နာဂါနိုတိုက်ပွဲ
Vol. 4 Ch. 16.1
[Author Note: စာဖတ်ပရိသတ်များခင်ဗျား၊ အစ်ကိုတစ်ယောက်အကြံပေးတာနဲ့ ဥစာကီနဲ့ဖလိမ်းဂါးဒီးယမ်းရဲ့တိုက်ပွဲအကြောင်းကို ပိုကောင်းအောင်ပြင်လိုက်တဲ့အတွက် နှစ်ပိုင်းနီးပါးရှည်သွားလို့ နှစ်ခုခွဲတင်လိုက်ရပါတယ်။ တိုက်ခိုက်ခန်းတွေကတော့ တကယ်ရှယ်ပါပဲ။]
နှစ်ဖက်လုံးက အလျှော့ပေးမယ့်အနေအထားမှာ ရှိမနေတဲ့အတွက် ဂျပန်နိုင်ငံရဲ့နာဂါနိုမြို့မှာ နောက်ထပ် မြူတန့်လူသားစစ်ပွဲတစ်ခု ဖြစ်လာခဲ့ပါပြီ။ ဒီတိုက်ပွဲကို နှောင်းလူတွေက နာဂါနိုတိုက်ပွဲလို့ခေါ်မှာဖြစ်ပြီး အရှေ့စွန်းဖျားနိုင်ငံတွေအတွက် အရေးပါတဲ့ရလဒ်ကို ဆုံးဖြတ်ပေးနိုင်တဲ့တိုက်ပွဲတစ်ခုပါ။
လောလောဆယ်တော့ ဖလိမ်းဂါးဒီးယမ်းနဲ့ဥစာကီတို့နှစ်ယောက်လုံးက အသံမြန်နှုန်းကိုချိုးဖျက်ပြီး မိုးပေါ်ကို ထောင်တက်သွားကြတယ်။ နှစ်ယောက်ချင်း လေပေါ်မှာတိုက်ခိုက်ဖို့ဖြစ်ပြီး ဒီလိုလုပ်မှသာ သူတို့ရဲ့ကိုယ်ပိုင်တပ်တွေကို ပြန်နင်းမိသလို မဖြစ်မှာပါ။
S rankတွေရဲ့ကိုယ်ပိုင်စွမ်းအားက မြင့်မားလွန်းတဲ့အတွက်ကြောင့် အားကုန်ထုတ်တိုက်တဲ့အခါမျိုးမှာ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်အားသက်ရောက်မှုတွေက သိပ်ကိုကြီးမားလွန်းတယ်မဟုတ်လား။
ခေါင်းဆောင်နှစ်ယောက်စတိုက်တာနဲ့ ကျန်တဲ့သူတွေလည်း ငြိမ်မနေတော့ပါဘူး။ နည်းပညာချပ်ဝတ်တွေဝတ်ထားတဲ့ မြူတန့်ဌာနစိတ်အေးဂျင့်ရာချီက ဟီးရိုးတွေကို စတင်ပြီးပစ်ခတ်တယ်။ ဟီးရိုးတွေဘက်ကလည်း အားမနည်းတဲ့အတွက်ကြောင့် တိုက်ပွဲစစချင်းမှာပဲ အနားက အဆောက်အဦးတော်တော်များများ ပျက်စီးကုန်ပါပြီ။
အဆင့်မြင့်မြူတန့်တွေကို ရင်ဆိုင်ဖို့အသုံးမဝင်တဲ့ ဂျက်ဖာဆင် အိုဖိုးစက်ရုပ်တွေက တိုက်ပွဲထဲမှာ သိပ်ကိုထင်ရှားလွန်းနေတဲ့အတွက် မြန်မြန်ဆန်ဆန်ပဲ ဖျက်ဆီးခံနေရတယ်။
တိုက်ပွဲစတာ ငါးမိနစ်မရှိသေးပေမဲ့ မြူတန့်ဌာနစိတ်တပ်ဖွဲ့ဟာ စုတ်ပြတ်နေအောင် ခံနေရပါပြီ။
ကောင်းကင်ပေါ်က တိုက်ပွဲကတော့ အနိုင်အရှုံးမထွက်သေးပါဘူး။ မြေပြင်မှာတိုက်နေကျတဲ့ တပ်ဖွဲ့တွေကလည်း ကောင်းကင်ပေါ်ကတိုက်ပွဲရဲ့အရေးပါပုံကို သိကြပါတယ်။ သူတို့မြေပြင်မှာ အခြေအနေဘယ်လိုပဲရှိရှိ လေပေါ်က S rankနှစ်ယောက်ကသာ ဒီတိုက်ပွဲရဲ့အဆုံးအဖြတ်ကို ဖြစ်ပေါ်စေမှာပါ။
