ရှုဟောင်ရှန့်၏နောက်ဆုံးဆန္ဒ
Vol. 11 Ch. 150
ဓားစံအိမ်၏ဒုတိယထပ်တွင် ဟန်မူယဲ့သည် ဓားရှည်ကို ကိုင်ကာ ငြိမ်သက်စွာ ရပ်နေသည်။
နှစ်တစ်ရာကျော် ကျင့်ကြံပြီးနောက် ရှုဟောင်ရှန့်သည် အခြေခံအုတ်မြစ်အဆင့်သို့ တက်လှမ်းကာ သူ့မွေးရပ်မြေသို့ ပြန်ခဲ့၏။
ထိုစဉ်က သူ့မိသားစုသည် ယခင်အတိုင်း တည်ရှိနေသေးသည်။ သို့သော်လည်း ချီစုစည်းခြင်းအဆင့်၌သာ ရှိသော မိသားစုဘိုးဘေးကား အိုမင်းနေလေပြီ။ တခြားသော ညီအစ်ကိုများနှင့် ဦးလေးများမှာလည်း ကျင့်ကြံခြင်းမရှိရာ အများစုမှာ သက်တမ်းကုန်ဆုံးသွားပြီး ဖြစ်သည်။
ရှုဟောင်ရှန့်၏ရောက်ရှိလာမှုက မိသားစုဘိုးဘေးအား ကြီးစွာ အံ့အားသင့်စေခဲ့သည်။
အခြေခံအုတ်မြစ်အဆင့်၌ ရှိသော ရှုဟောင်ရှန့်သည် ရှုမိသားစုအား အထက်တန်းလွှာမိသားစုအဖြစ် အသွင်ပြောင်းပေးနိုင်သည်။
သို့သော်လည်း ရှုဟောင်ရှန့် ဝင်ရောက်ခဲ့သော ဂိုဏ်းနာမည်ကို ကြားသိသောအခါ မိသားစုဘိုးဘေး စိတ်ပျက်သွားခဲ့ရသည်။
ရှုမိသားစု အခြေချသော မြစ်သုံးစင်းမြို့သည် လစန္ဒဂိုဏ်း၏ ပိုင်နက်ထဲတွင် တည်ရှိ၏။
ထိုစဉ်က လစန္ဒဂိုဏ်းနှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတို့သည် ပင်မဓားဂိုဏ်းလေးဂိုဏ်းနေရာအတွက် တိုက်ခိုက်နေကြသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ တပည့်ဖြစ်သော ရှုဟောင်ရှန့်အား သူတို့က လူအများသို့ ထုတ်ပြနိုင်ခြင်း မရှိပါ။
ရှုဟောင်ရှန့်သည် ရှုမိသားစုနှင့် ဆယ်နှစ်ကြာ နေထိုင်ခဲ့သည်။
ထိုဆယ်နှစ်အတွင်း ရှုမိသားစုဘိုးဘေး ဆုံးပါးသွားခဲ့ကာ ရှုဟောင်ရှန့်သည်လည်း ငါးကြိမ်တိတိ တိုက်ခိုက်ခံရ၏။
ဆယ်နှစ်ကြာပြီးနောက် သူ၏ညီငယ် ရှုမော့ရှန့်သည် ချီစုစည်းခြင်း ပဥ္စမအဆင့်သို့ ရောက်ရှိခဲ့သည်။
ဆယ်နှစ်အတွင်း သူသည် ရှုမိသားစု၌ လက်ထပ်ကာ မိသားစုတစ်ခု ထူထောင်ခဲ့သည်။
ဆယ်နှစ်ကာလ ကုန်ဆုံးပြီးနောက်တွင် သူသည် လူသားလောကအရှုပ်အထွေးများနှင့် ဖြတ်တောက်ကာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ ပြန်ခဲ့၏။ သူသည် သုံးနှစ်ကြာ တံခါးပိတ်ကျင့်ကြံကာ ကမ္ဘာမြေအဆင့်သို့ တက်လှမ်းခဲ့သည်။
