Rubik's Cube
Vol. 4 Ch. 29
ငွေရောင်စစ်သည်တော်ဟာ ရာနဲ့ချီတဲ့အရိုးမျက်နှာတွေဆီကနေ ထွက်ပြေးနေကြတယ်။ အထဲမှာရှိနေတဲ့ မက်ဒါနာတစ်ကိုယ်လုံးလည်း ချွေးတွေနဲ့စိုရွဲနေပြီ။ ဒါတောင်မှ ဝတ်စုံမှာ အအေးပေးစနစ်ပါလို့ပါ။ မဟုတ်ရင် ချွေးထွက်လွန်ပြီး သေနေလောက်ပြီ။
"သေစမ်း... သူတို့က ဘာလို့ဒီလောက်တောင်များနေရတာလဲ။ မကုန်နိုင်တော့ဘူးလား။"
ငွေရောင်စစ်သည်က ဓားကိုလက်တစ်ဖက်နဲ့ကိုင်ရင်းအလင်းဒြပ်စင်တောင်ပံတွေရဲ့စွမ်းအားကို စုစည်းပြီးပြန်တိုက်ခိုက်တယ်။ ဒါပေမဲ့ အရိုးမျက်နှာအုပ်လိုက်ကြီးက သူ့အနားမှာစုဝေးလာပြီး တဖြည်းဖြည်းနီးလာနေပါပြီ။
"ဂါး...." ရုတ်တရက် အရိုးမျက်နှာတစ်ကောင်က ငွေရောင်စစ်သည်ရဲ့ခံစစ်ကို ကျော်လာပြီး မျက်နှာကိုလှမ်းကုတ်တယ်။ မက်ဒါနာက မြေဆွဲအားဓားနဲ့ရိုက်ချလိုက်ပေမဲ့ ကိုယ်အောက်ပိုင်းသာပြတ်ကျသွားပြီး ကျန်တဲ့အပေါ်ပိုင်းက ငွေရောင်စစ်သည်ရဲ့ခြေတစ်ချောင်းကို တင််းတင်းဆွဲထားတာကြောင့် ပြုတ်ကျမသွားဘူး။
"ရွံစရာကောင်းလိုက်တာ..." မက်ဒါနာက ပြောလိုက်ရင်း သူ့လက်က ဆုံလည်သေနတ်နဲ့ အရိုးမျက်နှာရဲ့ခေါင်းကို ဆက်တိုက်ပစ်ချလိုက်တယ်။ ပေါက်ကွဲကျည်ဆန်တွေနဲ့တောင် အရိုးမျက်နှာတစ်ကောင်ရဲ့ခေါင်း လုံးဝပျက်စီးသွားဖို့အတွက် အချိန်အတော်ယူလိုက်ရတယ်။
မက်ဒါနာတို့အတွက် အရိုးမျက်နှာတွေက အားနည်းတဲ့ပြိုင်ဖက် ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ သာမန်ဟီးရိုးတွေအဖို့ ခက်ခဲမှာသေချာတယ်။
နောက်ထပ် စက္ကန့်အနည်းငယ်လောက်အထိ တိုက်ခိုက်ပြီးတဲ့နောက်တော့ ခံစစ်ကိုဖောက်ထွက်ပြီး သူ့ခန္ဓာကိုယ်ကိုထိနိုင်တဲ့ အရိုးမျက်နှာတွေက များသည်ထက်များလာတယ်။
"တအားလေးလွန်းတယ်..."
