← Chapters

သိပ္ပံရူးတစ်ယောက်

Vol. 4 Ch. 23

သိပ္ပံရူးတစ်ယောက်

Vol. 4 Ch. 23

အခန်းငယ်လေးတစ်ခုရဲ့ထောင့်မှာတော့ စင်တီက ပြတင်းပေါက်ပြင်ပက ကျွန်းရှုခင်းကိုကြည့်ရင်း ပြုံးလိုက်မိတယ်။ သူ့အတွက်တော့ ဒီလိုမပြုံးရတာ ဆယ်စုနှစ်နဲ့ချီပြီး ကြာခဲ့ပြီ။

Mad doctorဟာ ကိုယ်ပိုင်အသိစိတ်ရှိနေတဲ့ သူ့ကိုထိန်းချုပ်ဖို့အတွက် ခေါင်းထဲကို နာနိုချပ်စ်ပြားလေးတစ်ခု ဖောက်ထည့်ပေးခဲ့ဖူးတယ်။ ငယ်စဥ်က သူ့ကိုပုန်ကန်ဖို့ ကြိုးစားခဲ့တဲ့အတွက်ပေါ့။

အဲဒီနေ့တုန်းက သေဆုံးသွားခဲ့သူတွေရဲ့မျက်နှာကို စင်တီသတိရနေတုန်း။ မဟုတ်ဘူး၊ တကယ်တော့ အထိန်းချုပ်ခံနေရစဥ်အချိန်တုန်းက သူသတ်မိခဲ့တဲ့ လူတွေအားလုံးရဲ့မျက်နှာကို သူသတိရနေတုန်းပဲ။

အကြောက်တရားဖုံးလွှမ်းနေတဲ့ မျက်နှာတွေနဲ့ မုန်းတီးစိတ်အပြည့်ပါတဲ့မျက်လုံးအကြည့်တွေက နက်ရှိုင်းလှတဲ့ အိပ်မက်ဆိုးတွေထဲမှာ သူ့ကိုခြောက်လှန့်နေဆဲ။

ချပ်စ်ပြား ပျက်စီးသွားပြီး သူ့အသိစိတ်ကို ပြန်ရလာချိန်မှာတော့ စိတ်သန့်သန့်နဲ့အိပ်လို့ရတဲ့ညတွေ မရှိတော့ဘူး။ အရာရာက သူ့အတွက် အိပ်မက်ဆိုးလိုဖြစ်နေတယ်။

Mad doctorက သူ့ကိုတယုတယဆက်ဆံပေမဲ့ တကယ်တော့ သူမဟုတ်တဲ့ သေဆုံးသွားသူတစ်ယောက်အမှတ်နဲ့ ချစ်ခင်ကြင်နာပြနေတာ။ သူ့ကို အရုပ်လေးတစ်ရုပ်လိုမျိုး ထားလိုရာနေ ခိုင်းလိုရာစေတယ်။ သူ့ရဲ့စစ်မှန်တဲ့ ခံစားချက်တွေကို လစ်လျူရှုထားပြီးတော့ပေါ့။ တကယ်တော့ စင်တီဟာ စမစ်ရဲ့လည်ပတ်မရှိတဲ့ ကျေးကျွန်တစ်ယောက်သာသာ။

ဒါပေမဲ့ ဆုဗာနာတိုက်ပွဲပြီးတဲ့နောက်မှာတော့ အရာရာပြောင်းလဲသွားတယ်။ ပြင်းထန်တဲ့နာကျင်မှုအချက်ပြကြောင့် သူ့ဦးနောက်ထဲမှာရှိနေတဲ့ ချပ်စ်ပြား လောင်ကျွမ်းပျက်စီးသွားတယ်။ အဲဒီနောက်တော့ ဖျောက်ပစ်ခံထားရတဲ့ နာကျင်စရာမှတ်ဉာဏ်တွေက တားဆီးမရနိုင်တဲ့ တောင်ကျရေလိုမျိုး သူ့ဦးနောက်အတွင်းပိုင်းက စီးထွက်လာခဲ့တယ်။

သူအခု သူ့ကိုယ်သူ ဘယ်သူလဲဆိုတာသိနေပြီ။ အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့တဲ့ အသိတရားနဲ့ခံစားချက်လည်း ပြန်ရောက်လာခဲ့ပြီ။ ကံကောင်းစွာနဲ့ ကိုယ့်တီထွင်မှုတွေအပေါ် သိပ်အထင်ကြီးနေခဲ့တဲ့ စမစ်ဟာ စင်တီရဲ့ချပ်စ်ပြား အလုပ်လုပ်မလုပ်ကို မစစ်ဆေးသေးဘူး။ စင်တီကလည်း သူသံသယဝင်မသွားအောင် လုပ်နေကျအတိုင်းပဲ နာနာခံခံနေတယ်။

