-
Vol. 4 Ch. 13
ကြောင်တစ်ကောင်နဲ့နိုင်ငံခြားသား အမေရိကန် အာဖရိကန်လူမျိုးတစ်ယောက်က ပျော်ပွဲစားပန်းခြံထဲအဝမှာ ရပ်နေပြီးတော့ လက်ကမ်းစာစောင်တွေ လိုက်ဝေနေရတယ်။
သေချာပေါက် ဒီနှစ်ယောက်က ဗီလိန်တွေဖြစ်တဲ့ ဖရက်နဲ့ကြောင်သခင်ကြီးတို့ပါ။
ဒါပေမဲ့ ဒီနေရာကလူတွေက သူတို့ကိုဗီလိန်တွေမှန်းမသိကြဘဲ အိမ်စေကဖေးတစ်ခုက ပရိုမိုးရှင်းဆင်းဖို့ လွှတ်ထားတဲ့သူတွေလို့သာ ထင်နေကြတယ်။
"အားလုံးပဲ၊ အခုပေးတဲ့ ကြော်ငြာကူပွန်တွေနဲ့ ဆိုင်ကိုလာခဲ့မယ်ဆိုရင် ၁၅% လျှော့စျေးရမှာနော်။"
လူတစ်ရပ်လောက်မြင့်ပြီး ခြေနှစ်ချောင်းနဲ့လမ်းလျှောက်တဲ့ ကြောင်နက်ကြီးနားမှာတော့ မူလတန်းကျောင်းသူလေးတွေ၊ အလယ်တန်းကျောင်းသူလေးတွေနဲ့ အထက်တန်းကျောင်းသူလေးတွေ ဝိုင်းအုံလို့ရယ်။
ဝီစမစ်နဲ့တူတဲ့ ဖရက်နားမှာတော့ သက်လတ်ပိုင်းအိမ်တောင်ရှင်မတွေဝိုင်းနေတာ။ ကလေးအမေတွေတောင် ပါသေးတယ်။
"ဟယ်... ဒီကောင်လေးက ဝီစမစ်ငယ်ငယ်ကနဲ့ တူလိုက်တာ။ ယောက်ျားဆန်ပြီး ခန့်ခန့်ညားညားကြီး။" တချို့မယ်တော်ကြီးတွေက ဖရက်ကို လက်ကိုင်ခွင့်တောင်းပြီး တချို့ကတော့ Selfieအတူဆွဲဖို့ကြိုးစားကြတယ်။ သူက ဝရမ်းထုတ်ခံထားရတဲ့ ထောင်ပြေးမလို့ ဒီလူတွေထဲက တစ်ယောက်ယောက် သူ့ပုံကိုအွန်လိုင်းပေါ်မတင်ပါစေနဲ့လို့သာ ဆုတောင်းနေမိလေရဲ့။
ဆရာကြောင်ဖက်မှာကတော့ ကျောင်းသူလေးတွေက သူ့အမွှေးဖွားဖွားတွေကို တယုတသပွတ်သပ်ပေးနေကြပြီး သူတို့အချင်းချင်းအသည်းအသန်အတင်းတုပ်နေကြတယ်။
"ဒီကြောင်ကြီးက ဝတ်စုံဝတ်ထားတာနဲ့လည်းမတူဘူးနော်။"
"လူယဥ်တဲ့ မြူတန့်ကြောင်ဦးဦးများ ဖြစ်နေမလား။"
"The Cat Returned ထဲက ဘာရွန်ကြီးကျနေတာပဲ။ ရွှေရောင်အမွှေးလေးနဲ့ဆိုရင် တကယ်တူမှာ။"
ဆရာကြောင်ကတော့ လူတကာရဲ့ချီးကျူးမှုတွေကြားထဲမှာ အမြောက်ကြီးမြောက်နေပြီး ပရိုမိုးရှင်း လက်ကမ်းစာစောင်ဝေဖို့တောင် သတိမရတော့ဘူး။ ဖရက်တစ်ယောက်တည်းသာ လက်ကမ်းစာစောင်တွေ လိုက်ဝေနေရတယ်။
ပြီးတော့ သူတို့ဒီကိုရောက်လာရတဲ့အကြောင်းက ဆရာကြောင် ဆိုင်ရှေ့မျက်နှာစာက မှန်ကိုခွဲမိလို့ အလျော်ပေးတဲ့အနေနဲ့ လုပ်အားပေးလာရတာဖြစ်ပြီး ဆရာကြောင်အမှားကြောင့်ပါ။ အခုတော့ အမှားလုပ်မိတဲ့ကြောင်က အေးအေးဆေးဆေးဇိမ်ခံနေပြီး မကောင်းတတ်လို့ လိုက်လာရတဲ့လူက တကယ်အလုပ်လုပ်နေရတယ်။
