အားလုံးရဲ့မျှော်လင့်ချက်
Vol. 4 Ch. 17
လုံခြုံတဲ့ လမ်းကြားလေးတစ်ခုထဲမှာတော့ အေမီက ကျောမှာသူလွယ်ထားတဲ့ ဂစ်တာလွယ်အိတ်ပုံစံအိတ်ကို ချလိုက်တယ်။ ဒါပေမဲ့ အိတ်ထဲမှာက နည်းပညာမြင့် အလင်းဒြပ်စင်ရိုင်ဖယ်တစ်လက်၊ ဇက်စတီးဓားနှစ်ချောင်းနဲ့ အသွင်ပြောင်းနည်းပညာဝတ်စုံအပျော့စားကို ထည့်ထားတာ။
အိတ်ကို ဖွင့်လိုက်ပြီးတဲ့နောက်တော့ အေမီက မိန်းကလေးကိုင်ပိုက်ဆံအိတ်ကလေးလို ဒီဇိုင်းထုတ်ထားတဲ့ Neon Valkyrieဝတ်စုံရဲ့ခေါက်သေတ္တာထွက်လာတယ်။ အရွယ်က အတော်လေးသေးပြီး ခြောက်လက်မပတ်လည်လောက်ပဲရှိပေမဲ့ အတော်စွမ်းအားကြီးတဲ့ဝတ်စုံပါ။
"ဟမ့်... ငါ့မမလေးကတော့ စတိုင်တွေဘာတွေထုတ်ဖို့ နားမလည်ပေမဲ့ ငါကတော့ နားလည်တယ်...."
အေမီက သူ့မမလေးတစ်ယောက် ငွေရောင်စစ်သည်သေတ္တာကို အလုပ်သွားရင်သယ်တဲ့သေတ္တာကြီးလိုသယ်ပြီးပြေးနေတာကို နည်းနည်းလေးမှစတိုင်ကျတယ်မထင်ဘူး။ ဒီတော့ အွန်လိုင်းကနေပြီး တခြားဟီးရိုးတွေ စတိုင်ဘယ်လိုထုတ်လည်းဆိုတာ လိုက်လေ့လာခဲ့တယ်။
အထူးသဖြင့် ဂျပန်က ဟီးရိုးဟောင်းတစ်ယောက်ဖြစ်ပုံပေါ်တဲ့ IXA ဆိုတဲ့နည်းပညာဟီးရိုးဝတ်စုံဝတ်တဲ့ပုံစံကို သူသဘောကျနေတာ။ ဒီတော့ အေမီလည်း IXA စတိုင်နဲ့ သူ့ပိုက်ဆံအိတ်ကို ဘယ်လက်ကကိုင်ပြီး ညာလက်သီးနဲ့ခလုတ်နေရာကို ဖိနှိပ်လိုက်တယ်။
ကံမကောင်းစွာနဲ့ အေမီက Tokusatsuကားတွေရှိမှန်း မနေ့တစ်နေ့ကမှသိတဲ့ သခင်မလေးရဲ့အိမ်စေဆိုတော့ IXAက တကယ်မရှိတဲ့ Kamen rider Kiva ထဲက နည်းပညာဝတ်စုံတစ်ခုဆိုတာကို မသိခဲ့ပါဘူး။
"စကားပုံအဟောင်းတစ်ခုရှိတယ်... ရောမရောက် ရောမလိုကျင့်တဲ့... အခုက ဂျပန်ဆိုတော့... ဟန်းရှင်း"
[Ready.... Switch On...] Neon Valkyrieသေတ္တာက ဆန့်ကားထွက်လာပြီး ပထမဆုံးအနေနဲ့ စုစုပေါင်း နှစ်မီတာလောက်ရှည်တဲ့ ဇက်ဖိုက်ဘာအတောင်ပံတွေက ပွင့်လာတယ်။ အဲဒီနောက်တော့ ဆွဲသားလို့ထင်ရအောင် ပါးလွှာလွန်းတဲ့ ဇက်နှုန်းကြိုးမျှင်ချပ်ဝတ်ကလည်း လေထီးလိုပွင့်လာပြီး အလင်းဒြပ်စင်တွေကြောင့် လေပေါ်မှာမျောလွင့်နေတယ်။
အေမီက အေးအေးဆေးဆေး လက်ကိုဆန့်တန်းလိုက်ပြီး အဲဒီဝတ်စုံကို သာမန်အဝတ်ဝတ်သလိုဝတ်လိုက်တယ်။ ပြီးခါမှ Kamen riderတွေစတိုင်လုပ်သလို လုပ်ပြီး အကျယ်ကြီးအော်လိုက်တယ်။
"Combat Maid: Neon Valkyrie ရောက်ရှိ။"
နောက်တော့ သူ့အတောင်ပံကြီးတွေကိုဖြန့်ပြီးတော့ ငှက်ကြီးနဲ့အမေရိကန်တိုက်လေယာဥ်တွေ တိုက်ခိုက်နေတဲ့ ကောင်းကင်အမြင့်ပေါ်ကို အားကုန်ပျံသန်းသွားလိုက်တယ်။
မြေပြင်မှာရှိနေတဲ့ ဟီးရိုးနဲ့မြူတန့်ဌာနစိတ်တပ်သားတွေကတော့ အပြာရောင်တောင်ပံနဲ့ နတ်သမီးလိုမျိုးအရာတစ်ခုက မှောင်မည်းနေတဲ့ ကောင်းကင်ပေါ်ကို တက်သွားတာကိုသာ မြင်လိုက်ရလေရဲ့။
...
