လန်ဒန်
Vol. 4 Ch. 19
မက်ဒါနာတို့လေယာဥ်က လန်ဒန်မြို့လေဆိပ်ကိုရောက်ဖို့အတွက် ဆယ်နာရီလောက် လေပေါ်မှာ အချိန်ကုန်ခဲ့ကြရတယ်။ ဒါတောင်မှ ကိုယ်ပိုင်ဂျက်လေယာဥ်မလို့ ဒီလောက်မြန်တာဖြစ်ပြီး သာမန်ခရီးသည်တင်လေယာဥ်နဲ့ဆိုရင် ဗီလိန်ကွန်ဂရက်ပြီးတာတောင် ရောက်ချင်မှရောက်မှာပါ။
နှစ်ယောက်လုံး လေယာဥ်ပေါ်မှာအိပ်ခွင့်ရခဲ့လို့ တော်သေးတယ်။ ဒါတောင်မှ မက်ဒါနာတစ်ယောက် အိပ်ရေးမဝဘူးဖြစ်နေတယ်။ ဖရာလီတာကတော့ မက်ဒါနာနဲ့အတူတူ လေယာဥ်ပေါ်မှာ နှစ်ယောက်တည်းရှိနေခဲ့ရပြီး ပခုံးပေါ်ခေါင်းတင်အိပ်ခွင့်ရခဲ့တဲ့အတွက် အင်မတန်တက်ကြွနေလေရဲ့။ တကယ်တော့ လီဆာလည်းပါပေမဲ့ ဖရာလီတာကတော့ မိုးမမြင်လေမမြင်ရယ်။
"မေမေမက်ဒါနာ၊ မေမေက မေမေလင်ဒါကို မသနားတော့ဘူးလား။" လေယာဥ်ပေါ်မှာတုန်းက ဒီလိုမျိုးမေးပေမဲ့ ဖရာလီတာရဲ့ကြောက်စရာအကြည့်ကြီးကြောင့် ဆက်မပြောရဲတော့ဘူး။
"ဗီလိန်ကွန်ဂရက်က နောက်ဆယ်နာရီဆိုရင် စတော့မှာ။ နင်တို့အမိန့်တော်အုပ်စုက သူတို့ကျွန်းကို ဒီအချိန်လောက်လေးနဲ့ ရှာနိုင်စွမ်းရှိလို့လား။"
လေယာဥ်ပေါ်ကနေ ဆင်းလာတော့ ဖရာလီတာက မက်ဒါနာရဲ့လက်ကိုတွဲထားပြီး ကိုယ်ကိုလည်းမက်ဒါနာဖက် သိသိသာသာမှီထားသေးတယ်။ လီဆာကတော့ ဖရာလီတာကို မျက်လုံးကြီးဒေါက်ထောက်ကြည့်လို့။ မသိရင် ချက်ချင်းနောက်ကနေ ကန်ချလို့ရရင် ကန်ချတော့မယ့်ရုပ်နဲ့ နောက်ကနေ ပေစောင်းပေစောင်းနဲ့လိုက်လာတယ်။ မက်ဒါနာကတော့ အသေးမလေးနှစ်ယောက်လုံးကို အာရုံမစိုက်နိုင်သေးဘူး။
"စိတ်မပူပါနဲ့... မြေထဲပင်လယ်ဆိုတာက ဥရောပမိသားစုကြီးတွေရဲ့ပိုင်နက်ပဲ၊ ဒီတော့ သူတို့ကိုရှာဖို့က ကိတ်မုန့်အပိုင်းအစလေးတစ်ခုလိုပဲ။"
ဖရာလီတာက သူတို့စုံတွဲကို မျက်စိဒေါက်ထောက်ကြည့်နေတဲ့ လီဆာနဲ့ပန်ဒရာဂွန်မိသားစုက သက်တော်စောင့်တွေကို နည်းနည်းလေးတောင်ဂရုမစိုက်ဘဲ မက်ဒါနာလက်ကို ဆက်တွဲထားရင်း ပြောလိုက်တယ်။ ကြည့်ရတာ ဖရာလီတာကလည်း မက်ဒါနာလိုပဲ သူ့ရဲ့တော်ဝင်ဂုဏ်ပုဒ်တွေကို ဂရုစိုက်ပုံမပေါ်ဘူး။
အမှန်တော့ မက်ဒါနာနဲ့တွေ့ပြီးမှ ဂရုမစိုက်တော့တာလို့ ပြောရရင်ပိုမှန်လေမလား။ အယ်လိုဟင်ကတော့ သူတို့နှစ်ယောက်ကိုကြည့်ရင်း ငိုချင်နေတဲ့မျက်နှာနဲ့ လေယာဥ်ပေါ်ကနေ လိုက်ဆင်းလာတယ်။