နောက်ပိုင်းနှစ်များအတွင်း လစန္ဒဂိုဏ်းနှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတို့ တိုက်ပွဲပြင်းထန်ခဲ့၏။
လန္ဒာဓားဂိုဏ်း ဆုတ်ယုတ်သွားကာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ပင်မဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်လာပြီးနောက် ရှုဟောင်ရှန့်သည် သူ့မွေးရပ်မြေသို့ ပြန်သွားကြည့်သည်။
ရှုပ်မိသားစုတစ်ခုတည်းသာ မဟုတ်၊ မြစ်သုံးစင်းမြို့တစ်ဝက်ခန့်မှာ ပဋိပက္ခကြားထဲ၌ ထက်ဝက်ခန့် ပျက်စီးသေကြေသွားခဲ့သည်။
ထိုကိစ္စသည် ရှုဟောင်ရှန့်၏စိတ်နှလုံး၌ အမဲစက်ကြီးတစ်ခု ထင်ကျန်ရစ်၏။
နှစ်ပေါင်းများစွာ ကြာပြီးနောက် ရှုဟောင်ရှန့်သည် တောင်အောက်သို့ ဆင်းကာ မိုင်းတွင်းတစ်ခုအတွက် ဖုန်းလင်ဓားဂိုဏ်းနှင့် တိုက်ခိုက်ခဲ့၏။
သူတို့ သွားရောက်ယှဉ်ပြိုင်တိုက်ခိုက်သော မိုင်းတွင်းပိုင်ရှင်သည် ဖုန်းလင်ဓားဂိုဏ်းလက်အောက်မှ မိသားစုတစ်ခု ဖြစ်သည်။
သူတို့ကား ရှုမိသားစု ဖြစ်၏။
ရှုဟောင်ရှန့်က ရှုမိသားစုမှ ပညာရှင်အား သတ်ဖြတ်မည် ပြုစဉ် သူ့သွေးက တားဆီးခဲ့သည်။
ရှုမိသားစုသည် သူ့မျိုးဆက် ဖြစ်နေ၏။
အမှန်တကယ်အားဖြင် သူနှင့် သွေးရင်းပင် တော်စပ်သေးသည်။
သူ၏တွန့်ဆုတ်ခြင်းက ဖုန်းလင်ဓားဂိုဏ်းအား အသာစီးရစေခဲ့ကာ သူသည်လည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့သည်။
“ဟူး… ငါ နှောင်ကြိုးတွေ အကုန်မဖြတ်ခဲ့ဘူးပဲ”
ဟန်မူယဲ့၏အာရုံထဲတွင် ရှုဟောင်ရှန့်သည် သူ့အား လက်နှစ်ဖက်ဆုပ်ကာ ရပ်နေသည်။
ရှုဟောင်ရှန့်သည် သူ့မိသားစုနှောင်ကြိုးများကို ဖြတ်တောက်ကာ ၎င်းကို ဆင်ခြင်လျှက် ကမ္ဘာမြေအဆင့်သို့ တက်ရောက်ခဲ့၏။
သို့သော်လည်း ထိုကမ္မကြောင့်ပင် သူသည် နှလုံးသားထဲ၌ အမဲစက်ကျန်ရစ်ကာ သူ့အသက်ကို ထိခိုက်စေခဲ့သည်။
ဟန်မူယဲ့ ခေါင်းညိတ်ကာ ပြောသည်။
“အကြီးအကဲရှု… ခင်ဗျားမှာ တခြားဆန္ဒ ကျန်နေသေးလား”
ရှုဟောင်ရှန့်သည် ဝိညာဉ်အပိုင်းအစခန့်မျှသာ ကျန်တော့သည်။ ဟန်မူယဲ့က သူ့အား များစွာ မကူညီနိုင်တော့ပါ။
ရှုဟောင်ရှန့်က ခေါင်းညိတ်ကာ ပြောသည်။
“မိတ်ဆွေလေး… မင်းဟာ ဓားစံအိမ်ကမလား”
