ဟန်ဆောင်တာမူပို
Vol. 4 Ch. 12
ကြေးစားစစ်တပ်ရဲ့ထိပ်သီးအဖွဲ့ဝင်အစစ်တွေနဲ့အတုတွေက တစ်ယောက်ကိုတစ်ယောက် သတ်ကြဖြတ်ကြတော့မယ့်ရုပ်တွေနဲ့ မျက်နှာချင်းဆိုင်ပြီးကြည့်နေကြတယ်။
အခုဆိုရင် စာရေးဆရာတောင်မှ ဘယ်သူက အစစ်လဲ၊ ဘယ်သူက အတုလည်းမသိတော့ဘူး။
လော့ဒ်မာရှယ်နဲ့လော့ဒ်မာရှယ်နဲ့က တစ်ယောက်နဲ့တစ်ယောက် ရန်စောင်ကြည့်နေရုံတင် အားမရတော့လို့ လက်ဝါးချင်းတွန်းပြီး အားပြိုင်နေကြသေး။
"ဘယ်ကမှန်းမသိတဲ့ကောင်၊ မင်းကများ ငါ့အယောင်ဆောင်ရဲတယ်။ တွေ့ကြသေးတာပေါ့။"
"သူခိုးက လူပြန်ဟစ်တယ်ပေါ့။ ဟေး... ဘယ်ကမှန်းမသိတဲ့ကောင်၊ ငါကမှ အစစ်ကွ။"
စစ်ပွဲနှင်းဆီနဲ့စစ်ပွဲနှင်းဆီကတော့ တစ်ယောက်နဲ့တစ်ယောက် ခါးထောက်ပြီးကြည့်နေကြရင်း အချိန်မရွေး တစ်ယောက်နဲ့တစ်ယောက် ထသတ်ကြတော့မယ့် အနေအထားမှာရှိနေကြတယ်။ ဒါပေမဲ့ နှစ်ဦးလုံးက ဂုဏ်သရေရှိတဲ့ အဖွဲ့ခေါင်းဆောင်တွေဆိုတော့ အမူအရာမပျက်အောင် သိက္ခါဆယ်နိုင်ကြသေးတယ်။
"ဟဲ့၊ ပြားချပ်ချပ်ကောင်မ။ ငါလိုင်းပေါ်မတက်ဖြစ်တာ နှစ်ရက်လောက်ပဲရှိသေးတာကို နင်က ငါ့အဗာတာကို ယူသုံးရဲတယ်ပေါ့။"
"စကားကိုကြည့်ပြော၊ ဘယ်သူက ပြားချပ်ချပ်လဲ။ ပျဥ်ပြားအဝတ်ပတ်ကောင်မရဲ့၊ နင်ကမှ ငါလိုင်းပေါ်မရှိတုန်း ငါ့အဗာတာကို မူပိုင်ခွင့်ခိုးပြီး ယူသုံးနေတာမဟုတ်လား။"
ဂွမ်နဲ့ဂွမ်ကတော့ တစ်ယောက်နဲ့တစ်ယောက် ရန်မစောင်ဘဲ အေးအေးဆေးဆေး တစ်ဖက်နဲ့တစ်ဖက် အနူးအညွှတ်တောင်းဆိုနေကြတယ်။ သူတို့နှစ်ယောက်က မသိရင် စေတနာမေတ္တာရှင်ကြီးတွေလိုလို ဘာလိုလို။
"ကျေးဇူးပြုပြီး ကျွန်မအဗာတာကို ယူမသုံးပါနဲ့တော့၊ တအားရှက်ဖို့ကောင်းတယ်။"
"တောင်းဆိုပါတယ်၊ ကျွန်မအဗာတာအစား တခြားတစ်ယောက်ရဲ့အဗာတာကို ပြောင်းသုံးပေးပါလား။"
"....." တစ်ယောက်နဲ့တစ်ယောက် အတုဆိုပြီးစွပ်စွဲနေကြတဲ့ လူခြောက်ယောက်ကိုကြည့်ရင်း Cybercrow ရူးချင်စိတ်ပေါက်လာပြီး ကိုယ့်နဖူးကိုယ် လက်ဝါးနဲ့ရိုက်လိုက်မိတယ်။
ဘေးက botတစ်ယောက်ကိုကြည့်ပြီး အကူအညီတောင်းတော့လဲ အဲဒီbotက လက်နှစ်ဖက်ကိုဆန့်ပြီး သူလည်းမသိကြောင်းပြတယ်။ ကြည့်ရတာ ဒေတာမှတ်တမ်းတွေနဲ့တောင် ဘယ်သူက ဘယ်သူဆိုတာ ခွဲမရတော့တဲ့ပုံပဲ။
