← Chapters

လုပ်ကြံမှုရဲ့နောက်ကွယ်

Vol. 4 Ch. 22

လုပ်ကြံမှုရဲ့နောက်ကွယ်

Vol. 4 Ch. 22

မက်ဒါနာရဲ့ဟီးရိုးဖြစ်ချင်တဲ့အိပ်မက်က သူ့ဦးလေးဆီကနေ မြစ်ဖျားခံခဲ့တာလို့ ပြောလို့ရနိုင်တယ်။ ဦးလေးဖြစ်သူဟာ ရေမြေတွေခြားနားနေပေမဲ့ သူငယ်ငယ်ကတည်းက နှစ်တိုင်းလိုလို သူတို့မိသားစုလေးဆီ လာလည်နေကြပါ။

အမြဲလိုလို သူ့ရဲ့စွန့်စားခန်းတွေအကြောင်း မင်းလွင်ကို ပြောပြခဲ့ပြီး ကိုယ်တိုင်လိုက်ပါစွန့်စားချင်လာတဲ့အထိ စိတ်ဝင်စားလာစေခဲ့သူပါ။ ပြီးတော့ စွမ်းအားတွေမရှိသေးတဲ့အချိန်မှာတောင် မင်းလွင်က အရှုံးမပေးဘဲ ဟီးရိုးအိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် တီထွင်မှုတွေကို ရှေ့ဆက်နေဆဲပါ။ သူ့ရဲ့နေ့ရက်ဟောင်းတွေကို ပြန်တွေးကြည့်မိတော့ မက်ဒါနာတစ်ယောက် သူနဲ့မင်းလွင်ဟာ မတူညီတဲ့လူနှစ်ဦးလိုဖြစ်နေပြီဆိုတာ ပြန်တွေးမိခဲ့တယ်။

"မင်းဦးလေးသေဆုံးခဲ့ရတဲ့အကြောင်းအရင်းကို ဟီးရိုးအစည်းအရုံးက ဘယ်လိုပြောခဲ့လဲ။"

မက်ဒါနာ ပြန်စဥ်းစားလိုက်တယ်။ ဒီကိစ္စက သူ့ဘဝရဲ့ကြီးမားတဲ့ အဖြစ်အပျက်တွေထဲက တစ်ခုဖြစ်တာမလို့ တော်ရုံမမေ့နိုင်တဲ့ ကိစ္စတွေထဲက တစ်ခုလို့ဆိုရမှာပါ။

"ပျက်ကျတဲ့ လေယာဥ်ထဲက လူတွေကိုကယ်ရင်း လေယာဥ်အတောင်ပံနဲ့ခိုက်မိပြီး ဆုံးသွားတာမဟုတ်လား။"

ဓားနတ်ဆိုးက ခေါင်းညိတ်လိုက်ပြီး ဆက်ပြောပြတယ်။ "ဒါပေမဲ့ တခြားပယောဂတစ်ခုလည်းပါတယ်ကွ၊ လေယာဥ်ပျက်မကျခင်က လေယာဥ်ပြန်ပေးမှုတစ်ခုဖြစ်ခဲ့တယ်။"

မက်ဒါနာလည်း အာရုံကိုစုစည်းပြီးတော့ ဓားနတ်ဆိုးဆက်ပြောမယ့်စကားကို သေချာဆက်နားထောင်တယ်။ ကီလိုမန်းသေဆုံးခဲ့စဥ်တုန်းက ဖြစ်နိုင်ခြေရှိတဲ့ သီအိုရီတွေကို ကျွမ်းကျင်သူအများအပြားက ထုတ်ဖော်ခဲ့ကြပေမဲ့ ဟီးရိုးအစည်းအရုံးကတော့ ကံမကောင်းတဲ့ မတော်တဆမှုလို့သာ အတည်ပြုခဲ့ပါတယ်။ ဒီတော့ အမှန်တကယ်လုပ်ကြံမှုတစ်ခုဟုတ်မဟုတ် သေချာမသိရဘဲ မက်ဒါနာကိုယ်တိုင်လည်း သူ့ဦးလေး လုပ်ကြံခံရတဲ့ဖြစ်နိုင်ခြေကို သံသယအဆင့်မှာသာ ထားရှိနေပါသေးတယ်။

"အဲဒီအချိန်တုန်းက ဆုဗာနာဟာ နိုင်ငံသုံးခုလုံးနဲ့ စစ်ပြေငြိမ်းပြီးခါစပဲရှိသေးတယ်။ မင်းတို့နယ်စားကြီးက ရာစုနှစ်နဲ့ချီပြီးလျှို့ဝှက်ထားခဲ့တဲ့ ဇက်သတ္တုတွေကို တန်ရာနဲ့ချီ ထုတ်ရောင်းပြီးတဲ့နောက် ရလာတဲ့ငွေတွေနဲ့ ရန်သူတွေကို တားဆီးနိုင်ခဲ့ပေမဲ့...."