ဥစာကီက သူ့ရဲ့ဓားကိုဓားအိမ်ထဲက ထုတ်လိုက်ပြီးတော့ အမြန်နှုန်းနဲ့ ဖလိမ်းဂါးဒီးယမ်းကို ပိုင်းဖြတ်ဖို့လုပ်လိုက်တယ်။ ဒါပေမဲ့ ဖလိမ်းဂါးဒီးယမ်းက ငွေမီးတောက်တွေကို သူ့ခြေလက်တွေမှာထုတ်ထားပြီး ဂျက်အင်ဂျင်တွေလို အသုံးပြုနေတဲ့အတွက် သာမန်ခန္ဓာကိုယ်ကြွက်သားတွေရဲ့အားနဲ့ ခုန်ပျံပြေးလွှားနေတဲ့ ဥစာကီထက် လေထဲမှာပိုမြန်နေပါတယ်။
အရင်တစ်ကြိမ်တွေ့ဆုံတုန်းက ကျဥ်းမြောင်းတဲ့တိုက်ပွဲနေရာအတွင်းမှာဖြစ်လို့ ဖလိမ်းဂါးဒီးယမ်းက သူ့စွမ်းအားတွေကို စိတ်ကြိုက်ပေါက်ကွဲခွင့်မရခဲ့ပါဘူး။ အခုတော့ ပြောင်းလဲသွားပြီလို့ဆိုရမှာပါ။
"အခုထက်ထိ ခေါင်းမှာနေတုန်းပဲလား၊ မင်းက ငါ့ထက်ပိုပြီးစွမ်းနေရင်တောင် ငါ့ကိုဗုံးကျဲမယ့်အချိန်မရောက်ခင် နိုင်ဖို့မဖြစ်နိုင်ဘူး။ အကျိုးမရှိရုန်းကန်နေတာတွေ ရပ်လိုက်တော့။"
ဖလိမ်းဂါးဒီးယမ်းက သူ့ရဲ့မီးတောက်တွေနဲ့ ဥစာကီကိုပစ်ခတ်ရင်း ဥစာကီပြန်တိုက်စစ်မဆင်နိုင်အောင် ပိတ်ဆို့ထားတယ်။ ငွေရောင်မီးတောက်တွေက ကိုင်းတိုရဲ့မီးလျှံတွေလိုမျိုး ဖိသိပ်ထားတဲ့စွမ်းအားအပြည့်မရှိပေမဲ့ အရိုင်းဆန်ပြီး ပိုကြမ်းတမ်းပါတယ်။
ဥစာကီက တိုက်ခေါင်မိုးတွေပေါ်မှာ ပြေးလွှားရင်း မီးတောက်တွေကို ရှောင်ရှားကာ ဖလိမ်းဂါးဒီးယမ်းကို စက်ဝိုင်းပုံစံပတ်နေပြီး အားနည်းချက်ကိုရှာဖွေနေပါတယ်။
"တွေ့ပြီ..." ဥစာကီက ရုတ်တရက် သူ့ခြေကိုလှည့်လိုက်ပြီး မီးတောက်တွေကို အေးအေးဆေးဆေးရှောင်ကာ အရိပ်တစ်ခုလိုမျိုး ချက်ချင်းရွေ့လျားသွားတယ်။
"တောင်ဖြိုဓားသိုင်း: ကြယ်ကြွေ။"
အဲဒီနောက် ဖလိမ်းဂါးဒီးယမ်းရဲ့ရှေ့မှာပေါ်လာပြီး ခေါင်းကိုဓားနဲ့ခုတ်ပစ်ဖို့ ကြိုးစားလိုက်ပါပြီ။ ဒါပေမဲ့ ဖလိမ်းဂါးဒီးယမ်းကလည်း ပြင်ဆင်ထားပြီးသားပါ။ သူက မီးတောက်တွေကို လက်သီးမှစုစည်းလိုက်ပြီး ဥစာကီရဲ့ဗိုက်ကိုထိုးနှက်လိုက်တယ်။
