← Chapters

ကမ္ဘာကြီးဆူပွက်လာခြင်း

Vol. 4 Ch. 15

ကမ္ဘာကြီးဆူပွက်လာခြင်း

Vol. 4 Ch. 15

မက်ဒါနာတို့အုပ်စု ဥရောပသွားဖို့ပြင်ဆင်နေချိန်မှာတော့ နာဂါနိုမှာ တိုကျိုဟီးရိုးအစည်းအရုံးနဲ့ အမေရိကန် မြူတန့်ဌာနစိတ်တို့ဟာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မျက်နှာမူတပ်ချထားပါတယ်။ အခုအခြေအနေက အချိန်မရွေးစစ်ဖြစ်နိုင်တဲ့ အခြေအနေမှာပါ။

တိုကျိုဟီးရိုးအစည်းအရုံးက သူ့ဘာသာ အေးအေးချမ်းချမ်းနေပြီး လူထုကိုအန္တရာယ်မပြုသေးတဲ့ မြူတန့်သားရဲတစ်ကောင်ကို ကိုယ်တိုင်တိုက်ခိုက်လိုခြင်းမရှိသလို အမေရိကန်လေတပ်က တိုက်ခိုက်လိုက်မှ အနီးအနားမြို့တွေအပေါ် အန္တရာယ်ကျလာနိုင်တယ်ဆိုပြီး ကန့်ကွက်ထားပါတယ်။ ဒုတိယကန့်ကွက်မှုတစ်ခုကတော့ နာဂါနိုက ဂျပန်ပိုင်နက်ဖြစ်ပြီး အမေရိကန်ပိုင်နက်မဟုတ်တာကြောင့် နှစ်နိုင်ငံက မဟာမိတ်ဖြစ်နေရင်တောင် ခွင်ပြုချက်မရှိဘဲ ဂျပန်မြေမှာ စစ်ဆင်ရေးလုပ်ခွင့်မရှိဘူးဆိုတဲ့အချက်ပါ။

ဒါပေမဲ့ ဒုတိယကန့်ကွက်မှုက နာရီအနည်းငယ်အတွင်းမှာပဲ အကျုံးမဝင်တော့ဘူးဖြစ်သွားတယ်။ အကြောင်းကတော့ ကာကွယ်ရေးဝန်ကြီးရုံးက လွှတ်တော်အမတ်တစ်ဝက်လောက် ကန့်ကွက်နေတဲ့ကြားကကို ခွင့်ပြုချက်ချပေးလိုက်လို့ပါ။

လွှတ်တော်ခွင့်ပြုချက်မပါတဲ့ ဒီခွင့်ပြုမိန့်ဟာ တရားဝင်ဟုတ်မဟုတ် ငြင်းခုန်ကန့်ကွက်နေကြပေမဲ့ သူတို့ငြင်းခုန်လို့မပြီးသေးခင်မှာ အမေရိကန်ဗုံးတွေက နာဂါနိုတောင်ပေါ်ကို ကျရောက်ပြီးနေလောက်ပါပြီ။

ဆိုရှယ်မီဒီယာပေါ်မှာလည်း ဒီကိစ္စက တော်တော်ဆိုးဝါးတဲ့ Trendတစ်ခုဖြစ်လာစေခဲ့ပါတယ်။ မြူတန့်နဲ့သာမန်လူသားတွေက တိုကျိုအဖြစ်အပျက်အပြီးမှာ အတော်လေးအစေးမကပ်ခဲ့ကြပေမဲ့ ဒီကိစ္စအပေါ်မှာတော့ တူညီတဲ့အမြင်ရှိကြပါတယ်။

ဘယ်သူမှ ဟီရိုရှီးမားနဲ့နာဂါဆာကီလိုအဖြစ်မျိုး ၂၁ ရာစုမှာ ထပ်မဖြစ်ချင်ကြပါဘူး။

နာဂါနို ရှေ့တန်းစစ်မျက်နှာမှာတော့ ဥစာကီက ရွက်ဖျင်တဲတစ်ခုတည်းမှာ ဖွဲ့စည်းထားတဲ့ ယာယီရုံးခန်းမှာထိုင်နေပြီး ပြည်သူတွေကိုရွေ့ပြောင်းဖို့ကူညီပေးနေတဲ့ အပြင်ဖက်က ဟီးရိုးတွေနဲ့ရဲတွေကို ငေးကြည့်နေမိတယ်။