ဓားနတ်ဆိုးက ပြောလက်စစကားကို ခဏရပ်နားလိုက်ပြီး အသက်ကိုပြင်းပြင်းရှုကာ ဆက်ပြောတယ်။ "လူဆင်းရဲတစ်ယောက်မှာ ရွှေထုပ်ကြီးရှိနေတာ အပြစ်တစ်ခုပဲ။"

မူလအစက ဆုဗာနာကို အင်အားကြီးသုံးနိုင်ငံအလယ်မှာရှိနေလို့ နိုင်ငံကြီးတွေက အင်အားနဲ့လွမ်းမိုးချင်ရုံပဲရှိပြီး သူတို့လက်နက်ဆန်းတွေကို စမ်းသပ်နိုင်တဲ့နေရာတစ်ခုအနေနဲ့သာ မြင်ကြပါတယ်။

ဒါပေမဲ့ ဇက်သတ္တုတွေကို ဖော်ပြမိပြီးတဲ့နောက်မှာတော့ အရာရာက ကွဲပြားသွားခဲ့ပါပြီ။ ဆုဗာနာကို ရွှေတွင်းကြီးတစ်ခုလို မြင်နေကြပြီတဲ့ နိုင်ငံကြီးတွေဟာ အမြဲရမယ်ရှာနေပါတော့တယ်။

လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကလည်း ရောဂါကပ်ဘေးကြောင့်ဆိုပြီး ဆုဗာနာထုတ်ကုန်တွေကို တရုတ်နိုင်ငံက ပေးလက်မခံတဲ့ပြဿနာ ဖြစ်ခဲ့သေးတယ်မဟုတ်လား။

"ရှင်ဆိုလိုတာက ကျွန်မဦးလေးသေရတာ အဲဒီသုံးနိုင်ငံထဲက တစ်နိုင်ငံငံရဲ့လက်ချက်ဖြစ်နိုင်တယ်ဆိုတဲ့သဘောလား။" ဆုဗာနာနိုင်ငံရဲ့ထောက်တိုင်ကို ဖြိုလဲချဖို့ ဘေဂျင်း၊ မြန်မာနဲ့ အိန္ဒိယနိုင်ငံတွေထဲက တစ်ခုခု မကောင်းကြံတာက အဖြစ်နိုင်ဆုံးထင်ကြေးတွေထဲကတစ်ခုပါ။

"တိတိကျကျပြောရရင်တော့ တရုတ်ပေါ့၊ ပြီးတော့ သူနဲ့စီးပွားဖက်တွေက ဗီလိန်အဖွဲ့အစည်းတွေ။"

ရုရှားနဲ့တရုတ်နိုင်ငံတွေက ဗီလိန်အဖွဲ့အစည်းတွေနဲ့ အများဆုံးဆက်ဆံတဲ့ နိုင်ငံတွေဖြစ်ပြီးတော့ ရုရှားမြူတန့်စစ်ပွဲအတွင်းမှာ ပိုပိုပြီးသိသာလာပါတယ်။ ဆုဗာနာဖြစ်ရပ်မှာတုန်းကလည်း ရုရှားနဲ့တရုတ်ဟီးရိုးတချို့ မြူတန့်သိပ္ပံအဖွဲ့နဲ့အတူပါလာသေးတယ်။

"ဗီလိန်တွေရဲ့စုစုပေါင်းအင်အားက ဟီးရိုးတွေထက်နည်းတယ်၊ ဒါပေမဲ့ ဘာကြောင့် အခုထိသူတို့ရှင်သန်နိုင်နေသေးတာလဲသိလား။"

ဓားနတ်ဆိုးပြောတဲ့ကိစ္စကို မက်ဒါနာလည်း အနည်းနဲ့အများတော့သိတယ်။ ဒီကမ္ဘာကြီးက ဗီလိန်နဲ့ဟီးရိုးတွေဟာ စိတ်ကူးယဥ်ဝတ္ထုတွေထဲကလို လည်ပတ်နေတာမဟုတ်ဘူး။ ဗီလိန်တွေတည်ရှိနေရသေးတဲ့အကြောင်းက သူတို့ကိုလိုအပ်နေတဲ့ နိုင်ငံတွေရှိနေတာမလို့ပါ။

"ဒီတော့ ငါ့ဦးလေးကို နိုင်ငံတစ်နိုင်ငံက ဗီလိန်တွေနဲ့ပေါင်းပြီး သတ်ပစ်ခဲ့တာလို့ ဆိုလိုချင်တာလား။"

ဓားနတ်ဆိုးက ခေါင်းညိတ်ပြီးပြောလိုက်တယ်။ "ပြီးခဲ့တဲ့ရက်က ဗီလွန်ကွန်ယက်ကို တစ်ယောက်ယောက်ဝင်ဟက်သွားတယ်လို့ ငါကြားမိတယ်။ မင်းကလွဲပြီး ဒီလိုလုပ်နိုင်မယ့်မြူတန့်မျိုး ငါစဥ်းစားကြည့်လို့မရဘူး။"

ဗီလွန်ကွန်ယက်အဟက်ခံရတဲ့ကိစ္စက ဗီလိန်အများစု သိထားကြပြီးသားပါ။ ဒါပေမဲ့ Silverknightရဲ့လက်ချက်မှန်း တွေးမိတာဆိုလို့ ဓားနတ်ဆိုးပဲရှိမယ့်ပုံပဲ။

"မင်း အဲဒီကဒေတာတွေ ရထားတယ်မဟုတ်လား၊ အရိပ်အဖွဲ့နဲ့တရုတ်နိုင်ငံ ဘေဂျင်းထောက်လှမ်းရေးရဲ့ဆက်သွယ်မှုမှတ်တမ်းတွေကို မင်းရှာကြည့်လို့ရတယ်။"

