ရင်းနှီးနေတဲ့ ဖုန်းကောလ်
Vol. 4 Ch. 20
ဓားနတ်ဆိုးရဲ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေအများကြီး ဖုံးလွှမ်းနေတဲ့အတွက် သူ့အသက်ကိုမှန်းနိုင်ဖို့ခက်တယ်။ ပြောရရင် ရှိရင်းစွဲအသက်ထက် အများကြီးပိုရင့်တယ်လို့ ထင်ရတဲ့အတွက် မက်ဒါနာကိုယ်တိုင်လည်း သူ့အသက်ကို မခန့်မှန်းတတ်ဘူး။ ဒါပေမဲ့ အတော်လေးကို စိတ်ထားကြမ်းတမ်းပြီး ခန့်မှန်းရခက်တဲ့သူပါ။
ပြီးတော့ ကန်းနေတဲ့မျက်လုံးအစုံနဲ့တောင်မှ တိုက်ခိုက်နိုင်စွမ်းရှိသေးတယ်။
မက်ဒါနာ ပုံထဲကလူကို အကြာကြီးစိုက်ကြည့်နေမှန်း သတိထားမိတဲ့အတွက် ဖွားဖွားပန်ဒရာဂွန်က မေးလိုက်တယ်။ "ဘာဖြစ်လို့လဲ၊ သူ့ကို တစ်နေရာရာမှာ မြင်ဖူးလို့လား။"
မက်ဒါနာက ခေါင်းညိတ်ပြီး အင်းလို့ပဲဖြေလိုက်တယ်။ နောက်တော့ လီဆာဖက်ကိုလှည့်ပြီး ပြောလိုက်တယ်။
"လေယာဥ်တစ်နေကုန်စီးလာရတာဆိုတော့ ပင်ပန်းနေပြီမဟုတ်လား။ အတူသွားနားရအောင်။" အဲဒီနောက် ဖရာလီတာက လီဆာလေးလက်ကိုဆွဲပြီး အစေခံတွေ သူတို့အတွက်နေရာချပေးထားတဲ့ ဧည့်သည်ခန်းထဲကို ဝင်လိုက်ကြတယ်။
အခန်းကတော့ သားသားနားနားပါပဲ။ ဖရာလီတာကတော့ အထဲမှာကြိုရောက်နေနှင့်ပြီ။ မဒမ်လော့ရင့်ကတော့ ဘယ်ရောက်သွားလဲမသိဘူး။
"ဟေး... မက်ဒါနာ... ဒီနေ့ငါတို့အတူအိပ်..." ဒါပေမဲ့ မက်ဒါနာက ဖရာလီတာရဲ့ပါးစပ်ကိုဖမ်းပိတ်လိုက်ပြီးပြောလိုက်တယ်။
"တော်တော့၊ အခုနင့်မိဘတွေအိမ် ပြန်ရောက်နေပြီမလား။ ကလေးက ကလေးလိုနေ၊ သူများတွေကြားကုန်ရင် ငါက နင့်ကိုယ်ကျင့်သိက္ခာတွေ တစ်စက်မှရစရာမရှိအောင် ဖျက်ဆီးပစ်လိုက်ပြီထင်နေဦးမယ်။"
အင်းလေ၊ သာမန်သူကောင်းမျိုးမိန်းကလေးတစ်ယောက်က ဒီလိုသောက်တလွဲစကားတွေပြောမှာမှမဟုတ်တာ။ လီဆာကလည်း ဒီနေရာမှာတော့ မက်ဒါနာနဲ့သဘောထားအတူတူပဲ။
ဖရာလီတာကို တကယ်ရန်တွေ့တော့မယ့်အကြည့်နဲ့ကြည့်ရင်း အိမ်ခန်းအပြင်ပထုတ်ဖို့လုပ်တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ ဖရာလီတာရဲ့ဖုန်းဝင်လာတယ်။
မက်ဒါနာကတော့ မျက်လုံးထောင့်ကနေ ဖရန့်လို့ရေးထားတဲ့ စာတန်းကိုမြင်လိုက်တယ်။ လူကန်နဲ့ဖရန့်ဆိုတဲ့ အမိန့်တော်အေးဂျင့်နှစ်ယောက်ကို မက်ဒါနာ အတော်လေးရင်းနှီးတယ်။ သူတို့နှစ်ယောက်က အင်မတန်အစွမ်းထက်ပြီး အတွဲညီတဲ့သူတွေလေ။ အထူးသဖြင့် ဖရန့်မှာအိပ်ဆောင်လိုလီလေးရှိနေလို့ မျက်မှန်းတန်းမိနေတာ။