အစပိုင်းမှာတော့ အရေအတွက်ပိုများတဲ့ အမေရိကန်တိုက်လေယာဥ်တွေက ငှက်ကြီးကို ဖိအားပေးနိုင်စွမ်း ရှိတဲ့ပုံပေါ်ပေမဲ့ ကောင်းကင်ပေါ်ကို ရောက်ရှိပြီးတဲ့နောက်မှာတော့ အခြေအနေက ပြောင်းပြန်ဖြစ်သွားခဲ့ပါပြီ။
ငှက်ကြီးက တိုက်လေယာဥ်ယူနစ်သုံးခုရှေ့မှာပဲ အသံထက် အဆပေါင်းများစွာမြန်သွားတဲ့အတွက် လေယာဥ်မှူးတွေဟာ နေလုံးကြီးတစ်စင်း သူတို့နားက ဖြတ်သန်းသွားတယ်လို့သာ သိလိုက်ရပြီးတော့ ယူနစ်တစ်ခုလုံး ပျောက်သွားတာတွေပါ ဖြစ်ကုန်တယ်။
"မေဒေး...မေဒေး... ယူနစ်တူးခေါင်းဆောင်ယာဥ်ကျသွားပြီ၊ အခုပြောနေတာ ဒုခေါင်းဆောင်ပါ။ ပြန်ဆုတ်ဖို့အမိန့်တောင်းပါတယ်။"
ယိုကိုတာလေတပ်ကနေ ထွက်လာတဲ့ လေယာဥ်အုပ်စုက သုံးခုဖြစ်ပြီးတော့ တစ်အုပ်စုမှာ လေယာဥ်တစ်ဒါဇင်စီပါပါတယ်။ ဖွဲ့စည်းပုံအပြည့်မဟုတ်ပေမဲ့ တော်တော်လေးများပြီး ထပ်ရောက်လာတဲ့ လေယာဥ်အုပ်စုနှစ်ခုနဲ့ဆိုရင် အနည်းဆုံး ငါးဆယ်ကျော်လောက်ရှိခဲ့တာပါ။ ဒါပေမဲ့ တိုက်ပွဲစပြီး ဆယ့်ငါးမိနစ်ကျော်လာချိန်မှာတော့ အစီးရေနှစ်ဆယ်အောက်ပဲကျန်တော့တယ်။
ပြီးတော့ အုပ်စုတစ်ကလည်း ကျည်ကုန်လို့ပြန်ဆုတ်နေပြီဖြစ်ပြီးတော့ အုပ်စုနှစ်နဲ့သုံးကလည်း မဟန်တော့ပါဘူး။
...
