လက်ကို မြောက်လိုက်ခြင်း
Vol. 42 Ch. 579
“ပိုလော့ကျင်း ... မင်း တော်တော် သတ္တိကောင်းနေတယ်ပေါ့လေ။ ဂိုဏ်းချုပ် ဘုန်းတော်ကြီးရှေ့ ရောက်ရင် ဒူးထောက်ပြီး အရိုအသေ မပေးဘဲ နေရဲတယ်လား “ဖုန်းလုက ပိုလော့ကျင်း ခန်းမထဲ ဝင်လာကတည်းက ခေါင်းငိုက်စိုက် ချထားသည်ကိုသာ တွေ့နေရ၍ လှမ်းအော်လိုက်သည်။
အရှေ့ပိုင်း ရိုးရာ ကိုးကွယ်ယုံကြည်ရေး ဂိုဏ်းချုပ် ဘုန်းတော်ကြီး တစ်ယောက်အနေနှင့် ဝူတန့်က ရက်စက်ကာ အကြင်နာ ကင်းမဲ့၏။ သို့သော်လည်း သူက အရူးတစ်ယောက်တော့ မဟုတ်ပေ။ မိုဝူကျီ၏ တိတ်တဆိတ် ဝင်ရောက်လာမှု၊ သူ့လေသံနှင့် သဘောထားတို့မှာ သူ့အား မျက်လုံးထဲ မထည့်ကြောင်းပြနေခြင်း မဟုတ်ပါလော။ မိုဝူကျီက သာမာန်လူ မဟုတ်ကြောင်း သူလည်း ခံစားမိ၏။
“ဟေ့အစောင့်တွေ ဒီရူးနေတဲ့ လူတွေကို ခေါ်ထုတ်သွားကြစမ်း“ ဝူတန့်၏ အသံ ထွက်ပေါ်လာသည်နှင့် ခန်းမဘေးဖက် နှစ်ဖက်လုံးမှ အနက်ရောင်ဝတ် လူရာကျော် ထွက်ပေါ်လာကြသည်။ ထိုလူများမှာ ပိုလော့ကျင်းထက် အားမနည်းကြပေ။ တစ်ယောက်စီတိုင်းတွင် ပြင်းထန်သော သတ်ဖြတ်ငွေ့များ ရှိနေကြ၏။
ထိုလူများ ပေါ်လာသည်နှင့် အနက်ရောင် သဏ္ဌာန်မဲ့ ကြိုးများကို မိုဝူကျီဆီ ပစ်လိုက်ကြသည်။
အန်းကျင်းတက္ကသိုလ် ကျောင်းသူ တစ်ယောက် ဖြစ်သော်လည်း လို့ယွဲ့ရွမ်း အနေနှင့် ထိုသို့မျိုး နည်းလမ်းကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်၏။ သူမကဲ့သို့ သာမာန်လူများအတွက် ထိုအရာမှာ သူမ သဘောပေါက် နားလည်နိုင်သည်ထက် ကျော်လွန်နေပေ၏။
ထိုစဉ် ချန်ကျစ်ချန်း၏ မျက်လုံးအိမ်၌ အနည်းငယ် လှုပ်ရှားသွားကာ သူ့အနေဖြင့် ထိုကြိုးများအကြောင်း ကောင်းကောင်း သိထား၏။ ဤနေရာရှိ လူရာကျော်ကို အထင်မသေးသင့်ပေ။ တကယ့် တိုက်ပွဲ၌ ထိုလူရာကျော်မှာ လူသိန်းချီနှင့် တိုက်ခိုက်နိုင်စွမ်း ရှိကြသည်။ ထိုကြိုးနက်များမှာ ပိုက်ကွန်သဖွယ် ဖြစ်မလာခင် စစ်သားများ၏ ခန္ဓာကိုယ်ကို ပိုင်းဖြတ်နိုင်စွမ်း ရှိ၏။
ဂိုဏ်းချုပ် ဘုန်းတော်ကြီးမှာ နိုင်ငံများစွာအထက် ရောက်နေသည့် အကြောင်းအရင်းမှာ သူ့၌ ထိုသို့ ကြောက်မက်ဖွယ် နည်းလမ်းများစွာ ရှိနေ၍ ဖြစ်သည်။