ဒါပေမဲ့ ယူဂျင်းထောင်ကို သူတို့သွားကတည်းက အဲဒီနှစ်ယောက်နဲ့ သူတို့အဆက်အသွယ်ပြတ်နေတာ။ အဲဒီတုန်းကတော့ ဆိုးလ်မှာ ဗီလိန်တိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့တယ်လို့ ဥစာကီပြောခဲ့ပေမဲ့ သူတို့လည်း သူတို့အပူနဲ့သူတို့မလို့ ဂရုမစိုက်မိခဲ့ဘူး။ မက်ဒါနာလည်း အဲဒီကိစ္စကိုပြန်စဥ်းစားမိသွားပြီး သူ့ဖုန်းကိုထုတ်ကာ လွန်ခဲ့တဲ့ရက်အနည်းငယ်က အဲဲဒီသတင်းကို ပြန်ရှာကြည့်ဖို့ကြိုးစားတယ်။
"ဖရန့်... နင်တို့ဘယ်ရောက်နေတာလဲ၊ အခုမှငါ့ကို လှမ်းဆက်တယ်။ ငါက အမိန့်တော်အဖွဲ့ခေါင်းဆောင်ဆိုတာကိုရော နင်တို့မှတ်မိကြသေးရဲ့လား။"
ဖရာလီတာက ဖုန်းစပြောပြောချင်းမှာပဲ ဖရန့်ကိုလှမ်းဟောက်လိုက်တယ်။ ဒါပေမဲ့ ဖရန့်ရဲ့တစ်ဖက်ကနေ ပြန်ဖြေတဲ့လေသံက မူမမှန်ဘူး။ အသံက တစ်ခုခုကို သိပ်ကြောက်နေသလိုမျိုး တုန်ရင်နေပြီးတော့ ဆိုးဆိုးဝါးဝါးအခြေအနေတစ်ခုနဲ့ ကြုံနေရသလိုပဲ။
"ဖရာလီတာ... တောင်းပန်ပါတယ်... နင့်အစ်ကိုသေပြီ..." ဖရာလီတာကတော့ အဲဒီစကားကို နည်းနည်းလေးမှ အယုံအကြည်မရှိဘူး။
"ဟမ်... နင်ဘာတွေပြောနေတာလဲ၊ နင်တို့နှစ်ယောက်လုံးက အမြဲအတူတူရှိနေကြတာပဲဥစ္စာ။ နင်အသက်ရှင်နေသေးရင် လူကန်လည်းရှိနေသေးတယ်ဆိုတဲ့သဘောပဲ။"
...
တစ်ဖက်မှာတော့ ဖရာလီတာရဲ့စကားသံကို နှင်းတွေကြားထဲမှာနားထောင်နေတဲ့ ဖရန့်ရဲ့လက်တွေက တုန်ရီနေတယ်။
အခုသူက တောင်ကုန်းတစ်ခုပေါ်မှာပေါက်နေတဲ့ သစ်ပင်က ပင်စည်ကိုမှီပြီးထိုင်နေတာ။ သူ့နေရာကနေကြည့်လိုက်ရင် အပိုင်းပိုင်းအစစပြတ်ထွက်နေတဲ့ ခန္ဓာကိုယ်အပိုင်းအစတွေနဲ့ သွေးစက်တွေကြောင့် ကြိုကြားကြိုကြား နီရဲနေတဲ့ နှင်းဖုံးတဲ့မြေကိုမြင်နိုင်တယ်။
"တောင်းပန်ပါတယ်... သူငါ့ကြောင့် သေသွားတာ၊ ငါသူ့ကို မကယ်လိုက်နိုင်ဘူး။" တကယ်လည်း လူကန်က ဖရန့်ကိုကယ်ဖို့လုပ်ရင်း သေသွားခဲ့တာ။
အခုမှဖုန်းဆက်ပြီးပြောဖြစ်ရတဲ့ အကြောင်းအရင်းကလည်း သူဆေးရုံပေါ်ကနေ ဆင်းလာလာချင်း ဖြစ်ပျက်ခဲ့တဲ့ မွန်းစတားလိပ်ကိစ္စကြောင့်ဖြစ်ပြီး သတိလစ်သွားလိုက် ပြန်သတိရလာလိုက် နောက်ကလိုက်နေတဲ့လူတွေလက်ကနေ လွတ်အောင်ပြေးရလိုက်နဲ့ ဖြစ်နေခဲ့တာပါ။
[တီ... ဖုန်းအားလက်ကျန်မရှိတော့ပါသဖြင့် စက္ကန့်သုံးဆယ်အတွင်း ပါဝါပိတ်မည်ဖြစ်ပါသည်။]
"တောင်းပန်ပါတယ်... တကယ်ကိုတောင်းပန်ပါတယ်... ငါသူ့ကိုမကယ်လိုက်နိုင်ဘူး... ငါက အသုံးမကျတဲ့ကောင်..." ဖရန့်တစ်ယောက် သူ့ဖုန်းအားလုံးဝ ကျသွားပြီး ဖုန်းပိတ်သွားတဲ့အထိ မှန်ကွဲနေတဲ့ဖုန်းလေးကို နားနားကပ်ပြီး ဆက်တိုက်တောင်းပန်နေခဲ့တယ်။
သေဆုံးသွားသူတွေက ပြန်မရှင်လာနိုင်တော့မှန်း သိနေပေမဲ့ပေါ့။
....
