ရန်သူ့နယ်မြေ
Vol. 4 Ch. 27
လေယာဥ်ပျံပေါ်မှာတော့ မက်ဒါနာက ပြတင်းပေါက်အပြင်ဖက်ကိုကြည့်ရင်း အတွေးတွေပြန့်လွင့်နေပါတယ်။ အခုထိ သူ့နားထဲမှာ ဥစာကီပြောခဲ့တဲ့စကားတွေကို ကြားယောင်နေတုန်းပဲ။
'ဟီးရိုးတွေမှာ ရန်သူတွေလုံလောက်အောင် ရှိခဲ့ပြီးပြီ၊ ဒါပေမဲ့...' မက်ဒါနာအနေနဲ့ သူ့ဦးလေးကိုသတ်သွားတဲ့သူနဲ့ ပတ်သက်တဲ့သဲလွန်စနောက်ကို လိုက်ချင်နေတယ်။
ဗီလိန်ကွန်ယက်က ရလာတဲ့ဒေတာတွေကလည်း အကန့်အသတ်ရှိပါတယ်။ တရုတ်နိုင်ငံက အရိပ်အဖွဲ့ကိုကြေးစားအပ်တယ်ဆိုတာပဲ သိရတာဖြစ်ပြီး ဘယ်သူတွေ အမှန်တကယ်ပါဝင်ခဲ့သလဲဆိုတာကိုတော့ ဖော်ထုတ်ရခက်ပါတယ်။
မက်ဒါနာက အပြင်ဖက်မှာရှိနေတဲ့ ညနေခင်းကောင်းကင်ကြီးကို ကြည့်လိုက်မိတယ်။ သူတို့တွေ ဂျပန်ကထွက်လာတုန်းက ညပိုင်းပါ။ ဒါပေမဲ့လေယာဥ်ပေါ်မှာ ဆယ်နာရီလောက်အချိန်ကုန်ပြီးတဲ့နောက်မှာ မနက်ပိုင်းပြန်ဖြစ်သွားတယ်။ ကျန်တဲ့လူတွေရောက်လာတာစောင့်ရင်း နာရီတချို့ထပ်ကြာခဲ့ပြီး အခုလေယာဥ်ပေါ်ရောက်တော့ နောက်ထပ်ညပိုင်းကို ပြန်ရောက်လာပြန်တယ်။
ပြတင်းပေါက်ကနေတစ်ဆင့် သူတို့က ကပ်ပါလာတဲ့ တခြားလေယာဥ်ပျံနှစ်စင်းကိုလည်း မြင်နေရပါတယ်။ မက်ဒါနာ၊ ဖရာလီတာ၊ ဥစာကီ၊ အာကိုင်းဂါမီ၊ အေမီတို့လိုမျိုး အဖွဲ့ရဲ့ထိပ်သီးတိုက်ခိုက်ရေးသမားတွေပါတဲ့ တိုကျိုဟီးရိုးအစည်းအရုံးလေယာဥ်က ရှေ့ကဦးဆောင်နေတာဖြစ်ပြီး ကျန်နှစ်စင်းက နောက်ကနေလိုက်ကာ တြိဂံပုံစံ အတူတကွပျံသန်းနေကြတာပါ။
တိုကျိုအစည်းအရုံးလေယာဥ်ကို ရှေ့ကနေသွားဖို့အတွက် ဆုံးဖြတ်လိုက်ရတဲ့အကြောင်းအရင်းက ပိုထူထဲတဲ့ကျည်ကာကိုယ်ထည်နဲ့ လက်နက်တွေကို တပ်ဆင်ထားတာကြောင့်ဖြစ်ပါတယ်။
ပန်ဒရာဂွန်လေယာဥ်နဲ့ဆုဗာနာလေယာဥ်တွေကလည်း အားကောင်းကြပေမဲ့ အဆင့်တစ်ခုတော့ နိမ့်နေဆဲပါ။
"အချိန်မီမရောက်ဖို့တော့ မပူရပါဘူး၊ ငါတို့တွေလန်ဒန်ကနေ Balearic ပင်လယ်ကျွန်းစုတွေဆီကိုပျံသန်းဖို့ နှစ်နာရီခွဲပဲလိုတယ်။"
