ဒွိဟ
Vol. 4 Ch. 26
ညစာစားပွဲ ပြီးတဲ့နောက်တော့ မက်ဒါနာတို့အုပ်စုက ခရီးစထွက်ဖို့ လုပ်ကြရပြန်ပြီ။ ပန်ဒရာဂွန်မိသားစုနဲ့ အမိန့်တော်အဖွဲ့တွေက မြေထဲပင်လယ်အတွင်းမှာရှိနေတဲ့ စပိန်ပိုင် Balearic ကျွန်းစုတွေထဲကတစ်ခုမှာ စခန်းချနေနိုင်တယ်လို့ အတည်ပြုခဲ့ကြပါတယ်။
အလားတူပဲ မြေထဲပင်လယ်မှာလှုပ်ရှားနေတဲ့ တစ္ဆေပင်လယ်ဓားပြအဖွဲ့ရဲ့သင်္ဘောတချို့လည်း အဲဲဒီမှာလှုပ်ရှားနေကြောင်း စပိန်မှာရှိနေတဲ့ မက်ဒရစ်ဟီးရိုးအစည်းအရုံးက အကြောင်းကြားလာပါတယ်။
စပိန်အကြောင်း အနည်းငယ်မိတ်ဆက်ရမယ်ဆိုရင်တော့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘုရင်အုပ်ချုပ်တဲ့နိုင်ငံဖြစ်ပါတယ်။ ဂျပန်နဲ့ဗြိတိန်နိုင်ငံတွေနဲ့မတူတာက စပိန်ဘုရင်ဟာ နိုင်ငံအပေါ်ကိုယ်စားပြုမှုမြင့်မားပြီး သံတမန်ရေးမှာ အဆင့်တစ်ခုအထိပါဝင်ခွင့်ရှိတယ်။ ၁၉၇၈ စပိန်နိုင်ငံအခြေခံဥပဒေအရ စပိန်ဘုရင်ဟာ စပိန်စစ်တပ်ရဲ့အကြီးအမှူးလည်းဖြစ်ပြီး စစ်တပ်အပေါ် အမိန့်ပေးနိုင်စွမ်းရှိပါတယ်။
စပိန်အင်ပါယာဟာ ကိုလိုနီခေတ်စဦးပိုင်းမှာ စွမ်းအားအကြီးဆုံးဖြစ်ပြီး မရှုံးနိမ့်နိုင်သောရေတပ်ကိုလည်း ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ မြောက်အမေရိကဒေသခံတွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ရက်စက်မှုတွေကတော့ ရာစုနှစ်နဲ့ချီကြာသွားတာတောင် အမည်းစက်ထင်ကျန်နေဆဲပါ။
စပိန်ပြည်တွင်းစစ်ပြီးတဲ့နောက် ဖက်ဆစ်ဝါဒနဲ့အုပ်ချုပ်ခဲ့ဖူးပေမဲ့ နောင်အခါမှာတော့ တော်ဝင်မိသားစုကပဲ ပြန်အာဏာရလာပြီး ယနေ့လိုမျိုး စည်းမျဥ်းခံဘုရင်စနစ်ဖြစ်လာခဲ့တာပါ။ လက်ရှိမက်ဒရစ်အစည်းအရုံးခေါင်းဆောင်က A rank ဟီးရိုး Green Lopez ဖြစ်ပြီး နိုင်ငံရဲ့အစွမ်းအထက်ဆုံး ဟီးရိုးလည်းဖြစ်ပါတယ်။ ပြီးတော့ လက်ရှိကွန်ဂရပ်အကြောင်းကို မက်ဒရစ်အစည်းအရုံးကလည်း ကြားပြီးပြီဖြစ်လို့ ဖြစ်လာနိုင်တဲ့ သက်ရောက်မှုတွေကိုရင်ဆိုင်ဖို့ ပြင်ဆင်ပြီးနေပါပြီ။
"မက်ဒရစ်အစည်းအရုံးက ဟီးရိုးတချို့လွှတ်ပြီး ငါတို့ကိုကူညီပေးမယ်လို့ ပြောခဲ့ပေမဲ့ ငါငြင်းလိုက်တာ။သူတို့လက်ရှိအင်အားနဲ့ဆိုရင် ငါတို့အတွက် ဘယ်လိုမှ အကူအညီမဖြစ်နိုင်ဘူး။"
တိုကျိုအစည်းအရုံးခေါင်းဆောင်ဖြစ်တဲ့ ဥစာကီက လေဆိပ်ကိုသွားနေတဲ့လမ်းမှာပဲ အားလုံးကိုရှင်းပြတယ်။ ဖရာလီတာလည်း သဘောတူညီတဲ့အနေနဲ့ ခေါင်းညိတ်ပြပါတယ်။