မက်ဒါနာကလည်း သူ့စမတ်မျက်မှန်ကိုတပ်လိုက်ပြီး ရှာကြည့်လိုက်တော့ အဲဒီနေ့တွေတုန်းက အမှန်တကယ်ပဲ သူတို့ရဲ့ဆက်သွယ်ရေးမှတ်တမ်းတွေ ရှိနေတယ်။ ဒါပေမဲ့ အဲဒီတုန်းက ကွန်ယက်ရဲ့ကိုင်တွယ်သူက Cybercrowမဟုတ်ဘဲ တခြားသူတစ်ယောက်ဖြစ်ကာ Q လို့တစ်လုံးတည်းနဲ့ အမှတ်အသားပြုထားပါတယ်။

အချင်းချင်းပို့ထားတဲ့ မက်ဆေ့မှတ်တမ်းတွေက ဆာဗာစနစ်အရ ဖျက်သိမ်းပြီးတာကြာပြီဖြစ်လို့ မက်ဒါနာအနေနဲ့ ပြန်ဆယ်ဖို့မလွယ်ကူတော့ပါဘူး။ ဒီတော့ သူတို့နှစ်ဖွဲ့ စကားပြောဖူးတယ်ဆိုတာပဲရှိပြီး တခြားသက်သေပြနိုင်တာမရှိဘူး။

"ဒါပေမဲ့ ဒီလောက်နဲ့တော့ ကျွန်မဦးလေးသေရတဲ့တရားခံက အရိပ်တပ်ဖွဲ့နဲ့တရုတ်ထောက်လှမ်းရေးကြောင့်လို့ သက်သေခိုင်ခိုင်မာမာမပြနိုင်သေးဘူး။"

"မင်းမှာ ရှားပိုင်ဝေလို့ခေါ်တဲ့ တရုတ်S rank အသိတစ်ယောက်ရှိနေတာပဲမဟုတ်ဘူးလား။ သူ့ကိုမေးလိုက်ပေါ့။"

ဆိုဖီယာအကြောင်းကို ဓားနတ်ဆိုးမသိဘူး။ ဒီတော့ အခုလိုတုံ့ပြန်လာတာက ပုံမှန်ပဲ။ ဒါပေမဲ့ ဆိုဖီယာအနေနဲ့ ရှားပိုင်ဝေရဲ့မှတ်ဉာဏ်တွေကို ဆက်ခံထားတာလည်း အမှန်ပဲဆိုတော့ မေးလို့ရနိုင်တယ်။

ပြဿနာက သူဒီကမ္ဘာပေါ်မှာရှိမနေသလို သီးသန့်ဆက်သွယ်ရမယ့်နည်းလမ်းကိုလည်း မက်ဒါနာမသိပါဘူး။

"ကောင်းပြီ၊ လောလောဆယ်တော့ ဒီကိစ္စကို ခေါက်ထားကြတာပေါ့။ ရှင့်ရဲ့အဖိုးတန်တဲ့သတင်းအတွက် ကျွန်မမှတ်ထားပါမယ်။"

နိုင်ငံတွေနဲ့ဗီလိန်တွေ ပူးပေါင်းတဲ့ကိစ္စက ပထမဆုံးအကြိမ်မဟုတ်မှန်း မက်ဒါနာသေချာသိတယ်။ အမေရိကန်တောင် မြူတန့်သိပ္ပံနဲ့ပူးပေါင်းခဲ့သေးတာ။ အခုရုရှားမြူတန့်စစ်ပွဲမှာလည်း ကြေးစားစစ်တပ်က မော့စကိုဟီးရိုးအစည်းအရုံးအတွက် လက်နက်ရောင်းပေးနေတယ်လို့ သတင်းအရင်းအမြစ်တွေမှာဖော်ပြထားတယ်။ လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေအရ ဟီးရိုး၊ ဗီလိန်နဲ့နိုင်ငံတွေက ထာဝရရန်သူမိတ်ဆွေဆိုတာ မရှိတော့ဘဲ အကျိုးရှိရင်ရှိသလို အချင်းချင်းပူးလိုက်ခွာလိုက် လုပ်ကြမယ့်သဘောပဲ။

"ကောင်းပြီ၊ ဒီလောက်ဆို ငါတို့ချင်းလည်းပြောစရာရှိတာ ပြောပြီးကြပြီဆိုတော့ ငါသွားတော့မယ်။"

မက်ဒါနာလည်း ခေါင်းညိတ်ပြလိုက်တယ်။ ဓားနတ်ဆိုးကတော့ လက်ကိုဝေ့ယမ်းရင်းနဲ့ပဲ ဖန်လုံပန်းခြံထဲကနေထွက်ပြီး လေလိုပဲပျောက်ကွယ်သွားတော့တယ်။

မက်ဒါနာကတော့ အတွေးများစွာနဲ့ ကျန်ရစ်နေခဲ့တယ်။ နောက်တော့ ဗီလိန်ကွန်ယက်ထဲက ဒေတာတွေကို သူသေချာလိုက်ဖတ်မကြည့်ရသေးတဲ့ကိစ္စကိုပြန်တွေးမိသွားပြီး လုပ်စရာတစ်ခုပေါ်လာတယ်။