တကယ်တော့ သူ့ကိုဖရာလီတာက အမေရိကန်မှာ တိုက်ရိုက်အလုပ်ခန့်ခဲ့တာကြောင့် ပန်ဒရာဂွန်မိသားစုအကြောင်းကို သေသေချာချာသိတဲ့လူမဟုတ်ဘူး။ သခင်မလေးဖရာလီတာက ဂုဏ်ပုဒ်တွေဘာတွေကိုဂရုမစိုက်တော့တဲ့အတွက် သူ့လိုအသစ်ခန့်ထားတဲ့ ဘဏ္ဍာစိုးတစ်ယောက်ကို ပင်မမိသားစုက အပြစ်တင်ရင် ဘယ်လိုလုပ်မလဲ။
ပြီးတော့ သူက အမေရိကန်နိုင်ငံသားတစ်ယောက်လည်း ဖြစ်နေသေးတယ်လေ။ ရှေးဆန်တဲ့ အင်္ဂလန် မိသားစုတွေက အမေရိကန်တွေကို ဇာတ်ပျက်ဖိနပ်ပျက်တွေလို မြင်ကြတယ်လို့ သူကြားဖူးတယ်။ သူ့ကို အလုပ်ဖြုတ်ပြီး မမလေးအနားကနေ နှင်ထုတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ အဲဒီအတိုင်းသာဖြစ်လာရင် သူ့ဘဝတော့သွားပြီ။
ဖရာလီတာတို့ လေယာဥ်လှေကားပေါ်ကအဆင်း မြေပြင်ပေါ်ကိုခြေချလို့လည်းပြီးရော ကိုယ်ရံတော်အုပ်စုက သတိဆွဲပြီး အကျယ်ကြီးအော်နှုတ်ဆက်ကြတယ်။
"အရှင့်သမီးတော် ဖရာလီတာ ထရိုင်ယွန် ပန်ဒရာဂွန်နဲ့ အရှင့်သမီးတော် မက်ဒါနာ၊ ပြီးတော့ မစ်လီဆာကို အင်္ဂလန်မြေကနေ ကြိုဆိုပါတယ်။" သူတို့က စကားလည်းဆုံးရော သတိအနေအထားကနေ နေမြဲအနေအထားကို ပြန်ပြောင်းတယ်။
ဖရာလီတာကတော့ ဒါတွေကို နည်းနည်းလေးမှဂရုမစိုက်ဘဲ မက်ဒါနာကိုသာ လက်ဆက်တွဲထားပြီး လေယာဥ်ကွင်းအပြင်ဖက်ကို ထွက်လာကြတယ်။
လေယာဥ်ကွင်းကနေ လေဆိပ်ခရီးသည်နားနေဆောင်ထဲရောက်တော့ လူတွေက သူတို့ကိုတအံ့တဩနဲ့ စိုက်ကြည့်နေကြလေရဲ့။ ကိုယ်ရံတော်တစ်ဒါဇင်လောက်နဲ့ လေဆိပ်မှာလျှောက်သွားနေတဲ့ လူတစ်အုပ်ကိုတွေ့ရဖို့က ကြုံတောင့်ကြုံခဲမဟုတ်လား။
"မက်ဒါနာ... ကြည့်ပါဦး၊ လူတွေက ငါတို့စုံတွဲကိုကြည့်ပြီး အားကျနေကြမှာနေမှာ။"
ဒါပေမဲ့ မက်ဒါနာကတော့ ဖရာလီတာနဲ့တူညီတဲ့ သဘောထားမျိုးရှိမနေဘူးရယ်။ ဒီလူတွေက သူတို့စုံတွဲရဲ့ အချစ်ဇာတ်လမ်းလေးကို အားကျနေတဲ့ပုံစံမျိုး နည်းနည်းလေးမှမပေါက်ဘူး။ သာမန်လူကြီးသားသမီးတစ်ယောက် ဒါဇင်နဲ့ချီတဲ့ ကိုယ်ရံတော်တွေနဲ့သွားလာနေနိုင်တာကိုကြည့်ပြီး အားကျနေကြရုံပဲ။ ပြီးတော့ တကယ့်တကယ်တမ်း အပြင်လူအနေနဲ့ကြည့်ရင် သူတို့နှစ်ယောက်က စုံတွဲဆိုတာထက် ညီအစ်မတွေနဲ့တူနေတယ်။ မဟုတ်ဘူး... တကယ်က သားအမိလို့ကိုထင်ချင်စရာ။
နောက်တော့ မက်ဒါနာရဲ့မျက်လုံးတွေက လူအုပ်ထဲမှာ နောက်ထပ်ကိုယ်ရံတော်တစ်အုပ်နဲ့ရှိနေတဲ့ အမျိုးသမီးနှစ်ယောက်ဆီကို ရောက်သွားတယ်။ သူတို့နှစ်ယောက်က လက်ထဲမှာ ဆိုင်းဘုတ်လေးတစ်ခုစီကိုင်ထားကြပြီး တစ်ယောက်ယောက်ကို စောင့်ကြိုနေကြပုံပဲ။
