← Chapters

အတိတ်က ကိစ္စများ

Vol. 4 Ch. 21

အတိတ်က ကိစ္စများ

Vol. 4 Ch. 21

ဂျပန်မှာတော့ ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေတဲ့ တိုက်ပွဲတစ်ခု ပြီးဆုံးသွားခဲ့ပါပြီ။ အမေရိကန် လေတပ်ဟာ မြူတန့်သားရဲကြီးကို အနိုင်ယူဖို့ကျရှုံးခဲ့ပြီး မြူတန့်ဌာနစိတ်ကလည်း တိုကျိုအစည်းအရုံးကို မတားဆီးနိုင်ခဲ့ပါဘူး။

နောက်ဆက်တွဲအနေနဲ့ ပြည်သူပိုင်အိုးအိမ်အများအပြား ပျက်စီးသွားခဲ့ရပြီး ဒီအကျိုးမဲ့တိုက်ပွဲကြောင့် ဟီးရိုးတွေရောအစိုးရပိုင်းပါ အပြစ်တင်ခံနေရပါတော့တယ်။ ဒါပေမဲ့ ဂျပန်အစိုးရကတော့ အများဆုံးအပြစ်တင်ခံခဲ့ရပြီး လက်ရှိအာဏာရပါတီဟာ ပြိုင်ဖက်ပါတီရဲ့မေးခွန်းထုတ်ခြင်းကို ခံနေရပြီးတော့ ဒီအတိုင်းဆိုရင် ဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ဝင်တချို့ နှုတ်ထွက်ပေးရမယ့်အထိ ပြင်းထန်နေခဲ့ပါပြီ။

အားလုံးအငြင်းပွားနေတဲ့အချိန်မှာပဲ ဂျပန်ဘုရင့်နန်းတော်ကနေ အကြံပေးချက်တစ်ခုရောက်ရှိလာပါတော့တယ်။ နိုင်ငံရဲ့ဖွဲ့စည်းပုံအရ ဘုရင်ဟာရုပ်ပြသာဖြစ်ပြီး ဘာနိုင်ငံရေးအာဏာမှမရှိပါဘူး။ ဒါပေမဲ့လည်း လွှတ်တော်နဲ့ဘုရင်ကြားမှာ အပြန်အလှန်အကြံပေးပိုင်ခွင့်ရှိပြီး အခုတော့ ဘုရင်က ဒီဩဇာကိုသုံးလာခဲ့ပြီဖြစ်ပါတယ်။

"ဧကရာဇ် ဖူမီဟီတိုက နာဂါနိုမြို့အပျက်အစီးတွေကိုကိုင်တွယ်ဖို့အတွက် နိုင်ငံတော်သဘာဝဘေးအန္တရာယ် ဘားဂျက်ငွေကို အသုံးပြုဖို့နဲ့ လွတ်တော်အတွင်း ဆက်ပြီးအကျိုးမယ့်အငြင်းပွားမနေဖို့ အကြံပြုလိုက်ပါတယ်။"

လွှတ်တော်အမတ်တစ်ယောက်က ဘုရင့်စာလွှာကို ဖတ်ပြလိုက်တော့ လွှတ်တော်ထဲမှာရှိနေတဲ့သူတွေအားလုံးက တလေးတစားနဲ့ ဘုရင်ကိုရည်မှန်းပြီး ဦးညွှတ်ဂါရဝပြုလိုက်ကြတယ်။

ဒီလိုနဲ့ အငြင်းပွားမှုဟာ ယာယီပြီးဆုံးသွားပြီး ဂျပန်အနေနဲ့ အမေရိကန်ရဲ့ပိုင်စိုးပိုင်နင်းနိုင်မှုအပေါ် ဘာမှတုံ့ပြန်မှာမဟုတ်သလို ဟီးရိုးအစည်းအရုံးကိုလည်း ဖိဖိစီးစီး တာဝန်ယူခိုင်းမှာမဟုတ်ဘူးဆိုတဲ့ ကြားနေမူဝါဒကို ထုတ်ဖော်လိုက်ကြတယ်။

တကယ်တော့ ယာမာဂူချီမိသားစုဟာ ဂျပန်ဘုရင်အပေါ် မေဂျီခေတ်ကတည်းက သစ္စာရှိတဲ့မိသားစုဖြစ်လို့ ဧကရာဇ်က သဘောထားကြီးပေးလိုက်တဲ့သဘောပါပဲ။ အခုကိစ္စမှာ ဟီးရိုးအစည်းအရုံးဖက်က မှန်ပေမဲ့ အစိုးရကိုကျော်ပြီး နိုင်ငံခြားအင်အားစုတွေကို ဆန့်ကျင်ဖို့ကြိုးစားခဲ့တာကြောင့် သူတို့ကိုယ်တိုင်လည်း လွန်လွန်းရာကျနေပါတယ်။ ပုံမှန်အားဖြင့်တော့ အမေရိကန်ကိုမမဲရဲတဲ့ အစိုးရအဖွဲ့ဝင်တွေက ဟီးရိုးအစည်းအရုံးကိုပဲ မဲကျမှာဖြစ်ပြီး ဒီအတိုင်းလွှတ်ထားရင် ပိုအခြေအနေဆိုးသွားနိုင်ပါတယ်။ ဘုရင်က ဒါကြောင့်မျက်နှာသာပေးတဲ့အနေနဲ့ ရှဥ့်လည်းလျှောက်သာ ပျားလည်းဆွဲသာတဲ့ လမ်းတစ်ခုကို ဖောက်လုပ်ပေးလိုက်တာပါ။