ကိုယ်ပိုင်အသိစိတ်ကို ပြန်ရလာခဲ့တဲ့ စင်တီအနေနဲ့ ပထမဆုံးလုပ်တဲ့အလုပ်ကတော့ သူနဲ့ဘဝတူဖြစ်နေတဲ့ လီဆာလေးဆီကိုသွားပြီး နေ့တိုင်းစကားပြောဖြစ်တာပဲ။ ပြီးတော့ ကမ္ဘာမှာရှိသမျှ ဟီးရိုးတွေရောဗီလိန်တွေပါ မသိကြသေးတဲ့ အန်းနပ်စ်ကြီးအကြောင်းကိုလည်း တစ်ဖက်လှည့်နဲ့ လီဆာသိအောင်လုပ်ခဲ့တယ်။

စမစ်တို့အဖွဲ့က ကနဦးပိုင်းမှာ သူတို့အတွက်အသုံးမဝင်တော့တဲ့အပြင် ပြဿနာဖြစ်နိုင်တဲ့ လီဆာကို သူတို့စခန်းကထွက်သွားတာနဲ့ ဆေးရည်တစ်မျိုးထိုးသွင်းပြီး သတ်ပစ်ဖို့ စီစဥ်ခဲ့ကြသေးတယ်။

ဒါပေမဲ့ စင်တီကတော့ အဲဒီလိုဖြစ်မလာအောင်လို့ ထွက်သွားခါနီးမှာ အလိုလျောက်အဆိပ်ရည်ထိုးသွင်းစက်ကို ဝင်နှောင့်ယှက်ခဲ့တယ်။ လီဆာအသက်ရှင်နေသမျှ အဲဲဒီစမ်းသပ်ခန်းထဲမှာ တစ်နည်းနည်းနဲ့ အသက်ရှင်အောင်နေပြီး အပြင်လောကကြီးဆီ ပြန်ရောက်လာနိုင်မှန်း စင်တီသိတယ်။

လူလုပ်မြူတန့်တွေရဲ့အသက်ဓာတ်က တခြားသက်ရှိတွေထက် အများကြိးပိုအားကောင်းတယ်မဟုတ်လား။

စင်တီတစ်ယောက် သူခိုးဝှက်ပြီးလှုပ်ရှားခဲ့တဲ့အကြံတွေကို ကိုယ်တိုင်ပြန်စဥ်းစားမိပြီးတဲ့နောက် အရူးလိုမျိုး ရယ်မောမိတော့တာပဲ။

အခုလောက်ဆိုရင် အန်းနပ်စ်ကြီးရှိနေတဲ့အကြောင်းကို ဟီးရိုးတွေသိနေလောက်ပြီ။ စမစ်က ကျွန်းပေါ်ရောက်လာတဲ့ ဟီးရိုးတွေကို သူလျှို့ဝှက်ထားတဲ့ အန်းနပ်စ်ကြီးနဲ့ အငိုက်ဖမ်းတိုက်ခိုက်မလို့ကြံနေတာ။ ဟီးရိုးတွေသာ သူတို့ရဲ့အင်အားကိုပုံမှန်အတိုင်းပဲလို့ ယူဆပြီးတိုက်စစ်ဆင်လာမယ်ဆိုရင် ကျွန်းပေါ်မှာပဲ သေကြရလိမ့်မယ်။

ဒါပေမဲ့ အန်းနပ်စ်တည်ရှိနေတာကို သိနေခဲ့ရင်တော့ အရာရာက ကွဲပြားသွားလိမ့်မယ်။

စင်တီရယ်မောနေတဲ့အချိန်မှာပဲ သူ့အခန်းရှေ့ကနေ ဒေါက်တာမြူဖြတ်သွားတယ်။ ရူးသွပ်နေသူတစ်ယောက်ရဲ့ရယ်သံကြောင့် ဒေါက်တာမြူလည်း ကျက်သီးထသွားလေရဲ့။

ဒီလိုရယ်သံမျိုးကို Dr.soulဆီကနေ ဒေါက်တာမြူကြားနေကျဖြစ်ပြီး အမြဲတမ်းကြောက်လန့်နေခဲ့တာပါ။ အခုတော့ Dr.soulမရှိတော့တဲ့အတွက် စိတ္တဇရယ်သံရန်ကနေ လွတ်မြောက်ပြီလို့ ဒေါက်တာမြူထင်ခဲ့ပေမဲ့ မှားသွားပုံပဲ။

ဒါကြောင့် ကြောက်ကြောက်နဲ့ ဒေါက်တာမြူလည်း စင်္ကြန်လမ်းကို ခပ်သွက်သွက်ဖြတ်ပြေးပြီး စမစ်ကို လိုက်ရှာတယ်။ ဒါပေမဲ့ စမစ်က သူထိုင်နေကျနေရာမှာ ရှိမနေဘဲ စားပွဲခုံပေါ်မှာလှဲနေပြီး ပန်းအိုးထဲက ပန်းလေးတစ်ပွင့်နဲ့စကားပြောနေတဲ့ ဗီးနပ်စ်ကိုသာတွေ့ရတယ်။

"စမစ်ရော..."

