မူလဇစ်မြစ်
Vol. 42 Ch. 582
တတ်နိုင်သမျှ အချိန်တိုလေးအတွင်း မိုဝူကျီက ဆုံးဖြတ်ချက် ချလိုက်သည်။ သူက ချန်ကျစ်ချန်းကို ပြောလိုက်သည်
“ကျုပ် ဒီနေရာက ထွက်သွားတော့မယ်။ ဘုရင်ကောင်းတစ်ယောက် လုပ်ပြီးတော့ လူတွေကို ပျော်ပျော်ရွင်ရွင် နေနိုင်အောင် အုပ်ချုပ်ပါ ... မဟုတ်ရင် ခင်ဗျားက နောက်ထပ် အရှေ့ပိုင်း ဘုရားကျောင်းလိုမျိုး ဖြစ်လာလိမ့်မယ်။ ပြီးတော့ ကျုပ်တပည့် သုံးယောက်ကိုလည်း တဆင့် ပြန်ပြောပေးပါ ...
ကောင်းကောင်း ကျင့်ကြံပြီးတော့ ကိုယ်အခွင့်အရေးကို ရှာကြ ... အရှေ့ပိုင်း ဘုရားကျောင်းလိုမျိုး ဖြစ်မလာစေကြနဲ့ “
သူ့စကားအဆုံးတွင် မိုဝူကျီက ဟုန်ကွမ်းနဲ့ ပင်းလန်ရှီးတို့ကို ဆွဲခေါ်ကာ ကြယ်တာရာ ကောင်းကင်ထဲ ပျောက်ကွယ် သွားတော့သည်။
“ဟုတ် ... ချန်ကျစ်ချန်းက အင်မော်တယ် ဆရာသခင်ရဲ့ စကားတွေကို စွဲစွဲမြဲမြဲ မှတ်ထားပါ့မယ်” မိုဝူကျီ၏ ပုံရိပ်မှာ ပျောက်ကွယ် သွားသော်လည်း ချန်ကျစ်ချန်းက မြေပြင်ပေါ် ဒူးထောက်ကာ အော်ပြောလိုက်သည်။
အနောက်၌ တခြားသော နိုင်ငံ ခေါင်းဆောင်များလည်း မြေပြင်ပေါ် ဒူးထောက် နေကြသည်။ မိုဝူကျီ၏ ကြောက်မက်ဖွယ် ပညာရပ်များကို မြင်တွေ့ပြီးနောက် သူတို့က အကြောက်တရား မခံစားမိသည့်သူ မရှိပေ။
ချန်ကျစ်ချန်းက မိုဝူကျီ၏ မျှော်လင့်ချက်များကို စိတ်မပျက်စေပေ။ အနောက်ပိုင်း ဘုရားကျောင်းကို သုတ်သင် ရှင်းလင်းပြီးနောက် သူ ပထမဆုံးလုပ်သည့် အရာမှာ အန်းကျင်းမြို့ကို ချဲ့ထွင်ခြင်း ဖြစ်၏။ တစ်ချိန်တည်းတွင် အန်းကျင်းမြို့ အလယ်၌ နေရာကျယ် တစ်ခု ပြုလုပ်ကာ မိုဝူကျီ၏ ရုပ်ထုကို ထုထွင်းထားစေသည်။ ထို့အပြင် မိုဝူကျီ ပေးခဲ့သော ဓားရှည်ကိုလည်း အထိမ်းအမှတ် ကျောက်တိုင်၌ စိုက်ထူထားလိုက်သည်။
ထိုအထိမ်းအမှတ် ကျောက်တိုင်မှာ မိုဝူကျီ ရုပ်ထု၏ နောက်တွင် ရှိပြီး ရုပ်ထုထက် အနည်းငယ်မျှသာ နိမ့်၏။
ထိုအရာများမှာ မိုဝူကျီ၏ စကားများ ဖြစ်သည့် “လူများကို ပျော်ပျော်ရွင်ရွင် နေနိုင်စေရန်” သူ့အား ပြန်လည် အမှတ်ရစေဖို့ ဖြစ်၏။
