← Chapters

ဖုန်းရှို့တောင်မှ ကြီးမားသော တိုက်ပွဲအောင်မြင်မှု

Vol. 11 Ch. 152

ဖုန်းရှို့တောင်မှ ကြီးမားသော တိုက်ပွဲအောင်မြင်မှု

Vol. 11 Ch. 152

ကျောက်တုံးလှေကားထစ်အောက်ခြေတွင် ယန်ရှောက်၏မျက်နှာမှာ မုတ်ဆိတ်ပုသိုင်းမွှေးများဖြင့် ဖုံးအုပ်နေပြီး သူ့မျက်လုံးများမှာလည်း နက်မှောင်နေ၏။

သို့သော်လည်း သူ့မျက်လုံးများတွင် စိတ်ပိုင်းဖြတ်ထားသော အငွေ့အသက်များအား တွေ့ရ၏။

ထိုစိတ်ပိုင်းဖြတ်ထားမှုသည် ရှေးဟောင်းတံတိုင်းအလား တည်ငြိမ်သည်။

“စီနီယာအစ်ကိုဟန်… ကျွန်တော် တွေးပြီးပြီ”

ယန်ရှောက်က ခေါင်းမော့ကာ သူ့ရှေ့မှ ရွှေဝါရောင်ဓားစံအိမ်ကို ကြည့်သည်။

“အရင်တုန်းက ရေပြာလှိုင်းဓားသိုင်းကို ကျုပ်ကိုယ်တိုင် ဆင်ခြင်နားလည်ခဲ့တယ်လို့ ဆရာက တွေးထင်ပြီးတော့ တပည့်အဖြစ် လက်ခံခဲ့တယ်။ သူက အမွေခံတပည့်နေရာအတွက် လျာထားပေးမယ်လို့တောင် ကတိပေးခဲ့သေးတယ်”

“တကယ်တော့ အားလုံးက စီနီယာအစ်ကိုဟန်ရဲ့ ကျေးဇူးကြောင့်ပါပဲ”

ဟန်မူယဲ့က ယန်ရှောက်အား ကြည့်ကာ ခေါင်းညိတ်သည်။

ယန်ရှောက်သည် အမှန်တရားကို ဖုံးကွယ်ကာ ရှုဟောင်ရှန့်၏တပည့်အဖြစ် ခံယူခဲ့သည်။

သို့သော်လည်း လူတိုင်းတွင် ကိုယ်ပိုင်လိုအင်ဆန္ဒများ၊ အတ္တများ ရှိကြပေသည်။

လူတိုင်းတွင် အလိုလောဘများ ရှိကြသည်။

“ကျုပ်ဟာ သရုပ်ပြခန်းဆောင်မှာ စီနီယာအစ်ကိုဟန်ဆီက ရေပြာလှိုင်းဓားသိုင်းရဲ့ တတိယအဆင့်ကို သင်ဖို့ တချိန်လုံး စောင့်ဆိုင်းခဲ့တယ်။ ဒီနည်းနဲ့ ကျုပ်ဟာ ဆရာရဲ့ အမွေခံတပည့်ဖြစ်ဖို့‌ မျှော်လင့်ခဲ့တယ်”

ယန်ရှောက်က လက်သီးတင်းတင်းဆုပ်ကာ ခေါင်းငုံ့လျက် ပြောသည်။

“ဆရာရဲ့ ဓားကို လက်ခံဖို့ ကျုပ်မှာ အရည်အချင်း မရှိဘူး”

“စီနီယာအစ်ကိုဟန်… ကျုပ်ဟာ ရေပြာလှိုင်းဓားသိုင်းရဲ့ တတိယအဆင့်ကို နားလည်ဖို့ စိတ်နှလုံးအဆင်သင့်မဖြစ်သေးဘူးလို့ စီနီယာအစ်ကိုဟန်က ပြောတယ်။ ဒါ မှန်ပါသလား”

ယန်ရှောက်က ဟန်မူယဲ့အား ကြည့်သည်။

ဟန်မူယဲ့က ခေါင်းညိတ်၏။

“ကျုပ်တို့ ဓားသမားတွေဟာ အတွေးအခေါ်နဲ့ ကိုယ်ကျင့်တရားအပေါ် အလေးအနက်ထားသင့်တယ်မလား”