မိုဝူကျီက နည်းနည်းလေးမှ မရုန်းပေ။ ထိုကြိုးများ သူ့ဆီ ချည်းကပ်လာသည့်အခါ လေထဲ၌ ရပ်တန့်ကုန်ကြသည်။ ထို့နောက် ကြိုးနက်များက များပြားစွာသော မြားများအဖြစ် ပြောင်းလဲကုန်ကာ သူတို့ကိုယ် သူတို့ ပြန်ပစ်မိကုန်ကြသည်။
မြားတစ်ရာကျော်က လူတစ်ရာကျော်၏ ဦးခေါင်းများဆီ ချွင်းချက်မရှိ ထိုးဖောက် ဝင်ရောက်သွားသည်။
မည်သည့်ခုခံမှုမှ မလုပ်နိုင်ဘဲ လူရာကျော်မှာ မြေပေါ် လဲကျကုန်သည်။ ဤနေရာမှာ သူတို့ ဝင်လာစဉ်ကထက် ပိုမို တိတ်ဆိတ်သွားလေ၏။
“မင်း ...” ဝူတန့်ဘေးပတ်လည်တွင် သွေးမြူများ ပြန့်ကျဲလာသောကြောင့် မြန်မြန် မတ်တတ် ရပ်လိုက်ရသည်။ သူ့အေးစက်စက် သတ်ဖြတ်ငွေ့များက ပေါက်ကွဲလုမတတ် ဖြစ်နေသည်။
ထိုသို့ဆိုလျှင်ပင် သူ့စိတ်ထဲမှ အကြောက်တရားကို ဖုံးကွယ်မထားနိုင်ပေ။ သူ ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဖြစ်လာစဉ်မှ စ၍ သူ ဝူတန့်က အကြောက်တရားကို မသိတော့ပေ။ သူ့မျက်လုံးထဲ၌ သူက နတ်ဘုရားကဲ့သို့ တည်ရှိမှုမျိုး ဖြစ်ပြီး အားလုံး၏ အသက်ကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိလေသည်။ သူ့အတွက် စကားတစ်လုံးတည်းဖြင့် ဘုရင်ကိုပင် သေခိုင်းလို့ ရလေ၏။
လက်ရှိ သူ ခံစားမိနေသည်မှာ အကြောက်တရား ဖြစ်၏။ သူက မိုဝူကျီ၏ နည်းလမ်းကို နားမလည်လျှင်ပင် မိုဝူကျီအပေါ် အသုံးပြုလိုက်သော မှော်စွမ်းအင် ကြိုးများက လက်နက်များ မခုခံနိုင်သော မှော်စွမ်းအင်၏ အစစ်အမှန် အင်အား နမူနာ ဖြစ်၏။ သို့သော်လည်း သူ့ရှေ့တွင် ရှိနေသော လူငယ်လေးက တစ်လက်မ မှ မလှုပ်ရှားဘဲ ကြိုးများက မြားအဖြစ် ပြောင်းလဲသွားကာ ဆန့်ကျင်ဘက်သို့ ပြန်လည်လွှတ် လိုက်နိုင်သည်။
“မင်းက ဘာလဲ“ မိုဝူကျီ လျှောက်လှမ်းလာသည်ကို မြင်သောအခါ ဝူတန့်၏ သတ်ဖြတ်ငွေ့များက ပို၍ ထက်ရှလာသည်။
ဝူတန့်က လက်ကို မြောက်ကာ ဓားနီအလင်းများ ပစ်လွှတ်နေ၏။ ထို့အပြင် ဓားအလင်းများကြား၌ မီးတောက်တချို့ ပေါ်လာသေးသည်။
