွေအားလုံးပေါင်းပြီး နိုင်ငံတွေကိုသိမ်းပိုက်မလို့လား။ ဒါတော့များသွားပြီပဲ၊ ပြီးတော့ ကွန်ဂရက်ကျင်းပမယ့်နေရာက မြေထဲပင်လယ်ဆိုပါ့လား။ ပြီးတော့ အခုကနေစရေရင် နောက်၂၄ နာရီအတွင်း..."

မက်ဒါနာကတော့ အဲဒီမြူတန့်သိပ္ပံအဖွဲ့က သူတို့စမ်းသပ်မှုရလဒ်တွေကို ဂျပန်ကနေတစ်ဆင့် ဥရောပမြေထဲပင်လယ်ဆီ ရက်ပိုင်းနဲ့ဘယ်လိုလုပ်ပြီး သယ်ယူပို့ဆောင်နိုင်ခဲ့လည်းဆိုတာ စဥ်းစားလို့မရတော့ဘူး။ ဒါပေမဲ့ ထိပ်သီးအဖွဲ့ဝင်တွေထဲက ဒေါက်တာမြူရဲ့ဒိုင်မေးရှင်းအစွမ်းကို စဥ်းစားမိတော့ ဖြစ်နိုင်တယ်လို့ ပြန်တွေးမိလာတယ်။

ဓားနတ်ဆိုးကို ဒေါက်တာမြူက သူ့သယ်သွားလို့ရတဲ့ ဒိုင်မေးရှင်းထဲ ထည့်ချုပ်ထားနိုင်ဖူးတယ်။ မြူတန့်သိပ္ပံရဲ့သိပ္ပံပညာရှင်တွေနဲ့စမ်းသပ်မှုရလဒ်တွေကို အဲဒီအထဲထည့်ပြီး သူတစ်ယောက်တည်း ဥရောပဆီခိုးသွားမယ်ဆိုရင် ဖြစ်နိုင်တယ်။ လူတစ်ယောက်ရဲ့အိတ်ကပ်ထဲမှာ ဗီလိန်အဖွဲ့တစ်ခုလုံးပုန်းအောင်းနေတယ်ဆိုတာကို ဘယ်လေဆိပ်ကမှ သိနိုင်မှာမဟုတ်ဘူး။

သူတို့ဗီဒီယိုဖိုင်တွေကို ပြန်ကြည့်နေတုန်းမှာပဲ တံခါးဝဟာ ဆွဲဖွင့်ခြင်းခံလိုက်ရတယ်။ ဓားခုတ်ကောင်ပုံစံရှိတဲ့ ဧရာမစက်ရုပ်ကြီးတစ်ရုပ်က သူတို့အခန်းထဲဝင်လာပြီး စက်ရုပ်ဆန်ဆန်အသံလည်း ထွက်ပေါ်လာတယ်။

"ကျူးကျော်သူ... ကျူးကျော်သူ...." စက်ရုပ်နဲ့အတူ တွဲပါလာတာက Cybercrowပါ။

"ကြွက်တွေကိုမိပြီ။" မက်ဒါနာကလည်း တခြားနှစ်ယောက်ရဲ့ပခုံးကို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်တယ်။

"ဒီကနေ ထွက်ကြတာပေါ့။"

မက်ဒါနာက Log out လုပ်ဖို့ကြိုးစားလိုက်ပေမဲ့ သူတို့တွေ Dive in အခြေအနေကနေ ထွက်မသွားသေးဘဲ ဒီအတိုင်းသာရှိနေသေးမှန်း သတိထားမိလိုက်ကြတယ်။ သူတို့ထွက်လို့မရတော့ဘူး။

"မင်းတို့တွေက ငါ့ကွန်ယက်ကို ဝင်ချင်တိုင်းဝင်ပြီး ထွက်ချင်တိုင်းထွက်လို့ရမယ်ထင်နေတာလား။ ငါ့ကိုအထင်သေးလွန်းရာကျသွားပြီ။

All Chapters