ယန်ရှောက်က ဆက်ပြောသည်။

“ကျုပ်ဟာ ဓားပညာကို လိုက်စားတဲ့အတွက် စိတ်နှလုံးကို ပိုပြီး အလေးထားကျင့်ကြံသင့်တယ်။ ဆရာမှာ မျိုးဆက်ကျန်နေမှတော့ သူ့မျိုးဆက်ကို ကျုပ်ဟာ သေချာပေါက် ကာကွယ်ပေးရမှာပေါ့”

၎င်းကား ယန်ရှောက်၏ရွေးချယ်မှု ဖြစ်သည်။

ထိုရွေးချယ်မှုသည် သူ့အတွက် အလွန်အမင်း ခက်ခဲ၏။

“မင်း သေချာတွေးပြီးပြီလား”

ဟန်မူယဲ့က မေးသည်။

ယန်ရှောက်က ခေါင်းညိတ်သည်။

“သေချာပါပြီ”

ထို့နောက် သူက ဦးညွှတ်ကာ နောက်လှည့်ထွက်သွားရန် ပြင်သည်။

“မင်းဓား… ငါ့ကို ပေး”

ဟန်မူယဲ့က ရုတ်တရက် ပြောသည်။

ယန်ရှောက်က ခြေလှမ်းကို ရပ်လိုက်ကာ နားမလည်စွာ ပြန်ကြည့်သည်။

“အရင်တုန်းက မင်းစိတ်နှလုံးဟာ မလုံလောက်ဘူး။ အခု လုံလောက်ပြီ”

ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်လျှင် ယန်ရှောက်၏လက်ထဲမှ ဓားသည် ဓားအိမ်အပြင်သို့ ခုန်ထွက်လာကာ သူ၏လက်ထဲသို့ ရောက်လာ၏။

“စိတ်နှလုံးဒီရေလှိုင်းဟာ ပြင်းပြင်းထန်ထန် ရိုက်ခတ်တဲ့အခါ ကောင်းကင်နဲ့မြေပြင်ကို ချိုးဖျက်နိုင်တယ်။ စစ်မှန်တဲ့ ရေပြာလှိုင်းဟာ မင်းရဲ့စိတ်နှလုံးမှာပဲ”

ဓားသည် ရှေ့သို့ တိုးဝင်သွားလျှင် အဆုံးမရှိသော လှိုင်းများအား သယ်ဆောင်သွား၏။ ဓားနှင့်အတူ တိမ်များ လူးလိမ့်သွားကြသည်။

ဓားချီဖြင့် ကောင်းကင်ကို ရွေ့လျားစေခြင်း။

၎င်းသည် ရေပြာလှိုင်းဓားသိုင်း၏တတိယအဆင့် ဖြစ်သည်။

ဓားအလင်း ပျောက်ကွယ်သွားကာ ဓားသည်လည်း ဓားအိမ်ထဲ ပြန်ဝင်သွားသည်။ ဟန်မူယဲ့က လက်နောက်ပစ်ကာ တည်ငြိမ်စွာ ပြောသည်။

“မင်းဟာ နောက်ပိုင်း ကောင်းကင်နဲ့မြေပြင်ရဲ့အစွမ်းကို အသုံးပြုနိုင်တဲ့အခါ ရေပြာလှိုင်းဓားသိုင်းရဲ့ စတုတ္ထအဆင့်ကို နားလည်နိုင်လိမ့်မယ်”

စတုတ္ထအဆင့်။

ရေပြာလှိုင်းဓားသိုင်း၏ စတုတ္ထအဆင့်တွင် ကောင်းကင်နှင့်မြေပြင်၏အစွမ်း ပါဝင်ပတ်သက်နေသည်။

ထိုဓားသိုင်းဖြင့် ဆိုပါက ကောင်းကင်ဘုံတစ်ဝက်အဆင့်အား ယှဉ်ပြိုင်တိုက်ခိုက်နိုင်၏။

“ကောင်းကင်နဲ့မြေပြင်အစွမ်း…”

ယန်ရှောက်ကား ဆွံ့အနေသည်။

၎င်းကား သူနှင့် ဝေးကွာလွန်း၏။

ဟန်မူယဲ့က လက်ဝှေ့ယမ်းကာ အသာအယာ ပြောသည်။

“နောက်ပိုင်း အခွင့်အရေးရရင် အရှေ့ပင်လယ်ကို သွားပါ”