ဖရာလီတာက သောက်လို့ကုန်သွားပြီဖြစ်တဲ့ လိမ္မော်ရည်ခွက်ကို စားပွဲပေါ်ပြန်တင်လိုက်ပြီး ပြောလိုက်ပါတယ်။ တကယ်လည်း သူတို့ခရီးက မိုင်ပေါင်းတစ်ထောင့်နှစ်ရာကျော်ဝေးပေမဲ့ လေယာဥ်နဲ့သွားမယ်ဆိုရင် ဒီလောက်မကြာပါဘူး။ အထူးသဖြင့် သူတို့ရဲ့ကိုယ်ပိုင်ဂျက်လေယာဥ်တွေက ပိုမြန်ပါတယ်။
ဥစာကီကလည်း စားပွဲခုံအဖြစ်သုံးထားတဲ့ Tablet ကိုဖွင့်လိုက်ပြီး မြေပုံကိုအကြီးချဲ့လိုက်တယ်။
"ငါတို့က အခုစပိန်လေပိုင်နက်ထဲမှာရောက်နေပြီ။ နောက်တစ်နာရီလောက်ဆိုရင် ရန်သူ့နယ်မြေထဲ ရောက်လာနိုင်တယ်။ ဒီတော့ မြေပုံတွေကိုတစ်ချက်ကြည့်ရအောင်။"
ဖန်သားပြင်ပေါ်မှာ ပင်လယ်ထဲထိုးထွက်နေတဲ့ စပိန်နိုင်ငံ Balearic ပင်လယ်အတွင်းက စီတန်းလျက်ရှိတဲ့ ကျွန်းစုတွေရဲ့မြေပုံ ထွက်ပေါ်လာပါတယ်။
"Balearic ကျွန်းစုထဲမှာ အဓိကကျွန်းကြီးသုံးခုပါတယ်၊ တချို့ကတော့ Formentera ကိုပါ ကျွန်းမကြီးအဖြစ်ထည့်တွက်တာမလို့ စုစုပေါင်းအဓိက ကျွန်းလေးကျွန်းရှိတယ်လို့ ယူဆနိုင်တယ်။ Mallorca, Menorca, Lbizaနဲ့ Formentera တို့ပေါ့။"
မက်ဒါနာကလည်း ပြန်အာရုံစိုက်လိုက်ပြီးတော့ သူသိချင်နေတဲ့ မေးခွန်းတစ်ခုကို မေးလိုက်တယ်။
"မက်ထရစ်အစည်းအရုံးက ပြောတဲ့အတိုင်းဆိုရင် ကျွန်းစုတွေကို မြူတွေဖုံးနေတာမဟုတ်လား။ ကျွန်းမကြီးက လေးကျွန်းထဲဆိုရင်တောင် ငါတို့တွေအနေနဲ့ ရတဲ့အချိန်တိုလေးအတွင်းမှာ သူတို့နေရာကိုရှာဖို့ မဖြစ်နိုင်ဘူး။"
ဥစာကီလည်း ခေါင်းညိတ်လိုက်တယ်။ သူတို့မှာက နာရီအနည်းငယ်ပဲ အချိန်ရတော့တာမဟုတ်လား။
"ဒါပေမဲ့ သိပ်ပူစရာမရှိဘူး၊ လောလောဆယ် ကျွန်းလေးကျွန်းစလုံးကို မြူတွေဖုံးနေပေမဲ့ ဒေသခံဟီးရိုးတွေဆီက ရတဲ့သတင်းအရတော့ သာမန်ဖန်တီးထားတဲ့မြူတွေပဲ။ ဒိုင်မေးရှင်းမြူတွေမဟုတ်ဘူး။ ပြီးတော့ ကျွန်းလေးကျွန်းစလုံးက ခရီးသွားလုပ်ငန်းနဲ့ထင်ရှားလို့ အမြဲတမ်းနေထိုင်သူတွေရော ဧည့်သည်တွေပါရှိတယ်။ ဒါကြောင့်..."