ဒုတိယထပ်မှာတော့ လောင်းကစားသမားတွေဟာ လောင်းကြေးအသစ်သုံးမျိုးကိုပါ ထပ်လောင်းနေကြပြီ။ လော့ဒ်မာရှယ်နဲ့လော့ဒ်မာရှယ်မှာ ဘယ်သူက အစစ်လဲ၊ စစ်ပွဲနှင်းဆီနဲ့စစ်ပွဲနှင်းဆီမှာ ဘယ်သူက အစစ်လဲ၊ ဂွမ်နဲ့ဂွမ်မှာ ဘယ်သူက အစစ်လဲ။
လောင်းကြေးကတော့ ဘယ်ဘက်က နိုင်နိုင် နိုင်တဲ့လူက ဆယ်ဆပြန်ရမယ်။ ကြီးမားတဲ့ အောင်မြင်မှုကြီးရဖို့အတွက် အကောင်းဆုံးအခွင့်အရေးပဲ။
တစ်ချိန်တည်းမှာပဲ ရုရှားမြူတန့်စစ်ပွဲမှာ လိပ်နက်ကြီးနိုင်သွားပြီး မြူတန့်တွေနဲ့ဗဟိုအစိုးရဘက်ကနေ လောင်းထားတဲ့ လောင်းကစားသမားတွေအကုန်လုံး ငိုကြွေးနေကြတယ်။ တချို့ဗီလိန်တွေဆိုရင် အိမ်တိုင်ပါ ချွတ်ပေါင်ရတော့မှာကိုး။
"ငလူးမလိပ်နက်၊ ဘာလို့သူများတွေတိုက်နေတုန်း ရုတ်တရက်ပေါ်လာပြီး ဖြတ်စားရတာတုန်း။ ဒါတရားဘူး။" ဒါကတော့ လောင်းကြေးရှုံးသွားသူတွေရဲ့မျက်ရည်ဆက်လက် ငိုကြွေးသံတွေ။
Cybercrowတစ်ယောက် နောက်ဆုံးအချိန်အထိ ဘယ်က အတုလဲအစစ်လဲ မခွဲနိုင်တဲ့အတွက်ကြောင့် ဒေါသထွက်ထွက်နဲ့ လက်ဖဝါးကို ဆန့်ထုတ်လိုက်တယ်။
"ဒီလောက်တောင်ဖြစ်နေတာ၊ အကုန်လုံး ပျောက်...." ဒါပေမဲ့ သူ့စကားမဆုံးခင်မှာပဲ ခြောက်ယောက်လုံးက သူ့ကိုလှည့်ကြည့်ပြီး တူညီတဲ့စကားတစ်ခွန်းကိုပဲ ပြိုင်တူပြောလိုက်ကြတယ်။
"Cybercrow၊ မင်းလုပ်ရဲလား...။"
အဖြေကတော့ သူမလုပ်ရဲဘူးလို့ ပြောရမှာပဲ။ နှစ်ဖက်လုံးကို ဖျောက်လိုက်လို့ လောလောဆယ်ကိစ္စ အဆင်ပြေသွားနိုင်ပေမဲ့ ကြေးစားစစ်တပ်ကတော့ သူ့ကို ရန်ညိုးအကြီးကြီးထားတော့မှာ။
သူက ဗီလိန်ကွန်ယက်မှာ ဘုရားသခင်လိုဖြစ်နေပေမဲ့ အပြင်လောကမှာတော့ ငဖွတ်လေးတစ်ကောင်ပါ။ သူ့စွမ်းအားက အင်တာနက်အပြင်မှာဆိုရင် ဘာသက်ရောက်မှုမှမရှိဘူး။ ကြေးစားစစ်တပ်လိုမျိုး ကမ္ဘာ့ဗီလိန်အုပ်စုနဲ့ရင်ဆိုင်ရရင် ရက်ပိုင်းအတွင်း အရိုးရောအသားပါ တစ်စစီဖြစ်သွားလိမ့်မယ်။
နောက်ဆုံးတော့ အကျပ်ရိုက်နေတဲ့ Cybercrow တစ်ယောက် ဒီကိစ္စကို သူ့ဆီပထမဆုံးသတင်းပို့တဲ့ မျက်လုံးဖောက်နတ်ဆိုးကိုသာ Portalဖွင့် ဂုတ်ကိုလှမ်းဆွဲပြီး အခင်းဖြစ်ပွားရာကို ခေါ်လိုက်ရတယ်။
"ကဲ၊ ရွှေဉာဏ်တော်စူးရောက်တဲ့ အစ်ကိုမျက်လုံးဖောက်နတ်ဆိုး။ ဒီကိစ္စကိုလည်း ကူပြီးဖြေရှင်းပေးပါဦး။"