ယိုကိုတာ လေတပ်အမိန့်ပေးစခန်းမှာတော့ တာဝန်ကျကာနယ်အာသာဖို့စ်က လက်ရှိအခြေအနေကြောင့် ခေါင်းကိုက်နေပါပြီ။ ဒီအတိုင်းသာဆိုရင် ကမ္ဘာ့အင်အားအကြီးဆုံးဖြစ်တဲ့ အမေရိကန်လေတပ်က မြူတန့်သားရဲတစ်ကောင်ကိုတောင် မနိုင်ဘူးဆိုပြီး သတင်းတက်လာတော့မှာပါ။
ကာနယ်အာသာဖို့စ်က သူ့လက်အောက်ငယ်သားတွေကိုကြည့်ပြီး အမိန့်ပေးလိုက်တယ်။
"ယိုကိုတာ တိုက်လေယာဥ်အုပ်စု လေး၊ငါး၊ခြောက်နဲ့ခုနစ်ကို တိုက်ပွဲထဲလွှတ်မယ်။ ကျန်တဲ့လေတပ်စခန်းတွေကပါ အုပ်စုတစ်ခုစီထပ်လွှတ်ခိုင်းလိုက်။"
ဒါပေမဲ့ ငယ်သားတစ်ယောက်က ချက်ချင်းပြန်မေးခွန်းထုတ်ပါတယ်။ "ဒါပေမဲ့ ကျန်တဲ့လေယာဥ်အုပ်စုတွေမှာ Auster 01 မော်ဒယ်လေယာဥ်တွေမရှိပါဘူး၊ အကုန်လုံးက F35 တွေချည်းပဲ။ သူတို့လေထဲရောက်တာနဲ့ ချက်ချင်းပစ်ချခံရလိမ့်မယ်ကာနယ်။"
လက်ရှိအမေရိကန်စစ်တပ်ရဲ့အကောင်းဆုံးဘက်စုံသုံး တိုက်လေယာဥ်တွေက ဖီးနစ်ကြီးကိုတိုက်ခိုက်နေတဲ့ ပေါင်းစပ်တိုက်လေယာဥ်တွေပါ။ မြန်ဆန်ပြီးတိကျပေမဲ့ ဖီးနစ်ကြီးကို အနိုင်တိုက်ဖို့ ဝေးကွာနေဆဲပါ။ ပိုပြီးဆိုးတဲ့ပြဿနာတစ်ခုက ဂျပန်မှာအဲဒီမော်ဒယ်နဲ့တိုက်လေယာဥ်တွေ အများကြီးရှိမနေပါဘူး။ ဒီထက်ပိုနိမ့်တဲ့ လေယာဥ်တွေဆိုရင်တော့ ရောက်တာနဲ့ ပစ်ချခံရဖို့ပဲရှိတယ်။
"သူတို့ကို ဝင်မတိုက်ခိုင်းနဲ့ ကျန်နေတဲ့ Austerတွေကို ကာပစ်ဖို့ပဲလုပ်ခိုင်း။ ငါတို့တွေ တတ်နိုင်သမျှတိုက်ပွဲကို အချိန်ဆွဲပြီး ငှက်ကြီးမောလာတာကို စောင့်ရမယ်။"
ဘာပဲပြောပြော ငှက်ကြီးက မြူတန့်သားရဲတစ်ကောင်ပါ။ ဆိုလိုတဲ့သဘောက သက်ရှိဖြစ်ပြီး သက်လုံကုန်ဆုံးနိုင်ပါတယ်။ တစ်ဖက်မှာတော့ လေတပ်က တိုက်လေယာဥ်တွေအများကြီးကို ယင်ကောင်တွေကိုလွှတ်နိုင်တယ်။
"ပြီးတော့ မောင်းသူမဲ့ဒရုန်းတွေပါ စလွှတ်ရအောင်၊ တကယ့်တိုက်လေယာဥ်တွေလောက် သိပ်အလုပ်မဖြစ်ပေမဲ့ ငှက်စုတ်ကို အာရုံနောက်အောင်လုပ်နိုင်ရင် အဆင်ပြေပြီ။"
ကာနယ်အာသာဖို့စ်က ပြုံးလိုက်တယ်။ လက်နှစ်ဖက်က လေးဖက်ကို မနိုင်ဘူးလေ။ စစ်ရေးမှာလည်း အလားတူပါပဲ။
...
အေမီ လေပေါ်မှာပျံပြီး ငှက်နဲ့Austerတိုက်လေယာဥ်အုပ်ကို အမီလိုက်ဖို့ကြိုးစားနေတဲ့အချိန်မှာပဲ သူ့ကို ခေတ်ဟောင်းအမျိုးအစား F35 အုပ်စုက ကျော်တက်သွားတာကြောင့် ဒေါသထောင်းခနဲထွက်သွားတယ်။
"သောက်တိုက်လေယာဥ်စုတ်တွေ၊ နင်တို့က ငါ့ကို ကျော်တက်ချင်တာလား။"
အေမီက လေထဲမှာခဏရပ်လိုက်ပြီး ခန္ဓာကိုယ်ကို မြားတစ်စင်းလိုဖြောင့်လိုက်ပြီး အလင်းဒြပ်မှုန်တွေကို စစုစည်းလိုက်တယ်။
"စလိုက်ရအောင်...."
[Neon wings: Hypersonic Speed start!]