"အေးပါကွာ၊ ငါကိုက သူနဲ့အတူ ထောင်ဖောက်ပြေးဖို့ ရွေးမိတာကိုး။"
သူတို့ လက်ကမ်းစာစောင်ဆက်ဝေနေတုန်း မူလတန်းကျောင်းသား ကလေးလေးတစ်ကောင်က ဆရာကြောင်ရဲ့အမြီးကို နောက်ကနေ အလစ်လှန်ကြည့်ပြီး ကြက်ဥလေးနှစ်လုံးကို သွားကိုင်တယ်။ ဒါကြောင့် ကြောင်ကြီးလည်း ဒေါသထွက်သွားပြီး နောက်ကိုလှည့်ကြည့်ရင်း သူ့သဘာဝအတိုင်း လက်သည်းတွေကို ဆန့်ထုတ်၊ သွားတွေကိုဖြဲပြပြီး ဟိန်းလိုက်တယ်။
လူတချို့ လန့်ပြီးနောက်ဆုတ်သွားပေမဲ့ ကောင်မလေးတွေကတော့ ဓာတ်ပုံတွေ တဖြတ်ဖြတ်ရိုက်နေတုန်းပဲ။ ကလေးကတော့ လန့်ပြီးငိုပါလေရော။ နောက်တော့ ကြောင်နက်ကြီးကို လက်ညိုးနဲ့ထိုးပြီး သူ့အမေကိုတိုင်ပြောတော့တာပဲ။
"မေမေရေ၊ ဒီကြောင်အကြီးကြီးက သားကိုစားဖို့လုပ်တယ်။"
"လူကြီးတွေကို လက်ညိုးနဲ့ထိုးတာ ရိုင်းတယ်သားရဲ့။" ဒါပေမဲ့ ကလေးအမေက မယုံဘဲ ကောင်လေးလက်ကိုဆွဲကာ ပန်းခြံထဲကနေ ခပ်သုတ်သုတ်ထွက်သွားလေရဲ့။
....
ဟီးရိုးအစည်းအရုံးမှာ ရုံးထိုင်နေတဲ့ ဥစာကီကတော့ အွန်လိုင်းပေါ်က သူ့သူငယ်ချင်းတချို့တင်ထားတဲ့ ကြောင်တစ်ကောင်နဲ့လူတစ်ယောက် လက်ကမ်းစာစောင်ဝေနေတဲ့ပုံတွေကိုကြည့်ရင်း စိတ်ဆင်းရဲလွန်းလို့ သေသာသေလိုက်ချင်တော့တယ်။
ဒီကြောင်နဲ့လူကို သူမမှတ်မိစရာအကြောင်းလား။ လူက အမေရိကန်နိုင်ငံရဲ့ဒိုင်းမွန်းဘရားသား လူမိုက်ဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ A rank ဗီလိန်ဖရက်ပါ။ ဟီးရိုးအစည်းအရုံးတစ်ခုလုံးကို ခြိမ်းခြောက်နိုင်တဲ့ ဗီလိန်မျိုးမဟုတ်ပေမဲ့ သာမန်လူတွေအတွက်တော့ အန္တရာယ်များနေတုန်းပဲ။
ဒါပေမဲ့ ပုံထဲမှာတော့ နာခံတတ်ပြီး စည်းကမ်းလိုက်နာတဲ့ နိုင်ငံခြားသားတစ်ယောက်လိုမျိုးပြုမူနေပြီး အိမ်စေကဖေးတစ်ခုအတွက် လက်ကမ်းစာစောင်တောင် ဝေနေပြီး ကလေးအမေ အဒေါ်ကြီးတွေနဲ့တောင် ဓာတ်ပုံတွဲရိုက်နေသေးတယ်။
ပြီးတော့ အဲဒီလူထက်စာရင် အထက်တန်းကျောင်းသူလေးတွေကြားထဲ အမွှေးပွရုပ်ကြီးလိုဖြစ်နေတဲ့ ကြောင်က ပိုတောင်အန္တရာယ်ကြီးသေး။