ဖရာလီတာကတော့ ဖရန့်ရဲ့ဖုန်းကျသွားတဲ့အထိ မယုံနိုင်စွာနဲ့ တိတ်ဆိတ်နေမိတယ်။ နောက်တော့ ဖရာလီတာက မက်ဒါနာကိုလှည့်ကြည့်ပြီး မေးလိုက်တယ်။
"အဲဒါက ဖြစ်နိုင်လို့လား။" ဖရန့်ကတော့ အလကားနေပြီး သူတို့ကိုဖုန်းဆက်လှမ်းနောက်မှာ မဟုတ်ဘူးလေ။
မက်ဒါနာကလည်း နိုင်ငံတကာသတင်းဌာနတစ်ခုက သတင်းတစ်ခုကိုပြလိုက်တယ်။ တောင်ကိုရီးယားဆိုးလ်အဖြစ်အပျက်က ယူဂျင်းအကျဥ်းထောင်ကိစ္စနဲ့တိုကျိုအဖြစ်အပျက်တို့ကြောင့် သတင်းဖုံးနေပေမဲ့လည်း ခုရက်ပိုင်းအတွင်းဖြစ်ခဲ့တဲ့ ကိစ္စရပ်ကြီးတစ်ခုတည်းမှာပါတယ်။
တချို့အင်တာနက်အသုံးပြုသူတွေက ဒီဇင်ဘာလအတွင်း ဖြစ်ပျက်ခဲ့သမျှကို အကျဥ်းချုံးပြီးတော့ အဆိုးဆုံးခရစ်စမတ်လို့တောင် ခရစ်စမတ်ဖိုးဖိုးကြီးပုံနဲ့ Memeလုပ်တင်ထားပါသေးတယ်။
တကယ်ပဲ တောင်ကိုရီးယားသတင်းဌာနရဲ့ဖော်ပြချက်အရ ဆိုးလ်အဖြစ်အပျက်မှာ ဟီးရိုးများစွာသေဆုံးခဲ့ပြီး ဧည့်သည်တစ်ယောက်အနေနဲ့ ဝင်ကူညီပေးခဲ့တဲ့ ဥရောပသားဟီးရိုးနှစ်ယောက်အနက် တစ်ယောက် အပြင်းအထန်ဒဏ်ရာရသွား နောက်တစ်ယောက်ကတော့ သေသွားတယ်လို့ဖော်ပြထားပါတယ်။ ပြီးတော့ သေဆုံးသွားတဲ့ ဟီးရိုးနာမည်က လူကန် အာ့ခ်ပါ။
ဒီသတင်းကြောင့် ဖရာလီတာတစ်ယောက် အခန်းထဲမှာရှိနေတဲ့ ထိုင်ခုံတစ်လုံးပေါ် ပုံလျက်သားကျသွားတယ်။
"မဖြစ်နိုင်တာ... ဝမ်းကွဲအစ်ကိုက.. " သူက စကားကို တစ်ဝက်တစ်ပျက်နဲ့ရပ်လိုက်ပြီး ပိုပြီးတိုးညှင်းတဲ့လေသံနဲ့ ပြောလိုက်ပါတယ်။
"သန်မာတယ်မဟုတ်ဘူးလား..." လူကန်ရဲ့အားနည်းတဲ့ သက်လုံနဲ့ တခြားအားနည်းချက်တွေကြောင့်သာမဟုတ်ရင် သူ့ရဲ့မြူတန့်စွမ်းအားက S rank တွေနဲ့ တန်းတူနီးပါးရှိတယ်။ ပြီးတော့ သူ့အနားမှာလည်း ဖရန့်တစ်ယောက်ရှိနေသေးပြီး နှစ်ယောက်လုံးက ထိပ်သီး A rankတွေပါ။
ရှားပိုင်ဝေလိုမျိုး S rankတစ်ယောက်တောင် သူတို့ကို သတ်ချင်တိုင်းသတ်လို့မရနိုင်ဘူး။ ဒါဆိုရင် ဘာတွေဖြစ်ခဲ့လို့ သူတို့ဒီလောက်တောင် အခြေအနေဆိုးသွားခဲ့တာလဲ။ ပြီးတော့ ဖရန့်ကရော ဒီလောက်အရေးပါတဲ့ကိစ္စကို ဘာလို့သူတို့ဆီ ချက်ချင်းအသိမပေးခဲ့တာလဲ။
ဖရာလီတာနဲ့မက်ဒါနာက အမိန့်တော်အဖွဲ့ရဲ့သတင်းကိုစောင့်နေတုန်း ဆိုးလ်အဖြစ်အပျက်အကြောင်း သတင်းတွေကို စီစစ်ကြည့်ခဲ့ကြတယ်။ ဖြစ်ပျက်ခဲ့တာတွေက သူတို့ထင်တာတွေထက် အများကြီးဆိုးပါတယ်။