Cybercrowက ပုံစံတူတစ်တွဲစီရပ်နေတဲ့ လူခြောက်ယောက်ကို လက်ညိုးထိုးပြရင်း မျက်လုံးဖောက်နတ်ဆိုးရဲ့ပခုံးကို ပုတ်ပေးလိုက်တယ်။ မင်းမဖြေရှင်းနိုင်ရင် နာပြီဆိုတဲ့သဘော။
"အစ်ကိုလေးကျီးကန်း၊ သူတို့အကောင့်တွေကိုရော စစ်ပြီးပြီလား။ အဗာတာတူတယ်ဆိုပေမဲ့ IP addressတို့ အကောင့်နာမည်တို့က တူချင်မှတူမှာပေါ့။"
Cybercrowက မျက်လုံးဖောက်နတ်ဆိုးဆီကနေ ကြားလိုက်ရတဲ့အဖြေကြောင့် သူ့ကိုကြောက်စရာပုံစံနဲ့ ကြည့်လိုက်တယ်။ မျက်နှာဖုံးအောက်မှာ သွေးပျက်စရာပုံစံနဲ့ ပြုံးပြနေမလားမသိပေမဲ့လည်း မျက်လုံးဖောက်နတ်ဆိုးတစ်ယောက် ကျက်သီးထသွားတယ်။
"မင်းက ငါ့ကို ငတုံးတစ်ယောက်လို့ထင်နေတာလား၊ ငါစစ်ကြည့်ပြီးပြီကွ။ အခုလိုင်းတက်နေတဲ့လူအရေအတွက်က ငါအတည်ပြုပြီးသား လူစာရင်းအတိုင်းပဲ၊ တစ်ယောက်မှပိုမနေဘူး။ ဒါပေမဲ့ ဆာဗာထဲမှာက လူသုံးယောက်ပိုနေတယ်။ ပြီးတော့ ဒီခြောက်ယောက်လုံးက ဒေတာတွေအကုန်တူ၊ အကောင့်တူ၊ အဗာတာတွေလည်းတူ။"
မျက်လုံးဖောက်နတ်ဆိုးလည်း စိတ်ဆင်းရဲစွာနဲ့ သက်ပြင်းချပြီးပြောလိုက်တယ်။ "ဒါဖြင့် ကြေးစားစစ်တပ်ကလူတွေက Netflix ခိုးကူးသမားတွေလိုမျိုး passwordပြန်ရောင်းပြီး ဖုန်းဆယ့်ငါးလုံးလောက်နဲ့ သုံးခွင့်ပေးနေတာဖြစ်ရင်ဖြစ်မှာပေါ့။"
"ဖြန်း...." မျက်လုံးဖောက်နတ်ဆိုးရဲ့အူကြောင်ကြောင်စကားကို သည်းမခံနိုင်တော့တဲ့ Cybercrowက ပါးပိတ်ရိုက်လိုက်တယ်။ နောက်တော့ အဲဒီစကားတွေကို အလေးအနက်ပြန်ဆင်ခြင်ကြည့်ပြီး ဖြစ်နိုင်တယ်လို့ တွေးကြည့်လိုက်တယ်။ ကြေးစားစစ်တပ်က သူတို့အကောင့်စကားဝှက်တွေကို ခိုးရောင်းတာမဖြစ်နိုင်ပေမဲ့ တစ်ဖက်က တစ်နည်းနည်းနဲ့ထောက်လှမ်းပြီး ခိုးသုံးတာ ဖြစ်နိုင်တယ်။ ဒါဆိုရင် သုံးနေတဲ့စက်အလုံးရေက နှစ်ဆဖြစ်နေမှာဖြစ်ပြီး IP addressကလည်း နှစ်ခုစီဖြစ်နေလိမ့်မယ်။
အကြံရလာပြီးနောက်တော့ Cybercrowက သူ့ရှေ့မှာရှိနေတဲ့ လူတွေရဲ့အကောင့်ကို ထပ်စစ်ကြည့်တယ်။ သူတို့မှာ တူညီတဲ့အကောင့်တွေရှိနေပေမဲ့ မတူညီတဲ့ IP address နှစ်ခုစီရှိနေကြတယ်။ ဒါပေမဲ့ ဘယ်သူက အစစ်မှန်းသိရဖို့ အားကိုးလောက်တဲ့ အထောက်အထားမဟုတ်ဘူး။ အကြောင်းက Dark Webကို လာတဲ့လူတွေမှန်သမျှက VPN ခံသုံးကြတာကိုး။
"စစ်ပွဲနှင်းဆီ... မင်းဘာ VPN ခံသုံးလဲ။"
"ဗြိတိန်..."