"ချီးထဲမှ၊ ဆာဗာဒေတာတွေအကုန်နီးပါးရထားတဲ့ ငါက ဗီလိန်တစ်ယောက် သတိပေးမှ တချို့ကိစ္စတွေကို သိလိုက်ရပါလား။

နောက်တော့ တခြားကိစ္စတစ်ခုကြောင့် မက်ဒါနာရဲ့မျက်နှာက တင်းမာသွားပြန်တယ်။ သူ့စိတ်ထဲမှာ ရုတ်တရက်ဖြစ်လာတဲ့ ဒေါသတစ်ခုကြောင့် အရင်လိုပျော့ပြောင်းပြီး အပြစ်ကင်းစင်တဲ့မျက်နှာမျိုးကို သူမထားနိုင်တော့ဘူး။

....

မက်ဒါနာ အဓိကလေ့လာဖြစ်တာကတော့ ကမ္ဘာ့ထိပ်သီးဗီလိန်အဖွဲ့အစည်းတွေရဲ့အကြောင်းပါ။ ယေဘုယျအားဖြင့်တော့ အင်အားကြီးအဖွဲ့ကြီးသုံးခုရှိပြီးတော့ သူတို့မှာ ဗီလိန်တွေအပေါ်ကြီးမားတဲ့လွှမ်းမိုးမှုနဲ့ထောက်တိုင်တွေအဖြစ် အနည်းဆုံး S rank ဗီလိန်တစ်ယောက်စီ ရှိတတ်ကြပါတယ်။ ပြီးတော့ အဖွဲ့အစည်းမရှိတဲ့ သင်းကွဲS rankတွေလည်းရှိပါတယ်။

ကံကောင်းစွာနဲ့ Cybercrwoကိုယ်တိုင်လည်း ဒီအဖွဲ့တွေကို လေ့လာဖို့အချိန်အတော်ကြာ အားစိုက်ခဲ့ပုံရပြီး သီးသန့်အချက်အလက်ဖိုင်တစ်ခုဖွင့်ထားခဲ့တာမလို့ မက်ဒါနာအတွက် စုစည်းသုံးသပ်ရာမှာလွယ်ကူခဲ့ပါတယ်။

အကြမ်းဖျင်းတော့ ဗီလိန်တွေရဲ့ထိပ်သီးပညာရှင်အရေအတွက်က ဟီးရိုးတွေလောက်မရှိပါဘူး။ ဒါပေမဲ့ တကယ့်ထိပ်သီးဗီလိန်တွေက ထင်တာထက်များနေပြီး လူလုံးမပြကြတာလည်း ဖြစ်နိုင်ပါတယ်။

နာမည်အကြီးဆုံးနဲ့အင်အားအကြီးဆုံးအဖွဲ့က မြူတန့်သိပ္ပံဖြစ်ပြီးတော့ သူတို့ရဲ့ထူးခြားလှတဲ့ ဇီဝလက်နက်နည်းပညာတွေကြောင့် တုန်လှုပ်စရာအင်အားမျိုးရှိပါတယ်။ တည်ထောင်သူသုံးယောက်ဖြစ်တဲ့ Mad doctor, ဒေါက်တာမြူ၊ ဒေါက်တာယွန်း တို့သုံးယောက်ဟာ ထူးခြားတဲ့ကျွမ်းကျင်မှုတွေနဲ့ S rank သုံးယောက်ဖြစ်ပြီး ဖန်တီးခံတွေထဲက ဗီးနစ်ပ်၊ စင်တီတို့ကလည်း အဆင့်တူတွေပါပဲ။

သူတို့အဖွဲ့အတွက် သီးသန့်မှတ်စုတစ်ခုကိုလည်း Cybercrowက ထည့်ထားပြီး ဒေါက်တာယွန်းသေသွားတဲ့အတွက် S rank လေးယောက်ပဲကျန်တယ်။ မရေမတွက်နိုင်တဲ့ A rank တွေကို လိုသလောက်ဖန်တီးနိုင်ပြီး အရိုးမျက်နှာကလုန်းစစ်တပ်ကလည်း အင်အားထောင်သောင်းချီရှိနိုင်တယ်လို့ ဆိုပါတယ်။

"အမ်.. ဗီလိန်တွေတောင်မှ ဒီလောက်ပဲသိကြသေးတာလား။" မက်ဒါနာတစ်ယောက် ရေရွတ်လိုက်မိတယ်။ အန်းနပ်အကြောင်းကို မက်ဒါနာတို့တွေက လီဆာဆီက ကြားလာတာဖြစ်ပြီး အာကိုင်းဂါမီမပါရင် သူတို့ကိုရင်ဆိုင်ဖို့မဖြစ်နိုင်ဘူးလို့ နဂိုကတည်းက သုံးသပ်ထားပြီးပါပြီ။

ဒီတော့ မြူတန့်သိပ္ပံနဲ့ပတ်သက်တဲ့ ဗဟုသုတအရမှာတော ဗီလိန်ကွန်ယက်ထက်စာရင် သူတို့ရဲ့ကိုယ်ပိုင်သတင်းအချက်အလက်တွေက ပိုအားကိုးရနိုင်ပုံပေါ်တယ်။

