← Chapters

-

Vol. 4 Ch. 11

-

Vol. 4 Ch. 11

Log out လို့မရတော့တဲ့နောက်တော့ မက်ဒါနာတို့တွေ Cybercrowရဲ့နယ်မြေထဲမှာ ပိတ်မိနေကြပါပြီ။ ဒါကြောင့် သူတို့တွေအကုန်လုံး ဗီလိန်ကွန်ယက်ထဲမှာ ပတ်ပြေးနေရတယ်။

တတိယထပ်ကနေ ထွက်ပြေးဖို့အတွက် မက်ဒါနာက Hacking codeတွေကိုသုံးပြီး မြူတန့်သိပ္ပံခန်းမအပြင်ကိုသွားနိုင်တဲ့ portalတစ်ခုဆောက်လိုက်ပြီး သုံးယောက်လုံး ပြေးဝင်လိုက်တယ်။

အခုသူတို့တွေ တတိယထပ်ကနေ ဒုတိယထပ်ဆီကို ပြန်ဆင်းပြေးလာကြပြီ။ ဒုတိယထပ်က ကမ်ဘာအနှံက ဗီလိန်တွေရဲ့တိုက်ပွဲတွေကို ပြသတဲ့နေရာဖြစ်ပြီး ဟီးရိုးတွေနိုင်မလား ဗီလိန်တွေနိုင်မလား လောင်းလို့ရတဲ့ လောင်းကစားရုံကြီးတစ်ခုဖြစ်ပါတယ်။

အခုလောလောဆယ် သူတို့ဆီမှာနာမည်ကြီးနေတဲ့ တိုက်ပွဲက ရုရှားမြူတန့်စစ်ပွဲဖြစ်ပြီး မော်စကိုဟီးရိုးအစည်းအရုံးဦးဆောင်တဲ့ ရုရှားမြူတန့်တွေကို လောင်းတဲ့အဖွဲ့ကတစ်ဖွဲ့၊ ရုရှားဗဟိုအစိုးရနိုင်မယ်ဆိုပြီး လောင်းတဲ့အဖွဲ့က တစ်ဖွဲ့ရှိပါတယ်။

ဒါပေမဲ့ လွန်ခဲ့တဲ့ နာရီဝက်လောက်က ဧရာမလိပ်နက်ကြီးတစ်ကောင် စစ်ပွဲအလယ်မှာပေါ်လာပြီး နှစ်ဖက်လုံးက စစ်သားတွေကိုလိုက်စားတော့ တတိယအင်အားစုကို လောင်းကြေးထပ်တဲ့အုပ်စုလည်းပေါ်လာတယ်။ လိပ်ကြီးနိုင်မယ်ဆိုပြီး လောင်းတဲ့အဖွဲ့ပါ။

အခုလောလောဆယ် လောင်းကြေးအချိုးအစားက ၆:၃:၁ ပါ။ လိပ်ကြီးက စွမ်းအားကြီးလွန်းတာမလို့ လိပ်ကိုလောင်းတဲ့သူက အများစုဖြစ်သွားပြီး လိပ်နိုင်ရင်တောင် လောင်းကြေးတစ်ဆပဲပြန်ရမှာပါ။ ဟီးရိုးအစည်းအရုံးနိုင်ရင်တော့ မြူတန့်တွေဖက်က လောင်းတဲ့ငွေ ၃ဆပြန်ရမှာဖြစ်ပြီး လူကြိုက်အနည်းဆုံးဖြစ်တဲ့ ရုရှားအစိုးရဘက်ကလောင်းလို့နိုင်ရင်တော့ ၆ဆရမှာပါ။ ဒါပေမဲ့ ဒီလောက်တိုးပေးတာတောင် ရုရှားအစိုးရနဲ့မြူတန့်တွေဖက်က ဘယ်သူမှ မလောင်းချင်တော့ဘူး။ အဲဒီနှစ်ဖက်မှာ လောင်းပြီးသားလူတွေရဲ့ငွေတွေပဲကျန်တော့ပြီး အသစ်လာတဲ့သူမှန်သမျှက လိပ်နက်ကြီးဖက်ကပဲ လောင်းကြတယ်။