"မသိဘူးလေ... မနက်ကတည်းက အန်းနပ်စ်ကိုပဲ သွားစစ်နေတာ။ မြေအောက်ခန်းထဲမှာ ရှိရင်ရှိမှာပေါ့။"

Dr.soulသေပြီးတဲ့နောက် ဗီးနစ်ပ်ဟာ မြူတန့်သိပ္ပံရဲ့ကြီးသုံးကြီးထဲက တရားဝင်တစ်ယောက်ဖြစ်လာပါပြီ။ ဒါကြောင့် ဒေါက်တာမြူကို တန်းတူလိုပြောနိုင်ပြီး စမစ်ကသာ သူ့ထက်အဆင့်မြင့်တာပါ။ ဗီးနပ်စ်က ဒေါက်တာမြူရဲ့လက်ထဲမှာပါလာတဲ့ အိတ်အနက်ကို စိတ်ဝင်စားသွားပြီး မေးလိုက်တယ်။

"နင့်အိတ်ထဲက ဘာလဲ၊ သွေးနံရသလိုပဲ။"

"ထူးခြားတဲ့ မြူတန့်စွမ်းအားရှိတဲ့သူတစ်ယောက်ရဲ့ခေါင်းပါ၊ ကြွက်တွေဆီက စျေးကောင်းပေးပြီးဝယ်ထားတာလေ။"

"ထားတော့၊ နင်ဘယ်လိုလုပ်ပြီး ရေးကြီးခွင်ကျယ်ဖြစ်နေရတာလဲ။" ဗီးနပ်စ်က ခေါင်းပြတ်ကြီးဆိုတဲ့စကားလည်းကြားရော ရွံရှာသွားဟန်နဲ့ စကားလမ်းကြောင်းပြောင်းလိုက်တယ်။

"စင်တီတစ်ယောက်တည်းရယ်နေတာ ငါမြင်ခဲ့လို့။"

ဗီးနပ်စ်လည်း မျက်ခုံးပင့်လိုက်မိတယ်။ သူတို့သိသလောက် စင်တီက အမြဲတမ်းနာခံတတ်တဲ့ မျက်နှာသေ ရုပ်သေးမလေးပါ။ ဒါပေမဲ့ လူတစ်ယောက်အတွက် ရယ်တယ်ဆိုတာက သဘာဝပဲမဟုတ်ဘူးလား။ ရုပ်သေးတစ်ခုလို ဖြစ်နေတဲ့သူအတွက်တောင်မှပေါ့။

"ဘာများလည်းလို့၊ အထူးအဆန်းလည်းမဟုတ်ပါဘူးဟယ်။ အဲဒီအရုပ်မလေးက နေ့ခင်းဖက် ပျော်စရာအိပ်မက်တစ်ခုခု မက်နေတာဖြစ်မှာပါ။"

'အရုပ်တစ်ရုပ်မှာ အိပ်မက်မက်ခွင့်ရှိလို့လား။' ဒါကိုတော့ ဒေါက်တာမြူနားမလည်နိုင်ခဲ့ပေမဲ့ သူဘာသာ တစ်ယောက်တည်းအတွေးလွန်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲမဟုတ်လား။

စိုးရိမ်နေတာတွေကို ခဏဘေးချထားပြီးတဲ့နောက်တော့ ဒေါက်တာမြူက သူ့အိတ်ကိုမြှောက်ပြလိုက်ရင်း ပြောလိုက်တယ်။

"လောလောဆယ်တော့ ငါရလာတဲ့ပစ္စည်းကို စမစ်ဆီသွားပြလိုက်ဦးမယ်။ ငါပေးထားတဲ့အကြံအတိုင်းလုပ်ရင် သူအောင်မြင်မှာပဲဆိုပေမဲ့ ဒီတစ်ခုနဲ့ဆိုရင် ဝှက်ဖဲတစ်ခုပိုရှိလာလိမ့်မယ်။"

"နောက်ဝှက်ဖဲလား... နင်တို့လူသေတစ်ယောက်ရဲ့စွမ်းအားကို ငှားသုံးဖို့ကြံနေတာတော့မဟုတ်ပါဘူးနော်။"

"ဘယ်သူသိမှာလဲကွာ..." နောက်တော့ ဒေါက်တာမြူတစ်ယောက် ဗီးနပ်စ်နဲ့စကားစဖြတ်လိုက်ရင်း စမစ်ရှိတဲ့ မြေအောက်ခန်းထဲကို ဆင်းသွားလေရဲ့။