"သူတို့မှာ A rank ခုနစ်ယောက်လောက်ရှိပေမဲ့ လက်ရှိမြူတန့်သိပ္ပံနဲ့တိုက်ပွဲမှာ တကယ်အကူအညီဖြစ်တာက S rank တွေပဲ။ A rank အရေအတွက်က ငါတို့မှာလုံလောက်နေပြီ။ သူတို့အနေနဲ့ ငါတို့ကို လာကူညီမယ့်အစား စပိန်ကိုကာကွယ်ဖို့လုပ်နေတာက ငါတို့အတွက်ပိုအကူအညီဖြစ်တယ်။"
စပိန်နိုင်ငံရဲ့လုံခြုံရေးအခြေအနေက မြူတန့်ခေတ်မှာ အခြေအနေဆိုးဝါးတဲ့အထဲပါတယ်။ ဥရောပနိုင်ငံတွေထဲမှာ စပိန်နိုင်ငံဟာ အီတလီပြီးရင် မာဖီးယားတွေ ကျက်အစားဆုံးနေရာဖြစ်ပြီး အတော်လေးရှုပ်ထွေးနေပါတယ်။ အီတလီဂိုဏ်းတွေကလည်း စပိန်ပိုင်နက်ထဲမှာ ဝင်ရောက်လှုပ်ရှားတတ်ပြီး မက်ဒရစ်အစည်းအရုံးကို ဝန်ပိုပိစေပါတယ်။
"လောလောဆယ် မြူတန့်သိပ္ပံရဲ့Project Vက တစ်ကမ္ဘာလုံးက နိုင်ငံတွေကို ပစ်မှတ်ထားနေတာ။ အဲဒီထဲမှာ စပိန်၊ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတွေလည်းပါတယ်။ နည်းနည်းလေးသတိလွတ်သွားတာနဲ့ ဗီလိန်တွေဥရောပမှာ ခြေကုပ်ရသွားနိုင်တယ်။"
ဖရာလီတာက စဥ်းစဥ်းစားစားနဲ့ပြန်ပြောတယ်။ မက်ဒါနာကလည်း ဝင်ပြောတယ်။ "ဒါကြောင့်မလို့ လန်ဒန်အစည်းအရုံးနဲ့တခြားဥရောပဟီးရိုးတွေက ငါတို့ကိုကူညီဖို့ မလာနိုင်ကြတာလား။ အမေရိကန်ရဲ့ဖိအားတစ်ခုတည်းကြောင့်မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ဂျပန်ကရော။ ဥစာကီ၊ နင့်နိုင်ငံကိုပစ်ထားပြီး ငါတို့နဲ့အတူလိုက်လာတာ တကယ်ရောအဆင်ပြေရဲ့လား။"
ဒီစကားကိုကြားတော့ ဥစာကီက ပြုံးလိုက်တယ်။ "ဂျပန်က ဗီလိန်တွေအတွက် သိမ်းဖို့လွယ်တဲ့အထဲမှာမပါဘူး။ အထူးသဖြင့် မြူတန့်တွေကိုပစ်မှတ်ထားနေတဲ့ အမေရိကန်ကလည်း သူတို့ရဲ့အာရှခြေကုပ်ဖြစ်တဲ့ ဂျပန်ကိုလက်လွှတ်မှာမဟုတ်ဘူး။ ပြီးတော့ ဂျပန်မှာက S rankဆိုလို့ ငါနဲ့အာကိုင်းဂါမီပဲရှိတာမဟုတ်ဘူးလေ။"
မက်ဒါနာလည်း ပြန်စဥ်းစားကြည့်တယ်။ အိခဲဒက ဂျပန်မှာကျန်နေခဲ့တယ်။ ဥစာကီက သူ့အဖိုးကိုဖမ်းလိုက်ပြီလို့ ပြောနေပေမဲ့ မက်ဒါနာကတော့ သိပ်မယုံဘူး။ ယူဂျင်းထောင်ကိစ္စတုန်းက အဖိုးကြီးက ချက်ချင်းထလိုက်လာတယ်မဟုတ်ဘူးလား။
ဥစာကီကလည်း မက်ဒါနာရဲ့အတွေးကို နားလည်ဟန်နဲ့ ပြန်ဖြေလိုက်တယ်။ "သူ့ကို ငါတရားဥပဒေအရ ထောင်ထဲထည့်ထားတာတော့ တကယ်ပါ။ ဒါပေမဲ့ လိုအပ်လာရင် သူ့ဘာသာထောင်ထဲကနေ ပြန်ထွက်လာလို့ရတယ်။"