လိပ်ကြီးက လောလောဆယ် ဗဟိုအစိုးရရဲ့စစ်ရထားကြီးကို ဝေဖာစားသလိုစားနေပြီး မြူတန့်တွေနဲ့ရုရှားစစ်သားတွေက မသေအောင်အသက်လုပြေးနေရပြီ။ မြူတန့်ခေါင်းဆောင် ဝံပုလွေလက်သည်းနဲ့ရုရှားသမ္မတ ဗလာဒီမာ အီဗန်တို့က ထိပ်ဆုံးကနေ ပြေးနေကြတာပါ။

တချို့ဗီလိန်တွေက S rank ဝံပုလွေလက်သည်းနဲ့ အရေးပေါ်ဟယ်လီကော်ပတာနဲ့ပြေးနေတဲ့ သမ္မတအီဗန်တို့ ဘယ်သူအပြေးပိုသန်လဲဆိုပြီးတော့တောင် လောင်းကြေးထပ်ချင်နေကြသေးတယ်။

ဘုန်း...။

အဲဒီအချိန်မှာပဲ လောင်းကစားဝိုင်းထဲကို သနားစရာလူသုံးယောက် ပြုတ်ကျလာတယ်။

ဗလတောင့်တောင့်နဲ့ ဆေးပြင်းလိပ်ကြီး သွားကြားညှပ်ထားတဲ့ လော့ဒ်မာရှယ်က အောက်ဆုံးကဖြစ်ပြီး မျက်မှန်နဲ့ကောင်မလေးကတော့ လော့ဒ်မာရှယ်ရဲ့တင်ပါးပေါ်ကို ကြောင်ကျကျလာတယ်။ နောက်ဆုံးပြုတ်ကျလာတဲ့ စစ်ပွဲနှင်းဆီကိုတော့ မျက်မှန်မလေးက မင်းသမီးလေးလိုချီပြီး ဖမ်းထားတာမလို့ အနာတရမဖြစ်ဘူးရယ်။

ဒါပေါ့၊ ကြေးစားစစ်တပ်အဖွဲ့သားတွေဟန်ဆောင်ထားတဲ့ မက်ဒါနာတို့အုပ်စုပါ။ ရုတ်တရက် ဒီအဖွဲ့က လောင်းကစားဝိုင်းကြားထဲပေါ်လာတာကြောင့် လိပ်နဲ့လူတွေနဲ့ စိန်ပြေးလိုက်တမ်းကစားပွဲကို ကြည့်နေကြတဲ့ လူတွေအကုန်လုံး သူတို့ကိုအလိုလိုလှည့်ကြည့်မိကြတယ်။

စက္ကန့်ပိုင်းလောက်ကြာတော့ စက်ရုပ်ကျီးကန်းမျက်နှာဖုံးဝတ်ထားတဲ့ Cybercrowလည်း လောင်းကစားဝိုင်းထဲမှာ စတိုင်ကျကျပုံစံနဲ့ပေါ်လာပြီး သူတို့သုံးယောက်ကို ကြည့်လိုက်တယ်။

"ကျူးကျော်သူတွေ... မင်းတို့သေရမယ်...."

နောက်တော့ ကြေးစားစစ်တပ်အတုသုံးယောက်နဲ့ ကျီးကန်းတစ်ကောင်တို့ရဲ့စိန်ပြေးလိုက်တမ်းကစားပွဲကြီး ပြန်စတင်ပါတော့တယ်။

"မက်ဒါနာရေ... ဟိုကောင်ငါတို့ကိုမီလာပြီဟ။"

"ပြေး....ပြေး... မြန်မြန်ပြေး...."

လောင်းကစားဝိုင်းက ဗီလိန်တွေကတော့ အကြောင်သား။

ဗီလိန်တစ်ယောက်က အူကြောင်ကြောင်မျက်နှာနဲ့ပြောလိုက်တယ်။ "Cybercrowက ကြေးစားစစ်တပ်ကလူတွေကို ဘာကိစ္စလိုက်ဖမ်းနေတာလဲ။"

"ငါလည်းမသိဘူးလေ။" တခြားဗီလိန်တစ်ယောက်ကလည်း ပြောလိုက်တယ်။

ဒါပေမဲ့ ခဏကြာတော့ လိုက်တမ်းပြေးတမ်းကစားနေတဲ့ သူတို့တွေကို စိတ်ဝင်တစားပွဲကြည့်နေတဲ့ ဗီလိန်တွေအများအပြား ရှိလာပါပြီ။ မိနစ်နည်းနည်းကြာတော့ လောင်းကစားဒိုင်ဆီမှာ လောင်းကြေးအသစ်တစ်ခုထပ်တိုးလာတယ်။