"မြူတန့်သိပ္ပံအဖွဲ့က လူတွေရှိနေတဲ့ ကျွန်းတွေပေါ်မှာဆိုရင် ဒေသခံဟီးရိုးတွေ သိလိမ့်မယ်။" ဖရာလီတာက ဝင်ထောက်လိုက်တယ်။
ဒေသခံဟီးရိုးတွေက တစ္ဆေပင်လယ်ဓားပြသင်္ဘောတွေ လှုပ်ရှားနေကတည်းက သတိကြီးကြီးထားပြီးနေလောက်ပါပြီ။
ဥစာကီကလည်း ခေါင်းညိတ်ပြလိုက်ပြီး မြေပုံကို ထောက်ပြတယ်။ "ကျွန်းစုတွေထဲမှာ ပင်မကျွန်းကြီးတွေကနေ ကွဲထွက်နေတဲ့ လူမနေတဲ့ကျွန်းလေးတွေလည်းရှိတယ်။ ဒါပေမဲ့ ဒီကျွန်းစုကိုယ်တိုင်က သေးသေးလေးမလို့ ကျွန်းငယ်အများစုရဲ့အရွယ်အစားက မြူတန့်သိပ္ပံစခန်းရှိနေဖို့ မဖြစ်နိုင်ဘူး။ တချို့ကျွန်းတွေဆိုရင် မီးပြတိုက်တစ်ခုတည်းနဲ့တင်ပြည့်နေတာ။"
ဥစာကီက ပြောပြောဆိုဆိုနဲ့ သူ့လက်ထဲမှာကိုင်ထားတဲ့ ဒီဂျစ်တယ်ဘောပင်နဲ့ ကျွန်းငယ်တချို့ကိုဝိုင်းပြီး Zoom ချဲ့လိုက်တယ်။
"ဒီတော့ ငါတို့တွေ စစ်ထုတ်ကြည့်ကြတာပေါ့။" ရှားလော့ဟုမ်းပြောဖူးတယ်။ မဖြစ်နိုင်တာတွေကို ဖယ်ထုတ်လိုက်ရင် ကျန်ခဲ့တာက အမှန်တရားပဲတဲ့။
"ပထမဆုံးစဥ်းစားမယ့်ကျွန်းက S'Esparddell'i ဒါပေမဲ့ ဒီကျွန်းက အမျိုးသားဥယျာဥ်အဖြစ်သတ်မှတ်ခံထားရပြီး ခရီးသွားအမြဲလာတဲ့ကျွန်းပဲ။ အဲဒီကအစောင့်တွေကလည်း ဘာပြဿနာမှမရှိဘူးလို့ မက်ထရစ်အစည်းအရုံးဖက်က အတည်ပြုပြီးပြီဆိုတော့ ပယ်လိုက်လို့ရပြီ။"
"Far de S'illa ကျွန်းလည်းမဖြစ်နိုင်ဘူး၊ အဲဒီနေရာကလည်း လူသွားလူလာများလွန်းနေတယ်။"
"Lbizaကျွန်းမကြီးနားက ကျွန်းငယ်လေးခုကလည်း ကျွန်းမကြီးနဲ့နီးလွန်းပြီး သူတို့တစ်ခုခုလုပ်တာနဲ့ မက်ထရစ်ဟီးရိုးအစည်းအရုံးက သတိထားမိလိမ့်မယ်။"
"နောက်ဆုံးကျန်တဲ့နေရာက Cabrera ကျွန်းနားက illa des Conillsပဲ။ ဘာအပန်းဖြေနေရာမှာမရှိသလို လူလည်းမနေဘူး။ မီးပြတိုက်တစ်ခုပဲရှိတာ။ အရင်ကလည်း ပင်လယ်ဓားပြတွေကမ်းဆိုက်ဖူးတဲ့နေရာဖြစ်ဖူးတယ်။"
ကျွန်းကြီးလေးကျွန်းလုံးကိုဖုံးနေတဲ့ မြူတွေရဲ့ဖြစ်နိုင်ခြေကို မက်ဒါနာပြန်စဥ်းစားကြည့်မိတယ်။ မြူတန့်သိပ္ပံရဲ့ဒေါက်တာမြူက သူ့သားရဲကနေ မှုတ်ထုတ်လိုက်တဲ့ မြူတွေကိုကြားခံအဖြစ်သုံးပြီး ဒိုင်မေးရှင်းစွမ်းအားကို အသက်သွင်းနိုင်တယ်။
ဒါပေမဲ့ အဲဒါကလည်း အမြင့်ဆုံးတစ်မိုင်အကန့်အသတ်အတွင်းမှာပဲရှိတာဖြစ်ပါတယ်။ ပြီးတော့ ဒိုင်မေးရှင်းရှစ်ခုထက်လည်း ပိုမပွားနိုင်ဘူး။
"ဒီလိုဆိုရင် မြူတွေပင်လယ်ကြီးတစ်ခုလုံးပြည့်အောင် သူဘယ်လိုလုပ်သွားတာလဲ။"
Balearic ကျွန်းစုက သေးသေးလေးမဟုတ်ဘူးလေ။ မက်ဒါနာရဲ့အတွေးကို ဖရာလီတာက ပြန်ရှင်းပြလိုက်တယ်။
"ယူဂျင်းထောင်တိုက်ပွဲမှာတုန်းက မှတ်မိသေးလား၊ အရိုးမျက်နှာကလုန်းတွေလေ။"