...

နာဂါနိုမြို့မှာတော့ တိုက်ပွဲကြီးရဲ့အဓိကအောင်နိုင်သူတွေဖြစ်တဲ့ ဥစာကီ၊ အေမီ၊ ယုဆနဲ့မိရိုင်တို့က မြက်ခင်းပြင်ပေါ်မှာလဲနေတဲ့ အာကိုင်းဂါမီဆီကို လျှောက်လာကြတယ်။

ဟီးရိုးအစည်းအရုံးအဖွဲ့ဝင်တွေလည်း သူတို့နောက်ကနေ လိုက်လာကြပြီး မိရိုင်ရဲ့ကုသရေးအစွမ်းကြောင့် သူတို့ထဲက ဒဏ်ရာရထားသူတွေအကုန်လုံး အခြေအနေပြန်ကောင်းနေကြပါပြီ။

"ဆရာ...."

"နတ်ဘုရားအစ်ကို..." မိရိုင်နဲ့ယုဆတို့နှစ်ယောက်က မြက်ခင်းပြင်ပေါ်မှာလှဲနေပြီး ကြယ်တွေစုံတဲ့ မိုးကောင်းကင်ကြီးကို ငိုင်ကြည့်နေတဲ့ ကိုင်းတိုဆီ ပြေးသွားကာ တစ်ယောက်လက်တစ်ဖက်ဆီဆွဲရင်း ထူမလိုက်ကြတယ်။

"နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့၊ စိတ်ပူလိုက်ရတာ။" အာကိုင်းဂါမီကတော့ မျက်ရည်တွေကြောင့် ဝေဝါးနေတဲ့မျက်လုံးတွေနဲ့ မိရိုင်ကိုကြည့်လိုက်လေရဲ့။

"အဲဒီကြယ်အလင်းရောင်တွေက မင်းဆီကလား..." မိရိုင်က ခေါင်းညိတ်ပြတယ်။

"အင်း... သမီးက ဘယ်သူ့ကိုမှ မထိခိုက်စေချင်ဘူးလို့ တွေးလိုက်ပြီးတဲ့နောက် အဲဒီလိုဖြစ်လာတော့တာပဲ။" ဒီအဖြေစကားကြောင့် အာကိုင်းဂါမီလည်း ပြုံးလိုက်မိတယ်။ နောက်တော့ ယုဆရဲ့ခေါင်းကို ပုတ်ပေးလိုက်ရော။ တကယ်တော့ သူတို့တော်တော်များများ သတိမထားမိကြပေမဲ့ မိရိုင်ရဲ့ဥရောပတိုက်သူလိုမျိုးဆံပင်တွေကြားမှာ အနီရောင်ဆံစတချို့ရှိနေတာကို သူသတိထားမိတယ်။

အဲဒီဆံပင်တွေက အာကိုင်းဂါမီရဲ့ဆံပင်နီတွေနဲ့တူပြီး နဂိုဆံပင်ရောင်ကနေ နောက်မှအသွင်ပြောင်းသွားတဲ့ပုံပဲ။ ဟိုးအရင်က အာကိုင်းဂါမီရဲ့ဆံပင်တွေလိုပေါ့။

ဆရာဖြစ်သူက တစ်ခုခုကိုတွေးမိပြီး ပြုံးလိုက်တဲ့အပြုံးကြောင့် မိရိုင်ရော ယုဆပါ ကြောင်ပြီးကြည့်နေမိတယ်။ ဒီလိုလှပတဲ့အပြုံးမျိုးကို အာကိုင်းဂါမီဆီကနေ သူတို့မြင်ဖူးတာ အတော်ရှားတယ်။

"ဆရာ... ဆရာ့အပြုံးက ကြောက်စရာကြီး၊ သမီးတို့ကို ဘာလုပ်မလို့လဲ။" မိရိုင်လေးက ယုဆလက်ကိုကိုင်ပြီး နောက်ကိုခုန်ဆက်လိုက်တယ်။ ဒီတော့မှ အာကိုင်းဂါမီလည်း တဟားဟားရယ်မောလိုက်ပြီး...

