-
Vol. 4 Ch. 25
ထောင်တံခါးဝပွင့်လာသည့်အတွက်ကြောင့် အဖမ်းခံထားရသည့် ဟီးရိုးများမှာ အလိုလိုခေါင်းမော့ကြည့်လိုက်မိကြသည်။ သူတို့ကို ဖမ်းထားသည်မှာ နာရီအနည်းငယ်ခန့်ရှိပြီဖြစ်ပြီး မည်သည့်တာဝန်ရှိသူမှ လာမတွေ့ကြသေးသဖြင့် အချို့စိတ်မခိုင်သည့်ဟီးရိုးများမှာ ရူးသွပ်လုနီးနီးပင်ဖြစ်နေကြလေပြီ။
ဟီးရိုးအများအပြားကို ချုပ်ထားသည့် ထောင်အတွင်းဝင်လာသူမှာ အခြားသူတစ်ယောက်မဟုတ်ဘဲ လေဆာအိုင်းဖြစ်နေသည့်အတွက် ဟယ်ရီအတော်လေး ဒေါသထွက်သွားမိ၏။
"လေဆာအိုင်း... မင်းက ဟီးရိုးအချင်းချင်းလုပ်ရဲတယ်ပေါ့။" တခြားဟီးရိုးများကလည်း လေဆာအိုင်းကို လူသတ်ချင်သည့်အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
သို့သော်လည်း သူတို့စွမ်းအားများကို နည်းပညာမြင့်လည်ပတ်များက ချုပ်နှောင်ထားသည့်အတွက် အော်ဟစ်ရန်စရုံမှလွဲပြီး သူတို့လုပ်နိုင်တာ အခြားမရှိပါ။
လေဆာအိုင်းနောက်တွင်တော့ ပန်းရောင်ဖန်သားပါသည့် ဆိုင်ကယ်စီးလေဆာမျက်မှန်ဝတ်ထားသော မိန်းကလေးတစ်ယောက်လိုက်ပါလာသည်။ နီညိုရောင်ဆံသား၊ ရှည်မျောမျောမျက်နှာနှင့် အများဆုံး ဆယ့်ခြောက်နှစ်ခန့်သာ ရှိဦးမည်ဖြစ်ပြီး လမ်းတစ်လျှောက် သံကြိုးတပ် သတ္တုဆူးလုံးကြီးတစ်ခုကို တရွတ်တိုက်ဆွဲလာ၏။
လေဆာအိုင်းက ဟယ်ရီကိုချုပ်ထားသော လှောင်ချိုင့်နားတွင်ရပ်လာပြီး ဆောင့်ကြောင့်ထိုင်ချကာ ပြောလိုက်လေသည်။
"ဌာနတူဟီးရိုးချင်းဟုတ်လား။ မင်းတို့နဲ့အတူတူ ငါအလုပ်လုပ်တုန်းက မင်းတို့တွေငါ့ကို လူလိုသူလို ဆက်ဆံခဲ့လို့လား၊ မင်းတို့ဟီးရိုးတွေ သောက်တလွဲလုပ်သမျှ ငါဗြောင်လိမ်ပေးခဲ့ရတာပဲလေ။ မင်းတို့မလိုချင်တော့တဲ့အချိန်ကျတော့ ငါ့ကို ဘာမှမဟုတ်သလိုမျိုး ကန်ထုတ်လိုက်တာပဲမဟုတ်ဘူးလား။"
ထိုစကားကို ဟယ်ရီမငြင်းနိုင်ပါ။ ယနေ့အချိန်အထိ နယူးယောက်ဟီးရိုးအစည်းအရုံးတွင် တစွတ်ထိုးများ၊ ကိုယ့်တာဝန်ကိုယ်မသိသူများ၊ သတ္တိမရှိသူရဲဘောကြောင်သူအများအပြား ရှိနေခဲ့ပြီး အမှန်တကယ် အသိစိတ်ဓာတ်ရှိသည့် ဟီးရိုးကတော့ အလွန်နည်းပါးသည်။
ပြောရေးဆိုခွင့်ရှိသူဟောင်းတစ်ယောက်အနေဖြင့် လေဆာအိုင်းက ဟီးရိုးအစည်းအရုံးအတွက် အရူးတစ်ယောက်နယ် လူထုကို ပြောင်လိမ်ပေးခဲ့ရသူဖြစ်၏။ အပြစ်လုပ်တုန်းက အတူတူဖြစ်သည့်တိုင် တကယ်တမ်း လူမုန်းခံရချိန်တွင်တော့ လေဆာအိုင်းကိုသာ လူများက မုန်းတီးကြသည်။
စကားကို လက်လွတ်စပယ်ပြောသူ၊ တာဝန်မဲ့ပြီး ကိုယ်ချင်းစာတရားမရှိသူ စသည့်စကားလုံးများဒဏ်ကိုသာ ခံခဲ့ရပြီး ဘာမှမရခဲ့။