သေချာဖတ်ကြည့်တော့ ဆိုင်းဘုတ်မှာရေးထားတာက "ဖရာလီတာ။"လို့ပါ။ ကြည့်ရတာ ဖရာလီတာရဲ့မိသားစုဝင်တွေ သူတို့ကိုလာကြိုတာဖြစ်မယ်။ ပြီးတော့ သူတို့နားက ကိုယ်ရံတော်တွေဆိုရင် အနောက်တိုင်းဝတ်စုံနဲ့နေကာမျက်မှန်ကိုမှအားမနာ ဖရာလီတာရဲ့ချစ်စရာရုပ်ပြောင်ကာတွန်းပုံလေးတွေပါတဲ့ ပူဖောင်းလေးတွေကိုင်ထားကြသေးတယ်။ သူတို့မျက်နှာထားတွေအရတော့ ကလေးကလားပူဖောင်းတွေ အတင်းကိုင်ခိုင်းလို့ကိုင်ထားရဟန်နဲ့ တင်းမာနေကြတယ်။
ဖရာလီတာလည်း အဲဒီအုပ်စုကိုမြင်သွားပြီး ဝမ်းသာအားရ လက်ကိုယမ်းပြပြီး လှမ်းနှုတ်ဆက်တယ်။
"အား... မေမေ...ဖွားဖွား.... လေဆိပ်အထိလာကြိုကြတာလား။" မက်ဒါနာလည်း သူ့ရဲ့အထင်မှန်တယ်ဆိုပြီး သက်ပြင်းချလိုက်တယ်။ ကြည့်ရတာ ဒီလူတွေက ဖရာလီတာရဲ့မိသားစုဝင်တွေဖြစ်ပြီးတော့ သာမန်အရပ်သားတွေလိုမျိုး ဆွေမျိုးတွေကိုကြိုတဲ့ ပွဲလေးလုပ်ချင်ကြတဲ့ပုံပဲ။
အမျိုးသမီးနှစ်ယောက်ရပ်နေပေမဲ့ နှစ်ယောက်လုံးက ရွယ်တူတွေဖြစ်ပြီးရုပ်လည်းတူကြတယ် တစ်ယောက်က ရင်သားဆိုဒ်ပိုကြီးလို့သာ လူချင်းခွဲလို့ရတာ။ မက်ဒါနာကတော့ ဖရာလီတာရဲ့စကားကို သတိမထားမိဘဲ သူတို့နှစ်ယောက်ကို နှုတ်ဆက်လိုက်တယ်။
"တွေ့ရတာဝမ်းသာပါတယ် အန်တီတို့၊ အန်တီတို့နှစ်ယောက် သိပ်လှပြီးရုပ်ချင်းဆင်ကြတယ်နော်။ အမြွှာညီအစ်မတွေလားဟင်။"
မက်ဒါနာရဲ့စကားကြောင့် ရင်သားဆိုဒ်ပိုကြီးတဲ့တစ်ယောက်က မာန်တက်နေတဲ့အပြုံးမျိုးပြုံးလိုက်ပြီး နည်းနည်းပိုသေးတဲ့တစ်ယောက်ကို မခို့တရို့လေးကြည့်လိုက်တယ်။ နောက်တော့ ဂုဏ်ယူနေတဲ့မျက်နှာလေးနဲ့ မက်ဒါနာကိုပြောလာတယ်။
"အားတော့နာပါတယ် သမီးလေးရယ်၊ တကယ်တော့ အန်တီက ဖရာလီတာလေးရဲ့ဖွားဖွားကွဲ့။ ဟောဒီဖက်က အဖွားရဲ့သမီးလေ။"
"....." မက်ဒါနာတစ်ယောက် စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားပြီး သူတို့နှစ်ယောက်ကို နောက်တစ်ခါပြန်ကြည့်လိုက်တယ်။ တကယ်ပဲ နှစ်ယောက်လုံးက အသက်အရွယ်ချင်းသိပ်ကွာတဲ့ပုံမပေါ်ဘဲ သုံးဆယ်ကျော်လောက်ပဲရှိကြဦးမယ့်ပုံ။
အန်တီလေးအိုလီဗာနဲ့အသက်အရွယ်အတူတူပဲမလို့ တကယ်က မက်ဒါနာတစ်ယောက် သူတို့ကိုဒေါ်လေးလို့ခေါ်ဖို့တောင် တွန့်ဆုတ်နေမိတာ။ ဒါပေမဲ့ ရင်သားပိုကိတ်တဲ့တစ်ယောက်က သူ့ကိုယ်သူဖွားဖွားတဲ့။