အရှေ့ပင်လယ်…

အရှေ့ပင်လယ်မှ အဆုံးမရှိသော ရေလှိုင်းများ…

ယန်ရှောက်က မျက်တောင်ပင့်လိုက်သည်။ သူက ဟန်မူယဲ့အား ဦးညွှတ်ကာ အဝေးကို ထွက်သွား၏။

ထိုအခိုက်တွင် သူ့ခန္ဓာကိုယ်အား ဓားချီအငွေ့အသက်များ လှည့်ပတ်နေကာ ထုထည်များကဲ့သို့ ဖြစ်တည်လာသည်။

“သခင်လေး… သူ ဉာဏ်အလင်းရသွားတာလား”

ဘေးနားတွင် ရပ်နေသော ကျန်းမင်က ယန်ရှောက်၏နောက်ကျောကို ကြည့်ကာ မေးသည်။

“ထင်တာပဲ…”

ဟန်မူယဲ့က နောက်လှည့်ကာ ခေါင်းယမ်းသည်။

“ကျင့်ကြံခြင်းနဲ့ ပတ်သက်လာရင်တော့ ငါတို့ ဓားသမားတွေဟာ စိတ်နှလုံးကို ပိုပြီး ကျင့်ကြံသင့်တယ်။ ငါတို့ ဉာဏ်အလင်းရတဲ့အခါ ကျင့်ကြံခြင်းက သဘာဝအတိုင်း တိုးတက်လိမ့်မယ်”

ကျန်းမင်က မျက်တောင်ပင့်လိုက်သည်။ ဟန်မူယဲ့ ဓားစံအိမ်ထဲကို လှမ်းသွားသည်ကို မြင်လျှင် သူက အလျင်အမြန် မေးသည်။

“ကျုပ်တို့ အာခီမီဆရာတွေကရော…”

ဟန်မူယဲ့၏အသံ အဝေးမှ ပြန့်လွင့်လာသည်။

“ဆေးလုံးများများ ဖော်စပ်…”

…

ဖုန်းလင်ဓားဂိုဏ်းနှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတို့ ဆက်လက်တိုက်ခိုက်ကြသည်။

အမြုတေဖွဲ့စည်းခြင်းများ တိုက်ခိုက်ခြင်း မပြုသော်လည်း ထိုအဆင့်အောက်မှ လူတိုင်း ပါဝင်တိုက်ခိုက်ကြ၏။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အတွင်းစည်းဂိုဏ်းသားများ၊ အမွေခံတပည့်များနှင့် တိုက်ရိုက်တပည့်များအပြင် ဂိုဏ်းခွဲမှုးများနှင့် အကြီးအကဲများ ပါဝင်ကြရ၏။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းလက်အောက်မှ ဂိုဏ်းပေါင်းများစွာသည်လည်း ဖုန်းလင်ဓားဂိုဏ်းနယ်မြေများသို့ အဆက်မပြတ် သွားရောက်တိုက်ခိုက်ကြသည်။

ရတနာများနှင့် အရင်းအမြစ် လုယက်ခြင်း၊ ရှာဖွေခြင်းများ၊ ဂိုဏ်းများ ပြိုပျက်ခြင်း စသည်တို့မှာ ကျင့်ကြံသူများ ပါဝင်ရန် ဆွဲဆောင်နိုင်၏။

မည်သူမျှ ကိုယ်ကျင့်တရားကောင်းသူ မပါပေ။

အခွင့်အလမ်းအတွက် တိုက်ခိုက်ရာတွင် ကိုယ်ကျင့်တရားနှင့် မျှတမှုကို မည်သို့ ထိန်းသိမ်း၍ ရမည်နည်း။

ဟန်မူယဲ့၏အမြင်တွင်ကား အဆင့်နိမ့်တပည့်များမှာ သူတို့၏အသက်ရှင်ရပ်တည်ရေးအတွက် တိုက်ခိုက်နေခြင်း ဖြစ်သည်။

အံ့ဖွယ်ကိုးပါးတောင်ပေါ်တွင် အမွေခံတပည့်ထက်ဝက်ခန့်မှာ လျှို့ဝှက်နယ်မြေမှ ထွက်ခွာသွားကြပြီး ဖြစ်သည်။ လုတစ်ဆယ်နှင့် လီသုံးတို့သာ တံခါးပိတ်ကျင့်ကြံကာ တခြားသော တိုက်ရိုက်တပည့်များလည်း စစ်မြေပြင်သို့ ထွက်ခွာကြသည်။