"ငါက ဗီလိန်တစ်ယောက်ဖက်ကနေ တစ်ခါလေး ဂျူရီမဲပေးမိရုံပါကွာ၊ မင်းတို့ထဲက မြင့်မြတ်လှပါတယ်ဆိုတဲ့ ဟီးရိုးတွေကရော ဘယ်လောက်ကောင်းနေလို့လဲ။"
လေဆာအိုင်းက ဟယ်ရီအနားကို ပိုကပ်လိုက်ပြီး သွားကြားထဲမှလေသံဖြင့် ပြောလိုက်၏။ "မင်းအပြစ်တင်ချင်ရင် Sonic Speedကိုသွားအပြစ်တင်ကွ။ ဟီးရိုးအစည်းအရုံးဌာနမှူးလက်မှတ်မပါဘဲ မင်းတို့ကောင်တွေကို မြူတန့်ဌာနစိတ်က ဖမ်းချင်တိုင်းဖမ်းလို့ရမယ်ထင်နေတာလား။ အဲဒီကောင်နဲ့နောက်ဒုဌာနမှူးတစ်ယောက်က ငကြောက်တွေကွ၊ ငါတို့နည်းနည်းဖြဲရုံတော့ ပျော့ပြဲသွားတယ်။"
"Shooterဆိုတဲ့ C rank ဟီးရိုးကိုရောမင်းသိလား။ အဲဒီငနှဲက တားမြစ်ဆေးရောင်းနေတဲ့ ကြွက်တွေဆီကနေ ဆက်ကြေးကောက်ပြီး မယားငယ်ထားနေတာလေ။"
"ကြံအသွင်ပြောင်းတဲ့ ဟိုသောက်သုံးမကျတဲ့ ဟီးရိုးရိုင်နိုမန်းကိုရော မှတ်မိသေးလား၊ အဲဒီငနှဲကတော့ မင်းတို့ကိုဖမ်းဖို့လိုတဲ့ သက်သေအတုတွေကို ကိုယ်တိုင်ထောက်ခံပေးခဲ့တာကွ။"
အခြားလှောင်ချိုင့်များထဲတွင်ရှိနေသည့် ဖားလေးနှင့်မယ်လီလည်း ခေါင်းခါယမ်းလိုက်မိကြ၏။ နယူးယောက်ဟီးရိုးအစည်းအရုံးက ပြန်အဖက်ဆည်၍မရနိုင်လောက်သည်အထိ ပျက်စီးခဲ့ပြီးဖြစ်၏။
"ဒီတော့ အစိုးရက ဘာလုပ်ချင်တာလဲ၊ တကယ့်ဟီးရိုးအစစ်တွေကို ထောင်ထဲထည့်ထားပြီး အတုတွေနဲ့အစားထိုးဖို့လား။ တော်တော်အူကြောင်ကြောင်နိုင်တဲ့အစီအစဥ်ပဲ။" ဟယ်ရီက ပြောလိုက်သော်လည်း လေဆာအိုင်းကတော့ သူ့ကို ဂရုစိုက်မနေတော့ဘဲ ထိုင်ရာမှ ထလိုက်သည်။
"ဒီနေ့တော့ မင်းနဲ့စကားအများကြီးပြောဖို့အစီအစဥ်မရှိဘူး၊ ဟယ်ရီ။ ငါက တခြားအလုပ်နဲ့လာတာ။"
လေဆာအိုင်းက ဟယ်ရီကိုကျောခိုင်းလိုက်ပြီး အဖိုးအို ကပ္ပတိန်စတိတ်မန်း၏ လှောင်ချိုင့်ရှေ့တွင်ရပ်လိုက်သည်။
"ထတော့... ခင်ဗျားကိုနှိပ်စက်ဖို့အချိန်ရောက်ပြီ၊ အခုသဘောတူလိုက်ရင်တော့ အသားနာသက်သာတာပေါ့။"
အဖိုးအိုကတော့ ခပ်ခြောက်ခြောက်သာ ရယ်မောလိုက်ပြီး ပြန်ဖြေသည်။ "ဟားဟားဟား... ဖလိမ်းဂါးဒီးယမ်းကိုယ်တိုင် ငါ့ကိုနှိပ်စက်ပြီးတာတောင် ငါသဘောမတူခဲ့ဘူး၊ မင်းလိုငချွတ်လေးက ငါ့ကိုသဘောတူအောင် လုပ်နိုင်မယ်ထင်နေတာလား။"
လေဆာအိုင်းက ကပ္ပတိန်စတိတ်မန်းကို နည်းနည်းလေးမှ မကျေနပ်။ တစ်ချိန်က သူ့ပါးကို ပြင်းပြင်းရိုက်ပြီး ဆုံးမဖူးသူမလို့ နှလုံးသားထဲကနေကို ရွံမုန်းနေသည်။
"ခင်ဗျားတွေ့မှာပါ... အဖိုးကြီး..." လေဆာအိုင်းက သူ့နောက်မှာရပ်နေသည့် မိန်းကလေးကို ခေါင်းငဲ့ကာ ညွန်ပြလိုက်ပြီး အချုပ်ခန်းသော့ကို ဖွင့်လိုက်သည်။ ထို့နောက် စတိတ်မန်း၏ခန္ဓာကိုယ်နှင့်ကြမ်းပြင်ကို တွဲထားသည့် သော့ကိုဖြေလိုက်ပြီး...