ဒေါက်တာမြူက တည်ထောင်သူတွေထဲမှာ တိုက်ပွဲစွမ်းအားအနိမ့်ဆုံးဆိုပေမဲ့ အကြံအစည်တွေသုံးပြီး လှည့်စားတတ်တဲ့နေရာမှာတော့ ဆရာတစ်ဆူပါ။ ပြီးတော့ စမစ်က ဒီလိုနေရာတွေမှာညံ့တယ်လို့ သူယူဆထားပြီး စမစ်ညံ့တဲ့အပိုင်းတွေကို သူကိုင်တွယ်ပေးရမယ်လို့ ယူဆထားတဲ့သူတစ်ယောက်ပါ။

ပြောရရင်တော့ စမစ်ကို အသုံးမကျဘူးလို့ ကွယ်ရာမှာပြောလေ့ရှိပြီး အမြဲညည်းညူတတ်ပေမဲ့ စမစ်အတွက် ကိစ္စတွေကို လိုလိုလားလားလုပ်ပေးနေဆဲပါ။ ဘာကြောင့်လဲဆိုတာတော့ သူကိုယ်တိုင်ပဲသိပါလိမ့်မယ်။

....

လွန်ခဲ့သော နှစ်လေးဆယ်ခန့်က။

ဂျပန်နိုင်ငံရှိ ဇီဝဆေးပညာတက္ကသိုလ်တစ်ခုတွင် လူငယ်ပါရဂူတန်းကျောင်းသားတစ်ယောက်က အခြားပညာရှင်များကို မျိုးရိုးဗီဇပြုပြင်ပြောင်းလဲသည့် နည်းလမ်းဖြင့် ရောဂါများကို ကုသနိုင်သည့် နည်းလမ်းအကြောင်းကို presentation လုပ်ကာ ရှင်းပြနေသည်။

"လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုမှာဖြစ်ပွားခဲ့တဲ့ မြူတန့်ပေါ်ထွန်းလာခြင်းနဲ့အတူပါလာတဲ့ နည်းပညာရပ်ပိုင်းဆိုင်ရာ ထိုးဖောက်မှုတွေကြောင့် ကျွန်တော်တို့ရဲ့ဇီဝအင်ဂျင်နီယာနည်းပညာက အများကြီးတိုးတက်လာခဲ့ပါတယ်။"

ဆရာဖြစ်သည့် ပါမောက္ခကြီးကတော့ သူ့တပည့်ဖြစ်သူ၏စာတမ်းအတွက် အလွန်ကျေနပ်ပီတိဖြစ်နေသည့်ပုံပင်။ လူငယ်က powerpointကို နောက်တစ်မျက်နှာလှန်လိုက်ရင်း ဆက်တင်ပြနေ၏။

"စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေမှာ မြူတန့်ဇီဝပြောင်းလဲခြင်းနည်းပညာကိုအသုံးချပြီး ပိုမိုအထွက်တိုးလာအောင် ကျွန်တော်တို့ဆောင်ရွက်ခဲ့ကြပြီးပါပြီ။ ဒါပေမဲ့ လူသားတွေဖက်မှာကရော..."

ထူးချွန်သည့် လူငယ်ကျောင်းသားက သူ့စိတ်ကူးစိတ်သန်းများကို ဆက်လက်၍ပို့ချနေ၏။ "မျိုးရိုးစဥ်ဆက်အလိုက်ဖြစ်တဲ့ ရောဂါတွေက အင်မတန်ကို ဆိုးဝါးပြီး ကုသရခက်ခဲပါတယ်။ မျိုးရိုးလိုက် ကျောက်ကပ်ရောဂါ၊ မျိုးရိုးလိုက် ဆီးချိုရောဂါ၊ မျိုးရိုးလိုက် အသည်းရောဂါ၊ မျိုးရိုးလိုက်ကင်ဆာ၊ မျိုးရိုးလိုက် ကြွက်သားတုန်ယင်ရောဂါ၊ မျိုးရိုးလိုက်နှလုံးရောဂါ စသည်ဖြင့်ပေါ့။ တကယ်တော့ မျိုးရိုးလိုက်ပြီးဖြစ်တဲ့ အသက်ရှူလမ်းကြောင်း ဓာတ်မတည့်တဲ့ရောဂါကတောင် အင်မတန်ခံရခက်လှပါပြီ။"

ထိုနေရာအရောက်တွင်တော့ အခြားသိပ္ပံပညာရှင်များပါ လူငယ်ကျောင်းသား၏စကားကို စတင်စိတ်ဝင်စားလာကြသည်။ လူငယ်က စိတ်ဝင်စားလာပြီး ဆက်ပြောလိုက်၏။

"မြူတန့်စွမ်းအားတွေက လူသားခန္ဓာကိုယ်ကနေပြီး မီးတွေထွက်လာအောင်၊ ရေတွေမှုတ်ထုတ်နိုင်အောင်တောင် လုပ်နိုင်သေးတာပဲ။ ဒါကြောင့် အခြေခံကျတဲ့ ရောဂါကုသပေးခြင်းဆိုတာကိုလည်း လုပ်နိုင်ရမှာပါ။ သုတေသနရလဒ်တွေအရ စွမ်းအားနိုးထလာတဲ့ မြူတန့်တွေရဲ့စွမ်းအားတချို့က ထိခိုက်ဒဏ်ရာမဟုတ်တဲ့ နာတာရှည်နဲ့မျိုးရိုးလိုက်ရောဂါတွေကို ခုခံကာကွယ်နိုင်စွမ်းရှိတယ်။ ဒါပေမဲ့..."