ကောင်းကင်ကျီးဂြိုလ်မှာ ကျယ်ဝန်းသောကြောင့် ချန်ကျစ်ချန်းက တစ်ယောက်တည်း တစ်ဂြိုလ်လုံးကို မအုပ်ချုပ်နိုင်ပေ။ ထို့အပြင် မိုဝူကျီက အရှေ့ပိုင်း ဘုရားကျောင်းကို သုတ်သင်ရန် ဓားရှည်ကို ပေးခဲ့ခြင်း ဖြစ်၏။ ကောင်းကင်ကျီးဂြိုလ်၌ လျန့်နိုင်ငံ တစ်ခုတည်း ကျန်ရှိနေခြင်း မဟုတ်ပေ။ ဂြိုလ်ပေါ်၌ နိုင်ငံများစွာ ကျန်ရှိနေသော်လည်း ချွင်းချက်မရှိ မိုဝူကျီ၏ ဤဂြိုလ်ပေါ် အကျိူးပြချက်များကို သတိရနေစေရန် သူတို့အားလုံး၌ မိုဝူကျီ၏ ရုပ်ထု ရှိကြလေ၏။
မိုဝူကျီက ကောင်းကင်ကျီးဂြိုလ်မှ ထွက်သွားပြီးပြီ ဖြစ်၏။ သူက ဖန်မောင်နှမနှင့် လို့ယွဲ့ရွမ်းအတွက် စီစဉ်ပေးခဲ့ပြီးပြီ ဖြစ်ရာ ကောင်းကင်ကျီးဂြိုလ်ပေါ်မှ ကိစ္စများမှာ အဆုံးသတ်သွားလေပြီ။ သူက မီးဓာတ် သဘာဝ အမြုတေအကြောင်း ကြားသောအခါ မိုဝူကျီက ကောင်းကင်ကျီးဂြိုလ်ကို မပြန်နိုင်တော့ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူ ထွက်မလာခင် စကားများ ချန်ရစ်ပေးခဲ့ခြင်း ဖြစ်ပေသည်။
တည်နေရာကို ညွှန်ပြပေးရန် လွန်းပျံယာဉ် အရှေ့ပိုင်း၌ ရပ်နေသော ဟုန်ကွမ်းမှာ ရင်တမမ ဖြစ်နေရသည်။ ဤလွန်းပျံယာဉ်၌ တစ်ယောက်တည်း ပျံသန်းရဲသည့် အချက်ကို ထည့်တွက်လျှင် မိုဝူကျီက သူ့ထက် များစွာ၊ များစွာ အားကောင်းကြောင်း ပိုသိသွားသည်။
သို့သော်လည်း မိုဝူကျီက သူ့အား ဂရုမစိုက်ပေ။ ထို့အစား သူက ပင်းလန်ရှီးကို ကြည့်ကာ မေးလိုက်သည်
“မီးဓာတ် သဘာဝ ဂြိုလ်အပြင် ဘာသိသေးဘဲ ... ပြီးတော့ အဲဒီဂြိုလ်အကြောင်း ဘယ်လို သိတာလဲ “
ပင်းလန်ရှီးက သူ့အသက်လေးအတွက် ဆက်တိုက် စိုးရိမ်နေမိသည်။ မိုဝူကျီ၏ မေးခွန်းကို ကြားသောအခါ မြန်မြန်ဆန်ဆန် ပြောလိုက်ရ၏
“ကျုပ် အာကာသ ယာဉ်ပျံနဲ့ သွားလာတုန်း အဲဒီမီးဓာတ် သဘာဝ ဂြိုလ်ကို မြင်လိုက်ရတာပါ ... အာကာသ မြေပုံလည်း ရှိပါတယ် “
သူ့စကားအဆုံးတွင် ပင်းလန်ရှီးက ဂြိုလ်အမျိုးမျိုးကို ဖော်ပြထားသော မြေပုံကို ထုတ်ပြလိုက်သည်။ မိုဝူကျီက သူ့ကိုယ်သူ နည်းပညာ ကျွမ်းကျင်သူဟု တွေးထားသော်လည်း ကျင့်ကြံပြီးနောက်တွင် ဤသို့မျိုး အာကာသမြေပုံကို မြင်သည့်အခါ ခေါင်းကိုက်လာမိသည်။
ကျင့်ကြံခြင်း ကမ္ဘာလောကရဲ့ တည်နေရာပြ သလင်းကျောက်ကဲ့သို့ ဘာလို့ မရိုးရှင်းရတာလဲ ...
