ဒိုင်မေးရှင်းခွဲများ
Vol. 4 Ch. 28
စစ်လေယာဥ်သုံးစင်းလုံးက ဒေါက်တာမြူရဲ့နယ်မြေထဲကို ရောက်နေကြပါပြီ။ ဒါပေမဲ့ ဒိုင်မေးရှင်းတွေထဲမှာ ခွဲထုတ်မခံလိုက်ရတာကြောင့် တစ်စုတစ်စည်းထဲသော အင်အားစုအဖြစ် ရှိနေကြဆဲပါ။
မက်ဒါနာက ပင်လယ်ရေပြင်ကိုကြည့်ရင်း ကျန်တဲ့အဖွဲ့ဝင်တွေကို ခေါင်းညိတ်ပြလိုက်ကြတယ်။
"နင်တို့အတွက် ငါတို့အပိုပေးထားတဲ့ အလင်းဒြပ်စင်တောင်ပံတွေကို သုံးကြ၊ ဒါတွေက အေမီရဲ့တောင်ပံတွေလောက်မကောင်းပေမဲ့ အနည်းဆုံးတော့ မြူထဲမှာ ပျံနိုင်သေးတယ်။" မက်ဒါနာက earphones ကနေတစ်ဆင့် ကျန်တဲ့လေယာဥ်တွေပေါ်က လူတွေကိုပါ ဆက်သွယ်ပြီးပြောလိုက်တယ်။
ပင်လယ်ရေထဲမှာ အစွမ်းအထက်ဆုံးသက်ရှိဖြစ်တဲ့ ဒေါက်တာမြူရဲ့မြူရေဘဝဲကိုယှဥ်နိုင်ဖို့ဆိုရင် တစ်ခုတည်းသောနည်းလမ်းက လေပေါ်မှာ လွတ်လွတ်လပ်လပ် ပျံသန်းနိုင်ဖို့ပါ။
ကံကောင်းစွာနဲ့ မက်ဒါနာရဲ့စမ်းသပ်ပုံစံက တိုက်ပွဲမစခင်ကတည်းက ပြီးဆုံးသွားခဲ့ပြီး အလုံးအရင်းထုတ်နိုင်ခဲ့ပါတယ်။ ဒါတွေအားလုံးက ပန်ဒရာဂွန်မိသားစုဖက်က ကုန်ကြမ်းနဲ့စက်အကူအညီရလို့ မြန်မြန်ထုတ်လုပ်နိုင်ခဲ့တာပါ။
မက်ဒါနာတို့အုပ်စုတွေအနေနဲ့ လေယာဥ်ထဲမှာ ဆက်နေနေမယ်ဆိုရင် အားလုံးသေရမှာပါ။ အခုကတော့ အားလုံးလေထီးခုန်ဖို့ အချိန်ရောက်ပါပြီ။ အခုဆိုရင် ဒိုင်မေးရှင်းရှစ်ခုလုံးက သူတို့ရှိနေတဲ့ဒိုင်မေးရှင်းနဲ့ချိတ်ဆက်သွားပြီဖြစ်ပြီး မြူသတ္တဝါတွေထွက်လာနေပါပြီ။
အရှေ့၊အနောက်၊တောင်၊မြောက်၊ အထက်၊အောက်၊ နေရာတိုင်းကနေ ထွက်ပေါ်လာနေတဲ့ မြူသားရဲတွေကြောင့် စစ်လေယာဥ်တွေရဲ့ခုခံနိုင်စွမ်းက ဘာမှမဟုတ်တော့ဘူး။ ဒီတော့ အတောင်ပံတွေကိုအားကိုးပြီး ကျွန်းပေါ်ဆင်းနိုင်ဖို့လုပ်မှဖြစ်မယ်။
"သွားကြစို့။" မက်ဒါနာက Archmegaထဲ ရောက်နေပြီဖြစ်တဲ့ ဖရာလီတာကို ကြည့်လိုက်ပြီး သူ့သေတ္တာကိုဆွဲမလိုက်တယ်။ ငွေရောင်စစ်သည်ချပ်ဝတ်က သူ့ကိုယ်ပေါ်မှာ ပြေးကပ်သွားပြီဖြစ်ပေမဲ့ ဆေဘာစတိန်းရဲ့သေတ္တာနက်ကြီးကတော့ ငွေရောင်စစ်သည်ရဲ့ကျောပေါ်မှာပါ။
"အေမီက ငါတို့ကို မြူသားရဲတွေလာမတိုက်အောင် ခုခံထားပေးလိမ့်မယ်။ အခုငါတို့ဆင်းရမယ်။"
ဥစာကီနဲ့ဒရုန်းဇုန်ကလည်း သူတို့အတွက်ပေးထားတဲ့ အလင်းဒြပ်စင်အတောင်ပံပါတဲ့ ကျောပိုးအိတ်တွေကို ဝတ်ဆင်ထားကြတယ်။ ကျောပိုးအိတ်ထဲမှာ ကိုယ်ပိုင် Coreတစ်ခုစီပါပြီး ကျွန်းပေါ်ကိုဆင်းနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။
ဒါပေမဲ့ အေမီရဲ့အတောင်ပံလိုတော့ အထူးတိုက်ခိုက်ရေးစနစ်တွေမပါတာကြောင့် ကိုယ့်တိုက်ခိုက်နိုင်စွမ်းကိုယ် အားကိုးရမှာပါ။
မက်ဒါနာက လေယာဥ်တံခါးကိုဆွဲဖွင့်လိုက်တယ်။ မြူသားရဲတွေနဲ့ပြည့်နေတဲ့ ကောင်းကင်ကြီးက သူ့ကိုစောင့်ကြိုနေပါတယ်။
"တစ်... နှစ်... သုံး... စ...."
