ကျင့်ကြံသူ နောက်တစ်ယောက်
Vol. 42 Ch. 581
“အစ်ကိုကြီးချန် ကျုပ်တို့ရှေ့မှာ အနောက်ပိုင်း ဘုရားကျောင်းရဲ့ မြို့တော် မီချီမြို့ ရှိတယ်။ ကျုပ်ကြားတာတော့ အဲဒီမြို့က နန်းတော်ပဲတဲ့ ... အနောက်ပိုင်းဘုရားကျောင်းရဲ့ ဂိုဏ်းချုပ် ဘုန်းတော်ကြီး ပင်းလန်ရှီး အဲနန်းတော်မှာ နေနေတာတဲ့ ...
ကျုပ်တို့သာ မီချီမြို့ကို ရှင်းနိုင်ရင် အနောက်ပိုင်း ဘုရားကျောင်းကို ရှင်းလိုက်တာနဲ့ အတူတူ ဖြစ်သွားလိမ့်မယ်” မင်းမျိုးနွယ် တစ်ဦးက ချန်ကျစ်ချန်းအား ခပ်ဩဩ လေသံဖြင့် ပြောလိုက်သည်။
ချန်ကျစ်ချန်းက ပြန်မဖြေခင် တစ်ယောက် အလန့်တကြား ထအော်လိုက်သည် “တစ်ယောက်က လေထဲမှာ လျှောက်လာနေတယ်”
လက်ထဲတွင် ဗုဒ္ဓပုတီးကုန်း ကိုင်ဆောင်ထားသည့် မှုန်မှိုင်းမှိုင်း မျက်နှာနှင့် အမျိုးသားက လေထဲမှ ဆင်းသက်လာသည်။ သူက စစ်တပ်တစ်ခုလုံးကို အထင်သေးစွာ ဝေ့ကြည့်လိုက်သည်။ သူ့မျက်လုံး၌ ထိုသူများမှာ စစ်သားများ မဟုတ်ဘဲ ပုရွက်ဆိတ်မျှသာ ဖြစ်ကြ၏။
သို့သော်လည်း သူက ချန်ကျစ်ချန်း လက်ထဲမှ ဓားဆီ အကြည့် ရောက်သွားသည့်အခါ မျက်မှောင်ကြုတ်သွားလေ၏။ သူက ဓားကို ယူရန် ချန်ကျစ်ချန်းဆီ ချက်ချင်း ရောက်ရှိလာသည်။
အကယ်၍ ချန်ကျစ်ချန်းသာ အရင်လ အနည်းငယ်ခန့်က စစ်ပွဲ မကြုံတွေ့ရသေးသည့် ဝါရင့်တစ်ယောက် မဟုတ်သေးလျှင် ထိုအပြုအမူကြောင့် ကြောင်အ သွားလောက်သည်။ သို့သော် စစ်ပွဲကို ဖြတ်သန်းပြီးနောက် ချန်ကျစ်ချန်းတွင် ယုံကြည်ချက် ရှိနေပြီ ဖြစ်၏။ ထိုလူက သူ့ဆီ လာနေသည်ကို မြင်၍ ဓားကို ထုတ်ကာ ဝှေ့ယမ်းလိုက်သည်။
ထိုသို့ဆိုလျှင်ပင် သူ့အမြန်နှုန်းမှာ အလွန်နှေးကွေး နေသေး၏။ ထိုလူ ရောက်လာသည့်အခါ သူ့ဓားရှည်က ခုတ်ပိုင်းပြီးခါစမျှ ဖြစ်၏။
ဓားရှည်ကို အလင်းတန်း ထွက်ပေါ်လာကာ မှုန်မှိုင်းမှိုင်း အမျိုးသားဆီ နှစ်ပိုင်း ပိုင်းရန် ရောက်ရှိလာသည်။
ဗုဒ္ဓပုတီးစေ့များက မြောက်များစွာသော ကြိုးများအဖြစ် ပြောင်းလဲလာကာ ထိုဓားရှည်ကို ကာဆီးပေးနိုင်သော လှိုင်းလုံး သဏ္ဌာန် ဖွဲ့စည်းလိုက်၏။
တစစီ စုတ်ဖြဲနေသည့် အသံများက ထွက်ပေါ်နေပြီး ကြိုးများက ဆက်တိုက် ပျက်စီးလာသည်။ မှုန်မှိုင်းမှိုင်း အမျိုးသားက တအံ့တဩဖြင့် မြန်မြန် အနောက်သို့ ဆုတ်လိုက်ရသည်။ သူ့ကြိုးများက ဓားရှည်မှ အလင်းတန်းကို ကာကွယ် နိုင်လိုက်သည်။ တစ်ချိန်တည်းတွင် ဓားရှည်က ချန်ကျစ်ချန်း လက်ထဲ ပြန်ရောက်နေလေပြီ။