"မဟုတ်ဘူး... ငါ့ကိုစိတ်ပူပေးမယ့်သူတွေ ရှိနေလို့ ငါဝမ်းသာမိရုံပဲ။" အခုလို နွေးထွေးတဲ့ခံးစားချက်ကို အာကိုင်းဂါမီ မေ့နေခဲ့တဲ့ အချိန်ပေါင်းများစွာကြာခဲ့ပြီ။ သူတို့က သူ့ကိုကယ်ဖို့အတွက် ဘာကိုမှမကြောက်ဘဲ ရောက်လာခဲ့ကြတာပါ။

ဥစာကီကလည်း သူတို့ကိုကြည့်ပြီး အေမီဖက်ကိုလှည့်လိုက်တယ်။ "ငါက နင်တို့ကိုဆက်သွယ်မရလို့ ဒီကိစ္စကနေ ခေါင်းရှောင်သွားကြပြီထင်နေတာ၊ ဒါပေမဲ့ မဟုတ်တဲ့ပုံပဲ။ သိပ်ပြီးအကူအညီမဖြစ်ခဲ့ပေမဲ့ ကျေးဇူးပါ။"

'သိပ်ပြီး အကူအညီမဖြစ်'ဆိုတဲ့စကားကြောင့် အေမီနှုတ်ခမ်းဆူထားလိုက်ပြီး ပြောလိုက်တယ်။

"ဟေး... ဘာအကူအညီမဖြစ်ဘူးလဲ။ ငါက အာကိုင်းဂါမီကို ကြယ်အလင်းရောင်တွေထဲရောက်အောင် ခေါ်လာပေးတဲ့သူပါနော်။"

အေမီဆီက မခံချင်စိတ်နဲ့ပြောတဲ့စကားကြောင့် သူတို့တစ်အုပ်လုံး ဝါးလုံးကွဲမတတ် ရယ်မောလိုက်ကြတယ်။ အဲဒီအချိန်မှာပဲ အေမီက တစ်စုံတစ်ခုကို သတိရသွားပြီး ပြောလိုက်တယ်။

"ဟုတ်သားပဲ၊ မေ့တော့မလို့။ မမလေးနှစ်ယောက်က မြူတန့်သိပ္ပံလုပ်မယ့် ကွန်ဖရန့်ကိုနှောင့်ယှက်ဖို့ ဥရောပကို ကြိုသွားနှင့်ကြပြီ။ အခုလောက်ဆိုရင် သူတို့ဂျပန်လေပိုင်နက်ထဲကနေ ထွက်သွားကြပြီးပြီထင်တယ်။ အခုမှတိုက်ပွဲပြီးတာဆိုပေမဲ့ နင်တို့သူတို့ကိုကူညီချင်တယ်ဆိုရင်...."

မက်ဒါနာတို့ VR စနစ်ထဲဝင်တဲ့အချိန်က ဥစာကီတို့အုပ်စု နာဂါနိုကိုသွားဖို့ပြင်တဲ့အချိန်နဲ့ သိပ်အများကြီးမကွာဘူး။ တိုက်ပွဲစခါနီး နာဂါနိုမြို့သားတွေကို ရွေ့ပြောင်းပေးနေချိန်မှာ မက်ဒါနာတို့က VR စနစ်ထဲက လွတ်လာပြီးတော့ အေမီအတွက်ဝတ်စုံသစ်ကို ချက်ချင်းတပ်ဆင်ပေးလိုက်တာ။ ဝတ်စုံတပ်ပေးပြီး သိပ်မကြာခင်မှာပဲ သူတို့ဂျပန်ကနေထွက်သွားကြတာပါ။

အေမီက ကောင်းကင်ပေါ်မှာ ခန့်မှန်းမရနိုင်တဲ့ကိစ္စတွေ (စင်စစ် လေတပ်တွေက သူ့ကိုကြိုသတိထားမိမှာစိုးတဲ့အတွက်) နာဂါနိုကိုလာတဲ့လမ်းမှာ သာမန်ကျည်ဆန်ရထားပဲ စီးလာခဲ့တာဖြစ်ပြီး သူ့ဝတ်စုံကိုမသုံးခဲ့ပါဘူး။ မြို့နားရောက်မှသာ ဝတ်စုံဝတ်ပြီးဝင်ပါခဲ့တာ။ ဒီတော့ တိုကျိုကနေ နာဂါနိုရောက်ဖို့အတွက် အေမီက တစ်နာရီခွဲနီးပါး အချိန်ယူလိုက်ရတယ်။ ဝတ်စုံတပ်ဆင်ချိန်နဲ့ဆိုရင် နှစ်နာရီကျော်နီးပါးကြာမယ်။

ဒီတော့ အခုနေသူတို့ မက်ဒါနာတို့နောက်ကိုလိုက်မယ်ဆိုရင် လန်ဒန်လေဆိပ်ကို မက်ဒါနာတို့ထက် နာရီအနည်းငယ်နောက်ကျပြီး ရောက်တာကြောင့် မြေထဲပင်လယ်တိုက်ပွဲကို မီနိုင်ပါသေးတယ်။

"အင်း... ဗီလိန်တွေအားလုံး အဲဒီနေရာမှာစုနေတာဆိုတော့ သူတို့ဖြစ်နိုင်သမျှ လူအင်အားများများလိုမှာပဲ ငါတို့သွားကူညီရမယ်။" ဥစာကီက ခေါင်းညိတ်လိုက်တယ်။ ဒရုန်းဇုန်ကလည်း...