ဆာဗာတွင်း စိန်ပြေးလိုက်တမ်းပွဲမှာ ဘယ်သူနိုင်မလဲ။ Cybercrowလား၊ ကြေးစားစစ်တပ်က ထိပ်သီးသုံးယောက်လား။

လောင်းကြေးကတော့ ၁:၁၀ ပါ။ Cybercrowက သူ့ဆာဗာအတွင်းမှာ တစ်ခါမှရှုံးပွဲမရှိဖူးတော့ သူ့ဘက်ကလောင်းရင် တစ်ဆ၊ ကြေးစားစစ်တပ်ဘက်က လောင်းလို့နိုင်ရင်တော့ ဆယ်ဆပြန်ရမှာပါ။

မကြာခင်မှာပဲ လိုင်းတက်နေတဲ့ဗီလိန်တွေအကုန်လုံး လောင်းကြေးထပ်ဖို့ အလုပ်ရှုပ်ကုန်တော့တယ်။

...

ဂျပန်နိုင်ငံ၊ Maid cafe လေးတစ်ခုတွင်။

ဆရာကြောင်မှာ မှန်သန့်ရှင်းရေးလုပ်သည့် အဝတ်တံမြက်စည်းလေးကိုင်ရင်း မှန်ကို မှန်ကြည်ဆေးဖြင့် ပက်ကာ သေသေချာချာသန့်ရှင်းရေးလုပ်နေသည်။

လွန်ခဲ့သည့် မိနစ်အနည်းငယ်က သမီးဖြစ်သူ၏အမိန့်အတိုင်း သန့်ရှင်းရေးမလုပ်မနေရ လုပ်နေရခြင်းဖြစ်ပါသည်။ သူ့ဘေးတွင်တော့ ဖရက်ပါဆရာနှင့်အတူ အလိိုလို ဆိုင်မှန်ချပ်များကို သန့်ရှင်းရေးလုပ်နေရသည်။

"အဖေအလုပ်ကူလုပ်တယ်ဆိုတာက ငွေသိမ်းကောင်တာမှာထိုင်ပြီး မုန့်စားလိုက်၊ ဇက်ကြောအနှိပ်ခံလိုက်ပဲရှိတာ။ သွားမှန်တွေသန့်ရှင်းရေးလုပ်၊ ဒီနေ့အမေရောက်မှာနော်။ ဆိုင်ရှုပ်ပွနေလို့အဆူခံရရင် အဖေအမှိုက်ဖွထားတာလို့ သမီးတိုင်ပြောလိုက်မှာ။"

ထိုစကားကြောင့် ကမ္ဘာ့မြူတန့်သားရဲခေါင်းဆောင်ကြီး ကြောင်သခင်မှာ ရွေးချယ်စရာမရှိတော့ဘဲ ဆိုင်အတွက် အောက်ကျနောက်ကျအလုပ်များကို တစ်မနက်လုံး သိမ်းကျုံးလုပ်နေရတော့သည်။

ထိုစဥ် ဆိုင်အတွင်းထဲရှိတီဗီမှ အရေးကြီးသတင်းကို ကြားဖြတ်ကြေညာလေသည်။ ခါတိုင်းလိုပင် ကြားဖြတ်သတင်းများမှာ ဗီလိန်များမြူတန့်များနှင့်သက်ဆိုင်တတ်ပြီး ယခုတစ်ကြိမ်တွင်လည်း ရုရှားစစ်မြေပြင်တွင် မြူတန့်လိပ်နက်ကြီးတစ်ကောင်ပေါ်လာသည့်အကြောင်း ပြသနေခြင်းဖြစ်၏။

ဆရာကြောင်မှာ လိပ်နက်ကြီးကိုတွေ့သည်နှင့် စစ်သွေးစစ်မာန်များတက်ကြွလာပြီး မှန်တိုက်အဝတ်တံမြက်စည်းကို မြှောက်လျက် မာန်ပါပါဖြင့်အော်ဟစ်လိုက်လေသည်။

"နောက်ဆုံးတော့ ထိုက်တန်တဲ့ ပြိုင်ဖက်တစ်ယောက်တွေ့ပြီ၊ ငါတို့ရဲ့အနာဂတ်တိုက်ပွဲက ဒဏ္ဍာရီတွင်စေရမယ်။"