မက်ဒါနာ၊ ဖရာလီတာ၊ ဥစာကီနဲ့ဒရုန်းဇုန်ပါတဲ့ အဖွဲ့တစ်က တိုကျိုအစည်းအရုံးလေယာဥ်ထဲကနေ ခုန်ထွက်လိုက်ကြတယ်။ လက်လေးဖက်နဲ့တောင်ပံခြောက်ဖက်ပါတဲ့ မီးနတ်ဘုရားကြီးကတော့ ပျံသန်းနေတဲ့အရိုးမျက်နှာတွေနဲ့ ရေဘဝဲတွေကို မီးကင်နေပါတယ်။
ဒါပေမဲ့ ကောင်းကင်ပေါ်မှာရှိနေတဲ့ ဒေါက်တာမြူရဲ့မြူသားရဲတွေက အာကိုင်းဂါမီအတွက်တောင် သိပ်ကိုများလွန်းတယ်။
ငွေရောင်စစ်သည်တော်က အတောင်ကိုဖွင့်လိုက်ပြီး ကျွန်းရှိရာကို အေးအေးဆေးဆေးပျံသွားတယ်။ ခရီးက မနီးပေမဲ့ အလောကြီးလွန်းရင် အရိုးမျက်နှာတွေက သူတို့ကို ပင်လယ်ထဲပစ်ချပါလိမ့်မယ်။ S rank တစ်ယောက်တောင် ရေထဲရောက်တာနဲ့ သေသွားမှာပါ။
တခြားလေယာဥ်ပေါ်က အုပ်စုတွေကလည်း အတောင်ပံတွေကိုဖွင့်ပြီး ဆင်းလာကြပါပြီ။ ပန်ဒရာဂွန်ရဲ့ကိုယ်ရံတော်တွေကလည်း လက်နက်အပြည့်အစုံနဲ့ အတောင်ပံကိုအားကိုးပြီး လေထဲမှာရှိနေတဲ့ အရိုးမျက်နှာတစ်ဒါဇင်လောက်ကို ချက်ချင်းပစ်ချတယ်။ သူတို့က အယ်လိုဟင်ဦးဆောင်တဲ့ ဒုတိယအဖွဲ့ပါ။
တတိယအဖွဲ့ဖြစ်တဲ့ စကော်ပီယိုတို့ကတော့ ပိုပြီးတော့တောင် အခြေအနေကောင်းနေပါသေးတယ်။ သူတို့က ပိုပြီးအစွမ်းထက်တယ်မဟုတ်လား။ လေးစောင့်ရှောက်သူရဲ့မြားတွေက သူတို့အနားကိုချဥ်းကပ်လာနေတဲ့ အနီးဆုံးမြူရေဘဝဲရဲ့လက်နက်တွေကို ဖောက်ထုတ်ပစ်လိုက်နိုင်တယ်။
"ငါတို့တွေ မြန်မြန်ကျွန်းပေါ်ဆင်းမှဖြစ်မယ်။ ဒီအင်အားနဲ့ဆိုရင် သူတို့တွေက နိုင်ငံတစ်ခုကိုတောင် အသားလေးသိမ်းလို့ရနိုင်တယ်။"
မက်ဒါနာတစ်ယောက် သူတို့စဥ်းစားထားတဲ့ ဗျူဟာတွေက ဘယ်လောက်တောင် ကလေးကလားနိုင်လဲဆိုတာ ခုမှပဲသတိထားမိတော့တယ်။ အရိုးတောင်ပံတွေနဲ့ ပျံသန်းနေတဲ့ အရိုးမျက်နှာအရေအတွက်က လေထုထဲမှာတင်ထောင်ကျော်နေပြီဖြစ်ပြီး မြူရေဘဝဲကတော့ ၆၄ကောင်ပါ။ အကောင်တိုင်းက မူရင်းအကောင်တွေရဲ့စွမ်းအားထက်နည်းပေမဲ့ ခြိမ်းခြောက်နိုင်စွမ်းရှိနေဆဲပါ။ တကယ်လို့သာ ရန်သူတစ်ဝက်လောက်ကို အာကိုင်းဂါမီထိန်းမထားရင် သူတို့သေနေလောက်ပြီ။