တောင်ကိုရီးယားအစိုးရက ပြင်ပအနှောင့်အယှက်တစ်ခုကြောင့် သတင်းတွေထုတ်ပြန်ဖို့ နောက်ကျခဲ့ပြီး ဆိုးလ်အဖြစ်အပျက်အကြောင်းကို ကမ္ဘာက တရားဝင်သိတဲ့အချိန်မှာ အားလုံးဖြစ်ပျက်ပြီးနေပါပြီ။ လူသိန်းဂဏန်းလောက်သေဆုံးပြီး မြို့ကြီးတစ်မြို့လုံး သုံးစားမရဖြစ်သွားတယ်။
ပြီးတော့ ဗီဒီယိုမှတ်တမ်းတွေအရ အင်မတန်ဆိုးဝါးကြမ်းကြုတ်တဲ့ ပင့်ကူအသွင်မြူတန့်သားရဲကြီးတစ်ကောင်ရဲ့လက်ချက်ဖြစ်ပုံပဲ။ ဘူဆန်မှာ ယာယီအားဖြင့် အခြေစိုက်နေတဲ့ ဆိုးလ်အစည်းအရုံးကတော့ ဒီပင့်ကူဟာ မြူတန့်သိပ္ပံရဲ့တည်ထောင်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ Dr.soulကနေ ဆင့်ကဲပြောင်းလဲဖြစ်ပေါ်လာတာဖြစ်တယ်လို့ ဖော်ပြထားပေမဲ့ ဒီထပ်ပိုပြီးတော့ သူတို့ဘာမှထပ်မသိရတော့ဘူး။
"လူသားအဖြစ်ကနေ သားရဲအဖြစ်ကိုပြောင်းသွားတာလား၊ ဒါပေမဲ့ မြူတန့်သိပ္ပံရဲ့ဖော်မြူလာက ပြီးပြည့်စုံသွားပြီ မဟုတ်ဘူးလား။" အရင်က လူလုပ်မြူတန့်တွေဆိုရင် စွမ်းအားအသုံးလွန်သွားပြီး လူပြန်မဖြစ်နိုင်တော့တဲ့ အားနည်းချက်ရှိတယ်။
ဒါပေမဲ့ လီဆာကို သူတို့ပြန်ပေးဆွဲသွားပြီးတဲ့နောက်မှာ ပြီးပြည့်စုံတဲ့ လူလုပ်မြူတန့် DNAကို ရရှိသွားပြီဖြစ်ပြီးတော့ အဲဒီအားနည်းချက်လည်း မရှိတော့ပါဘူး။
အခုတော့ Dr.soulက လူသားစင်စစ်ကနေ သားရဲအဖြစ်ကို ပြောင်းသွားခဲ့တယ်မဟုတ်လား။ မက်ဒါနာ စဥ်းစားခန်းဝင်နေတုန်းမှာပဲ ဖရာလီတာက ဝင်ထောက်လိုက်တယ်။
"မဟုတ်ဘူး၊ Dr.soulက တည်ထောင်သူသုံးဦးထဲမှာ နဂိုကတည်းက မြူတန့်စွမ်းအားရှိပြီးသားသူပဲ။ ကျန်တဲ့နှစ်ယောက်က သူ့စွမ်းအားနဲ့လုပ်နိုင်စွမ်းကို သဘောကျပြီးတော့ ဖိတ်ခေါ်ခဲ့ကြတာ။"
ဖရာလီတာက Dr.soulနဲ့ပတ်သက်ပြီး သူသိထားသမျှကို ပြန်စဥ်းစားရင်းနဲ့ သူ့ရဲ့Tabletကိုထုတ်ကာ အမိန့်တော်အဖွဲ့ရဲ့သတင်းအချက်အလက်ဆာဗာတွေထဲက အချက်အလက်တွေကို ဖွင့်ကြည့်လိုက်တယ်။
"ငါတို့အမိန့်တော်အဖွဲ့ကလည်း ဟီးရိုးတွေသိသလောက်ပဲ သိတာဆိုပေမဲ့ ဒီအထောက်အထားတွေက ခိုင်လုံပြီး နှစ်နဲ့ချီထောက်လှမ်းလာခဲ့တဲ့အရာတွေ။ မြူတန့်သိပ္ပံရဲ့တတိယမြောက်တည်ထောင်သူ Dr.soulက တောင်ကိုရီးယားက ပလက်စတစ်ဆာဂျရီပညာရှင်၊ သွေးကြောမြူတန့်စွမ်းအားပိုင်ရှင်ပဲ။ သူက အဖွဲ့ဝင်ဆိုပေမဲ့ ထာဝရအလှနောက်ကိုပဲ အသည်းအသန်လိုက်နေတာ။ မြူတန့်သိပ္ပံအဖွဲ့အထွက် လူလုပ်မြူတန့်တွေထုတ်ဖို့ လူသားတွေနဲဲ့မြူတန့်သားရဲတွေကို ခွဲစိပ်ပေါင်းစပ်ပေးတဲ့နေရာမှာ အဓိကတာဝန်ယူခဲ့ပေမဲ့..."