မက်ဒါနာ သတိထားမိချိန်မှာတော့ အရိုးမျက်နှာတစ်ဒါဇင်လောက်က သူ့ကိုယ်ကိုဖက်တွယ်ထားပြီဖြစ်ပြီးအလင်းဒြပ်စင်အတောင်က အလေးချိန်ကို တောင့်မခံနိုင်တော့တာကြောင့် အောက်ကိုဆက်တိုက်ပြုတ်ကျနေပါပြီ။
ဒိုင်မေးရှင်းအခွဲနဲ့မြူနံရံတွေကြောင့် သူပင်လယ်ရေမျက်နှာပြင်နဲ့ ဘယ်လောက်အကွာမှာရှိနေမှန်းမသိပေမဲ့ အခြေအနေက သိပ်ကိုအန္တရာယ်များနေပြီ။ ရေနဲ့တွေ့တာနဲ့ မြူရေဘဝဲတွေက သူ့ကိုအမဲဖျက်ဖို့ ထိုင်စောင့်နေလောက်တယ်မဟုတ်လား။
ဒိန်း...ဒိန်း....ဒိန်း....
စုံလည်လက်ပတ်သေနတ်က ဒီလောက်များတဲ့အရိုးမျက်နှာတွေကို မတားဆီးနိုင်တော့ဘူး။ ဓားကလည်း ရန်သူဟာ သူ့ကိုယ်ပေါ်ဖက်တွယ်နေတာကြောင့် နီးလွန်းအားကြီးနေပြီး ခုတ်ချဖို့ အသုံးမဝင်တော့ဘူး။
အရိုးမျက်နှာတစ်ကောင်က ဘာကြောင့်မှန်းမသိဘဲ ရှိနေတဲ့ မြူတန့်စွမ်းအားတစ်မျိုးကိုသုံးပြီး လက်ဖျံကနေ လက်သည်းချွန်တွေထုတ်ကာ ငွေရောင်စစ်သည်ရဲ့သံချပ်ကာကို ဆွဲလှန်ဖို့ ကြိုးစားတယ်။ ဇက်သတ္တုအစစ်နဲ့လုပ်ထားတဲ့ သံချပ်ကာက အတော်အတန်မာကျောပေမဲ့ သုံးကြိမ်လောက်ကြိုးစားပြီးတဲ့နောက် နည်းနည်းပဲ့ပါသွားတာကြောင့် မက်ဒါနာမျက်လုံးပြူးသွားတယ်။
ကြည့်ရတာ ပင်လယ်ရေထဲမရောက်ခင်မှာတင် ဒီအရိုးမျက်နှာတွေက သူ့အသက်ကို အဆုံးသတ်ပေးဖို့ လုံလောက်နိုင်တယ်။ ပြီးတော့ နောက်ထပ်ဒါဇင်နဲ့ချီတဲ့ အရိုးမျက်နှာတွေကလည်း ပိုပြီးနီးကပ်လာနေတုန်းပဲ။
"မတတ်နိုင်တော့ဘူး။" ငွေရောင်စစ်သည်တော်က Void Stream စွမ်းအားတွေနဲ့အလင်းဒြပ်စင်စွမ်းအားတွေကို စုစည်းလိုက်ပြီး အင်အားအမြင့်ဆုံးတိုက်ကွက်ကို ထုတ်သုံးလိုက်တယ်။
"Hurricane Rush!"