သူတို့အုပ်စု ရှေ့ကိုတရွေ့ရွေ့သွားနေတုန်း အပေါ်မှာရှိတဲ့ ကောင်းကင်ကြီးက ရုတ်တရက် ပင်လယ်ပြင်အဖြစ်ပြောင်းလဲသွားပြီး ရေဘဝဲကြီးတစ်ကောင်ဆင်းလာတယ်။ တကယ်တမ်းပြောရရင် အဖွဲ့သုံးက ခုနလေးကမှ ရေဘဝဲတစ်ကောင်ကိုအနိုင်တိုက်နိုင်ခဲ့တာပါ။ ဒါပေမဲ့ အခုတစ်ကောင်ကတော့ ပိုကြမ်းမယ့်ပုံပေါ်နေတယ်။ ပြီးတော့ ဒေါက်တာမြူကလည်း ရေဘဝဲရဲ့ခေါင်းပေါ်မှာ ပါလာနေတယ်။
"ဟားဟားဟား... တိုကျိုအစည်းအရုံးနဲ့Silverknightတို့လား။ ငါတို့ပြန်တွေ့ကြပြန်ပြီ။"
"မက်ဒါနာ၊ ဒီတစ်ကောင်က မူရင်းအကောင်ဖြစ်မယ်ထင်တယ်။ ငါကိုယ်တွယ်လိုက်မယ်။"
မြူနယ်မြေကို မက်ဒါနာတို့နားလည်သလောက်တော့ဒေါက်တာမြူက နယ်မြေထဲမှာရှိနေသမျှသတ္တဝါတွေကို မြူတွေရှိနေသမျှ စိတ်ကြိုက်ဖန်တီးနိုင်ပါတယ်။ မူရင်းထက် အများကြီးအားနည်းပေမဲ့ အန္တရာယ်ပေးနိုင်နေဆဲပါ။
Archmegaက သူ့အလင်းဒြပ်စင်အမြောက်ကို အသင့်ပြင်လိုက်တယ်။ အလင်းဗုံးတွေက စတင်ပြန့်နှံလာပြီး ရေဘဝဲကြီးကို ပစ်ခတ်ဖောက်ခွဲတယ်။
ဒါပေမဲ့ တကယ့်အစစ်ဖြစ်တာကြောင့် မြူတွေအဖြစ် ပြောင်းလဲမသွားဘူး။
ပြဿနာတော့မရှိသေးဘူး။ မြူရေဘဝဲက အစွမ်းကြီးပေမဲ့လည်း Archmegaက အတွေ့အကြုံရင့် တိုက်ခိုက်ရေးသမားတစ်ယောက်ပါ။ မကြာခင်မှာပဲ အလင်းဗုံးတွေနဲ့ ရေဘဝဲလက်တံတွေဟာ ကောင်းကင်ပေါ်မှာ ရှုပ်ယှက်ခတ်ကုန်တယ်။
"သူ့ကိုကူပေးကြရအောင်...." ငွေရောင်စစ်သည်ကလည်း အတောင်ကိုဖြန့်ပြီး ဓားကိုဆွဲကာ တိုက်ပွဲထဲ ဝင်လိုက်တယ်။ အေမီနဲ့ဥစာကီကလည်း အလားတူပါပဲ။ A rank မဟုတ်တဲ့သူတွေကတော့ အခြားရန်သူတွေ သူတို့နားကပ်မလာအောင်လို့ တားဆီးပေးထားတယ်။
S rank သုံးယောက်ရဲ့စုပေါင်းတိုက်ခိုက်ခြင်းကို မြူရေဘဝဲ မခံနိုင်ခဲ့ပါ။ တိုက်ကွယ်နှစ်ဆယ်လောက် ဖလှယ်ပြီးတဲ့အချိန်မှာပဲ ရေဘဝဲလက်တံတွေအားလုံးကို Silver Knightရဲ့မြေဆွဲအားဓားက ဆွဲဖြတ်ပစ်လိုက်ပြီး Archmegaရဲ့အလင်းဗုံးတွေက ခေါင်းကိုဖောက်ခွဲပစ်လိုက်တယ်။ ဒေါက်တာမြူလည်း သူလာခဲ့တဲ့ဒိုင်မေးရှင်းထဲ ပြန်ဝင်ဖို့လုပ်ပေမဲ့ အေမီရဲ့ရိုင်ဖယ်စာမိသွားပြီး ခြေထောက်ကျိုးသွားတာကြောင့် အခုသူတို့လက်ထဲမိ အရှင်ဖမ်းမိထားပြီ။
"ကဲ... ကိုယ်တော်ချောရေ၊ ရှင့်နယ်မြေကိုပိတ်ပေးမလား။ ဒါမှမဟုတ်အသေခံမလား..."
