← Chapters

စုစည်းခြင်း

Vol. 4 Ch. 24

စုစည်းခြင်း

Vol. 4 Ch. 24

ဒေါက်တာမြူက ဒေါက်တာစမစ်လက်ထဲကို သူ့အိတ်ထဲက ခေါင်းပြတ်ကြီးအပ်လိုက်တယ်။ စမစ်ကလည်း အိတ်ကိုတစ်ချက်ဖွင့်ကြည့်လိုက်ပြီး တစ်ချက်ပြန်မေးတယ်။

"မြူတန့်တစ်ယောက်ရဲ့ခေါင်းပြတ်လား၊ ဒါပေမဲ့ ဘာအတွက်လဲ။"

"အန်းနပ်စ်က ခွန်အားနဲ့ကြံ့ခိုင်မှုပိုင်းမှာ အစွမ်းထက်နေပြီးသားပါ၊ ဒါပေမဲ့ မြူတန့်စွမ်းအားသီးသန့်ရယ်လို့ မရှိဘူးလေ။"

ဒေါက်တာစမစ်လည်း ခေါင်းညိတ်လိုက်ပြီး စမ်းသပ်ခန်းထဲမှာရှိနေတဲ့ အန်းနပ်စ်ကို လှမ်းကြည့်လိုက်တယ်။ ဒီသတ္တဝါကြီးက သက်ရှိဆိုပေမဲ့ ကိုယ်ပိုင်အသိစိတ်မရှိပါဘူး။ လူသားတစ်ယောက်က ထိန်းချုပ်ထားဖို့လိုအပ်ပြီး အင်မတန်စွမ်းအားကြီးတဲ့ ဇီဝနည်းပညာချပ်ဝတ်ပါ။

"အင်း... မင်းပြောသလိုပဲ အန်းနပ်စ်က လူသားခန္ဓာကိုယ်တစ်ခုကို အဆင့်ဆင့်ပြုပြင်ပြောင်းလဲပြီး အမြင့်ဆုံးရနိုင်တဲ့ ခွန်အားအကြီးဆုံး အမာအကျောဆုံးပုံစံကို ပြုပြင်ဖန်တီးထားတာ။ ဒါပေမဲ့ မြူတန့်စွမ်းအားအနေနဲ့ဆိုရင်တော့ ဘာမှရှိမနေဘူး။"

စမစ်စကားဆုံးတော့ ဒေါက်တာမြူက ဝင်ပြောလိုက်တယ်။ "အိတ်ထဲမှာ ပါလာတဲ့ပစ္စည်းက အန်းနပ်စ်ရဲ့နောက်ဆုံး ဂျစ်ဆောအပိုင်းကို ဖြည့်ပေးနိုင်မယ့်အရာပဲ။"

ဒေါက်တာမြူက အိတ်ကိုပြန်ဖွင့်လိုက်ပြီး ခေါင်းပြတ်ကြီးကို ဆွဲထုတ်လိုက်တယ်။ ရင်းနှီးနေတဲ့မျက်နှာတစ်ခုက စမစ်နဲ့ဒေါက်တာမြူရဲ့ရှေ့မှာ ထွက်ပေါ်လာတယ်။

"ဒါက... မင်းပြောတဲ့ ဗီလိန်မလုပ်တတ်ဘဲ ဗီလိန်ဖြစ်လာတဲ့ ကောင်လေးမဟုတ်လား။"

"ဟုတ်တာပေါ့၊ အော့တို အေ့စ် ပန်ဒရာဂွန်။ ဒဏ္ဍာရီလာ ပန်ဒရာဂွန်မိသားစုရဲ့သခင်လေးလေ။"

အထဲမှာရှိနေတဲ့ ခေါင်းပြတ်ကြီးက ရက်တချို့သွားပြီဖြစ်ပေမဲ့ အိတ်ထဲမှာထည့်ထားတဲ့ နိုက်ထရိုဂျင်ဓာတ်ငွေ့ကြောင့် ပုပ်သိုးမသွားသေးဘူး။ ဒေါက်တာမြူက ဖရာလီတာနဲ့အော့တိုရဲ့တိုက်ပွဲအပြီးမှာ ကျန်နေခဲ့တဲ့ ဒီခေါင်းပြတ်ကြီးကို ကြွက်ဖြစ်နေတဲ့ တိုကျိုဟီးရိုးအဖွဲ့ဝင်တချို့ဆီကနေ ပြန်ဝယ်လာခဲ့တာ။

သူတို့အဖွဲ့အစည်းရဲ့အကျိုးအတွက်ပေါ့။

နောက်တော့ ဒေါက်တာမြူက ခေါင်းပြတ်ကြီးကို စမ်းသပ်ခန်းထဲက စားပွဲတစ်ခုပေါ်တင်လိုက်တယ်။ အဲဲဒီနောက် ခွဲစိတ်ကိရိယာသေတ္တာလေးတစ်ခုကိုထုတ်ပြီး အော့တိုရဲ့ဦးခေါင်းခွံကို စဖွင့်လိုက်တယ်။

"ကဲ... Unboxingလေး စကြရအောင်။"

...