“ဓားစံအိမ်က စီနီယာအစ်ကိုဟန်ဟာ အတော်လေးစွမ်းတယ် ကြားတယ်။ ဒါက တကယ်ပဲ မှန်တာပဲ”
“ကျုပ်က ဓားမှာ ကျုပ်ရဲ့ ဝိညာဉ်အပိုင်းအစကို ချန်ထားပြီး ကျုပ်မျိုးဆက်ကို ရှာဖို့ အကူအညီတောင်းချင်ခဲ့တယ်”
အတန်ကြာတွေးပြီးနောက် ရှုဟောင်ရှန့်က ပြောသည်။
“ကျုပ်က ရှုမိသားစုကို ကာကွယ်ပေးချင်တာ မဟုတ်ဘူး။ ကျုပ်က မျိုးဆက်တစ်ခုပဲ ချန်ထားရစ်ချင်တာ”
လက်ရှိရှုမိသားစုသည် သူ၏တည်ရှိမှုကို မသိတော့ပါ။
ရှုမိသားစုသည် ရှုဟောင်ရှန့်၏တိုက်ရိုက်မျိုးဆက်များဖြစ်ကြောင်း အံ့ဖွယ်ကိုးပါးဓားဂိုဏ်း မသိခဲ့ပါ။
အကယ်၍ သူတို့ သိခဲ့လျှင်ပင် ဘာမှ ပြောင်းလဲမည် မဟုတ်ပေ။
ဟန်မူယဲ့ မည်သည့်စကားမှ မဆိုပေ။
ရှုဟောင်ရှန့်၏တောင်းဆိုမှုသည် ခက်ခဲသလို လွယ်သည်ဟုလည်း ဆိုနိုင်၏။
ဓားလက်ကိုင်ကို လွှတ်လိုက်လျှင် အာရုံမှ ပုံရိပ်မှာလည်း ပျောက်ကွယ်သွား၏။
သူက ဓားကို သစ်သားစင်ပေါ်၌ ထားကာ အောက်ထပ်သို့ ဆင်းလာသောအခါ ဓားလာပို့သော အဖွဲ့မှာ ထွက်သွားပြီး ဖြစ်သည်။
ဟန်မူယဲ့ အပြင်သို့ ထွက်လာသောအခါ လူတစ်ယောက် ရပ်နေသေးသည်ကို မြင်၏။
“စီနီယာအစ်ကိုဟန်…”
“ကျုပ် ခန့်မှန်းမိသင့်တယ်”
ယန်ရှောက်က ဟန်မူယဲ့အား ဦးညွှတ်သည်။
ဟန်မူယဲ့က ခေါင်းညိတ်၏။
“ဒါက အရေးမကြီးပါဘူး”
ယန်ရှောက်ကား အတော်လေး ဝမ်းနည်းနေဟန်တူသည်။
“ကျုပ် တခြားဟာတွေ မသိဘူး။ ဒါပေမဲ့ ဆရာရဲ့ ကျေးဇူးဟာ တောင်နဲ့ပင်လယ်လောက် ကြီးမားတယ်။ ကျုပ် လက်စားချေရမယ်”
သူက မျက်လုံးများ နီမြန်းကာ လက်သီးတင်းတင်းဆုပ်လျက် ပြောသည်။
ဆရာတစ်ယောက်သည် အဖေတစ်ယောက်နှင့် မခြားပါ။
ရှုဟောင်ရှန့်သည် သူ့အား နောက်ဆုံးမှ တပည့်အဖြစ် လက်ခံခဲ့သော်လည်း ဓားပညာသင်ပေးသောအခါကား အမှန်တကယ် စေတနာအရင်းခံကာ သေချာစွာ သင်ပေးခဲ့သည်။
သူ့ရှေ့မှ ယန်ရှောက်ကို ကြည့်ကာ ဟန်မူယဲ့က ခဏမျှ တွေးတောပြီး ပြောသည်။
“မင်း ဘာကို ရွေးမလဲ။ မင်းဆရာရဲ့ဓားလား… မင်းဆရာရဲ့ နောက်ဆုံးဆန္ဒလား”
ယန်ရှောက်၏မျက်လုံးများ ပြူးကျယ်သွားသည်။
…
ဓားစံအိမ်ရှေ့တွင် ယန်ရှောက်သည် တွေဝေမိန်းမောစွာ ထွက်ခွာသွားသည်။
ဟန်မူယဲ့ သက်ပြင်းချ၏။