"ကိုယ့်ဘာသာ စစ်ကြောရေးခန်းထဲကို ထလျှောက်မလား အကူလိုသေးလား စတိတ်မန်း။"
စတိတ်မန်းကတော့ နောက်တစ်ခါထပ်ရယ်မောလိုက်ပြီး သံမဏိကြိုးများဖြင့် ချည်နှောင်ခံထားရသော သူ့ကိုယ်ကို မနိုင့်တနိုင်သယ်ရင်း ပြန်ဖြေလိုက်လေသည်။ "ငါ့ဘာသာလျှောက်မယ်၊ ခွေးမသားလေး။"
...
ကပ္ပတိန်စတိတ်မန်း စစ်ကြောရေးအခန်းထဲရောက်သွားပြီးသည့်ရောက်တွင် အော်သံတချို့တရစပ်ထွက်လာခဲ့ပြီးဖြစ်သော်လည်း အချိန်အတော်ကြာသည့်တိုင်အောင် လေဆာအိုင်းတို့ထွက်မလာကြသေးပါ။
အပြင်ဖက်တွင် ကျန်နေခဲ့ကြသည့် ဟယ်ရီတို့တစ်သိုက်ကတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ခေါင်းကိုသာ ခါပြလိုက်မိကြ၏။ အမေရိကန်နိုင်ငံ၏ ငြိမ်းချမ်းရေးပြရုပ်ဖြစ်သော ကပ္ပတိတ်စတိတ်မန်းပင် အနှိပ်စက်ခံနေရသဖြင့် သူတို့အတွက်လွတ်လမ်းမမြင်တော့ပေ။
နာရီဝက်ခန့်ကြာပြီးသည့်နောက် လေဆာအိုင်းတစ်ယောက် လက်လျှော့သွားဟန်ဖြင့် ပြန်ထွက်လာပြီး သူ့လက်များကတော့ သွေးများစွန်းထင်းနေ၏။
"ဒီအဖိုးကြီးက တော်တော်ခေါင်းမာတာပဲ ငါသူ့ကို အမျိုးမျိုးနှိပ်စက်နေတာတောင် ဘာမှထူးမလာဘူး။" လေဆာအိုင်းက ဘေးမှမိန်းကလေး သူ့ကိုကမ်းပေးသော ရေစိုလက်သုတ်ပုဝါကို လက်ခံယူလိုက်ရင်း ပြောလိုက်သောစကားပါ။
"အစိုးရက အသစ်ပြင်ဆင်ဖွဲ့စည်းမယ့် ဟီးရိုးအစည်းအရုံးနဲ့မြူတန့်ဥပဒေအတွက် ထောက်ခံကြောင်းသဘောတူပေးရုံပဲကိုကွာ၊ ဘာတွေများ ခက်ခဲနေလို့လဲ။"
ထို့နောက် လေဆာအိုင်း၏မျက်လုံးများက ဟယ်ရီနှင့်အခြားဟီးရိုးများအပေါ်ရောက်သွားပြီး ပြောလိုက်လေသည်။
"ဟုတ်သားပဲ၊ သူ့ကိုနှိပ်စက်လို့မရမှတော့ သူတန်ဖိုးအထားဆုံး နောက်ပေါက်ဟီးရိုးတွေအတွက်ဆိုရင်ရော။" လေဆာအိုင်းက သူ့စိတ်ကူးနှင့်သူပြုံးလိုက်ပြီး သွေးစွန်းနေသည့် လက်သုတ်ပုဝါကို သံဆူးတပ်လက်နက်ကိုင်ထားသည့် မိန်းကလေးလက်ထဲ ပြန်ထည့်ပေးလိုက်၏။
"Silverknightကို ငါချောက်ချဖို့လုပ်တုန်းက သူကိုယ်တိုင် ထွက်လာသေးတာပဲ။ ဒီအုပ်စုထဲက တစ်ယောက်နှစ်ယောက်ကို နှိပ်စက်ပြလိုက်ရင်...." လေဆာအိုင်းက မိန်းကလေးဖက်ကိုလှည့်ကြည့်ရင်း ပြောလိုက်သည်။
"နံပါတ်လေး၊ လက်ရှိနယူးယောက်ဟီးရိုးအစည်းအရုံးမှာ ဘယ်သူ့ကို အဖိုးကြီးသဘောအကျဆုံးဖြစ်မယ်ထင်သလဲ။"
နံပါတ်လေးဟု အခေါ်ခံလိုက်ရသော မိန်းကလေးမှာ ချက်ချင်းသတိအနေအထားဖြစ်သွားပြီး လေဆာအိုင်းကို ချက်ချင်းအဖြေပြန်ပေးလိုက်၏။