သလင်းကျောက် တစ်ခုဖြင့် အရာအားလုံး ဖြေရှင်းနိုင်လေရာ မည်သူကများ ထိုဧရာမမြေပုံ၌ နေရာအတိအကျ လိုက်ကြည့် နေတော့မည်နည်း။
မိုဝူကျီက မျက်မှောင်ကြုတ်ကာ …
“ဒီလိုလား ... ခင်ဗျားက မှော်စွမ်းအင် ကျင့်ကြံသူလေး တစ်ယောက်ပဲကို ဘယ်လိုလုပ် မီးဓာတ် သဘာဝ ဂြိုလ်အကြောင်း သိနေတာလဲ”
ပင်းလန်ရှီး၏ စိတ်ထဲ လေးလံသွားမိသည်။ သူက မိုဝူကျီရှေ့ ပုရွက်ဆိတ်သဖွယ် ဖြစ်နေခြင်းကြောင့်သာ မဟုတ်လျှင် လှုပ်ရှားပြီးလောက်လေပြီ။
“အဲဒါက ဟုန်ကွမ်းက ကျုပ်ကို ကျင့်ကြံခြင်း အကြောင်း နည်းနည်းပါးပါး ညွှန်ပြပေးလို့ပါ။ အဲဒါကြောင့် တစ်ခု၊ နှစ်ခုလောက် သိနေတာပါ” ပင်းလန်ရှီးက တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
“အဲဒါဆို ခင်ဗျားမှာ တန်ဖိုး မရှိတော့ဘူး“ မိုဝူကျီက ထိုသို့ပြောပြီးနောက် ပင်းလန်ရှီးကို ဆွဲကိုင်ကာ ပစ်လွှတ်ရန် ကြံလိုက်သည်။
ပင်းလန်ရှီးက အလောတကြီး ထပြောလိုက်သည် “စီနီယာ ... ဟုန်ကွမ်းဆီမှာ စုန်းမျိုးဆက် အမွေအနှစ် ပညာရပ်တစ်ခု ရှိသေးကြောင်း သိထားပါတယ်”
ပင်းလန်ရှီး စကားမဆုံးခင် ဟုန်ကွမ်းက မိုဝူကျီအား ရှေးဟောင်း စာလိပ်ကို ရိုရိုသေသေ ပေးအပ်လိုက်သည်။
လက်တစ်ချက် အဝှေ့ဖြင့် မိုဝူကျီက အင်မော်တယ် စွမ်းအားများထုတ်ကာ ပင်းလန်ရှီး၏ ဝိညာဉ် လမ်းကြောင်းများနှင့် အရိုးများကို ဖျက်ဆီးပစ်လိုက်ပြီး ကြယ်တာရာ ကောင်းကင်ထဲ ပစ်လွတ်လိုက်တော့သည်။
သူက ဟုန်ကွမ်း ပေးလိက်သော စာလိပ်ကို စိတ်စွမ်းအားဖြင့် စစ်ဆေး ကြည့်လိုက်သည်။ ထိုအရာမှာ ဖန်ကျယ် ပေးထားသည့်အရာနှင့် အတူတူ ဖြစ်ကာ ပါဝင်သည့် အကြောင်းအရာများကား ကွဲပြားလေ၏။ ထို့ကြောင့် မိုဝူကျီအနေဖြင့် အရှေိ့ပိုင်း ဘုရားကျောင်း ဝူတန့်ဆီ၌ ထိုသို့မျိုး စာလိပ်ရှိနိုင်ကြောင်း သံသယ ဝင်လာမိသည်။ သို့သော်လည်း သူက ပြန်သွားရှာမည့် စိတ်အခြေအနေ မဟုတ်ပေ။