"ဆိုလိုတာက မြူထုတ်နိုင်တဲ့ ရေဘဝဲတွေကို ကလုန်းပွားဖြစ်လိုက်တာလား။ ဒါဆိုရင်တော့ ဒီတိုက်ပွဲက ပိုအန္တရာယ်များလာမယ့်ပုံပဲ။"
ဥစာကီကလည်း ဝင်ထောက်တယ်။ "မြူတွေမှာ ဒိုင်မေးရှင်းအစွမ်းရှိနေတာက ဒေါက်တာမြူက မြူတွေကို ကြားခံအနေနဲ့သုံးလို့ပဲ။ ဒေါက်တာမြူမပါရင် ရေဘဝဲရဲ့မြူတွေက သာမန်မြူတွေပဲဖြစ်နေဦးမှာ။"
ဥစာကီကတော့ စိုးရိမ်စရာမလိုဘူးဆိုတဲ့ပုံစံမျိုးနဲ့ရှင်းပြပေမဲ့ မက်ဒါနာကတော့ ဒီလိုမထင်ဘူး။
"ဒေါက်တာမြူက ပုံရိပ်တွေကနေတစ်ဆင့် သက်ရှိပုံတူပွားနိုင်ပေမဲ့ အဲဒါတွေက ပျက်စီးသွားရင် မြူတွေအဖြစ်ပြန်ပျောက်သွားတယ်။ ဒါပေမဲ့မြူကနေပွားထားတဲ့ တံလျှပ်ရေဘဝဲတွေက မြူမထုတ်နိုင်ဘဲ မူရင်းကပဲ ထုတ်နိုင်တာ။ တကယ်ပဲ ဖရာလီတာပြောသလို အရိုးမျက်နှာတွေကို ကိုယ်ပွားသလိုမျိုး ရေဘဝဲတွေကို ပွားလိုက်ပြီဆိုရင်တော့ ငါတို့အတွက် ပြဿနာရှိလာပြီ။"
ဒေါက်တာမြူသုံးဖို့အတွက် မြူထုတ်ပေးမယ့်ရေဘဝဲတွေပိုရှိလေ သူ့လုပ်နိုင်စွမ်းက ပိုများလာလေလေပါ။
သူတို့စကားကောင်းနေတုန်း လေယာဥ်ပိုင်းလော့ခန်းထဲက ဒရုန်းဇုန်ထွက်လာပြီး မေးလိုက်တယ်။
"ခေါင်းဆောင်၊ ကျွန်မတို့ Balearic ကျွန်းစုကိုရောက်ပြီ။ ကျွန်းတစ်ခုချင်းစီတော့ လိုက်စစ်စရာမလိုဘူးမဟုတ်လား။"
"မလိုဘူး၊ illa des Conillsကိုပဲသွား။" ဥစာကီကလည်း အမိန့်ပေးလိုက်ပြီးနောက် ပြန်တည်ကြည်သွားတယ်။
"ဆိုလိုတာက ငါတို့ခန့်မှန်းထားသလောက် ရန်သူတွေက မလွယ်နိုင်ဘူးမဟုတ်လား။"
....
ရေတပ်သုံးအမြောက်များတပ်ဆင်ထားသည့် အပျော်စီးသင်္ဘောပုံစံ သင်္ဘောကြီးတစ်ခုပေါ်တွင်ဖြစ်သည်။ မြူတန့်သိပ္ပံ၏အမှတ်အသား ဒေါက်တာကုတ်ကိုဝတ်ဆင်ထားသည့် ဒေါက်တာမြူက သူ၏ ရေဘဝဲကြီးနှင့်အတူရှိနေ၏။
"တိုက်ပွဲမစခင် အားရှိနေအောင် စားလိုက်ဦး၊ ငါ့ရဲ့အချစ်လေး။"
ဒေါက်တာမြူက ဆေးတစ်မျိုးကို သူ့ရေဘဝဲအားထိုးပေးလိုက်ရာ ရေဘဝဲ၏အရောင်က တစ်ခဏတာ ခရမ်းရောင်ဖြစ်သွားပြီး စက္ကန့်အနည်းငယ်အကြာမှာ မူလအရောင်ပြန်ဖြစ်သွားသည်။
"ဒါဆိုရင် မင်းက ငါ့အတွက်မြူတွေပိုထုတ်ပေးနိုင်မှာ၊ အဲဒီအရူးဟီးရိုးအဖွဲ့က ငါ့မှာမြူရေဘဝဲအစစ်တစ်ဒါဇင်လောက်ရှိနေမှန်းသိရင် ရူးသွားမလားပဲ။"
ဒေါက်တာမြူရဲ့မူလစွမ်းအားအကန့်အသတ်က ရေမိုင်တစ်မိုင်တည်းပါ။ ဒါပေမဲ့အခုတော့ မတူတော့ဘူး။
သူတစ်ယောက်တည်း အရူးတစ်ယောက်လိုမျိုး ရေဘဝဲနဲ့စကားပြောနေတုန်း ရေငုပ်ဝတ်စုံဝတ်ထားတဲ့ လူတစ်ယောက်က အခန်းထဲဝင်လာပြီး သတိပေးလိုက်တယ်။
"ဒေါက်တာမြူ၊ ကျုပ်တို့ရေဒါမှာ နယ်မြေထဲကျူးကျော်ဝင်လာတဲ့ ဂျက်လေယာဥ်သုံးစင်းတွေ့နေရပြီ။"