"ကျွန်မနောက်ကိုလိုက်ခဲ့၊ လေယာဥ်ဆီအလုံအလောက်ရှိတာမလို့ တိုကျိုအစည်းအရုံးရဲ့လေယာဥ်နဲ့ အဲဒီကိုတန်းသွားလို့ရနိုင်တယ်။"

တကယ်တော့ ပုံမှန်အားဖြင့်ဆိုရင် ဆုဗာနာအဖြစ်အပျက်မှာတုန်းကလိုပဲ မြေထဲပင်လယ်တိုက်ပွဲမှာ သူတို့ကိုကူညီပေးဖို့ ဒေသခံဟီးရိုးအဖွဲ့တွေကို အကူအညီတောင်းလို့ရနိုင်တယ်။ ဒါပေမဲ့ အခုအချိန်မှာ နိုင်ငံတွေနဲ့ဟီးရိုးအစည်းအရုံးတွေရဲ့ အခြေအနေက ရှုပ်ထွေးနေတဲ့အတွက်ကြောင့် အကူအညီတောင်းဖို့မလွယ်တော့ဘူး။ ဒီတော့ အစစအရာရာ သူတို့ကိုယ်တိုင်ပဲလုပ်ရမှာ။

ဒါပေမဲ့ သူတို့အင်အားကို ဘယ်သူမှအထင်သေးလို့မရနိုင်ပါဘူး။ နှစ်ဖွဲ့ပေါင်းလိုက်ရင် အာကိုင်းဂါမီ၊ ဥစာကီ၊ မက်ဒါနာ၊ ဖရာလီတာ၊ အေမီ ဆိုပြီး S rank ငါးယောက်ရှိတယ်။

မြူတန့်သိပ္ပံမှာတော့ စင်တီ၊ ဗီးနပ်စ်၊ ဒေါက်တာမြူ၊ ဒေါက်တာစမစ် လေးယောက်ပဲမလို့ အတူတူနီးပါးပါပဲ။ တခြားဗီလိန်အဖွဲ့တွေက ကိုယ်စားလှယ်တွေ အဲဒီမှာရှိနေနိုင်တယ်ဆိုပေမဲ့ အခြားအဓိကဗီလိန်အဖွဲ့တွေက သူတို့အင်အားအပြည့်အစုံကို ကွန်ဖရန့်ဆီလွှတ်မှာမဟုတ်ပါဘူး။ အများဆုံး လုပ်ပိုင်ခွင့်လွှဲပေးထားတဲ့ ဒုခေါင်းဆောင်တွေလောက်သာ တက်ရောက်ဖို့များပါတယ်။

တကယ်လို့ ကန္တာရမြေခွေးကြေးစားစစ်တပ်နဲ့အရိပ်အဖွဲ့က S rankတွေပါလာရင်တောင် သူတို့ထက် တစ်ယောက်ပဲပိုမှာဖြစ်ပြီး သူတို့ကိုင်တွယ်ဖို့ ဖြစ်နိုင်ပါသေးတယ်။

"နှစ်ဖက်လုံးရဲ့ S rank အဖွဲ့အရေအတွက်က အတူတူနီးပါးပဲ။ ဒါပေမဲ့ A rankနဲ့တခြားအဆင့်တွေမှာ ငါတို့ဘက်ကနည်းနေရင် အလယ်ကြောပြတ်နေလိမ့်မယ်။" ဥစာကီက တခြားဖြစ်နိုင်ခြေတစ်ခုကို ထောက်ပြတယ်။

ပိုအတွေ့အကြုံရှိတဲ့ အာကိုင်းဂါမီကတော့ သိပ်စိတ်ပူပုံမပေါ်ဘူး။ "မပူနဲ့၊ မြေထဲပင်လယ်က ဆွေကြီးမျိုးကြီးတွေရဲ့ပိုင်နက်ပဲ။ ဒေသခံတွေဆီက ငါတို့အကူအညီရနိုင်သေးတယ်။"

အထူးသဖြင့် ပန်ဒရာဂွန်မိသားစုဆီကပေါ့။

တိုကျိုအစည်းအရုံးဖက်ကတော့ A rank တစ်ဦးတလေတောင် မပါဘူးပြောရမှာပဲ။ ယာမာဂုချီရဲ့ A rank တွေအကုန်လုံးက ယာယီဆောက်ထားတဲ့ မြူတန့်ထောင်ထဲမှာလေ။

...