ဖရာလီတာက နောက်ထပ်ဆက်မပြောခင် အသက်ကို ဝအောင်ရှုလိုက်ပြီး "သူတကယ်တမ်း စိတ်ဝင်စားတဲ့ နယ်ပယ်မဟုတ်တဲ့အတွက်ကြောင့် ဒေါက်တာမြူကို သင်ပေးလိုက်ပြီး သူ့သုတေသနတွေကိုပဲ ဆက်လုပ်နေတာ။"
ပြောရရင် မြူတန့်သိပ္ပံရဲ့တည်ထောင်သူသုံးဦးမှာ ဒေါက်တာစမစ်တစ်ယောက်သာ အများဆုံးလှုပ်ရှားတဲ့သူဖြစ်ပြီး ကျန်နှစ်ယောက်က အကူသဘောပါပဲ။ ဒေါက်တာမြူတောင်မှ မက်ဒါနာနဲ့အမိန့်တော်အဖွဲ့ဝင်တွေ မြူတန့်သိပ္ပံကိုပစ်မှတ်ထား တိုက်ခိုက်လာချိန်မှ တန်ပြန်ဖို့ထွက်လာဖြစ်တယ်။
မက်ဒါနာကလည်း တခြားဖြစ်ရပ်တစ်ခုနဲ့ ပြန်ဆက်စပ်ပြီးတွေးမိပြီး သူ့အတွေးကိုထုတ်ဖော်တယ်။ "ပြောခါမှ အာကိုင်းဂါမီဆိုရင်လည်း လူသားစင်စစ်ပဲမဟုတ်လား... ဘာလို့ဖီးနစ်ကြီးဖြစ်သွားတာလဲ။"
"ဒါပေမဲ့ သီအိုရီအရဆိုရင် အာကိုင်းဂါမီက နှစ်ရာချီပြီး အသက်ရှင်နေခဲ့တာ၊ ဒီထက်လည်းစောရင်စောမှာပဲ။ သူက လူအဖြစ်အသွင်ပြောင်းထားတဲ့ သားရဲလား၊ လူအစစ်လားဆိုတာ ငါတို့မသိနိုင်ဘူး။" ဖရာလီတာ့စကားက သူတို့မှာ တိကျပြီးအားကိုးရလောက်တဲ့ သုတေသနရလဒ်မရှိသေးကြောင်း ဖော်ပြလိုက်သလိုပါပဲ။
ဒီအတွက်လည်း ဖြေရှင်းချက်တစ်ခုရှိမနေပြန်ဘူး။ ဒါတွေအားလုံးက သူတို့နှစ်ယောက်လို ဉာဏ်ပညာရှိသူတွေအတွက်တောင် စိတ်ပျက်စရာကောင်းအောင် ခက်ခဲနက်နဲနေပြီး ယုတ္တိရှိတဲ့ သီအိုရီတစ်ခုကိုတောင် ထုတ်ပေးနိုင်စွမ်းမရှိသေးဘူး။
မက်ဒါနာကလည်း ကိစ္စနောက်တစ်ခုကိုတွေးမိသွားပြီး ဆိုးလ်ဖြစ်ရပ်အကြောင်းရှာနေတုန်း အပေါ်မှာတွေ့မိတဲ့ လိပ်နက်သတင်းအကြောင်း ဖရာလီတာကို ပြလိုက်တယ်။
"ဒါကိုကြည့်ကြည့်ဦး၊ နောက်ထပ် သားရဲအကြီးကြီးတစ်ကောင်ပဲ။ လောလောဆယ်တော့ ရုရှားနိုင်ငံရဲ့အရှေ့တောင်ဖက်က မြို့တစ်မြို့မှာရှိနေတယ်လို့ပြောတာပဲ။ တိုက်ပွဲဖြစ်နေတဲ့တစ်နေရာမှာပေါ်လာပြီး နှစ်ဖက်လုံးကတပ်သားတွေကို စားပစ်လိုက်တာ။ ရုရှားသမ္မတရော ဝံပုလွေလက်သည်းပါ မနည်းလွတ်အောင်ပြေးလာရသတဲ့။"
မက်ဒါနာက သတင်းအကျဥ်းချုံးကို ဖတ်ပြပြီးတဲ့နောက်တော့ ဖရာလီတာကို အကယ်၍ဆိုတဲ့သဘောနဲ့ ပြောလိုက်လေရဲ့။