အေမီက ဒေါက်တာမြူကို သေနတ်နဲ့ချိန်ပြီး မေးလိုက်ပေမဲ့ မက်ဒါနာကတော့ အခုထိတစ်ခုခုလွဲနေတယ်လို့ ခံစားနေရတုန်းပဲ။
"မဟုတ်သေးဘူး၊ တစ်ခုခုလွဲနေသလိုပဲ..."
ဒေါက်တာမြူက သူသိသလောက် အမြဲအပြေးမြန်တဲ့လူပါ။ ပုံမှန်ဆိုရင် သူတို့ရဲ့ဒီလောက်များပြားလှတဲ့ အင်အားနဲ့ဝင်ရောက်တိုက်ခိုက်ပြီဆိုရင် ပြေးကိုပြေးမှာပါ။ အခုကျတော့ ကိုယ်တိုင်လာအသေခံနေသလိုပဲ။
အဲဒီအချိန်မှာပဲ အေမီလက်ထဲမှာရှိနေတဲ့ ဒေါက်တာမြူက မြူခိုးမြူငွေ့တွေအဖြစ်ကို စတင်ပြောင်းလဲလာပြီး ပျောက်ကွယ်သွားတယ်။
"မင်းတို့တော့ သေပြီ...."
အဲဒီနောက်တော့ မြူခိုးမြူငွေ့တွေက မက်ဒါနာတို့အုပ်စုတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး တစ်ယောက်နဲ့တစ်ယောက် ဘာမှမမြင်ရလောက်အောင် ဖြစ်သွားတယ်။
"ဟမ်... ဘာတွေဖြစ်ကုန်တာလဲ။" မက်ဒါနာအံ့ဩသွားပြီး ပတ်ပတ်လည်ကို ကြည့်လိုက်တယ်။ အာကိုင်းဂါမီနဲ့ တိုက်ခိုက်နေတဲ့ မြူရေဘဝဲတွေ၊ အရိုးမျက်နှာတွေကို သူမမြင်ရတော့ဘူး။
တခြားသူတွေလည်း အလားတူပဲ။ ခုဏလေးကတင်သူ့ဘေးနားမှာရှိနေတဲ့ အေမီကိုလည်း သူရှာမတွေ့တော့ဘူး။
"နောက်တစ်ခါ လူကွဲသွားတာလား... ဒါပေမဲ့ ငါတို့တွေက တူညီတဲ့ဒိုင်မေးရှင်းတစ်ခုတည်းမှာလေ။"
မက်ဒါနာ စဥ်းစားလို့မရတော့ဘူး။ ယူဂျင်းမြူတန့်အကျဥ်းထောင်မှာတုန်းက ဒေါက်တာမြူဟာ ကျယ်ပြန့်တဲ့ရေပြင်ကြီးတစ်ခုလုံးကို ပုံရိပ်ယောင်ဒိုင်မေးရှင်းတစ်ခုအဖြစ် လုပ်ပစ်ခဲ့တယ်။ ဒါပေမဲ့ အရွယ်ကြီးလွန်းတာကြောင့် ဒိုင်မေးရှင်းအခွဲတွေအများကြီးမရှိခဲ့ဘူး။
ဒီတော့ ရာစုယိုဘုရားကျောင်း (အာကိုင်းဂါမီရဲ့ဘုရားကျောင်း)မှာလိုမျိုး ပေနည်းနည်းလောက် လျှောက်သွားမိရုံနဲ့ ဒိုင်မေးရှင်းနောက်တစ်ခုထဲကို ရောက်သွားစရာမရှိဘူး။
သူတို့သိထားသလောက် ဒေါက်တာမြူရဲ့စွမ်းအားက နယ်မြေအရွယ်အစားကြီးလေ ဒိုင်မေးရှင်းခွဲနည်းလေဖြစ်ပြီး အခုလိုကျွန်းတစ်ခုလုံးကို ဖုံးအုပ်ထားချိန်မှာ သုံးပေအကွာတိုင်းအတွက် ဒိုင်မေးရှင်းတစ်ခု ရှိနေစရာအကြောင်းမရှိဘူး။
"ငါတို့ပဲ တွက်ကိန်းမှားသွားတာလား။"
ငွေရောင်စစ်သည်က သတိပေးစနစ်အပေါ်ကို အာရုံအပြည့်စိုက်ထားလိုက်တယ်။ သူ့၃၆၀° ရေဒါမှာ တခြားဘာသက်ရှိကိုမှ မမြင်ရတော့ဘူး။ အခုသူက အလင်းထဲမှာဖြစ်နေပြီဖြစ်ပြီး ရန်သူကတော့ အမှောင်ထဲမှာပါ။
...