အန်တီလေးအိုလီဗာရဲ့အန်တီလေးရောဂါလိုမျိုးပဲ ဖရာလီတာရဲ့အမွှာမေမေနှစ်ယောက်ထဲကတစ်ယောက်မှာ ဖွားဖွားလေးရောဂါရှိနေတာလား။
ဖရာလီတာကလည်း မက်ဒါနာအထင်မှားနေတာကိုမြင်တော့ ရှင်းပြလိုက်တယ်။ "မက်ဒါနာ၊ နင်အထင်မှားနေပြီ။ ရင်သားနည်းနည်းကြီးတဲ့တစ်ယောက်က ငါ့အဖွား၊ သေးတဲ့တစ်ယောက်က ငါ့အမေ။"
"....." မက်ဒါနာလည်း ဖရာလီတာကို မယုံသင်္ကါနဲ့ ကြည့်လိုက်တယ်။ ကြည့်ရတာ ဖရာလီတာလည်း အဖွားနဲ့အမေကို ရင်သားဆိုဒ်ကြည့်ပြီး ခွဲနေရပုံပဲ။
ဖွားဖွားပန်ဒရာဂွန်ကတော့ သူ့မြေးနှစ်ယောက်ရဲ့ရယ်စရာဖြစ်ရပ်ကြောင့် အားရပါးရရယ်မောလိုက်ပြီး နှစ်လိုဖွယ်ရယ်သံလေးက လေဆိပ်ခန်းမထဲမှာ ပြန့်နှံသွားတယ်။
"အာယာအာယာ... ဒီလိုပဲမှားတတ်ကြပါတယ်ကွယ်၊ ငါ့သမက်လေးရှိတုန်းကလည်း ငါတို့ကိုအတော်ကြာတဲ့အထိ လူချင်းမခွဲတတ်ဘူးလေ။"
မက်ဒါနာကတော့ ဖွားဖွားလေးရဲ့စကားကိုနားထောင်ပြီး ဖရာလီတာရဲ့အဖေဖြစ်သူအတွက် သနားတောင်သွားတယ်။ မိန်းမနဲ့ယောက္ခမကိုမှားပြီး လက်ကိုင်မိတာတို့ဘာတို့လုပ်မိရင် သောက်ပြဿနာတက်ပြီ။
မေမေပန်ဒရာဂွန်ကတော့ ဖွားဖွားပန်ဒရာဂွန်ကို မျက်ထောက်နီကြီးနဲ့ ကြည့်နေလေရဲ့။ "ဒါတော့ အမေက သူလူမှားလည်း တော်တော်ကြာတဲ့အထိရှင်းမပြဘဲ ရေလိုက်ငါးလိုက်နေနေတာကိုး..."
"ဟင်းဟင်း... လူချောလေးတွေက စလို့နောက်လို့ကောင်းတယ်လေ။"
သားအမိနှစ်ယောက် ရှေးဟောင်းနှောင်းဖြစ်တွေ လေပစ်နေတာကို အလိုမတူဘဲ နားထောင်နေရတဲ့ မက်ဒါနာ။
"....." မက်ဒါနာမှာလည်း သူ့အတွေးနဲ့သူ။
မပြောကောင်းမဆိုကောင်း ဖရာလီတာလေးနောက်နှစ် နည်းနည်းလောက်ကြာလို့ သူ့အမေနဲ့အဖွားလိုပဲ ကြီးလာပြီး လုံးကြီးပေါက်လှဖြစ်လာရင် ဘယ်လိုဖြစ်ကုန်မလဲ။ ဖရာလီတာက နောက်လေးနှစ်ဆိုရင် တင်ပြည့်ရင်ကိတ်နဲ့အလှလေးဖြစ်လာနိုင်တယ်။ အဲဒီအချိန်ဆိုရင် မေမေပန်ဒရာဂွန်ကတော့ သုံးဆယ့်ခြောက်နှစ်အရွယ် အန်တီလှလှလေးအနေနဲ့ပဲ ရှိနေဦးမှာ။ ဖွားဖွားပန်ဒရာဂွန်ကတော့ ငါးဆယ့်လေးနှစ်လောက်ရှိချင်ရှိမှာဆိုပေမဲ့ ပြင်ပြင်ဆင်ဆင်ဆို လှနိုင်သေးတယ်။ တကယ်လို့ သုံးယောက်လုံးက အပြိုင်လှနေပြီး လူခွဲမရဖြစ်ကုန်မယ်ဆိုရင် ဖရာလီတာကိုယူမိတဲ့ကောင်ဘဝကတော့ မတွေးရဲစရာပဲ။