အမွှေးဖွားဖွားနတ်ဆိုးကြီးလို့ နာမည်ပြောင်ပေးခံထားရတဲ့ ဒီမြူတန့်ကြောင်က ရုရှားနိုင်ငံမှာ အတော်လေးသောင်းကျန်းခဲ့တာ။ ရုရှားမာဖီးယားဂိုဏ်းခေါင်းဆောင်သုံးယောက်ကို ကြွက်ခုတ်သလိုခုတ်ပစ်ခဲ့ပြီး ဆိုဗီယက်ဝန်ကြီးတစ်ယောက်ကိုတောင် အောင်အောင်မြင်မြင်လုပ်ကြံနိုင်ခဲ့သူပါ။
နောက်ဆုံးတစ်ကြိမ် သူ့ကိုဖမ်းတုန်းက ဒေသခံ မြူတန့်သားရဲတစ်ကောင်နဲ့နယ်မြေလုရင်း အမောဖောက်နေချိန်မလို့ ဟီးရိုးအစည်းအရုံးက ဖမ်းစည်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ဒီလိုမျိုး စွမ်းအားကြီးမားတဲ့မြူတန့်ကြောင်ကို သူ့အဖိုးလက်ထက်က တိုကျိုအစည်းအရုံးအနေနဲ့ ဖမ်းမိဖို့ ဝေးလေစွ။ ဒါတောင် ယာမာဂုချီမိသားစုရဲ့ A rank သုံးယောက်လောက် အသက်ပါသွားသေးတယ်။
"ဒါပေမဲ့ ဒီလူနဲ့ကြောင်က ဘာကိစ္စအိမ်ဖော်ကဖေးမှာ အချိန်ပိုင်းအလုပ်ဝင်လုပ်နေကြတာလဲ။ ဟိုရူးကြောင်ကြောင် ဒေါ်ဝဲလ်မိသားစုလိုမျိုး ကမ္ဘာကြီးကိုအုပ်စိုးမရလို့ စီးပွားရေးလောကကို အိမ်စေကဖေးဆိုင်ဖွင့်ပြီး စိုးမိုးဖို့ကြိုးစားနေကြတာတော့ မဟုတ်ပါဘူးနော်။"
ကြောင်နဲ့လူ ဗီလိန်နှစ်ယောက်တွဲအလုပ်လုပ်နေတဲ့ ကူရီခဲဂ အိမ်ဖော်ကဖေးအကြောင်းကို ဖတ်ကြည့်ပြီးတဲ့နောက်တော့ ဥစာကီက သက်ပြင်းချလိုက်တယ်။ ဒီဆိုင်က ဂျပန်မှာ အိမ်ဖော်ကဖေးတွေကို လူကြိုက်များစေခဲ့တဲ့ ပထမဆုံးဆိုင်တွေထဲက တစ်ဆိုင်ဖြစ်ပြီးတော့ အိုတာခုတွေရဲ့နိဗ္မာန်ဘုံလေးလိုဖြစ်နေတာ ကြာပါပြီ။ ပိုင်ဆိုင်မှုမှာလည်း ဘာပြဿနာမှမရှိဘဲ မိန်းကလေးတွေဦးဆောင်တဲ့ ကူရီခဲဂမိသားစုက ပိုင်တယ်။ ပြဿနာက အဲဒီမိသားစုတစ်ခုလုံးရဲ့မြူတန့်စွမ်းအားက ကြောင်တဲ့။
"အဲဒီကြောင်နက်နဲ့ကူရီခဲဂမိသားစုက တစ်နည်းနည်းနဲ့တော့ ပတ်သက်နေလောက်တယ်။" ဒါပေမဲ့ ဒီထက်ပိုပြီးတော့တော့ ဥစာကီ ကောက်ချက်ဆွဲလို့မရ။
နောက်ပြီး ဒီထက်ပိုအရေးကြီးတဲ့ တခြားကိစ္စတွေလည်း သူ့မှာလုပ်စရာရှိသေးတယ်။ တိုကျိုဟီးရိုးအစည်းအရုံးနဲ့ နှစ်ဘလောက်ပဲဝေးတဲ့နေရာမှာ S အဆင့်နဲ့ A အဆင့် ဗီလိန်နှစ်ကောင်အောင်းနေတာကိုက ပြဿနာကြီးတစ်ခုဖြစ်နေပြီဆိုပေမဲ့ပေါ့။
"ထားပါလေ... သူတို့ထမသောင်းကျန်းမချင်း ငါတို့ဝင်ပါစရာမလိုသေးဘူး။ တခြားကိစ္စတွေကို အရင်ကိုင်တွယ်ရအောင်။"