"ကနေဒါ..."
"ဂွမ်ကရော..."
"စင်္ကါပူပါရှင့်..."
"ကိုရီးယားပါရှင့်..."
"လော့ဒ်မာရှယ်..."
"ဂျာမဏီက ငါအကြိုက်ဆုံးနိုင်ငံပဲ..."
"ဂျာမဏီက ငါအကြိုက်ဆုံးနိုင်ငံပဲ..."
"....."
Cybercrowက မျက်လုံးဖောက်နတ်ဆိုးကိုလှည့်ကြည့်တော့ ဟိုကလည်း ခပ်ထိုင်းထိုင်း ခပ်အအပုံစံနဲ့ ပြန်ပြောလိုက်တယ်။
"ကျွန်တော်တို့တွေ သူတို့ကိုယ်တိုင်ပဲသိနိုင်တဲ့ကိစ္စတွေ မေးကြည့်ကြရင်ရော..."
ဒါကတော့ နည်းနည်းအသုံးဝင်မယ့်ပုံပဲ။ ဒါပေမဲ့ သူတို့ကိုယ်တိုင်ပဲ သိနိုင်တဲ့ကိစ္စဆိုရင် ဘယ်လိုလုပ်ပြီး Cybercrowတို့က သိနိုင်တော့မှာလဲ။ အဲဒီလိုဆိုရင် သူတို့ဘယ်လိုလုပ်ပြီး ဒီလူတွေကို မေးနိုင်တော့မှာလဲ။
"ရှုပ်ပါတယ်၊ သူတို့အကုန်လုံးကို ဖြောင်ပစ်ရအောင်။" စိတ်ဓာတ်ကျလာတဲ့ Cybercrowလည်း လုပ်ချင်ရာလုပ်မယ်ဆိုတဲ့အချိုးဖြစ်သွားပေမဲ့ နောက်တစ်ခါ ကြေးစားစစ်တပ်အဖွဲ့ဝင်အားလုံးက သူ့ကိုထပ်ပြီး အော်ကြပြန်တယ်။
"Cybercrow... မင်းလုပ်ရဲလား...."
"......"
Cybercrowခင်ဗျာ ဘာပြောရမှန်းကို မသိတော့ဘူး။ ဒါပေမဲ့ ကြေးစားစစ်တပ် အတုတွေနဲ့အစစ်တွေက တစ်ယောက်နဲ့တစ်ယောက် စိန်ခေါ်တဲ့အကြည့်နဲ့ကြည့်လိုက်ကြပြီး စပြောလာတယ်။
"ဒီလိုဆိုမှတော့ တို့တွေအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် စိန်ခေါ်ပြီး တိုက်ကြည့်ကြမလား။ ရှုံးတဲ့လူက အတုပဲနေမှာ။ ဘာလို့ဆိုရင် ဒီအရှင်မကို တစ်ယောက်ချင်းချနိုင်တဲ့သူက တစ်ယောက်မှမရှိသေးလို့လေ။"
စစ်ပွဲနှင်းဆီတစ်ယောက်က ယုံကြည်ချက်အပြည့်နဲ့ ပြောလိုက်တယ်။ တခြားစစ်ပွဲနှင်းဆီတစ်ယောက်ကလည်း မြန်မြန်ဆန်ဆန်နဲ့ လက်ခံလိုက်လေရဲ့။
"ကောင်းပြီလေ... ပြီးခါမှ ကွင်းထဲမှာ ငိုမနေနဲ့ဦးနော်... ပြားချပ်ချပ်မလေး..."