အဆိုးဆုံးက လက်ရှိဖရာလီတာသူ့ကိုတွယ်ကပ်နေတဲ့ ပုံစံအတိုင်းဆိုရင် ကံဆိုးသူမောင်ရှင်အဖြစ်နိုင်ဆုံးက သူပဲ။
နောက်တော့ ဖရာလီတာရဲ့မေမေနဲ့ဖွားဖွားက သူတို့ကိုယ်သူတို့ မိတ်ဆက်ပေးတယ်။ ပထမဆုံးမိတ်ဆက်တဲ့သူကတော့ ဖရာလီတာရဲ့မေမေ၊ အသက်သုံးဆယ်ကျော်အရွယ် ရွှေရောင်ဆံပင် အချိုးကျတဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ စမတ်ကျတဲ့ြဗိတိသျှအမျိုးသမီးပေါ့။
"ဗစ်ကောင့်ထရပ် လော့ရန့် ထရိုင်ယွန် ပန်ဒရာဂွန်ပါ။ မဒမ်လော့ရန့်လို့ခေါ်နိုင်တယ်။ ဖရာလီတာရဲ့မေမေဖြစ်ပြီးတော့ အခုလောလောဆယ်တော့ ငါ့သမီးလေးက Nekoလား နင်က Nekoလားဆိုတာ စောင့်ကြည့်မယ့်တာဝန်ယူထားတယ်။"
"....." 'Neko၊ ဂျပန်လိုကြောင်လို့ ပြောလိုက်တာလား။ ဒါပေမဲ့ ဘာဆိုင်လို့လဲ။' မက်ဒါနာကတော့ ဒိအမျိုးသမီးရဲ့စကားတွေကို လိုက်မမီတော့ဘူး။
နောက်တစ်ယောက်ကတော့ ဖရာလီတာရဲ့ဖွားဖွားပန်ဒရာဂွန်။ အသက်ကြီးပြီဖြစ်ပေမဲ့ သမီးဖြစ်သူထက် ဘယ်နေရာကမှ အလှမလျှော့တဲ့ အမျိုးသမီးကြီး၊ ငွေဖြူရောင်ဆံဖြူတချို့ရှိပေမဲ့ တော်တော်လေးနည်းလို့ သေချာအနီးကပ်မကြည့်ရင် မမြင်နိုင်ဘူး။ သူကလည်း ရင့်ကျက်ပြီးကျက်သရေရှိတဲ့ အမျိုးသမီးတစ်ယောက်ပါ။
"အော်သာရီယာ အေ့စ် ပန်ဒရာဂွန်၊ လောလောဆယ်တော့ ငါ့မြေးလေး အရွယ်မတိုင်ခင် မိန်းမခိုးပြေးလာလို့ စိတ်ဆိုးနေတယ်။"
"....." 'ဖရာလီတာက ငါ့ကိုခိုးပြေးလာတယ်လို့ ပြောလိုက်တာလား။ ဒါပေမဲ့ ငါတို့က မစ်ရှင်ရှိလို့လာတာလေ။ ဒီဘွားတော်ကြီးတော့ အကြီးကြီးအထင်မှားနေပြီ။'
မက်ဒါနာနဲ့ဖရာလီတာရဲ့မိသားစုဝင်တွေ နှုတ်ဆက်ပြီးတဲ့နောက်တော့ လီဆာလေးက ရှေ့ထွက်လာပြီး သူ့ကိုယ်သူနှုတ်ဆက်လိုက်တယ်။ မျက်နှာကပြုံးထားပေမဲ့ တင်ပါးနောက်ကထွက်နေတဲ့အမြီးကတော့ ဒေါသထွက်နေဟန်နဲ့လိပ်လို့ရယ်။
"တွေ့ရတာဝမ်းသာပါတယ်၊ အဖွားတို့။ သမီးက လီဆာပါ။ မေမေမက်ဒါနာနဲ့မေမေလင်ဒါမွေးထားတဲ့သမီးပါ။ မေမေ့ကို စုန်းမလေးနဲ့စိတ်မချလို့လိုက်လာတာ။" လီဆာရဲ့စကားက ဟိုနားမလွတ်ဒီနားမလွတ်ရယ်။
လေသံအရ ဖွားဖွားနဲ့မေမေပန်ဒရာဂွန်နှစ်ယောက်ကို အဖွားကြီးတွေလို့မခေါ်ရုံတစ်မယ်ပဲ။ ပြီးတော့ ဖရာလီတာကိုလည်း စုန်းမလေးတဲ့။
ဖရာလီတာက လီဆာကို ဒေါသထွက်နေတဲ့မျက်နှာနဲ့ ကြည့်လိုက်တယ်။ လီဆာကလည်း အမြီးနဲ့ထရိုက်တော့မယ့်ရုပ်နဲ့ ပြန်ကြည့်လိုက်လေရဲ့။
...