"သေစမ်း...." နောက်တော့ ဖလိမ်းဂါးဒီးယမ်း မျက်လုံးပြူးသွားတယ်။ အကြောင်းအရင်းက သူလက်သီးနဲ့ထိုးခဲ့တဲ့ ဥစာကီဟာ အရိပ်တစ်ခုသာဖြစ်နေပြီး တကယ့်ဥစာကီအစစ်က သူ့နောက်ကနေပေါ်လာကာ သူ့ဇက်ပေါ်ကို ဓားတင်ထားလိုက်တယ်။
"ဟားဟားဟား... မရှေ့ကနေ အယောင်ပြပြီး၊ အနောက်ကနေ တိုက်တယ်ပေါ့။ တကယ့်ကို နင်ဂျာတစ်ယောက်လိုပဲ။"
"ရှင်လက်နက်ချလိုက်တာကောင်းမယ်။" ဥစာကီက ဓားသွားထဲကို အားနည်းနည်းစိုက်လိုက်တော့ ဖလိမ်းဂါးဒီးယမ်းရဲ့အရေပြားနည်းနည်းပြတ်သွားပြီး သွေးစက်တချို့ စီးကျလာတယ်။
"မင်းက ငါလိုS rankတစ်ယောက်ကို လွယ်လွယ်နဲ့နိုင်မယ်လို့ ထင်နေတာလား။" ဥစာကီရဲ့ပတ်ဝန်းကျင်အပူချိန်က ရုတ်ချည်းထိုးတက်လာတယ်။
သူအောက်ကို ငုံကြည့်လိုက်တော့ မီတာနှစ်ဆယ်အဝန်းအဝိုင်းရှိတဲ့မြေပြင်က မီးတောင်ဝတစ်ခုလိုမျိုး ဆူပွက်နေပြီး အချိန်မရွေးထပေါက်တော့မယ့်အတိုင်းပဲ။ ပြီးတော့ မီးတောက်တွေက ငွေရောင်။
"Ultimate Skill: Grand Inferno"
ရုတ်တရက်မြင့်တက်လာတဲ့ မီးတောက်အလင်းတိုင်ကြီးရန်ကနေလွတ်အောင် ဥစာကီက နောက်ကိုခြေလှမ်းအများကြီး ဆုတ်ပေးလိုက်တယ်။ အခုသူက လေပေါ်မှာမဟုတ်တော့ဘဲ မြေပြင်ပေါ်ပြန်ရောက်နေပြီ။ တောင်ဖြိုဓားသိုင်းကွက်တွေဖြစ်တဲ့ အဆက်မပြတ်တိုက်လေနဲ့ စွန်ရဲဝဲပျံခြင်းက လူ့ခန္ဓာကိုယ်ကြွက်သားတွေကိုသုံးပြီး အသံမြန်နှုန်းကိုလိုက်မီနိုင်ဖို့နဲ့ လေထဲမှာပျံသန်းနေသလို ဝဲနေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ တကယ်ပျံသန်းနေတာမဟုတ်တဲ့အတွက် သိုင်းကွက်အရှိန်ပြယ်သွားတာနဲ့ ပြုတ်ကျလာမှာပါ။
ငွေရောင်အလင်းတိုင်ကြီးကတော့ တစ်ခါတည်း အနီးအနားမှာရှိသမျှ တိုက်တာတွေအားလုံးကို ဝါးမျိုပစ်လိုက်တယ်။ မီးတောက်ထဲပါမသွားတာတောင် ဥစာကီကိုယ်တိုင်တောင်မှ တစ်ကိုယ်လုံးအကင်ခံထားရသလိုမျိုး ပူလောင်မှုကို ခံစားနေရတယ်။
ဟီးရိုးတွေနဲ့မြူတန့်ဌာနစိတ်ကလူတွေလည်း သူတို့တိုက်ပွဲကနေလွတ်အောင် ပိုဝေးတဲ့နေရာတွေဆီ ရှောင်ပြေးနေရပြီ။
ဥစာကီကတော့ မြေပြင်ပေါ်မှာ ဓားကိုကောက်ကိုင်လိုက်ရင်း ဖလိမ်းဂါးဒီးယမ်းကို လေးနက်စွာကြည့်လိုက်တယ်။ ဒီလူက လွယ်မှာမဟုတ်တဲ့ပြိုင်ဖက်ပါ။ အစောပိုင်းက နှစ်ယောက်လက်ရည်စမ်းကြရုံသာဖြစ်ပြီး အခုကတော့ တကယ်တိုက်ရမယ့်အလှည့်ကိုရောက်လာပြီဖြစ်ပါတယ်။