"တကယ်လို့ အဲဒီလိပ်ကရော လူက ဖြစ်လာတာဆိုရင် ဘယ်လိုလုပ်မလဲ၊ အခုငါတို့မှာ ဖီးနစ်၊ လိပ်နက်၊ ဂူပိုးကောင်ဘုရင်မ ဆိုပြီးသုံးခုရှိနေပြီ။ နဂါးပြာနဲ့ကျားဖြူကရော ဘယ်အချိန်ပေါ်လာမယ်ထင်လဲ။"
တရုတ်ဒဏ္ဍာရီထဲမှာတော့ အဲဒီအကောင်တွေက အဓိက လူစိတ်ဝင်စားတဲ့ မှော်ဝင်သတ္တဝါတွေပါ။ ဒီတော့ မက်ဒါနာအနေနဲ့ သူတို့ကိုလွယ်လွယ်ကူကူ စဥ်းစားလိုက်မိတာ သဘာဝပဲ။ ဖရာလီတာကတော့ ပါးလေးဖောင်းထားပြီး ဒေါသထွက်နေတဲ့ပုံပဲ။
"အာ... မက်ဒါနာ... အဲဒီအကောင်တွေက အပြင်မှာ တကယ်မှမရှိနိုင်တဲ့ဥစ္စာကို။" ဖရာလီတာရဲ့ငြင်းဆိုစကားကြောင့် မက်ဒါနာ အလိုလိုပြုံးမိလိုက်တယ်။ ကြည့်ရတာ ဖရာလီတာလေး ဝမ်းနည်းစရာကိစ္စတွေကို ခဏလောက်မေ့သွားပုံပဲ။
ဒါပေမဲ့ မက်ဒါနာအထင်မှားသွားတယ်။ စိတ်ဆိုးပြေသွားပြီးတဲ့နောက် ဖရာလီတာရဲ့မျက်နှာက ထပ်ပြီးညိုးငယ်သွားပြန်တယ်။
"ဒါပေမဲ့ ဝမ်းကွဲအစ်ကိုသေပြီဆိုတာကို ငါမယုံနိုင်သေးဘူး။" ဖရာလီတာ ဒီစကားကိုပြောပြီးတဲ့အချိန်မှာပဲ သူ့ဆီဖုန်းဝင်လာတယ်။ သူတို့နှစ်ယောက်က ကပ်လျက်အနေအထားမှာ အတူထိုင်နေတာမလို့ ဖရာလီတာ ဖုန်းကိုင်လိုက်ပြီးတဲ့နောက် မက်ဒါနာလည်း တစ်ဖက်ကစကားသံကို နားစွန်နားဖျားကြားရတယ်။
"ဟယ်လို၊ ကျွန်တော်တို့က ကမ္ဘာ့ဟီးရိုးအစည်းအရုံးဌာနချုပ်ကပါ။ ပြောရမှာတော့ စိတ်မကောင်းပါဘူးခင်ဗျ။ ခင်ဗျားက A rank အဆင့်စူပါဟီးရိုး လူကန် အာ့ခ်ရဲ့မိသားစုဝင်ဟုတ်ပါတယ်နော်။ သူ့ရဲ့ဆက်သွယ်ရန်စာရင်းမှာ ခင်ဗျားရဲ့ဖုန်းနံပါတ်ကို ကျွန်တော်တို့တွေ့ရလို့ပါ။ စူပါဟီးရိုး လူကန် အာ့ခ်က ဆိုးလ်အဖြစ်အပျက်မှာ သာမန်လူတွေကို ရွေ့ပြောင်းပေးနိုင်ဖို့ မြူတန့်သားရဲကြီးကိုရင်ဆိုင်ရင်း ကျဆုံးသွားခဲ့ပါပြီ။ ဆိုးလ်အစည်းအရုံးပျက်စီးသွားလို့ ရုံးလုပ်ငန်းစဥ်တွေကြာနေတဲ့အတွက် အခုမှဖုန်းဆက်ဖြစ်တာ အားနာပါတယ်ခင်ဗျ။"
ရင်းနှီးနေတဲ့ ဖုန်းကောလ်တစ်ခု။
လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်တုန်းကလည်း မက်ဒါနာတို့မိသားစုဆီကို အဲဒီဖုန်းကောလ်မျိုး ဝင်လာခဲ့ဖူးတယ်။ သူ့ဦးလေး ထွက်သွားခဲ့တဲ့အချိန်တုန်းကပေါ့။
အခုတော့ ဖရာလီတာဆီကို ဒီဖုန်းကောလ်ဝင်လာခဲ့ပြီလေ။