"ဟမ်... ဒီတော့ သူတို့က ထောင်ထဲမှာအနားယူနေတဲ့သဘောပဲပေါ့။" လောလောဆယ် ယူဂျင်းထောင်က ပျက်စီးနေတာမလို့ အိခဲဒနဲ့ယာကူဇာတွေကို ဂျပန်အစိုးရက ရိုးရိုးထောင်မှာပဲချုပ်ထားတာပါ။ မက်ဒါနာလည်း Will Smithရဲ့ Hancockဆိုတဲ့ ဟီးရိုးဇာတ်လမ်းကို ပြန်သတိရလာတယ်။ အဲဒီထဲမှာဆိုလည်း Hancockက ပုံမှန်ဆိုထောင်ထဲမှာနေပြီး သူ့အပြစ်တွေကိုခံယူနေပေမဲ့ ဗီလိန်တွေသောင်းကျန်းရင် ထောင်ထဲကပျံထွက်လာပြီး သွားသမတယ်မဟုတ်လား။ ပြဿနာက ယာမာဂုချီမိသားစုအနေနဲ့ ဗီလိန်တွေနဲ့ ထပ်ပေါင်းနေမှာကို စိုးရိမ်ရတာ။
"မစိုးရိမ်နဲ့၊ ငါ့အဖိုးနဲ့မြူတန့်သိပ္ပံရဲ့လက်ရှိဆက်ဆံရေးက ပြင်မရအောင်ပျက်စီးသွားပြီ။ ပြီးတော့ အရိပ်အဖွဲ့နဲ့ယာမာဂုချီက ရန်သူတွေ။ ဒီတော့အရိပ်အဖွဲ့ပါတဲ့ ဗီလိန်မဟာမိတ်နဲ့ယာမာဂုချီတွေက ပူးပေါင်းမှာမဟုတ်ဘူး။"
ပြောရရင် ဂျပန်က သာမန်ယာကူဇာအဖွဲ့လေးတွေကလည်း အဲဒီလိုပဲမဟုတ်လား။ ရဲနဲ့ဟီးရိုးတွေစောင့်ကြည့်နေတာမလို့ ငွေတိုးချေး၊ အကြပ်ကိုင်၊ ပြည့်တန်ဆာလုပ်ငန်းလုပ်ရုံကလွဲပြီး လူသတ်ဘာညာကျ မလုပ်ရဲဘူး။ သာမန်လူတွေမလုပ်ရဲတဲ့ မီးခိုးရောင်စျေးကွက်အတွင်းမှာ လှုပ်ရှားနေရုံပဲ။ ယာမာဂုချီမိသားစုကလည်း သူ့နိုင်ငံတွင်းမှာ ပြဿနာမရှာဘဲ ပြင်ပအဖွဲ့ခွဲတွေကသာ တရားမဝင်လုပ်ငန်းတွေကို ခိုးလုပ်နေတာပါ။ ပြည်တွင်းမှာဆိုရင် သူတို့က ဟီးရိုးမိသားစုလိုမျက်နှာဖုံးကိုစွတ်ထားခဲ့တာလေ။
ပြောရရင် ဂျပန်ရာဇဝတ်ဂိုဏ်းတွေက အမေရိကန်ဂိုဏ်းတွေနဲ့ယှဥ်ရင် အများကြီးပိုအားနည်းပြီး လွတ်လပ်မှုနည်းတယ်။ ယာမာဂုချီမိသားစုကလည်း ဂုဏ်သိက္ခါရော ဟီးရိုးအစည်းအရုံးအတွင်း လုပ်ပိုင်ခွင့်ကိုပါ ဆုံးရှုံးထားတဲ့အတွက် ကြီးစိုးနိုင်စွမ်းမရှိတော့ဘဲ လွတ်လပ်ခွင့်ဆုံးရှုံးနေပါပြီ။ ဒါပေမဲ့ ဗီလိန်တွေက သူတို့ပိုင်နက်ဖြစ်တဲ့ဂျပန်ကို လာမသိမ်းပိုက်အောင်တော့ ကာကွယ်ပေးရဦးမှာပါ။
သူတို့စကားပြောနေတဲ့အချိန်မှာပဲ လန်ဒန်လေဆိပ်ကို ရောက်လာကြပြီ။ လေယာဥ်သုံးဆင်းလုံးကလည်း အသင့်ပါ။ ပြီးတော့ တိုက်ပွဲမှာပါမယ့်လူတွေအကုန်လုံးက ဝတ်စုံအပြည့်နဲ့။
အာကိုင်းဂါမီကတော့ မက်ဒါနာတို့နောက်ကားကနေ လိုက်လာတာဖြစ်ပြီး ကားထဲက ထွက်ထွက်ချင်းမှာပဲ အနားရောက်လာတယ်။ သူတို့က ဟီးရိုးမစ်ရှင်တွေဆောင်ရွက်တဲ့အခါသုံးဖို့ သီးသန့်ပြင်ပေးထားတဲ့ လမ်းကနေတစ်ဆင့် လေယာဥ်ပြေးလမ်းကိုလာတာမလို့ ခဏလေးနဲ့ လေယာဥ်တွေရှိရာကို ရောက်လာတာပါ။
"ဒီညတိုက်ပွဲက ထင်သလောက်လွယ်မှာမဟုတ်ဘူး၊ Silverknight..."
အာကိုင်းဂါမီကိုယ်တိုင်လည်း မြူတန့်သိပ္ပံနဲ့ရင်ဆိုင်ခဲ့ဖူးပြီး ပထမအကြိမ်မှာရော ဒုတိယအကြိမ်မှာပါ ခက်ခဲခဲ့ပါတယ်။ ပြီးတော့...