ဖလိမ်းဂါးဒီးယမ်းက ဖြည်းဖြည်းချင်းချဥ်းကပ်နေရာကနေ စပြေးတယ်။ သူ့ညာဖက်လက်မှာ မီးတောက်တွေကို စုစည်းလိုက်ပြီး ဥစာကီရဲ့မျက်နှာကိုချိန်ပြီး ပြေးထိုးတယ်။
ရုတ်တရက်ဖြစ်နေတဲ့အတွက် ဥစာကီလည်း ဓားကိုမြှောက်ကာ ကာကွယ်လိုက်ပါတယ်။ အဲဒီနောက် ရထားတစ်စင်းရဲ့အားအဟုန်လို သန်မာတဲ့အားကြောင့် ဥစာကီဟာ ရပ်နေတဲ့နေရာကနေ နောက်ကိုခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရတယ်။
သူရပ်နေခဲ့တဲ့ ကတ္တရာလမ်းက ကတ္တရာတွေလည်း ကွာထွက်ပြီး အကုန်လွင့်စင်ကုန်တယ်။ ဖလိမ်းဂါးဒီးယမ်းက မီးအထူးပြု S rankဖြစ်ပေမဲ့ သူ့ခွန်အားက မီးစွမ်းအားရဲ့ထောက်ပံပေးမှုနဲ့အတူ A rank အထိရောက်နိုင်တယ်။ ပုံမှန်လူတစ်ယောက်သာဆိုရင် ဒီလက်သီးချက်ကြောင့် တစ်စစီကြေမွသွားနိုင်တယ်။
နောက်ထပ် ဥစာကီဘာမှဆက်မလုပ်နိုင်သေးခင်မှာပဲ ဖလိမ်းဂါးဒီးယမ်းက ဘယ်လက်ကိုပါဆုပ်လိုက်ပြီး မီးတောက်လက်သီးနှစ်စုံနဲ့ ဥစာကီကို ဆက်တိုက်ထိုးနှက်တယ်။ ဒီအကွက်က ဖလိမ်းဂါးဒီးယမ်းရဲ့ကျော်ကြားတဲ့ Gemini fistsပါ။ တော်ရုံပြိုင်ဖက် တော်တော်များများက ဒီအဆင့်မှာတင် သေကုန်ကြတယ်။
ဥစာကီကလည်း သူ့ရဲ့ဓားနဲ့ဆက်တိုက်ခုခံနေရင်း လက်သီးတစ်လုံးက ခံစစ်ကိုကျော်ထွက်လာကာ သူ့ရင်ဘတ်ကို လာမှန်တယ်။ ဟီးရိုးအကာအကွယ်ချပ်ဝတ်ကြောင့် ဒဏ်ရာအကြီးအကျယ်မရခဲ့ပေမဲ့ အားအဟုန်ကြောင့် သွေးတစ်လုပ်ကိုအန်လိုက်ရပြီး ဓားကိုလက်ပြန်ကိုင်ကာ အရေးပေါ်ဓားသိုင်းကွက်တစ်ခုကို ထုတ်သုံးလိုက်ရပါပြီ။
တောင်ဖြိုဓားသိုင်း၊ ဆင့်ပွားသိုင်းကွက်။ သုံးဆင့်ကြယ်တံခွန်။
အဖြောင့်ဓားထိုးချက်သုံးခုက တစ်ပြိုင်နက်တည်းဆိုသလို ဖလိမ်းဂါးဒီးယမ်းရဲ့သေစေနိုင်လောက်တဲ့ ဟာကွက်တွေကို တိုက်ခိုက်လာတယ်။ ဒါပေမဲ့ဘယ် ဓားချက်က အစစ်လဲဆိုတာကို မခွဲခြားနိုင်တဲ့အတွက်ဖလိမ်းဂါးဒီးယမ်း အတော်အံ့ဩမိသွားတယ်။
နောက်တော့ ဓားချက်သုံးခုက တစ်ခုတည်းဖြစ်သွားပြီး သူ့လည်ပင်းကို ထိုးစိုက်ကျလာတယ်။ ပုံမှန်နည်းလမ်းမျိုးနဲ့ ဘယ်လိုမှတုံ့ပြန်လို့မရနိုင်တော့မှန်းသိလိုက်ရတဲ့ ဖလိမ်းဂါးဒီးယမ်းက သူ့လက်ကမီးတွေကို ဂျက်အင်ဂျင်တစ်ခုလိုသုံးပြီး နောက်ကိုရုပ်ပျက်ဆင်းပျက် ခုန်ဆုတ်လိုက်ရတယ်။