အဲဒီကြောင်နဲ့လူက S rankနဲ့ A rankတွေဖြစ်တဲ့အတွက် သူတို့ကိုဖမ်းမယ်ဆိုရင် တိုကျိုဟီးရိုးအစည်းအရုံးအနေနဲ့ နောက်တစ်ခါ စစ်ပွဲအဆင့်မစ်ရှင်တစ်ခုကို အစပျိုးရမှာပါ။ ဒီဇင်ဘာလအတွင်းမှာ စစ်ပွဲအဆင့်မစ်ရှင်အများအပြားကို တိုကျိုမှာပြုလုပ်ပြီးပြီဖြစ်လို့ အစည်းအရုံးရဲ့အရင်းအမြစ်ပမာဏက အကန့်အသတ်ရှိနေပြီ။
တိုကျိုမြူတန့်သိပ္ပံတိုက်ပွဲ၊ ဖူဂျီတောင်ခြေအောက်က မြူတန့်သိပ္ပံစမ်းသပ်ခန်း၊ ယာမာဂူချီမိသားစုကို ဖမ်းတဲ့ပွဲနဲ့ အော့တိုကို နှိမ်နင်းတဲ့ကိစ္စတွေမှာ တိုကျိုအစည်းအရုံးက စစ်ပွဲအဆင့်မစ်ရှင်တွေကို ပြုလုပ်ခဲ့ရပါတယ်။ ယူဂျင်းထောင်ကိစ္စမှာကတော့ အဆင့်မြင့်အဖွဲ့ဝင်တချို့ပဲ သွားခဲ့တာဖြစ်လို့ စစ်တပ်အဆင့်လို့ ထည့်တွက်လို့မရဘူး။ ဒါပေမဲ့ ဒီဇင်ဘာလအတွင်းမှာတင် စုစုပေါင်းလေးကြိမ်ရှိသွားပြီဖြစ်ပြီး နှစ်ငါးဆယ်သမိုင်းတစ်လျှောက် စံချိန်အမြင့်ဆုံးပါ။
အေးအေးဆေးဆေးနေနေသမျှ ကြောင်နဲ့လူကို ဒုက္ခမပေးသေးဘဲ ဒရုန်းဇုန်ကို ဆက်စောင့်ကြည့်နေခိုင်းဖို့သာ သူအမိန့်ပေးနိုင်ပါတယ်။
ဥစာကီက နောက်ထပ်အစီရင်ခံစာတစ်ခုကို ဖွင့်ခတ်လိုက်တယ်။ တောင်တန်းတွေပေါ်မှာရှိနေတဲ့ အနီရောင်ဧရာမငှက်ကြီးရဲ့ပုံကတော့ အထင်းသားပါ။ဂျပန်မှာအခြေစိုက်တဲ့ ယိိုကိုတာ အမေရိကန်လေတပ်စခန်းက အကြောင်းကြားတဲ့စာဖြစ်ပြီး မနက်ဖြန်မနက် ၄ နာရီအချိန်မှာ ငှက်ကြီးကို သူတို့လေတပ်က ရှင်းမယ့်အကြောင်း အသိပေးစာဖြစ်ပါတယ်။
အသိပေးစာဖြစ်ပြီး အစည်းအရုံးကို ခွင့်တောင်းတဲ့စာမဟုတ်ပါဘူး။ ဟီးရိုးအစည်းအရုံးရဲ့သဘောထား ဘယ်လိုပဲရှိရှိ သူတို့က အာကိုင်းဂါမီကနေ ဖြစ်သွားတဲ့ မြူတန့်ငှက်ကြီးကို သတ်ဖြတ်မှာဖြစ်ပြီးတော့ ဂျပန်နိုင်ငံက ကန့်ကွက်တာ မကန့်ကွက်တာတွေကို ထည့်စဥ်းစားမှာမဟုတ်ပါဘူး။
"ဒီကောင်တွေကတော့... ငါတို့နိုင်ငံက အချုပ်အချာအာဏာရှိသေးတယ်ဆိုတာ မေ့နေသေးတာလား။"
ဥစာကီ တော်တော်ဒေါသထွက်သွားတယ်။ စစ်ရှုံးနိုင်ငံဖြစ်ရတဲ့ဒုက္ခက မသေးပါဘူး။ ဥစာကီက ဖုန်းလိုင်းကို ချက်ချင်းချိန်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တိုက်ရိုက်စကားပြောဖို့ ဆုံးဖြတ်လိုက်တယ်။
...