"သူတို့တွေ ကျွန်းတစ်ကျွန်းကိုရွေးတာ သီးခြားဖြစ်နေလို့ဆိုတာထက် အများကြီးပိုလိမ့်မယ်လို့ငါထင်တယ်။" အာကိုင်းဂါမီက သူ့အတွေးကိုထုတ်ပြောတယ်။ မက်ဒါနာလည်း ခေါင်းညိတ်လိုက်ပြီး သူရထားတဲ့ အချက်အလက်တွေကို ပြန်မျှဝေပေးတယ်။ အာကိုင်းဂါမီက နှစ်အများကြီးအနားယူနေခဲ့တာကြောင့် ရိုးရိုးရှင်းရှင်းပြောရရင် မြူတန့်သိပ္ပံအကြောင်း သိပ်အများကြီးမသိဘူး။
"ပထမဆုံးအနေနဲ့ပြောရရင် ပင်လယ်ထဲကကျွန်းက ခုခံရလွယ်ပြီး တိုက်ဖို့ခက်တယ်လို့ ကျွန်မပြောချင်တယ်။" မက်ဒါနာက စကားစလိုက်တော့ ကျန်တဲ့လူတွေအားလုံး ရပ်နားထောင်တယ်။
ဆုဗာနာရဲ့စောင့်ရှောက်သူနှစ်ယောက်ကလည်း စကော်ပီယိုနဲ့ပခုံးချင်းယှဥ်ရပ်လိုက်ပြီး ခေါင်းညိတ်ပြတယ်။ အေမီ၊ ဖရာလီတာ၊ ဥစာကီ၊ အယ်လိုဟင်၊ လေးစောင့်ရှောက်သူ၊ ပုဆိန်စောင့်ရှောက်သူ၊ စကော်ပီယို၊ မက်ဒါနာနဲ့ အာကိုင်းဂါမီတို့က အခုလေယာဥ်တွေရှေ့မှာ စက်ဝိုင်းပုံဝိုင်းပြီး ဖြစ်လာနိုင်တဲ့ တိုက်ပွဲအခြေအနေတွေကို ဆွေးနွေးနေပါတယ်။ သူတို့အပြင် ပန်ဒရာဂွန်မိသားစုက ထည့်ပေးလိုက်တဲ့ ကိုယ်ရံတော်တစ်ဒါဇင်ကျော်လည်းပါတယ်။
"ကျွန်မတို့က လေကြောင်းကနေ ကျွန်းပေါ်ကိုတက်ရမှာဆိုပေမဲ့ ကျွန်းပေါ်ကို တိုက်ရိုက်ရောက်ဖို့ခက်လိမ့်မယ်။ ဗီလိန်မဟာမိတ်က မပြီးပြည့်စုံသေးပေမဲ့ မက်ဒရစ်အစည်းအရုံးအဆိုအရ ကျွန်းစုနားမှာ တစ္ဆေပင်လယ်ဓားပြတွေက စလှုပ်ရှားနေပြီ။"
"ဆိုလိုတာက တစ္ဆေပင်လယ်ဓားပြနဲ့မြူတန့်သိပ္ပံက မဟာမိတ်ဖွဲ့လို့ပြီးသွားပြီ။ ဒါက ကမ်းတက်ဖို့ကြိုးစားမယ့် ကျွန်မတို့အတွက် အိပ်မက်ဆိုးတစ်ခုဖြစ်လာနိုင်တယ်။"
မက်ဒါနာက မြူတန့်သိပ္ပံရဲ့ထိပ်သီးအဖွဲ့ဝင်တစ်ယောက်အကြောင်း စစဥ်းစားမိလာပြီး အားလုံးကို ပြန်ဖောက်သည်ချတယ်။
"ပထမဆုံးအနေနဲ့ ငါတို့တွေက ပင်လယ်ပြင်ကိုဖြတ်ပျံပြီး ကျွန်းပေါ်ကိုသွားရမှာ။ ဒါပေမဲ့ ရန်သူကတော့ အလွယ်တကူဖြတ်သန်းခွင့်ပေးမှာမဟုတ်ဘူး။ တစ္ဆေဓားပြသင်္ဘောတွေက အဲဒီအတွက်ရောက်နေတယ်ဆိုတာ သိသာတယ်။ ပြီးတော့ ဒေါက်တာမြူက အဲဒီအဖွဲ့ကို ဦးဆောင်ဖို့ ဖြစ်လာနိုင်ခြေအရှိဆုံးပဲ။"
မက်ဒါနာရဲ့ဉာဏ်ရည်နဲ့ဆိုရင် ရလာတဲ့သတင်းအချက်အလက်ငယ်လေးတွေအတွင်းကနေ တိကျသေချာတဲ့ ရန်သူ့ဗျူဟာတွေကို တွက်ချက်ထုတ်နိုင်စွမ်းရှိတယ်။ အားလုံး စိတ်ဝင်တစားရှိနေကြတုန်း မက်ဒါနာက ဆက်ပြောတယ်။
"ဒေါက်တာမြူက လေဟာနယ်အစွမ်းနဲ့ မရေမတွက်နိုင်တဲ့ အရိုးမျက်နှာတွေကို ထည့်သယ်လာနိုင်စွမ်းရှိတယ်။ ပြီးတော့ သူ့ရဲ့မြူတန့်ရေဘဝဲကြီးက S rank ပဲ။ ရေသတ္တဝါတွေကိုထိန်းချုပ်ပြီး ကင်းထောက်နိုင်စွမ်းရော တိုက်ခိုက်နိုင်စွမ်းပါရှိတဲ့ တစ္ဆေကပ္ပတိန်နဲ့ပေါင်းလိုက်ရင် ပင်လယ်ဟာ သူတို့ပိုင်နက်ဖြစ်သွားပြီး ငါတို့ကို ဆွေးနွေးပွဲပြီးတဲ့အထိ တားထားနိုင်ဖို့ ဖြစ်နိုင်တယ်။"