ဥစာကီကတော့ လည်ချောင်းထဲမှာကျန်နေသေးတဲ့ သွေးတွေကို ထွေးထုတ်လိုက်ပြီး ပိန်လိမ်ပြီးသုံးစားမရတော့တဲ့ ရင်ဘတ်ကာကို ဖြုတ်ချလိုက်ပါတယ်။ အခုသူ့မှာ တိုက်ပွဲအတွင်းအကာအကွယ်မပေးနိုင်တဲ့ ကျောင်းသူဝတ်စုံပဲရှိတော့ပြီး ထပ်အတိုက်ခံရရင် သေချာပေါက် ဒဏ်ရာရတော့မှာပါ။
ဥစာကီက ဖလိမ်းဂါးဒီးယမ်းပြန်ဆုတ်နေရတဲ့အခွင့်အရေးကို လက်လွှတ်မခံဘူး။ သူ့ဓားကိုတစ်ချက်ယမ်းလိုက်ပြီး ဆက်တိုက်လိုက်တိုက်တယ်။ ဖလိမ်းဂါးဒီးယမ်းကလည်း မီးလက်သီးတွေနဲ့ ပြန်လည်ရင်ဆိုင်ရင်း အပြန်အလှန်ထိုးခုတ်နေတဲ့ တိုက်ပွဲက ပိုမိုပြင်းထန်လာတယ်။
နောက်ဆုံးလက်သီးနဲ့ဓားယှဥ်မိသွားတဲ့အချိန်မှာ ဖလိမ်းဂါးဒီးယမ်းရဲ့လက်လက်ညိုးကို ဓားနည်းနည်းရှသွားပြီး သွေးစတချို့စိမ့်ထွက်လာတာကြောင့် ဖလိမ်းဂါးဒီးယမ်းလည်း ဥစာကီနဲ့နောက်တစ်ခါ လူချင်းခွာလိုက်တယ်။
ဒါပေမဲ့ဥစာကီကလည်း တိုးမလိုက်ဘူး။ တစ်ခါတလေမှာ တိုက်စစ်ဆင်လွန်းခြင်းက ခံစစ်ကို အားနည်းစေပါတယ်။ အကောင်းဆုံးခံစစ်က တိုက်စစ်ပဲလို့ပြောတဲ့သူတွေက တကယ်တိုက်ပွဲအတွေ့အကြုံမရှိလို့ဖြစ်ပြီး ရန်သူ့နယ်မြေထဲကို ကျွံဝင်မိပြီး ပြန်ထွက်လို့မရတော့ဘဲ ကိုယ်ကျိုးနည်းသွားတဲ့အဖြစ်မျိုးတွေက မြူတန့်တိုက်ပွဲတွေမှာ ဖြစ်နေကျပါပဲ။
နှစ်ဖက်လုံးက တိုက်ပွဲကို စက္ကန့်အနည်းငယ်နားပြီးတဲ့နောက် ပြန်စတိုက်ဖို့လုပ်တယ်။ ပထမဆုံးလှုပ်ရှားတဲ့လူက ဖလိမ်းဂါးဒီးယမ်းပဲဖြစ်ပြီး ဒီတစ်ခါတော့ အနီးကပ်တိုက်ဖို့မကြံတော့ဘဲ မီးတောက်တွေကို အမြောက်ဆန်လိုမျိုး စသုံးတယ်။
ဥစာကီရဲ့အနီးကပ်တိုက်ပွဲစွမ်းအားက ကြောက်ခမမ်းလိလိပါ။ ဒါကြောင့် အဝေးကနေတိုက်ဖို့ကြိုးစားတာဟာ ကျိုးကြောင့်သင့်ပါတယ်။
ဒါပေမဲ့ ဥစာကီက မြေပေါ်မှာ သူ့ထက်ပိုမြန်မြန်သွားနိုင်တယ်ဆိုတာကို မေ့နေခဲ့တဲ့ပုံပါပဲ။ ဥစာကီကအရိပ်တစ်ခုလိုမျိုးပြောင်းသွားပြီး ဖလိမ်းဂါးဒီးယမ်းကို ဘက်ပေါင်းစုံကနေ စတင်တိုက်ခိုက်နိုင်တယ်။