မိနစ်အနည်းငယ်အကြာ အရိအရွဲတွေကို ဖယ်ထုတ်ပြီးတဲ့နောက် ဦးနောက်ရဲ့အတွင်းအကျဆုံးအပိုင်းဖြစ်တဲ့ Thalamus အတွင်းပိုင်းအထိ သူခွဲထုတ်နိုင်ခဲ့တယ်။

တကယ်လို့ လူတစ်ယောက်ကိုသာ အသက်ရှင်လျက်အဲဒီအထိခွဲမယ်ဆိုရင် သေဖို့တစ်နည်းပဲရှိတယ်။ ဒါပေမဲ့ အခုကတော့ သေပြီးသားလူတစ်ယောက်ကို ခွဲစိတ်နေတာမလို့ ဘာမှဂရုစိုက်စရာမလိုဘူး။

"ဘင်ဂို..." ဒေါက်တာမြူက နောက်ဆုံးတော့ သူလိုချင်တာကို ရှာတွေ့ပြီး ဆွဲထုတ်လိုက်တယ်။ အဖြူရောင် သလင်းကျောက်စငယ်လေးတစ်ခုက သူ့လက်ထဲမှာပါလာတယ်။ အရွယ်အစားအရတော့ ဖုန်းဆင်းကတ်လေးတစ်ခုစာပဲရှိမယ်။

လက်မှာပေကျံနေတဲ့ သွေးခဲတွေကိုဖယ်ရှားဖို့ရေဆေးပြီးတဲ့နောက် သလင်းကျောက်ကို ဒေါက်တာစမစ်လက်ထဲ ထည့်လိုက်တယ်။

"အရင်နှစ်သုံးဆယ်က စမ်းသပ်မှုကို ရှေ့ဆက်ပြီးနောက် ကျွန်တော်တို့သိလာရတာတွေက အများကြီးပဲ။" ဒေါက်တာမြူက စကားစလိုက်တယ်။ စမစ်ကလည်း ခေါင်းတညိတ်ညိတ်နဲ့ ပြန်ဖြေပါတယ်။

"ပထမဆုံးမြူတန့်တွေက သလင်းကျောက်တွေကို ခန္ဓာကိုယ်အတွင်းစုပ်ယူခဲ့ပြီး သူတို့ရဲ့မျိုးဆက်တွေမှာပါ စွမ်းအားအမွေပါလာတယ်။ မြူတန့်စွမ်းအားတွေရဲ့ဂုဏ်သတ္တိက မျိုးရိုးလိုက်တတ်တာပဲ။"

အခုသူတို့နှစ်ယောက်က နှစ်ပေါင်းများစွာကြာအောင် သူတို့စမ်းသပ်သုတေသနပြုလာခဲ့တဲ့ ဇီဝသိပ္ပံ

နည်းပညာတွေအကြောင်း တစ်ယောက်နဲ့တစ်ယောက် အစဖော်ဆွေးနွေးနေကြတာပါ။ ဒေါက်တာစမစ်က ဒေါက်တာမြူလက်ထဲက မြူတန့်သလင်းကို ယူလိုက်ပြီး အန်းနပ်စ်ဆီကိုသွားရင်း ဆက်ဆွေးနွေးတယ်။

"မြူတန့်စွမ်းအားတွေက လူ့ခန္ဓာကိုယ်ထဲမှာ အနည်ထိုင်နိုင်စွမ်းရှိပြီး နှလုံးနဲ့ဦးနောက်လို အဓိက စွမ်းအင်သိုလှောင်ရာနေရာတွေမှာ အဆီအနှစ်တွေအနည်ကျပြီး သူတို့စွမ်းအားရယူစဥ်က သလင်းကျောက်အတိုင်း ပြန်ဖြစ်လာတယ်။"

"အဲဒီသလင်းစတွေက လူလုပ်မြူတန့်လုပ်ရာမှာ ရာနှုန်းပြည့်အောင်မြင်မှုကိုပေးနိုင်ပြီး မြူတန့်သတ္တဝါအစိတ်အပိုင်းတွေနဲ့ လူသားကိုပေါင်းစပ်တာ၊ လူသားမြူတန့်အသားစကနေ တခြားတစ်ယောက်ကို ကူးပြောင်းပေးတာတွေထက် ပိုစိတ်ချရတယ်။ ဒါပေမဲ့..." စမစ်က သူ့စကားကိုရပ်လိုက်တော့ ဒေါက်တာမြူက ပြန်ဆက်ပြောတယ်။

"မြူတန့်သလင်းတွေက A rankနဲ့အထက် မြူတန့်တွေမှာပဲ အနည်ကျနိုင်တာ။ ဒါကြောင့် ရဖို့သိပ်ခက်သွားပြီ။ ဒါပေမဲ့အခုငါတို့ရလာပြီဆိုတော့ Yagamoto - Smith Third theory of artifical mutantionအရ အန်းနပ်စ်ကို အဆင့်မြှင့်ပေးဖို့ ဖြစ်နိုင်တယ်။"

ဒေါက်တာစမစ်က အန်းနပ်စ်၏ဦးနောက်ရှိသင့်သည့်နေရာကို ဖွင့်လိုက်ကာ မြူတန့်သလင်းစငယ်လေးကို ထည့်စိုက်လိုက်တယ်။ သလင်းစလေးက ဖြည်းဖြည်းချင်း အန်းနပ်စ်နဲ့ပေါင်းစပ်သွားတာကိုကြည့်ရင်း စမစ်ရောဒေါက်တာမြူပါ ပျော်ရွှင်နေကြတယ်။