ပန်ဒရာဂွန်တွေနေတဲ့စံအိမ်က ဗစ်တိုးရီးယားခေတ်က စံအိမ်တစ်ခုဖြစ်ပြီးတော့ မြို့ပြင်တစ်နေရာမှာ ရှိပါတယ်။ ခြံရဲ့မြောက်ဖက်မလှမ်းမကမ်းမှာ စီးဆင်းနေတဲ့ ရေကြည်ကြည်နဲ့စမ်းချောင်းကလေးလည်းရှိတယ်။ တောအုပ်နဲ့ဥယျာဥ်တွေရှိနေသေးပေမဲ့ မြို့နဲ့နီးကပ်တဲ့အတွက် ခြံက ထင်သလောက်အကျယ်ကြီးတော့မဟုတ်ဘူး။
သူတို့ကားပေါ်က ဆင်းလိုက်တော့ အိမ်ရဲ့အစေခံတွေနဲ့ကိုယ်ရံတော်တွေက ဘေးတစ်ဖက်တစ်ချက်စီမှာ ရပ်ပြီးတော့ ခမ်းခမ်းနားနားကြိုဆိုကြတယ်။
"အိမ်ကနေ ကြိုဆိုပါတယ် သခင်မကြီးနဲ့သခင်လေးတို့။"
အိမ်က တော်တော်ရှေးကျမယ့်ပုံပေါ်ပေမဲ့ သေချာပြုပြင်ထိန်းသိမ်းထားလို့လားမသိဘူး၊ ဟောင်းနွမ်းတယ်လို့ နည်းနည်းလေးမှမထင်ရဘူး။
"ဒီအိမ်က လန်ဒန်မှာရှိတဲ့ ငါတို့ဘိုးဘွားပိုင်အိမ်လေ၊ ယော့ခ်မှာရှိတဲ့ ရဲတိုက်လောက်တော့ မခမ်းနားပေမဲ့လို့ ပန်ဒရာဂွန်မိသားစုအဆက်ဆက်ခေါင်းဆောင်တွေက ဒီအိမ်တော်မှာနေပြီး တော်ဝင်မိသားစုကိုခစားခဲ့ကြတာ။" ဖွားဖွားပန်ဒရာဂွန်က ပြောလိုက်တယ်။
အိမ်ထဲကိုဝင်လိုက်တော့လည်း ခမ်းနားလွန်းတဲ့ ရှေးအသုံးအဆောင်တွေကို မြင်တွေ့ရတယ်။ ပြီးတော့ ခင်းထားတဲ့ ကော်ဇော်ကြီးတွေက တကယ့်အကောင်းစားပါ။
"တ...တကယ်ကြီးလား၊ ဒီအိမ်က ပစ္စည်းတွေက ဆုဗာနာနယ်စားနန်းတော်ထက်တောင် ပိုပြီးတန်ဖိုးကြီးနေသေးတာပဲ။"
ဘာပဲပြောပြော အင်္ဂလန်က ကိုလိုနီခေတ်တုန်းက တအားချမ်းသာခဲ့တာလေ။ ပန်ဒရာဂွန်မိသားစုက ဘွဲ့ထူးဂုဏ်ထူးနေရာမှာ အားနည်းပေမဲ့လို့ အဓိကမိသားစုကြီးတွေထဲမှာပါပြီး ကိုလိုနီနယ်မြေဘုရင်ခံတွေဖြစ်ခဲ့ဖူးတဲ့ မိသားစုဝင်တွေလည်းရှိဖူးတယ်။
သူတို့ဧည့်ခန်းထဲရောက်သွားတော့ နံရံမှာခမ်းခမ်းနားနားချိတ်ထားတဲ့ သူကောင်းမျိုးအမျိုးသမီးတစ်ယောက်ရဲ့ပုံတူကို စတွေ့ရတယ်။ ပြီးတော့ အဲဒီပုံတူက ဖွားဖွားပန်ဒရာဂွန်နဲ့တူတယ်။ ဖရာလီတာက နားတက်ချိတ်လောက်အောင် ပြုံးလိုက်ပြီးတော့ စရှင်းပြတယ်။
"ပန်ဒရာဂွန်တွေရဲ့မိသားစုစည်းမျဥ်းအရ မိသားစုသုံးခုလုံးရဲ့ခေါင်းဆောင်ပုံတူပန်းချီကို ထိပ်ဆုံးမှာထားတယ်။ ကျန်တဲ့မိသားစုခွဲခေါင်းဆောင်တွေကတော့ သူ့အောက်မှာ။"
ဖရာလီတာပြောတဲ့အတိုင်းပဲ အေ့စ်၊ ဒိုင်ရွန်၊ ထရိုင်ရွန်မိသားစုတွေရဲ့လက်ရှိခေါင်းဆောင်ပုံတူတွေက ဖွားဖွားရဲ့ပုံတူပန်းချီအောက်မှာ ရှိနေတယ်။ ပြီးတော့ အဲဒီပုံတွေထဲကတစ်ပုံက ပိုပြီးငယ်သေးပုံပေါ်တဲ့ ဖရာလီတာရဲ့ပုံတူပန်းချီ။