တစ်ကြိမ်တော့ ဥစာကီက ဖလိမ်းဂါးဒီးယမ်းရဲ့ခံစစ်ကိုကျော်ပြီး ရင်ဘတ်ကို ဓားနဲ့ခုတ်နိုင်လုနီးပါးဖြစ်သွားတယ်။ ဒါပေမဲ့ဖလိမ်းဂါးဒီးယမ်းက ခြေထောက်မှာ မီးတောက်တွေကိုစုစည်းပြီး ဥစာကီ့ခြေထောက်တစ်ဖက်ကို ဖြတ်ကန်လိုက်တဲ့အတွက် ဟန်ချက်ပျက်ပြီး လဲကျသွားတော့မလိုဖြစ်သွားတယ်။
ဥစာကီလေထဲမှာ ကန့်လန့်ဖြစ်နေတဲ့အချိန်မှာပဲ ဖလိမ်းဂါးဒီးယမ်းက သူ့ဝမ်းဗိုက်ကို လက်သီးနဲ့ထိုးပြီး တိုက်ပွဲကိုအဆုံးသတ်ဖို့ပြင်လိုက်တယ်။ တကယ်လို့ ဒီတိုက်ခိုက်မှုသာ အောင်မြင်ခဲ့ရင် ဥစာကီအနေနဲ့ အချိန်အတော်ကြာတဲ့အထိ တိုက်ခိုက်နိုင်စွမ်းပျောက်သွားမှာဖြစ်ပါတယ်။
ဥစာကီရဲ့မျက်လုံးတွေက ပြောင်းလဲသွားပြီး အနက်ရောင်သံကြိုးလိုအရာတွေက သူ့အရိပ်တွေထဲကနေ စတင်ထွက်ပေါ်လာတယ်။ သံကြိုးတွေက ဖလိမ်းဂါးဒီးယမ်းရဲ့လှုပ်ရှားမှုတွေကို ကန့်သတ်လိုက်ပြီး ခတ္တချုပ်နှောင်ထားလိုက်နိုင်တယ်။ ဒါက ဥစာကီရဲ့နတ်ဆိုးသတ်ဓားရဲ့အစွမ်းပါ။
"ဘာ..." ဖလိမ်းဂါးဒီးယမ်းတိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးနေချိန်မှာပဲ ဥစာကီက ဟန်ချက်ကို ပြန်ထိန်းနိုင်ခဲ့တယ်။ ဖလိမ်းဂါးဒီးယမ်းကလည်း အခုအခြေအနေရဲ့အန္တရာယ်များပုံကို သတိထားမိတဲ့အတွက်ကြောင့် ရှိသမျှခွန်အားတွေကိုညှစ်ထုတ်ကာ မြေပြင်ကိုခြေဆောင့်လိုက်တယ်။
"ဟား...." ဘုန်း.....။
ဖလိမ်းဂါးဒီးယမ်းရဲ့အော်သံနဲ့အတူ သူ့ကိုဗဟိုပြုပြီး နာဂါနိုမြို့ရဲ့လမ်းမတွေက အက်ကွဲကုန်ကာ ကွန်ကရစ်တုံးတွေအကုန်လုံး မြေပေါ်မြောက်တက်လာတယ်။ ဒါပေမဲ့ ဥစာကီက ဒီအတွက်အသင့်ပြင်ပြီးပြီဖြစ်လို့ အသံမြန်နှုန်းအခြေအနေအတွင်းကို ဝင်ရောက်ကာ မြောက်တက်လာတဲ့ ကွန်ကရစ်တုံးတွေကို ခုန်ကူးရင်း ဖလိမ်းဂါးဒီးယမ်းဆီကို အရောက်လာနေတယ်။
နောက်တော့ ဥစာကီက လေထဲမှာ တစ်နေရာကနေ တစ်နေရာကို ခုန်ကူးနေလျက်သား ဓားချက်တွေကို ထုတ်ဖော်နေပြီး ဖလိမ်းဂါးဒီးယမ်းကတော့ မြေပြင်မှာ မားမားမတ်မတ်ရပ်လျက်သား လက်သီးနဲ့မီးလျှံတွေကို ထုတ်ဖော်လျက်သား အကြိမ်ပေါင်းများစွာ တိုက်ကွက်တွေဖလှယ်ပြီး တိုက်ခိုက်ကြတော့တယ်။
ဘုန်း... ဘုန်း... ဘုန်း....။