တစ္ဆေစစ်သင်္ဘောပေါ်တွင်ဖြစ်သည်။
စစ်သင်္ဘောက တိမ်မြူများဖြင့်ဝန်းရံထားသော ထူးခြားသည့် ဒိုင်မေးရှင်းအခွဲတစ်ခုတည်းတွင်ရှိနေ၏။ ထိုဒိုင်မေးရှင်းအခွဲမှနေ၍ မက်ဒါနာတို့အဖွဲ့မှ လူတိုင်းရောက်ရှိနေကြသည့် ဒိုင်မေးရှင်းများတွင်ဖြစ်နေသမျှအရာရာကို CCTV စခန်းတစ်ခုနှယ် မြင်နေရသည်။
"ကောင်းပြီ၊ မင်းတို့စစ်သင်္ဘောတွေကို ဒိုင်မေးရှင်းအခွဲတိုင်းကို ငါပို့ထားပြီးပြီ။ အခုက အရိုးမျက်နှာတွေနဲ့ မင်းတို့တွဲလုပ်ရမယ့်အချိန်ပဲ။"
ဒေါက်တာမြူက တစ္ဆေသင်္ဘောကပ္ပတိန်ကိုအမိန့်ပေးလိုက်ပြီး အေးအေးဆေးဆေး ခုံတွင်ပြန်ထိုင်နေလိုက်သည်။
"မင်းတို့က ငါ့မြူရေဘဝဲအစစ်တစ်ကောင်ကို သတ်လိုက်ပေမဲ့ နောက်ခုနစ်ကောင်ကျန်သေးတယ်။ နယ်မြေစွမ်းအားခုနစ်ဆကို မင်းတို့ဘယ်လိုကျော်ဖြတ်နိုင်မလဲ ကြည့်ကြသေးတာပေါ့။" အစောပိုင်းက မြူရေဘဝဲက ရန်သူ့အင်အားကို စမ်းသပ်ကြည့်ရုံပါပဲ။
...
ဖရာလီတာလည်း ပြောင်းလဲသွားတဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင်း အံ့ဩသွားတယ်။
မက်ဒါနာနဲ့အေမီတို့က သူနဲ့သိပ်မကွာတဲ့တစ်နေရာမှာ တိုက်ပွဲဝင်နေတာပါ။ အခုတော့ဘာသူမှမရှိတော့ဘဲ သူတစ်ယောက်တည်း မြူတွေအလယ်မှာပျံသန်းရင်း အထီးကျန်နေတယ်။
"ဒေါက်တာမြူရဲ့လှည့်ကွက်ဟောင်းကြီးပဲ၊ ငါ့ရေဒါနဲ့တောင်မှ အဆုံးထိမမြင်ရဘူး။"
မြူနယ်မြေက သိပ်ကိုကြီးမားလွန်းတာကြောင့် Archmegaရဲ့ဘက်စုံသုံးရေဒါကလည်း လုံးဝကို ချာချာလည်နေပါပြီ။ ပတ်ပတ်လည်က အဖြူရောင်ဖြစ်နေတာကြောင့် အဖြူရောင်နှိပ်စက်ရေးအခန်းထဲ ထည့်ခံထားရသလိုမျိုး ဖရာလီတာခံစားနေရတယ်။
"ဂါး...." ရုတ်တရက် ဖရာလီတာအတွေးလွန်နေတဲ့အချိန်မှာပဲ နောက်ကနေ တောင်ပံပါ အရိုးမျက်နှာတစ်ကောင် ပြေးလာပြီး သူ့ဝတ်စုံကိုဆွဲစုတ်ပစ်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ဖရာလီတာရဲ့အလင်းဗုံးနဲ့သာ တွေ့သွားပါတယ်။
"ကြည့်ရတာ ဒီနေရာကနေ အမြန်ဆုံးထွက်ဖို့နည်းလမ်းရှာမှဖြစ်မယ်။ မြူရေဘဝဲအစစ်က သေသွားပေမဲ့ နယ်မြေက ဆက်ရှိနေတုန်းပဲဆိုတော့ ဖြစ်နိုင်တာက..."