မီးဓာတ် သဘာဝ အမြုတေနှင့် ယှဉ်လျှင် ခန္ဓာကျင့်စဉ်က ဘေးဖယ် ထားနိုင်သေးသည်။ ထို့အပြင် စုန်းမျိုးဆက်၏ ခန္ဓာကျင့်စဉ်အကြောင်း မိတ်ဆက်ကို စာလိပ်တစ်လိပ်ထဲ၌ ပါကောင်းပေသည်။
“မဆိုးဘူးပဲ ... ဒီလို ကျင့်ကြံခြင်း ကမ္ဘာအသေးလေးထဲမှာ ကျင်းရှန်း အဆင့်အထိ ကျင့်ကြံနိုင်တယ်။ ပြီးတော့ ခင်ဗျားက အင်မော်တယ် သဘာဝစွမ်းအား မပြောင်းရသေးတဲ့ ကျင်းရှန်းအဆင့် ကျင့်ကြံသူ တစ်ယောက်ပဲ။ ပါရမီအရည်အချင်း အရဆိုရင် မဆိုးပါဘူး။ ပြောပါဦး ခင်ဗျားက ဘယ်က ရောက်လာတာလဲ ... ကောင်းကင်ကျီးဂြိုလ်မှာ ဘာလို့ နေနေတာလဲ“ မိုဝူကျီက ဟုန်ကွမ်းပေးသော စာလိပ်ကို သိမ်းထားရင်း ပြောလိုက်သည်။
မိုဝူကျီက ထေ့ငေါ့ပြောနေခြင်း မဟုတ်ပေ။ သာမာန် ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ကျင်းရှန်းအဆင့်အထိ လူတိုင်း မရောက်နိုင်ကြပေ။ အကယ်၍ ဟုန်ကွမ်းသာ သူ့သဘာဝ စွမ်းအားများကို အင်မော်တယ် သဘာဝ စွမ်းအားများအဖြစ် ပြောင်းလဲသွားပြီးပါက သူ့အင်အားမှာ အဆများစွာ တိုးပွားလာလိမ့်မည်။ ဟုန်ကွမ်း မည်မျှ အားကောင်း လာစေကာမူ မိုဝူကျီရှေ့၌ ပုရွက်ဆိတ် တစ်ကောင်မျှသာ ဖြစ်နေဦးမည်။
ဟုန်ကွမ်းက မိုဝူကျီ၏ အင်အားကို ကောင်းကောင်း သိထားသလို မိုဝူကျီ၏ ပညာရပ်များကိုလည်း မြင်တွေ့ထား၏။ သူက ခုခံမည့် အတွေးကို ဖယ်ထုတ်ထားလေ၏။ သူက မိုဝူကျီ စကားများကို ကြားသောအခါ မြန်မြန် ပြောလိုက်သည်
“ကျုပ်က ကျင့်ကြံခြင်း ဂြိုလ်ဖြစ်တဲ့ ကောင်းကင်စုစည်း ဂြိုလ်ကပါ။ ဒီနဲ့တော့ သိပ်မဝေးဘူး။ စီနီယာ စိတ်ဝင်စားရင် စီနီယာကို ခေါ်သွားပေးနိုင်ပါတယ်”
ကောင်းကင်စုစည်းဂြိုလ် ...