ဖလိမ်းဂါးဒီးယမ်းရဲ့စွမ်းအားပေါက်ကွဲမှုက အတော်ကိုအားကောင်းပါတယ်။ ဥစာကီက သူ့ရဲ့တိုက်ကွက်တွေကို ရှောင်နိုင်ပေမဲ့ မရှောင်နိုင်တဲ့ အဆောက်အဦးတွေကတော့ အကုန်လုံးတစ်စစီဖြစ်ကုန်တယ်။
တချို့မီးတောက်တွေက တောင်တန်းတွေဖက်အထိ ရောက်သွားပြီး သစ်ပင်တွေကိုပါ ကျိုးပဲ့ကာ ပြာကျစေတဲ့အထိ ပြင်းထန်ပါတယ်။
"ဟား...." နောက်ဆုံးဓားချက်နဲ့လက်သီးတို့ ထိပ်တိုက်ဆုံမိပြီးသွားတဲ့နောက် ဥစာကီရောဖလိမ်းဂါးဒီးယမ်းပါ နောက်ဆုတ်လိုက်ရတယ်။ ဥစာကီကတော့ တစ်ကိုယ်လုံးကအရိုးတွေ ကွဲအက်နေသလို ခံစားနေရပြီး သူ့ဓားတွေက ဖလိမ်းဂါးဒီးယမ်းကို သေစေနိုင်လောက်တဲ့ ဓားချက်တွေမပေးနိုင်ခဲ့ပါဘူး။
ဖလိမ်းဂါးဒီးယမ်းကလည်း အလားတူဖြစ်ပြီး ဥစာကီရဲ့ဓားချက်တွေကြောင့် ဖြစ်လာတဲ့အရေပြားပြတ်ရှရာတွေက သူ့ကိုယ်ပေါ်မှာရှိနေတယ်။ ဒီဒဏ်ရာတွေက သေစေလောက်အောင်မဟုတ်ပေမဲ့လည်း နာကျင်စေပြီး ကြီးမားတဲ့တိုက်ပွဲစွမ်းအားကို ထိန်းထားရတာကြောင့် သက်လုံလည်းကျဆင်းနေပါပြီ။
ဒုတိယအချီလည်းပြီးသွားပြီ။ ဒါပေမဲ့ တကယ့်အနိုင်ရသူစစ်စစ်တော့ ထွက်မလာသေးဘူး။ ဥစာကီနဲ့ဖလိမ်းဂါးဒီးယမ်းတို့က တစ်ယောက်နဲ့တစ်ယောက် ဆွေစဥ်မျိုးဆက် မုန်းတီးလာသူတွေလိုမျိုး ကြည့်နေကြရင်း တတိယအချီကို ချက်ချင်းဆိုသလိုစတင်တယ်။
ဥစာကီက ဓားကိုလက်နှစ်ဖက်နဲ့ကိုင်လိုက်ပြီး ကျိန်စာစက်ကွင်းကို ပြန်စုပ်ယူလိုက်တယ်။ အနက်ရောင်သံကြိုးရိပ်တွေက သူ့ခန္ဓာကိုယ်အရေပြားပေါ်မှာပေါ်လာပြီး နတ်ဆိုးသတ်ဓားကလည်း မည်းနက်သွားတယ်။ ဒါက ချိပ်ပိတ်ဖို့အသုံးပြုတဲ့ ဓားသိုင်းကွက်ဖြစ်ပြီး လွန်ခဲ့တဲ့ဆယ်နှစ်က အာကိုင်းဂါမီကို ချိပ်ပိတ်ခဲ့တဲ့ ဓားကွက်လည်းဖြစ်ပါတယ်။
"နှလုံးသားကို ဓားနဲ့ထိုးသွင်းပြီး ရှင့်စွမ်းအားတွေကို အဆုံးသတ်ပေးရမယ်။"
အခြားတစ်ဖက်မှာလည်း ငွေရောင်မီးတောက်တွေ ဖုံးလွှမ်းနေတဲ့ တစ်စပြင်ထဲကနေ လူတစ်ယောက်ကအပျက်အစီးတွေကို ကျောခိုင်းပြီးဖြည်းဖြည်းချင်းလျှောက်ထွက်လာတယ်။
သူ့တစ်ကိုယ်လုံးကို ငွေရောင်မီးလျှံတွေက ချပ်ဝတ်တန်ဆာတစ်ခုလိုမျိုး ဖုံးလွှမ်းထားပြီး မီးနတ်ဘုရားတစ်ပါးလိုထင်ရတယ်။ တကယ်လည်း ဒီစွမ်းအားပုံစံရဲ့နာမည်က နတ်ဘုရားတစ်ပါးရဲ့နာမည်ပါ။