နောက်မှတ်တမ်းရဲ့အချက်အလက်တွေကတော့ ဒုတိယအင်အားအကြီးဆုံးဖြစ်တဲ့ ကန္တာရမြေခွေး ကြေးစားစစ်တပ်ပါ။ အစောဆုံးတွေ့ရှိတဲ့ မှတ်တမ်းတွေအရတော့ ဒုတိယကမ္ဘာစစ်အပြီး အရှေ့ဂျာမဏီမှာ တည်ထောင်ခဲ့ကြတာဖြစ်ပြီး မသေဘဲပုန်းကွယ်ရင်း အင်အားပြန်စုခဲ့ကြတဲ့ နာဇီဂျာမဏီတွေရဲ့လက်ချက်ပါ။ Cybercrowကတော့ ဖြစ်နိုင်တဲ့တည်ထောင်ချိန်ဟာ ၁၉၄၉ လို့မှတ်သားထားပါတယ်။

စစ်အေးကာလတစ်လျှောက်လုံးမှာ လက်နက်မှောင်ခိုလုပ်နေခဲ့ပြီး ယနေ့အချိန်မှာတော့ သူတို့ဆီမှာ ဝယ်မရနိုင်တဲ့ လက်နက်ဆိုတာ မရှိသလောက်ပါပဲ။ နျူကလီးယားဒုံးတောင်မှာ သူတို့မှာရှိတယ်။ နောက်မှတ်စုတစ်ခုအရတော့ လက်နက်တွေကို ခိုးသယ်နေတယ်ဆိုတာထက် နည်းပညာကိုခိုးလာပြီး သူတို့ထိန်းချုပ်နယ်မြေတွေမှာ ပြန်ထုတ်လုပ်တာဖြစ်တယ်လို့ဆိုပါတယ်။ သူတို့ရဲ့ထိန်းချုပ်နယ်မြေတွေက များလွန်းလို့ သူတို့ဟာ အစိုးရတွေအထက်မှာရှိနေတဲ့ အင်အားကြီးအဖွဲ့လို့ပြောရင်တောင် မမှားပါဘူး။

နောက်အံ့အားသင့်စရာ နောက်တစ်ချက်က ဒီအုပ်စုဟာ ရုရှားဒီမီထရီမိသားစုက မက်တယ်ပလာဒင်ဆီက ခိုးလာတဲ့နည်းပညာတွေကိုရဖို့ ကြိုးစားနေကြပြီး နိုင်ငံတွေထက် အဆင့်မြင့်နည်းပညာချပ်ဝတ်ပိုင်းမှာ နောင်မကျအောင်ကြိုးစားနေပါတယ်။ ဒီအတွက် ရုရှားစစ်ပွဲမှာ မော့စကိုအစည်းအရုံးဖက်က ဝင်ပါနေတာဖြစ်ပြီး အပေးအယူကတော့ MP01 ချပ်ဝတ်နည်းပညာဖြစ်ကာ မော့စကိုအစည်းအရုံးက ငွေရှင်းနိုင်နေသမျှ နျူလက်နက်တွေကိုပါ ထုတ်သုံးပေးမယ်ဆိုတဲ့ ကတိကဝတ်ကို ထားရှိထားပါတယ်။

"ဒီတော့ ရုရှားမြူတန့်စစ်ပွဲ အခုထိမပြီးသေးတာ သူတို့ကြောင့်လား။" ဖန်လုံပန်းခြံထဲမှာ မက်ဒါနာက မှတ်တမ်းတွေကို ဆက်ဖတ်နေလိုက်တယ်။ ကြာတော့ စမတ်မျက်မှန်တပ်ပြီးဖတ်ရတာ ပျင်းလာလို့ ဖုန်းထုတ်ပြီး မျက်နှာပြင်ကျယ်ကျယ်နဲ့ ဆက်ဖတ်တယ်။

ကြေးစားစစ်တပ်က မြူတန့်သိပ္ပံနဲ့လည်း အပေးအယူဆန်ဆန် ကုန်သွယ်မှုဆက်ဆံရေးရှိပါတယ်။ ဆုဗာနာကို မြူတန့်သိပ္ပံရောက်လာတုန်းက ကြေးစားတွေဟာ ကြေးစားစစ်တပ်က စျေးပေါပေါနဲ့ ငှားပေးလိုက်သူတွေပါ။ မြူတန့်သိပ္ပံကဖြန့်တဲ့ ဆေးပစ္စည်းအမျိုးမျိုးကိုလည်း သူတို့က ကူဖြန့်ချီပေးပြီး မြူတန့်သိပ္ပံရဲ့အဆင့်နိမ့်အဖွဲ့ဝင်တွေဖြစ်တဲ့ ကြွက်တွေမရောက်နိုင်တဲ့နေရာတွေကို အဓိကဖြန့်ချီပါတယ်။

အဓိကတာဝန်ယူဦးဆောင်နေတဲ့သူက သုံးယောက်ရှိပြီး နံပါတ်တစ်ခေါင်းဆောင်က S rank စစ်ပွဲနှင်းဆီပါ၊ အရှေ့အလယ်ပိုင်း ထိန်းချုပ်နယ်မြေတွေကိုတော့ A rank လော့ဒ်မာရှယ်က ထိန်းချုပ်ပြီး၊ အာဖရိက ထိန်းချုပ်နယ်မြေတွေကိုတော့ အခြားA rank တစ်ယောက်ဖြစ်တဲ့ လော့ဒ်ဇူရီယာက ကိုင်ပါတယ်။