ဒေါက်တာမြူလည်း တည်တည်ငြိမ်ငြိမ်ဖြစ်သွားပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ကောင်းပြီ၊ မင်းတို့လည်း အသင့်လုပ်ထားကြတော့။ ငါလည်း မြူနယ်မြေအစစ်ကိုဖြန့်လိုက်ဦးမယ်။"
ဒေါက်တာမြူက ပြောပြောဆိုဆိုဖြင့် သင်္ဘောအခန်းတွင်းထဲ ထွက်လိုက်ပြီး မြူများဖုံးလွှမ်းနေသော မိုးကောင်းကင်ပေါ် မော့ကြည့်လိုက်သည်။
နောက်မှရေငုပ်ဝတ်စုံနှင့်လူကလည်း ပြောလိုက်၏။ "ခင်ဗျားတို့မြူတန့်သိပ္ပံက ကတိပေးထားတဲ့အတိုင်းပဲ တိုက်ပွဲပြီးရင် မြူတန့်စွမ်းအားဆေး အလုံးနှစ်ရာနဲ့အရိုးမျက်နှာငါးဆယ် တကယ်ပေးမှာပါနော်။"
"အေးကွ... ရစေရမယ်။" ဒေါက်တာမြူကလည်း နောက်ကိုလှည့်ကြည့်လိုက်ပြီး အေးစက်စက်လေသံနဲ့ ပြောလိုက်၏။
ထို့နောက်တော့ ဒေါက်တာမြူက သူ့ရေဘဝဲနှင့်အတူ အပျော်စီးသင်္ဘော၏အမြင့်ဆုံးနေရာသို့ ခုန်တက်လိုက်ပြီး သူ့ခါးကိုကိုင်းလိုက်သည်။ သူ့ခါးမှ ချုပ်ရိုးများက တဖြည်းဖြည်းပွင့်အာထွက်လာပြီး နောက်ထက် မြူရေဘဝဲများနှင့်အရိုးမျက်နှာများ မရေမတွက်နိုင်လောက်အောင် စတင်ခုန်ထွက်လာလေတော့၏။
...
စပိန်နိုင်ငံရေပိုင်နက်ထဲမှာ ဖြစ်လာတော့မယ့်တိုက်ပွဲက ကမ္ဘာ့ရေးရာစိတ်ဝင်စားသူတွေရဲ့အာရုံကို ဖမ်းစားနိုင်စွမ်းရှိနေခဲ့ပါတယ်။
ကမ္ဘာတစ်ဝှမ်းက ဗီလိန်အဖွဲ့အစည်းတွေအနေနဲ့ မြေထဲပင်လယ်တစ်နေရာမှာ ကွန်ဂရပ်ကျင်းပပြီး ကမ္ဘာ့အရေးဆွေးနွေးကြမယ့်အကြောင်းဟာ မကြာသေးခင်ကပဲ ပြန့်နှံသွားခဲ့ပါပြီ။
ဒါပေမဲ့ ဘယ်သူ ဒီသတင်းကို စပြီးဖြန့်လိုက်တယ်ဆိုတာကိုတော့မသိနိုင်ပါဘူး။ ဟီးရိုးတော်တော်များများတောင် Project V အကြောင်းမသိကြသေးပေမဲ့ မြေထဲပင်လယ်ထဲမှာ ဗီလိန်တွေစုဝေးနေပြီဖြစ်ပြီး တိုကျိုအစည်းအရုံးနဲ့ဥရောပအစည်းအရုံးတွေက ပူးပေါင်းပြီး တစ်ခုခုကျိတ်လုပ်နေမှန်း သတိထားမိကြပါတယ်။ ပြီးတော့ အခုလောလောဆယ်မှာက ကမ္ဘာကြီးတစ်ခုလုံးဟာ ဆူပွတ်နေတဲ့အခြေအနေမှာ ရှိတယ်လို့ပြောနိုင်ပါတယ်။
လက်တင်အမေရိကနဲ့အမေရိကန်နိုင်ငံတွေမှာဖြစ်ခဲ့တဲ့ ဟီးရိုးအစည်းအရုံးတွေအပေါ် အစိုးရရဲ့ထိန်းချုပ်မှုနဲ့ အာရှတိုက်တောင်ပိုင်းနဲ့အရှေ့တောင်ပိုင်းဒေသတွေက မလုံခြုံမှုတွေကြောင့် ကမ္ဘာတစ်ဝှမ်းလုံးမှာ စိုးရိမ်မှုတွေ မြင့်တက်နေခဲ့ပြီးသားပါ။
လက်ရှိကမ္ဘာ့အခြေအနေက မုန်တိုင်းမတိုက်ခင် လေငြိမ်နေသလိုပဲ။ ပင်လယ်ထဲကို ရေလည်းတစ်စက်ကျသွားတာနဲ့တင် လှုပ်လှုပ်ရှားရှားဖြစ်လာနိုင်ပါတယ်။