နယ်မြေစွမ်းအားရှိတဲ့မြူတန့်တွေက သူတို့နယ်မြေအတွင်းမှာဆိုရင် ဘုရားသခင်လို လူတန်းစားတွေပါ။အာကိုင်းဂါမီတောင်မှ လူအသွင်အနေအထားနဲ့ ဒေါက်တာမြူကို ရှုံးခဲ့ပါတယ်။ အရိပ်သခင်ပါပါတယ်ဆိုပေမဲ့ ဒေါက်တာမြူက အဓိကတိုက်ခိုက်ခဲ့သူဖြစ်ပြီး အရိပ်သခင်က နောက်ကနေ လိုက်ချောင်းတိုက်ရုံပါပဲ။ ငှက်ကြီးဖြစ်ပြီး ထသောင်းကျန်းမှသာ ဒေါက်တာမြူတို့ ပြန်ဆုတ်ကြတာပါ။
"ဒီအတွက်မပူနဲ့၊ အဲဒီတစ်ဖွဲ့ကို ငါတစ်ယောက်တည်းရင်ဆိုင်လိုက်မယ်။" အာကိုင်းဂါမီက သွားကြားထဲကထွက်လာတဲ့လေသံနဲ့ ဝင်ပြောလိုက်တယ်။
"တစ်ယောက်တည်း ဖြစ်လို့လား။" မက်ဒါနာက ပြန်မေးတော့ အာကိုင်းဂါမီက ယုံကြည်မှုအပြည့်နဲ့ ခေါင်းညိတ်ပြတယ်။
"ဒါက ငါတို့နှစ်ယောက်ကြားက မကျေပွဲပဲ။ ဒီတစ်ခါတော့ သူ့ကိုရအောင်အသေသတ်မယ်။"
အရင်တိုက်ပွဲမှာ အာကိုင်းဂါမီရှုံးရတဲ့အကြောင်းအရင်းက အရိပ်သခင်ရဲ့အာရုံငါးပါးချိပ်ပိတ်ခြင်း စွမ်းအားကြောင့်လည်းပါတယ်။ ဒါကြောင့် မက်ဒါနာကတော့ စိုးရိမ်နေတုန်းပဲ။
"ဥစာကီနဲ့ဖရာလီတာ၊ အရိပ်သခင်ကရော ကွန်ဂရပ်အစည်းအဝေးမှာ ရှိနေမယ်ထင်လား။"
မြူတန့်သိပ္ပံကလုပ်မယ့် ကွန်ဂရပ်အစည်းအဝေးမှာ ဗီလိန်အဖွဲ့များစွာက ကိုယ်စားလှယ်တွေ ကိုယ်တိုင်တက်ရောက်ကြမှာ။ အရိပ်သခင်လည်း ရှိနေဦးမယ်ဆိုရင် အာကိုင်းဂါမီအတွက် အခက်တွေ့နိုင်တယ်။
"မထင်ဘူး၊ ငါ့အထင်တော့ အရိပ်အဖွဲ့ကလည်း တခြားဗီလိန်အဖွဲ့တွေလို နယ်မြေသိမ်းပိုက်ဖို့လိုနေတော့ အရိပ်သခင်တခြားနိုင်ငံတစ်ခုခုမှာ ပုန်းနေလောက်တယ်။ မြူတန့်သိပ္ပံကိုတော့ ဒုခေါင်းဆောင်လို ကိုယ်စားလှယ်တွေလောက်ပဲ လွှတ်လိုက်တယ်။"
ဥစာကီရဲ့စကားကြောင့် မက်ဒါနာခေါင်းညိတ်လိုက်ပြီး ဗျူဟာတစ်ခုကို သတ်မှတ်လိုက်တယ်။
"ကောင်းပြီ၊ ဒေါက်တာမြူရဲ့မြူပင်လယ်နဲ့ကြုံရင် ပထမဆုံးပွဲဦးထွက်မယ့်သူက အာကိုင်းဂါမီပဲ။ ငါတို့လေယာဥ်တွေကို မြူပင်လယ်ထဲကနေ ထုတ်ပေးနိုင်မယ့်နည်းရောရှိလား။"
"ရှိတယ်၊ အထိရောက်ဆုံးနည်းလမ်းက မြူပင်လယ်ရဲ့ပုံရိပ်ယောင်အစွမ်းကို ရှုပ်ထွေးအောင်လုပ်ပြီး အပေါက်တစ်ခုဖွင့်တာပဲ။ ငါ့နတ်ကွန်းမှာတုန်းက မြူနယ်မြေကို ဖျက်ဆီးပစ်နိုင်တဲ့အထိ အလုပ်ဖြစ်ဖူးတယ်။ ပင်လယ်ထဲမှာဆိုရင်တော့ ဖျက်ဆီးဖို့မဖြစ်နိုင်ပေမဲ့ ရှုပ်ထွေးအောင်လုပ်ပြီး ထွက်ပေါက်တစ်ခုလုပ်လို့ရတယ်။"
"ကောင်းပြီ၊ ဒီလိုဆိုရင် အာကိုင်းဂါမီက ဒေါက်တာမြူနဲ့တိုက်ဖို့ကျန်ခဲ့တုန်း ငါတို့က ဆက်သွားလို့ရနိုင်မယ်။"
မက်ဒါနာက နောက်တစ်ကြိမ်ထပ်စဥ်းစားတယ်။ သူတို့ဒေါက်တာမြူတို့ရဲ့ခံစစ်ကို ကျော်နိုင်ပြီးသွားရင် ကျွန်းပေါ်ကို တက်နိုင်မှာပါ။ မက်ဒါနာက ဖရာလီတာဖက်ကိုလှည့်မေးတယ်။
"ဖရာလီတာ၊ နင်တို့မိသားစုက ကိုယ်ပိုင်ဂြိုဟ်တုတွေနဲ့ ကျွန်းတွေကိုရှာကြည့်သေးလား။" ဖရာလီတာက ချက်ချင်းခေါင်းညိတ့်ပြပေမဲ့
"အင်း၊ ရှာကြည့်ပေမဲ့ မထိရောက်လုနီးပါးပဲ။ Balearic ကျွန်းစုပတ်ဝန်းကျင်ကို အခုမြူခိုးတွေက ဖုံးလွှမ်းထားလို့ ဂြိုဟ်တုကနေ ဘာပုံရိပ်မှ မရသလောက်ပဲ။"
"ကြည့်ရတာ ဒေါက်တာမြူဦးဆောင်တဲ့ ပင်လယ်တွင်းခံစစ်က တည်ဆောက်ပြီးနေပုံပဲ။" မက်ဒါနာက ရေထဲမှာရှိနေတဲ့ အန္တရာယ်ကို ထပ်ရလာတဲ့အချက်အလက်ကနေ အတည်ပြုလိုက်နိုင်တယ်။