တတိယအဖွဲ့ဖြစ်တဲ့ အရိပ်လုပ်ကြံရေးအဖွဲ့ကတော့ ယာမာဂုချီမိသားစုနဲ့ မကြာခဏထိပ်တိုက်တွေ့နေကျမလို့ အင်အားယုတ်လျော့လာနေပါပြီ။ ဒါပေမဲ့ သူတို့နဲ့နင်ဂျာကြေးရွာဟာ အင်မတန်လျှို့ဝှက်စွာတည်ရှိတာကြောင့် အိခဲဒကိုယ်တိုင်လည်း ရှာမတွေ့ခဲ့ပါဘူး။ အရေးပါတဲ့သန်းကြွယ်သူဌေးကြီးတွေကအစ သမ္မတတွေ ဝန်ကြီးချုပ်တွေအဆုံး ငွေပေးရင်ရအောင်သတ်ပေးတဲ့အဖွဲ့ပါ။

အရင်ဆယ်နှစ်မှာတော့ အရိပ်သခင်အဖမ်းခံခဲ့ရတာကြောင့် တခြားအဖွဲ့တွေ ဝင်အစားထိုးခံရတော့မယ့် အန္တရာယ်နဲ့ရင်ဆိုင်ခဲ့ရပေမဲ့ အခုတော့ ပြန်တည်ငြိမ်နေပါပြီ။

Cybercrow ချန်ထားခဲ့တဲ့မှတ်တမ်းတွေထဲမှာတော့ အရိပ်အဖွဲ့က ထိပ်သီးသုံးဖွဲ့မှာ ရှေးအကျဆုံးဖြစ်နိုင်ပြီးတော့ ဂျပန်ရဲ့ဆာမူရိုင်းတွေလက်ထက်တည်းက လှုပ်ရှားနေတာပါ။ မြူတန့်ခေတ်နှစ်ငါးဆယ်မှာတောင် ကမ္ဘာအရပ်ရပ်က သမ္မတနဲ့ဝန်ကြီးချုပ်ပေါင်း ငါးဆယ်ကျော်ကို အောင်မြင်စွာလုပ်ကြံနိုင်ခဲ့ပြီး တစ်နှစ်ကိုတစ်ယောက်နှုန်းနဲ့ပါ။ ပြီးတော့ ဂျပန်ဝန်ကြီးချုပ်တင် သုံးယောက်တောင်ပါသတဲ့။ အဲ... တစ်ယောက်ကတော့ ဝန်ကြီးချုပ်ဟောင်းပါ။

ထိပ်သီးဆယ်ဖွဲ့ရဲ့ကျန်တဲ့အုပ်စုဝင်တွေဖြစ်တဲ့ ၄ ကနေ ၁၀ အထိကတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ သိပ်ပြီးသိသာတဲ့ အင်အားကွာခြားချက်မရှိပါဘူး။ အဓိကကတော့ ဦးဆောင်သူတွေဟာ A rank ပတ်ဝန်းကျင်သာဖြစ်ပြီးတော့ တစ်ကိုယ်တော် S rank တွေကို သူတို့အဖွဲ့ထဲထည့်သွင်းဖို့ အပြိုင်အဆိုင်စိုင်းပြင်နေသူတွေပါ။ အင်အားသိပ်မကွာကြတာကြောင့် သူတို့အဆင့်တွေက သိပ်မကွာကြဘဲ နှစ်တိုင်းအဆင့်ချင်းချိန်းကုန်တာရှိသလို နဂိုကမပါတဲ့အဖွဲ့တွေ ပါလာတာမျိုးလည်းရှိပါတယ်။

လက်ရှိနံပါတ်လေးအဖွဲ့ကတော့ ဝူလေ့နဂါးငါးကောင်ပါ။ ဗီလိန်ကွန်ယက်မှတ်တမ်းတွေအရ တရုတ်ပြည်မကြီးမှာရော အရှေ့တောင်အာရှမှာပါ လှုပ်ရှားပြီး လူကုန်ကူးတာနဲ့မူးယစ်ဆေးရောင်းတာက အဓိကပါ။ မြန်မာနိုင်ငံရှမ်းကုန်းမြင့်တွေမှာပါ ဘိန်းစိုက်ဖို့ ဂိုဏ်းခွဲတွေဖွင့်ထားတဲ့အတွက်ကြောင့် A rank ဟီးရိုးရောဘုရင်ပါဖြစ်တဲ့ မဟာသူရိယရာဇာအတွက် တကယ့်ပြိုင်ဘက်တွေပါ။

ဒါပေမဲ့ သူတို့အဖွဲ့ A rank ငါးယောက်ရှိနေတာမလို့ သူရိယရာဇာက A rank အတွင်းပြိုင်ဖက်ကင်းဖြစ်ရင်တောင် သူတို့ကို ချက်ချင်းနှိမ်နင်းဖို့မလွယ်ပါဘူး။ တစ်ခါတော့ ရန်ကုန်အစည်းအရုံးကဟီးရိုးတွေကိုရော နိုင်ငံရဲ့အခြားကာကွယ်ရေးဌာနဆိုင်ရာတွေက အခြားမြူတန့်တွေကိုပါခေါ်ပြီး ရွှေတြိဂံဒေသထဲ စစ်ခင်းဖူးပေမဲ့ လာအိုဖက်ဝင်ပြေးသွားလို့ ဘာမှဆက်မဖြစ်တော့ဘူး။