ထိုရွေးချယ်မှုကား အလွန်ခက်ခဲ၏။
သူသည် ရှုဟောင်ရှန့်၏ဓားအတွက် သုံးရေကန်စံအိမ်မှ တခြားတပည့်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်မည်လား။ သို့မဟုတ် သူသည် ရှုမိသားစုသွေးမျိုးဆက်ကို ကယ်တင်မည်လား။
ရှုဟောင်ရှန့်၏တပည့်တစ်ဦးအနေဖြင့် ယန်ရှောက်သည် ဓားကို ပိုင်ဆိုင်နိုင်ချေ အလွန်များ၏။
ရှုမိသားစုသွေးမျိုးဆက်ကို ကာကွယ်ရန်ဆိုပါက ၎င်းကိစ္စသည် ယန်ရှောက်အတွက် ကောင်းကင်ဘုံသို့ တက်လှမ်းခြင်းထက်ပင် ခက်ခဲသည်။
ရှုမိသားစုသည် ဖုန်းလင်ဓားဂိုဏ်းနှင့် ပတ်သက်နေ၏။ အကယ်၍ သူတို့ကသာ ရှုမိသားစုကို ကယ်တင်မည်ဆိုပါက သေချာပေါက် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် ရန်သူ ဖြစ်ပေလိမ့်မည်။
ရှုမိသားစုသည် ရှုဟောင်ရှန့်၏မျိုးဆက်ဖြစ်သည်ဆိုလျှင်ပင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက လွှတ်ပေးမည် မဟုတ်ပေ။
၎င်းသည် မိုင်းတွင်းကိစ္စများ၊ ဂိုဏ်း၏ရပ်တည်ချက်များနှင့် ဆက်စပ်နေသည်။ ဂိုဏ်းက မည်သို့ သဘောထား ပျော့ပြောင်းပေးနိုင်မည်နည်း။
ယန်ရှောက် ထွက်သွားသောအခါ သူ၏ရွေးချယ်မှုကို မပြောခဲ့သလို ဟန်မူယဲ့လည်း မမေးခဲ့ပါ။
သူက ရှုဟောင်ရှန့်၏နောက်ဆုံးဆန္ဒအား သူ့တပည့်ကို ပြောပြပြီး ဖြစ်သည်။ ဟန်မူယဲ့အတွက် နောက်ထပ် လုပ်စရာ မရှိတော့ပါ။
သူ ဓားစံအိမ်ထဲကို ပြန်ဝင်လာသောအခါ ဟွမ်လောင်လျှိုနှင့် ကောင်းရှောင်ရွှမ်တို့သည် ဓားစံအိမ်ထဲတွင် မရှိတော့ဘဲ တစ်နေရာသို့ ထွက်သွားကြဟန်ရသည်။ ယန်မင်ရွှမ်နှင့် ကျန်းမင်တို့သာ ကျန်ရစ်သည်။
“စီနီယာအစ်ကိုဟန်… ကျွန်တော် တွေးပြီပြီ”
ဟန်မူယဲ့အား ကြည့်ကာ ယန်မင်ရွှမ်က ဦးညွှတ်လျက် ပြောသည်။
“စီနီယာအစ်ကို… ကျုပ်ကို ခန္ဓာကိုယ်ထဲ ဓားချီ ပေါင်းစပ်တဲ့နည်းစနစ်ကို ကျေးဇူးပြုပြီး သင်ပေးပါ”
ဓားချီသည် ခန္ဓာကိုယ်ထဲကို ဝင်ကာ သူ၏သွေးကြောများအား ဖွင့်လှစ်မည်။ ၎င်းသည် ယန်မင်ရွှမ်၏တစ်ခုတည်းသော အခွင့်အရေးဖြစ်၏။
မှန်သည်၊ ထိုနည်းလမ်းမှာ အလွန်နာကျင်နိုင်၏။
“ငါနဲ့ လိုက်ခဲ့… ငါ မင်းကို ဓားချီ ခန္ဓာကိုယ်ထဲ ပေါင်းစပ်တဲ့နည်းစနစ်ကို သင်ပေးမယ်”