မိုဝူကျီက ထိုစကားလုံးမှာ ရင်းနှီးကြောင်း ပြန်လည် တွေးတော မိလိုက်သည်။ ထိုဂြိုလ်နာမည်ကို မြင်ဖူးသော်လည်း ဘယ်နေရာ၌ မြင်တွေ့ခဲ့မှန်း သတိမရပေ။
“ခင်ဗျားရဲ့ အကြောင်းကို ပြောပြ တစ်လုံးမှ မကျန်ခဲ့စေနဲ့“ မိုဝူကျီက အာဏာသံဖြင့် ပြောလိုက်သည်။
“ဟုတ်ကဲ့ ... ကျုပ်ရဲ့ ကောင်းကင်စုစည်းဂြိုလ်ဆီ ပြန်လာတဲ့ လမ်းမှာ ကောင်းကင်ကျီဂြိုလ်ကို မတော်တဆ မြင်မိလိုက်တာပါ။ အဲဒီနေရာမှာ မှော်စွမ်းအင် အလုပ်ဖြစ်မှန်း သိလိုက်ရတယ်။ တိကျတဲ့ နည်းလမ်းတစ်ခုနဲ့ဆိုရင် မှော်စွမ်းအင်ကို ဝိညာဉ်စွမ်းအားနဲ့ ပေါင်းစပ်ပြီးတော့ ပိုပြီး အားကောင်းတဲ့ သဘာဝစွမ်းအားကို ဖွဲ့စည်းနိုင်တယ် ...” ဟုန်ကွမ်းက အကြောင်းအရာတစ်ခုမှ မချန်လှပ်ထားရဲပေ။ မိုဝူကျီက သူ့ကို ကျင်းရှန်းအဆင့်မှန်း ပြောနိုင်၍ မိုဝူကျီ၏ ကျင့်ကြံဆင့်မှာ သူ့ထက် များစွာသာနေကြောင်း ဆိုလိုနေခြင်း မဟုတ်ပါလော။ မိုဝူကျီက မျက်မှောကြုတ်ကာ အေးစက်စက် ပြောလိုက်သည်
“သဘာဝစွမ်းအားက ဘယ်လောက် အားကောင်းကောင်း အင်မော်တယ် သဘာဝစွမ်းအားကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ ... ခင်ဗျားက အပိုတွေ လုပ်နေတာပဲ “
ထို့နောက် မိုဝူကျီက တစ်ခုခု အမှတ်ရသွားဟန်ဖြင့် ချက်ချင်း ပြောလိုက်သည် “ခင်ဗျားရဲ့ ဇစ်မြစ်အကြောင်းကို သေချာပြောပြ”
သူက ကောင်းကင်စုစည်းဂြိုလ် နာမည်ကို မြင်တွေ့ဖူးရုံသာမက ဟုန်ကွမ်း နာမည်ကိုပါ မြင်တွေ့ဖူးလေ၏။
ဟုန်ကွမ်းက မိုဝူကျီသည် စိတ်နှစ်ခွသမားဟု တွေးမိလောက်ပေသည်။ ထို့ကြောင့် သူက စိုးရိမ်စွာ ရှင်းပြလိုက်ရသည်
“ကျုပ် အင်မော်တယ် လောကကို တက်ပြီးတဲ့နောက်မှာ အဲဒီက တစ်ယောက်ယောက်နဲ့ ပြဿနာ ဖြစ်ခဲ့တယ်။ အဲကြောင့် အင်မော်တယ် လောကမှာ ဆက်မနေရဲတာပဲ။ ကျုပ် တိတ်တဆိတ် ထွက်သွားဖို့ အတော်လေး အားထုတ်ခဲ့ရတယ်။ ကျုပ် အင်မော်တယ် သဘာဝစွမ်းအား မပြောင်းလဲရသေးတာ ကံကောင်းတာပဲ ... ကျုပ် ...“
“ခင်ဗျားက လိမ်နေတာပဲ ... နောက်ထပ် ထပ်လိမ်ရဲရင် ခင်ဗျား ဆက်ပြောနေဖို့ မလိုတော့ဘူး။ ခင်ဗျားကို သတိပေးရဦးမယ် ... ခင်ဗျား အင်မော်တယ် လောကကို မသွားရသေးဘူး”