မိုဝူကျီက ရှောင်ရှားဖို့ပင် မတွေးပေ။ အကြောင်းမှာ ထိုအလင်းတန်းများ ဖြစ်စေ၊ မီးတောက်များ ဖြစ်စေ သူ့အနား ရောက်ရှိလာသည်နှင့် အစအနမရှိ ပျောက်ကွယ်သွားကြရ၏။ ခြေတစ်လှမ်းမျှသာ ဖြစ်သော်လည်း မိုဝူကျီက ဝူတန့်ရှေ့မှောက် ရောက်ရှိနေလေပြီ
“ခင်ဗျားက အရှေ့ပိုင်း ရိုးရာ ကိုးကွယ်ယုံကြည်ရေးရဲ့ ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဝူတန့်လား”
သူ့ရှေ့မှ လူငယ်လေးနှင့် မယှဉ်နိုင်ကြောင်း သိသည့်အခါ ဝူတန့်၏ နဖူးမှ ချွေးအေးများ စီးကျလာသည်။ ထိုစဉ် သူက ချန်ကျစ်ချန်းနှင့် ဂူချန်းတို့ ခံစားခဲ့ရသည့် အကြောက်တရားကို လုံးဝ တွေ့ကြုံလိုက်ရပြီ ဖြစ်၏။
“မင်းလိုမျိုး အရည်အချင်းပြည့်ဝတဲ့ မိတ်ဆွေက အရှေ့ပိုင်း ရိုးရာ ကိုးကွယ် ယုံကြည်ရေးရဲ့ ဂိုဏ်းချုပ် ဘုန်းတော်ကြီး နေရာမှာ ထိုင်ဖို့ ထိုက်တန်ပါတယ်။ ကျေးဇူးပြုပြီး ...“
ဝူတန့်က တစ်ဖက် တိုးလိုက်ပြီးနောက် မိုဝူကျီကို သူ့ဘေးမှ ထိုင်ခုံတွင် ထိုင်ရန် လက်ဟန်ပြလိုက်သည်။
“ထွက်သွားစမ်း“ မိုဝူကျီက ကန်လိုက်သည့်အခါ ဝူတန့်က သူ့ခြေထောက်အောက်မှ မမြင်ရသည့် အားတစ်ခု ထွက်ပေါ်လာပြီး ချန်ကျစ်ချန်းနှင့် ဂူချန်းတို့ဘေးနား ဘုန်းခနဲ ရောက်ရှိ သွားတော့သည်။
သေခြင်းတရားက ဝူတန့်ကို လွှမ်းခြုံထားရာ သူက အန်းကျင်းမြို့ကို လာခဲ့မိသည့်အတွက် အမှန်ပင် နောင်တရနေသည်။
မိုဝူကျီက ဝူတန့်၏ နေရာ၌ ဝင်ထိုင်ရန် ရည်ရွယ်ချက် မရှိပေ။ အကြောင်းမှာ သူက ဂိုဏ်းချုပ် ဘုန်းတော်ကြီး နေရာကို တစ်ခါမှ စိတ်မဝင်စားဖူးပေ။ အရိုးသားဆုံး ပြောရလျှင် ရွမ်ရှန်းအဆင့် ကျင့်ကြံသူ တစ်ယောက်အနေနှင့် ကျင့်ကြံသူဟုပင် ယူဆ၍ မရသည့် သူများနှင့် ဖြေရှင်းနေရသည်က ပျင်းစရာ ကောင်းလွန်းလှသည်။
ချန်ကျစ်ချန်းက သူ့ဘေးသို့ ချွေးများ ရွဲနှစ်စွာ ရောက်ရှိလာသည့် ဝူတန့်ကို ကြည့်ကာ စိတ်အေးသွားမိသည်။
“ခင်ဗျားလိုချင်တဲ့ နည်းလမ်းက ကျုပ် လို့ယွဲ့ရွမ်းကို သင်ပေးထားတာပဲ။ သင်ချင်လား ... ခင်ဗျားရဲ့ မီးဓာတ် လှည့်ပတ်ရေး လမ်းကြောင်းကနေ ဘာလို့ စုပ်မယူကြည့်တာလဲ ... မီးဓာတ် လှည့်ပတ်ရေး လမ်းကြောင်းဆိုတာရော သိရဲ့လား ... သင်ပေးရမှာပေါ့ ဒီနေရာပဲ“ မိုဝူကျီက ပြောလိုက်ရင်း သူ့စွမ်းအင် ဗဟိုချက် တစ်နေရာကို ထောက်ကာ ပြောလိုက်သည်။