"ဟုတ်ကဲ့ရှင့်၊ ဌာနရဲ့မှတ်တမ်းတွေအရတော့ နယူးယောက်ဟီးရိုးအစည်းအရုံးတစ်ဝက်လောက်က အကျင့်ပျက်နေတာ ကြာပါပြီ။ ကပ္ပတိန်စတိတ်မန်းရဲ့ပုဂ္ဂိုလ်ရေးတန်ဖိုးထားမှုနဲ့ဆိုရင် ဟီးရိုးအများစုကို စိတ်တိုင်းကျမယ်မထင်ဘူး။ ဒါပေမဲ့ ဟယ်ရီ၊ မယ်လီနဲ့ အသစ်ခန့်အပ်ခံရတဲ့ သီးဆီးယပ်တို့ကတော့ သူသဘောကျဖို့ အများဆုံးဖြစ်နိုင်ခြေရှိပါတယ်။"
လေဆာအိုင်းကလည်း သေချာစဥ်းစားလိုက်ပြီး မယ်လီ၏ရှေ့သို့ရောက်သွားသည်။ ထို့နောက် သူ့လက်ကို လှောင်ချိုင့်သံတိုင်နှစ်ခုကြား လျှိုသွင်းလိုက်ပြီး မယ်လီ့မေးကိုကိုင်ကြည့်ရန် ကြိုးစားလိုက်သော်လည်း မယ်လီက သူ့လက်ကိုသာ ဖမ်းဆွဲပြီး ကိုက်ရန်ကြိုးစားသောကြောင့် ပြန်ရုပ်လိုက်ရပြီး
..
"ကောင်းတယ်... ကောင်းတယ်... မင်းက တကယ့်စွာတေးလံမလေးပဲ၊ ပြီးတော့ အလုပ်လည်းကြိုးစားတယ်မဟုတ်လား။"
မယ်လီက အလုပ်ဝင်တာမကြာသေးသော်လည်း လေဆာအိုင်းအလုပ်မပြုတ်ခင်ကတည်းက နယူးယောက်ဟီးရိုးအစည်းအရုံးအဖွဲ့ဝင်ဖြစ်နေခြင်းကြောင့် မယ်လီ့အကြောင်းသေချာသိပါသည်။ ထို့အပြင် ငွေရောင်စစ်သည်အတုကိစ္စတုန်းက သာမန်လူများကို ကယ်တင်ရန်ကြိုးစားရင်း ဒဏ်ရာရခဲ့သောကြောင့် နာမည်ကြီးခဲ့သေးသည်။
"မင်းက လှလည်းလှ၊ စစ်မှန်တဲ့ ဟီးရိုးတစ်ယောက်လည်းဖြစ်တော့ အဖိုးကြီးရဲ့စိတ်နှလုံးသားကို ပျော့ပြောင်းအောင်လုပ်ဖို့ သိပ်ဖြစ်နိုင်တယ်။"
ဒီမြင်ကွင်းကြောင့် ဂျူနီယာဟီးရိုးတစ်ယောက်ဖြစ်တဲ့ ဖားလေး သီးဆီးယပ်လည်း မနေနိုင်တော့ဘဲ သံတိုင်ကိုလက်နှစ်ဖက်နဲ့ဆွဲဖြဲဖို့ကြိုးစားရင်း လှမ်းအော်ပြောလိုက်တယ်။
"ခွေးသားကြီး... ခင်ဗျားသူ့ကို ထိရဲထိကြည့်..." ဒါပေမဲ့ သူ့စွမ်းအားတွေအပိတ်ခံထားရတဲ့အတွက် ဖားလေးဘာမှလုပ်လို့မရဘူး။ အသွင်ပြောင်းနိုင်စွမ်းကလည်း မြူတန့်စွမ်းအားဖြစ်တဲ့အတွက်ကြောင့် ဒီလက်ထိပ်တွေနဲ့ တားဆီးလို့ရနိုင်ပါတယ်။
ဖားလေးရဲ့အပြုအမူကြောင့် လေဆာအိုင်းလည်းရယ်မောလိုက်ပြီး ဖားလေးအနားလျှောက်လာတယ်။
"အား... မင်းလည်းမဆိုးပါဘူး... မင်းက တောက်ပဖို့အနာဂတ်ရှိနေသေးတဲ့ ဂျူနီယာတစ်ယောက်၊ သဘာဝအတိုင်းဆိုရင် သိပ်ကိုရှားပါးတဲ့ အသွင်ပြောင်းမြူတန့်။ ပြီးတော့ မြင့်မားတဲ့တရားမျှတမှုအမြင်နဲ့အလားအလာလည်းရှိတယ်။ အဖိုးကြီးသာ မင်းကိုနှိပ်စက်နေတာမြင်ရင် ဘယ်လိုလုပ်နေနိုင်မှာလဲ။"
ဖားလေး မျက်နှာကွက်ခနဲပျက်သွားပေမဲ့ နောက်ကိုဆုတ်ဖို့ နည်းနည်းလေးမှမစဥ်းစားဘဲ လေဆာအိုင်းရဲ့မျက်လုံးတွေကို မုန်းတီးမှုအပြည့်နဲ့ စိုက်ကြည့်လိုက်တယ်။ လေဆာအိုင်းကလည်း သူ့အေးဂျင့်နေကာမျက်မှန်ကိုချွတ်လိုက်ပြီး နီရဲနေတဲ့သူ့မျက်လုံးတွေနဲ့ ပြန်စိုက်ကြည့်ပါတယ်။ နောက်တော့ သူ့မျက်လုံးတွေက အလင်းရောင်လတ်ခနဲဖြစ်သွားပြီး...