အလင်းဒြပ်မှုန်တွေက အရူးအမူးပေါက်ကွဲထွက်လာပြီးတဲ့နောက်တော့ အေမီက F35 တွေထက်တောင် ပိုမြန်သွားတယ်။ F35 တွေရဲ့အင်ဂျင်က အသံထက်သုံးဆမြန်အောင် တီထွင်ထားတာပါ။ အခုအေမီကတော့ သူတို့ထက် မဆိုစလောက်ကလေး ပိုမြန်နေပြီး အသံထက်သုံးဆခွဲပါ။ ပြီးတော့ Silverknight ဝတ်စုံနဲ့ Archmegaတို့ လိုက်မမီနိုင်တဲ့အမြန်နှုန်းမျိုးဖြစ်ပါတယ်။
ယိုကိုတာ တိုက်လေယာဥ်အုပ်စုလေးခေါင်းဆောင်က သူ့နောက်ကနေလိုက်နေတဲ့ အပြာရောင်အလင်းကို သတိထားမိသွားပြီး ဌာနချုပ်ကိုလှမ်းဆက်သွယ်တယ်။
"ကာနယ်... ကျုပ်တို့နောက်က အမည်မသိပျံသန်းနေတဲ့အရာ (UFO)တစ်ခုလိုက်လာတယ်။ ဘာလုပ်ရမလဲ။"
"ဒုံးခွင်းဒုံးတွေနဲ့ပစ်ပြီး လေထဲမှာခြေရာဖျောက်ဖို့ကြိုးစား။"
အခုက တိုက်ပွဲဖြစ်နေတဲ့အချိန်ပါ။ စစ်ပွဲအတွေ့အကြုံရှိတဲ့ ကာနယ်တစ်ယောက်အနေနဲ့ အာသာဖို့စ်က သတိနည်းနည်းလေးမှအလွတ်မခံပါဘူး။
F35 ဂျက်တိုက်လေယာဥ်တွေက အေမီကိုဒုံးခွင်းဒုံးငယ်ပေါင်းများစွာနဲ့ပစ်ပြီး ရှင်းထုတ်ဖို့ကြိုးစားရင်း လေထဲမှာ အကြိမ်ကြိမ်ကွေ့ကောက်ကာ ခြေရာဖျောက်ဖို့ ကြိုးစားပါတယ်။ ဒါကိုမြင်တော့ အေမီလည်း ပြုံးလိုက်တယ်။
"လေကြောင်းကာကွယ်ရေးစနစ်ချင်းပြိုင်မယ်ဆိုရင် ငါက ပိုသာတယ်။"
အေမီက အတောင်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ငှက်မွှေးအသွင်ဖွဲ့စည်းထားတဲ့ အလင်းဒြပ်မှုန်ရာထောင်ချီနဲ့ တိုက်လေယာဥ်တွေရဲ့လေကြောင်းကာကွယ်ရေးဒုံးတွေကို ဖျက်ဆီးပစ်လိုက်တယ်။
နောက်တော့ အေမီက လေယာဥ်အုပ်လေးရဲ့F35 တစ်စင်းကိုမီသွားပြီး အတောင်ကို မြေဆွဲအားဓားနဲ့ခုတ်ချပစ်လိုက်တယ်။
ဝုန်း...။
အဲဒီလေယာဥ်က တစ်ခါတည်း ကြိုးပျက်သွားတဲ့ စက္ကူစွန်လေးလိုမျိုး ပြုတ်ကျသွားလေရဲ့။
အခုတော့ လေယာဥ်အုပ်ခေါင်းဆောင်လည်း အလန့်တကြားဖြစ်သွားပြီးပြောလိုက်တယ်။
"ဘယ်တောင်ပံက သုံးယောက် သူ့ကိုအစွမ်းကုန်ဖျက်ဆီးဖို့ကြိုးစားပါ။ ကျန်တဲ့လေယာဥ်တွေ ငါနဲ့လိုက်ခဲ့။"
"ရော်ဂျာ..." အုပ်စုလေးရဲ့ဘယ်တောင်ပံက တိုက်လေယာဥ်သုံးစင်းက ပင်မတပ်စုကနေ ခွဲထွက်ပြီး အေမီကို စတင်ပစ်မှတ်ထားတိုက်ခိုက်တယ်။ သူတို့ရဲ့စက်သေနတ်တွေနဲ့ဒုံးတွေကို ငှက်ကြီးအတွက်သိမ်းမထားတော့ဘဲ စတင်ပစ်ခတ်နေပါပြီ။