လူငယ်ကျောင်းသားက အသက်ကိုဝဝရှူလိုက်ပြီးမှ ဆက်ပြောတယ်။ "ဒီလိုမြူတန့်အမျိုးအစားက နည်းပါးတဲ့အတွက်ကြောင့် တစ်ကမ္ဘာလုံးမှာ ရောဂါခံစားနေရတဲ့ လူနာတွေကို ကုသပေးနိုင်စွမ်းတော့မရှိပါဘူး။ ကျွန်တော်တင်ပြချင်တဲ့ နည်းလမ်းကတော့ Artifical mutaiton နည်းလမ်းပါ။"

Powerpointက နောက်စာမျက်နှာတစ်ခုကိုပြသည်။ ပုံတွင်တော့ ကြွက်ကလေးတစ်ကောင်၏ခန္ဓာကိုယ်ကိုခွဲကာ ထူးခြားသည့်ဆေးရည်တစ်မျိုးဖြင့်စိမ်ထားသော အသားစတစ်စကို ကြွက်အသည်းထဲထည့်နေသည့်ပုံဖြစ်၏။

"သက်ရှိတစ်ခုရဲ့အသည်းက မြူတန့်ဖြစ်စဥ်ကို တခြားသက်ရှိတစ်ခုဆီကနေ ကူးယူနိုင်ပါတယ်။ ပုံထဲမှာပါတဲ့ ကြွက်ကလေးရဲ့အသည်းထဲကိုထည့်လိုက်တဲ့အသားစက မီးစွမ်းအားပါ၊ အထူးဆေးရည်တစ်မျိုးကိုသုံးပြီး လက်ခံကောင်ရဲ့အသည်းနဲ့ပြီးပြည့်စုံစွာ ပေါင်းစပ်တာက ဒီနည်းပညာရဲ့အဓိကအချက်ပဲ။ ၇၂ နာရီကြာပြီးနောက်တော့ မီးမှုတ်နေတဲ့ ကြွက်ကလေးကိုမြင်ရမှာပါ။"

Powerpointက နောက်ထပ်ပုံတစ်ခုကိုပြသည်။ ကြွက်တစ်ကောင် မီးမှုတ်နေသည့်ပုံဖြစ်ပြီး ကျောင်း စမ်းသပ်ခန်းငယ်တစ်ဝက်လောက်ကို မီးတောက်များ ဖုံးလွှမ်းထား၏။ ပြီးတော့ ကြွက်အခြေအနေက ကောင်းပုံမပေါ်ဘဲ ပါးစပ်အနားရှိကြွက်သားများမှာ မီးလောင်ဒဏ်ရာကြောင့် အကျက်ကင်ပြီးသားဖြစ်နေသည်။ ကြွက်၏ခန္ဓာကိုယ်က မီးစွမ်းအားဒဏ်ကို မခံနိုင်သည်မှာ သိသာပေသည်။ ဓာတ်ပုံကြည့်နေသည့်လူများပင် မသတီသလိုဖြစ်သွား၏။

"တကယ်တော့ လူလုပ်မြူတန့်ဖြစ်စဥ်က ဒီထက်အများကြီးပိုပြီးအသုံးဝင်နိုင်ပါသေးတယ်။ ဒါပေမဲ့ လုပ်ရတဲ့အဆင့်တွေခက်ခဲသလို လက်ရှိသုတေသနက ဆေးပညာမှာသုံးဖို့ဖြစ်တဲ့အတွက် တခြားကိစ္စတွေ မပြောတော့ပါဘူး။"

လူငယ်က ယုံကြည်မှုအပြည့်ဖြင့် ဆက်ပြောနေသော်လည်း အောက်မှပညာရှင်များ၏မျက်နှာကတော့ မသာယာတော့ပေ။ "ကမ္ဘာပေါ်က မျိုးရိုးလိုက်ရောဂါတွေကို ကုသဖို့ဆိုရင် အသားတစ်သျှူးတစ်စကို လျှူပေးမယ့် စေတနာရှင်မြူတန့်တွေပဲလိုပါတယ်။ ဒါက Artifical mutationရဲ့အလုပ်လုပ်ပုံပါ။ ရှင်းစရာရှိတာ ရှင်းပြပြီးပြီမလို့ မေးချင်တဲ့မေးခွန်းတွေရှိရင် မေးနိုင်ပါပြီ။"