နာဂါနိုမှာက လူသုံးသိန်းခွဲလောက်ရှိပါတယ်။ ဂျပန်က ဆူနာမီဘေးဒဏ်ကို မကြာခဏခံရတဲ့နိုင်ငံဖြစ်လို့နိုင်ငံသားတွေကိုယ်တိုင် ဘေးကင်းရာရွေ့ပြောင်းရေးမှာ အတွေ့အကြုံရှိကြပေမဲ့ တစ်မြို့လုံးကို ဗုံးမကျဲခင် ပြောင်းပေးဖို့က ထင်တာထက် ခေါင်းပိုကိုက်ရတဲ့ကိစ္စပါ။

ဒရုန်းဇုန်က ရုံးခန်းထဲဝင်လာပြီး ဥစာကီကို ဖိုင်တစ်ဖိုင်ကမ်းပေးလိုက်တယ်။

"ရွှေ့ပြောင်းနှုန်းက အဆင်ပြေတယ်၊ နောက်နှစ်နာရီလောက်ကြာရင် မြို့ထဲကလူတွေအားလုံးကို ဘေးကင်းရာ ရွေ့ပေးနိုင်လောက်တယ်။"

ဒါပေမဲ့ ဥစာကီမှာက အခုကိစ္စထက် ပိုပြီးပူစရာရှိနေပါသေးတယ်။ တောင်တန်းတွေကြားထဲ ဝင်ရောက်သွားတဲ့ မိရိုင်တို့နှစ်ယောက်ကိုရှာဖွေဖို့ ဟီးရိုးတစ်ဖွဲ့လွှတ်ပေးထားပေမဲ့ ခုထိဘာသတင်းမှမကြားရသေးဘူး။

"ရှာဖွေရေးယူနစ်ကနေရော ဘာသတင်းကြားပြီလဲ။"

"တောင်ခြေတော်တော်များများနဲ့ တောစပ်တွေကို ရှာပြီးသွားပြီဆိုပေမဲ့ လူရိပ်လူယောင်တော့ မတွေ့ရသေးဘူး။ သူတို့စခန်းချသွားတယ်လို့ ယူဆရတဲ့တစ်နေရာတော့တွေ့တယ်။ သူတို့ခြေရာတွေက ငှက်ကြီးရှိတဲ့ဖက်ကို ဆက်သွားနေတဲ့ပုံပဲ။ ပြီးတော့ ရှာဖွေရေးဟီးရိုးအများစုက အနက်ပိုင်းကိုဆက်မသွားရဲတော့ဘူး။"

ငှက်ကြီးက သာမန်အားဖြင့် လူတွေကိုအန္တရာယ်မပြုပေမဲ့ ဘာပဲဖြစ်ဖြစ် လူမဟုတ်တော့တဲ့ မြူတန့်သားရဲတစ်ကောင်ပါ။ မြူတန့်သားရဲတွေရဲ့ပင်ကိုယ်ဗီဇအရ သူတို့ကိုယ်ပိုင်ပိုင်နက်ထဲကို ဝင်ကျူးကျော်တဲ့ သက်ရှိမှန်သမျှကို ရန်သူလို့သတ်မှတ်တတ်ကြပါတယ်။ ဒါကြောင့်မလို့ အရဲရင့်ဆုံးဟီးရိုးတွေတောင်မှ သေလမ်းရှာပြီး ဝင်သွားမှာမဟုတ်ပါဘူး။

"ဒီတော့... ငါကိုယ်တိုင်ပဲ တောင်ပေါ်တက်ရတော့မှာပေါ့၊ တခြားနည်းလမ်းမရှိတော့ဘူးပဲ။"

ဥစာကီက သက်ပြင်းချလိုက်တယ်။ အစတည်းက သူကိုယ်တိုင် သူ့ညီမလေးနောက်ကိုလိုက်ပြီးဖမ်းခဲ့ရင် အခုလောက်ပြဿနာရှုပ်ချင်မှရှုပ်မှာပါ။ သူတို့စဥ်းစားနေကြတုန်း အပြင်ကနေ တခြားဟီးရိုးတစ်ယောက်ဝင်လာပြီး သတင်းပို့တယ်။

"ခေါင်းဆောင်၊ မြူတန့်ဌာနစိတ်ရဲ့ဌာနမှူးဆိုတဲ့လူက တွေ့ခွင့်တောင်းနေပါတယ်။" အပြင်ဖက်မှာ လုံးဝမှောင်နေပြီဖြစ်လို့ ဗုံးကျဲဖို့အတွက်အချိန်က သိပ်မကျန်တော့ဘူး။ အခုရှစ်နာရီထိုးပြီဖြစ်လို့ နောက်ထပ် ရှစ်နာရီကြာရင် အမေရိကန်လေတပ်က နာဂါနိုတောင်တန်းတွေဆီကို ရောက်ရှိလာမှာဖြစ်ပြီး တိုက်ပွဲစတော့မှာပါ။ တိုက်ပွဲမစခင် ဖလိမ်းဂါးဒီးယမ်းရောက်လာတာ ကောင်းတဲ့ကိစ္စတော့မဟုတ်ဘူး။ တိုက်ပွဲဖြစ်တဲ့အချိန်ကျရင် သူတို့ကိုနှောင့်ယှက်မယ့်သူမရှိအောင် ကြိုရှင်းချင်ကြတာ။