ပြီးတော့ အန်းနပ်စ်ကြီးရဲ့ရင်ဝမှာလည်း တခြားပိုကြီးတဲ့ သလင်းကျောက်တစ်ခုနစ်ဝင်နေပြီး ယာမာဂုချီမိသားစုဆီကနေ ဒေါက်တာမြူခိုးလာတဲ့ သလင်းကျောက်ပါ။ အန်းနပ်စ်ရဲ့လှုပ်ရှားမှုအတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ထောက်ပံပေးနေတဲ့ သလင်းလည်းဖြစ်တယ်။ စွမ်းအားကြီးပေမဲ့ အန်းနပ်စ်နဲ့သင့်တော်ခြင်းမရှိတဲ့အတွက် မြူတန့်စွမ်းအားတစ်ခု မပေးနိုင်ခဲ့ပါဘူး။ ဒါကြောင့်ပဲ အန်းနပ်စ်က ဂျစ်ဆောတစ်ခုလိုနေတဲ့ အင်အားအကြီးဆုံးဇီဝဝတ်စုံဖြစ်နေတာပါ။

"အခုကမ္ဘာကြီးက သေချာပေါက် ငါတို့လက်ထဲမှာပဲ။" စမစ်က ရယ်မောလိုက်ပြီး ဒေါက်တာမြူကို လှည့်ကြည့်လိုက်တယ်။

"မိတ်ဆွေဟောင်းကြီး၊ မင်းက ငါ့ရဲ့ဟာကွက်များစွာနဲ့ အစီအစဥ်တွေကို ပြီးပြည့်စုံစေခဲ့တဲ့သူပဲ။ ငါတစ်ယောက်တည်းနဲ့ ဒီလိုလုပ်နိုင်မှာမဟုတ်ဘူး။"

စမစ်က အဖွဲ့အစည်းရဲ့ခေါင်းဆောင်ဖြစ်ပေမဲ့ ဒေါက်တာမြူကသာ အဓိကဗျူဟာတွေရေးဆွဲပေးတဲ့သူပါ။ ပြီးတော့ သူတို့အကြံအစည်က အောက်မြင်ဖို့ လက်တစ်ကမ်းပဲလိုတော့ပေမဲ့ အနှောင့်အယှက်တွေလည်း ရှိနေဆဲပါ။

"ငါတို့ရန်သူတော်ကြီးတွေရော အခြေအနေဘယ်လိုရှိကြလဲ။" စမစ်က ရယ်နေတာကိုရပ်လိုက်ပြီး ရန်သူတွေအကြောင်း စမေးလိုက်တယ်။ ဒေါက်တာမြူမှာလည်း အသင့်အဖြေရှိနေပြီးသားပါ။

"ဟုတ်ကဲ့၊ အမိန့်တော်အဖွဲ့က ကျွန်းတည်နေရာသိရဖို့ ကြိုးစားနေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့မဟာမိတ်ဖြစ်တဲ့ တစ္ဆေပင်လယ်ဓားပြအဖွဲ့က နှောင့်ယှက်ထားလို့ ခန့်မှန်းတည်နေရာလောက်ပဲ သိကြမှာပါ။"

"နောက်ရော..."

"အမိန့်တော်အဖွဲ့ခေါင်းဆောင် Archmegaနဲ့ Silverknightတို့ ဥရောပရောက်လာပြီ။ ကြွက်တွေရဲ့သတင်းအရတော့ ဆုဗာနာနဲ့တိုကျိုက အကူတွေလည်း မကြာခင်ရောက်လာမှာပါ။"

"နယူးယောက်ကရော..."

"လက်ရှိအစိုးရနဲ့ဟီးရိုးအစည်းအရုံးပြဿနာကြောင့် အကူမလွှတ်နိုင်ပါဘူး။" စမစ်ခေါင်းညိတ်လိုက်တယ်။ လက်ရှိအတိုင်းဆိုရင် သူတို့ဘက်က နည်းနည်းအင်အားပိုသာတယ်။ ပြီးတော့ အိမ်ကွင်းအားသာချက်လည်းရှိတယ်။ တစ်ခုတည်းသောပြဿနာက ကျန်တဲ့ဗီလိန်အဖွဲ့တွေကို သူတို့ဖက်ပါအောင် ဆွဲဆောင်နိုင်မနိုင်ဆိုတာပါပဲ။

ဆွဲဆောင်နိုင်ခဲ့ရင် ကမ္ဘာသိမ်းစစ်ပွဲကြီးကို စနိုင်မယ့်အပြင် သူတို့ကိုလာတိုက်မယ့် ဟီးရိုးတွေအတွက်ပါ ကျွန်းက သချိုင်းမြေဖြစ်သွားဖို့သေချာပါတယ်။ မဆွဲဆောင်နိုင်ခဲ့ရင်တော့ သူတို့ဘာသာပဲ ရောက်လာမယ့်ရန်သူကို ရင်ဆိုင်ရမှာပါ။