ချန်ကျစ်ချန်းက အရေးသာခဲ့သော်လည်း သူက စိတ်ဓာတ်ကျမိနေသည်။ ဤဓားကို လက်ဝယ်ပိုင်ဆိုင်စဉ် ကတည်းက သူ့အနေဖြင့် မပိုင်းဖြတ်နိုင်သော အရာကို ပထမဆုံး ကြုံတွေ့ဖူးခြင်း ဖြစ်၏။
“ကျင့်ကြံသူ တစ်ယောက်ရဲ့ မှော်ရတနာက ဒီနေရာ ရောက်နေလိမ့်မယ်လို့ ထင်မထားဘူး။ အတော်လေး အားကောင်းရုံတင် မကဘူး။ မင်းပါ ကိုင်ဆောင်နိုင်တယ် ...” မှုန်မှိုင်းမှိုင်း မျက်နှာနှင့် အမျိုးသားက နောက်ထပ် မတိုက်သေးဘဲ အေးစက်စွာ ပြောလိုက်သည်။
ချန်ကျစ်ချန်း၏ ဓားရှည်က အင်မတန် ကောင်းသော မှော်ရတနာ ဖြစ်ပေသော်လည်း သူက အလျှင်မလိုပေ။ ဤဂြိုလ်၌ သူ ဟုန်ကွမ်း အလိုရှိနေသည့်အရာကို တားဆီးနိုင်မည့်သူ မရှိပေ။
“ပင်းလန်ရှီးက ဆရာဟုန်ကွမ်းကို နှုတ်ဆက်ပါတယ်” ဖြူဖျော့ဖျော့ ပင်းလန်ရှီးက မြို့မှ ထွက်လာကာ ဦးညွှတ် နှုတ်ဆက်လိုက်လေ၏။
အကယ်၍ သူတို့သာ မျက်လုံးနှင့် ကိုယ်တိုင် မမြင်တွေ့ရပါက အနောက်ပိုင်း ဘုရားကျောင်း၏ ဂိုဏ်းချုပ် ဘုန်းတော်ကြီးသည် သာမာန်လူတစ်ယောက်နှင့် တူသည့် သူအား ရိုသေလေးစားစွာ ဆက်ဆံနေလိမ့်မည်ဟု ယုံမည် မဟုတ်ပေ။ အနောက်ပိုင်း ဘုရားကျောင်း၌ ဂိုဏ်းချုပ် ဘုန်းတော်ကြီး အပေါ်၌ ဝိညာဉ်စွမ်းအား ဆရာ တစ်ယောက် ရှိသေးကြောင်း မသိကြပေ။
ထိုဝိညာဉ်စွမ်းအား ဆရာဟုန်ကွမ်းက အနောက်ပိုင်း ဘုရားကျောင်းအကြောင်း တစ်ခါမှ မမေးဖူးပေ။ သူ့အကူအညီ လိုသည့်အချိန် အနောက်ပိုင်း ဘုရားကျောင်းမှ ကူညီပေးနိုင်မည်ကိုသာ ဂရုစိုက်၏။
မှုန်မှိုင်းမှိုင်း အမျိုးသားက ခေါင်းညိတ်ကာ “မင်း ကြောက်သင့်ပါတယ်၊ ကျုပ်သာ ရောက်မလာရင် မင်းခေါင်းတော့ မီချီမြို့ပြင်မှာ ဆွဲချိတ်ထား ခံနေရလောက်ပြီ “
ပင်းလန်ရှီး နှလုံးခုန်ပင် မြန်ဆန်မိသွားသည်။ ဤဝိညာဉ်စွမ်းအား ဆရာဟုန်ကွမ်းက လူကောင်းတစ်ယောက် မဟုတ်မှန်း သိထားသော်လည်း ဟုန်ကွမ်းက ထိုအကြောင်းအရာကို မလိမ်ညာမှန်းတော့ သိ၏။
“ဆရာ ကယ်တင်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်” ပင်းလန်ရှီးက ကျေးဇူးတင်လိုက်ပြီး သူ့မျက်ဝန်း၌ ရိုသေ လေးစားမှုများနှင့် ပြည့်နှက်နေသည်။