ဌာနချုပ်ကလည်း အသစ်တိုးလာတဲ့ လေကြောင်းရန်သူရဲ့အန္တရာယ်ကို ပေါ့ပေါ့မထားတော့ဘူး။ သူတို့လေယာဥ်တစ်စင်းကို ပစ်ချနိုင်ပြီဆိုကတည်းက ရန်သူဟာ သူတို့လေယာဥ်တွေနဲ့အဆင့်တူ ဒါမှမဟုတ် ပိုမြင့်တဲ့အထဲက ဖြစ်နိုင်ပါတယ်။
"အဲဒီအပြာရောင်အရာကို အနီးကပ်ရိုက်ယူနိုင်ခဲ့တဲ့ လေယာဥ်ရှိလား... ပုံတွေငါ့ကိုပို့စမ်း။" အာသာဖို့စ်က အမိန့်ပေးလိုက်တာနဲ့ အောက်ကအရာရှိတွေ စလှုပ်ရှားတယ်။ သိပ်မကြာခင်မှာပဲ ပျက်ကျသွားတဲ့ လေယာဥ်ရဲ့ဘလက်ဘောက်ကနေ အဆက်အသွယ်မပြတ်ခင် ပို့သွားတဲ့ဒေတာတွေကို သူတို့ရှာတွေ့သွားတယ်။
"ဘာကြီးလဲဟ... အတောင်နဲ့ပျံနေတဲ့ လူတစ်ယောက်လား။ ပုံစံကတော့ စွမ်းအားမြင့်နည်းပညာချပ်ဝတ်ပဲ။ ဟီးရိုးတစ်ယောက်လား... ဒါမှမဟုတ် နိုင်ငံခြားအစိုးရတစ်ခုခုက ငါတို့မသိဘဲ ဒါမျိုးထွင်ထားပြီး ငါတို့ကိုလာနှောင့်ယှက်တာလား။"
အဲဒီပုံကို သူတို့ရဲ့ကျွမ်းကျင်သူတွေ စစ်ဆေးကြည့်ပေမဲ့လဲ ဘာသဲလွန်စမှမရပါဘူး။ ဒီဝတ်စုံကို ဘယ်ဟီးရိုးကမှမပိုင်သလို ဘယ်နိုင်ငံကမှလည်း လုပ်ထားတာမျိုးဟုတ်ပုံမပေါ်။
"ဒါဖြင့် ဗီလိန်အဖွဲ့အစည်းတွေကများလား... သူတို့ကတော့ ဖြစ်နိုင်တယ်။"
အဲဒီအချိန်မှာပဲ ဗိုလ်လေးတစ်ယောက်က ဝတ်စုံရဲ့အတောင်ပေါ်မှာရေးထားတဲ့ ရေစာကိုသတိထားမိသွားပြီး အားလုံးကိုပြလိုက်တယ်။
"အားလုံးပဲ... အတောင်ပံပေါ်မှာ နာမည်တစ်ခုရှိနေတယ်။"
Neon Valkyrieဆိုတဲ့စာသားကို လူတိုင်းဖတ်မိသွားပြီ။ ဒါပေမဲ့ အဖွဲ့အစည်းတစ်ခုလား၊ ဝတ်စုံနာမည်လားဆိုတာကို သူတို့မကွဲကြတာတစ်ခုပဲ။
အေမီကို လေပေါ်ကနေပစ်ချဖို့ သူတို့ခေါင်းဆောင်ရဲ့စကားကို နားထောင်မိတာဟာ ငရဲကိုကိုယ်တိုင်ဆင်းမိခဲ့မှန်း လေယာဥ်မှူးသုံးယောက် သိလာကြတယ်။ အေမီဟာ သူတို့ရဲ့F35တွေထက် ပိုမြန်နေတဲ့အပြင်ကို ပိုမြင့်တဲ့နည်းပညာလက်နက်တွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။
သိပ်မကြာခင်မှာပဲ အေမီက လေယာဥ်တစ်စီးပေါ်ကို ခုန်တက်လာပြီး လေယာဥ်မှူးကို လျှာထုတ်ပြတယ်။ ဒါပေမဲ့ လေယာဥ်မှူးကတော့ အေမီရဲ့မျက်နှာမှာတပ်ထားတဲ့ ဝတ်စုံရဲ့လေကာမျက်နှာဖုံးကြောင့် လျှာထုတ်ပြနေတာကို မမြင်ရဘူး။ (ဝတ်စုံထဲကနေ နလျှာထုတ်ပြနေတာကိုး။)