ဒါကြောင့် ငှက်ကြီးနဲ့လေယာဥ်တွေမတိုက်ခိုက်ခင် မြူတန့်ဌာနစိတ်နဲ့ဟီးရိုးအစည်းအရုံးရဲ့တိုက်ပွဲက အရင်ဖြစ်လာနိုင်တယ်။

....

နယူးယောက်ဟီးရိုးအစည်းအရုံးမှာတော့ ဟယ်ရီအပါအဝင် ဟီးရိုးတွေက ဖားလေးအတွက်အခမ်းအနားတစ်ခု လုပ်ပေးနေပါတယ်။ တရားဝင် ဟီးရိုးအဖြစ် သတ်မှတ်ခံရတဲ့အထိမ်းအမှတ်ပွဲပါ။

ဒီနှစ်တော့ ဖားလေးက ကျောင်းအချင်းချင်းယှဥ်ပြိုင်တဲ့ပွဲမှာ ပထမရခဲ့ပြီး ဟီးရိုးစာမေးပွဲအောင်သွားပါတယ်။ အလုပ်သင်ဟီးရိုးကာလမှာလည်း ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေကို ဖော်ပြနိုင်ခဲ့တဲ့အတွက်ကြောင့် ရာထူးကိုအောက်ဆုံးကနေမစရဘဲ ဂျူနီယာအမျိုးအစား B rank အဖြစ်သတ်မှတ်ပေးခဲ့တာပါ။ ဒါကြောင့်လည်း မယ်လီနဲ့ဟယ်ရီတို့ပေါင်းပြီး ပွဲလေးတစ်ခုလုပ်ပေးခဲ့တာ။

ဂျူနီယာအမျိုးအစားဟီးရိုးတွေက အတွေ့အကြုံပိုင်းမှာ လိုအပ်ချက်ရှိသေးပေမဲ့ စွမ်းအားအရာမှာတော့ ဝါရင့်ဟီးရိုးတွေနဲ့ယှဥ်နိုင်တဲ့သူတွေကို ခေါ်တာဖြစ်ပါတယ်။ သူတို့အနေနဲ့ စီနီယာတစ်ယောက်ဆီမှာ ဆက်လက်အတွေ့အကြုံယူရဦးမှာဖြစ်ပေမဲ့ အခွင့်အရေးတွေနဲ့ ဆက်ဆံခံရပုံခြင်းကတော့ ပုံမှန်အဆင့်တူတွေနဲ့ အတူတူပါပဲ။

ဖားလေးက ပျော်ရွှင်စွာနဲ့ ကိတ်မုန့်ပေါ်မှာထွန်းထားတဲ့ ဖယောင်းတိုင်ကို မှုတ်လိုက်တယ်။ ပြီးတော့ သူ့ဆရာတွေနဲ့တိုင်ပင်ပြီး အသွင်ပြောင်းပြီးတိုင်း မိန်းကလေးဖြစ်ဖြစ်သွားတဲ့ကိစ္စကိုလည်း အဖြေရှာခဲ့ကြသေးတယ်။ ပြဿနာက အလျင်အမျိုးအစားဖားပုံစံကြောင့်ဖြစ်ပြီး တခြားဖားပုံစံတွေပြောင်းရင် ဘာပြဿနာမှမရှိဘူး။ မိန်းကလေးဖြစ်သွားတာကလည်း ယာယီသာဖြစ်ပြီးတော့ တစ်ပတ်အတွင်းပုံမှန်ပြန်ဖြစ်နိုင်ပါတယ်။ ဒီတော့ ဖားလေးမှာ ဘာအပူအပင်မှမရှိဘူးဖြစ်နေတယ်။

"အထူးတပ်ဖွဲ့ပဲ... အားလုံးလက်မြှောက်ပြီး အဖမ်းခံပါ။"

ရုတ်တရက် ဟီးရိုးအစည်းအရုံးတံခါးဝကို အထူးတပ်သားတချို့က တွန်းဖွင့်ပြီး တရကြမ်းဝင်စီးတယ်။ အသင့်ဖြစ်မနေသေးတဲ့ ဟီးရိုးတွေအားလုံး လက်နက်ကိုင်အထူးတပ်ဖွဲ့ရဲ့ဝိုင်းထားခြင်းကို ခံလိုက်ရပြီ။