ဗီလိန်တွေက ကျွန်းဆီလာပြီး အစည်းအဝေးတက်မှာဆိုပေမဲ့ ရန်သူတွေရောက်လာတဲ့အခါ သူတို့ဖက်က ဝင်တိုက်ပေးဖို့မသေချာပါဘူး။ သူတို့အနေနဲ့ ကမ္ဘာကြီးကိုအုပ်စိုးဖို့ သေချာတဲ့အခွင့်အရေးရှိတယ်ဆိုမှ ပူးပေါင်းပြီး ရန်သူတွေကိုတွန်းလှန်မှာပါ။ ဒါကြောင့် မြူတန့်သိပ္ပံအဖွဲ့အနေနဲ့ အားနည်းတဲ့အရိပ်အယောင် နည်းနည်းလေးမှ ပြလို့မဖြစ်ဘူး။

"ဒါဆိုရင် ယာဂါမိုတို၊ မင်းက တစ္ဆေပင်လယ်ဓားပြအဖွဲ့ကို သွားကူပြီး ရန်သူတွေကို ပင်လယ်ထဲမှာတင် မြုပ်ပစ်ဖို့လုပ်။"

"ဟုတ်ကဲ့။"

"ပြီးတော့ ဗီးနပ်စ်ကိုပြောလိုက် ကျွန်းပေါ်က ငရဲတောအုပ်ကို အသင့်ဖြစ်အောင်ပြင်ခိုင်းထား။ ရေထဲမှာမသေဘဲ ရန်သူတွေကျွန်းပေါ်ရောက်လာရင်တောင် အသားစားအပင်တွေကြောင့် သေသွားတာလိုချင်တယ်။"

"ဟုတ်ကဲ့.." စမစ်စကားဆုံးတာနဲ့ ဒေါက်တာမြူက အမိန့်တွေကိုအကောင်အထည်ဖော်ဖို့ စမ်းသပ်ခန်းထဲက လှည့်ထွက်သွားတယ်။ စုဝေးပွဲလုပ်နေတဲ့အချိန်မှာ မြူတန့်သိပ္ပံထိပ်သီးအားလုံး စုစည်းနေစရာမလိုပါဘူး။ စမစ်တစ်ယောက်တည်းက အဖွဲ့ကိုကိုယ်စားပြုဖို့ လုံလောက်ပါတယ်။ ဒီတော့ ကျန်လူတွေကိုတပ်ဖြန့်ပြီး ရန်သူတွေကိုနှောင့်ယှက်ဖို့လွှတ်ရမှာပေါ့။

ဗီလိန်တွေအတွက်ကတော့ သူရယ်၊ အန်းနပ်စ်ရယ်၊ စင်တီရယ်ရှိရုံနဲ့ လုံလောက်တယ်။ ပြီးတော့....

စမစ်က စမ်းသပ်ခန်းထဲမှာ စက်ရုပ်တွေလိုမျိုးတန်းစီနေတဲ့ အရိုးမျက်နှာရာချီကိုကြည့်လိုက်တယ်။ ဒီအုပ်စုက တပ်မဖြန့်သေးဘဲ သူတို့သုံးဖို့ချန်ထားတဲ့အုပ်စုပါ။ ကျန်တဲ့အရိုးမျက်နှာတွေကတော့ Project Vကို ချက်ချင်းအကောင်အထည်ဖော်နိုင်ဖို့ ကမ္ဘာအနှံမှာ ဖြန့်ကျက်ထားပြီးပြီ။

....

ပန်ဒရာဂွန်စံအိမ်တော်မှာတော့ မေမေနဲ့ဖွားဖွားပန်ဒရာဂွန်နှစ်ယောက်က ရောက်လာတော့မယ့်ဧည့်သည်တွေအတွက် ညစာပါတီပွဲလေးတစ်ခုပြင်ဆင်နေကြတယ်။

အင်း... သူကောင်းမျိုးတွေအတွက်က ဧည့်သည်လာတိုင်း ဒင်နာပြင်ဆင်တာ သဘာဝပဲဆိုပေမဲ့ အခုမှသူတို့ပြင်တာဆင်တာတွေ မြင်ဖူးတဲ့ မက်ဒါနာကတော့ တောသူလေး မြို့ရောက်နေတဲ့အတိုင်းပဲ။

"ဝါး... ဖရာလီတာ၊ နင်တို့အိမ်မှာရှိတဲ့ အိမ်စေတွေက ငါထင်ထားတာထက်တောင် များနေသေးတာပဲ။"

များစွာသော ဗစ်တိုရီးယားခေတ်ပုံစံ အိမ်စေတွေက ပန်ဒရာဂွန်အိမ်တော်တစ်ခုလုံးမှာ လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့အတွက် မက်ဒါနာအတွက် မျက်စိဖမ်းစားစရာဖြစ်နေတယ်။ ဆုဗာနာနယ်စားအိမ်တော်မှာလည်း ညစာစားပွဲအတွက် ပြင်ဆင်တာမြင်ဖူးပေမဲ့ နယ်စားအိမ်တော်ရဲ့အစေခံအရေအတွက်က ပန်ဒရာဂွန်အိမ်တော်နဲ့ယှဥ်ရင် ထက်ဝက်လောက်ပဲရှိတယ်။