လူငယ်က အင်မတန်ယုံကြည်မှုရှိနေခဲ့သော်လည်း နောက်ဆက်တွဲ တုံ့ပြန်မှုများကတော့ မသာယာပေ။ ပညာရှင်အဖွားကြီးတစ်ယောက်က လက်ထောင်လိုက်ပြီး အရင်စမေးလာ၏။

"ခွင့်ပြုပါ၊ ရှင့်စမ်းသပ်ချက်က အောင်မြင်နိုင်ခြေဘယ်လောက်ရှိလဲ။ ဆိုလိုတာက ကြွက်တစ်ကောင်စမ်းသပ်ပြီး ဘယ်နှစ်ကောင်က ကျေနပ်စရာကောင်းတဲ့ရလဒ်မျိုးထွက်လာသလဲ..."

လူငယ်က သူ့စာရွက်စာတမ်းများကို ပြန်ကြည့်ပြီး အေးဆေးစွာပြန်ဖြေသည်။ "51% ပါ။ ကြွက်အကောင်သုံးရာမှာ ၁၅၃ကောင်က ပုံထဲကအတိုင်း မြူတန့်ဖြစ်သွားပါတယ်။"

"ကျန်တဲ့အကောင်တွေကရော..."

"မြူတန့်ဖြစ်စဥ်အတွင်းမှာပဲ သေကုန်ပါတယ်။" ထိုအဖြေကြောင့် ထိုင်နေသည့် သုတေသနသမားများအားလုံး အံ့ဩတကြီးဖြင့် အော်လိုက်မိကြသည်။

"ရှင်ဆိုလိုတာက ဒီကုထုံးကို အသုံးပြုတဲ့လူနှစ်ယောက်မှာ တစ်ယောက်က သေနိုင်ခြေမြင့်တယ်ပေါ့။"

"ဒါတော့ဒါပဲဆိုပေမဲ့ ကိန်းညွန်းတွေအရ ၅၀% ကျော်ရင် ဒုတိယအဆင့်စမ်းသပ်မှုအောင်မြင်တယ်လို့ သတ်မှတ်နိုင်တယ်လေ။ အားနည်းချက်တွေကို ဖြည်းဖြည်းချင်းပြင်ရင်း ပြီးပြည့်စုံအောင်လုပ်လို့ရတယ်မဟုတ်လား။ ဒါက primary အဆင့်စမ်းသပ်မှုလေးတစ်ခုသာသာပါ။"

လူငယ်လေးက သူ၏သုတေသနများအပေါ် အထင်ကောင်းအမြင်ကောင်းရှိနေသည့်တိုင်အောင် အခြားသုတေသီများကတော့ အလားတူမမြင်နိုင်တော့ပေ။ အခြားထိပ်ပြောင်ပြောင် သုတေသနသမားတစ်ဦးကလည်း လက်ညိုးထောင်လိုက်ပြီး မေးလာ၏။

"ဟုတ်ပါပြီ... အောင်မြင်သွားတဲ့ ကြွက်တွေကရော ဘာဆက်ဖြစ်သွားလဲ၊ သူတို့အသက်ရှင်နေသေးလား။ ဒါမှမဟုတ် ပုံထဲကတစ်ကောင်လိုပဲ ကိုယ်မှုတ်တဲ့မီးနဲ့ကိုယ် အကင်ဖြစ်သွားပြီလား... ယာဂါမိုတိုရ။"

နာမည်အခေါ်ခံလိုက်ရသော လူငယ်လေးမှာ နောက်သို့တွန့်သွားပြီး တွန့်ဆုတ်ဆုတ်ဖြင့်ဖြေလိုက်၏။ "အဲ...အဲဒီလိုမဟုတ်ပါဘူး.. သူတို့က ကြွက်တွေမလို့ လူသားမြူတန့်စွမ်းအားရဲ့ပြင်းအားကို မခံနိုင်ရုံတင်ပါ။ လူသားတွေကတော့ သူတို့ထက်ခံနိုင်ရည်ပိုရှိလို့ တတိယအဆင့်စမ်းသပ်မှုကျရင် ပိုအဆင်ပြေလောက်မှာပါ..."

"ဘာ... မင်းက တတိယအဆင့်စမ်းသပ်မှုကိုတောင် စချင်နေသေးတာလား။ ဒုတိယအဆင့်မှာ စမ်းသပ်ခံတစ်ဝက်လောက် သေပြီးတာတောင်မှလေ..."