ဝူတန့်က မိုဝူကျီ၏ ညွှန်ကြားချက်အတိုင်း လိုက်လုပ်လိုက်သည်။ သူက ထိုနေရာမှာ မှော်စွမ်းအင်များကို စုပ်ယူလိုက်လေ၏။ မှော်စွမ်းအင် စုပ်ယူနှုန်းမှာ သူ့ပုံမှန်နှုန်းထက် ဆယ်ဆမက မြန်ဆန်နေသည်ကို တွေ့လိုက်ရသောအခါ အတော်လေး အံ့ဩမိသွားသည်။
အရှေ့ပိုင်းရိုးရာ ကိုးကွယ်ယုံကြည်ရေး ဂိုဏ်းချုပ် ဘုန်းတော်ကြီး အနေဖြင့် သူ့မှော်စွမ်းအင် ကျင့်စဉ်မှာ တခြားသူများ လိုက်ယှဉ်၍ မရပေ။ သို့သော်လည်း သူ့မှော်စွမ်းအင် ကျင့်စဉ်မှာ သူ့ရှေ့မှ လူငယ်လေး၏ စကားလေး နည်းနည်းထက်စာလျှင် များစွာ အဆင့်နိမ့်နေသေး၏။
“ဝူတန့်က ဂိုဏ်းချုပ် ဘုန်းတော်ကြီး ရာထူးက စွန့်ခွာပြီးတော့ စီနီယာဆီမှာ သင်ကြားလိုပါတယ် “ဝူတန့်က တွေဝေခြင်းမရှိ ဒူးထောက်ကာ ပြောလိုက်သည်။ သူ့ဂိုဏ်းချုပ် ဘုန်းတော်ကြီး၏ မာန်မာနများကိုလည်း အကုန် စွန့်လွှတ်လိုက်လေပြီ။
မိုဝူကျီက ဝူတန့်ကို စိတ်ပင် မဝင်စားပေ။
သူက ခေါင်းပေါ်တွင် သရဖူ ဆောင်းထားသော ချန်ကျစ်ချန်းကို ကြည့်ကာ “ခင်ဗျားက လျန့်နိုင်ငံရဲ့ ဘုရင်လား”
ချန်ကျစ်ချန်းက ဦးညွှတ်ကာ “ဟုတ်ပါတယ် အရှင်”
မိုဝူကျီက မြန်မြန် ပြောလိုက်၏ “အရှေ့ပိုင်းရိုးရာ ကိုးကွယ်ယုံကြည်ရေးနဲ့ အနောက်ပိုင်း ရိုးရာ ကိုးကွယ်ယုံကြည်ရေးကို ချက်ချင်း သုတ်သင်ပစ်နိုင်လား ”
မိုဝူကျီက အရှေ့ပိုင်း ရိုးရာ ကိုးကွယ်ယုံကြည်ရေးနှင့် အနောက်ပိုင်းရိုးရာ ကိုးကွယ်ယုံကြည်ရေးတို့ကို စိတ်ထဲ မထားသော်လည်း သူ ဤဂြိုလ်ကနေ ထွက်သွားသည်နှင့် အရှေ့ပိုင်း ရိုးရာကိုးကွယ်ယုံကြည်ရေးသာ ဆက်ရှိနေလျှင် လို့ယွဲ့ရွမ်းတို့ ဘဝအပေါ် သက်ရောက်မှု ရှိလာလိမ့်မည်။ ထို့အပြင် မိုဝူကျီက အရှေ့ပိုင်းရိုးရာ ကိုးကွယ်ယုံကြည်ရေးက လမ်းမပေါ် လူတစ်ယောက်အား ကားနှင့် ဆွဲခိုင်းသည့် ကိစ္စကို အတော်လေး စက်ဆုပ်မိ၏။ ထိုသို့မျိုး ကိုးကွယ်ယုံကြည်မှုမှာ အန္တရာယ်သာ ဖြစ်ပေသည်။
ချန်ကျစ်ချန်းက အန်းကျင်းတက္ကသိုလ် ဘေးကင်းမှုအတွက် တောင်းဆိုရန် ဆန္ဒရှိခြင်းမှာ သူက အုပ်ချုပ်သူ ကောင်းတစ်ယောက် ဖြစ်နေကြောင်း သက်သေပြနေခြင်း မဟုတ်ပါလော။