"များမှာပေါ့အေ၊ နင်တို့တိုင်းပြည်က မွဲပြာကျနေတာလေ။" အခုလောလောဆယ် မက်ဒါနာတို့က စံအိမ်ရဲ့အဝတ်လဲခန်းတစ်ခုတည်းမှာ ရောက်နေတာဖြစ်ပြီး အိမ်စေမလေးတွေက အမျိုးမျိုးသော တော်ဝင်နန်းဆန်တဲ့ဂါဝန်တွေကို သူတို့သခင်မလေးအတွက် ရွေးပေးနေကြတယ်။

ဖရာလီတာရဲ့စကားကို မက်ဒါနာလက်မခံချင်ပေမဲ့ လက်ခံရတော့မှာပဲ။

လက်ရှိနယ်စားစံအိမ်က ခမ်းနားတယ်ဆိုပေမဲ့ အရင်မျိုးဆက်တွေ တည်ဆောက်ထားခဲ့တာဖြစ်ပြီး နယ်စားဖိုးဖိုးကြီးက အသုံးစရိတ်အများအပြားသုံးချင်သူမဟုတ်ပါဘူး။

ဆုဗာနာရဲ့တိုင်းပြည်GDPက အားနည်းတဲ့အတွက်ကြောင့် စစ်ပွဲကာလအတွင်းမှာ ဇက်သတ္တုတွေကို အတိုင်းအတာတစ်ခုအထိ ထုတ်ရောင်းခဲ့တယ်ဆိုပေမဲ့ အခုနောက်ပိုင်းမှာတော့ ဒီနည်းလမ်းကိုအသုံးမပြုတော့ပါဘူး။ ပုရွက်ဆိတ်ဘုရင်မခွင့်ပြုတာမပြုတာအပြင်ကို ဇက်သတ္တုဟာ ရှားပါးသတ္တုဖြစ်နေပြီး ဆုဗာနာမှာတောင်မှ အကန့်အသတ်နဲ့ပဲတည်ရှိနေတာဖြစ်လို့ပါ။

ဒါကြောင့် နယ်စားအိမ်တော်ထိန်းသိမ်းစရိတ်ဟာ အလွန်အမင်းခြွေတာထားတာဖြစ်ပြီး မလိုအပ်ဘဲ အစေခံတွေ ခန့်ထားတာမျိုးမလုပ်ခဲ့ဘူး။

တစ်ဖက်မှာတော့ ပန်ဒရာဂွန်တွေဟာ လက်နက်ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုလုံးပိုင်ဆိုင်ထားပြီး နိုင်ငံငယ်တစ်ခုရဲ့GDPထက် အများကြီးပိုလျှံတဲ့ အမြတ်ငွေတွေကို နှစ်စဥ်ရရှိနေခဲ့တာပါ။ ပြီးတော့ သူတို့မှာ ကျွေးစရာတိုင်းပြည်လူဦးရေမရှိတဲ့အတွက်ဗြိတိန်အစိုးရကို အခွန်ဆောင်ပြီးတာနဲ့ ကျန်တဲ့အမြတ်က သူတို့သုံးချင်ရာသုံးလို့ရတဲ့ အသားတင်ငွေတွေဖြစ်လာပါတယ်။

စဥ်းစားကြည့်ရုံနဲ့တင် သေမင်းကုမ္ပဏီတွေက တကယ်ကြောက်ဖို့ကောင်းတယ်။

"ဒီတော့ နင်လည်းအဝတ်လဲသင့်တယ်မဟုတ်လား။" နှင်းဆီရောင်တောက်တောက် ဗစ်တိုးရီးယား ဂါဝန်ကိုဝတ်ထားပြီး ခေါင်းကဆံပင်ကိုလည်း သေချာထုံးဖွဲ့ထားသေးတယ်။

ဒါပေမဲ့ မက်ဒါနာကတော့ ခါးကသီကြိုးတွေချည်နေတာကိုမြင်ပြီး ချက်ချင်းငြင်းလိုက်တယ်။

"နေပါ၊ ဘာပဲဖြစ်ဖြစ် ဒီပွဲက ထုံးတိုင်းအတိုင်း မဟုတ်တဲ့ဧည့်ခံပွဲသက်သက်ပဲမဟုတ်လား။ ပုံမှန်အဝတ်အစားနဲ့ပဲ သွားမယ်လေ။"

ဒါပေမဲ့ ပန်ဒရာဂွန်အိမ်စေမလေးတွေကတော့ ခွင့်ပြုမယ့်ပုံမပေါ်ဘူး။ အကုန်လုံးက ယုတ်မာတော့မယ့်အပြုံးမျိုး ပြုံးလိုက်ကြပြီး မက်ဒါနာကိုဝိုင်းဖမ်းဆွဲလိုက်ကြတယ်။

"လူတွေအများကြီးလာမှာမဟုတ်ပေမဲ့ ဒင်နာပွဲမှာ မိန်းကလေးတစ်ယောက်က လှနေမှဖြစ်မှာပေါ့၊ နယ်စားမင်းသမီးလေးရဲ့။"