ပြင်းထန်တဲ့ရုန်းအားနဲ့လေပွေကြောင့် ငွေရောင်စစ်သည်တော်ရဲ့ကိုယ်ပေါ်မှာ ကပ်နေတဲ့ အရိုးမျက်နှာတွေရော အနားမှာရှိနေတဲ့ အရိုးမျက်နှာတွေပါ အဝေးကိုလွင့်သွားတယ်။ ဒါပေမဲ့ ငွေရောင်စစ်သည်ရဲ့ရင်ဘတ်မှာတော့ ထင်ရှားတဲ့လက်သည်းခြစ်ရာကြီးကို မြင်နိုင်ပြီး အင်မတန်ခိုင်ခန့်တဲ့ ဇက်သတ္တုချပ်ဝတ်တောင် ပဲ့ကြွေသွားခဲ့ပုံပါပဲ။
"နောက်ထပ် နည်းနည်းလေးသာ ထပ်ကြာခဲ့ရင်။" Hurricane Rushက စွမ်းအားကြီးတယ်ဆိုပေမဲ့ စွမ်းအင်ကုန်ဆုံးမှုများတာကြောင့် ငွေရောင်စစ်သည်ချပ်ဝတ်အနေနဲ့ မကြာခဏထုတ်ဖော်လို့ရနိုင်တဲ့ အရာမျိုးမဟုတ်ပါဘူး။ ဒါကြောင့်ခြွေတာနေပေမဲ့ အစောပိုင်းက အခြေအနေမျိုးနဲ့သာဆိုရင် သတိတစ်ချက်လွတ်တာနဲ့ သေသွားနိုင်တဲ့အန္တရာယ်ရှိတယ်။
မက်ဒါနာရဲ့ဝတ်စုံက S rankပေမဲ့ အတွင်းမှာရှိနေတဲ့ လူခန္ဓာကိုယ်ကတော့ နုနယ်တဲ့မိန်းမသားပါ။ ဇက်သတ္တုကိုတောင် ခွဲပစ်နိုင်တဲ့လက်သည်းတွေကို ခံနိုင်ရည်ရှိစရာအကြောင်းမရှိဘူး။
မက်ဒါနာက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး သူ့ကျောမှာပိုးထားတဲ့ ခွေးစက်ရုပ်သေတ္တာကို ပုတ်ကြည့်လိုက်တယ်။
"ကြည့်ရတာ ငါတော့အကူအညီလိုနေပြီနဲ့တူတယ်။" မြူနံရံတွေကြားထဲမှာ နောက်ထပ်ပုန်းကွယ်နေတဲ့ အရိုးမျက်နှာတွေရှိနေသေးမှန်း မက်ဒါနာခံစားမိတယ်။
ငွေရောင်စစ်သည်က အနီးကပ်တိုက်ခိုက်ရေးသမားဖြစ်ပြီး Crowd controlလို့ခေါ်တဲ့ ရန်သူအုပ်စုလိုက်ကို တိုက်ခိုက်တဲ့နေရာမှာ မကောင်းမွန်ပါဘူး။ ဒီတော့ သူ့အတွက်မြူဒိုင်မေးရှင်းထဲက ပုန်းအောင်းနေတဲ့ အန္တရာယ်တွေဟာ စိန်ခေါ်မှုတွေအပြည့်နဲ့ပါ။
ရုတ်တရက် မြူထဲမှာပုန်းနေတဲ့ နောက်ထပ်အရိုးမျက်နှာတစ်အုပ်က ထပ်ထွက်လာပြန်တယ်။ ပြီးတော့ သူတို့အားလုံးရဲ့လက်တွေကနေ မိုးကြိုးလျှပ်စီးတွေ စိမ့်ထွက်နေတယ်။ အခြားအုပ်စုတစ်ခုကတော့ လက်သည်းချွန်ကြီးတွေ ထိုးထွက်နေပါတယ်။
"အတောင်ပံအပြင် မြူတန့်စွမ်းအားတွေပါ သီးခြားစီရှိနေတဲ့ အရိုးမျက်နှာတွေလား။ Mad doctorက လိုတာထက်ပိုပြီး အလုပ်ကြိုးစားနေတာပဲ။"
ငွေရောင်စစ်သည်ရဲ့လက်ချောင်းတစ်ခုက သေတ္တာနက်ရဲ့ခလုတ်ကို ဖွင့်လိုက်တယ်။ စေဘာစတိန်းက ခွေးပုံစံပြောင်းသွားပေမဲ့ စက်ရုပ်ခွေးရဲ့ရှေ့ခြေတွေနောက်ခြေတွေက ငွေရောင်စစ်သည်ရဲ့ခန္ဓာကိုယ်ကို တင်းတင်းကုပ်ထားတာကြောင့် အပိုကျောပိုးချပ်ဝတ်တစ်ခုလိုဖြစ်နေပါတယ်။
"လုပ်လိုက်ကြစို့၊ စေဘာစတိန်း..."