လန်ဒန်မှာရှိနေတဲ့ မက်ဒါနာတို့တွေလည်း ဂျပန်က ထပ်ရောက်လာမယ့် တပ်ကူတွေကို စောင့်မျှော်နေရင်း အလုပ်ရှုပ်နေကြတယ်။ နာရီအနည်းငယ်ကြာပြီးရင် ဥစာကီတို့အုပ်စု ရောက်လာတော့မှာပါ။ အဲဒီအချိန်မှာပဲ လီဆာဆီကို ဖုန်းကောလ်တစ်ခုဝင်လာတယ်။ ပြီးတော့ အဲဒါက ရင်းနှီးနေတဲ့ စကော်ပီယိုပါ။

ဒဏ်ရာအပြင်းအထန်ရသွားပြီးတဲ့နောက် လနဲ့ချီကြာတဲ့အထိ စကော်ပီယိုတစ်ယောက် ဆုဗာနာဆေးရုံကနေ ဆင်းခွင့်မရခဲ့ဘူးရယ်။

"မေမေမက်ဒါနာ၊ အစ်မကြီးစကော်ပီယိုနဲ့ ဆုဗာနာစောင့်ရှောက်သူသုံးယောက်ကလည်း ဒီညနေရောက်မှာတဲ့။"

ဆုဗာနာကတပ်ကူတွေ ရောက်လာမယ်ဆိုတဲ့သတင်းကို မက်ဒါနာကိုယ်တိုင်တောင်မသိဘူး။ ဒါကြောင့် လီဆာဆီကနေကြားတော့ မဲ့ရွဲ့ပြီးမေးလိုက်တယ်။

"နေပါဦး၊ သူတို့က ဘယ်လိုလုပ်ပြီး ငါတို့တိုက်ပွဲဝင်မယ့်သတင်းကို သိသွားရတာတုန်း။" အခုတလော အလုပ်ရှုပ်နေသလို အားလည်းမအားတာကြောင့် ကိစ္စမရှိရင် နယ်စားဖိုးဖိုးနဲ့မက်ဒါနာသိပ်စကားမပြောဖြစ်ဘူး။ ဒါပေမဲ့ လီဆာကတော့ မိမိကိုယ်ကိုယ် ဂုဏ်ယူဝင့်ကြွားစွာနဲ့ လက်မထောင်ပြလိုက်တယ်။

"ဟီးဟီး... လေယာဥ်မှာတုန်းက အစ်မကြီးစကော်ပီယိုနဲ့ ဗီဒီယိုကောလ်ပြောဖြစ်တယ်လေ။ သူဆေးရုံဆင်းရတော့မယ်လို့ပြောတော့ သမီးလည်း မေမေမက်ဒါနာတို့ မြူတန့်သိပ္ပံအဖွဲ့ကို လက်စားချေဖို့ သွားချတော့မှာလို့ ပြောမိလိုက်တာ။"

"ဒီတော့ သူက လက်စားချေချင်လို့ ငါတို့ဘယ်သွားနေလဲ မေးလာပြီးတော့ ငါ့အဖိုးလည်း သူ့ဆီကနေတစ်ဆင့် သိသွားတယ်ဆိုပါတော့။"

လီဆာလေးလည်း ခေါင်းညိတ်ပြတယ်။ မက်ဒါနာကတော့ ကောင်းကင်ကြီးကိုသာ မော့ကြည့်လိုက်မိတော့တယ်။ မကြာဘူး၊ ဖိုးဖိုးနယ်စားဆီကနေ မက်ဆေ့တစ်စောင်ရောက်လာတယ်။

[ကြိုးစားထား 👍] လက်မပုံ emojiနဲ့။

မက်ဒါနာ ထပ်သိရသလောက်တော့ ဆုဗာနာကနေ စောင့်ရှောက်သူအကုန်လုံး ရောက်လာတာမဟုတ်ပေမဲ့ လှံနဲ့လေးစောင့်ရှောက်သူနှစ်ယောက် ပါလာမှာဖြစ်ပြီးတော့ နှစ်ယောက်လုံးက A rank တွေပါ။ စကော်ပီယိုကလည်း A rankမလို့ S rank အောက် အစွမ်းအထက်ဆုံး တိုက်ပွဲဝင်စစ်သည်သုံးယောက် ကောက်ရလိုက်သလိုပါပဲ။

"မေမေ မက်ဒါနာ၊ သမီးလည်းတိုက်ပွဲဆီ လိုက်ခဲ့လို့ရမလား။" လီဆာက မက်ဒါနာနားကိုရောက်လာပြီး အမြီးလေးနှံပြကာ မေးလာတယ်။ သူက အမြီးနှံပြရအောင် အာဝုလည်းမဟုတ်ဘဲနဲ့။