ဟုန်ကွမ်းက သူ့ဦးခေါင်း တစ်ခုလုံး ထုံထိုင်းလာသလို ခံစားလိုက်ရ၏။ သူက ကိုယ်လုံးတီး အချွတ်ခံ၍ ပြသခံထားရသလို ခံစားနေရသည်။ သူ့ရှေ့မှ လူမှာ တိကျလွန်း၍ လိမ်ညာနိုင်မည် မဟုတ်ပေ။
“စီနီယာရဲ့ ခွှင့်လွတ်မှုကို တောင်းခံပါတယ်။ ကျုပ်က အကျဉ်းထောင်မှာ ပိတ်လှောင် ခံထားရလို့ပါ။ စီနီယာက ကျုပ်ကို လာဖမ်းတဲ့သူလား ဆိုပြီး စိုးရိမ်မိလို့ပါ“ ဟုန်ကွမ်းက မြန်မြန် တောင်းပန်ကာ ခွင့်လွတ်မှု တောင်းခံလိုက်သည်။ မိုဝူကျီ၏ အမူအယာမှာ ပြေလျော့သွားလေ၏။ သူက အသာပြောလိုက်သည်
“ဒီတစ်ခါတော့ ခင်ဗျား မညာဘူး ... အဲဒီ အကျဉ်းထောင်မှာ ဖြစ်သမျှ ရှင်းပြဖို့ အခွင့်အရေး ပေးမယ်။ ကျုပ်ကို အရူးလုပ်မယ် မကြံနဲ့နော် ... ကျုပ်က ခင်ဗျားအကြောင်းကို ကောင်းကောင်း သိထားပြီးသား မီဟုန်ကွမ်း ...”
မိုဝူကျီဆီမှ မီဟုန်ကွမ်းဟု ကြားလိုက်ရစဉ် ဟုန်ကွမ်း၏ တစ်ကိုယ်လုံးမှာ ရေအေးလောင်းချ ခံလိုက်ရသည့်အလား ထုံထိုင်းသွား၏။ သူ့ရှေ့မှ လူမှာ သူ့မျိုးရိုးနာမည်ကိုပင် သိနေလိမ့်မည်ဟု မထင်ခဲ့ပေ။
မိုဝူကျီက တစ်ဖက်လူကို သိနေပေသည်။ သူ ၁၁ ခုမြောက် ယုံရင်အကျဉ်းထောင်မှ ရရှိထားသော စာအုပ်များအတွင်း ထိုသူ့အကြောင်း ရှိနေသည်။
“မီဟုန်ကွမ်း၊ ကောင်းကင်စုစည်းဂြိုလ် ကျင့်ကြံသူ ၊ ကြယ်ခြောက်လုံး ပါရမီရှင်၊ ယုံရင် ပြက္ခဒိန် ၇၆၉၁ ၊ ခြောက်လမြောက် ဒုတိယနေ့ရက်၌ ကောင်းကင် အင်မော်တယ်အဆင့် တက်လှမ်းခဲ့သည်။ တစ်ချိန်တည်းတွင် သူက ယုံရင်၏ ၁၁ခုမြောက် အကျဉ်းထောင် ၊ အခန်းနံပါတ် ၈၇ သို့ ဝင်ခဲ့ရသည်။ နှေးကွေးသော်လည်း ရိုးသားသော သဘောထား ရှိရာ ...“
ယုံရင်အကျဉ်းထောင်၌ ထိုသို့ မှတ်သားထားခြင်း ဖြစ်ပေသည်။ သို့သော်လည်း မိုဝူကျီက ထိုလူမှာ နှေးကွေးပြီး ရိုးသားကြောင်း မယုံကြည်နိုင်ပေ။ ထိုလူမှာ ရိုးသားနုံ့အသည့် အနေအထားနှင့် ဝေးကွားလှသော ဉာဏ်များသော မြေခွေးကဲ့သို့သာ ဖြစ်ပေသည်။
“စီနီယာ ... ဂျုနီယာက မီဟုန်ကွမ်း ပါ ... ကောင်းကင် အင်မော်တယ်အဆင့် ရောက်သွားပြီးတော့ ယုံရင် အကျဉ်းထောင်မှာ အဖမ်းခံလိုက်ရတယ်။ ယုံရင် အကျဉ်းထောင်မှာ ကျုပ်က ရိုးရိုးသားသား ပြုမူပြီး သူတို့ကို အရူးလုပ်နိုင်ခဲ့တယ်။ နှစ်တစ်ထောင် အကြာကျ မုန့်ယီစန်းလို့ ခေါ်တဲ့သူက ယုံရင် အကျဉ်းထောင်ဆီ ရောက်ရှိလာတယ် ...”