ဘေးမှာရှိနေသည့် ဖရက်ကတော့ သူ့ဆရာကြောင်ကို နားမလည်နိုင်စွာဖြင့် အကြောင်သားကြည့်နေမိသည်။ စိတ်ထဲမှာတော့... 'မင်းက သေးသေးလေးလေ၊ လိပ်နက်ကြီး တစ်ကိုက်စာပဲရှိတာ။'ဟု တွေးနေမိ၏။

ဆရာကြောင်လည်း သူ့အကြည့်ကိုသတိထားမိသွားပြီး ပြန်ငေါက်၏။ "ဘာကြည့်တာလဲ၊ ငါက သေးသေးလေးဖြစ်နေလို့ အထင်သေးတာလား။ ငါ့မှာ Size manipulation (အရွယ်ပြောင်းနိုင်သည့်စွမ်းအား) ရှိတယ်ကွ၊ ဒီမှကြည့်။"

ဆရာကြောင်က တကယ့်ဖြစ်သူကို ယုံအောင်သက်သေပြသည့်အနေဖြင့် သူ့ကိုယ်သူ ကြောင်ပေါက်လေးအရွယ်ဖြစ်အောင် အရင်ပြောင်းပြပြီးနောက် ဖရက်ထက် အရပ်နှစ်ဆလောက်ဖြစ်အောင်ပါ ထပ်ပြောင်းပြပြန်သည်။ ပြီးမှ နဂိုအရွယ်ပြန်ထားလိုက်ပြီး တပည့်ဖြစ်သူကို လက်မပြန်ထောင်ပြလိုက်သည်။

"တွေ့လား... ငါ့ဘိုးဘေးတွေက မဟာသားရဲလေးကောင်ထဲက ကျားဖြူမျိုးကကွ။ ဒါလောက်တော့ အသာလေးပဲ။"

သို့သော် ဖရက်ကတော့ ကြောင်ကြီးအရွယ်ပြောင်းပြသည်ကို စိတ်မဝင်စားဘဲ ဆရာကြောင်အကောင်ကြီးပြစဥ်က တိုက်မိပြီးအက်သွားသော ဆိုင်ရှေ့မျက်နှာပြင် မှန်ချပ်ကြီးကိုသာ စိုက်ကြည့်နေမိ၏။

ဆရာကြောင်ကတော့ သတိမထားမိသေးဘဲ မှန်ချပ်ကို လက်ဖဝါးဖြင့်တွန်းရင်း ကိုယ်လုံးကိုမှီလိုက်ရာ မှန်မှာတစ်ခါတည်း တစ်စစီဇီဝိန်ကြွေသွားတော့သည်။

ခလွမ်း.....။

"အ....ဖေ...ရေ... ဒီကိုလာခဲ့ပါဦး။" ထိုမြင်ကွင်းကိုကြည့်နေသော ဆိုင်ရှင်ကြောင်မမကတော့ လက်ထဲမှ ကြွေပန်းကန်ပြားကို ထက်ပိုင်းချိုးပစ်လိုက်ရင်း ဒေါသထွက်နေသည့်မျက်နှာဖြင့် ဆရာကြောင်ကို လှမ်းခေါ်လေ၏။

...

တစ်ဖက်မှာတော့ မက်ဒါနာတို့ ပြေးနေကြတာ နာရီဝက်ကျော်သွားပြီ။ ဒုတိယထပ်ကို ငါးခါမြောက် ပတ်ပြေးပြီးတဲ့နောက် မက်ဒါနာက ပထမထပ်ကို Portalဖွင့်ပြီးဝင်လိုက်တယ်။ အေမီကတော့ ပြေးရလွန်းလို့ မောနေပြီ။

"မမလေး... ကျွန်မပြေးရတာ ပင်ပန်းလွန်းလို့ မောပြီးသေတော့မယ်။"

မက်ဒါနာကတော့ အေမီရဲ့ရင်ဘတ်ကို တစ်ချက်ကြည့်ရင်း မနာလိုစွာနဲ့ နှာမှုတ်လိုက်မိတယ်။

ဂွမ်မှာက ရင်ဘတ်လေးလေးကြီးရှိနေတာဆိုတော့ အေမီအခုလိုမောနေတာ ပုံမှန်ပဲလို့ပြောနိုင်တယ်။ ဂွမ်ရဲ့Oppai sizeက အနည်းဆုံး F Cubရှိတော့ ၁.၂ ကီလိုဂရမ်လောက်ကိုလေးတယ်။ အဲဒီလောက်လေးတဲ့ ဂျင်ဝိတ်ပြားနှစ်ခုကိုသယ်ပြီးပြေးမယ်ဆိုရင် ကမ္ဘာ့အမြန်ဆုံးလူသားဖြစ်တဲ့ အူစိန်ဂေါ့တောင် ပန်းဝင်နိုင်မှာမဟုတ်ဘူး။