နာဂါနိုမြို့မှာတော့ အမေရိကန်စစ်တပ်က မနက်ဖြန် ဗုံးကျဲမယ့်သတင်းကို မသိကြသေးပါဘူး။
ဂျပန်အစိုးရက ဒီသတင်းကို မထုတ်ပြန်ခဲ့သလို ယိုကိုတာလေတပ်ကလည်း ထုတ်ပြန်ဖို့စဥ်းစားကြတဲ့ပုံမပေါ်ဘူး။
ကောင်မလေးနှစ်ယောက်ကတော့ တောင်ပေါ်တက်ဖို့အတွက် အကုန်လုံးနီးပါး အသင့်ပြင်ပြီးနေကြပြီ။ မိရိုင်လေးက တောင်ပေါ်တက်ရင် စခန်းချနေဖို့အတွက် ခေါက်လို့ရတဲ့ရွက်ဖျင်တဲတွေကို ငှားလာပြီး ယုဆလေးကတော့ မုန့်တွေစားစရာတွေကို အထုတ်တစ်ထုတ်ထဲ စုထည့်နေတယ်။
မီးခြစ်တွေ၊ ဓာတ်မီးတွေလည်း အကုန်အသင့်ပါနေပြီ။ ဂေဟာမှူးအစ်မကြီးကတော့ ကလေးနှစ်ယောက်တည်း စိတ်မချလို့တားချင်သေးပေမဲ့ သူတို့တွေက ဒီလိုပြောခဲ့ကြတယ်လေ။
"မပူပါနဲ့၊ သမီးတို့က တောစပ်နားတင် စခန်းချမှာပါ။ ဦးငှက်ကြီးကလည်း လူတွေကို ဒုက္ခမပေးဘူးမဟုတ်လား။ စိတ်ချရပါတယ်။" ဂေဟာမှူးအစ်မကြီးက ကိုယ်တိုင်လိုက်ခဲ့မယ်လို့ ပြောသေးပေမဲ့ သူတို့နှစ်ယောက်ကတော့ ငြင်းဆန်နေကြတုန်းပဲ။
တကယ်လို့ လူကြီးတစ်ယောက်ယောက်ပါလာခဲ့ရင် ငှက်ကြီးဆီကို သူတို့ဘယ်လိုလုပ် သွားလို့ရတော့မှာလဲ။
သူတို့နှစ်ယောက်က လိမ်ပြောနေကြတာဆိုပေမဲ့ ဂေဟာမှူးအစ်မကြီးကတော့ စိတ်ချလက်ချ ယုံမြဲယုံဆဲပါ။ ဒီကောင်မလေးနှစ်ယောက်က ခရစ်စမတ်နေ့တုန်းက ဂေဟာက ဖိုးဖိုးဖွားဖွားတွေကို အကူအညီပေးခဲ့သေးတာကိုး။
"တောင်ပေါ်မှာ အရမ်းအေးတာမလို့ အဝတ်အစားထူထူတွေဝတ်ဖို့ မမေ့ကြနဲ့ဦးနော်။ နှင်းပြိုတာတို့ဘာတို့လည်း ဖြစ်တတ်လို့ ဂရုစိုက်ကြဦးနော်။ ဖုန်းတွေလည်းယူသွား၊ တစ်ခုခုဆို တစ်ခါတည်းအရေးပေါ်နံပါတ်တွေကိုဆက်လိုက်။"
ခေါင်းတွေတစ်သီကြီး ညိတ်ပြပြီးတဲ့နောက် ပြန်မပြောနားမထောင် ကောင်မလေးနှစ်ယောက်က တောင်တက်ပစ္စည်းအပြည့်အစုံနဲ့ ခရီးဆက်ခဲ့ကြတယ်။ မိရိုင်လေးကတော့ လက်သင်တောင်တက်သူများအတွက်လမ်းညွန်ဆိုတဲ့ စာအုပ်လေးကိုဖတ်ပြီး တောင်တက်တဲ့အခါ လိုက်နာရမယ့်ဟာတွေကို တတွတ်တွတ်ရွက်ဖတ်ပြနေတယ်။
"ဆောင်းတွင်းတောင်တက်တဲ့အခါ ရေခဲနေတဲ့ ကန်တွေကိုတွေ့ရင် အတတ်နိုင်ဆုံးဖြတ်မလျှောက်ပါနဲ့။ ရေခဲနေတဲ့မျက်နှာပြင်က ပါးနေပြီး လူဝိတ်ကိုမနိုင်တာမျိုး ဖြစ်တတ်လို့ပါ။"
"နှင်းတွေဖုံးနေတဲ့ တောင်တန်းတွေကို မျက်လုံးနဲ့တိုက်ရိုက် အကြာကြီးမကြည့်မိပါစေနဲ့၊ နေအလင်းကို ရောင်ပြန်ဟပ်စေတဲ့အတွက် ယာယီမျက်စိအမြင်အာရုံ ဆုံးရှုံးတာမျိုး ဖြစ်တတ်ပါတယ်။" နောက်တော့ ယုဆလေးက အိတ်ထဲကနေ နေကာမျက်မှန်နှစ်ခုနှိုက်လိုက်ပြီး မိရိုင်ကိုပေးလိုက်ကာ သူကိုယ်တိုင်လည်း တပ်လိုက်တယ်။