ဝူလေ့နဂါးငါးကောင်ရဲ့အပြည့်အဝပိုင်နက်တွေက လာအိုနဲ့ကမ္ဘောရီးယားလို့ပြောနိုင်ပြီး အဲဒီဒေသ ဟီးရိုးအစည်းအရုံးတွေဟာ ဟန်ပဲရှိတာကြောင့် အစိုးရတွေတောင် သူတို့ကိုမလှန်နိုင်ပါဘူး။ ဒီကြားထဲ ထိုင်းက ဘန်ကောက်အစည်းအရုံးလုပ်ကြံသတ်ဖြတ်ခံရတဲ့ကိစ္စအပြီးမှာ သူတို့အတွက်ပိုပြီးအခွင့်အလမ်းတွေများလာပါတယ်။

အရှေ့တောင်အာရှရဲ့လက်ရှိအခြေအနေက မီးခိုးရောင်လို့ပြောနိုင်ပြီး အာဖရိကနေရာအများစုနဲ့အရှေ့အလယ်ပိုင်းဒေသတွေလိုမဟုတ်ဘဲ ဟီးရိုးအဖွဲ့တွေရှိနေသေးပေမဲ့ ကြိုးတန်းမျှင်မျှင်လေးအပေါ်မှာ ကပ်လျှောက်နေရတာပါ။

ဒါကြောင့် ရန်ကုန်၊ စင်္ကာပူ၊ ဂျာကာတာ၊ မနီလာ၊ ကွာလန်လန်ပူ အစည်းအရုံးငါးခုက အရှေ့တောင်ဟီးရိုးမဟာမိတ်ကို တည်ထောင်ပြီးအချင်းချင်းကူညီရပ်တည်နေရပါတယ်။ ဒါပေမဲ့ ရပ်တည်နေနိုင်တယ်ဆိုရုံသာရှိပြီး နေရာအနှံမှာဖြစ်နေတဲ့ ဗီလိန်ရာဇဝတ်မှုတွေကို မတားဆီးနိုင်တော့ပါဘူး။

မက်ဒါနာလည်း သေချာစဥ်းစားကြည့်တော့မှ မဟာသူရိယရာဇာတစ်ယောက် ဘာလို့ဆုဗာနာနယ်မြေနဲ့အလောင်းစည်သူရဲ့ဖောင်ကို ပြန်လိုချင်နေတာလဲဆိုတာ ခုမှသတိထားမိတော့တယ်။

အရှေ့တောင်အာရှက အင်မတန်အားနည်းနေပြီး ပြိုလဲလုဆဲဆဲ ကြိုးတန်းတစ်ခုပေါ်မှာပါ။ A rank ဟီးရိုးတစ်ယောက်သာဖြစ်တဲ့ မဟာသူရိယရာဇာမှာ စွမ်းအားအကန့်အသတ်ရှိနေပြီး သူ့နိုင်ငံကိုကာကွယ်ဖို့ဆိုရင် ပိုများတဲ့ရှေးဟောင်းလက်နက်တွေရဲ့ပိုင်ရှင် ဖြစ်ဖို့လိုတယ်။ ဒါပေမဲ့ သံပြားထူထူတစ်ခုကိုသာ ကန်မိခဲ့ပုံပဲ။

ကမ္ဘာ့ဟီးရိုးအစည်းအရုံးကရော... ဟီးရိုးတွေသေမှ သက်ဆိုင်သူတွေဆီအကြောင်းကြားတဲ့ အသုဘဝန်ဆောင်မှုကုမ္ပဏီတစ်ခုလိုဖြစ်နေတာ ဆယ်စုနှစ်အချို့ရှိပါပြီ။ သူတို့က ဟီးရိုးအစည်းအရုံးတွေကြားထဲမှာ ဆက်သွယ်ရလွယ်အောင်လုပ်ပေးရုံသာဖြစ်ပြီး တိုက်ရိုက်စေခိုင်းနိုင်တဲ့ ဟီးရိုးယူနစ်တွေမရှိပါဘူး။ အတွင်းရေးမှူးနဲ့အမှုဆောင်တွေကလည်း အလှည့်ကျတာဝန်ထမ်းဆောင်ရတာမလို့ ကိုယ်စားလှယ်တွေက လက်ရှိနိုင်ငံတွေမှာတာဝန်ထမ်းနေတဲ့ ဟီးရိုးတွေချည်းပါပဲ၊ သီးသန့်အလုပ်ခန့်ထားတဲ့ဟီးရိုးမရှိပါ။

UN ထက်နည်းနည်းသာတာဆိုလို့ ဒေသအလိုက် ဟီးရိုးအစည်းအရုံးတွေက အလုပ်လုပ်နေသေးပြီးကြေညာချက်တစ်သီကြီးမထုတ်ရုံတစ်မယ်သာရှိပါတယ်။