"မရဘူး..." ဒါပေမဲ့ မက်ဒါနာကတော့ အဲဒီကိစ္စကို ငြင်းလိုက်ပါတယ်။ လီဆာလေးပြန်ပေးဆွဲခံရတာ ဒီတစ်ခါနဲ့ဆို နှစ်ကြိမ်တိတိရှိသွားပြီ။ တိုက်ပွဲထဲခေါ်သွားရင် ဘာတွေဖြစ်လာဦးမလဲမသိဘူး။ ဒီတော့ ဖရာလီတာတို့ ပန်ဒရာဂွန်တွေရဲ့စံအိမ်မှာပဲ ထားခဲ့ပြီး စံအိမ်လုံခြုံရေးတွေရဲ့အရည်အသွေးကိုပဲ ပုံအပ်ပြီးယုံရတော့မှာ။

'ဒါပေမဲ့ မြူတန့်သိပ္ပံမှာလည်း သူ့ကိုထပ်ဖမ်းစရာ ဘာအကြောင်းမှမရှိတော့ပါဘူးလေ။' မက်ဒါနာတွေးလိုက်တယ်။ မြူတန့်သိပ္ပံက သူတို့လိုချင်တာ ရပြီးသွားပြီမဟုတ်လား။

...

ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီးသွားတဲ့နောက်တော့ မက်ဒါနာက စံအိမ်ရဲ့ပန်းခြံထဲကို လမ်းဆင်းလျှောက်ဖြစ်တယ်။ ဖရာလီတာကတော့ ထပ်ရောက်လာမယ့် သူတို့မိတ်ဆွေတွေအကြောင်းကို မေမေနဲ့ဖွားဖွားပန်ဒရာဂွန်တို့ဆီ သွားပြောပါတယ်။

ပုံမှန်အတိုင်းဆိုရင်တော့ မက်ဒါနာတို့က တခြားသူတွေနဲ့အတူ ဥရောပကိုလာရမှာပါ။ ဒါပေမဲ့ ဥစာကီတို့အုပ်စုက နာဂါနိုမှာအရေးကြီးတိုက်ပွဲတစ်ခုတိုက်စရာရှိပြီး မက်ဒါနာတို့အနေနဲ့လည်း မြူတန့်သိပ္ပံရဲ့ကျွန်းကိစ္စကို အနီးကပ်ကြီးကြပ်စုံစမ်းမှ ဖြစ်မယ့်အခြေအနေပါ။ အမိန့်တော်အဖွဲ့ကို အဝေးကနေ စုံစမ်းခိုင်းလို့ရပေမဲ့ အသေးစိတ်ကျကျ စီမံခန့်ခွဲနိုင်ဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဥစာကီတို့ထက်အရင် မဖြစ်မနေစောထွက်လာကြရတာ။

တိုက်ပွဲပြီးမှ အတူလာမယ်ဆိုရင် ရန်သူ့စခန်းကိုရှာဖို့ သူတို့မှာအချိန်များများရတော့မှာမဟုတ်ဘူး။

ပန်ဒရာဂွန်ရဲ့ခြံဝန်းထဲမှာ ဖန်လုံအိမ်နဲ့စိုက်ပျိုးထားတဲ့ ပန်းခြံလေးတစ်ခုရှိနေပြီး တကယ့်ကို နေချင်စရာကောင်းပါတယ်။ ပန်းခြံလေးထဲမှာ ဒေသအလိုက်ပေါက်တဲ့ ပန်းရောင်စုံရှိနေပြီး ဂျာမန်ရှားပါးမျိုးစပ်နှင်းဆီဖြစ်တဲ့ တွဲလွဲကျ နှင်းဆီနီ ပန်းမျိုးတွေလည်းရှိတယ်။ အဲဒီနှင်းဆီတွေက နွယ်ပင်တွေလိုမျိုး သူတို့အတွက်လုပ်ပေးထားတဲ့ လင့်စင်တွေအပေါ် ထိုးတက်နေတယ်။

သေသေသပ်သပ် ပုံသွင်းထားတဲ့ စိမ်းလန်းစိုပြေနေတဲ့ အဲဗားဂရင်းပင်တွေ၊ ပန်းပွင့်တဲ့ ခြုံတွေနဲ့ လာဗင်ဒါပန်းတွေက မက်မောစရာကောင်းလောက်အောင်လှတယ်။

တချို့နေရာတွေမှာတော့ ရာသီအမျိုးမျိုးမှာပေါက်နိုင်တဲ့ ဘွန်ဆိုင်းပင်လေးတွေကို စီတန်းထားတယ်။ ပြင်ပမှာ ဆောင်းရာသီပဲဖြစ်နေသေးပေမဲ့ ဒီနေရာကတော့ ပန်းတွေပွင့်လန်းတဲ့ နွေဦးအဖြစ်နဲ့ပဲ ရှိမြဲရှိနေဆဲ။