နောက်တော့ တောင်တက်သမားတွေသုံးတဲ့ မြေပုံကိုဖြန့်ရင်း တောင်တန်းနယ်မြေထဲကို တဖြည်းဖြည်းဝင်ရောက်ခဲ့ကြတယ်။
ယုဆလေးက မှတ်ဉာဏ်ကောင်းတဲ့အတွက်ကြောင့် လမ်းပျောက်မှာမပူရဘူး။ တောင်ပေါ်မှာ သားရဲတွေရှိပေမဲ့ မိရိုင်လေးရဲ့မီးအစွမ်းက တိုက်ပွဲဝင်နိုင်တဲ့အဆင့်ကို ရောက်နေပြီမလို့ နှစ်ယောက်အန္တရာယ်ဖြစ်မှာ မကြောက်ရဘူး။
သူတို့တစ်နေကုန် ခရီးသွားနေကြတာဖြစ်လို့ တဖြည်းဖြည်းနဲ့ မြို့ပြကြီးကို လှည့်ကြည့်လို့မမြင်ရနိုင်တော့တဲ့ အနက်ထိရောက်လာခဲ့ကြတယ်။ နေရာတိုင်းမှာ နှင်းတွေနဲ့နှင်းဖုံးလို့ ဖြူဖွေးနေတဲ့ သစ်ပင်တွေကို မြင်နေရတယ်။
သူတို့ရောက်နေတဲ့နေရာက ခရီးသွားတွေလာလေ့ရှိတဲ့ နေရာတွေကိုတောင် ကျော်လွန်သွားပြီမလို့ လူတစ်ယောက်မှ မတွေ့ရတော့ဘူး။ တကယ်တော့ ငှက်ကြီးရှိနေတဲ့အတွက် ဘယ်သူမှလည်း တောနက်ထဲ မဝင်ရဲကြတော့ဘူး။
သူတို့က တောင်တန်းပေါ်မှာရှိနေတဲ့ နှစ်ဦးတည်းသော လူသားတွေဖြစ်နေနိုင်တယ်။
တဖြည်းဖြည်း နေဝင်ပြီး အလင်းရောင်ပျောက်လာချိန်မှာတော့ မိရိုင်တို့ နားဖို့ဆုံးဖြတ်လိုက်ပြီး ရွက်ဖျင်တဲလေးကို ဖြန့်လိုက်ကြတယ်။ နောက်တော့ သူတို့သယ်လာတဲ့ မီးသွေးမီးဖိုလေးကိုမွှေးပြီး အသားကင်စားဖြစ်ကြသေးတယ်။ တစ်ချိန်တည်းမှာပဲ ဟိုဟိုဒီဒီ ရောက်တတ်ရာရာတွေ ပြောဖြစ်ကြပြန်တယ်။
ကျန်နေသေးတဲ့ခရီးတစ်ဝက်က ဝေးသေးပေမဲ့ မိရိုင်က ခဏနားပြီးတာနဲ့ ခရီးဆက်ဖို့ ဆုံးဖြတ်ထားပြီးသား။ စိတ်ဓာတ်ပြင်းပြလွန်းတဲ့ မိရိုင်ကြောင့် ယုဆလည်း မနေနိုင်ဘဲ ပြောလိုက်မိတယ်။
"မိရိုင်-ချန်၊ ညဖက်က အလင်းရောင်မရှိတော့ ခရီးသွားရတာ ပိုပြီးအန္တရာယ်များတယ်နော်။ မိုးလင်းတဲ့အထိ မစောင့်တော့ဘူးလား။"
"ဟင့်အင်း... အဲဒီတစ်ညအတွင်းမှာတင် ဆရာက တစ်နေရာရာကို ပျံပြီးထွက်သွားတာမျိုး ဖြစ်နိုင်တယ်လေ။"
....
တစ်ချိန်တည်းမှာပဲ ဘိုးဘွားဂေဟာမှူးက ကလေးမလေးနှစ်ယောက် ပြန်မလာသေးတဲ့အတွက် စိတ်ပူနေပြီး ရဲတိုင်လိုက်တယ်။ ရဲတွေက မျက်မြင်သက်သေတွေကို မေးပြီးတဲ့နောက်တော့ ကလေးမလေးနှစ်ယောက် တောနက်ထဲခိုးဝင်သွားတဲ့အကြောင်း သိလိုက်ရပြီး နာဂါနိုမြို့တစ်မြို့လုံးကို သတင်းပြန့်သွားတယ်။