ဒါပေမဲ့ မက်ဒါနာဘာလို့မနာလိုဖြစ်နေတာလဲဆိုတော့ စစ်ပွဲနှင်းဆီက ပြားနေလို့။ ပြားတာမှ A cup အတွင်းခံအင်္ကျီတောင် ချောင်နေတယ်။

သူတို့ Portalထဲက ထွက်လာတော့ ပထမထပ်မှာသွားလာနေတဲ့ ဗီလိန်အများအပြားက သူတို့ရှိရာဆီကို လှည့်ကြည့်လိုက်ကြတယ်။ တစ်ချိန်တည်းမှာပဲ Cybercrowပေါ်လာပြီး သူ့လက်ကို ဟန်ပါပါဝေ့ယမ်းက ပြောလိုက်ပါပြီ။

"သူ့ကိုဖမ်းကြ...."

သွားလာနေတဲ့ ဗီလိန်တွေထဲကတချို့က ချက်ချင်းပဲ နေကာမျက်မှန်အမည်းနဲ့အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့ အေးဂျင့်ယောင်ယောင်ဘာယောင်ယောင်တွေ ဖြစ်ကုန်ပြီး မက်ဒါနာတို့ဆီကို အုပ်လိုက်ကြီးပြေးလာတယ်။ အပေါ်စီးကကြည့်ရင် ပုရွက်ဆိတ်လှိုင်းကြီးကြနေတာပဲ။ လောင်းကစားရုံထဲက ဗီလိန်တွေလည်း ဟေးခနဲထအော်ပြီး အားပေးကြတယ်။

မက်ဒါနာကတော့ ရှုံ့မဲ့သွားတယ်။ "ငါ့နားထဲမှာတော့ မစ္စတာအန်ဒါဆန်ဆိုပြီး တစ်ယောက်ယောက်အော်လိုက်သလို ကြားယောင်နေပြီ။"

အေမီတစ်ဖြစ်လည်း ဂွမ်ကတော့ နားထင်က ဆံပင်မွှေးတွေကို လက်နှစ်ဖက်နဲ့ဆောင့်ဆွဲရင်း အရူးတစ်ယောက်လို အော်ဟစ်နေတယ်။

"ငါတို့အကုန်လုံးသေတော့မယ်... ငါတို့အားလုံးသေရတော့မယ်။"

ဖရာလီတာတစ်ဖြစ်လည်း လော့ဒ်မာရှယ်ကတော့ မက်ဒါနာကို လှည့်ကြည့်ပြီးမေးလိုက်တယ်။

"နင့်မှာ တခြားအကြံလေးဘာလေးမရှိတော့ဘူးလား။"

"ရှိသေးတယ်ထင်တာပဲ။" စစ်ပွဲနှင်းဆီဖြစ်နေတဲ့ မက်ဒါနာက ခေါင်းကုတ်လိုက်ပြီး တစ်ခုခုကို သတိရသွားဟန်နဲ့ ပြောလိုက်တယ်။

"ငါသိသလောက်တော့ ဗီလိန်ကွန်ယက်ထဲမှာ အစမ်းတိုက်ပွဲစနစ်ရှိတယ်။ ဗီလိန်တွေ အချင်းချင်းလက်ရည်စမ်းတဲ့ဂိမ်းပဲ။ ဒီတော့ ငါတို့တွေကြေးစားစစ်တပ်အဖွဲ့ဝင်တွေရဲ့ဂိမ်းထဲက ဒေတာတွေကိုယူသုံးလို့ရလောက်တယ်။"