ဒေါက်တာမြူက မြူရေဘဝဲရဲ့မြူတွေကို သူ့စွမ်းအားနဲ့ပေါင်းစပ်ပြီးမှ မြူနယ်မြေကို ထုတ်ဖော်နိုင်တာပါ။ ဒါပေမဲ့ မြူရေဘဝဲကို သူတို့သတ်နိုင်ပြီးတာတောင် နယ်မြေက ဆက်ရှိနေတုန်းပဲ။
"သူ့မှာ မြူရေဘဝဲတွေ အများကြီးရှိနေတာများလား...." မက်ဒါနာလိုပဲ အခုမြူနယ်မြေက ဖြစ်သင့်တာထက် အများကြီးပိုကြီးပြီးနေမှန်း ဖရာလီတာ သတိထားမိပါတယ်။ ပြီးတော့ သူတို့အရင်သတ်လိုက်တဲ့ မြူရေဘဝဲကလည်း သေပြီးတော့မြူဖြစ်မသွားတာမလို့ အစစ်မှန်းသိနေတယ်။
"ဒီဖြစ်နိုင်ခြေသာ မှန်မယ်ဆိုရင်တော့ သူ့ကိုထပ်ပြီး S rankအဖြစ် စဥ်းစားလို့မရတော့ဘူး။ ပင်လယ်ပြင်တစ်ခုလုံးကို ရာစုယိုဘုရားကျောင်းကလို ဒိုင်မေးရှင်းအခွဲတွေနဲ့လုပ်နိုင်တယ်ဆိုတာ S rank တစ်ယောက်လုပ်နိုင်တာထက် အများကြီးပိုလွန်ကဲသွားပြီ။"
နောက်တော့ ဖရာလီတာက မြူထဲကနေ အမြန်ဆုံးထွက်နိုင်ဖို့အတွက် စပြီးကြိုးစားတော့တယ်။ ရပ်နေရင် မြူမွန်းစတားတွေရဲ့ဝိုင်းတိုက်ခိုက်ခြင်းကို ခံရနိုင်တယ်မဟုတ်လား။
...
အာကိုင်းဂါမီကလည်း တိုက်ခိုက်နေတာကိုရပ်ပြီး သူ့စွမ်းအားတွေကို ပြန်သိမ်းလိုက်တယ်။ ရန်သူတွေက သူ့အနားမှာမရှိတော့တဲ့အတွက် စွမ်းအားတွေထုတ်ဖော်ထားလည်း အလကားဖြုန်းသလိုသာ ဖြစ်နေမှာပါ။
"နောက်တစ်ခါ လာပြန်ပြီလား။"
အာကိုင်းဂါမီက တစ်ယောက်တည်းရေရွတ်လိုက်တယ်။ သူက မြူနယ်မြေထဲကို သုံးကြိမ်တိတိဝင်ဖူးပြီး တစ်ကြိမ်မှာ သေလုမျောပါးဖြစ်ခဲ့တဲ့လူပါ။ ဒါကြောင့် အခုလိုအခြေအနေမျိုးက သူ့အတွက်မကောင်းတာတော့အမှန်။
ဝှစ်...
ရုတ်တရက် မြူနံရံတွေထဲကနေ ရေဘဝဲလက်တံကြီးတစ်ခုထွက်လာပြီး တိတ်ဆိတ်စွာနဲ့ အာကိုင်းဂါမီရဲ့နောက်ကျောကို ရုတ်တရက် ပိတ်ရိုက်လိုက်တယ်။
"အား...." ပြင်းထန်တဲ့အားကြောင့် အာကိုင်းဂါမီလည်း တည်နေရာကို မမှတ်မိလောက်တဲ့အထိ လွင့်စင်ထွက်သွားလေရဲ့။
ဒါပေမဲ့ နေရာတိုင်းက အတူတူဖြစ်နေလို့ သူဘယ်ကိုရောက်လို့ရောက်နေမှန်း မသိနိုင်ဘူး။ သူသတိထားမိတဲ့အချိန်မှာတော့ ရေဘဝဲလက်တံတစ်ဒါဇင်လောက်က မြူနံရံတွေကြားထဲကနေ ထွက်လာပြီး သူ့ကိုဘော်လီဘောပုတ်သလိုပုတ်ဖို့ အသင့်ဖြစ်နေတာကိုပါပဲ။
"သေစမ်း...."