တခြားလေးယောက်ကလည်း သဘောတူကြတဲ့အတွက် နှစ်ယောက်ချင်းတိုက်တဲ့ပွဲက ဖြစ်လုဆဲဆဲ ဖြစ်သွားတယ်။ အားလုံး တစ်ယောက်နဲ့တစ်ယောက် ချတော့မယ့်အချိန်မှာပဲ မျက်လုံးဖောက်နတ်ဆိုးက ဝင်ဟန့်လိုက်တဲ့စကားကြောင့် ပွဲပျက်သွားပြန်ရော။
"တကယ်လို့ အတုတစ်ယောက်ယောက်က နိုင်သွားပြီး Cybercrowက အစစ်တွေကိုသတ်မိသွားရင် ဘယ်လိုလုပ်မလဲ။"
"....." Cybercrow ပြောစရာစကားမဲ့သွားတယ်။ သူအစစ်တစ်ယောက်ယောက်ကို သတ်မိခဲ့တယ်ဆိုရင်လည်း ကြေးစားစစ်တပ်က သူ့ကိုငြိုးနေမှာဖြစ်ပြီး ရေဆုံးမြေဆုံးလိုက်သတ်ခြင်းခံရမှာပါ။ ဒါကြောင့် နှစ်ယောက်ချင်းတိုက်ပွဲက အဖြေမဟုတ်ပြန်ဘူး။
Cybercrowက မိုးကောင်းကင်ကြီး (တကယ်က VR worldရဲ့အမိုးကြီး)ကိုမော့ကြည့်ရင်း စိတ်ပျက်စွာနဲ့ သက်ပြင်းချလိုက်တယ်။ သူ့ဆာဗာထဲကို ဘယ်ငရဲက တက်လာတဲ့ ငရဲသားတွေလာပြီး ပြဿနာရှာနေတယ်မသိဘူး။ သာမန်လူတစ်ယောက်သာဆိုရင် ဒီမှာတင် ရူးသွားလောက်ပြီ။
နောက်ဆုံးတော့ စိတ်ညစ်သွားတဲ့ Cybercrowက မျက်လုံးဖောက်နတ်ဆိုးရဲ့ပခုံးကို ပုတ်ပြီး ပြောလိုက်တယ်။
"ငါလိုင်းပေါ်က ခဏဆင်းဦးမယ်။" နောက်တော့ Cybercrowရဲ့ပုံရိပ်က ဆာဗာပေါ်ကနေ ပျောက်သွားရော။ ဒါပေမဲ့ တခြားသူတွေကတော့ လိုင်းပေါ်ကနေ ဆင်းလို့မရသေးဘူး။ လောင်းကစားရုံထဲက လူတွေကတော့ အသည်းအသန်ဆွေးနွေးပြီး လောင်းကြေးဖွင့်နေကြတုန်းပဲ။
...
လျှို့ဝှက်သော ဒေသတစ်ခုရှိ မြေအောက်ခန်းတစ်နေရာ။
ဒီအခန်းတစ်ခန်းလုံးမှာ အချက်ပြမီးပေါင်းစုံလင်းနေတဲ့ Hard disk drive ရာချီတန်းစီတပ်ထားပြီး မော်နီတာ အခုနှစ်ဆယ်လောက်ကိုလည်း ပြိုင်တူဖွင့်ထားပါတယ်။ ဒီနေရာက ဗီလိန်ကွန်ယက်ရဲ့ပင်မဆာဗာပါ။
စူပါကွန်ပျူတာကြီးရှေ့မှာတော့ ဂိမ်မာတွေထိုင်တဲ့ အကောင်းစားထိုင်ခုံတစ်လုံးရှိနေပြီး ခုံပေါ်မှာတော့ deep dive inလုပ်ထားတဲ့ ကောင်မလေးတစ်ယောက်ရှိနေပါတယ်။ အဲဒီကောင်မလေးရဲ့အသက်ရှူသံက အတော်လေးတည်ငြိမ်ပြီး ခဏလောက်ကြာချိန်မှာတော့ သက်ပြင်းချကာ VR headsetကို ဆွဲဖယ်ပစ်လိုက်တယ်။ Deep dive in လုပ်နေတဲ့အနေအထားကနေ ပြန်ထွက်လာတဲ့ Cybercrow ဖြစ်ပါတယ်။
ဒီကောင်မလေးက အနည်းဆုံး ဆယ့်ခြောက်နှစ်လောက်ပဲ ရှိသေးပေမဲ့ပုံပေါ်ပြီး ခန္ဓာကိုယ်က တော်တော်လေး သေးကွေးပါတယ်။ ရွှေအိုရောင် ဆံပင်ကောက်ကောက်လေးတွေရှိပြီး သူ့တင်ပါးအကျော်ထိဖုံးတဲ့ ဆွဲသားတီရှပ် အရှည်ကြီးတစ်ထည်ကိုသာ ဝတ်ထားပါတယ်။