မြို့နေလူထုတွေကို ကိုယ်တိုင်လိုက်အင်တာဗျူးပြီး အထင်အမြင်မေးမြန်းတဲ့ သတင်းအစီအစဥ်တစ်ခုမှာတော့ လူငယ်တစ်ယောက်က အခုလိုမျိုး စိတ်ပျက်ပျက်နဲ့ အဖြေပေးလာပါတယ်။
"ကမ္ဘာကြီးတစ်ခုလုံး ဘာတွေဖြစ်နေမှန်းမသိပါဘူးဗျာ၊ အဖြစ်အပျက်တွေက တစ်ခုပြီးတစ်ခုဆက်နေပြီး ဘာတွေမှန်းကိုမသိတော့ဘူး။ ဒီလောကကြီးသာ ဇာတ်လမ်းတစ်ခုဆိုရင် စာရေးဆရာက ရူးနေတာပဲဖြစ်လိမ့်မယ်။"
ဒီတစ်လအတွင်းဖြစ်ပျက်ခဲ့သမျှ အဓိကတိုက်ပွဲကြီးတွေကို တန်းစီပြီးမှတ်မယ်ဆိုရင်တောင် ဒါဇင်ဝက်နီးပါးရှိနေပြီ။ မဟုတ်ဘူး၊ ကျော်တောင်ကျော်ဦးမယ်။ ဘယ်သူက ဒီလောက်များတဲ့ကိစ္စရပ်ကြီးတွေကို ခေါင်းထဲဆန့်အောင်မှတ်နိုင်မှာလဲ။
ဘာပဲပြောပြော ကမ္ဘာအနှံက ခေါင်းဆောင်ကြီးတွေကတော့ သတိရှိရှိနဲ့လှုပ်ရှားဖို့ ပြင်ဆင်နေကြပါပြီ။ ကမ္ဘာ့နိုင်ငံအသီးသီးက သူတို့ရဲ့လုံခြုံရေးခံစစ်တွေကို အသင့်ပြင်ဖို့ကြိုးစားနေချိန်မှာတော့ မက်ဒါနာတို့အုပ်စုက ရန်သူ့တံခါးဝကို ရောက်ရှိလာခဲ့ပါပြီ။
ဒရုန်းဇုန်က လေယာဥ်မှူးအခန်းထဲကနေပြီး တယ်လီကွန်းနဲ့လှမ်းပြောလိုက်တယ်။
"သံသယရှိကျွန်း illa des Conillsကို ရောက်ပါတော့မယ်။ တခြားနေရာတွေထပ် ထူထပ်တဲ့မြူတွေရှိနေပြီး ဒိုင်မေးရှင်းမြူတွေဖြစ်နိုင်ခြေရှိတယ်။"
ဖရာလီတာက ဥစာကီနဲ့မက်ဒါနာကို ကြည့်ပြီးမေးလိုက်တယ်။ "နေဦး၊ ငါတို့က လေယာဥ်သုံးစင်းခွဲပြီးလာတာလေ။ မြူတွေထဲကိုတန်းဝင်ရင် သုံးစင်းလုံး အုပ်စုကွဲသွားပြီး ရန်သူအကြိုက်ဖြစ်သွားလိမ့်မယ်။"
ဒါပေမဲ့ မက်ဒါနာကတော့ စိတ်မပူပါဘူး။ "ကိစ္စမရှိဘူး၊ လေယာဥ်ပေါ်မတက်ခင်ကတည်းက ငါတို့မှာအကြံရှိတယ်လေ။"
မက်ဒါနာစကားဆုံးတာနဲ့ တစ်ချိန်လုံးငြိမ်နေတဲ့ အာကိုင်းဂါမီက ခုံပေါ်ကနေထလိုက်တယ်။ "ငါဆင်းပြီး မင်းတို့အတွက် လမ်းဖွင့်ပေးမယ်။"
အာကိုင်းဂါမီက မြူနယ်မြေထဲကိုဝင်ဖို့အတွက် ဝင်ပေါက်ကို အားသုံးပြီးဖွင့်မှာ။ ဒါဆိုရင် လေယာဥ်သုံးစင်းလုံး ဒိုင်မေးရှင်းတစ်ခုတည်းကို အတူတူရောက်သွားပြီး လူစုခွဲခံရတော့မှာမဟုတ်တော့ဘူး။ ပြန်ထွက်ရင်လည်း အလားတူနည်းကိုပဲသုံးမှာပါ။ မြူနယ်မြေအဆုံးအထိ အာကိုင်းဂါမီက သူတို့ကို ခေါ်သွားမှာဖြစ်ပြီး နယ်မြေအဆုံးမှာ ထပ်အားသုံးပြီး ထွက်ပေါက်ဖောက်မှာ။ ဒါက သူတို့အစောပိုင်းကတည်းက စဥ်းစားထားတဲ့ဗျူဟာပါ။
အားကိုင်းဂါမီက လေယာဥ်စင်္ကြန်လမ်းအတိုင်းလျှောက်သွားရင်း လေယာဥ်နောက်ဖက်က အရေးပေါ်တံခါးကို ဆွဲဖွင့်လိုက်တယ်။ အပြင်ဖက်က လေတွေက အထဲကိုမိုးသက်မုန်တိုင်းလိုမျိုး ဝင်လာတဲ့အတွက် မက်ဒါနာတို့မိန်းကလေးတွေရဲ့ဆံပင်တွေက ရုန်းရင်းဆန်ခတ် လှုပ်ယမ်းကုန်တယ်။
"ငါးစက္ကန့်ပဲစောင့်..."