မက်ဒါနာက ဖန်လုံအိမ်ပန်းခြံငယ်လေးထဲမှာ လှည့်ပတ်သွားနေတုန်း သူ့နောက်မှာ တစ်ယောက်ယောက်ရှိနေတာကို သတိထားမိသွားပြီး မျက်ခုံးပင့်လိုက်မိတယ်။

"ဒီလောက် အစောင့်ထူထပ်တဲ့ ပန်ဒရာဂွန်အိမ်ထဲကို ရှင်ခိုးဝင်လာတာ တကယ်အံ့ဩစရာပဲ။"

မက်ဒါနာက နောက်လှည့်ကြည့်လိုက်တော့ သစ်ပင်ငယ်တစ်ခုနားမှာ ကျောက်ရုပ်တစ်ရုပ်လိုရပ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ ထင်ရှားတဲ့ အညိုရောင် လည်သာအင်္ကျီ၊ အကြားအလပ်မရှိတဲ့ ဒဏ်ရာအမာရွတ်တွေနဲ့ အသားအရေ၊ ဘာကိုမှမြင်နိုင်ဟန်မရှိတဲ့ မျက်လုံးတွေ။

ဒီလူက ကမ္ဘာ့သိုင်းပညာရှင်တွေထဲမှာ ကြောက်စရာအကောင်းဆုံးတစ်ယောက်ဖြစ်တဲ့ ဓားနတ်ဆိုးပါ။

"ဒါမှမဟုတ် ရှင့်ကို မတော်လိုက်ရတဲ့ ရည်းစားအိမ်ထဲ ခိုးဝင်နေတဲ့ Stalkerတစ်ယောက်လို့ သတ်မှတ်လိုက်ရမလား။" ဓားနတ်ဆိုးရဲ့ဓာတ်ပုံနဲ့ ဖွားဖွားပန်ဒရာဂွန်ရဲ့စကားကြောင့် ဓားနတ်ဆိုးရဲ့အဖြစ်အပျက်ကို မက်ဒါနာအကြမ်းဖျင်းတော့ ခန့်မှန်းမိတယ်။

သူက အချစ်ရှုံးသမားတစ်ယောက်ပဲ။

"ဒီတော့ မင်းဓာတ်ပုံကို တွေ့ခဲ့ပြီပေါ့။" မက်ဒါနာ ခေါင်းညိတ်ပြတယ်။ ဓားနတ်ဆိုးကလည်း ငြင်းဆန်တဲ့ပုံစံမျိုးမရှိဘူး။

"ဆိုပါဦး၊ ရှင်ဒီထဲခိုးဝင်လာတာ သူစိုက်ထားတဲ့ပန်းတွေကို လာကြည့်ရုံပဲတော့ မဟုတ်ဘူးလား။"

ဓားနတ်ဆိုးကို သူတို့မျက်ခြေပြတ်သွားတာ တိုကျိုအဖြစ်အပျက်ပြီးကတည်းကပဲ။ သူဘယ်သွားနေတယ်၊ ဘာလုပ်နေတယ်ဆိုတာတွေကို မသိရတော့ဘူး။ မက်ဒါနာရဲ့စကားကြောင့် ဓားနတ်ဆိုးရဲ့မျက်နှာပေါ်မှာ ကြည့်ရဆိုးတဲ့အပြုံးတစ်ခုပေါ်လာတယ်။

"ငါလည်း မင်းတို့နဲ့အတူတူပါပဲ ဗီလိန်ကွန်ဗန်းရှင်းကို တက်ဖို့လာခဲ့တာ။" ဓားနတ်ဆိုးက ဗီလိန်တစ်ယောက်ပါ။ တစ်ကိုယ်တော်ဖြစ်ပေမဲ့ သူက ဒီပွဲကို တရားဝင်တက်ခွင့်ရနိုင်ပါတယ်။

"အဲဒီမှာ တိုက်ပွဲဖြစ်မယ်ဆိုတာ သိသိကြီးနဲ့လား။" ဓားနတ်ဆိုးက ခေါင်းညိတ်ပြပြီး အကြောင်းအရင်းကို ရှင်းပြလာတယ်။

"လွန်ခဲ့တဲ့ဆယ့်ငါးနှစ်က ငါနဲ့အာသာ လက်ရည်စမ်းခဲ့ကြတယ်။ မိန်းမတစ်ယောက်ရဲ့အချစ်ကို ပိုင်ဆိုင်ခွင့်ရဖို့အတွက်ပေါ့။ ပြီးတော့ ငါရှုံးသွားတယ်။"