ဟုန်ကွမ်းက ခေါင်းညိတ်ကာ “ဓားလေး တစ်ချက်လောက် ကြည့်ပါရစေဦး “
ထိုသို့ပြောပြီး ဟုန်ကွမ်းက ချန်ကျစ်ချန်း လက်ထဲမှ ဓားကို ယူရန် ကြိုးစားလိုက်သည်။ သူက အခြေအနေကို သဘောပေါက်ပြီးသား ဖြစ်၏။ ဤဓားမှ လွဲ၍ သူ့အား ခြိမ်းခြောက်နိုင်သော အရာ မရှိပေ။ ချန်ကျစ်ချန်းက မှော်ပညာရှင်ပင် မဟုတ်ပေ။
သူက ဟုန်ကွမ်းကို မသတ်နိုင်သည့်အချိန် ချန်ကျစ်ချန်း စိတ်ထဲ လေးလံမိသွားသည်။ သူက စစ်တပ်ကို ဤနေရာအထိ ခေါ်လာနိုင်သည့် အကြောင်းအရင်းမှာ သူ့လက်ထဲရှိ ဤဓားကြောင့်သာ ဖြစ်ပေသည်။ ယခု ဓားက တစ်ဖက်လူကို မသတ်နိုင်သည့်အတွက် ဤနေရာမှာ သူသေရမည့် နေရာ ဖြစ်သွားပေလိမ့်မည်။
ဟုန်ကွမ်း ဒုတိယအကြိမ် ချည်းကပ်လာသောအခါ ချန်ကျစ်ချန်းက မတိုက်ခိုက်နိုင်လိုက်ခင် တစ်ဖက်လူ၏ လက်က သူ့ရှေ့ ရောက်နေပြီ ဖြစ်၏။
“ရွတ်”
သာမာန်လူများ မကြားနိုင်သည့် ခပ်ရှရှ အသံသာ ထွက်လာသည်။ ထို့နောက် ချန်ကျစ်ချန်းက သူ့လက် ပေါ့ပါးသွားကြောင်း ခံစားမိလိုက်၏။ သူ့ဓားရှည်ကား ပါသွားလေပြီ။
“အာ“
ဟုန်ကွမ်းက ပထမအကြိမ် ကြုံတွေ့ပြီးပြီ ဖြစ်၍ ဒုတိယအကြိမ် ပျာယာခတ် မနေတော့ပေ။ သူက ချန်ကျစ်ချန်း၏ ဓားကို လုယူနိုင်ခဲ့သော်လည်း သူ့ခံစားချက်မှာ ပျော်ရွင်ဝမ်းမြောက်မှု မဟုတ်ဘဲ တုန်လှုပ်မှုသာ ကြီးစိုးနေသည်။ ချန်ကျစ်ချန်း ခန္ဓာကိုယ် ပတ်လည်၌ မှော်အတားအဆီး တစ်ခု ရှိနေ၏။
မည်သည့် လူက သာမာန်လူ တစ်ယောက်နားမှာ ကာကွယ်ရေး အတားအဆီးတစ်ခု ဖန်တီးပေးထား နိုင်လောက်အောင် အထိ အားကြီးနေတာလဲ ... အနည်းဆုံးတော့ သူက ထိုမျှ အားမကောင်းပေ။
အကယ်၍ ချန်ကျစ်ချန်း နောက်၌ အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက် ရှိနေမည်ဆိုလျှင် သူ့အနေဖြင့် ဤနေရာ၌ ကြာကြာနေ၍ မဖြစ်ပေ။ မည်သို့ပင် ဆိုစေကာမူ အခြေအနေကို အရင်ဆုံး နားလည်အောင် လုပ်ရမည်။ သူ ဟုန်ကွမ်းက ထိုသို့ ထွက်မပြေးနိုင်ပေ။ ကောင်းကင်ကျီးဂြိုလ်မှာ သူ အားစိုက်ထုတ်၍ ရွေးချယ်ထားရသော ဂြိုလ်တစ်လုံး ဖြစ်၏။ ကိစ္စများ ရှင်းရှင်းလင်းလင်း ဖြစ်စေရန် ထွက်သွားခြင်းက နှမြောစရာ ကောင်းလှပေသည်။