ထိုဂျူနီယာများအတွက် နာမည်ကျော်ကြားရန် အခွင့်အလမ်းကောင်း ဖြစ်သည်။ သူတို့၏အတွေ့အကြုံနှင့် အရင်းအမြစ်များ တိုးပွားစေမည့် အခွင့်အလမ်းလည်း ဖြစ်၏။

ချီဆယ့်သုံးနှင့် တခြားတိုက်ရိုက်တပည့်များ မထွက်ခွာမီ သူတို့က ဟန်မူယဲ့ထံမှ ဆေးလုံးတချို့ပင် ချေးငှားသွားကြသေးသည်။

ဟန်မူယဲ့က တိုက်ရိုက်တပည့်များသာ မက တခြားသော အမွေခံတပည့်များနှင့် ရင်းနှီးသူများကိုလည်း ဆေးလုံးများ ထောက်ပံ့ပေးခဲ့သေးသည်။

ဓားစံအိမ်တွင် ဟန်မူယဲ့သည် အချိန်အများစုကို ဆေးလုံးဖော်စပ်ခြင်းနှင့် ကျင့်ကြံခြင်းများဖြင့် ကုန်ဆုံးခဲ့သည်။

လစဉ် ပထမဆုံးနေ့နှင့် ဆယ့်ငါးရက်မြောက်နေ့များတွင် သူသည် ဓားစံအိမ်အကြီးအကဲထံ၌ ကျင့်ကြံခြင်းများနှင့်ပတ်သက်၍ သင်ယူလေ့လာ၏။

ဟွမ်လောင်လျှိုသည်လည်း အမှန်တကယ် ပြန်လည်ကျင့်ကြံနေသည်။

သို့သော်လည်း သူနှင့် ကောင်းရှောင်ရွှမ်တို့မှာ အလွန်လျှို့ဝှက်ရာ သူတို့ မည်သည့်အခြေအနေရောက်နေသည်ကို ဟန်မူယဲ့ မပြောတတ်ပေ။

မကြာသေးခင်က ဟန်မူယဲ့သည် ယန်မင်ရွှမ်အား ဓားစစ်သည်နည်းစနစ်အားသင်ပေးခဲ့ကာ ဝိညာဉ်ဓားတစ်လက်နှင့် ခန္ဓာကိုယ်အား ပေါင်းစပ်ပေးခဲ့၏။ အနာဂတ်တွင် သူသည် နည်းမှန်လမ်းမှန်ဖြင့် ကျင့်ကြံနိုင်သည်။

ကျန်းမင်၏လမ်းစဉ်ကား ကွဲပြား၏။

ပြီးခဲ့သော နှစ်ဝက်အတွင်း သူသည် ခန္ဓာကိုယ်ထဲကို ဓားချီ စိမ့်ဝင်စေကာ ၎င်းအား ဆေးပေါင်းဖိုထဲသို့ ပြန်လည်စီးဆင်းစေပြီး ဆေးလုံးဖော်စပ်၏။

သူက ဆေးလုံးဖော်စပ်နည်းများစွာတို့ကို ဓားချီအာခီမီပညာဖြင့် ဖော်စပ်ကာ သူ့နည်းစနစ်များအား တိုးတက်အောင် ကြံဆသည်။

ဒင်…

ဒင်…

အံ့ဖွယ်ကိုးပါးတောင်ကုန်းမှ ခေါင်းလောင်းသံများ မြည်လာသည်။

နောက်ထပ် နိုင်ပွဲတစ်ခု။ ဓားစံအိမ်သို့ နောက်ထပ်ဓားများ ထပ်ရောက်လာတော့မည်။

အံ့ဖွယ်ကိုးပါးတောင်ကုန်းမှ တပည့်များမှာ ထိုအသံကို နားရည်ဝနေပြီ ဖြစ်သည်။ သူတို့က ကောင်းကင်ကို ကြည့်လျှင် ဓားအလင်းများအား မြင်တွေ့ရ၏။

ဓားများကို သန့်ရှင်းရေးလုပ်နေသော ဟန်မူယဲ့သည် ဓားကို ဓားအိမ်ထဲ ပြန်ထည့်ကာ ဓားစံအိမ်အပြင်သို့ ထွက်လာခဲ့၏။