ကောင်မလေးက စိတ်မရှည်ဟန်နဲ့ ထိုင်ခုံကနေ ထလိုက်ပြီး ကြမ်းပြင်ပေါ်မှာ ပုံခံနေတဲ့ အာလူးကြော်အိတ်ခွံတွေနဲ့ ကိုလာဘူးတွေကို ကျော်ခွပြီး အခန်းအစွန်က ရေခဲသေတ္တာဆီကိုသွားကာ ကိုလာတစ်ဘူးထုတ်လိုက်တယ်။
နောက်တော့ ကိုလာဘူးလေးကိုင်ပြီး ဘုရားသခင်ကို လေးလေးနက်နက်ဆုတောင်းနေတဲ့မျက်နှာနဲ့ မျက်လုံးကိုပိတ်ကာ ဆုတောင်းလိုက်တယ်။
"အိုဘုရားသခင်၊ ကျွန်မရဲ့ကွန်ပျူတာဆာဗာဆီကို ဘယ်လိုအရှုပ်ထုပ်တွေပို့လိုက်တာတုန်း..."
နောက်တော့ မျက်လုံးကိုဖွင့်လိုက်ပြီး သူ့မျက်နှာက လူသတ်ချင်တဲ့မျက်နှာမျိုးဖြစ်သွားတယ်။ "ဘုရားသခင်၊ ခင်ဗျားကြီးကို တောက်တောက်စင်းပြီး စင်းကောလုပ်ပစ်ချင်လိုက်တာ။"
ဒီကောင်မလေးက တကယ့်အပြင်လက်တွေ့ဘဝက Cybercrowဖြစ်ပြီး ကွန်ပျူတာတွေကို အလွန်အကျွံစွဲလမ်းနေတဲ့ ဘဝမှာကျရှုံးနေတဲ့ အိမ်တွင်းပုန်းမလေးပါ။ ဘယ်သူမှ ခက်မိုက်မိုက်ပုံစံရှိတဲ့ အွန်လိုင်းစိတ္တဇလူသတ်သမား ကိုကြီးကျီးကန်းနဲ့ တွဲမိမယ်မထင်ဘူး။
အပြင်လောကမှာ ဒေါသတွေကို စိတ်ကြိုက်ဖောက်ခွဲရင်း ကိုလာကို ကုန်အောင်သောက်ပြီးတဲ့နောက်တော့ ကောင်မလေးက အသက်ကိုပြင်းပြင်း တစ်ချက်ရှူကာ VR Headsetကို ပြန်တပ်လိုက်တယ်။
....
ငါးမိနစ်လောက် ကြာပြီးတဲ့နောက် ဆာဗာထဲကို Cybercrow ပြန်ရောက်လာတယ်။ ဒီတစ်ခါတော့ ပြဿနာကို အရင်းအမြစ်ကနေ ဖြေရှင်းဖို့အတွက် နည်းလမ်းပါ တစ်ခါတည်းပါလာတဲ့ပုံပဲ။
"တကယ်လို့ ကျန်တဲ့ကြေးစားစစ်တပ်က အဖွဲ့ဝင်တွေဆီ Mailပို့ပြီး သူတို့ခေါင်းဆောင်တွေအကြိုက်ဆုံးအရာတွေကို ပြောခိုင်းမယ်ဆိုရင်ရော။ အဲဒီအကြိုက်ဆုံးက သူတို့ကိုယ်တိုင်အတည်ပြုပြီးသားလည်း ဖြစ်ရမယ်။ ဒါဆိုရင် အတုကောင်တွေကို ဖယ်ထုတ်ဖို့လွယ်သွားပြီ။"
မျက်လုံးဖောက်နတ်ဆိုးလည်း ဒီတစ်ခါတော့ ခေါင်းညိတ်လိုက်တယ်။ ဒီအစီအစဥ်က တကယ်ပဲ အလုပ်ဖြစ်နိုင်တယ်လေ။ ဒီလိုနဲ့ Cybercrowက တခြားကြေးစားစစ်တပ်အဖွဲ့ဝင်တွေဆီကို စပြီးလျှို့ဝှက်စာတွေပို့တယ်။
ဆယ့်ငါးမိနစ်လောက်ကြာတော့ အချက်အလက်တော်တော်များများရလာပြီး Cybercrowက မေးဖို့အကောင်းဆုံးမေးခွန်းတွေကို ကြေးစားစစ်တပ် ထိပ်သီးသုံးယောက်အတွက် အသင့်ပြင်ပြီးသွားပြီ။
ပထမဆုံးအနေနဲ့ မေးခွန်းဖြေဖို့အလှည့်ကျတာက ဂွမ်နဲ့ဂွမ်ပါ။ Cybercrowကတော့ ဖောက်ထွင်းမြင်ရတဲ့ Digital Boxလေးကနေ မေးခွန်းတွေကို တစ်ချက်ဖတ်လိုက်ပြီး စမေးတယ်။
"အကြိုက်ဆုံးအချိုရည်က...."