အဲဒီနောက်တော့ အေမီက လေကာမှန်ကိုရိုင်ဖယ်သေနတ်နဲ့ထိုးချိန်ပြီး တစ်ချက်တည်းနဲ့လေယာဥ်ပိုင်းလော့ခန်းကို ဖောက်ခွဲပစ်လိုက်တယ်။ အေမီရဲ့ရိုင်ဖယ်သေနတ်က အလင်းဒြပ်မှုန်တွေကို စုစည်းပြီးပစ်တာဖြစ်လို့ အနီးကပ်မှန်ရင် အမြောက်မှန်တာနဲ့အတူတူပါပဲ။ ဒီတော့ လေယာဥ်မှူးမှာ အသက်ရှင်ဖို့ ဘာအခွင့်အရေးမှမရှိဘူး။ သူ့တစ်ကိုယ်လုံး ညက်ညက်ကြေသွားပြီး ရေထည့်ထားတဲ့ပူဖောင်းတစ်လုံး အပ်နဲ့အထိုးခံလိုက်ရတဲ့အတိုင်းပဲ ပိုင်းလော့ခန်းတစ်ခုလုံး သွေးတွေနဲ့ပြည့်သွားတယ်။
နောက်တော့ လေယာဥ်ဟာ မြေပြင်ပေါ်ကို ခေါင်းစိုက်ဆင်းသွားတော့တယ်။
ကျန်တဲ့လေယာဥ်နှစ်စင်းကလည်း အေမီရဲ့ဓားချက်တွေအောက်မှာပဲ စက္ကန့်ပိုင်းအတွင်း အပိုင်းပိုင်းပြတ်ထွက်ကုန်တယ်။
အခြားတစ်ဖက်မှာရှိနေတဲ့ တိုက်လေယာဥ်တွေကလည်း အခြေအနေမကောင်းပါဘူး။ Auster တွေဖြစ်ဖြစ် F35 တွေဖြစ်ဖြစ် ဖီးနစ်ငှက်ကြီးက အကုန်ကင်ပေးနေတာဖြစ်ပြီးတော့ ရစရာမရှိလောက်အောင်ပါပဲ။
ပျက်စီးသွားတဲ့လေယာဥ်တွေကတော့ နာဂါနိုတောင်တန်းတွေပေါ်ကို တစ်စီးပြီးတစ်စီး ထိုးစိုက်ကုန်တယ်။
တကယ်လို့ သင်သာ တိမ်တွေရှင်းလင်းတဲ့ညအချိန်မှာ နာဂါနိုမြို့ထဲကနေ ကောင်းကင်ပေါ်ကို မော့ကြည့်နေခဲ့မယ်ဆိုရင်တော့ လေယာဥ်မိုးရွာနေတာကို တွေ့မြင်ရမှာပါ။
...
တကယ်လည်း မိရိုင်နဲ့ယုဆတို့က တစ်ယောက်ကိုတစ်ယောက် လက်ချင်းချိတ်ထားရင်း ကောင်းကင်ပေါ်က တိုက်ပွဲကို ကြည့်နေကြပါတယ်။ ဒါပေမဲ့ စိုးရိမ်စိတ်တွေက အပြည့်ပါ။
ဖီးနစ်ငှက်ကြီးက လေယာဥ်တွေကို တစ်စင်းပြီးတစ်စင်း ဖြုတ်ချနေပေမဲ့ တိုက်လေယာဥ်တွေကပစ်တဲ့ ဒုံးလက်နက်တွေကြောင့် ရွှေရောင်သွေးစက်တချို့လည်း မြေပေါ်ကိုကျဆင်းလာခဲ့ပါတယ်။ အဲဒီသွေးစက်တွေက မြေကြီးထဲကိုစိမ့်မဝင်ခင် အတော်ကြာအောင် တောက်ပနေပြီး သွေးစက်ကျရာနေရာတိုင်းမှာ ရွှေရောင်တောက်နေတဲ့ မြက်ပင်ငယ်လေးတွေ ပေါက်ရောက်လာတတ်တယ်။
မြက်ပင်ငယ်လေးတွေ တောင်ကုန်းပေါ်မှာများလာတဲ့အခိုက်အတန့်တိုင်းမှာ မိရိုင်ရဲ့စိတ်တွေက ပိုပိုပြီးလှုပ်ရှားလာတယ်။
"ဆရာက ဒဏ်ရာရသွားတာလား..." အဲဒီအချိန်မှာပဲ သူတို့အပေါ်ကို လေယာဥ်အပျက်အစီးတစ်ခုပြုတ်ကျလာပါပြီ။ ယုဆက မိရိုင်ကိုကယ်ဖို့အတွက် တွန်းဖယ်လိုက်တယ်။ မိရိုင်ကလည်း ယုဆအပေါ်ကိုကျတော့မယ့် လေယာဥ်တောင်ပံကိုမြင်လိုက်ရပြီး ကမ္ဘာလောကကြီးတစ်ခုလုံး ရပ်တန့်သွားသလိုဖြစ်သွားတယ်။
"မဖြစ်ရဘူး... ငါက အားလုံးကိုကာကွယ်ပေးမှာ..."