အထူးတပ်ဖွဲ့ရဲ့အလယ်မှာတော့ အေးဂျင့်လိုဝတ်ထားတဲ့ ဟီးရိုးဟောင်းလေဆာအိုင်းရှိနေပြီး သူက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဟီးရိုးတွေကို ပြုံးပြနေတယ်။

"လေဆာအိုင်း... မင်းဘယ်လိုလုပ်ပြီး..." ဟယ်ရီလက်ရှိဖြစ်ပျက်နေတာတွေကို နားမလည်နိုင်တော့ဘူး။ လေဆာအိုင်းက ဗီလိန်တွေနဲ့ ပူးပေါင်းခဲ့တဲ့အတွက် တရားဥပဒေရဲ့အပြစ်ပေးမှုအောက်မှာ ရှိနေသင့်တာပါ။ ဒါပေမဲ့ အခုတော့ ဒီလူက မြူတန့်ဌာနစိတ်အေးဂျင့်အသွင်နဲ့ သူတို့ရှေ့မှာရောက်နေတယ်။

"ခေတ်တွေပြောင်းသွားပြီဟယ်ရီ... အခုက ငါ့ခေတ်ပဲ။" လေဆာအိုင်းက ဘာမှဂရုမစိုက်သည့်ဟန်နဲ့ ရယ်မောလိုက်ရင်း နေကာမျက်မှန်ကို အေးအေးဆေးဆေးတပ်လိုက်တယ်။

အဲဒီနောက်တော့ နယူးယောက် ဟီးရိုးအစည်းအရုံးတစ်ခုလုံး ဖမ်းဆီးခြင်းခံလိုက်ရတယ်။

..

Fox NY9 Breaking News

"မိဘပြည်သူများရှင့်၊ အမေရိကန်အထက်ကွန်ဂရက်လွှတ်တော်မှာ ထောက်ခံမဲသုံးပုံနှစ်ပုံရရှိသွားပြီဖြစ်တဲ့ မြူတန့်မှတ်ပုံတင်ရေးနဲ့ဟီးရိုးအစည်းအရုံးဥပဒေကို သမ္မတဂျိုး ဝဲလ်ဆင်က ဒီနေ့မနက်မှာပဲ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။

ဥပဒေဟာ ၂၄ နာရီအတွင်းသက်ရောက်မှာဖြစ်ပြီး နယူးယောက်၊ ဘော့စတွန်၊ ဝါရှင်တန်က အစည်းအရုံးသုံးခုလုံးကို အစိုးရအောက်ထားရှိပြီး ပြင်ဆင်ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။ နိုင်ငံအတွင်းရှိမြူတန့်အားလုံးရဲ့စွမ်းအားအသုံးပြုပိုင်ခွင့်ကို ကန့်သတ်တဲ့ဒီဥပဒေဟာ...."

....

Nikke Aisa News

"နောက်သတင်းတစ်ခုကို တင်ဆက်ပေးပါမည်ရှင်.. ဂျပန်နိုင်ငံဝန်ကြီးချုပ်ရုံးက အမေရိကန်လေတပ်အနေနဲ့ နာဂါနိုမှာဗုံးကျဲမယ့်ကိစ္စကို ခွင့်ပြုပြီးဖြစ်ပေမဲ့ တိုကျိုဟီးရိုးအစည်းအရုံးကတော့ ဇွဲကောင်းကောင်းနဲ့ ဆက်လက်ကန့်ကွက်နေဆဲဖြစ်ပြီး နာဂါနိုမြို့မှာ စစ်ရိပ်စစ်ငွေ့တွေ သန်းလာနေပါတယ်..."

....

CCTV News

"တောင်ကိုရီးယားနိုင်ငံရဲ့ဆိုးလ်အစည်းအရုံးဟာ ဆိုးဆိုးဝါးဝါးပျက်စီးသွားပြီဖြစ်တဲ့အတွက် အမေရိကန်မြူတန့်ဌာနစိတ်က ဆယ်နှစ်ကတိကဝတ်နဲ့မြူတန့်အေးဂျင့်တွေကို စတင်ထောက်ပံပေးမယ့်ဥပဒေသစ်ကို အမေရိကန်သမ္မတ ဂျိုးဝဲလ်ဆင်က ဒီနေ့မနက်မှာပဲ အတည်ပြုလိုက်ပါတယ်။