မက်ဒါနာ လက်ကိုဖြန့်လိုက်တော့ စစ်ပွဲနှင်းဆီအဗာတာရဲ့ခေါင်းပေါ်မှာ အစိမ်းရောင်နဲ့အပြာရောင်သွေးတန်းလေးပေါ်လာတယ်။ မသိရင် RPG ဂိမ်းတစ်ခုထဲရောက်နေသလိုပဲ။ လော့ဒ်မာရှယ်နဲ့ဂွမ်တို့ရဲ့အဗာတာတွေမှာလည်း အတူတူပဲ။ သူတို့မြင်ကွင်းထဲမှာ skill အချက်ပြစနစ်တောင်ပါသေးတယ်။

"ပြန်ကြမ်းပြကြစို့။" မက်ဒါနာက ပြောပြောဆိုဆိုနဲ့ ရုပ်သေးဆရာတစ်ယောက်လိုမျိုး သူ့လက်ချောင်းဆယ်ချောင်းကို ဆန့်ထုတ်လိုက်တယ်။ အပ်ချည်မျှင်လို ကြိုးဆယ်ကြိုးက သူ့လက်ထိပ်ကနေ ထွက်ပေါ်လာပြီး အနားက ဗီလိန်ဆယ်ယောက်ရဲ့ဂုတ်ကို သွားမှန်တယ်။ အခုဒီဗီလိန်တွေက သူ့ထိန်းချုပ်မှုအောက်ရောက်နေပြီ။

"B rank သုံးယောက်နဲ့ C rank ခုနစ်ယောက်လား။ မဆိုးဘူး။"

ချက်ချင်းပဲ Cybercrowလက်အောက်က botအေးဂျင့်တွေနဲ့ မက်ဒါနာလက်အောက်က ဗီလိန်တွေရဲ့စစ်ပွဲက စတင်လာတယ်။ botအေးဂျင့်တွေက အရေအတွက်များပေမဲ့ ပြီးပြည့်စုံတဲ့သိစိတ်မရှိတဲ့အတွက် မက်ဒါနာထိန်းချုပ်ထားတဲ့ မြူတန့်တွေကို မယှဥ်နိုင်ဘဲ တိုက်ပွဲစစချင်းမှာတင် ရာနဲ့ချီပြီးမှောက်ကုန်တယ်။

ဖရာလီတာကလည်း အလကားမနေပါဘူး။ လော့ဒ်မာရှယ်ရဲ့Skillတွေကို စသုံးတယ်။ ဧရာမဂလက်သရင်စုံလည်စက်သေနတ်ကြီးက သူ့လက်ထဲမှာပေါ်လာပြီး botတွေကို စတင်ပစ်ခတ်တော့မယ်။

အေမီရထားတဲ့ ဂွမ်အဗာတာက နည်းနည်းလေးမှသုံးစားလို့ရတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားခြင်းမရှိပါဘူး။ ဂွမ်ရဲ့မြူတန့်စွမ်းအား ချလွင်ချလွင်ဆိုတာလေးက အကြွေစေ့တွေကိုသုံးပြီး အားပြင်းတဲ့ပစ်ချက်တွေကို ထုတ်ဖော်နိုင်ပေမဲ့ botတွေကို တစ်ပြုံတည်းရှင်းဖို့ခက်ပြီး တစ်ခါပစ်ဖို့ ငါးစက္ကန့်လောက်အချိန်ယူရပါတယ်။

တိုက်ပွဲစပြီးမကြာခင်မှာပဲ အေမီဟာ botတွေလက်ကလွတ်အောင် မက်ဒါနာနဲ့ဖရာလီတာနောက်မှာ ဝင်ပုန်းနေရတော့တယ်။

လောင်းကစားရုံမှာတော့ မက်ဒါနာတို့အုပ်စုက အင်အားကောင်းကောင်းနဲ့ပြန်ချနေတဲ့အတွက် လုံးဝပွဲဆူနေပြီ။ လောင်းကြေးကလည်း ၆:၄ ဖြစ်သွားပြီ။ မက်ဒါနာတို့ဘက်က အရဲစွန့်လောင်းတဲ့သူတွေရှိလာပေမဲ့ Cybercrow သရဖူစောင်းဦးမယ်လို့ ယုံကြည်တဲ့သူက ပိုများပါတယ်။

အတော်ကြာအောင် ပစ်ခတ်ပြီးတဲ့နောက်တော့ bot တစ်အုပ်လုံး မျိုးပြုတ်သွားပြီ။ ဒါပေမဲ့ Cybercrow ကတော့ ရှိနေတုန်းပဲ။ ဖရာလီတာနဲ့မက်ဒါနာကတော့ မောလွန်းလို့ အသက်ကိုမနည်းရှူနေရတယ်။ သူတို့ခေါင်းပေါ်က အပြာရောင်အတန်းကလည်း ဖင်ကပ်ပဲကျန်တယ်။