မိုဝူကျီက ခေါင်းညိတ်ကာ “ကျုပ်က မုန့်ယီစန်းကို သိတယ်၊ သူက ဘယ်လိုလုပ် အကျဉ်းထောင်ကို ဖောက်သွားတာလဲ ... ပြီးတော့ ဘယ်ရောက်သွားတာလဲ “
မီဟုန်ကွမ်းက မိုဝူကျီ ထိုသို့အရာမျိုး သိနေသည်ကို မအံ့ဩတော့ဘဲ မြန်မြန်သာ ပြောလိုက်သည်
“ မုန့်ယီစန်း ဘယ်ရောက်သွားတာကို မသိပေမဲ့ သူက အကျဉ်းထောင် ဖောက်သွားတာတော့ အမှန်ပဲ ... သူက အကျဉ်းထောင်မှူးကို သတ်ပစ်ခဲ့ပြီးတော့ အကျဉ်းထောင်ကို ဖွင့်ပေးခဲ့တာ ... ကျင့်ကြံသူအားလုံးက အဲဒီ အကြောင်းကို သိတော့ ထွက်ပြေးကြတယ်။ ထွက်မပြေးနိုင်တဲ့သူ နည်းနည်းတော့ ရှိပေမဲ့ သူတို့က အခန်းထဲမှာပဲ သေကုန်ကြတာ “
မိုဝူကျီက အလေးအနက် ပြောလိုက်သည် “ခင်ဗျား ပြောနေတာကို ကျုပ် သိပြီးသားပါ။ ကျုပ် မသိသေးတာကို ပြော ... မုန့်ယီစန်းက အကျဉ်းထောင်ကို ဘာလို့ ပြန်လည် မမွမ်းမံ မသန့်စင်ရတာလဲ။ ပြီးတော့ ခင်ဗျားက ဘယ်လိုလုပ် ကောင်းကင်စုစည်းဂြိုလ်ဆီ ပြန်ရောက်လာတာလဲ “
မီဟုန်ကွမ်းက ပါးစပ်ဟောင်းလောင်း ဖြစ်မိသွားသည်။ သူလည်း မုန့်ယီစန်း ထိုသို့ မလုပ်ခဲ့သည့် အကြောင်းအရင်းကို မသိပေ။ အချိန်ခဏအကြာ၌ သူက စိုးရိမ်စွာ ပြန်ဖြေလိုက်သည်
“ကျုပ်ဆီမှာ ရှိတဲ့ မြေပုံကို သုံးပြီးတော့ စကြဝဠာထဲ နှစ်ထောင်ချီ သွားလာနေခဲ့ပြီးမှ ကောင်းကင်စုစည်းဂြိုလ်ဆီ ပြန်ရောက်လာခဲ့တာပါ။ အဲဒါကြောင့်လည်း ကျုပ်က ကောင်းကင်ကျီးဂြိုလ်ကို ရှာတွေ့ခဲ့တာ “
“ကောင်းကင်ကျီးဂြိုလ်မှာ ဘာလုပ်နေတာလဲ”
မိုဝူကျီက အနည်းငယ် စိတ်ပျက်သွားမိသည်။ သူက မုန့်ယီစန်းအကြောင်း စိတ်ဝင်စားကာ ထိုလူက မည်မျှ တော်နေကြောင်း သေချာ သိချင်မိသည်။ ကောင်းကင်အင်မော်တယ် တစ်ယောက်အနေနှင့် သူက ကျင်းရှန်းအဆင့် ကျင့်ကြံသူများစွာနှင့် ရွမ်ရှန်းအဆင့် ကျင့်ကြံသူကိုပင် သတ်ဖြတ်ပစ်နိုင်ခဲ့ပြီး အကျဉ်းထောင်မှ ထွက်ပြေး လွတ်မြောက်ခဲ့သည်။