ဥပဒေအသစ်ကို တောင်ကိုရီးယားအစိုးရကလည်း လက်ခံလိုက်ပြီဖြစ်ပေမဲ့ ဆိုးလ်အစည်းအရုံးနဲ့ပြည်သူရဲ့ဆန္ဒကိုတော့ အကြီးအကျယ်ဆန့်ကျင်နေကြပါတယ်။ ယနေ့ဘူဆန်မှာ လူသိန်းချီစုစည်းပြီး တောင်ကိုရီးယားအစိုးရကို ဆန္ဒပြနေကြပါတယ်။

"ရုပ်သေးအစိုးရအလိုမရှိ။" "တောင်ကိုရီးယားဟာ အချုပ်အချာအာဏာပိုင်နိုင်ငံပါ။"စသည်ဖြင့် ကြွေးကြော်နေကြပြီး တောင်ကိုရီးယားမှာတပ်ချထားတဲ့ အမေရိကန်ကိုရီးယားကျွန်းစွယ်အစောင့်တပ်က လုံခြုံရေးကင်းယူပြီး လက်နက်အပြည့်အစုံတပ်ဆင်ကာ ဆန္ဒပြသူတွေကိုမျက်နှာချင်းဆိုင်ထားပါတယ်။

ယင်းဥပဒေအရ ဆိုးလ်အစည်းအရုံးရဲ့ဖွဲ့စည်းပုံအတွင်းမှာ တောင်ကိုရီးယားနိုင်ငံသားမဟုတ်တဲ့ အမေရိကန်မြူတန့်အေးဂျင့် လေးဆယ်ရာခိုင်နှုန်းလောက်အထိ ရှိလာမှာဖြစ်ပါတယ်။"

....

BBC World News

"အမေရိကန်နိုင်ငံအပါအဝင် မက္ကဆီကို၊ ကနေဒါ၊ ဘရာဇီး၊ အာဂျင်တီးနားနဲ့ လက်တင်အမေရိကနိုင်ငံတွေမှာ ဟီးရိုးအစည်းအရုံးတွေကို အစိုးရတွေက ဖမ်းဆီးတာတွေ နာရီပိုင်းအတွင်း ဆက်တိုက်ဖြစ်နေပါတယ်။ ကိုလံဘီယာနဲ့မက္ကဆီကိုနိုင်ငံတွေမှာတော့ ဟီးရိုးအစည်းအရုံးတွေက အပြင်းအထန်ခုခံခဲ့ကြပြီး မြူတန့်စစ်ပွဲအသွင်မျိုး ဖြစ်လာနေပါတယ်။

ရုရှားမြူတန့်စစ်ပွဲမပြီးသေးခင်မှာပဲ လက်တင်အမေရိကနိုင်ငံတွေမှာဖြစ်လာတဲ့ ဒီကိစ္စတွေဟာ အမေရိကန်ရဲ့နိုင်ငံရေးဩဇာမကင်းဘူးလို့ ဝေဖန်သုံးသပ်နေကြပါတယ်။

ဥရောပနိုင်ငံတွေမှာလည်း အခုလိုဖြစ်လာမလားဆိုပြီး အင်တာနက်ပေါ်မှာ စိုးရိမ်ထိတ်လန့်မှုတွေဖြစ်ပေါ်နေပါတယ်။"

...

ကိုယ်ပိုင်ဂျက်လေယာဥ်ကြီးပေါ်မှာတော့ မက်ဒါနာက သက်ပြင်းချလိုက်မိတယ်။ ဗီလိန်တွေ ခြေလှမ်းမစခင် ဘိုးအေသိမ်းငှက်ကြီးက အရင်ပညာပြလိုက်ပြီကိုး။

ဗီလိန်တွေက သူတို့မြူတန့်အင်အားနဲ့ ဟီးရိုးအစည်းအရုံးတွေကို ဝင်သိမ်းပြီး နိုင်ငံတွေကို သူတို့ဩဇာအောက်မှာ ထားချင်တာပါ။ ဒါပေမဲ့ အမေရိကန်ဆိုတာက ကွန်မြူနစ်စနစ်ကိုတောင် ယှဥ်တိုက်လာခဲ့တာလေ။ ဒါကြောင့် ဒီလိုကိစ္စမျိုးတွေမှာ ပိုအတွေ့အကြုံရှိပြီး သူနဲ့နီးစပ်တဲ့နိုင်ငံတွေကို နိုင်ငံရေးဩဇာနဲ့ကြိုလွှမ်းမိုးဖြစ်လိုက်ပါတယ်။