Cybercrowကတော့ မဆိုသလောက်လေး ခေါင်းညိတ်ပြီး သူ့ရန်သူတွေရဲ့အင်အားကို အသိအမှတ်ပြုလိုက်တယ်။ ဒါပေမဲ့ အရှုံးပေးတယ်လို့တော့ သဘောမသက်ရောက်ပါဘူး။ သူက ခပ်တည်တည်နဲ့ လက်ဖျောက်တစ်ချက်သာ တီးလိုက်တယ်။

"ဖျောက်...."

ချက်ချင်း ပျောက်ကွယ်သွားတဲ့ botတွေနေရာမှာ တခြားbotတွေ ထပ်အစားဝင်လာတယ်။ ပြီးတော့ ပိုဖြေရှင်းရခက်တဲ့ နှံကောင်စက်ရုပ်တွေရောပဲ။

"မင်းတို့က ငါပရိုဂရမ်ရေးဆွဲထားတဲ့ botတွေကို ဖျက်ပစ်ချင်တာလား၊ ကိစ္စမရှိဘူး။ အတွေးတစ်ချက်နဲ့ ပရိုဂရမ်ပြန်ရေးလို့ရတယ်။"

ဖရာလီတာလည်း မက်ဒါနာကို လှမ်းကြည့်ပြီး အားကိုးတကြီးနဲ့ပြောလိုက်တယ်။

"မက်ဒါနာရေ...." မက်ဒါနာကတော့ ခပ်တည်တည်နဲ့ ရန်သူအုပ်လိုက်ကြီးကိုကြည့်ရင်း ပြောလာတယ်။

"ဒီလိုဖြစ်လာမှာတော့ ဘယ်တတ်နိုင်မလဲ...." စစ်ပွဲနှင်းဆီ (မက်ဒါနာ)က နောက်ဆုံးဝှက်ဖဲကို ထုတ်သုံးတော့မယ့်ပုံစံနဲ့ ဆံပင်ကို လက်ဖျားနဲ့သပ်လိုက်ပြီ။ Cybercrowကလည်း တစ်ခုခုဖြစ်လာတော့မယ်အထင်နဲ့ အသင့်ပြင်လိုက်ပေမဲ့ စစ်ပွဲနှင်းဆီ (မက်ဒါနာ)က တစ်ချိုးတည်း နောက်လှည့်ပြေးတော့တာပဲ။

"မနိုင်မှတော့ ဆက်ပြေးကြတာပေါ့...."

"ဟဲ့... ငါတို့ကိုမထားခဲ့နဲ့ဦးလေ..." စစ်ပွဲနှင်းဆီ (မက်ဒါနာ)နောက်ကနေ လော့ဒ်မာရှယ် (ဖရာလီတာ)က မိန်းကလေးဆန်တဲ့ခြေလှမ်းတွေနဲ့ အပြေးလိုက်လာတယ်။ ဒုတိယထပ်က လောင်းကစားသမားတွေကတော့ အဲဒီမြင်ကွင်းကြောင့် သူတို့မျက်စိတွေကိုသူတို့ ဖြုတ်ပြီးရေဆေးပစ်ချင်နေကြပြီ။

နောက်ဆုံးမှာတော့ အေမီက ရင်ဘတ်ကိုလက်နှစ်ဖက်နဲ့မရင်း သူ့ရဲ့သခင်မလေးနှစ်ယောက်နောက်ကို အမောတကောပြေးလိုက်လာရတယ်။

သူတို့တွေ ပြေးရင်းပြေးရင်းနဲ့ Log in ဝင်ရင်ပေါ်တဲ့နေရာနား ရောက်လာတယ်။ အဲဒီမှာလည်း အပြာရောင်အလင်းတန်းတစ်ချက်နဲ့အတူ အဗာတာတချို့ပေါ်လာတယ်။ ပြီးတော့ အဲဒီအဗာတာတွေက သူတို့နဲ့တစ်ထပ်တည်းပဲ။ အဲဒီအုပ်စုက အရေးကြီးကိစ္စ တစ်ခုခုကို တိုင်ပင်နေကြဆဲမလို့ စိန်ပြေးလိုက်တမ်းကစားနေတဲ့ botတွေနဲ့ သူတို့နဲ့တစ်ထပ်တည်းတူနေတဲ့ အဗာတာအုပ်စုကို ဂရုမထားမိသေးဘူး။

ဖရာလီတာက အဲဒီအုပ်စုကို လက်ညိုးထိုးပြရင်း ပြောလိုက်တယ်။

"မြန်မြန်... သူတို့နဲ့ဝင်ရောရအောင်...."