အားလုံး၏ဒေါသထွက်နေသောအကြည့်များကြောင့် လူငယ်သိပ္ပံပညာရှင်လေးယာဂါမိုတိုမှာ နောက်သို့အလိုလိုဆုတ်လိုက်မိ၏။ တခြားသူနှင့်ရွယ်တူကောင်မလေးတစ်ယောက်ကလည်း လက်ထောင်ပြီး မေးလာပြန်သည်။

"ခွင့်ပြုပါ... ရှင့်ရဲ့လူလုပ်မြူတန့်နည်းပညာနဲ့ဆိုရင် စစ်သုံးမြူတန့်တွေကိုပါ ဖန်တီးလို့ရသွားနိုင်တယ်မဟုတ်လား။"

လူငယ်က ခေါင်းညိတ်ပြသည်။ သူပြောသည့်အခြားအသုံးဆိုသည်မှာ ထိုကိစ္စပင်။ ကောင်မလေးက ထိုစကားကြောင့် သူ့ကိုမုန်းတီးစွာဖြင့်ကြည့်လိုက်ပြီ ပြောလိုက်၏။

"ရှင့်နည်းပညာက လူသတ်စက်ဖြစ်လာမှာမကြောက်ဘူးလား၊ ဒီလိုနည်းပညာကို ဖန်တီးဖို့ကြိုးစားရတယ်လို့။ ရှင်က ယူနစ် (၇၃၁) ဖြစ်ရပ်မျိုးကို နောက်တစ်ကျော့ ဖန်တီးချင်နေတာလား။"

ဂျပန်အင်ပါရီယာခေတ်တွင် မန်ချူရီးယားအခြေစိုက် ယူနစ် ၇၃၁က စစ်သုံ့ပန်းများကိုအသုံးပြုကာ ဇီဝနည်းပညာများစမ်းသပ်ရင်း ဂျပန်အတွက် စစ်လက်နက်များဖန်တီးရန် ကြိုစားခဲ့ဖူးသည်။

လူပေါင်း တစ်သောင်းနှစ်ထောင်ခန့် အသက်ပေးခဲ့ရပြီး ဂျပန်ဖက်စစ်တို့၏ အဆိုးဝါးအရက်စက်ဆုံးသောလုပ်ရပ်ဖြစ်ကာ ယနေ့ခေတ်တိုင်အောင် ခေါင်းမဖော်ဝံ့လောက်သော အမျိုးသားအရှက်ရမှုကြီးတစ်ခု ဖြစ်နေဆဲပင်။

ဟောခန်းမထဲမှ အားလုံး၏အကြည့်များက ထူးဆန်းလာသည်။ ရွံမုန်းနေသည့်အကြည့်များကြောင့် ယာဂါမိုတိုမှာ သူ့ဆရာဖြစ်သူကို အားကိုးတကြီးကြည့်လိုက်၏။ သို့သော် ဆရာဖြစ်သူကတော့ ခေါင်းခါပြပြီး သူ့ရှေ့သို့လျှောက်လာကာ လက်ထဲမှာ သူ့စာတမ်းကို လုယူပြီးခြေမွပစ်လိုက်သည်။

"ဒီနေ့တော့ ဒီလောက်ပဲတော်ကြတာပေါ့၊ ယာဂါမိုတို။"

"ဒါပေမဲ့ ဆရာကိုယ်တိုင်ပဲ ထောက်ခံခဲ့တာလေ။ ကျွန်တော်က စမ်းသပ်မှုကို အောင်မြင်အောင် ဆက်လုပ်ချင်ရုံလေးပါ။"

"မင်းက ငါ့ကိုအရှက်ရစေခဲ့တာပဲ။ မင်းရဲ့ပါမောက္ခသုတေသနစာတမ်းကျတယ် ယာဂါမိုတို။" ဆရာလုပ်သူက သူ့ကို စကားဆက်မပြောတော့ဘဲ ကျောခိုင်းကာ ခန်းမထဲမှ လှည့်ထွက်သွား၏။

အခြားပရိသတ်များ ဟော်ခန်းမထဲမှ ထွက်သွားသည်အထိ လူငယ်သိပ္ပံရူးလေးမှာ စင်မြင့်ပေါ်တွင် တစ်ယောက်တည်း ငြိမ်သက်စွာရပ်နေမိသည်။ "ငါဘာမှားလို့လဲ၊ နောက်ထပ် နည်းနည်းလေးစမ်းသပ်ကြည့်ရုံနဲ့တင် အားနည်းချက်ကို ပြင်နိုင်သွားမယ့်ဥစ္စာကို။"

ယာဂါမိုတိုတစ်ယောက် စင်မြင့်ပေါ်မှ ဆင်းရန်ကြံလိုက်သည့်အချိန်မှာပင် ဟောခန်းမထဲ၌ ထွက်မသွားသေးသည့် လူတစ်ယောက်ကျန်နေသေးသည်ကို သတိပြုမိလိုက်ပါသည်။

"ဟေ့လူ၊ presentationက ပြီးသွားပြီလေ။ မပြန်သေးဘူးလား။ ဘာလဲ၊ ကျုပ်ရဲ့ရူးကြောင်ကြောင် နည်းပညာကို လှောင်ဖို့လူရှင်းတဲ့အထိစောင့်နေတာလား။"