ယန်မင်ရွှမ်က ခေါင်းညိတ်ကာ ဦးညွှတ်သည်။
“ကျေးဇူးပါ စီနီယာအစ်ကိုဟန်”
ဟန်မူယဲ့ လက်ဝှေ့ယမ်းကာ သူ၏အခန်းထဲကို ဝင်လာသည်။
ယန်ရှောက် သူ့နောက်မှ လိုက်ပါလာခဲ့သည်။
ကျန်းမင်သည် ထိုနေရာတွင်ပင် ပြုံးလျက် ရပ်နေ၏။
အတန်ကြာလျှင် အခန်းထဲမှ နာကျင်သော အော်သံများအား ကြားရသည်။
တစ်နာရီခန့် ကြာပြီးနောက် ဟန်မူယဲ့ အခန်းထဲမှ ထွက်လာ၏။
နောက်ထပ် ဆယ့်ငါးမိနစ် ကြာပြီးနောက် ယန်မင်ရွှမ်သည် ပြာနှမ်းသော မျက်နှာ၊ တုန်ယင်နေသော ခြေထောက်များဖြင့် ထွက်လာသည်။
“ယန်… မင်း အဆင်ပြေလား”
ကျန်းမင်က မေးသည်။
ယန်မင်ရွှမ်က ခေါင်းယမ်းကာ ပြောသည်။
“ဒီနာကျင်မှုက မကျင့်ကြံနိုင်တဲ့ နာကျင်မှုနဲ့ ဘယ်ယှဉ်နိုင်မှာလဲ”
ထိုသို့ ပြောရင်း သူ့မျက်လုံးများ စူးရှလာသည်။
ခုနက ဟန်မူယဲ့သည် သူ့အား ဓားချီဖြင့် သူ့သွေးကြောများအား ဖွင့်လှစ်ပေးခဲ့သည်။
ဓားချီ ခန္ဓာကိုယ်ထဲ ဝင်ရောက်သော နာကျင်မှုသည် သူ့အား သတိလစ်မတတ် ဖြစ်စေ၏။
ယန်မင်ရွှမ်၏ သွေးကြောများမှာ အားနည်းရာ ဟန်မူယဲ့က အားအနည်းဆုံး ရေဓာတ်ဓားချီကို သုံးလျှင်ပင် ၎င်းသည် ဓားချီတစ်စခန့်ဖြင့်သာ ပေါင်းစပ်နိုင်ခဲ့၏။
ဓားချီတစ်စသည် လက်ရှိတွင် ယန်မင်ရွှမ်၏သွေးကြောများထဲ၌ လှည့်ပတ်နေသည်။ ၎င်းထံမှ နာကျင်မှုသည် သူ့အား အဆက်မပြတ် ညင်းဆဲနေ၏။
သို့သော်လည်း ၎င်းသည် စွမ်းအားဖြစ်သည်။
ဤသည်ကပင် ကျင့်ကြံခြင်း ဖြစ်သည်။
ယခုမှစ၍ သူသည် သေမျိုး မဟုတ်တော့ပါ။
ဓားစံအိမ်အပြင်သို့ ထွက်လာရင်း ယန်မင်ရွှမ်သည် ကောင်းကင်ကို ကြည့်ကာ ဟစ်ကြွေးပစ်လိုစိတ်များ ဖြစ်နေခဲ့သည်။
…
ဟန်မူယဲ့သည် လက်ရှိတွင် အသက်ရှည်ဆေးလုံးအား ဖော်စပ်ရန် ပြင်ဆင်နေသည်။ သူက အသက်ရှည်ဆေးလုံး ဖော်စပ်မည်ဆိုမှတော့ ၎င်းသည် အင်မော်တယ်အဆင့် ဖြစ်ရပေမည်။
သူသည် လျှို့ဝှက်နယ်မြေသို့ နောက်တစ်ခေါက် ရောက်လာသောအခါ ယခင်တစ်ခေါက်ထက် ချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့၏။ သူက မည်သည့်အတားအဆီးမှ မရှိဘဲ သည်အတိုင်း ဝင်ရောက်နိုင်သည်။
ကျေးရွာအဝင်ဝတွင် အမွေခံတပည့်တချို့က သူ့အား နှုတ်ဆက်ကြ၏။