မိရိုင်က သူ့လက်ကိုဆန့်ထုတ်လိုက်တယ်။ သူ့ရဲ့မြူတန့်စွမ်းအားမီးတောက်တွေက ကြယ်ပွင့်လေးတစ်ခုအဖြစ်ကို စုစည်းသွားပြီး လက်ဝါးတစ်ခုစာလောက်အထိ ကြီးမားသွားတယ်။ အဲဒီနောက် သိပ်ကိုမြန်လွန်းတဲ့အရှိန်နဲ့ ပြုတ်ကျလာတဲ့ လေယာဥ်တောင်ပံကို တစ်စစီဖောက်ခွဲပစ်လိုက်တယ်။ ဒါကြောင့် ယုဆလည်း အန္တရာယ်ကင်းသွားပြီ။
ရှင်းပြနေတာကြာပေမဲ့ ဖြစ်ပျက်နေတာတွေအားလုံးက စက္ကန့်အပိုင်းအခြားလေးတစ်ခုစာပဲရှိသေးတယ်။
"မိရိုင်...." နောက်ကနေ ခေါ်တဲ့အသံကြောင့် ယုဆနဲ့မိရိုင်တို့ လှည့်ကြည့်လိုက်တယ်။ သွေးအလိမ်းလိမ်းနဲ့ဥစာကီက ဒရုန်းဇုန်ရဲ့အကူအညီနဲ့ သူတို့ရှိတဲ့နေရာကို ရောက်လာခဲ့ပါပြီ။
ငှက်ကြီးရှိနေခဲ့တဲ့နေရာမှာ မိရိုင်တို့ရှိနေနိုင်သေးတယ်ဆိုတဲ့ ဖြစ်နိုင်ခြေကို သူတို့ခန့်မှန်းထားမိကြပြီးသားပါ။ မိရိုင်လေးလည်း ဒဏ်ရာရထားတဲ့ အစ်မဖြစ်သူကို တွေ့လိုက်ရချိန်မှာတော့ ချက်ချင်းမျက်လုံးပြူးသွားတယ်။
"အစ်မကြီး... ဘယ်လိုလုပ်ပြီးတော့..." မိရိုင်အတွက်တော့ ဥစာကီက သိပ်ကိုအစွမ်းထက်တဲ့ တည်ရှိမှုတစ်ခုပါ။ ဒါပေမဲ့ သူ့အစ်မက အခုဒဏ်ရာပြင်းပြင်းထန်ထန်ရထားတယ်။ ပြီးတော့ သူ့ဆရာဖြစ်တဲ့ အာကိုင်းဂါမီကလည်း ကြီးကြီးမားမားဒဏ်ရာရထားတယ်။
"ညီမလေး ဘာမှမဖြစ်လို့တော်သေးတာပေါ့... စိတ်ပူနေခဲ့တာ။" ဥစာကီက မိရိုင်အနားကိုရောက်လာပြီး ပွေ့ဖက်လိုက်တယ်။ သူမေ့နေခဲ့တာကြာပြီဖြစ်တဲ့ အစ်မဖြစ်သူရဲ့အနွေးဓာတ်ကြောင့် မိရိုင်မျက်လုံးထဲက မျက်ရည်တွေစီးကျလာတယ်။
"ဘာဖြစ်လို့ အစ်မက ကိုယ့်ကိုယ်ကိုယ် အထိခိုက်ခံခဲ့တာလဲ။" သူ့အစ်မက အစွမ်းထက်တဲ့သူတစ်ယောက်ပါ။ တကယ်လို့ သူ့ကိုသာ စိတ်မပူခဲ့ရင် ဒီလိုဒဏ်ရာရခဲ့မှာမဟုတ်ဘူး။
"ကျွန်မသာ မိုက်ရူးရဲဆန်ပြီး ထွက်မသွားခဲ့ရင်..."