ဖန်မောင်နှမတို့နှင့် လို့ယွဲ့ရွမ်းတို့မှာ သာမာန်လူများထက် ပို၍ ထူးချွန်ကာ အရည်အချင်းမှာ အံ့ဩစရာ ကောင်းသော်လည်း မိုဝူကျီက သူတို့ကို ငါးလတာမျှ သင်ကြားပေးခဲ့သည်။ သူတို့ မည်မျှ စုပ်ယူနိုင်လဲ ဆိုသည့် ကိစ္စပင် သူ့ထိန်းချုပ်မှုအတွင်း ဖြစ်၏။
သူတို့ မည်မျှ နားလည်သဘောပေါက် ထားပါစေ သူတို့အနေဖြင့် ဤဂြိုလ်ပေါ် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်လိမ့်မည်။ သူတို့သုံးယောက်က သူ့နည်းလမ်းများ ပြန်လည် ဖြန့်ဝေမည့် ကိစ္စကိုတော့ မိုဝူကျီက စိတ်မပူပေ။ ဤဂြိုလ်တွင် ဝိညာဉ်စွမ်းအား လစ်ဟာနေသည့်အတွက် စိတ်စွမ်းအင် ကျောက်တုံး၊ အဆင့်နိမ့် အင်မော်တယ် ကျောက်များနှင့် ဆေးလုံးများက သူတို့သုံးယောက်အတွက် မြေကမ္ဘာ အင်မော်တယ်အဆင့် ရောက်ဖို့ရာ လုံလောက်ပေသည်။
သူတို့က ဤဂြိုလ်ပေါ်၌ ဆက်နေရန် ရွေးချယ်ပြီး သူ့နည်းလမ်းများကို ပြန်လည် ဝေမျှချင်လျှင်ပင် တခြားလူများအတွက် ကျင့်ကြံနိုင်မည် မဟုတ်ပေ။ မှော်စွမ်းအင်အထဲ၌ အားပျော့လှသော မှော်စွမ်းအင်လေးဖြင့် ဆယ်စုနှစ်အထိ ကျင့်ကြံလျှင်ပင် ပေါက်ပေါက်မြောက်မြောက် ဖြစ်လာမည် မဟုတ်ပေ။
ဖန်မောင်နှမနှင့် လို့ယွဲ့ရွမ်းလည်း တံခါးပိတ် ကျင့်ကြံ နေကြသည့်အတွက် မိုဝူကျီလည်း ကျင့်ကြံရန် ပြင်လိုက်သည်။ သူ့ထာဝရ ကမ္ဘာထဲ၌ ဝိညာဉ်အပိုင်း ရှိနေသေးသည့်အပြင် သူက ဖန်မောင်နှမ၏ အမွေအနှစ်ကို လေ့လာကြည့်ချင်မိသည်။
ထိုစဉ် ချန်ကျစ်ချန်းအပေါ် ထားထားသော အတားအဆီး တစစီ စုတ်ဖြဲခံလိုက်ရကြောင်း ခံစားမိလိုက်သည်။
မိုဝူကျီ၏ အမြင်အရ ဤဂြိုလ်ပေါ်ရှိ အားအကောင်းဆုံးသူမှာ အရှေ့ပိုင်း ဘုရားကျောင်းမှ ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဝူတန့်သာ ဖြစ်၏။ ဝူတန့်ပင် သူ့ကာကွယ်ရေး အတားအဆီးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်မည် မဟုတ်ပေ။ ထို့အပြင် ဝူတန့်ကို သတ်လိုက်ပြီ ဖြစ်သောကြောင့် ဤဂြိုလ်ပေါ်၌ နောက်ထပ် အားကောင်းသည့်သူ ရှိနေသေးသည်ဟု ဆိုလိုနေခြင်း မဟုတ်ပါလော။
သူ့ဓားရှည်မှာလည်း ချန်ကျစ်ချန်း လက်ထဲ မရှိတော့ကြောင်း ခံစားမိလိုက်သည်။ နဂို တံခါးပိတ် ကျင့်ကြံရန် ရည်ရွယ်ထားသော မိုဝူကျီက အန်းကျင်းမြို့မှ တစ်လှမ်းတည်းဖြင့် ထွက်လာလိုက်ရသည်။