ထိုစကားကြောင့် ဟောခန်းမထဲတွင် နောက်ဆုံးကျန်နေခဲ့သည့်သူ၏နှုတ်ခမ်းများက ကြည့်ရဆိုးစွာဖြင့် ကွေးညွတ်သွားပြီး ပြန်ဖြေလိုက်သည်။

"မဟုတ်ပါဘူးကွ၊ မင်းရဲ့နည်းပညာက တိုးတက်လာဖို့အတွက် အလားအလာတွေအများကြီးရှိနေသေးတယ်လို့ ငါမြင်တယ်။"

ယာဂါမိုတိုက ထိုလူကို သေချာကြည့်လိုက်၏။ အခြားသုတေသီများလိုပင် အဖြူရောင်စမ်းသပ်ဝတ်စုံကို ဝတ်ထားသည့်တိုင်အောင် ထိုလူ၏ဥပဓိရုပက လေးစားစရာကောင်းမနေပေ။ ထိုအစား ကြောက်ဖို့သာကောင်းနေ၏။ ယာဂါမိုတိုက ချက်ချင်း ပြန်ထောက်မေးလိုက်သည်။

"အလားအလာရှိပေမဲ့ ဒီနည်းပညာက ဒီမှာတင်တစ်ခန်းရပ်သွားပြီဗျ။ ဘယ်သူမှ ကျုပ်ကိုဆက်တိုးတက်အောင်လုပ်ဖို့ အခွင့်အရေးပေးမှာမဟုတ်ဘူး။ တက္ကသိုလ်ကနေ ကျုပ်ကန်ထုတ်ခံရပြီးနေပြီ၊ ထပ်ပြီးလေ့လာဖို့ မဖြစ်နိုင်တော့ဘူး။"

သို့သော်လည်း ထိုလူက ခြောက်ကပ်ကပ်ရယ်သံဖြင့်သာ သူ့ကိုတုံ့ပြန်လိုက်ပြီး ခုံမှထ၍ အနားကပ်လာလေသည်။

"မဟုတ်ဘူး၊ အဆုံးမသတ်သေးပါဘူး။ ငါက မင်းကို ဒီနည်းပညာတိုးတက်ဖို့လိုတဲ့ အထောက်အပံတွေပေးမယ်။ တတိယအဆင့်စမ်းသပ်မှုအတွက် လိုအပ်တာတွေရောပေါ့။"

ထိုစကားကို ကြားလိုက်ရသော ယာဂါမိုတိုမှာ နည်းနည်းလေးမှ မပျော်နိုင်ပေ။ ထိုအစား ကြောက်စရာစကားတစ်ခွန်းကို ကြားလိုက်ရသည့်အလား သူ့ခြေထောက်တို့က ပျော့ခွေသွားကာ စင်မြင့်လှေကားနံဘေးမှာတင် ဖင်ထိုင်လျက်ကျသွား၏။

"ခင်...ခင်ဗျားက အမေရိကန်အစိုးရသုတေသနဌာနတို့ဘာတို့က အေးဂျင့်တော့ မဟုတ်ပါဘူးနော်။"

ယခင်ကလည်း အမေရိကန်အစိုးရက ထူးချွန်သည့်သိပ္ပံပညာရှင်များကို ဖမ်းခေါ်ပြီး သူတို့နိုင်ငံအတွက် နည်းပညာအသစ်များကို ဖန်တီးခိုင်းလေ့ရှိသည်။ နာမည်ဆိုးဖြင့်ကျော်ကြားသော ယူနစ် ၇၃၁မှ သိပ္ပံပညာရှင်များပင် စစ်ခုံရုံးတင်မခံလိုက်ရဘဲ ထိုသုတေသနဌာနသို့သာ ရောက်သွားခဲ့၏။

အသက်ကား ရှင်ကျန်နေသေးသော်လည်း တစ်ဘဝလုံး ပြင်ပနေရောင်ကို မြင်ရရန်မျှော်လင့်ချက်မှာ ရှိတော့မည်မဟုတ်ပေ။ ထိုလူကလည်း ယာဂါမိုတို့စကားကြောင့် သဘောကျသွားပြီး ရယ်မောလိုက်လေ၏။

"မဟုတ်ဘူးကွ၊ မင်းအခုရောက်နေတဲ့အခြေအနေက အများကြီးပိုဆိုးတယ်။ ဒါပေမဲ့ မင်းငါ့အတွက် မြူတန့်စစ်တပ်ကြီးတစ်ခု ဖန်တီးပေးနိုင်ခဲ့ရင် ပိုက်ဆံ၊ အာဏာ၊ ပါဝါ... အိုကွာ မင်းလိုသမျှအကုန်ရစေရမယ်။"

"ခင်ဗျားနောက်နေတာလား...."

"အတည်ပြောနေတာကွ...ဘာလို့လဲဆိုတော့ ငါက Mad doctorလေကွာ။"

All Chapters