ဒါပေမဲ့ သူတို့အကြံက အပြည့်အဝအောင်မြင်ပြီး လွယ်ကူနေတာတော့မဟုတ်ပါဘူး။ မက္ကဆီကိုနဲ့ တချို့လက်တင်အမေရိကနိုင်ငံတွေက ဟီးရိုးအဖွဲ့တွေ လွတ်မြောက်သွားပြီဖြစ်ပြီး အထီးကျန်နေတဲ့ ဟီးရိုးတွေက သူတို့ကိုကူညီပေးနိုင်မယ့်အုပ်စုကို ရှာဖွေနေလောက်တယ်။

ဒါက ဗီလိန်အဖွဲ့အစည်းတွေအသစ်ဖွဲ့စည်းမယ့် ဗီလိန်ကွန်ဂရက်အတွက် ရွှေရောင်အခွင့်အလမ်းတစ်ရပ် ဖြစ်လာတော့မှာပါ။

"နင်တို့ဥရောပမှာရော ဘယ်လိုဖြစ်လာနိုင်လဲ။"

မက်ဒါနာနဲ့မတူတာက ဖရာလီတာက အခုကိစ္စနဲ့ပတ်သက်ပြီး သိပ်စိုးရိမ်စိတ်ရှိမနေပါဘူး။ သူက အခုလိုဖြစ်မလာနိုင်တဲ့ အဓိကအကြောင်းအရင်းကို ရှင်းပြလာတယ်။

"မပူပါနဲ့၊ ဥရောပနိုင်ငံတော်တော်များများက NATOအဖွဲ့ဝင်တွေဆိုပေမဲ့ အားနည်းတဲ့လက်တင်အမေရိကနိုင်ငံတွေနဲ့မတူဘဲ မိသားစုကြီးတွေက သိပ်ကိုဩဇာကြီးတယ်။

ဗြိတိန်ရဲ့တော်ဝင်မိသားစုကိုယ်တိုင်က မြူတန့်တွေ၊ ဒီတော့ မြူတန့်လူသားဥပဒေနဲ့ချုပ်ကိုင်ဖို့မလိုဘူး။ လွှတ်တော်ထဲက လူသုံးပုံနှစ်ပုံလောက်ကလည်း မိသားစုကြီးတွေကလူတွေပဲ။"

မက်ဒါနာတို့ရဲ့နောက်မှတ်တိုင်က ဗြိတိန်ပါ။ အဲဒီကနေမှတစ်ဆင့် မြေထဲပင်လယ်ကိုဝင်ပြီး ဗီလိန်ကွန်ဗန်ရှင်းလုပ်မယ့်နေရာကို သွားကြမှာ။

ဖရာလီတာရှင်းပြတော့လည်း ဟုတ်တာပဲ။ ရုရှားက မြူတန့်တွေအပေါ် ချုပ်ကိုင်ဖို့လုပ်ခဲ့ပေမဲ့ ရလဒ်အနေနဲ့ အောက်တိုဘာတော်လှန်ရေးနီးပါးကြီးတဲ့ ပြည်တွင်းစစ်ကြီးဖြစ်သွားတယ်။ ပြီးတော့ အချိန်တိုအတွင်း ရလဒ်ထွက်မယ့်ပုံမပေါ်ဘူး။

ဥရောပနိုင်ငံတွေကတော့ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ချိနဲ့လာနေပြီး ပြင်ပအကူအညီသာမပါရင် စစ်ပွဲကြီးတွေကို အစပြုတိုက်ခိုက်နိုင်စွမ်းမရှိကြတော့ဘူး။ နည်းပညာပိုင်းနဲ့စီးပွားရေးမှာဆိုရင်လည်း ကုမ္ပဏီကြီးအများစုက ဆွေကြီးမျိုးကြီးမိသားစုတွေလက်ထဲမှာပါ။

ဖရာလီတာတို့ရဲ့ပန်ဒရာဂွန်ကုမ္ပဏီထောက်ပံမှုမပါရင် ဥရောပနိုင်ငံတပ်ဖွဲ့တွေအနေနဲ့ ရုရှားမြူတန့်စစ်ပွဲလို စစ်ပွဲကြီးကို ရင်ဆိုင်နိုင်စွမ်းမရှိဘူး။ အမေရိကန်အနေနဲ့ လက်တင်အမေရိကကိုလုပ်သလို နောက်က ထောက်ပံပေးလို့ရပေမဲ့ နိုင်ငံတိုင်းက သူတို့ဘက်ကိုပါဖို့မသေချာသလို မြူတန့်မိသားစုကြီးတွေကလည်း သတိထားမိနေပြီးသားမလို့ ကြိုတင်ပြင်ဆင်ထားနှင့်ကြပြီးပြီ။ ဒီတော့ ဥရောပက မြူတန့်စစ်ပွဲစဖို့ အခက်ခဲဆုံးနေရာပဲ။