“ဂိုဏ်းချုပ် ဘုန်းတော်ကြီး ပင်း ... အခု လူတွေကို သွားသတ်လို့ ရပါပြီ။ ဒါပေမဲ့ ဓားရှည်နဲ့ သူကိုတော့ ကျုပ်ဆီ ပို့ပေး ...” ဟုန်ကွမ်းက ပြောပြီးသည်နှင့် ထွက်သွားရန် ပြင်လိုက်သည်။
သူက ဓားရှည်ပေါ်မှ သင်္တကများနှင့် အတားအဆီးများ အကြောင်း သွားလေ့လာမည် ဖြစ်ကာ မည်သို့ လူမျိုးက ချန်ရစ်ထားခဲ့လဲ သိချင်မိသည်။
ရှေးဟောင်း စွမ်းအားတစ်ခု ဖြစ်နေနိုင်မလား သို့မဟုတ် သူ့လိုမျိုး နောက်ထပ် ကျင့်ကြံသူ တစ်ယောက် ရောက်လာတာများလား ...
“ခင်ဗျား ဘယ်မှ မသွားရဘူး “ မိုဝူကျီ၏ အသံက ထွက်ပေါ်လာသည်။ ဟုန်ကွမ်းက တအံ့တဩ လှည့်ကာ ကြည့်လိုက်သည်။
“ဒီက တာအိုရောင်းရင်းက ဘယ်သူများလဲ“ မိုဝူကျီ၏ တိတ်တဆိတ် ပေါ်လာမှုကို မြင်ကာ ဟုန်ကွမ်း၏ ဦးခေါင်းတစ်ခုလုံး ထုံထိုင်းသွားသလို ခံစားလိုက်ရသည်။ မိုဝူကျီ၏ အင်အားမှာ သူ့ထက် မြင့်မားပေသည်။ မိုဝူကျီ ရောက်လာသည့်အခါ သူက လေထုထဲ အပြောင်းအလဲကိုပင် သတိမပြုမိလိုက်ချေ။
မကြာခင် သူ့အတွက် သံသယဝင်နေဖို့ရာ မလိုတော့ပေ။ မိုဝူကျီက လက်ဖြန့် လိုက်သည့်အခါ နည်းလမ်းတစ်ခုမျှ အသုံးပြုမထားဘဲ သူ့လက်ထဲမှ ဓားရှည်က ပျံထွက်သွားကာ မိုဝူကျီ လက်ထဲ ပြန်လည် ရောက်ရှိသွား၏။
“စီနီယာ ...”
ဟုန်ကွမ်း၏ မှုန်မှိုင်းမှိုင်း မျက်နှာမှာ ယခုအခါ ဖြူဖျော့နေလေ၏။ သူက ယနေ့ လာရောက် မိသည့်အတွက် အကြီးအကျယ် နောင်တရနေမိသည်။ ဤဂြိုလ်ပေါ်၌ သူ့ကဲ့သို့ နောက်ထပ် ကျင့်ကြံသူ တစ်ဦး ရှိနေပြီး ထိုသူက သူ့ထက် များစွာ အားကောင်းနေပေသည်။
မိုဝူကျီက ဓားရှည်ကို ချန်ကျစ်ချန်းဆီ ပစ်ပေးလိုက်ရင်း “ခင်ဗျား လုပ်စရာရှိတာ ဆက်လုပ်လိုက် ... ကျုပ် မကြာခင် ထွက်သွားတော့မှာဆိုတော့ ခင်ဗျားရဲ့ အမြန်နှုန်း လျော့လာလိမ့်မယ်”
ဟုန်ကွမ်းဆီ ဓားရှည် လုယူခြင်း ခံလိုက်ရသည့်အခါ ချန်ကျစ်ချန်း၏ စိတ်ထဲ အေးစက်လာမိသည်။ ထိုဓားမပါရှိဘဲ သူ လူမည်မျှ ခေါ်လာစေကာမူ အနောက်ပိုင်း ဘုရားကျောင်းရှေ့၌ သူတို့က အမှုန့်ဖြစ်သွားမည် ဖြစ်ကြောင်း သိထားသည်။
မိုဝူကျီက ရုတ်ချည်း ပေါ်လာကာ ဓားရှည်ကို ပြန်ပေးလာ၏။ ထိုအရာက သူ့အား စကားတစ်ခွန်းကို နားလည်သွားစေသည်။
“သေမင်းခံတွင်းဝမှ ပြန်ရောက်လာခြင်း”
ထိုစကားမှာ ယခု သူ့တွေ့ကြုံ နေသည့်နှင့် ကွက်တိ ဖြစ်မနေဘူးလား ...