"ဒါဆို သေချာသွားခဲ့ပြီပေါ့။" ဖရာလီတာက သူ့ဂါဝန်အနားစကို လက်တစ်ဖက်နဲ့ဆုပ်ကိုင်ထားလိုက်ရင်း သူ့ခြေထောက်သူ ငုံကြည့်လိုက်တယ်။ မက်ဒါနာလည်း ဖရာလီတာရဲ့ကိုယ်လေးပြိုလဲမသွားအောင်လို့ နောက်ကနေ ပွေ့ဖက်ထားမိတယ်။
"ငါ့ကိုဂရုစိုက်တဲ့ ဝမ်းကွဲအစ်ကိုက..." ဖရာလီတာက လူကန်ကို သိပ်ဂရုမစိုက်သလိုနေပေမဲ့ လူကန်က ဖရာလီတာကို တကယ်ဂရုစိုက်ပါတယ်။ ဖရာလီတာမှာ ဝမ်းကွဲအစ်ကိုနှစ်ယောက်ရှိပြီး တစ်ယောက်က မကောင်းတဲ့ကောင် အော့တိုဆိုပေမဲ့ တခြားတစ်ယောက်ဖြစ်တဲ့ လူကန်ကတော့ သူလိုအပ်နေတဲ့ အချိန်တိုင်းမှာ အနားမှာရှိနေခဲ့ဖူးတယ်။
လူကန်က ဖရာလီတာအတွက် စတန်းဖို့ဖ်နဲ့တန်းတူ အရေးပါသူပါ။ အခုတော့ သူတို့နှစ်ယောက်လုံးမရှိကြတော့ဘူး။ ဖရာလီတာအတွက် လောကကြီးတစ်ခုလုံးက အရောင်မဲ့သွားသလိုပဲ။ အခုတော့ လောကကြီးတစ်ခုလုံးမှာ သူ့အတွက်ဖယောင်းတိုင်လေးတစ်ခုစာ အလင်းရောင်ပဲကျန်တော့တယ်။
....
ပြီးခဲ့ပြီဖြစ်သော မကြာသေးခင်က အတိတ်ကာလတစ်ခု၊ ကမ္ဘာကြီး၏အခြားဘက်ခြမ်း၌။
လူငယ်လေးတစ်ယောက်က ချမ်းအေးလှသော ဆောင်းကို အံ့တုလျက် ရပ်ကွက်ပန်းခြံအတွင်းမှ ထိုင်ခုံတန်းတစ်ခုတွင်ထိုင်လျက် တစ်စုံတစ်ယောက်ကို စောင့်မျှော်နေဟန်ရှိသည်။
သူ့ပေါင်ပေါ်တွင်တော့ နှင်းဆီပန်းလေးတစ်ပွင့်ကိုတင်ထားကာ သူ့ဘောင်းဘီအိတ်ထဲတွင် ထိုးထည့်ထားသော ဖုန်းအားသွင်းခေါင်းအရွယ် ကတ္တတီပါ ဘူးနီလေးအား စိတ်မချဟန်ဖြင့် ခဏခဏသွားစမ်းကြည့်နေမိ၏။
ချမ်းလွန်းသောကြောင့် ကောင်လေးမှာ အအေးအရောင်းစက်မှ ပူနွေးသော ကော်ဖီတစ်ခွက်ကိုပင် ဝယ်သောက်လိုက်သေးသည်။
ညကား နက်သည်ထက် နက်လာ၏။ သူ့ဘေးတွင်လည်း ပုံထားသည့် သံဘူးကော်ဖီခွက်ခွံသုံးခွက်ခန့်ပင် ရှိနေလေပြီ။ စောင့်မျှော်နေသူကား ထိုအချိန်ထိ ရောက်မလာသေးပေ။
ကောင်လေးက သက်ပြင်းချလိုက်ပြီး တစ်ယောက်တည်း ရေရွတ်လိုက်၏။
"သူချိန်းထားတာကို မေ့များမေ့သွားတာများလား။" ကောင်လေးက စိတ်ပူစွာဖြင့် ဖုန်းကိုထုတ်ပြီး ရင်းနှီးနေသော နံပါတ်တစ်ခုအား အကြိမ်ကြိမ်ခေါ်ကြည့်သည့်တိုင်အောင် ကိုင်သူမရှိ။
အကြိမ်ငါးဆယ်မြောက် ဖုန်းခေါ်ပြီးသည့်နောက် သူလက်လျှော့လိုက်၏။
"သူအလုပ်များနေလို့နေမှာပါ။" ကောင်လေးအနားသို့ အိုမင်းနေပြီဖြစ်သော အိမ်ခြေရာမဲ့အဖိုးကြီးတစ်ယောက် လာထိုင်သည်။