"ကိုလာပါရှင့်..." ဂွမ် (အေမီ)က တက်ကြွစွာဖြေလိုက်တယ်။
"နွား... နွားနို့ကြိုက်ပါတယ်ရှင့်။" ဂွမ်အစစ်ကတော့ ရှက်ကိုးရှက်ကန်းနဲ့ဖြေတယ်။
ရုတ်တရက် ဂွမ် (အေမီ)ရဲ့ခေါင်းပေါ်မှာ အမှားခြစ်အကြီးကြီးတစ်ခုပေါ်လာပြီး ရင်ဘတ်မှာ အတုဆိုတဲ့ စာတန်းကြီး တပ်ပြီးသားဖြစ်သွားကာ တခြားသူတွေနဲ့ ခွဲထုတ်ခြင်းခံလိုက်ရတယ်။
ဂွမ်အစစ်က နွားနို့ကြိုက်တယ်ဆိုတာ တကယ်ပဲဖြစ်နိုင််တယ်။ ဒီလောက်ကြီးမားလှပတဲ့ ရင်သားတွေကို ပိုင်ဆိုင်ထားတာဟာ နွားနို့ရဲ့အကျိုးကျေးဇူးတွေကြောင့်ပဲနေမှာ။
"မမလေးရေ၊ ကျွန်မတော့ ကိုယ်ကျိုးနည်းပြီထင်တယ်။" ဂွမ်(အေမီ)ရဲ့ခေါင်းပေါ်က အမှားခြစ်ကြီးက စက္ကန့်ဝက်အတွင်းမှာပဲ သံမဏိလှောင်ခြိုင့်ကြီး ဖြစ်သွားပြီး ဂွမ် (အေမီ)ကို ဖမ်းချုပ်ထားလိုက်တယ်။ စစ်ပွဲနှင်းဆီ (မက်ဒါနာ)ကတော့ ဒီမြင်ကွင်းကိုကြည့်ရင်း မသိချင်ယောင် ဆောင်နေတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ အခုလိုတွေးပြီး တုန်လှုပ်နေတာ။
"သောက်ကျိုးနည်း၊ ဒီဖြေရှင်းနည်းက တကယ်ကြီး အလုပ်ဖြစ်တယ်ဟ။"
ဒီတစ်ခါတော့ ဖြေရမယ့်အလှည့်က လော့ဒ်မာရှယ်နဲ့လော့ဒ်မာရှယ်တို့အလှည့်ရောက်လာတယ်။ တကယ်လို့ ဒီစစ်ဆေးမှုသာ အပြင်မှာဆိုရင် လော့ဒ်မာရှယ် (ဖရာလီတာ)ရဲ့နားထင်ကနေပြီး ဇောချွေးတွေ စီးကျနေတာ မြင်ရလောက်တယ်။
အခုလောလောဆယ်တော့ လော့ဒ်မာရှယ်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စီးချင်းထ်ိုးတော့မယ့်ဟန်နဲ့ ကြည့်နေကြပြီး မေးခွန်းကိုစောင့်နေတယ်။
"အကြိုက်ဆုံး ဆေးရွက်ကြီးတံဆိပ်က.." Cybercrowတောင် စကားမဆုံးသေးဘူး နှစ်ယောက်လုံးက တူညီတဲ့အဖြေကို ဖြေကြတယ်။
"ကိုလံဘီယာ ဆေးပေါ့လိပ်။"
"ကိုလံဘီယာ ဆေးပေါ့လိပ်။" သေရေကျသွားကြပြီ။
နောက်တော့ ဒီနှစ်ယောက်က တစ်ယောက်ကို လေးစားတဲ့အကြည့်နဲ့ကြည့်ရင်း ပြောလိုက်တယ်။ "ထင်မထားဘဲ ခက်ခဲတဲ့ပြိုင်ဖက်နဲ့တွေ့နေပါလား။"