"အား...." သီးဆီးယပ်တစ်ယောက် မျက်လုံးကို အလျင်အမြန်ပိတ်လိုက်ရပါပြီ။ လေဆာအိုင်းက သူ့ရဲ့မျက်လုံးလေဆာအစစ်နဲ့ ပစ်ရုံတင်မဟုတ်ဘဲ နည်းနည်းခြောက်ရုံပေမဲ့ စူးရှလွန်းတဲ့အလင်းကြောင့် ခဏတာ အမြင်ကွယ်သွားခဲ့တာပါ။
လေဆာအိုင်းကတော့ သဘောကျစွာနဲ့ရယ်မောရင်း "ငါက လူမိုက်ဆိုပေမဲ့ ကိုယ်ပိုင်တန်ဖိုးထားတဲ့သိက္ခာလေးဘာလေးတော့ ရှိပါသေးတယ်ကွ။ ကလေးတွေကို ငါမနှိပ်စက်ချင်ဘူး။"
အဲဒီနောက်တော့ လေဆာအိုင်းက ဟယ်ရီဘက်ကို လှည့်ကြည့်လိုက်ပြီး မေးလိုက်တယ်။ "မင်းက ခုထိဘာလို့တိတ်ဆိတ်နေသေးတာလဲကွ၊ နယူးယောက်ရဲ့အလုပ်ဂျိုးကပ်ကြီးရဲ့။ မင်းရဲ့ဂျူနီယာတွေကို နှိပ်စက်ဖို့လုပ်နေချိန်မှာ တစ်ခုခုတော့ ဝင်ပြောသင့်တာပေါ့။"
ဟယ်ရီက လေဆာအိုင်းကို မော့ကြည့်လိုက်ပေမဲ့ ဘာမှပြန်မပြောဘူး။ လေဆာအိုင်းကတော့ ကောက်ကောက်ကျစ်ကျစ်နဲ့ပြုံးလိုက်ပြီး အင်္ကျီအိတ်ထဲက ကတ်တစ်ခုကိုထုတ်ကာ ဟယ်ရီ့အချုပ်ခန်းတံခါးကိုဖွင့်လိုက်ပြီး အထဲဝင်လာတယ်။
"မင်းက လွတ်လမ်းရှာဖို့စဥ်းစားနေရင်း အပြင်ရောက်မှ ငါ့ကိုတစ်ခုခုလုပ်ဖို့ တေးမှတ်နေတာမဟုတ်လား။ စိတ်မပူနဲ့ မင်းဒီကနေ အသက်ရှင်လျက် မထွက်နိုင်စေရဘူး။" လေဆာအိုင်းက ဟယ်ရီရဲ့ခေါင်းက ဆံပင်တွေကို ဆွဲဆုတ်လိုက်ရင်း ဒူးနဲ့မျက်နှာကိုတိုက်တယ်။ ပြင်းလွန်းတဲ့အားကြောင့် ဟယ်ရီနှာခေါင်းရိုးကျိုးသွားပြီး သွေးတွေစီးကျလာတယ်။ ဒါပေမဲ့ ဟယ်ရီတစ်ချက်မှမအော်ဘူး။
"နံပါတ်လေး၊ ဒီကောင့်ကို စစ်ကြောရေးခန်းထဲခေါ်လာခဲ့။"
"ဟုတ်ကဲ့..." မိန်းကလေးက ခေါင်းညိတ်လိုက်ပြီး ဟယ်ရီကို အမိန့်အတိုင်း အချုပ်ခန်းထဲကနေ ဆွဲထုတ်လာတယ်။
"ဟယ်ရီ...ဟယ်ရီ...ဟယ်ရီ... မင်းကိုစတိတ်မန်းရှေ့မှာနှိပ်စက်ရင်းနဲ့ ငါတို့ကြားက မကျေလည်စရာလေးတွေကို ဖြေရှင်းကြတာပေါ့။
....