ဒါကြောင့်လည်း အမေရိကန်က ရာနှုန်းပြည့်အောင်နိုင်ဖို့လွယ်တဲ့ လက်တင်အမေရိကနဲ့သူ့ခြေကုပ်တပ်တွေရှိတဲ့ အားနည်းတဲ့အာရှနိုင်ငံတွေမှာ မြူတန့်စစ်ပွဲကို တရားဝင်စခဲ့တာပါ။

မက်ဒါနာက လေယာဥ်ပြတင်းပေါက်အပြင်က ရှုခင်းတွေကိုကြည့်လိုက်တော့ မြေပြင်နဲ့နီးကပ်လာနေပြီ။ သူ့မိတ်ဆွေတွေကို သတင်းမေးချင်သေးပေမဲ့ လောလောဆယ်တော့ မေးပြီးရင်တောင် ဘာမှကူညီပေးလို့ရမယ်မထင်ဘူး။ သူကူညီနိုင်တဲ့သူတွေကိုတော့ တတ်နိုင်သလောက် ကူညီပေးပြီးသွားပြီ။

...

နာဂါနိုတောနက်ထဲတွင်တော့ ကောင်မလေးနှစ်ယောက်က တောင်ခြေမှနေ၍ ကြိုးစားပမ်းစားနှင့် တဖြည်းဖြည်းတက်လာကြရင်း နောက်ဆုံးတွင်တော့ ငှက်ကြီးရှိသည့် တောင်ပေါ်သို့ရောက်လာကြသည်။

ဧရာမဖီးနစ်ကြီးက အနားရောက်လာမှ ပုံမှန်ထက်ပိုကြီးလာသယောင်ထင်ရ၏။

သို့သော်လည်း မိရိုင်ကတော့ ရှေ့သို့သွားနေဆဲဖြစ်ကာ ကြောက်လန့်နေသည့် ယုဆကတော့ မိရိုင့်လက်များကို တင်းကျပ်စွာဆုပ်ကိုင်ထားသည်။

"သူငါတို့ကို တစ်ခုခုမလုပ်လောက်ပါဘူးနော်။"

"ဘာမှမဖြစ်ပါဘူး၊ ဆရာက ဆရာပဲဥစ္စာကို။"

သူတို့အနားကို တအားကပ်သွားမိ၍လားမသိ အိပ်စက်အနားယူနေသည့် ငှက်ကြီးက မျက်လုံးဖွင့်ကြည့်လိုက်သည်။ ယုဆလည်း ကြောက်ကြောက်ဖြင့် မိရိုင်၏နောက်ကျောသို့ဝင်ပုန်းမိလိုက်၏။ မိရိုင်ကိုယ်တိုင်လည်း ကြောက်ရွံနေသည့်တိုင်အောင် တုန်ရီနေသော ဒူးများကို ထောက်ပံပေးရန်အတွက် လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားမိသည်။

ကျန်လက်တစ်ဖက်ကတော့ အနုပညာဆန်ပြီးလှပသည့် ခရစ်စမတ်သစ်ပင်ထက်မှ ကြယ်လေးသဏ္ဍာန်ရှိသော မီးတောက်တစ်ခုကို ဖန်တီးပြလိုက်၏။

"ဆရာ... ဆရာသင်ပေးထားတဲ့အတိုင်း မီးလျှံတွေကို ထိန်းချုပ်နိုင်သွားပြီ။ အခုက ခရစ်စမတ်ပြီးသွားပြီဆိုပေမဲ့ ခရစ်စမတ်ကို ဆရာနဲ့ဖြတ်သန်းချင်နေတုန်းပဲ။"

ငှက်ကြီးကတော့ တလက်လက်တောက်ပနေသည့် ကြယ်မီးတောက်ကလေးကိုသာ အသေအချာစိုက်ကြည့်လို့နေသည်။ ယုဆကတော့ ကြောက်ရွံလွန်းသဖြင့် မျက်ရည်ပင်ကျနေလေပြီ။ အကယ်၍ ထိုမီးလျှံကိုသာ ရန်ပြုမှုတစ်ခုဟု ငှက်ကြီးထင်သွားပါက သူတို့နှစ်ယောက်လုံး ကင်ပြီးသားဖြစ်သွားနိုင်၏။