“ဟုတ်ကဲ့ပါ အရှင်” ချန်ကျစ်ချန်းက ဦးညွှတ်လိုက်ကာ ပြောလိုက်၏။ သူ့စိတ်ထဲ၌ တဖန် ပြန်လည်တက်ကြွလာမိသည်။
“အရှင်ကို နှုတ်ဆက်ပါတယ်” ချန်ကျစ်ချန်းဘေးမှ ခေါင်းဆောင်များမှ ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြသည်။ သူတို့က ချန်ကျစ်ချန်း နောက်ကွယ်၌ ထိပ်တန်း ပညာရှင်တစ်ယောက် ရှိနေကြောင်း ခန့်မှန်းမိကြသည်။ ယခု ထိုထိပ်တန်း ပညာရှင်က ကိုယ်တိုင် ရောက်လာခြင်း ဖြစ်ရာ မည်သူကများ မလေးမစား ပြသရဲမည်နည်း။
ပင်းလန်ရှီးလည်း ရှေ့တိုးလာကာ မြေပြင်ပေါ် မှောက်ကာ “ပင်းလန်ရှီးက ဆရာသခင်ကို နှုတ်ဆက်ပါတယ် “
မိုဝူကျီက မှော်စွမ်းအင်များကို နားလည်သွားပြီးပြီ ဖြစ်ရာ ပင်းလန်ရှီး ထွက်လာသည်နှင့် သူက ပင်းလန်ရှီး၏ စွမ်းအားမှာ သူ သတ်ခဲ့သည့် ဝူတန့်ထက် များစွာ သာလွန်နေကြောင်း ခံစားမိ၏။
သို့သော်လည်း ဤလူက စဉ်းလဲကောက်ကျစ် တတ်သည့်သူ ဖြစ်ကြောင်း သေချာနေသည်။ သူ့ပတ်လည်တွင် သေခြင်းတရား အငွေ့အသက်များ လွှမ်းခြုံနေပြီး ထိုအငွေ့အသက်များမှာ ပင်းလန်ရှီး ကိုယ်တိုင်ဆီမှ မဟုတ်ဘဲ သူ သတ်ထားသော လူများဆီမှ ဖြစ်၏။ သူက လူများစွာကို သတ်ထားရာ ပို၍ အရေးကြီးသည်က သူက အကြောင်းပြချက်မရှိ အပျော်အပြက် လူသတ်ခြင်း ဖြစ်၏။ ထိုကြောင့် စက်ဆုပ်ဖွယ်ကောင်းသည့် သေခြင်းတရား အငွေ့အသက်များ ရှိနေခြင်း ဖြစ်၏။
ထိုသို့ လူမျိုးနှင့် ရင်ဆိုင်ရသည့်အခါ မိုဝူကျီက ပြန်မပြောချင်နေပေ။ သူက လက်ကို မြှောက်လိုက်ပြီး လေဓား တစ်ချက် ထုတ်လွှင့်လိုက်သည်။
မိုဝူကျီက လေဓားတချို့ ပစ်လွှတ်လိုက်သော်လည်း ပင်းလန်ရှီးက ရှောင်နိုင်လိမ့်မည်ဟု မထင်ထားပေ။ သို့သော် လက်တွေ့၌ ပင်းလန်ရှီးက မရှောင်ရှားနိုင်ခဲ့ချေ။ လေဓားတစ်ချက်က ပင်းလန်ရှီး လက်မောင်း တစ်ဖက်ကို ပိုင်းဖြတ်သွား၏။