တစ်ဖက်မှာတော့ အပြာရောင်အလင်းတန်းထဲကနေပြီ လူဆယ့်လေးငါးယောက်လောက် တစ်ပြိုင်တည်း ထွက်လာတယ်။ အကုန်လုံးက စစ်ယူနီဖောင်းဝတ်ထားတဲ့ ကြေးစားစစ်တပ်အဖွဲ့သားတွေ။

ရှေ့ဆုံးမှာက လက်မောင်းမှာ နှင်းဆီတက်တူးထိုးထားပြီး ရင်ဘတ်အလွန်ပြားချပ်တဲ့ စစ်သမီးတစ်ယောက်။ သူ့ဘေးမှာတော့ မျက်မှန်လေးနဲ့ရင်ဘတ်ကြီးကြီးကောင်မလေးလိုက်လာပြီး နှင်းဆီတက်တူးနဲ့ကောင်မလေးကို အရေးကြီးအချက်အလက်တွေရှင်းပြနေတယ်။

"ရုရှားစစ်မြေပြင်မှာ ကျွန်မတို့တွေ တစ်မနက်တည်းနဲ့ ဒေါ်လာ ၁.၈ ဘီလီယံဖိုးလောက် ရောင်းလိုက်ရတယ်။ ဒါပေမဲ့ တိုက်လေယာဥ်တော်တော်များများပျက်စီးပြီး အမြောက်တချို့လည်း လိပ်နက်ကြီးတက်နင်းတာ ခံလိုက်ရတယ်။ ဒါကြောင့်အမြတ်သိပ်မကျန်ဘူး။"

စစ်ပွဲနှင်းဆီကလည်း တစ်ခါတည်းဆုံးဖြတ်ချက်ချပေးတယ်။ "အဲဒီက အရောင်းကိုယ်စားလှယ်ရဲ့လခထဲက ပျက်စီးသွားတဲ့ပစ္စည်းဖိုးနှုတ်လိုက်။"

ကိုလံဘီယာ ဆေးရွက်ကြီးလိပ်ကို ပါးစပ်မှာတေ့ထားတဲ့ လော့ဒ်မာရှယ်အစစ်က ခနဲ့တဲ့တဲ့နဲ့ပြောလိုက်လေရဲ့။

"ဟန့်... အစကတည်းက ရုရှားစစ်မြေပြင်ကို ငါအကောင်းမမြင်တာ။ စွန့်စားရမှာတွေ တအားများလွန်းတယ်။"

သူတို့အငြင်းပွားတော့မယ့်အချိန်မှာပဲ နောက်ထပ်သူတို့နဲ့ပုံစံတူသုံးယောက်က အနားရောက်လာပြီး ပုံစံတူတစ်ယောက်ချင်းစီရဲ့လက်မောင်းကို ဆွဲဖက်လိုက်တယ်။

"ဟမ်..." စစ်ပွဲနှင်းဆီအစစ်။

"ဟင်..." ဂွမ်အစစ်။

"မင်း ဘယ်သူလဲကွ။" လော့ဒ်မာရှယ်အစစ်။

ဒါပေမဲ့ သူတို့ဘာမှမတုံ့ပြန်နိုင်ခင်မှာပဲ လူချင်းဆက်တိုက်အလဲခံလိုက်ရပါပြီ။ အနားမှာရှိနေတဲ့ ကြေးစားစစ်တပ်အဖွဲ့ဝင်တွေတောင် ဘယ်သူက အစစ်မှန်းမသိနိုင်တော့ဘူး။ Cybercrow သူတို့ကို လိုက်မီလာပြီးတဲ့နောက်တော့ နှစ်ယောက်စီဖြစ်နေတဲ့ ကြေးစားတပ်ဖွဲ့ဝင်တွေကိုတွေ့ပြီး ရူးချင်သလိုတောင် ဖြစ်သွားတယ်။

"ဘာတွေဖြစ်ကုန်တာကြပြီလဲကွာ။"

All Chapters