ဖရာလီတာက ဂုဏ်ယူစွာနဲ့ သူ့ဗစ်တိုးရီးယားဂါဝန်လေးကိုမပြီး မက်ဒါနာရှေ့ကိုသွားကာ ဦးညွှတ်လိုက်တယ်။ "နယ်စားမင်းသမီးလေး၊ ငါက မိသားစုထဲမှာ လက်ရှိအသက်အငယ်ဆုံး ခေါင်းဆောင်ငယ်လေ။ ပြီးတော့ သမိုင်းတစ်လျှောက်မှာလည်း အငယ်ဆုံးပဲ။"
မက်ဒါနာကတော့ ဖရာလီတာကို မဲ့ရွဲ့ပြီးကြည့်လိုက်တယ်။ တကယ်လို့ Archmegaနဲ့ ကျန်တဲ့မိသားစုဝင်တွေကို အနိုင်မကျင့်ခဲ့ရင် ဒီရာထူးက ဖရာလီတာအတွက် ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး။
နောက်တော့ မက်ဒါနာရဲ့မျက်လုံးက နံရံမှာကပ်ထားတဲ့ သစ်သားဗီရိုတစ်လုံးပေါ်က ဓာတ်ပုံငယ်လေးတွေဆီရောက်သွားတယ်။ မိသားစုဓာတ်ပုံတစ်ပုံဖြစ်ပြီးတော့ နည်းနည်းပိုငယ်တဲ့ပုံပေါက်တဲ့ မဒမ်လော့ရန်က ချစ်စရာလေးနှစ်သမီးလေးကိုချီထားပြီး ဘေးက ချောမောတဲ့ယောကျ်ားတစ်ယောက်နဲ့ လက်ချင်းချိတ်ထားတယ်။ ပုံထဲမှာ ဖွားဖွားအာသာရီယာလည်းပါပြီး ဖရာလီတာပြောသလိုပဲ သမီးနဲ့အမေက ခွဲမရအောင်တူလွန်းတယ်။
"မိသားစုဓာတ်ပုံလား။" မက်ဒါနာမေးကြည့်တော့ ကျန်တဲ့သုံးယောက်လုံးက ခေါင်းညိတ်ပြကြတယ်။
နောက်ထပ် မက်ဒါနာရဲ့အကြည့်က အဲဒီဓာတ်ပုံဘေးက တခြားဓာတ်ပုံတစ်ပုံဆီရောက်သွားတယ်။ ပုံက ကျောင်းတုန်းက အတန်းသားတွေ စုရိုက်ထားတဲ့ပုံမျိုးဖြစ်ပြီးတော့ လန်ဒန်တော်ဝင်ဟီးရိုးတက္ကသိုလ်ဆိုတဲ့ ခေါင်းစည်းဆိုင်းဘုတ်ကို ကျောင်းသားတွေကကိုင်ထားပြီး ထိပ်ဆုံးသုံးယောက်က ဆုဖလားတစ်လုံးကိုမြောက်ထားကြတယ်။
ကြည့်ရတာ ြဗိတိသျှဟီးရိုးကျောင်းပေါင်းစုံ တံခွန်စိုက်ဖလားကို လန်ဒန်ဟီးရိုးအသင်းရတုန်းကပုံတွေထင်တယ်။ နိုင်ငံတကာပြိုင်ပွဲအဆင့်တော့မဟုတ်ပေမဲ့ ဒီလိုဖယားမျိုးရဖို့ကလည်း ဟီးရိုးကျောင်းတွေအတွက် မလွယ်ကူလှပါဘူး။
ဖားလေးတို့ရဲ့နယူးယောက်ဟီးရိုးကျောင်းဆိုရင်လည်း နှစ်တိုင်းဖလားလွဲနေကျမလို့ ရဖို့ခက်ခဲတဲ့အကြောင်းကို မက်ဒါနာသိတယ်။
ဖလားကိုင်ထားတဲ့ သုံးယောက်ကို မက်ဒါနာအတော်ရင်းနှီးပါတယ်။ ဖရာလီတာရဲ့အမေနဲ့အမေဖြစ်လာမယ့် သူတွေ။ တတိယတစ်ယောက်ကတော့ သူနဲ့ပိုပြီးရင်းနှီးမယ့် ဓားနတ်ဆိုးပါ။ ဒါပေမဲ့ ဒီထဲမှာတော့ အများကြီးပိုငယ်ပြီး မျက်လုံးလည်းမကန်းသေးဘူး။ မက်ဒါနာရဲ့မဟာမှတ်ဉာဏ်ကြောင့်သာမဟုတ်ရင် သူ့ကိုမှတ်မိနိုင်မယ်မထင်ဘူး။
ဒါပေမဲ့ ဓားနတ်ဆိုးက ဘယ်လိုလုပ်ပြီး ဒီပုံမှာပါနေရတာလဲ။ သူက မြူတန့်စွမ်းအားမရှိတဲ့ အမေရိကန် ကမ်းတက်တပ်သားဟောင်းတစ်ယောက်ပဲ မဟုတ်လား။ အခုကိစ္စက မက်ဒါနာလောလောဆယ် ဘယ်လိုမှာနားမလည်နိုင်တဲ့ကိစ္စ။