လူငယ်လေးက အဖိုးကြီး၏အခြေအနေကို ကြည့်လိုက်ပြီး နားလည်သွားကာ ပြန်ပြုံးပြလိုက်သည်။ "ဒီနေရာက ဦးလေးနေရာလားခင်ဗျ။"
အဖိုးကြီးက ခေါင်းညိတ်ပြသည့်အတွက် လူငယ်လေးမှာ ဘေးနားသို့ နည်းနည်းရွေ့ပေးလိုက်သည်။ "ဆောင်းတွင်းကြီး ဒီမှာအခြေချလို့ဖြစ်ပါ့မလား၊ ဆောင်းက အေးတယ်လေ။"
အဖိုးကြီးကတော့ သူ့နှင့်အတူယူလာသော စစ်စိမ်းရောင် စောင်အဟောင်းနှစ်ထည်ကို ပုတ်ပြလိုက်ပြီး တစ်ခုကို ခုံပေါ်တွင် အိပ်ရာခင်းအဖြစ်ခင်းကာ အခြားတစ်ခုကိုတော့ ကိုယ်တိုင်ခြုံထားလိုက်၏။ ထို့နောက် သူ၏အတွေ့အကြုံကို ကောင်လေးအား ပြောပြလိုက်သည်။
"မပူပါနဲ့ကွ၊ ငါဒီမှာနေလာတာ ငါးနှစ်လောက်ရှိပြီ။ ပြီးတော့ ခရစ်စမတ်နှင်းတွေအရမ်းကျတဲ့အချိန်ဆိုရင် ဘူတာရုံတွေက ဝင်အိပ်ခွင့်ပေးတယ်လေ။" အိမ်ရာမဲ့များတွင်လည်း အတွေ့အကြုံပေါ်မူတည်သည့် သီးသန့်ကျွမ်းကျင်မှုများ ရှိသည့်ပုံပင်။
"ကောင်မလေးကို စောင့်နေတာလား။"
"ဟုတ်... သူ့ကိုဒီနေ့ လက်ထပ်ခွင့်တောင်းမလို့လေ။"
အဖိုးကြီးက လူငယ့်စကားကြောင့် သဘောကျသွားပြီး သူဝှက်သယ်လာသည့် ဆာကေးဖန်ပုလင်းလေးကို မြှောက်ပြလိုက်၏။
"သွေးပူအောင် သောက်ဦးမလား။"
"မသောက်တော့ပါဘူး။" အဖိုးအိုနှင့် အချိန်အတော်ကြာ စကားကောင်းနေပြီးနောက် ညအတော်ကြီးနက်လာကာ အဖိုးအိုအိပ်ဖို့ပြင်သည့်အခါမှ လူငယ်လေးလည်း လက်လျှော့လိုက်ပြီး အိမ်ပြန်ဖို့ဆုံးဖြတ်လိုက်၏။
အဖိုးအိုကတော့ သူ့ကိုနှုတ်ဆက်ပြီး ထွက်ခွာသွားသော လူငယ်လေးကျောပြင်ကိုကြည့်ရင်း...
"လူငယ်လေးက ကြင်နာတတ်လိုက်တာ... ဒါပေမဲ့ အချစ်ကံတော့ မကောင်းရှာဘူးပဲ... ဟင်း..."
ရုတ်တရက် အပြန်လမ်းတွင် လူငယ်လေးဖုန်းမှာ ထူးထူးခြားခြားမြင်လာ၏။ မရင်းနှီးသောနံပါတ်ဖြစ်သော်လည်း လူငယ်လေးက ကိုင်ပြီးတစ်ဖက်မှ ပြောစကားများကို နားထောင်လိုက်သည်။
"ဟယ်လို ဘယ်သူပါလဲ..."
"ဟယ်လို၊ ကျွန်တော်တို့က ကမ္ဘာ့ဟီးရိုးအစည်းအရုံးကပါ။ ပြောရမှာတော့ စိတ်မကောင်းပါဘူးခင်ဗျ။ ခင်ဗျားက C rank အဆင့်စူပါဟီးရိုး Queen Beeရဲ့ချစ်သူဟုတ်ပါတယ်နော်။ သူ့ရဲ့ဆက်သွယ်ရန်စာရင်းမှာ ခင်ဗျားရဲ့ဖုန်းနံပါတ်ကို ကျွန်တော်တို့တွေ့လို့ပါ။"