ဒါပေမဲ့ဥစာကီကတော့ ခေါင်းခါပြလိုက်တယ်။ "မဟုတ်ဘူး... ညီမလေးက ယုံကြည်ရာကို လုပ်ရဲတဲ့သတ္တိရှိခဲ့တာပဲမဟုတ်လား။ ညီမလေးက တစ်ယောက်ယောက်ကို ကာကွယ်ပေးချင်ခဲ့တာလေ။"
ဥစာကီက သူ့အကြောင်းသူ ပြန်တွေးမိပြီးတဲ့နောက်မှာ မိရိုင်ကိုအပြစ်မတင်နိုင်ခဲ့ဘူး။ သူဟာ ငယ်စဥ်ကနေ မကြာသေးတဲ့အချိန်အထိ ကိုယ်တိုင်မယုံကြည်ခဲ့တဲ့ ဂုဏ်ပုဒ်တစ်ခုအတွက် တိုက်ခိုက်နေခဲ့မိတာ။ ကိုယ်ယုံကြည်တာကိုလုပ်ရဲပြီး ကိုယ်တိုင်ဆုံးဖြတ်နိုင်သူဖြစ်တဲ့ သူ့ညီမလေးရဲ့ဆုံးဖြတ်ချက်ကို သူလေးစားပေးနိုင်တယ်။ တကယ်တော့ မိရိုင်က သူ့ထက် အများကြီးသတ္တိပိုရှိခဲ့တယ်။
"သမီးက ဆရာ့ကို ကူညီပေးချင်ခဲ့တာ.... သူက အချိန်တွေအကြာကြီး အထီးကျန်ပြီးတော့ နာကျင်နေခဲ့တာလေ။ သူ့အနားမှာရှိနေတဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာပြီး နေ့ရက်တိုင်းက အိပ်မက်ဆိုးလို ဖြစ်နေခဲ့တာလေ။ ဒါပေမဲ့ မျှော်လင့်ချက်ကို ဆွဲကိုင်ထားတုန်းပဲ... ဒါကြောင့် သမီးက သူ့ရဲ့မျှော်လင့်ချက်ဖြစ်လာပေးပြီး အထီးကျန်မှုတွေကို ကုစားပေးချင်နေခဲ့တာ။ သမီးရဲ့မျှော်လင့်ချက်တွေကို သူဖြည့်ဆည်းပေးခဲ့သလိုပေါ့။"
"လူတိုင်းရဲ့မျှော်လင့်ချက်အဖြစ်နဲ့ လူတိုင်းကိုကာကွယ်ပေးချင်တယ်။" မိရိုင်ရဲ့နောက်ဆုံးစကားကြောင့် ယုဆလည်း ခေါင်းညိတ်လိုက်တယ်။
မိရိုင်က လူတိုင်းလို့ထည့်ပြောခဲ့တယ်။ လူတိုင်းရဲ့မျှော်လင့်ချက်ဖြစ်လာဖို့ဆိုတဲ့ရည်ရွယ်ချက်က တကယ်တော့သိပ်အန္တရာယ်ကြီးပြီး ကလေးတစ်ယောက်ရဲ့အိပ်မက်ဆန်လွန်းတယ်။
ဒီကမ္ဘာကြီးမှာ စိတ်ကူးယဥ်ဆန်တဲ့ အိပ်မက်တွေအတွက် နေရာမရှိဘူး။
ဒါပေမဲ့ ယုဆက မိရိုင်ရဲ့လက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်တယ်။
"ဒီအိပ်မက်တွေကို ယုံကြည်ပြီး ငါတို့ကြိုးစားနေသေးသမျှ အမှန်ဖြစ်လာလိမ့်မယ်။"
"အင်း...." မိရိုင်ကလည်း ပြန်ခေါင်းညိတ်လိုက်ပြီး သူ့စိတ်အာရုံတွေအားလုံးကို ဆန္ဒတစ်ခုတည်းမှာ စုစည်းခဲ့တယ်။
လူတိုင်းရဲ့မျှော်လင့်ချက်အနေနဲ့ အားလုံးကိုကာကွယ်ဖို့။ ကိုင်းတိုလည်းအပါအဝင်ပေါ့။
အဲဒီနောက်တော့ မိရိုင်ရဲ့ခန္ဓာကိုယ်ထဲကနေ ကြယ်မှုန်လေးတွေရဲ့အလင်းနဲ့တူတဲ့အလင်းတွေထွက်ပေါ်လာပြီး နာဂါနိုမြို့ကြီးတစ်ခုလုံးနဲ့အထက်ကောင်းကင်ကိုပါ ဖုံးလွှမ်းသွားတော့တယ်။