အာကိုင်းဂါမီကတော့ ဘာမှဂရုမစိုက်သလိုပုံစံမျိုးနဲ့ လေထီးမပါဘဲ လေယာဥ်ပေါ်ကနေ ခုန်ဆင်းသွားလေရဲ့။
....
လေယာဥ်ရဲ့အပြင်ဖက်ကိုရောက်တော့ အားကိုင်းဂါမီရဲ့ခြေလက်တွေမှာ မီးတွေထွက်သွားပြီး သူ့ကိုလေပေါ်မှာ ပေါ်လေနိုင်အောင် ကူညီပေးလိုက်တယ်။
ဂျက်လေယာဥ်တွေက မြူနယ်မြေထဲကို ဝင်ခါနီးဖြစ်နေတာကြောင့် အရှိန်လျှော့လိုက်ကြပြီဖြစ်ပေမဲ့ လေထဲမှာရပ်နေတဲ့ လူသားတစ်ယောက်ထက် မြန်နေဆဲပါ။ အာကိုင်းဂါမီက လေယာဥ်တွေနောက်မှာ အတော်လေးပြတ်ကျန်ခဲ့တယ်။
ဒါပေမဲ့ ဒါက တစ်ခဏပါပဲ။ သူက လေးနက်စွာနဲ့ မျက်ခုံးကြုတ်လိုက်ပြီး အားပိုထည့်လိုက်တယ်။ သူ့နောက်ကျောကနေ ရွှေရောင်မီးအတောင်ပံတစ်ခုပေါက်လာပြီး အသံထက်မြန်တဲ့နှုန်းနဲ့ စတင်ပြီးပျံသန်းတယ်။
သူ့အမြန်နှုန်းက တဖြည်းဖြည်းပိုမြန်လာပြီး လေယာဥ်သုံးစင်းထက်တောင် ပိုပြီးမြန်လာကာ နောက်ဆုံးမှာတော့ လုံးဝကျော်တက်သွားနိုင်လိုက်တယ်။ ကိုယ်ပိုင်ဂျက်လေယာဥ်တွေက တိုက်လေယာဥ်ထက် နှေးတာကြောင့် ဘယ်လောက်မြန်မြန် အသံမြန်နှုန်းထက်တော့ မကျော်ပါဘူး။ အများဆုံးမှ ၀.၈ ဝန်းကျင်ပဲရှိတာ။
တစ်ဖက်မှာတော့ အာကိုင်းဂါမီက အဲဒီထက်အများကြီး ပိုလုပ်နိုင်ပါတယ်။
မကြာခင်မှာပဲ သူက အပြင်လောကနဲ့ဒိုင်မေးရှင်းငယ်တွေကြား တားဆီးထားတဲ့ မြူခိုးကန့်လန့်ကာနေရာကို ရောက်လာတယ်။ အရင်တစ်ခါလိုပဲ သူက အတွင်းထဲကို ဘာမှမမြင်ရဘူး။
"ဒေါက်တာမြူ၊ မင်းက ငါ့ကိုဒီလိုမျိုးခံစားရအောင် လုပ်ခဲ့တဲ့ ပထမဆုံးလူပဲ။"
ဒေါက်တာမြူနဲ့အရိပ်သခင်က အာကိုင်းဂါမီကို ပထမဆုံးအနေနဲ့ အကြီးအကျယ်ထိခိုက်သွားအောင် ပြုလုပ်ခဲ့တဲ့သူပါ။ သူတို့ကြောင့် သူ့ရဲ့တပည့်လေးဟာ အသက်ဘေးကြားထဲမှာ စွန့်စားခဲ့ရတယ်လေ။ ဒီအတွက် သူနည်းနည်းလေးမှ ခွင့်လွှတ်မှာမဟုတ်ဘူး။
"ပွင့်စမ်း..."