တောင်တန်းတွေပေါ်မှာ ငှက်ကြီးရှိနေတဲ့အတွက် တောထဲကို သူတို့ချည်းပဲမဝင်ရဲကြတဲ့အတွက် နာဂါနိုကို တာဝန်ယူထားရတဲ့ ဟီးရိုးအေဂျင်စီကို ဆက်သွယ်ကြတယ်။ နာဂါနိုအေဂျင်စီကလည်း အဆင့်နိမ့်ဟီးရိုးတွေနဲ့သာ လည်ပတ်နေတာဖြစ်လို့ ဌာနချုပ်ဖြစ်တဲ့ တိုကျိုအစည်းအရုံးကို ထပ်ဆင့်အကူအညီတောင်းခံရပြန်တယ်။
ဒီလိုနဲ့ မိရိုင်နဲ့ယုဆတို့ တောနက်ထဲဝင်သွားပြီး ငါးနာရီလောက်အကြာမှာတော့ ဥစာကီဆီကို သတင်းရောက်လာတော့တယ်။
"ဘာ... မိရိုင်နဲ့ယုဆက တောနက်ထဲဝင်သွားတယ်။" ဒရုန်းဇုန်ဆီက သတင်းကိုနားထောင်ပြီးတဲ့နောက်တော့ ဥစာကီ တည်ငြိမ်မနေနိုင်တော့ဘဲ ထိုင်ခုံကနေ ခုန်ထလိုက်ပြီး စားပွဲကို လက်ဝါးနဲ့ရိုက်လိုက်မိတယ်။
"အင်း... တောနက်ထဲကို ဝင်သွားတဲ့ကလေးမနှစ်ယောက်က ဘယ်သူတွေမှန်းမသိပေမဲ့ ကြည့်ရတာ သူတို့ဖြစ်နိုင်တဲ့ပုံပဲ။"
မနက်လေးနာရီမှာ အမေရိကန်လေတပ်က ငှက်ကြီးကို တိုက်ခိုက်ဖို့ပြင်နေတဲ့သတင်းကို သတိရပြီးတဲ့နောက်တော့ ဥစာကီပိုပိုပြီးစိတ်ပူလာတယ်။
"မကောင်းတော့ဘူး၊ သူတို့ ငှက်ကြီးနဲ့အတူရှိနေရင် အန္တရာယ်ရှိတယ်။ ငါသူတို့ကို ကိုယ်တိုင်သွားခေါ်မှဖြစ်တော့မယ်။"
ဥစာကီက ချက်ချင်းပဲ ဟီးရိုးအစည်းအရုံးရဲ့ရနိုင်သမျှအင်အားကို စုစည်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ စစ်ပွဲအဆင့်ပြင်ဆင်မှုပါ။ ဒါပေမဲ့ သူတို့အင်အားနဲ့ အမေရိကန်လေတပ်ကို တားဆီးဖို့ဆိုတာက စိတ်ကူးယဥ်နေသလိုပဲ ရှိနေသေးတယ်။
ဥစာကီက မက်ဒါနာတို့အုပ်စုကို ဆက်သွယ်ဖို့ကြိုးစားသေးပေမဲ့ ဘယ်သူမှ ဖုန်းမကိုင်ခဲ့ပါဘူး။ ဒရုန်းဇုန်က ပြောလိုက်တယ်။
"ကြည့်ရတာ သူတို့လည်း သူတို့ကိစ္စနဲ့သူတို့ အလုပ်ရှုပ်နေတယ်နဲ့တူတယ်။" ဥစာကီကလည်း စိတ်ဓာတ်ကျစွာနဲ့ သက်ပြင်းချလိုက်ပြီး ခေါင်းညိတ်လိုက်တယ်။
အရင်တစ်ခါတုန်းက အမေရိကန်မြူတန့်ဌာနစိတ်က ဖလမ်းဂါးဒီးယမ်းဟာ ဂျပန်ကိုလာပြီး သူတို့ကိုဝင်ရှုပ်ခဲ့ပါသေးတယ်။ ဒီတစ်ကြိမ်လည်း ဝင်ရှုပ်နိုင်တဲ့အတွက် အာမခံအနေနဲ့ အပို S rankနှစ်ယောက်ကို ဥစာကီခေါ်ချင်နေခဲ့တာပါ။ ကြည့်ရတာ မဖြစ်နိုင်တော့ပုံပဲ။
"ဘယ်တတ်နိုင်ပါ့မလဲ၊ ငါတို့ချည်းပဲ လှုပ်ရှားကြတာပေါ့။" အခုအချိန်မှာ ဥစာကီရဲ့အဖိုးအိခဲဒက တရားဥပဒေပြစ်ဒဏ်နဲ့ရင်ဆိုင်နေရပြီဖြစ်လို့ အရင်လို သူ့ကိုလာမကူနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်အင်အားကိုယ်ပဲ အားကိုးရမှာပါ။
....