"သခင်မလောရန့်က မမလေးဝတ်ဖို့အတွက် ဝတ်စုံတောင် ကြိုရွေးထားပြီးသား။" ကြည့်ရတာ မက်ဒါနာအနေနဲ့ ပြေးမလွတ်တော့တဲ့ပုံပဲ။

နောက်နာရီဝက်လောက်ကြာတော့ မက်ဒါနာကို ဂါဝန်ဝတ်ပေးလို့ပြီးသွားပြီ။ ကြိုးတွေက တင်းတင်းဆွဲစေ့ထားတာမလို့ မက်ဒါနာတစ်ယောက် စားပြီးသားတွေ အန်ထွက်မလိုခံစားနေရလေရဲ့။

ဖရာလီတာကတော့ ဗစ်တိုရီးယားဂါဝန်အမည်းလေးကိုဝတ်ထားတဲ့ မက်ဒါနာအဝတ်လဲခန်းထဲက ထွက်လာတာမြင်တော့ မျက်လုံးတွေက ကြယ်တွေလိုမျိုး လင်းလဲ့လာပါလေရောလား။

"မက်ဒါနာ... နင်က တအားလှနေတာပဲ။"

"....." ဖရာလီတာရဲ့ကြောက်စရာကောင်းအောင် တောက်ပနေတဲ့ မျက်လုံးတွေကြောင့် မက်ဒါနာနောက်ဆုတ်လိုက်မိတယ်။ မသိရင် ဆွဲစားတော့မယ့်အတိုင်းပဲ။

သူတို့နှစ်ယောက် ဒင်နာခန်းမထဲဝင်လာတော့ လီဆာအပါအဝင် မေမေပန်ဒရာဂွန်နဲ့ဖွားဖွားပန်ဒရာဂွန်တို့နှစ်ယောက်လုံး ရောက်နေကြပြီ။ သူတို့တွေက လာတော့မယ့် ဧည့်သည်တွေကိုစောင့်နေတာ။

စကော်ပီယိုတို့အုပ်စုရော ဥစာကီတို့အုပ်စုရော လေဆိပ်မှာရောက်နေကြပြီ။ သူတို့ပန်ဒရာဂွန်အိမ်ကို ဆုံမှတ်အဖြစ်သတ်မှတ်ပြီးသားမလို့ ဒီကိုပဲလာကြမှာပါ။

"အာလေလေ... သမီးလေးနှစ်ယောက်စလုံးလှနေပါလား။" ဖရာလီတာက တမင်သက်သက်ကို မက်ဒါနာရဲ့လက်ကို ကိုင်ပြီးခန်းမထဲဝင်လာတာ။ မေမေလော့ရန်ကတော့ ဒီအတွက်ပျော်နေပုံရပေမဲ့ ရှေးရိုးဆန်တဲ့ ဖွားဖွားအာသာရီယာကတော့ မျက်လုံးကိုသာလှိမ့်ပြလေရဲ့။

"မဒမ်လော့ရန့်ရှင့်၊ ညစာစားပွဲစီစဥ်ပေးတာ ကျေးဇူးတင်ပေမဲ့ ကျွန်မတို့က နာရီပိုင်းအတွင်း ခရီးထွက်ရတော့မှာလေ။ ဒီအတွက်နောက်ကျနေရင် ဘယ်လိုလုပ်မလဲ။" မက်ဒါနာက မေးလိုက်ပေမဲ့ ဖရာလီတာနဲ့ပန်ဒရာဂွန်တွေကိုယ်တိုင်ကတော့ သိပ်ပြီးစိတ်ပူပုံမပေါ်ဘူး။

"စိတ်မပူပါနဲ့၊ အမိန့်တော်အဖွဲ့က တို့တွေကို ကျွန်းရှိနိုင်တဲ့နေရာ ခန့်မှန်းပေးထားပြီးပြီပဲ။ ဒါကြောင့် ငါတို့ရဲ့စစ်လေယာဥ်ကို အသင့်ပြင်ပြီးသား။"

ဒါပေမဲ့ ပန်ဒရာဂွန်တွေမှာ ကိုယ်ပိုင်စစ်လေယာဥ်ရှိတယ်ဆိုတဲ့စကားကြောင့် မက်ဒါနာမျက်ခုံးပင့်လိုက်မိတယ်။ မဒမ်လော့ရန်ကလည်း မက်ဒါနာရဲ့အပြုအမူကို သတိထားမိသွားပြီး ရှင်းပြလိုက်တယ်။

"တကယ်တော့ Private jetအဖြစ် မှတ်ပုံတင်ထားတာ။ ဒါပေမဲ့ ပန်ဒရာဂွန်ထုတ်လက်နက်တွေတပ်ထားတာဆိုတော့ တိုက်လေယာဥ်နဲ့ဘာမှမခြားဘူး။"

'အင်း၊ တိုက်လေယာဥ်အစစ်က မိသားစုတစ်ခုအနေနဲ့ ဘယ်လောက်ချမ်းသာချမ်းသာ ပိုင်ဖို့မှမဖြစ်နိုင်တာပဲ။' မက်ဒါနာလည်း အခုတော့မှ ခေါင်းညိတ်လိုက်တယ်။ ဒီလိုဆိုရင်တော့ အဓိပ္ပါယ်ရှိသွားပြီ။