“ဖုန်းရှို့တောင်မှာ နိုင်ပွဲကြီးတစ်ခု ရလာတယ်။ အတွင်းစည်းတပည့် ဟယ်ရွှမ်ချီဟာ တခြားတပည့်တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ပြီး ကမ္ဘာမြေအဆင့်မိစ္ဆာတစ်ကောင်ဆီက ဓားတစ်လက် လုယက်နိုင်ခဲ့ပါတယ်”

သတင်းသည် အံ့ဖွယ်ကိုးပါးတောင်ကုန်းတစ်ခုလုံးကို ပြန့်နှံ့သွား၏။

သည်တစ်ခေါက်ကား တိုက်ပွဲသတင်းသည် ဖုန်းရှို့တောင်မှ ဖြစ်သည်။

ဓားစံအိမ်အပြင်ဘက်တွင် လုကောနှင့် တခြားတာဝန်ကျလူများမှာလည်း ပြုံးနေကြ၏။

ဖုန်းရှို့တောင်မှ တိုက်ပွဲကား ခက်ခဲကြမ်းတမ်းသည်။ မိစ္ဆာများကို သတ်ဖြတ်နိုင်ခြင်းသည် ကောင်းသော သတင်းဖြစ်၏။

ဓားစံအိမ်ရှေ့တွင် အနီရောင်ဝတ်တပည့်များသည် သေတ္တာများကို သယ်ကာ ရောက်လာကြ၏။

ဟန်မူယဲ့၊ ဟွမ်လောင်လျှိုနှင့် တခြားလူများသည် ကျောက်တုံးလှေကားထစ်ပေါ်တွင် ရပ်နေကြသည်။

“ဖုန်းရှို့တောင်ကာကွယ်သူ၊ အကြီးအကဲစွန်းမူရဲ့ အမိန့်အရ ကျုပ်ဟာ စီနီယာအစ်ကိုဟယ်ရွှမ်ချီနဲ့ ဝမ်ဟွေ့တို့ ရခဲ့တဲ့ ဓားကို ဓားစံအိမ်သို့ ပို့ဆောင်ပါတယ်”

ဓားကို သယ်လာသော တပည့်က ရှေ့ကို တက်လာကာ အော်ဟစ်လိုက်သည်။

ဟန်မူယဲ့က လက်လှမ်းကာ ဓားသေတ္တာကို ဖွင့်လိုက်လျှင် လေးပေရှည်သော ဓားတစ်လက်အား မြင်သည်။

ဓားသည် စိမ်းဖန့်ဖန့်အရောင်တောက်နေကာ ဟန်မူယဲ့က ဓားလက်ကိုင်ကို ဖမ်းဆုပ်လိုက်သည်။

ဓားကား အလွန်လေးလံရာ သူက ခန္ဓာကိုယ်ကျင့်ကြံခြင်းကို သုံးလျက် ဓားကို မ,ရသည်။

“ဒီနေ့ ကျုပ် မိစ္ဆာမျိုးနွယ်ဆီက ဓားတစ်လက်ကို လက်ခံရရှိပါတယ်။ ဓားဟာ ဓားစံအိမ်ထဲမှာ သိုလှောင်သိမ်းဆည်းထားမှာ ဖြစ်တယ်”