မြူတန့်သိပ္ပံဌာန၏ကိုယ်ပိုင်စစ်ကြောရေးစခန်းအပြင်ဖက်ရှိ တောအုပ်လေးတစ်ခုထဲတွင်တော့ လူလေးယောက်က ရန်သူ့အသွားအလာနှင့်ကင်းချထားပုံကို အခြေအနေကြည့်နေသည်။
စခန်းဂိတ်ဝတွင် ဂျက်ဖာဆင် အိုဖိုးစက်ရုပ်လေးရုပ်ခန့်က လှည့်ပတ်သွားလာနေပြီး မက်တယ်ပလာဒင်ဝတ်စုံဝတ် စစ်သည်တစ်ဒါဇင်ကလည်း စစ်ပွဲပုံစံပြည့်နှင့် ရှိနေကြ၏။ ထို့အပြင် ပန်းနုရောင်နေကာ မျက်မှန်ဝတ်ထားသည့် မိန်းကလေးတစ်ယောက်က ကြိုးတပ်သံဆူးလုံးလက်နက်ကို အသင့်ကိုင်ထားပြီး စောင့်နေသေးသည်။ ဝတ်ထားသည့်ဝတ်စုံက လည်သာဖြစ်ပြီး ဆွဲဆောင်မှုရှိသည့် နေရာအတော်များများကို ဖော်ပြထား၏။ ထို့အပြင် သူ့လက်မောင်းပေါ်တွင်တော့ ကုတ်နံပါတ်ဖြစ်ပုံပေါ်သည့် ၃၆ ကိုရေးထားသည်။
"ကြည့်ရတာတော့ ခပ်ဟော့ဟော့နဲ့ ရေလည်ကြမ်းမယ့်ပုံပဲ။ အမေရိကန်မြူတန့်ဌာနစိတ်မှာ ဒီလိုရေလည်လန်းမယ့် ဝှက်ဖဲအဖွဲ့ဝင်တွေ ရှိနေမယ်လို့ ငါမထင်ထားခဲ့မိဘူး။" မက်က အဝေးကြည့်မှန်ပြောင်းနှင့်ကြည့်နေရင်း ပြောလိုက်၏။ သို့သော်လည်း ယာမီအဖို့တော့ ထိုမြင်ကွင်းက သိပ်ထူးဆန်းနေပုံမပေါ်ပါ။
"သူတို့က အမေဇုန်တွေ၊ အမေရိကန်အစိုးရက အရင်နှစ်နှစ်ဆယ်လောက်ကတည်းက စမ်းသပ်နေတဲ့ မြူတန့်ကလုန်းတွေ။ The great 47 ထဲက အနားယူသွားတဲ့ A rank တစ်ယောက်ကို ကလုန်းလုပ်ထားတာ။"
"တကယ်ကြီးလား၊ ပြောတော့ အမေရိကန်မြူတန့်ဌာနစိတ်က ကလုန်းနည်းပညာတွေအတွက် တိုကျိုအစည်းအရုံးနဲ့ တိုက်ခိုက်ခဲ့တယ်ဆို။ သူတို့မှာရှိပြီးသားဆိုရင် ဘာလို့သူများနဲ့တိုက်ခိုက်လုယူနေဦးမှာလဲ။"
မက်၊ လယ်ရီ၊ မိုးတို့အတွက် ထိုကိစ္စများက ရင်းနှီးနေသည့်ကိစ္စများမဟုတ်သော်လည်း သူတို့ထက်အများကြီးစွမ်းအားပိုကြီးပြီး ဗီလိန်ဟောင်းတစ်ဦးဖြစ်သည့် ယာမီအတွက်တော့ ထိုသို့ဖြစ်မနေပါ။ သို့သော် မက်ပြန်ပြောလိုက်သည့်စကားကလည်း ယုတ္တိရှိသည်။ နိုင်ငံကြီးတစ်ခုက ရှိပြီးသားနည်းပညာတစ်ခုအတွက် မျက်နှာအပျက်ခံပြီး ဘာလို့ဟီးရိုးတွေနဲ့ တိုက်ခိုက်နေမှာလဲ။
"အမေဇုန်စစ်သည်တွေ ပြီးပြည့်စုံမှုမရှိတာက အကြောင်းအရင်းပဲ။ Rank A တစ်ယောက်ကို Copy ပွားထားပေမဲ့ ဒီအမေဇုန်တွေက B rank ဝန်းကျင်မှာပဲရှိတယ်။ ပြီးတော့ လူသားတစ်ယောက်ရဲ့ခံစားချက်နဲ့သိစိတ်တွေလည်းရှိနေတော့ သူတို့လိုချင်တဲ့ စစ်သုံးလက်နက်မျိုးဖြစ်မလာနိုင်ဘူး။ ဒါကြောင့် အရိုးမျက်နှာကလုန်းနည်းပညာကို အရယူဖို့လုပ်နေတာ။"