သူသည် လီသုံးနှင့် တခြားတိုက်ရိုက်တပည့်များအား မတွေ့ပါ။ ကြည့်ရသည်မှာ သူတို့သည်လည်း တံခါးပိတ်ကျင့်ကြံနေကြဟန်ရသည်။
ဟန်မူယဲ့သည် အိမ်ကြီးထဲသို့ တန်းတန်းမတ်မတ်ဝင်သွားကာ ချီစုစည်းခြင်းအစီအရင်နှင့် ချီပိတ်ဆို့ခြင်းအစီအရင်တို့အား တိုက်ရိုက်အသက်သွင်းလိုက်၏။ ထို့နောက် သူက ဆေးပေါင်းဖိုတစ်လုံးနှင့် ဆေးအမယ်များကို ထုတ်လိုက်သည်။
ဆေးပေါင်းဖိုမှာ ပိုင်စုကျန်း အာခီမီလေ့ကျင့်သော ဆေးပေါင်းဖိုဖြစ်ပြီး အတော်လေး အရည်အသွေး ကောင်းသည်။
ဟူး…
ဓားချီများ ဆေးပေါင်းဖိုထဲကို ဝင်သွားလျှင် ဆေးပေါင်းဖို လှုပ်ယမ်းသွား၏။
ဟန်မူယဲ့ သက်ပြင်းတစ်ချက်ရှိုက်လိုက်ကာ မျက်လုံးများကို မှိတ်လိုက်ပြီး အသက်ရှည်ဆေးလုံးဖော်စပ်သော ဖြစ်စဉ်အား ပြန်လည်သုံ့သ၏။
နာရီဝက်ခန့် ကြာပြီးနောက် သူ့မျက်လုံးများ စူးရှသွားသည်။
ဆေးအမယ်များအား သူက တစ်ခုပြီးတစ်ခု ဆေးပေါင်းဖိုထဲသို့ ပစ်ထည့်၏။
ဆေးအမယ်များ ဆေးပေါင်းဖိုထဲသို့ ဝင်သွားလျှင် ဆေးရနံ့များ လေထုထဲ ပြန့်နှံ့လာသည်။
ချီပိတ်ဆို့ခြင်းအစီအရင်ကြောင့် အိမ်ကြီးထဲတွင် ဖြစ်ပျက်နေသည်များအား မည်သူမှ မသိပါ။
မည်သည့်တိုက်ရိုက်တပည့်တွင် လျှို့ဝှက်ချက်များ မရှိသနည်း။
ချီပိတ်ဆို့ခြင်းအစီအရင်သည် အပြင်လောကနှင့် ကန့်သတ်ခြားနားထားရာ သူတို့က ငြိမ်းချမ်းစွာ ကျင့်ကြံနိုင်၏။
ဆေးအမယ်များအားလုံး ဆေးပေါင်းဖိုထဲသို့ ရောက်သွားလျှင် ဟန်မူယဲ့၏လက်ထဲတွင် အနီရောင်ဓားဆန္ဒတစ်ခု ဖြစ်ပေါ်လာ၏။
၎င်းသည် ခရမ်းမီးတောက်ဓားမှ စုပ်ယူခဲ့သော မီးဓာတ်ဓားဆန္ဒဖြစ်သည်။
ခေါင်းဆောင်တောက်ရင်၏ ကျင့်ကြံခြင်းသည် အလွန်နက်ရှိုင်းကာ သူ၏ဓားဆန္ဒသည်လည်း ဓားမာန်ဟုန်အဆင့်သို့ တိုးတက်ရန် လက္ခဏာများ ပြသနေသည်။
မီးဓာတ်ဓားဆန္ဒသည် ဆေးပေါင်းဖိုထဲသို့ ဝင်သွား၏။ ဆေးအမယ်များသည် စတင်၍ သန့်စင်လာခဲ့ကာ အညစ်အကြေးများ စတင်ဖယ်ရှားပျက်စီးကြ၏။
ဟူး…
ဆေးပေါင်းဖိုထဲတွင် အလွန်သန့်စင်သော ဆေးဂုဏ်သတ္တိများဖြင့် ဆေးလုံးနှစ်လုံ စတင်ဖြစ်ပေါ်လာသည်။
ထိုအခိုက်တွင် ဟန်မူယဲ့၏မျက်နှာက ပြာနှမ်းလာ၏။
သူ၏ဒန်ထျန်မှ ချီဓာတ်များ ကုန်ခမ်းလာခြင်း ဖြစ်သည်။