“ချန်ကျစ်ချန်းက လုပ်ဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ကျုပ်က လုံလုံလောက်လောက် အားမကောင်းဘူး။ အရှေ့ပိုင်းရိုးရာ ကိုးကွယ်ယုံကြည်ရေးက ကျုပ်တို့ လျန့်နိုင်ငံ စစ်တပ်ထက် အဆများစွာ အားပိုကောင်းတယ်။ ပြီးတော့ ကျုပ်တို့ လျန့်နိုင်ငံက ထကြွလာတာနဲ့ တခြားနိုင်ငံတွေလည်း ပါလာနိုင်တယ်။ အဲဒီလိုဆိုရင် ဒီနိုင်ငံက တခြားသူတွေလက်ထဲ ပျက်သုန်း သွားရလိမ့်မယ် “ချန်ကျစ်ချန်းက ချက်ချင်း ဒူးထောက်ကာ ပြောလိုက်သည်။
“အရှင် ကျုပ် ဝူတန့်လည်း လျန့်နိုင်ငံကို ကူပြီးတော့ အရှေ့နဲ့ အနောက် ဘုရားကျောင်းတွေကို ဖျက်ဆီးဖို့ ဆန္ဒရှိပါတယ်“ ဝူတန့်က စိတ်အားတက်ကြွစွာ ဝင်ပြောလိုက်သည်။
“ခင်ဗျားမှာ အခွင့်အရေး မရှိတော့ဘူး“ မိုဝူကျီက လက်ကို မြောက်ကာ လေဓားတစ်ချက် ပစ်လွှတ်လိုက်သည်။
သွေးများ ပြန့်ကျဲသွားကာ နှစ်များစွာ အုပ်ချုပ်စိုးမိုးလာသော အာဏာရှင်မှာ မိုဝူကျီ၏ လေဓားတစ်ချက်တည်းဖြင့် နိဂုန်းချုပ်သွားရ၏။
“အရှင် ... အန်းကျင်းတက္ကသိုလ်ရဲ့ ယွင်မော့လို့ ခေါ်တဲ့ ကျောင်းသူက တိုင်ကြားလို့ ကျုပ်တို့က မတတ်သာဘဲ ...” စိတ်နှင့်ကိုယ်နှင့် မကပ် ဖြစ်နေသော ဖုန်းလုက မိုဝူကျီ၏ လေဓားချက်ဖြင့် သေဆုံးသွားသော ဂိုဏ်းချုပ် ဘုန်းတော်ကြီးကို မြင်တွေ့ လိုက်ရသည့်အခါ သူ့ဘာသာ ကယ်တင်ဖို့ရာ မကြိုးစားပါက နောက်အလှည့်မှာ သူ ဖြစ်နိုင်ကြောင်း ကောင်းကောင်း သိပေသည်။
မိုဝူကျီက ကြည့်မနေဘဲ လေဓားများစွာဖြင့် ဖုန်းလု၊ ပိုလော့ကျင်းနှင့် နောက်လိုက်များကို ချက်ချင်း သတ်ပစ်လိုက်သည်။ အပြီးသတ်ပြီးနောက် မိုဝူကျီက ဓားရှည်တစ်ချောင်း ထုတ်ကာ ချန်ကျစ်ချန်းကို ပေးလိုက်ပြီး
“ခင်ဗျား တိုက်ရိုက် တိုက်ခိုက်လို့ ရတယ်။ ပြီးတော့ ကျုပ် သတင်းကို နေရာအနှံ့ ဖြန့်ထားလိုက် ... တကယ်လို့ ခင်ဗျားကို တားဆီးမဲ့ နိုင်ငံ ရှိလာရင် တစ်နိုင်ငံကို ရှင်းပစ်လို့ ရတယ်။ ဒီဓားက ခင်ဗျား ဘယ်သွားသွား၊ ရန်သူဘက်က ဘယ်လောက်ပဲ အင်အားတောင့်တောင့် အားလုံးကို ဖျက်ဆီးပစ်နိုင်တယ်။