တိုကျိုအစည်းအရုံးတွင်ဖြစ်ခဲ့သည့်ကိစ္စများကို နတ်ဘုရားအသံအဖွဲ့အနေဖြင့် သိနိုင်သည့်ကွန်ယက်များစွာရှိပါသည်။ ထိုထဲမှတစ်ခုမှာ MCdowellဆိုင်ဖြစ်ပြီး ပိုင်ရှင်ဒူဝဲလ်က ရနိုင်သည့်သတင်းမှန်သမျှပို့ပြီးလေပြီ။
"ဒီတော့ သခင်မရဲ့အစီအစဥ်အတိုင်းဆိုရင် ငါတို့က ဒုက္ခရောက်နေတဲ့ ဟီးရိုးတွေကို ဝင်ကူရမယ်ပေါ့လေ။"
"ကမ္ဘာကြီးက တစ်စည်းတစ်လုံးတည်းမဖြစ်နိုင်မှတော့ အနိုင်ရနိုင်ခြေရှိတဲ့ အုပ်စုသုံးခုထဲက တစ်ခုကိုပဲ ပုံလောင်းရမှာပေါ့။ ပြီးတော့... ဟီးရိုးတွေဖက်ကို ငါတို့ပုံလောင်းလိုက်လို့လည်း ဘာအရှုံးမှမရှိနိုင်ပါဘူး။"
ဗီလိန်ဟောင်းတစ်ယောက်ဖြစ်ဖူးသော ယာမီက ပြောလိုက်သည်။ လက်ရှိအချိန်တွင် သာမန်ပြည်သူများ သတိမထားမိကြသေးသော်လည်း မြူတန့်လောကအတွင်းရှိလူတိုင်းမှာ လောကကြီးသုံးခြမ်းကွဲစ ပြုနေပြီမှန်း သတိထားမိကြသည်။ အချုပ်အချာအာဏာကို ဆက်လက်ပိုင်စိုးလိုကြသေးသော အစိုးရများက တစ်ဖက်၊ ယင်းအစိုးရများကို တိုက်ဖျက်ကာကမ္ဘာကြီးကို စိုးမိုးလိုကြသော ဗီလိန်များနှင့်မြူတန့်များပါဝင်သော အခြားတစ်ဖက်၊ ယင်းနှစ်ဖက်ကြားတွင်ညပ်နေပြီး အလိုလိုမြေစာပင်ဖြစ်တော့မည့် ဟီးရိုးများက တစ်ဖက်။
ပုံမှန်အားဖြင့်ဆိုပါက ဟီးရိုးများက ကျွဲနှစ်ကောင်ခတ်သည့်ကြားတွင် မြေစာပင်ဖြစ်မည့်အုပ်စုဖြစ်သော်လည်း ယာမီကတော့ တတိယအုပ်စုကို ပုံအောကာ လောင်းချင်နေသေးသည်။
"ကမ္ဘာကြီးကို အမေရိကန်ဦးဆောင်တဲ့အစိုးရတွေက အုပ်စိုးသွားရင် မီတာဆေပီယန်တွေအတွက် ငရဲတစ်ခုဖြစ်လာလိမ့်မယ်။ ပြီးတော့ သာမန်လူသားတွေက အင်ပါယာရှေ့မှာ မတ်တပ်ရပ်ပြီး ရင်ဆိုင်ဖို့ခွန်အားမရှိဘူး။ ဒီတော့ လူသားဦးဆောင်တဲ့ကမ္ဘာက ဖက်ဒရေးရှင်းနဲ့သခင်မအတွက် တန်ဖိုးမရှိဘူး။" မက်က ပြောလိုက်သည်။
လယ်ရီကလည်း တွေးတွေးစစဖြင့် တစ်ခုတည်းသော အကြောင်းအရာကိုသာ ဆက်ပြောလိုက်၏။ "ဗီလိန်တွေဦးဆောင်တဲ့ မြူတန့်တွေနိုင်သွားရင်တော့ ခုခံဖို့အင်အားရှိလာနိုင်ပေမဲ့ လောဘကြီးပြီး သစ္စာဖောက်တတ်တဲ့ သူတို့တွေက ဖက်ဒရေးရှင်းနဲ့သခင်မအတွက် ယုံကြည်ရတဲ့မဟာမိတ်ဖြစ်မလာနိုင်တော့ဘူး။"
"ဒီတော့ မီတာတွေရောဆေပီယန်တွေအတွက်ပါ နေပျော်မယ့်ကမ္ဘာဖြစ်အောင် ဖန်တီးပေးနိုင်မယ့် ဟီးရိုးတွေကို ထောက်ပံပေးဖို့က တစ်ခုတည်းသောရွေးစရာပဲ။ ဟီးရိုးတိုင်းက ယုံကြည်ရတာမဟုတ်ပေမဲ့ပေါ့။" မိုးကလည်း စကား၏နောက်ဆုံးအပိုင်းကို အဆုံးသတ်ပေးလိုက်သည်။
ခေါင်းဆောင်ဖြစ်သော ယာမီက ခေါင်းညိတ်လိုက်ပြီး "ကြည့်ရတာ မင်းတို့တွေ ငါ့ရဲ့လောင်းကြေးကို နားလည်သွားကြပုံပဲ။"