မီဟုန်ကွမ်းက လိမ်ညာချင်သော်လည်း မိုဝူကျီ၏ အလိမ်အညာကို မြင်တွေ့နိုင်သော လျို့ဝှက်ပညာရပ်ကို မြင်ထားလေ၏။ မိုဝူကျီက အကျဉ်းထောင်ထဲမှ သူ့အခြေအနေကို သေချာသိနေသည် ဖြစ်ရာ မည်သို့များ လိမ်ညာနိုင်မည်နည်း။
“ကျုပ်က မီးဓာတ် သဘာဝအမြုတေကို အရင်မြင်တာ .. အဲဒီနောက်ကျ ကောင်းကင်ကျီးဂြိုလ်ကို မီးဓာတ် သဘာဝ အမြုတေကို ယူဖို့ ကာကွယ်ရေး ပစ္စည်းအဖြစ် မွမ်းမံပြင်ဆင်ဖို့ တွေးမိလိုက်တာ”
မိုဝူကျီက ထိုစကားများကို ကြားသောအခါ စိတ်ထဲမှ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ ဤလူမှာ အမှန်ပင် ရက်စက်လွန်း၏။ ထိုလောဘကြောင့် သူက ဘီလီယံနှင့် ချီနေသော လူများ၏ အသက်ကို စတေးပစ်မည် ဖြစ်၏။ မွမ်းမံသည့် ဖြစ်စဉ်က လူများ၏ အသက်ကို မထိခိုက်နိုင်လျင်ပင် မီးဓာတ် သဘာဝ အမြုတေကို ယူနေသည့် အချိန်အတွင်း မီးလောင်ကျွမ်းကာ ပျက်စီးသွားပေလိမ့်မည်။
“ခင်ဗျားမှာလည်း ဆက်ရှင်နေဖို့ တန်ဖိုး မရှိတော့ဘူး” မိုဝူကျီက မီဟုန်ကွမ်းကို တိုက်ရိုက် ဆွဲကာ အင်မော်တယ် သဘာဝစွမ်းအားဖြင့် ပိုင်းချပစ်လိုက်သည်။ မီဟုန်ကွမ်း၏ ကမ္ဘာဦး စိတ်ဝိညာဉ်လည်း ကြေမွသွားလေ၏။ မီဟုန်ကွမ်း၏ သိုလှောင်လက်စွပ်ကို သိမ်းထားပြီးနောက် မီဟုန်ကွမ်းကို ကြယ်တာရာ အာကာသထဲ ပစ်လွှတ်လိုက်တော့သည်။
ထိုစဉ် သူက မီးဓာတ် သဘာဝ အမြုတေမှ စွမ်းအားဖျော့ဖျော့ကို ခံစားမိနေသည်။ သူက မီးဓာတ် သဘာဝ ဂြိုလ်နှင့် နီးကပ်လာကြောင်း ခန့်မှန်းမိလိုက်သည်။
***