ဟန်မူယဲ့က ဓားကို စစ်ဆေးလိုက်ပြီးနောက် ဓားစံအိမ်ထဲကို ဝင်လာခဲ့သည်။

သူက ဓားကို ကိုင်ထားရင်း ဓားချီတစ်စသည် ဓားထံသို့ စတင်စီးဝင်လာ၏။

ဓားသည် ၁၈၀အောင်စ လေးကာ တောင်ပိုင်းကုန်းမြေ၏သံရိုင်းဖြင့် အဓိကသွန်းလုပ်ထားသည်။

ဓားတွင် တခြားသတ္တုအမျိုးအစားများစွာ ရောနှောနေကာ ဓားကောင်းတစ်လက်ဟု သတ်မှတ်နိုင်၏။

ဓားသည် မိစ္ဆာမျိုးနွယ်၏သီးသန့်နည်းစနစ်ဖြင့် သွန်းလုပ်ထားခြင်း ဖြစ်သည်။

ဟူး…

ဓားချီသည် ဓားနှင့် ပေါင်းစပ်သွားလျှင် ဓားသွန်းလုပ်သော ပုံရိပ်များအား မြင်ရ၏။

သွေးယဇ်ပူဇော်ခြင်းမြင်ကွင်းကိုလည်း သူ မြင်ရသည်။

ထိုနည်းစနစ်သည် ဓား၏အစွမ်းကို မြင့်တက်စေသည်။

ထိုနည်းလမ်းကြောင့် ဖြစ်ပေါ်လာသော အစွဲအလမ်းများကိုကား မိစ္ဆာများ ဂရုမစိုက်ပါ။

ဓားပိုင်ရှင်သည် မြေခွေးစိမ်းမျိုးနွယ်မှ မိစ္ဆာတစ်ကောင် ဖြစ်သည်။

သည်ဓားဖြင့် လင်တု မည်သော ထိုမိစ္ဆာသည် တောင်ပိုင်းကုန်းမြေ၌ တခြားမိစ္ဆာများစွာကို သတ်ဖြတ်ခဲ့၏။

ဖုန်းရှို့တောင်တွင်လည်း သူသည် အနောက်ဘက်နယ်စပ်ကုန်းမြေမှ လူအများအပြားကို သတ်ဖြတ်ခဲ့သည်။

ဓား၏ပုံရိပ်မှ တစ်ဆင့် တောင်ပိုင်းကုန်းမြေနှင့် အနောက်ဘက်နယ်စပ်ကုန်းမြေတို့တွင် မိစ္ဆာမျိုးနွယ် အမြောက်အများရှိကြောင်း သိလိုက်ရသည်။ သူတို့အချင်းချင်းကြားတွင်လည်း ပဋိပက္ခများစွာ ရှိနေ၏။

သို့သော်လည်း မိစ္ဆာမျိုးနွယ်နှင့် လူသားမျိုးနွယ်တို့အကြား ကြီးမားသော ပဋိပက္ခများ မရှိဖူးပေ။ သည်တစ်ကြိမ် တောင်ပိုင်းကုန်းမြေက အဘယ့်ကြောင့် အနောက်ဘက်နယ်စပ်ကုန်းမြေကို ကျူးကျော်တိုက်ခိုက်ရသနည်း။

ဓားချီသည် ဓားထံသို့ အဆက်မပြတ် စီးဆင်းသွားလျှင် ဓားမှာ တုန်ခါလာ၏။ ဟန်မူယဲ့က တချို့မြင့်ကွင်းများအား မြင်လာရသည်။

တောင်ပိုင်းကုန်းမြေ။

ဓားထံမှ သူသည် တောင်ပိုင်းကုန်းမြေအား တွေ့ရသည်။

အဆုံးအစမဲ့ ကျယ်ပြောသော နယ်မြေများ။

မိစ္ဆာသားရဲများမှာ နေရာတိုင်းတွင် ရှိပြီး လူသားအသွင်ပြောင်းလဲနိုင်သော မိစ္ဆာများစွာကိုလည်း တွေ့ရသည်။

“အားလုံးပဲ… ငါတို့ တောင်ပိုင်းကုန်းမြေဟာ ပြဿနာကြီးနဲ့ ရင်ဆိုင်နေရတယ်။ ငါတို့က ဒီတစ်ခေါက် မတတ်သာဘဲ တိုက်ခိုက်ရတော့မယ်”

အိုမင်းသော အသံတစ်သံအား ကြားရသည်။

ပြဿနာ။

တောင်ပိုင်းကုန်းမြေတွင် မည်သည့်ပြဿနာရှိသနည်း။

ယခင်က မူမိသားစုခေါင်းဆောင်သည် နတ်မိမယ်ပီအိုနေးထံမှ သတင်းကြောင့် တောင်ပိုင်းကုန်းမြေတွင် တစ်စုံတစ်ခု ဖြစ်ပျက်နေကြောင်း သိခဲ့ရသည်။

တောင်ပိုင်းကုန်းမြေတွင် ဘာတွေ ဖြစ်နေတာလဲ။

ဓားကို ကိုင်လျှက် ဟန်မူယဲ့ တတိယထပ်သို့ တက်လာခဲ့သည်။

သူ တတိယထပ်သို့ ရောက်သည်နှင့် ဟန်မူယဲ့လက်ထဲမှ ဓားသည် အဆက်မပြတ် တုန်ခါလာကာ ပေါက်ကွဲသွား၏။

ထို့နောက် အနက်ရောင်လက်သည်းတစ်ခု စုစည်းဖြစ်ပေါ်လာသည်။

All Chapters