"ဒါဆိုရင်တော့ အခုကနေစပြီးဆက်ပြောမယ့် ဗျူဟာတွေက ခန့်မှန်းချက်သက်သက်ပဲဖြစ်သွားပြီလို့ ပြောရမှာပဲ။ ကျွန်းပေါ်ရောက်ပြီဆိုတာနဲ့ ငါတို့ရင်ဆိုင်ရနိုင်ခြေအရှိဆုံးရန်သူက ဗီးနပ်စ်နဲ့စင်တီပဲ။"
မက်ဒါနာက တခြားသူတွေကိုကြည့်လိုက်တော့ သူတို့လည်း သဘောတူညီတဲ့အနေနဲ့ ခေါင်းညိတ်ပြကြပြန်တယ်။
"Mad doctorက တခြားကိုယ်စားလှယ်တွေကိုဧည့်ခံပြီး ကွန်ဂရပ်ကိုဦးဆောင်ရမှာမလို့ ခံစစ်ထဲမှာသူရှိမနေနိုင်ဘူး။ ဒီတော့ မြူတန့်သိပ္ပံရဲ့ကျန်တဲ့ S rank နှစ်ယောက်က ခံစစ်ကိုတာဝန်ယူရလိမ့်မယ်။ ဒီအတွက်လည်း တတိယတည်ထောင်သူကို သတ်နိုင်ခဲ့တဲ့ လူကန်နဲ့ဖရန့်ကို ငါတို့ကျေးဇူးတင်ရလိမ့်မယ်။"
ဖရာလီတာက ခေါင်းခါပြလိုက်တယ်။ "သူတို့ရှိနေရင်ကောင်းမှာဆိုပေမဲ့ ဝမ်းကွဲအစ်ကိုနဲ့စတန်းဖို့စ်က ပြန်မလာနိုင်တော့ဘူး။ အနည်းဆုံးတော့ A rank အဆင့်ရှိတယ်ဆိုရုံပဲရှိတဲ့ အေ့စ်နဲ့ဒိုင်ရွန်မိသားစုခေါင်းဆောင်တွေကို ခေါ်လာစရာမလိုဘူး။"
မက်ဒါနာက ဖရာလီတာကို ကြည့်လိုက်တယ်။ ဖရာလီတာက အခုထိသူ့ရဲ့ဆုံးရှုံးမှုတွေအတွက် ဖြေမဆည်နိုင် ဖြစ်နေသေးပုံပဲ။ ဘာပဲပြောပြော သူ့အစ်ကိုနဲ့အယုံကြည်ရဆုံး လူယုံတော်ကို သူဆုံးရှုံးခဲ့ရတာပါ။
အခုလောလောဆယ် တော်ဝင်အမိန့်တော်အဖွဲ့ကိုယ်စားပြုပြီး ပါဝင်တိုက်ခိုက်မယ့်လူဆိုလို့ အယ်လိုဟင်နဲ့ဖရာလီတာတို့နှစ်ယောက်ပဲရှိတယ်။ အဓိကအဖွဲ့ဝင်တွေဖြစ်တဲ့အထဲက လူကန်က သေပြီဖြစ်ပြီး ဖရန့်ကတော့ ဘယ်ရောက်နေမှန်း သူတို့မသိရဘူး။ ပြီးတော့ တီဗီခေါင်းဘဏ္ဍာစိုးကြီးလည်း မရှိတော့ဘူး။ ဒါကြောင့် ကမ္ဘာ့အင်အားအကြီးဆုံး Antiheroအဖွဲ့က ဥရောပစစ်မြေပြင်မှာ သိပ်ကိုအင်အားနည်းလွန်းနေတယ် ထင်ရတာပါ။
"သူတို့ရဲ့ကျေးဇူးနဲ့ တတိယမြောက်တည်ထောင်သူဖြစ်တဲ့ ဒေါက်တာယွန်းကို ငါတို့ရင်ဆိုင်စရာမလိုတော့ဘူး။" မက်ဒါနာက ကြေညာလိုက်တယ်။ ဆိုးလ်တိုက်ပွဲအရ ဒေါက်တာယွန်းဟာ အတော်ကြမ်းမယ့်ပုံပေါ်ပြီး သူသာကျွန်းပေါ်မှာရှိနေခဲ့ရင် မက်ဒါနာတို့အတွက် ခက်ခဲမှုအဆင့်က အများကြီးပိုသွားနိုင်တယ်။ ဒါပေမဲ့ မက်ဒါနာရဲ့အကြည့်က လေးနက်တည်ကြည်နေတုန်းပဲ။
"ဒါပေမဲ့ ကျန်တဲ့အဖွဲ့ဝင်တွေရဲ့အင်အားကိုလည်း လျော့တွက်လို့မရဘူး။ ဗီးနပ်စ်က သူ့ရဲ့နယ်မြေစွမ်းအားကို ကျွန်းပေါ်မှာအသင့်ဖြန့်ထားပြီး ငါတို့ကို ကြိုစောင့်နေနိုင်တယ်။ ဆုဗာနာတိုက်ပွဲမှတ်တမ်းအရဆိုရင် သူက S rankကိုရောက်နေပြီ၊ ဒါပေမဲ့ ပြီးပြည့်စုံတဲ့ လူလုပ်မြူတန့်ဖြစ်လာပြီးတဲ့နောက် ဘယ်အဆင့်မှာရှိနေလဲ ငါတို့မသိနိုင်တော့ဘူး။ စိုးရိမ်ဖို့တော့မလိုသေးဘူး။ အာကိုင်းဂါမီမပါရင်တောင် ငါတို့က သူတို့ထက် S rank အရေအတွက်မှာ ပိုအားသာနေတုန်းပဲ။ ပြီးတော့ သူ့ရဲ့သေမင်းတောအုပ်ကို ငါသေချာသိတယ်။"
မက်ဒါနာက ဗီးနပ်စ်ကို အနိုင်ရခဲ့ဖူးသူပါ။ ဒီတော့ သူ့ရဲ့သေမင်းတမန်တောအုပ်အတွင်းက အန္တရာယ်တွေကို သေချာရင်းနှီးတယ်။ ဗီးနပ်စ်ပိုအစွမ်းထက်လာရင်တောင် အလားတူပဲပိုအင်အားကြီးလာတဲ့ မက်ဒါနာကို ရင်ဆိုင်ဖို့ခက်နေဦးမှာပါ။ ဒါပေမဲ့....