လက်ရှိ နံပါတ်ငါးဖြစ်တဲ့ မိတ်ဆွေမဟာမိတ်ကလည်း ဝူလေ့အဖွဲ့နဲ့ တူညီတဲ့လုပ်ငန်းတစ်ခုတည်းကိုပဲလုပ်တာဖြစ်ပြီး မဟာမိတ်လို့ခေါ်ရတဲ့အကြောင်းက ဝူလေ့အဖွဲ့ကို တန်ပြန်ဖို့အတွက် ဒေသခံမှောင်ခိုဂိုဏ်းကလေးတွေဖွဲ့ထားတဲ့ ဗီလိန်အဖွဲ့ပါ။ အင်အားချင်းမတိမ်းမယိမ်းပေမဲ့ အခြေခံအုတ်မြစ်ပိုင်းမှာတော့ ဝူလေ့အဖွဲ့ထက်အားနည်းပါတယ်။

Cybercrowရဲ့မှတ်တမ်းအရ လက်ရှိမိတ်ဆွေမဟာမိတ်မှာလည်း A rank ငါးယောက်ရှိတယ်ဆိုပေမဲ့ သူတို့ရဲ့စည်းလုံးမှုက ဝူလေ့လောက်မကောင်းဘဲ အချင်းချင်း နောက်ကျောက ဓားထိုးတာတွေ၊ လုပ်ကြံသတ်ဖြတ်တာတွေနဲ့ ပြည့်နေတဲ့နေရာပါ။

တစ္ဆေပင်လယ်ဓားပြဂိုဏ်းကလည်း ရာဇဝင်တွေအပြည့်နဲ့ပါ။ ၁၉၉၄ ခုနစ်နောက်ပိုင်းတွေမှာတည်းက ပင်လယ်ဓားပြပြဿနာက နည်းပါးသွားပြီဆိုပေမဲ့ ဖြစ်ပေါ်နေဆဲပါ။

တောင်နဲ့မြောက်အမေရိကတိုက် အဓိကကုန်သွယ်ရေးရေလမ်းကြောင်းဖြစ်တဲ့ ပနားမားတူးမြောင်းအထွက် ဗင်နီဇွဲလား၊ အနောက်အာဖရိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ အယ်ဂိုလာနိုင်ငံကနေ ဂမ်ဘီယာနိုင်ငံအထိ၊ မြေထဲပင်လယ်အဝင်ဝဖြစ်တဲ့ မော်ရိုကို - စပိန် ရေလက်ကြား၊ မြေထဲပင်လယ် အထွက်ဖြစ်တဲ့ ဆိုမာလီယာ၊ အာဖရိကတောင်ပိုင်း မာဒါဂျက်စကာ၊ အာရှတောင်ပိုင်း သီရိလင်္ကါ၊ မလေးရှားမှာရှိတဲ့ မလ္လကာရေလက်ကြား စသည်ဖြင့် ခေတ်သစ်ပင်လယ်ဓားပြနယ်မြေတွေက ကမ္ဘာပေါ်မှာအကျယ်ကြီးကျန်ရှိနေဆဲပါ။

ပင်လယ်ဓားပြတွေက ခရီးသည်တင်ယာဥ်တွေ၊ ကုန်တင်ယာဥ်တွေကို လုယက်တဲ့အပြင် သင်္ဘောသားနဲ့ သင်္ဘောကိုပြန်ပေးဆွဲပြီး ပြန်ပေးငွေတောင်းတတ်ကြပါသေးတယ်။ လက်ရှိပင်လယ်ဓားပြတွေအားလုံးရဲ့ခေါင်းဆောင်ကတော့ တစ္ဆေဓားပြဂိုဏ်းဖြစ်ပြီး A rank အဆင့် သုံးဦးက ဦးဆောင်ပါတယ်။

မြေထဲပင်လယ်နိုင်ငံတွေက သူတို့ကိုနှိမ်နင်းဖို့ကြိုးစစားဖူးပေမဲ့ မအောင်မြင်ခဲ့ဘူး။

မက်ဒါနာက ဒီအဖွဲ့အကြောင်းကိုတွေ့တော့ သေချာတေးမှတ်လိုက်တယ်။ "အမိန့်တော်အဖွဲ့က မြေထဲပင်လယ်ကို သူတို့ပိုင်နက်လို့ ပြောနေကျဆိုပေမဲ့ A rankနည်းနည်းလေးပဲရှိတဲ့ တစ္ဆေအုပ်စုကိုကျ သူတို့မနှိမ်နင်းရသေးပါလား။ ဒီလူတွေပဲ ရေထဲမှာအပုန်းအရှောင်ကောင်းနေလို့လား၊ ဒါမှမဟုတ် တခြားအကြောင်းတစ်ခုခု ရှိနေသေးတာလား။"

သူတို့က မြူတန့်သိပ္ပံကို ရင်ဆိုင်ဖို့အတွက် မြေထဲပင်လယ်ကို ဝင်ရမှာပါ။ သူတို့က ဒီငချွတ်အုပ်စုလေးထက် အများကြီးပိုအင်အားကြီးတယ်ဆိုပေမဲ့လည်း ရေမြွေတစ်ကောင်ဟာ ရေကန်ထဲမှာ နဂါးထက်ပိုကြောက်ဖို့ကောင်းနေဆဲပါ။ ဖြစ်နိုင်ရင် ဒီလိုကိစ္စမျိုးတွေမှာ မက်ဒါနာ အတိမ်းအစောင်းမခံချင်ဘူး။

All Chapters