"ငါ့သမက်လေးနဲ့သမီးကျောင်းတုန်းက ပုံတွေလေ။ ငါ့သမက်လေးက ပန်ဒရာဂွန်မိသားစုရဲ့မွေးစားသားတစ်ယောက်ဆိုပေမဲ့ ထူးချွန်လို့ အင်္ဂလန်တော်ဝင်ဟီးရိုးကျောင်းတက်ခွင့်ကို ငါထောက်ခံပေးလိုက်တာ။"
နောက်တော့ ဖွားဖွားအာသာရီယာက မဒမ်လော့ရန့်နဲ့မစ္စတာအသာရဲ့အချစ်ဇာတ်လမ်းအကြောင်းကို ရှင်းပြပြန်တယ်။
"သူတို့နှစ်ယောက်က ငယ်ရာကနေ ကြီးတဲ့အထိ အတူရှိနေခဲ့ကြတာ၊ ဒါပေမဲ့ အခုတော့...." ဒီနေရာကိုရောက်တော့ ဖွားဖွားအာသာရီယာရဲ့လေသံက တိုးဝင်သွားတယ်။
မက်ဒါနာကို ဖွားဖွားအော်သာရီက အတော်လေးပြောပြခဲ့သေးတယ်။ ဖရာလီတာရဲ့အဖေနာမည်မှာလည်း ပန်ဒရာဂွန်ဆိုတာပါတယ်။ ဒါပေမဲ့ ထရိုင်ရွန်မိသားစုခွဲရဲ့သွေးဝေးတဲ့ ဆွေမျိုးတစ်ယောက်ဆီကနေ မွေးစားထားတာဖြစ်လို့ မဒမ်လော့ရန့်နဲ့ မောင်နှမအရင်းတွေမဟုတ်ဘူး။
နောက်တော့ မတည့်အတူနေကျရင်း ချစ်ကြိုက်သွားကြလေသတဲ့။
"....." ဒါပေမဲ့ မက်ဒါနာသိချင်တဲ့အကြောင်းက ခုထိမသိရသေးဘူး။ ဒီတော့ မက်ဒါနာကလည်း သူများအိမ်ရောက်နေပေမဲ့ ခပ်ရိုင်းရိုင်းပဲ ပုံထဲက လူမည်းကောင်လေးကို လက်ညိုးထိုးပြီး မေးလိုက်လေရဲ့။
"ဒီတစ်ယောက်ကရောဟင်..."
မဒမ်လော့ရန့်ကတော့ မက်ဒါနာရဲ့မေးခွန်းကြောင့် မျက်နှာကွက်ကတည်းဖြစ်သွားပြီး နေရာကနေ ထွက်သွားတယ်။ မက်ဒါနာကတော့ သူစကားပြောမှားသွားပြီဆိုပြီး နောက်ကိုအလန့်တကြားဆုတ်မိလိုက်တာပေါ့။ ဖရာလီတာကတော့ သူ့အမေနာမည်ကိုခေါ်ရင်း နောက်ကနေလိုက်သွားတယ်။
ဖွားဖွားအာသာရီယာကတော့ အာပေါင်အာရင်းသန်သန်နဲ့ ဆက်ရှင်းပြပါတယ်။ သူ့သမီးဘာလို့ထွက်သွားတယ်ဆိုတာကို သတိမထားမိသေးပုံပဲ။
"အဲဒီတစ်ယောက်က လန်ဒန်ဟီးရိုးကျောင်းကို ကျောင်းသားသံတမန်အစီအစဥ်နဲ့ ရောက်လာတဲ့တစ်ယောက်လေ။ ရောက်လာကတည်းက ငါ့သမီးလေးနောက်ကို တကောက်ကောက်လိုက်နေတော့တာ။"
မက်ဒါနာအတွက်က ဓားနတ်ဆိုးဟာ မှတ်ဉာဏ်တွေအများကြီး ချန်ထားပေးနိုင်စွမ်းအရှိဆုံး ဗီလိန်တစ်ယောက်ပါ။ သူလုပ်သမျှ လုပ်ရပ်တွေအားလုံးက ပုံမှန်နည်းလမ်းနဲ့ နားမလည်နိုင်တာတွေချည်းပဲ။
မက်ဒါနာလည်း ဖရာလီတာကိုမျက်နှာချင်းမဆိုင်ချင်လို့ တခြားပန်းချီကားတွေကို လိုက်ကြည့်ချင်ယောင်ဆောင်နေတဲ့ လီဆာကိုဖမ်းဆွဲလာပြီးပြလိုက်တယ်။
"ဟဲ့လီဆာ၊ အဲဒါ နင့်ကိုဖမ်းခေါ်သွားတဲ့လူကြီးနဲ့မတူဘူးလား။" လီဆာလည်း ခေါင်းညိတ်ပြတယ်။
"အင်း... သူနဲ့သမီးနဲ့ ဆုဗာနာကနေ ထွက်လာတုန်းက စကားပြောဖြစ်သေးတယ်။" မက်ဒါနာခေါင်းညိတ်လိုက်တယ်။ အနည်းဆုံးတော့ ပုံထဲကလူက ဓားနတ်ဆိုးဟုတ်မဟုတ် သူအတည်ပြုလို့ရသွားပြီ။