ရန်သူကို သတ်ချင်ရင် ဒီဓားကို ဆွဲထုတ်လိုက်ရုံပဲ ... ဂိုဏ်းချုပ် ဘုန်းတော်ကြီးရဲ့ နောက်လိုက်သန်းချီ ရှိနေရင်တောင် ဒီဓားနဲ့ အဆင်ပြေသွားလိမ့်မယ်။ ကျုပ် ဓားရှေ့မှာ အရာအားလုံးမှာ အမှုန့်အဖြစ် ပြောင်းသွားလိမ့်မယ် ”
ထိုဓားရှည်တွင် မိုဝူကျီ၏ တာအိုစိတ်စွမ်းအား ရှိနေ၍ ဤသို့သော နေရာမျိုး၌ မိုဝူကျီက ချန်ကျစ်ချန်း၏ စစ်တပ်မှာ ဤဓားအကူဖြင့် ကိုးကွယ်ယုံကြည်ရေး၏ နောက်လိုက်များကို ဖျက်ဆီးပစ်နိုင်လိမ့်မည်။ တခြားသော နိုင်ငံများအတွက် သူတို့က လျန့်နိုင်ငံအနေဖြင့် အရှေ့နှင့် အနောက် ဘုရားကျောင်းများကို ဖျက်ဆီးပစ်မည့်အကြောင်း ကြားသိသည့်အခါ ဝင်မနှောင့်ယှက်ရဲကြပေ။ သူတို့က အထောက်အပံ့များ ပို့ပေးကောင်း ပို့ပေးနိုင်သေး၏။
“နာခံလျက်ပါ ... ကျုပ် ချန်ကျစ်ချန်းက အမိန့်ကို လိုက်နာပါ့မယ်“ ချန်ကျစ်ချန်းက ဓားရှည်ကို စိုးရိမ်တကြီး လက်ခံကာ တုန်တုန်ယင်ယင် ပြောလိုက်သည်။
မိုဝူကျီက လိမ်ညာနေသည်ဟု မထင်မိပေ။ အကြောင်းမှာ သူက မိုဝူကျီ၏ ပြိုင်ဖက်ကင်း တာအိုနည်းလမ်းများကို တွေ့ရှိထားသည် မဟုတ်ပါလော။
မိုဝူကျီက ပြောလိုက်သည် “ကျုပ်က ဒီမှာ ကျင့်ကြံနေမှာ ဆိုပေမဲ့ ခင်ဗျား ဒီဓားရှည်နဲ့ ဘယ်သူကို သတ်လိုက်တယ်ဆိုတာ ကျုပ် ကောင်းကောင်း သိတယ်။ တကယ်လို့ အပြစ်မဲ့တဲ့သူတွေ၊ ခင်ဗျားကို လာမတားတဲ့ နိုင်ငံတွေကို သတ်ခဲ့မယ်ဆိုရင်တော့ ကျုပ်ကို အပြစ်လာမတင်နဲ့ ”
“ဟုတ် နှလုံးသားထဲ စွဲနေအောင် မှတ်ထားပါ့မယ်“ ချန်ကျစ်ချန်းက ပြိုင်ဖက်နိုင်ငံ တချို့ကို ရှင်းပစ်ရန် ကြံရွယ် နေမိသောကြောင့် နောက်ကျောမှ ချွေးအေးများ စီးကျလာမိသည်။ မိုဝူကျီက ထိုသို့ပြောပြီးနောက် သူက ထိုအတွေးကို ချက်ချင်း ပယ်ဖျောက်လိုက်ရသည်။
အားကောင်းကာ အာဏာရှိလှသော ဂိုဏ်းချုပ် ဘုန်းတော်ကြီးပင် ထိုလူငယ်လေးရှေ့၌ ပုရွက်ဆိတ်သဖွယ် ဖြစ်သွားလေရာ သူ့လို လျန့်နိုင်ငံအသေးလေး၏ ဘုရင်တစ်ပါးအနေဖြင့် မည်မျှ ထိုက်တန်မည်နည်း။
“သွားတော့ ... အကုန်ဖြေရှင်းပြီးမှ လာရှာလှည့်။ ခင်ဗျားကို နှစ်ဝက်အချိန်ပေးမယ်။ တကယ်လို့ နှစ်ဝက်အတွင်း အပြတ်မရှင်းနိုင်ရင် ကျုပ် မကူညီဘူးဆိုပြီး လာမပြောနဲ့“ မိုဝူကျီက ချန်ကျစ်ချန်းကို ပြောလိုက်သည်။