"ပြဿနာက သူနဲ့အတူစင်တီရှိနေနိုင်တာပဲ၊ ပြီးရင် အရိုးမျက်နှာတွေကိုပါ ထည့်တွက်ရမယ်။ စင်တီက ဗီးနပ်စ်ထက် အများကြီးပိုစွမ်းအားကြီးတယ်။ ခွန်အားသက်သက်ဆိုရင် ငါတို့အဖွဲ့ထဲက S rank တွေက သူ့ကိုမယှဥ်နိုင်ဘူး။"
ဥစာကီလည်း ခေါင်းညိတ်ပြတယ်။ ဥစာကီက စင်တီနဲ့ မတိုက်ဖူးသေးပေမဲ့ မက်ဒါနာက စင်တီနဲ့တိုက်ဖူးတာကြောင့် ရင်းနှီးပါတယ်။ အကြိမ်တိုင်းရှုံးခဲ့ပေမဲ့ပေါ့။
"စင်တီကိစ္စက ပြဿနာတော့မဟုတ်ဘူး။ မက်ဒါနာနဲ့အေမီက ဗီးနပ်စ်ကို ရင်ဆိုင်သင့်တယ်။ ငါနဲ့ဖရာလီတာက စင်တီကို့အနိုင်တိုက်မယ်။"
"ဒါဆိုဘက်မျှသွားပြီး အနိုင်ရဖို့အခွင့်အလမ်းပိုများသွားလိမ့်မယ်။"
သူတို့အားလုံး ခေါင်းညိတ်လိုက်ကြတယ်။ အကယ်၍ တခြားလူလုပ်မြူတန့်တွေနဲ့တွေ့ခဲ့ရင်တော့ အဖွဲ့မှာပါလာတဲ့ အခြားဟီးရိုးတွေက တာဝန်ယူရမှာဖြစ်ပြီး သူတို့ဘက်ကတောင် ပိုအားသာနေသလို ထင်ရပါတယ်။
ပြဿနာက... ပြဿနာက Mad doctorရဲ့အန်းနပ်စ်ပါ။ ဒီဝှက်ဖဲက ဘယ်လောက်အထိအစွမ်းထက်လဲဆိုတာ သူတို့မသိနိုင်ဘူး။
"ဒါလည်းသိပ်တော့ပြဿနာမရှိဘူး၊ S rank တွေအနေနဲ့ သူတို့ပြိုင်ဖက်တွေကို မြန်မြန်အနိုင်ယူပြီး လာပူးပေါင်းမယ်ဆိုရင် Mad doctorရဲ့အန်းနပ်စ်ကို အနိုင်ယူနိုင်တယ်။ အန်းနပ်စ်က ဒီလောက်ကြီးစွမ်းအားကြီးမယ်လို့တော့ ငါမထင်ဘူး။"
ဖရာလီတာက ဝင်ပြောလိုက်တယ်။ လက်ရှိကမ္ဘာ့အင်အားအကြီးဆုံးဟီးရိုးတွေက S rankတွေပါ။ S rank ထက်နည်းနည်းပိုတဲ့ အာကိုင်းဂါမီတောင်မှ သူတို့နဲ့သိပ်ခြားနားတယ် ပြောလို့မရဘဲ အင်အားကွာဟမှုကို အရေအတွက်နဲ့အစားထိုးလို့ရနိုင်သေးတယ်။ ဒီလိုအစားထိုးနိုင်ဖို့အတွက်က သူတို့ဟီးရိုးတွေအနေနဲ့ အရေးမပါတဲ့ပြိုင်ဘက်တွေကို မြန်မြန်အနိုင်ယူဖို့ပါ။
"အားလုံးပဲ၊ ငါတို့ရဲ့ပြိုင်ဘက်က ကမ္ဘာကြီးကိုဖျက်ဆီးဖို့လုပ်နေတာ။ Project Vသာ တကယ်ဖြစ်လာရင် ကမ္ဘာတစ်ခုလုံး အရှုပ်အထွေးကြားထဲ ကျရောက်သွားလိမ့်မယ်။ ဒီတော့ အကောင်းဆုံးကြိုးစားကြပါ။"
မက်ဒါနာက ဒီစကားနဲ့အတူဆွေးနွေးမှုကို အဆုံးသတ်လိုက်တယ်။ ကျန်တဲ့လူတွေအားလုံးလည်း ကိုယ်ပိုင်ဂျက်လေယာဥ်သုံးခုစီ အသီးသီးလူဖြန့်ပြီး စီးနင်းဖို့လုပ်ကြပါတယ်။
မက်ဒါနာကတော့ လေယာဥ်ခုံပေါ်ထိုင်လိုက်ပြီးတဲ့နောက် မျက်နှာက တည်ကြည်သွားတယ်။ ဓားနတ်ဆိုးပြောသွားတဲ့ကိစ္စကို သူခုထိမေ့မရနိုင်သေးဘူး။