အာကိုင်းဂါမီရဲ့လက်တွေကို မီးတောက်တွေက စတင်ဖုံးလွှမ်းသွားပြီး ဧရာမမီးလက်ကြီးတွေအဖြစ် ပြောင်းလဲသွားပါတယ်။
အဲဒီလက်ကြီးတွေက အနည်းဆုံးဆယ်မီတာလောက် တုတ်ခိုင်ပြီး မီတာသုံးဆယ်လောက်ရှည်ပါတယ်။ အာကိုင်းဂါမီက အဲဒီမီးတောက်လက်ကြီးတွေနဲ့ မြူခိုးကန့်လန့်ကာကြီးကို ဆွဲဖြဲပစ်လိုက်တယ်။
မြူခိုးကန့်လန့်ကာရဲ့တစ်ဖက်မှာတော့ အထပ်ထပ်တည်ရှိနေတဲ့ ဒိုင်မေးရှင်းအလွှာတွေကို အတိုင်းသားမြင်နေရတယ်။ ဒိုင်မေးရှင်းအလွှာတွေက တစ်နေရာကနေတစ်နေရာကို ကျပန်းပြောင်းလဲနေတဲ့အတွက်ကြောင့် အထဲကိုဝင်သွားတဲ့သူတွေက ဒိုင်မေးရှင်းတစ်ခုတည်းမှာ အတူတူရှိမနေနိုင်ဖြစ်ကုန်တာပါ။
ဒါပေမဲ့ ဖိအားပေးပြီးတော့သာ ပြောင်းလဲမှုကို ရပ်တန့်နိုင်ခဲ့မယ်ဆိုရင် လေယာဥ်သုံးစင်းလုံး ဒိုင်မေးရှင်းတစ်ခုတည်းကို အတူတူဝင်သွားနိုင်ဖို့ ဖြစ်နိုင်တယ််။
အာကိုင်းဂါမီရဲ့လက်ကြီးတွေက တဖြည်းဖြည်းပိုကြီးလာပြီး မြူကန့်လန့်ကာရဲ့ကောင်းကင်ယံမှာ လေယာဥ်တွေအလွယ်တကူဝင်လို့ရလောက်အောင်ကြီးတဲ့ အပေါက်ကြီးတစ်ပေါက်ကို ဖန်တီးလိုက်တယ်။ ဒါပေမဲ့ ဒီလောက်နဲ့မပြီးသေးပါဘူး။ ဒိုင်မေးရှင်းတွေကို ချုပ်ကိုင်ဖို့လိုသေးတယ်။
အာကိုင်းဂါမီရဲ့ပခုံးကနေ နောက်ထပ်မီးလက်ကြီးနှစ်ဖက် ထပ်ထွက်လာပြန်တယ်။ ဒုတိယမီးလက်တွေက အတွင်းက အလျင်အမြန်ပြောင်းလဲနေတဲ့ ဒိုင်မေးရှင်းတွေထဲက တစ်ခုထဲကို နစ်ဝင်သွားပြီး ပင်လယ်ထဲမှာထိုးထွက်နေတဲ့ ကျောက်ဆောင်ကြီးတစ်ခုကို ဖမ်းဆွဲလိုက်တယ်။
တစ်ချိန်တည်းမှာပဲ ကျွန်းရဲ့ပတ်လည်ရေပြင်နယ်နိမိတ်ထဲမှာ ကင်းလှည့်နေတဲ့ ဒေါက်တာမြူလည်း မွန်းစတားအုပ်ကြီးထဲကနေ အံ့ဩတကြီး ထအော်လိုက်မိတယ်။
"ချီးထဲမှ...."
သူ့ရှူထောင့်ကနေ လှမ်းကြည့်မယ်ဆိုရင်တော့ ကောင်းကင်ရံက မြူတွေကြားကနေ မီးတောက်တမန်တော်တစ်ယောက်ပေါ်ထွက်လာပြီး ကောင်းကင်ကြီးကို နှစ်ခြမ်းပိုင်းဖြတ်ပစ်လိုက်သလိုမျိုး မြင်နေရလို့ပါ။ ပြီးတော့ လက်ကြီးတစ်စုံကလည်းကျောက်ဆောင်ကို တင်းတင်းဖမ်းဆွဲထားသေးတယ်။
ဒိုင်မေးရှင်းတစ်ခုကို ချုပ်နှောင်ထားပြီးတဲ့နောက်တော့ လေယာဥ်သုံးစင်းက တုံ့ဆိုင်းမနေတော့ဘဲ မြူနယ်မြေထဲကို ဝင်လာနိုင်ကြပါပြီ။ ဒါပေမဲ့ အခုမှတိုက်ပွဲအစပဲ ရှိပါသေးတယ်။ သူတို့က ဒေါက်တာမြူရဲ့နယ်မြေထဲကို ချောချောမွေ့မွေ့နဲ့ ဝင်လာနိုင်တယ်ဆိုရုံပဲရှိသေးတာပါ။