သို့သော်လည်း ဂြိုဟ်သားအမြွှာသုံးယောက်တွင် ခေါင်းဆောင်လိုဖြစ်နေသော မက်က ဆက်ပြောလိုက်ပြန်သည်။ "ဒါပေမဲ့ ဒီအထဲကို ငါတို့ချည်းပဲဝင်တိုက်လို့ အဆင်ပြေပါ့မလား၊ မင်းက စွမ်းအားကြီးပေမဲ့ ဘာပဲပြောပြော အမေရိကန်က ကမ္ဘာ့ထိပ်သီးလေ။"
ပြီးတော့ ယာမီက စွမ်းအားကြီးသော်လည်း ပြိုင်ဖက်ကင်းမဟုတ်၊ ပိုဆိုးသွားစေသည်က ယခင်တိုက်ပွဲကအရှုံးကြောင့်ဖြစ်လာသည့် ဒဏ်ရာအများစုမှာ ပြန်မကောင်းလာသေးပေ။
"စိတ်မပူနဲ့၊ ဖလိမ်းဂါးဒီးယမ်းက ဂျပန်မှာ။ ကပ္ပတိန်စတိတ်မန်းကိုတော့ သူတို့ကိုယ်တိုင်ဖမ်းထားတယ်။ အခုအချိန်က အမေရိကရဲ့အားအနည်းဆုံးအချိန်ဖြစ်ပြီး မြူတန့်ဌာနစိတ်မှာ A rankထက်ပိုတဲ့ တိုက်ခိုက်ရေးအင်အားစုမရှိနိုင်ဘူး။" ယာမီက ပြောလိုက်သည်။ ဆိုလိုသည်မှာ ယခုအချိန်ထက် မြူတန့်ဌာနစိတ်ကို ဝင်စီးရန် သင့်တော်သောအချိန်မရှိပေ။
"စလိုက်ကြရအောင်။" ယာမီက လက်ဖျောက်တစ်ချက်တီးလိုက်ရာ သူတို့လေးယောက်၏နောက်တွင် အနက်ရောင်ပေါ်တယ်တွင်းကြီးတစ်ခုပေါ်လာပြီး အတွင်းထဲမှာ သေဆုံးပြီးသော်လည်း လမ်းလျှောက်နေကြသေးသည့် ဖုတ်ကောင်ရာနှင့်ချီထွက်ပေါ်လာသည်။ ယာမီ၏စစ်တပ်ကြီးပင်။
"မင်းမှာ လေဟာနယ်စွမ်းအားရှိတာ ငါတို့ကိုတောင် ပေးမသိပါလား။" မက်က ပြောလိုက်သော်လည်း ယာမီက ဂရုမစိုက်။ လက်ရှိသူတို့အင်အားက မြူတန့်ဌာနစိတ်ကို ဝင်စီးရန်လုံလောက်သွားပြီဖြစ်၏။
"သိပ်မကြာသေးခင်က ငါရထားတဲ့ လက်အောက်ခံအသစ်ကြောင့်လေ။" ယာမီက ဖုတ်ကောင်အုပ်ထဲတွင်ရှိနေသည့် တက်ဒီရုပ်ကလေးကို ပိုက်ထားသည့် ငါးနှစ်အရွယ်ကလေးမလေးကို လက်ညိုးညွန်ပြလိုက်၏။
"အနိုင်ကျင့်တတ်တဲ့အဒေါ်ကြောင့် သူ့စွမ်းအားသူတောင် သေချာနားမလည်လိုက်ရဘဲ သေသွားတာ။"
"ပြီးတော့ မင်းက သူ့ကိုအသက်ပြန်သွင်းပေးပြီး လက်စားချေဖို့ အခွင့်အရေးပေးလိုက်တယ်ပေါ့။"
"အဲဒီမိသားစုက သေခြင်းနဲ့ပဲထိုက်တန်တယ်။" ယာမီက အေးစက်စက်လေသံဖြင့် ပြောလိုက်ပြီး သူ့မသေကောင်များကို လက်ယမ်းပြလိုက်၏။ တိုက်ခိုက်ဖို့ အချက်ပြလိုက်ခြင်းလည်း ဖြစ်ပေသည်။
"ဂါး....ဂယား...." ကိုယ်ပိုင်အသိစိတ်များရှိနေသော်လည်း ယာမီအတွက်ဆိုလျင် သေရမည်ကို ဝန်မလေးကြသော မသေကောင်များက တောအုပ်အတွင်းမှ ပြေးထွက်လာကြရင်း အစောင့်တပ်ဖွဲ့နှင့် ရင်ဆိုင်လိုက်ကြသည်။
ထို့နောက်တွင်တော့ အမေရိကန်မြူတန့်ဌာနစိတ်တစ်ခုလုံး ကံကြမ္မာဆိုးဝင်မည့် တိုက်ပွဲတစ်ခုဖြစ်ပေါ်လာလေတော့၏။