သို့သော် ငှက်ကြီးက သူတို့ကိုဘာအန္တရာယ်မှမပြုဘဲ အတောင်ပံတစ်ဖက်ကိုဖြန့်ကာ ကောင်မလေးနှစ်ယောက်ကို အပေါ်မှမိုးပေးလိုက်သည်။ ယုဆလည်း ထိုအခါမှအကြောက်ပြေသွားပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်မိ၏။

"မိရိုင်... သူက ငါတို့ကို နှင်းတွေရန်ကနေ ကာကွယ်ပေးနေတာပဲ။"

ခရစ်စမတ်အပြီးကာလဖြစ်သော်လည်း ဂျပန်တွင်နှင်းများက ဖြူဖွေးနေအောင်ကျဆဲ။ တောင်အမြင့်ပေါ်တွင်မလို့ အပူချိန်အခြေအနေက ပိုမိုဆိုးဝါးနေသည်။ မိရိုင်နှင့်ယုဆတို့မှာ စိတ်ဓာတ်ခွန်အားမြင့်မားသောကြောင့်တစ်ကြောင်း မိရိုင်၏သန်မာသော မီးစွမ်းအားကြောင့်တစ်ကြောင်း ယခုအထိ အသက်မသေသေးဘဲ ရှိနေကြခြင်းဖြစ်၏။

"ကျေးဇူးပါဆရာ။"

ကောင်မလေးနှစ်ယောက်က ငှက်ကြီးအနားသို့ ပိုတိုးကပ်သွားသည်။ ငှက်ကြီးကလည်း အတောင်ပံကို ကောင်မလေးများအတွက် စောင်ကြီးတစ်ခုသဖွယ် ခြုံထားပေးလိုက်သည်။

ထို့နောက် ငှက်ကြီး၏နံဘေးနားမှာတင် တောင်တက်ခရီးကြောင့် ပင်ပန်းနေပြီဖြစ်ကြသော ကလေးမနှစ်ယောက်မှာ လုံခြုံသည်ဆိုသော စိတ်ခံစားချက်ကြောင့် တဖြည်းဖြည်းချင်း အိပ်ပျော်သွားလေကျသည်။

"ကောင်းသောညပါ၊ ဆရာ။"

....

ထိုအချိန်၊ နုဂါနိုမြို့ပြင်တွင်တော့ အမေရိကန်မြူတန့်ဌာနစိတ်မှလူများနှင့် တိုကျိုဟီးရိုးအစည်းအရုံးတို့က တိုက်ခိုက်ရန်အတွက် အသင့်ဖြစ်နေကြပြီဖြစ်ပြီး တစ်ဖက်နှင့်တစ်ဖက် တိုက်ပွဲဖွဲ့စည်းပုံအတိုင်း ခေါင်းချင်းဆိုင်ထားကြ၏။ ဥစာကီကလည်း ဓားကိုခါးတွင်ချိတ်ထားပြီး ဖလိန်းဂါးဒီးယမ်းကိုကြည့်ကာ ပြောလိုက်သည်။

"အဲဒီစစ်သုံးစက်ရုပ်အစုတ်အပြတ်တွေနဲ့ နည်းပညာချပ်ဝတ်အနည်းငယ်က ငါ့အစည်းအရုံးကလူတွေကို နိုင်မယ်ထင်နေတာလား။"

ဥစာကီ၏စကားအတိုင်းပင် ဟီးရိုးများဖက်က မြူတန့်တိုက်ပွဲများတွင် ပိုမိုအတွေ့အကြုံရှိကာ တစ်ဦးချင်းစွမ်းအားတွင်လည်း အများအားဖြင့်ပိုမိုမြင့်မားသည်။

မြူတန့်ဌာနစိတ်က လူအရေအတွက်ပိုများပြီး စစ်စည်းကမ်းပိုမိုသေဝပ်သည့်တိုင် နိုင်ဖို့အခွင့်အရေးသိပ်မများပေ။

ဖလိမ်းဂါးဒီးယမ်းက အဓိပ္ပါယ်ပါပါပြုံးလိုက်၏။

"ငါ့တာဝန်က မင်းတို့ဟီးရိုးတွေအကုန်လုံးကို အနိုင်တိုက်ဖို့မှမဟုတ်တာ။ လေတပ်ရောက်လာပြီး ဗုံးကျဲတဲ့အထိ မင်းတို့မနှောင့်ယှက်နိုင်အောင် တားဆီးဖို့ပဲ။ ပထမဆုံးဒုံးကျည်က ငှက်ကိုထိသွားတာနဲ့ ငှက်ကြီးက ဒေါသထွက်ပြီး ပြန်တိုက်မှာပဲ။ ဒါဆိုရင် မင်းတို့ဝင်တားလည်း ဘာမှအရာမရောက်တော့ဘူး။"

All Chapters