လောလောဆယ်အခြေအနေအရ အမေရိကန်ရဲ့ဩဇာကြောင့် ဟီးရိုးတွေကိုကူညီဖို့ ြဗိတိန်တော်ဝင်လေတပ်က ဝင်ပါလို့မရသေးဘူး။ ဒါပေမဲ့ ပန်ဒရာဂွန်တွေရဲ့ကိုယ်ပိုင်အင်အားနဲ့တော့ ဖြစ်နိုင်ပါသေးတယ်။

ဒီအတိုင်းဆိုရင် မက်ဒါနာတို့ဟီးရိုးအုပ်စုတွေကိုရွေ့ပြောင်းဖို့ လေယာဥ်သုံးစီးအထိရှိလာလိမ့်မယ်။ ဆုဗာနာနယ်စားနယ်မြေက အုပ်စုကလည်း ကိုယ်ပိုင်ဂျက်နဲ့လာမှာဖြစ်ပြီး စစ်ပွဲအခြေအနေမှာ တိုက်ခိုက်ရအဆင်ပြေစေဖို့ စစ်သည်တွေသယ်ယူရာမှာသုံးတဲ့ ဂျက်နဲ့ထွက်လာနေတယ်လို့ မက်ဒါနာသတင်းကြားတယ်။

အလားတူပဲ တိုကျိုအစည်းအရုံးရဲ့လေယာဥ်ကလည်း ဘက်စုံသုံးဖို့ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး စစ်ပွဲအသေးစားလေးတွေကို ဆင်နွှဲနိုင်တဲ့ လက်နက်တပ်လေယာဥ်တစ်စီးပါ။

သူတို့စကားပြောနေတုန်း ဘဏ္ဍာစိုးဝတ်စုံနဲ့အယ်လိုဟင် ခန်းမထဲဝင်လာပြီး သူတို့ကိုဦးညွှတ်လိုက်ပါတယ်။ "သခင်မကြီးခင်ဗျား၊ တိုကျိုအစည်းအရုံးက ဧည့်သည်တွေ ရောက်ရှိလာပါပြီ။"

နောက်တော့ ခန်းမတံခါးပွင့်သွားပြီး စိတ်အနှောင့်အယှက်ဖြစ်နေတဲ့မျက်နှာနဲ့ ဥစာကီဦးဆောင်တဲ့အုပ်စုရောက်လာတယ်။

ဥစာကီနဲ့အတူ ဒရုန်းဇုန်၊ အေမီ၊ အာကိုင်းဂါမီ၊ ယုဆနဲ့မိရိုင်တို့ ပါလာတယ်။ အစည်းအရုံးက တခြားဟီးရိုးတွေကိုတော့ ထားခဲ့ပုံပဲ။ ဖရာလီတာက ဥစာကီကိုမြင်တော့ ချက်ချင်းပဲ လက်ဝါးထောင်ပြီး ယမ်းပြလိုက်တယ်။

"ရို့... အလုပ်ဂျပိုးမကြီး..." ဖရာလီတာကိုမြင်တော့ ဥစာကီရဲ့ဒေါသတွေ ပေါက်ကွဲထွက်လာပုံပဲ။

"ညစာစားပွဲက နင်တို့အကြံမဟုတ်လား အကျယ်ကြီးချဲ့မရဲ့။ အခြေအနေက ဒီလောက်အရေးကြီးနေတာကို ဘာလို့တန်းမထွက်တာလဲ။" ဥစာကီက ဖရာလီတာကို ဒေါသလေသံနဲ့ပြောလိုက်တဲ့အချိန်မှာပဲ မဒမ်လော့ရန်က လက်ဖက်ရည်ခွက်ကို ဇွန်းနဲ့ခေါက်လိုက်တယ်။

ချွင်...။

"တောင်းပန်ပါတယ်၊ ကျွန်မစိတ်လောသွားလို့ပါ။" ဥစာကီလည်း သူ့ကိုယ်သူ သူများအိမ်ထဲရောက်နေတာ သတိထားမိသွားပြီး ဦးညွှတ်တောင်းပန်တယ်။

"တို့ဧည့်ခံပွဲကိုကျင်းပတာ တို့သမီးလေးရဲ့သူငယ်ချင်းတွေနဲ့ မျက်မှန်းတန်းမိရုံလောက်ပါပဲ။ ပွဲကျင်းပနေတဲ့ အချိန်အတွင်းမှာ သွားဖို့လာဖို့ပြင်ဆင်ထားပေးမှာမလို့ စိတ်မပူပါနဲ့။ ပြီးတော့ နှစ်သစ်ကူးနေ့မှာ ဘာမှမစားလိုက်ရရင် အလကားဖြစ်သွားမယ်မဟုတ်လား။"

မက်ဒါနာလည်း အခုမှပဲ ဖုန်းက ပြက္ခဒိန်ကို ပြန်ကြည့်မိတယ်။ ဒီနေ့က Happy New Year နေ့ပါ။ အစကတည်းက မြူတန့်သိပ္ပံဟာ နှစ်သစ်ကူးနေ့မှာ သူတို့ရဲ့Project Vကိုစဖို့ စီစဥ်ထားခဲ့တာမဟုတ်လား။