ဗီလိန်ကွန်ယက်ထဲမှာတော့ စစ်ပွဲနှင်းဆီဟန်ဆောင်ထားတဲ့ မက်ဒါနာဟာ စစ်ပွဲနှင်းဆီနဲ့ မျက်နှာချင်းဆိုင်ပြီး Cybercrowမေးမယ့်မေးခွန်းကို စောင့်ဆိုင်းနေကြပါတယ်။
Cybercrowက မေးခွန်းကိုဖတ်ကြည့်ပြီး မျက်ခုံးပင့်လိုက်တယ်။ (တကယ်တမ်း မျက်နှာဖုံးကြီးနဲ့မလို့ မမြင်ရပေမဲ့ပေါ့။ နောက်တော့ သူက ချောင်းဟန့်လိုက်ပြီး မေးခွန်းကို စမေးလိုက်ပါပြီ။
"စစ်ပွဲနှင်းဆီဝတ်နေကျ အတွင်းခံအင်္ကျီအမျိုးအစား။"
စစ်ပွဲနှင်းဆီအတုရော၊ စစ်ပွဲနှင်းဆီအစစ်ပါ ဒီမေးခွန်းကြောင့် မျက်နှာကြီးမဲနက်သွားလေရဲ့။ စစ်ပွ့နှင်းဆီအစစ်က အံ့ကြိတ်လိုက်ပြီး သူ့လူတွေဘက်ကို သစ္စာအဖောက်ခံလိုက်ရတဲ့ မျက်နှာမျိုးနဲ့လှည့်ကြည့်တယ်။
"နင်တို့ထဲက ဘယ်သူအဲဒီမေးခွန်းကိုပေးလိုက်တာလဲ။"
ဒါပေမဲ့ အဆင့်နိမ့်အဖွဲ့ဝင်တွေအကုန်လုံးက မျက်နှာချင်းမဆိုင်ဝံ့ကြဘဲ သူတို့ခေါင်းဆောင်ဆီကနေ အကြည့်လွှဲလိုက်ကြတယ်။ သေချာတာတော့ သူတို့ပြန်ရောက်ရင် အကုန်သမခံရတော့မှာပါ။
'အယ်... ဒီမေးခွန်းက လွယ်လွယ်လေးပဲမဟုတ်လား။ မိန်းကလေးတွေအားလုံး ဟိုအတွင်းခံကြိုက်တတ်ကြတယ်လေ။' မက်ဒါနာက အစပိုင်းပေါက်ကရမေးခွန်းမေးခံရလို့ ရှက်သွားပေမဲ့လည်း သေချာစဥ်းစားကြည့်တော့ အလွယ်လေးလို့ခံစားမိလာတယ်။ ဒီတော့ စစ်ပွဲနှင်းဆီအစစ်ကို ခပ်ညစ်ညစ်ကြည့်လိုက်ရင်း ကောက်ကျစ်တော့မယ့်အပြုံးလေးပြုံးလိုက်တယ်။
အဲဒီနောက် ခါးကိုထောက် ရင်ကိုကော့ပြီး တစ်ခွန်းတည်းပြောလိုက်လေရဲ့။
"သေချာတာပေါ့... ဇာနက်ကလေးတွေက ငါအကြိုက်ဆုံးပဲလေ။" ဘယ်မိန်းကလေးက ဇာနက်မကြိုက်ဘဲနေမှာလဲ။ ဒီလောက်အနုပညာဆန်တဲ့ဥစ္စာကို။
ဒီအဖြေကြောင့် စစ်ပွဲနှင်းဆီအစစ်ရဲ့မျက်နှာက နီရဲနေရာကနေ ပိုပြီးပြာနှမ်းသွားတယ်။ အဲဒီနောက်တော့ သူက ရှက်ရှက်နဲ့သူ့မျက်နှာသူလက်ဝါးနဲ့ဖုံးရင်း တစ်လုံးချင်းဖြေလိုက်တယ်။
"တကယ်တော့ ငါလည်းဇာနက်ကြိုက်ပေမဲ့ ငါဝတ်လို့ရတဲ့ဆိုဒ်မရှိလို့ စွပ်ကျယ်ပဲခံဝတ်နေရတာလေ။"
ဒီစကားကိုနားထောင်နေတဲ့လူတွေအကုန်လုံး မပြုံးဘဲ မနေနိုင်ကြတော့ဘူး။ ဒီလောက်ပြားချပ်နေတဲ့ စစ်ပွဲနှင်းဆီအတွက် ဘယ်လိုလုပ်ဇာနက်တွေဝတ်ဖို့ ဖြစ်နိုင်မှာလဲ။ ဒုတိယထပ် လောင်းကစားရုံမှာဆိုရင် အကုန်လုံး ဗိုက်နှိပ်ရယ်နေကြပြီ။ ဒီနေ့ သူတို့လျှို့ဝှက်ချက်ကြီးတစ်ခု သိလိုက်ရပြီကိုး။
"......"
မက်ဒါနာကတော့ နွေခေါင်ခေါင် မိုးကြိုးပစ်ခံရတဲ့မျက်နှာနဲ့ လူပုံအလယ်မှာ ကြောင်တောင်ကြီးရပ်နေရတယ်။ နောက်တော့ သူ့ခေါင်းပေါ်မှာ အမှားခြစ်ကြီးပေါ်လာပြီး သူလည်းအချုပ်ထဲရောက်သွားရော။