မိုဝူကျီက ဤနေရာရှိ နည်းပညာများကို မြင်တွေ့ထားရာ နျုးကလီးယား လက်နက်များကိုတော့ မမြင်မိပေ။ ဤနေရာရှိ နည်းပညာမှာ ဤမျှ ဖွံဖြိုးသောကြောင့် သူတို့လက်နက်များမှာ အတော်ကောင်းပေ၏။
ချန်ကျစ်ချန်းက မိုဝူကျီသည် သူ့အား အချိန်ခြောက်လ ပေးလိုက်သည့်အကြောင်း ကြားသောအခါ မြန်မြန် နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။ သူ့အတွက် ဘဝ၌ တစ်ကြိမ်တစ်ခါမျှ ရောက်လာသော အခွင့်အရေး ဖြစ်ပေသည်။ သူသာ အရှေ့နှင့်အနောက် ဘုရားကျောင်းများကို ဖျက်ဆီးပစ်နိုင်သရွေ့ သူ့လျန့်နိုင်ငံမှာ ဤဂြိုလ်ရှိ အားအကြီးဆုံးထဲမှ တစ်နိုင်ငံ ဖြစ်လာလိမ့်မည်။ ထို့ကြောင့် မိုဝူကျီ ပေးထားသော နှစ်ဝက်ကို ကောင်းကောင်း အသုံးချရမည် ဖြစ်၏။
“အန်းကျင်းတက္ကသိုလ်ကို ကယ်ပေးတဲ့အတွက် အရှင့်ကို ကျေးဇူးအများကြီး တင်ပါတယ် “ချန်ကျစ်ချန်း ထွက်သွားသည်နှင့် ဌာနမှူးဂူက ရှေ့တိုးလာကာ ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။
မိုဝူကျီက ပြန်ဖြေလိုက်၏ “ဌာနမှူး တစ်ယောက်အနေနဲ့ ခင်ဗျားက မျှတရမယ်လေ။ လို့ယွဲ့ရွမ်းကို ဘုန်းတော်ကြီးဆီ ပေးလိုက်ပြီး အန်းကျင်း တက္ကသိုလ်ကို ကယ်တင်လိုက်ရင်တောင် တက္ကသိုလ်က အရင်ကလို ပြန်မဖြစ်လာတော့ဘူး။ အရင်ပြန်နှင့်တော့ ခင်ဗျားအတွက် ဘာမှ မရှိဘူး ... ”
ဂူချန်းက အမှား လုပ်ထားမိကြောင်း သိလိုက်သည်။ မိုဝူကျီကြောင့်သာ မဟုတ်လျှင် အန်းကျင်းတက္ကသိုလ်မှာ ပျောက်ကွယ် သွားလောက်လေပြီ။ သူက သတ္တိလည်း ပျောက်ဆုံးသွားပြီ ဖြစ်ရာ တက္ကသိုလ် ပြန်ရောက်သည်နှင့် ဌာနမှူး ရာထူးမှ နှုတ်ထွက်မည် ဖြစ်၏။
အားလုံးက ခန်းမမှ ထွက်သွားကြပြီးနောက် မိုဝူကျီ၊ လို့ယွဲ့ရွမ်းနှင့် ဖန်မောင်နှမတို့သာ ကျန်ရှိတော့လေသည်။ ထို့နောက် မိုဝူကျီက ပြောလိုက်သည်။
“မင်းတို့အားလုံးက ကျုပ် ဒီဂြိုလ်က မဟုတ်တာကို ခန့်မှန်းမိကြမှာပါ။ ကျုပ်က ဒီမှာ ခဏနေရုံပဲ ... ဒီမှာ ကျုပ် တာအိုကို မကျင့်ကြံနိုင်ပေမဲ့ အားလုံးက သင်ယူချင်ရင်တော့ သင်ပေးဖို့ ဆန္ဒရှိပါတယ် ”
***