နဂိုဖြူဖျော့နေသော ပင်းလန်ရှီး၏ အသားရေမှာ လက်မောင်း အဖြတ်ခံလိုက်ရ၍ ပို၍ ဖြူဖျော့သွားလေ၏။ သူက မိုဝူကျီကို ဆက်ကြည့်ကာ ပြောလိုက်သည် “ဆရာသခင် ... ဟုန်ကွမ်းက ဒီဂြိုလ်ပေါ်မှာ အမြဲကြံစည်နေခဲ့တာပါ။ ကျုပ် အနောက်ပိုင်း ဘုရားကျောင်းကို ဦးဆောင်နေတဲ့ အကြောင်းအရင်းက ကျုပ် တစ်ရက်ကျ ရပ်တန့်နိုင်လိမ့်မယ်လို့ မျှော်လင့်မိခဲ့တာပါ “
“ဖူး”
မိုဝူကျီက လက်ကို မြှောက်ကာ စွမ်းအင်ဓားချက်ကို ပစ်လွှတ်လိုက်သည်။ ပင်းလန်ရှီး၏ တစ်ဖက်လက်မှ လက်ချောင်းများက ပြတ်ထွက်သွားသည်။
“အဲဒီလိုဆိုရင် ခင်ဗျား ဆက်ပြောနေဖို့ မလိုတော့ဘူး“ ပင်းလန်ရှီး၏ သေခြင်း အငွေ့အသက်များကြောင့် မိုဝူကျီက သူ့အသက်ကို ချမ်းသာပေးမည် မဟုတ်ပေ။
ဤသို့မျိုး လူက မျက်တောင်မခတ်ဘဲ အပြစ်မဲ့လူများကို သတ်ပစ်နိုင်လေသည်။
“ဆရာသခင် ... ကျုပ်က မီးဓာတ် သဘာဝဂြိုလ်ကို သိထားပါတယ်။ ကျုပ်တို့ ဂြိုလ်နဲ့ သိပ်မဝေးပါဘူး။ ရတနာဆိုတာ သေချာပါတယ်“ ပင်းလန်ရှီးက ရပ်ဖို့ ရည်ရွယ်ချက် ရှိသည့်ပုံ မပေါ်ပေ။
ဟုန်ကွမ်းက ထိုစကားများကို ကြားသောအခါ နှလုံးခုန်ပင် မြန်သွားမိ၏။ သူက ပင်းလန်ရှီး၌ ထိုသို့လျှို့ဝှက်ချက်များစွာ ရှိနေဦးမည်ဟု မထင်ထားပေ။ သူ ဤဂြိုလ်၌ ရှိနေသည့် အကြောင်းအရင်းမှာ မီးဓာတ် သဘာဝ ဂြိုလ်ကြောင့်သာ ဖြစ်၏။ သူက သူတစ်ဦးတည်း သိခဲ့ခြင်း ဖြစ်မည်ဟု ထင်ခဲ့သော်လည်း ဂိုဏ်းချုပ် ဘုန်းတော်ကြီး တစ်ပါးက သိနေလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားပေ။
လက်တွေ့၌ သူက မိုဝူကျီသည် သူ့ထက် များစာ အားကောင်းကြောင်း သိထားရာ ဟုန်ကွမ်းက သူ့အသက်လေး ထိန်းထားနိုင်ဖို့ နည်းလမ်းများစွာ စဉ်းစားနေရသည်။ ယခု သူ့အကြီးမားဆုံး လျို့ဝှက်ချက်ကို ပင်းလန်ရှီးက ဖော်ထုတ်လိုက်ပြီ ဖြစ်သောကြောင့် မည်သို့ လက်ခံနိုင်မည်နည်း။ သူက မြန်မြန် ဝင်ပြောလိုက်သည်
“စီနီယာ ... ကျုပ်က မီးဓာတ် သဘာဝ အမြုတေ ရှိတဲ့ နေရာကို သိထားပါတယ်”
“မီးဓာတ် သဘာဝ အမြုတေ” စကားသုံးလုံးကို ကြားသည်နှင့် မိုဝူကျီ၏ နှလုံးခုန်နှုန်းပင် မြန်ဆန်လာမိ၏။
***