"ငါတို့သာ အခုလိုစစ်မြေပြင်မှာမတွေ့ဘဲ တခြားနေရာမှာတွေ့ခဲ့ရင် အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်လာနိုင်တယ်။" ကြွက်သားဖုတွေထစ်တွေနဲ့နှစ်ယောက်က ခေတ်ဟောင်းရုပ်ရှင်ထဲက ဒိုင်ယာလော့တွေကိုပြောရင်း တစ်ယောက်ကိုတစ်ယောက် မျက်ခြေမပြတ် စိုက်ကြည့်နေကြတုန်းပဲ။ Cybercrowက ထပ်မေးပြန်တယ်။
"ဘယ်နိုင်ငံလုပ်သေနတ်ကို အကြိုက်ဆုံးလဲ။"
"ရုရှားကွ..."
"ရုရှားကွ..." နှစ်ခါ သရေကျသွားပြီ။ Cybercrow လည်း သူ့နဖူးသူ ရိုက်လိုက်မိတယ်။ တကယ်လို့ မေးခွန်းတွေကို လိုလိုမယ်မယ် ခပ်များများမတောင်းခဲ့မိရင် အခုသူဒုက္ခရောက်နေပြီ။ အခုတော့ အရံမေးခွန်းတွေ ဆောင်ထားတာမလို့ ဆက်မေးလို့ရသေးတယ်။
"အကြိုက်ဆုံးအရက်..."
"ဗော့ကာ..." "ဗော့ကာ။"
"နွေရာသီအားလပ်ရက်မှာ သွားအလည်ချင်ဆုံးနေရာ။"
"ဘာလင်တံတိုင်းကြီး" "ဘာလင်တံတိုင်း..."
ဒီလိုနဲ့ မေးခွန်းတွေဆယ်ချီသွားပေမဲ့ ခုထိအစစ်က မပေါ်သေးဘူး။ နှစ်ယောက်လုံး နဖူးပေါ်ကို လက်နဲ့ချွေးသုတ်ဟန်ပြုရင်း အသက်ကိုပြင်းပြင်းရှူလိုက်ကြတယ်။ မသိရင် သိုင်းကွက်တစ်ရာကျော်ယှဥ်ပြိုင်ပြီးတဲ့ သိုင်းထိပ်သီးကြီးနှစ်ယောက်လို။
ဖရာလီတာကတော့ စိတ်ထဲမှာ ကျိတ်ပြုံးနေတယ်။ "မျက်လုံးအိမ်လှုပ်ရှားမှုနဲ့နှုတ်ခမ်းလှုပ်ရှားပုံကိုကြည့်ပြီး သူဘာပြောမလဲငါခန့်မှန်းလို့ရတယ်လေ။ ပန်ဒရာဂွန်မိသားစုကို အချဥ်မှတ်နေတာလား။ ခိခိခိ..."
ဒါပေမဲ့ နောက်ဆုံးမေးလိုက်တဲ့ Cybercrowရဲ့မေးခွန်းကြောင့် ဖရာလီတာလည်း ပက်လက်လန်သွားရော။
"P*rnကြည့်ရင်ရော ဘာtagသုံးပြီးရှာလဲ။"
"ဘာလို့ပေါက်ကရတွေလာမေးနေတာလဲ။" လော့မာရှယ် (ဖရာလီတာ။)
"အီတလီသူလေးတွေက ငါ့အကြိုက်ကွ။" လော့မာရှယ်အစစ်။
မကြာဘူး ဖရာလီတာရဲ့ခေါင်းပေါ်မှာ အမှားကြီးပေါ်လာပြီး သူလည်းအချုပ်ကျသွားရော။ စစ်ပွဲနှင်းဆီ (မက်ဒါနာ) တစ်ယောက်တည်းသာ စစ်မြေပြင်မှာ ကျန်တော့တယ်။