နောက်တော့ ကမ္ဘာ့အစွမ်းအထက်ဆုံးဟီးရိုးကြီးလည်း ဘောလီဘောအပုတ်ခံရသလို အပုတ်ခံရရင်း ဒိုင်မေးရှင်းတွေတစ်ခုနဲ့တစ်ခု အတင်းကူးပြောင်းခြင်းကို ခံနေရလေရဲ့။
"ဒီအတိုင်းဆိုရင် အရင်တစ်ခါလို ထပ်ဖြစ်သွားနိုင်တယ်။"
အာကိုင်းဂါမီ အံ့ကိုတင်းတင်းကြိတ်လိုက်ရင်း သူ့လက်ချောင်းတစ်ချောင်းတည်းမှာ ရှိသမျှစွမ်းအင်တွေကိုစုစည်းကာ နေအသေးစားလေးတစ်ခု ဖန်တီးပြီး ခေါင်းပေါ်မြှောက်လိုက်တယ်။
နေအသေးစားလေးက ထွက်ပေါ်လာတဲ့ ရောင်ခြည်တွေက ပတ်ပတ်လည်ကိုပြန့်နှံသွားပြီး သူ့ကိုတိုက်ဖို့ချောင်းနေတဲ့ ရေဘဝဲလက်တံတွေအားလုံး ညိုးရော်ကာ တစ်စစီပဲ့ကြွေကျကုန်တယ်။ တကယ်လို့ သူနဲ့အတူတူ လူတစ်ယောက်ရှိနေခဲ့ရင်လည်း နေအသေးစားလေးရဲ့အပူချိန်ကြောင့် ပဲ့ကြွေသေဆုံးသွားရမှာပါ။
ဒါပေမဲ့ သူကတော့ စွမ်းအားပိုင်ရှင်မလို့ ဘာမှမဖြစ်ပါဘူး။
"အရင်တစ်ခါလို အသိစိတ်မဲ့တဲ့ သတ္တဝါတစ်ကောင်ဖြစ်လာပြီး ငါချစ်တဲ့သူတွေကို ထပ်ပြီးနာကျင်စေခဲ့ရင် ငါ့ကိုယ်ငါ နတ်ဘုရားတစ်ပါးအဖြစ် မခံယူထိုက်တော့ဘူး။"
အာကိုင်းဂါမီအတွက် လက်ရှိအခြေအနေက လုံးဝကြီး မျှော်လင့်ချက်မဲ့နေတာတော့ မဟုတ်ပါဘူး။
"ငါက မြူနယ်မြေထဲကနေ နှစ်ကြိမ်တိတိ လွတ်မြောက်ခဲ့ဖူးပြီးသား။ ဒီတော့ တတိယအကြိမ်လည်း လွတ်မြောက်အောင်လုပ်နိုင်ရမှာပဲ။" အာကိုင်းဂါမီက အရင်နှစ်ကြိမ် သူ့ရဲ့လွတ်မြောက်ရတဲ့ အဓိကအကြောင်းအရင်းကို ပြန်စဥ်းစားကြည့်လိုက်တယ်။
"ဟုတ်တယ်... အကြွင်းမဲ့အင်အား၊ သူ့ရဲ့ဒိုင်မေးရှင်းတွေကို အကြွင်းမဲ့အင်အားက ချိုးဖောက်ပစ်နိုင်တယ်။" အာကိုင်းဂါမီက ပြောပြောဆိုဆိုနဲ့ သူ့စွမ်းအားတွေကို စုစည်းလိုက်တယ်။ သူ့တစ်ကိုယ်လုံးက နေလိုတောက်ပလာနေပါပြီ။
ဒိန်း....။
ဒါပေမဲ့ ကျယ်လောင်တဲ့အသံတစ်ချက်နဲ့အတူ လေးလံတဲ့အရာတစ်ခုက သူ့ကိုလာထိမှန်ပြီး ပေါက်ကွဲထွက်သွားတယ်။ မီးလျှံတွေကသာ သူ့ကိုကာကွယ်မပေးထားရင် သူသေသွားလောက်တယ်။ သူ့လက်ထဲက နေအသေးစားလေးလည်း ပျက်ပြယ်သွားတယ်။
"ဟမ်.... အမြောက်ဆန်လား၊ ဒါပေမဲ့ ဒီလိုနေရာမှာ ဘယ်လိုလုပ်ပြီ။"