"ဒါကြောင့် ရှင်က တိုးတက်လာချင်တာမလား။ ဒါပေမဲ့ နောက်ကျလွန်းမနေဘူးလား။" ဖရာလီတာရဲ့အမေက အာသာနဲ့လက်ထပ်ပြီး ကလေးတောင်ရပြီးသွားပြီ။ အာသာက သေသွားပြီဆိုပေမဲ့ ဓားနတ်ဆိုးအဖို့ သူ့ကိုယ်သူအာသာထက်တော်ကြောင်းသက်သေပြနိုင်ရင်တောင် မဒမ်လော့ရင့်ရဲ့အချစ်ကိုရဖို့အခွင့်အရေးက နည်းနည်းလေးပဲရှိတယ်။

"သူငါ့ကို ဘယ်တုန်းကမှ မချစ်ရဲ့ရင်တောင် ငါကတော့ သူ့ကိုချစ်နေသေးတဲ့အကြောင်း ပြချင်တယ်လေ။" ဓားနတ်ဆိုးရဲ့စကားကြောင့် မက်ဒါနာသက်ပြင်းချလိုက်တယ်။ ဒီလူ့အတွက် ဆေးမရှိတော့ဘူးပဲ။ ဒါမှမဟုတ် ယောကျ်ားလေးတွေအားလုံးက ရူးများနေတာလား။ အချစ်အတွက်နဲ့ ဓားသမားတကာပတ်စိန်ခေါ်ပြီး ရာဇဝင်လူဆိုးကြီးအဖြစ်ခံရတယ်လို့။

ဒါပေမဲ့ ဓားနတ်ဆိုးရဲ့စကားအရဆိုရင်တော့ ကွန်ဗန်းရှင်းကို ပူးပေါင်းပါဝင်မယ့် ဗီလိန်တစ်ယောက်အနေနဲ့ တက်မယ့်ပုံမရဘူး။ အရင်တစ်ခါတုန်းက မြူတန့်သိပ္ပံဟာ ဓားနတ်ဆိုးသူတို့ဖက်ပါဖို့အတွက် သူ့ကို ပိုပြီးအစွမ်းထက်လာနိုင်စေတဲ့ နည်းလမ်းရှိတယ်ဆိုပြီး ဆွယ်ခဲ့တာပါ။ ဒါပေမဲ့ တိုကျိုဖြစ်ရပ်မှာ ဒေါက်တာမြူက ဓားနတ်ဆိုးကို ဘာမှမပေးဘဲ ကိုယ်လွတ်ရုန်း ထွက်ပြေးသွားပြီး သူတို့ကြားထဲက ဆက်ဆံရေးကို အထစ်အငေါ့ဖြစ်သွားစေတယ်။

သေချာသလောက် ဓားနတ်ဆိုးအခုရောက်လာတာက မြူတန့်သိပ္ပံဆီကနေ အကြွေးတောင်းဖို့ပါ။ ပြဿနာက ကမ္ဘာ့နံပါတ်တစ်ဗီလိန်အဖွဲ့အစည်းကို သူ့လိုတစ်ကိုယ်တော်တစ်ယောက်က အကြွေးပြန်တောင်းဖို့အဆင်မပြေဘူး။ ဒီတော့ မက်ဒါနာကိုလာရှာပြီး ယာယီမဟာမိတ်ဖွဲ့ချင်နေပုံပဲ။

"ဒီတော့ ရှင်က ကျွန်မတို့နဲ့ရန်သူတူနေတဲ့အတူတူ မြူတန့်သိပ္ပံကို တိုက်ဖို့မယာမိတ်ဖွဲ့ချင်တာလား။"

ဓားနတ်ဆိုးခေါင်းညိတ်ပြပေမဲ့ မက်ဒါနာကတော့ ချက်ချင်းသဘောမတူသေးဘူး။ မက်ဒါနာက ခြေဟန်လက်ဟန်ပါပါနဲ့ ပြောလိုက်တယ်။

"ရှင်က လီဆာလေးကို ဖမ်းခေါ်သွားလို့ ကျွန်မတို့အတော်စိတ်ပူခဲ့ရတာသိလား။ ဒီတော့ အလကားနေရင်း ရှင့်ကိစ္စကို ကူညီမပေးနိုင်ဘူး။ ထိုက်တန်တဲ့ အတွင်းသတင်းတစ်ခုခုကို မရဘဲနဲ့ပေါ့။"

ဓားနတ်ဆိုးကလည်း သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ပြပြီး စပြောလိုက်တယ်။ "ငါအခုပြောမယ့်ကိစ္စက သုံးခုရှိတယ်။ ပထမတစ်ခုကတော့ မြူတန့်သိပ္ပံနဲ့ မဆိုင်လှပေမဲ့ မင်းကတော့ သိချင်မှာသေချာတယ်။"

"ဘာကိစ္စလဲ..."

"လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က မင်းဦးလေး အလုပ်ကြံခံခဲ့ရတဲ့ နောက်ကွယ်က တရားခံ။"

"ဘာ..."

All Chapters