'ငါ့ဦးလေးကို အရိပ်အဖွဲ့နဲ့အစိုးရတစ်ခုက ပေါင်းလုပ်ကြံခဲ့တာလား၊ ကွန်ဂရပ်ကို ဗီလိန်အဖွဲ့တိုင်းက ကိုယ်စားလှယ်တွေ လာကြမှာဆိုတော့။'
တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် မက်ဒါနာတစ်ယောက်ဒီထက်ပိုတဲ့ သတင်းအချက်အလက်တွေကို ရချင်နေတာပါ။ ဘယ်သူက သူ့ဦးလေးကိုသတ်ဖို့ အလုပ်အပ်ခဲ့တယ်၊ လုပ်ကြံသူကဘယ်သူ စသည်ဖြင့်ပေါ့။ လမ်းကြုံတုန်း အရိပ်အဖွဲ့ကိုယ်စားလှယ်ကိုပါဖမ်းပြီး မေးကြည့်ရမလား။
မက်ဒါနာစဥ်းစားနေတုန်း ဖရာလီတာက ဘေးမှာဝင်ထိုင်ပြီးပြောလိုက်တယ်။
"မက်ဒါနာ ဘာတွေစဥ်းစားနေတာလဲ။ တကယ်ပြောရရင် နင်အဲဒီလောက်ထိ ကြိုတွေးထားတယ်လို့ကို ငါထင်မထားမိတာ။"
ဖရာလီတာက တကယ်စိတ်ရင်းနဲ့ချီးကျူးလိုက်တာ။ပုံမှန်လူတစ်ယောက်က ဒီလောက်ခန့်မှန်းရခက်တဲ့ တိုက်ပွဲအခြေအနေကို ကြိုတင်ခန့်မှန်းပြီး ဗျူဟာတွေချမှတ်နိုင်မှာမဟုတ်ဘူး။
"ငါက ဖြစ်နိုင်ခြေလေးတွေ ပြောခဲ့ရုံပါပဲ။ တကယ့်တိုက်ပွဲက ဘယ်လိုလာမယ်မသိပါဘူး။" မက်ဒါနာကလည်း ရိုးရိုးလေးပြောလိုက်တယ်။ လက်တွေ့တိုက်ပွဲနဲ့စာရွက်ပေါ်ကဗျူဟာက တူချင်မှတူတာပါ။
ဥစာကီကလည်း သူတို့နဲ့မျက်နှာချင်းဆိုင်ခုံမှာ ခါတိုင်းလိုပဲဝင်ထိုင်တယ်။ "ငါကတော့ ငါတို့အသာစီးရနေသမျှ တခြားဗီလိန်အဖွဲ့တွေက Project Vမှာဝင်ပါဖို့ လုပ်လိမ့်မယ်မထင်ဘူး။ မြူတန့်သိပ္ပံရှူံးနေရင် ချက်ချင်းပြန်ပြေးကြမှာပဲ။ ငါတို့က သူတို့ကိုမတိုက်ဘဲ မြူတန့်သိပ္ပံကိုပဲ ဦးစားပေးတိုက်တယ်လို့မြင်အောင်လုပ်ဖို့ပဲလိုတာ။"
စစ်သူကြီးတစ်ယောက်အနေနဲ့ သတိထားသင့်တဲ့အချက်တစ်ခုက အင်အားကြီးတဲ့ရန်သူနဲ့တိုက်နေချိန်မှာ ရန်သူထပ်မလုပ်မိဖို့ပါပဲ။ ဗီလိန်တွေက ကိုယ်ပိုင်လိုအင်ဆန္ဒတွေရှိသူမလို့ သူတို့အကျိုးစီးပွားမရှိချင်း မထိခိုက်မချင်း မြူတန့်သိပ္ပံကို တမင်ဝင်ကူမှာမဟုတ်ဘူး။
ဒါကြောင့်မြူတန့်သိပ္ပံကလည်း Project Vမှာ သူတို့ဝင်ပါရင် အကျိုးအမြတ်ရနိုင်တယ်ဆိုပြီး အယုံသွင်းဖို့လုပ်နေရတာ။ ဟီးရိုးတွေအနေနဲ့လည်း သူတို့ပစ်မှတ်က မြူတန့်သိပ္ပံပဲဖြစ်ပြီး တခြားအဖွဲ့ကိုတွေကိုမရှင်းဘူးလို့ ဗီလိန်တွေထင်သွားအောင် လုပ်ဖို့လိုတယ်။ မဟုတ်ရင် ဟီးရိုးတွေရဲ့အင်အား ဘယ်လောက်ပဲရှိရှိ ဗီလိန်တွေစည်းရုံးသွားပြီးလာတိုက်ရင် ရှုံးသွားလိမ့်မယ်။