ရုတ်တရက် အာကိုင်းဂါမီရဲ့ပတ်ပတ်လည်မှာ ဖရီးဂတ်အမျိုးအစား စစ်သင်္ဘောအများအပြား ပေါ်လာခဲ့ပါပြီ။ ပြီးတော့ အရိုးမျက်နှာတွေလည်း ထောင်နဲ့ချီပါသေးတယ်။
ဒေါက်တာမြူ အစစ်လားအတူလားမသိရတဲ့ ဖြစ်တည်မှုကတော့ ဧရာမရေဘဝဲကြီးတစ်ကောင်နဲ့အတူလက်နက်တွေတပ်ထားတဲ့ အပျော်စီးသင်္ဘောရဲ့ထိပ်မှာရှိနေပြီး အာကိုင်းဂါမီကို လှောင်ပြောင်ရယ်မောလိုက်တယ်။
"မဆိုးဘူး... ကမ္ဘာ့အင်အားအကြီးဆုံးဟီးရိုးအနေနဲ့ မင်းက ငါ့နယ်မြေရဲ့အားနည်းချက်ကို တန်းမြင်နိုင်တာပဲ။ ဒါပေမဲ့ ငါကရော မင်းကိုအသုံးချခွင့်ပေးမယ်လို့ ထင်နေတာလား။"
....
အခြားဒိုင်မေးရှင်းတစ်ဖက်မှာတော့ ဥစာကီဟာ လက်ထဲကဓားကို အနားပေးရတယ်လို့ကိုမရှိပါဘူး။ ရာချီတဲ့ အရိုးမျက်နှာတွေက သူ့ဆီကို ဆက်တိုက်ပြေးဝင်လာနေတဲ့အတွက် ဓားကိုသုံးပြီး ဖြတ်တောက်နေရတာပါ။ ပြီးတော့ ဒီအရိုးမျက်နှာတွေက နောက်ဆုံးတစ်ကြိမ် သူရင်ဆိုင်ခဲ့ဖူးတာထက်ပိုပြီးသန်မာနေတယ်။
ဥစာကီက သူ့ရှေ့မှာရှိနေတဲ့ အရိုးမျက်နှာခြောက်ယောက်ကို ဓားတစ်ချက်တည်းနဲ့ ခါးကနေ နှစ်ပိုင်းဖြတ်ပစ်လိုက်တယ်။ ဒါပေမဲ့ နောက်ထပ်အရိုးမျက်နှာတစ်ကောင်က သူ့နောက်ကနေ ခုန်အုပ်ကို ကြိုးစားနေနှင့်ပြီးပါပြီ။ ဒါကြောင့် သူက ဓားကိုနောက်ပြန်ဆွဲထုတ်ပြီး သတ်ဖို့ကြိုးစားလိုက်ပေမဲ့...
အေးစိမ့်တဲ့လေတစ်ချက်က သူ့လက်နဲ့ဓားကိုအေးခဲသွားစေပြီး လှုပ်မရဖြစ်သွားစေတယ်။ သူကြည့်လိုက်တော့ အခြားအရိုးမျက်နှာတစ်ကောင်က သူ့ကို မြူတန့်ရေခဲဘောလုံးနဲ့ ပစ်ခတ်ခဲ့တာ။
"ဟမ်... ဒီအရိုးမျက်နှာတွေမှာ မြူတန့်စွမ်းအားရှိနေတာလား။"
ရုတ်တရက် မြူတိမ်ကြမ်းပြင်မှာ ထင်ဟပ်နေတဲ့ ဥစာကီရဲ့အရိပ်ကနေ အရိပ်ချိန်းကြိုးတွေထွက်လာပြီးပတ်ပတ်လည်မှာရှိသမျှ အရိုးမျက်နှာတွေကို ချည်နှောင်ပစ်လိုက်တယ်။
မြူတန့်စွမ်းအား ကင်းမဲ့ဇုန်ပါ။ အဲဒီနောက်တော့ ဥစာကီက ခွန်အားသက်သက်နဲ့ သူ့လက်ကရေခဲတွေကို ခွာချလိုက်ပြီး ဆက်လက်တိုက်ပွဲဝင်တယ်။
"တခြားလူတွေ အဆင်ပြေပါစေလို့ ဆုတောင်းရမှာပဲ။" ဒီတိုက်ပွဲမှာ သူတစ်ယောက်တည်းရှင်ကျန်ရုံနဲ့ ပွဲမပြီးနိုင်ပါဘူး။