"ထားတော့၊ တိုက်ပွဲထဲမှာပဲ Happy New Year အော်ရအောင်။" မက်ဒါနာပြောလိုက်တော့ ဥစာကီက ပခုံးတွန့်ပြကြတယ်။ တကယ်တော့ ဒီအလုပ်ဂျိုးကပ်မက ခရစ်စမတ်နေ့တုန်းကတောင် မျက်နှာနဲ့အလုပ်ခွာတာမဟုတ်ဘူးရယ်။

အေမီကတော့ ချက်ချင်းပဲ သူ့မမလေးဘေးကခုံမှာ ပြေးဝင်ထိုင်လိုက်ပေမဲ့ ရုပ်ကတော့ နာဂါနိုကိုတစ်ယောက်တည်းလွှတ်လို့ စိတ်ပျက်နေတဲ့ရုပ်နဲ့။ မက်ဒါနာလည်း မနေနိုင်ဘဲ အေမီရဲ့နားရွက်ကို ဆွဲလိမ်လိုက်မိတယ်။

"ကောင်မစုတ်လေး နင်ငါ့အနားမှာပဲကပ်နေရင် ဘယ်လိုလုပ် အတွေ့အကြုံသီးသန့်ရမှာလဲ။ Side kickဘဝကနေ လွတ်မှာကိုမဟုတ်ဘူး။"

"အား... မမလေးနာတယ် ဆက်လုပ်..."

"...."

ကလေးတွေဖြစ်တဲ့ လီဆာလေးနဲ့မိရိုင်၊ယုဆ တို့ကတော့ တွေ့တွေ့ချင်းပဲ အဖွဲ့လေးတစ်ဖွဲ့ဖွဲ့ပြီးသားဖြစ်သွားတယ်။ တကယ်တော့ မက်ဒါနာတို့မှာ ကလေးတွေကို တိုက်ပွဲထဲခေါ်ဖို့ အစီအစဥ်မရှိဘူး။ တစ်ကွဲတပြားစီထားခဲ့ဖို့ ဝန်လေးရုံသက်သက်ပဲ။ ဒီတော့ ကလေးတွေကို ပန်ဒရာဂွန်စံအိမ်မှာ စုပြီးထားတာဟာ အများကြီးပိုပြီးအဆင်ပြေတယ်။ အာရှနဲ့အမေရိကမှာ မငြိမ်းချမ်းတော့ပေမဲ့ ဥရောပကတော့ အတိုင်းအတာတစ်ခုအထိ အဆင်ပြေနေသေးတယ်လေ။

အားလုံး သူ့နေရာနဲ့သူ ဖြစ်သွားပြီးတဲ့နောက်မှာတော့အယ်လိုဟင်က ခန်းမထဲ ထပ်ဝင်လာပြန်တယ်။ သူက အားလုံးကိုဦးညွှတ်လိုက်ပြီး ပြောလိုက်ပြန်တယ်။

"သခင်မတို့ခင်ဗျား၊ ဆုဗာနာနယ်စားနယ်မြေက စောင့်ရှောက်သူတွေနဲ့ မစ်စကော်ပီယိုလည်း ရောက်လာပါပြီ။"

မက်ဒါနာလည်း ပွင့်လာတဲ့ တံခါးမကြီးကိုကြည့်လိုက်တော့ ဇက်သတ္တုနဲ့လုပ်ထားတဲ့ အင်းဝခေတ်ချပ်ဝတ်တွေကို ဝတ်ဆင်ထားတဲ့ လူနှစ်ယောက်ကိုခြံရံပြီးဝင်လာတဲ့ စကော်ပီယိုကို မြင်လိုက်ရတယ်။ တစ်ယောက်က သိပ်ကိုလေးလံတဲ့ပုဆိန်ကိုကိုင်ထားပြီး အခြားတစ်ယောက်ကတော့ ဇက်သတ္တုလေးတစ်လက်ကို ကိုင်ထားတယ်။ သူတို့က နာမည်ကျော် ဆုဗာနာစောင့်ရှောက်သူ လေးယောက်ထဲက နှစ်ယောက်ပါ။ စကော်ပီယိုက လီဆာကိုမြင်တာနဲ့ ချက်ချင်းပြေးသွားပြီး ဖက်နမ်းလိုက်တယ်။

"ဟားဟား... ညီမလေးလီဆာ၊ အစ်မကြီးပြန်လာပြီ။"

"အစ်မကြီးစကော်ပီယို..." လီဆာနဲ့စကော်ပီယိုက မြူတန့်သိပ္ပံစမ်းသပ်ခန်းကနေ လွတ်မြောက်လာခဲ့ကြသူတွေမလို တကယ့်ညီအစ်မအရင်းတွေကို သံယောဇဥ်ရှိကြတယ်လေ။

တစ်ဖက်မှာတော့ စောင့်ရှောက်သူနှစ်ယောက်က မက်ဒါနာကို ဒူးထောက်ပြီးခစားလိုက်ကြတယ်။

"နယ်စားမင်းသမီးကို ပုဆိန်စောင့်ရှောက်သူနဲ့လေးစောင့်ရှောက်သူက ဂါရဝပြုပါတယ်။"

All Chapters