[Ultimate Skill: Vulcan] ရောမနတ်ဘုရားတစ်ပါးရဲ့နာမည်ရှိတဲ့ ဖလိမ်းဂါးဒီးယမ်းရဲ့ဒီပုံစံက သူ့ရဲ့စွမ်းအားအမြင့်ဆုံးတိုက်ကွက်လည်းဖြစ်ပါတယ်။
"မင်းရဲ့ချိပ်ပိတ်တဲ့တိုက်ကွက်ကို ငါလေ့လာထားပြီးသား။ ငါ့နှလုံးသားကို ဓားနဲ့ထိုးနိုင်မှာ ငါ့အစွမ်းကို ထိန်းချုပ်နိုင်မှာ။ ပြီးတော့ မင်းမှာ အခွင့်အရေးတစ်ခါပဲရှိတယ်။"
ဒီဓားချက်ကို ဥစာကီက တိုက်ပွဲတစ်ခုမှာ တစ်ကြိမ်သာ ထုတ်သုံးနိုင်ပါတယ်။ ပြီးတော့ တိုက်ကွက်ရဲ့စွမ်းအားကိုထိန်းသိမ်းထားနိုင်တဲ့ အချိန်ကာလကလည်း အကန့်အသတ်ရှိတယ်။
"ငါးစက္ကန့်ပဲ မင်းမှာအချိန်ရတယ်။" ရောမမီးနတ်ဘုရားပုံစံနဲ့ ဖလိမ်းဂါးဒီးယမ်းက ဥစာကီဆီကို ပိုမိုမြင့်မားတဲ့ အမြန်နှုန်းမျိုးနဲ့ချဥ်းကပ်လာတယ်။ ဥစာကီကလည်း တူညီလုနီးပါး အရှိန်နဲ့ပြေးထွက်လာပြီး ဓားကို ပုံစံပြောင်းကိုင်တယ်။ ခုတ်ပိုင်းတာမဟုတ်ဘဲနဲ့ ဓားကိုပုံစံပြောင်းလိုက်ရုံလေးနဲ့တောင် ဓားသွားနဲ့အရွယ်ခံရတဲ့ နေရာတွေက ပစ္စည်းတွေဟာ နတ်ဆိုးတစ်ပါးရဲ့မျက်လုံးနဲ့ အကြည့်ခံရသလိုမျိုး အားလုံးပေါက်ကွဲပျက်စီးကုန်တယ်။
ဒါက နတ်ဆိုးသတ်ဓားရဲ့အစွမ်းအထက်ဆုံးစွမ်းအားပါပဲ။ အဲဒီအပြင် ဥစာကီရဲ့နောက်မှာ ရေနဂါးကြီးတစ်ကောင်ရဲ့ပုံရိပ်လည်း ထွက်ပေါ်လာတယ်။
"တောင်ဖြိုဓားသိုင်း၊ နောက်ဆုံးတိုက်ကွက်။" ရေနဂါးကြီးက ဖလိမ်းဂါးဒီးယမ်းရဲ့ခံစစ်လှုပ်ရှားမှုတိုင်းကို ကန့်သတ်ဖို့ကြိုးစားပေမဲ့ ဖလိမ်းဂါးဒီးယမ်းကလည်း ပိုမိုအင်အားကြီးတဲ့တိုက်ကွက်တစ်ခုကို ထုတ်သုံးလာပါတယ်။
"Vulcan's Rampage!" သူ့မီးနတ်ဘုရားချပ်ဝတ်ကြီးက ရုတ်တရက်မကောင်းဆိုးဝါးတစ်ကောင်အဖြစ်ကို ကြီးထွားလာကာ ရေနဂါးကြီးကိုမျိုချပစ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ ဥစာကီရဲ့ဓားသွားကို မီးဘီလူးကြီးက တခြားလက်တစ်ဖက်နဲ့ပက်ထုတ်လိုက်တယ်။
ဘုန်း.....။
ပေါက်ကွဲမှုတစ်ခုနဲ့အတူ မီးနတ်ဘုရားကြီး၊ ရေနဂါးနဲ့ သံကြိုးတွေအားလုံး ပျောက်ကွယ်သွားတယ်။ ဥစာကီ ဖလိမ်းဂါးဒီးယမ်းရဲ့နှလုံးသားကို ဓားနဲ့မထိုးလိုက်နိုင်ဘူး။