စေဘာစတိန်းက သူ့ခန္ဓာကိုယ်ထဲက အမြောက်နဲ့စက်သေနတ်တွေကို ထုတ်လိုက်ပြီး အရိုးမျက်နှာတွေကို စပစ်ခတ်တယ်။ မက်ဒါနာကတော့ ဓားကိုသေချာဆုပ်ကိုင်ထားပြီး ဆေဘာစတိန်းရဲ့ကျည်ဆန်ကြားကနေ ထိုးထွက်လာနိုင်တဲ့ အရိုးမျက်နှာတွေကို ခုတ်ပိုင်းပစ်တယ်။
ဒါပေမဲ့ သူတို့တွေက တစ်နေရာတည်းမှာ ကြာကြာမနေပါဘူး။ "ဒီအရိုးမျက်နှာတွေက ဗျူဟာတစ်ခုရှိနေသလိုမျိုး လှုပ်ရှားနေတာပဲ။ သူတို့ကို အနီးကပ်အမိန့်ပေးနိုင်တဲ့ တစ်စုံတရာရှိနေတယ်။"
ဆိုလိုတာက ဒေါက်တာမြူဟာ သူတို့တွေရဲ့လှုပ်ရှားမှုတွေကို မြင်နိုင်တဲ့တစ်နေရာရာကနေ ကြည့်နေပြီး လိုအပ်သလို တပ်ဖွဲ့တွေကို လှုပ်ရှားနေတယ်ဆိုတာပါ။
"စဥ်းစားကြည့်ခါမှ ဒီဒိုင်မေးရှင်းနယ်မြေကြီးက တကယ့်သတ်ကွင်းကြီး ဖြစ်နေတာပဲ။"
...
အခြားတစ်ဖက်မှာတော့ အေမီနဲ့ဒရုန်းဇုန်တို့က အတူရှိနေတယ်။ သူတို့နှစ်ယောက်က စစချင်းမှာတော့ တခြားသူတွေလိုပဲ လူကွဲနေခဲ့ပေမဲ့ အေမီက ဒိုင်မေးရှင်းတစ်ခုနဲ့တစ်ခုကူးနေရင်း ဒရုန်းဇုန်ရဲ့ဒရုန်းတစ်ခုကို ရှာတွေ့တာကြောင့် နှစ်ယောက်ပေါင်းမိသွားတာပါ။
ဒေါက်တာမြူက ဒီနယ်မြေတစ်ခုလုံးကို စောင့်ကြည့်နေတယ်ဆိုပေမဲ့ အသေးစိတ်ကိုတော့ ဂရုစိုက်မနေနိုင်ပါဘူး။ အထူးသဖြင့် ဒရုန်းဇုန်က Rank B သာရှိနေသေးပြီး သိပ်အာရုံစိုက်မခံရဘူး။
ဒါပေမဲ့ အေမီကိုတော့ တကယ်ဂရုစိုက်ပုံပေါ်ပြီး ဒရုန်းဇုန်နဲ့မတွေ့ခင်ကတည်းက အေမီဟာ ရာနဲ့ချီတဲ့ အရိုးမျက်နှာတွေကို ရင်ဆိုင်ခဲ့ပြီးသားပါ။ ကံကောင်းစွာနဲ့ အေမီဟာ Crowd Controlအတွက် သီးသန့်ဒီဇိုင်းထုတ်ထားတဲ့ တိုက်ပွဲဝင်စက်ရုပ်ဖြစ်နေတာမလို့ အရိုးမျက်နှာတွေကို လွယ်လွယ်ကူကူ အနိုင်ယူနိုင်ခဲ့တယ်။
"အေမီ၊ နင်ဒီမြူနယ်မြေကြီးကို ဘယ်လိုထင်လဲ။"
ဒရုန်းဇုန်က သူ့ရဲ့နောက်ဆုံးလက်ကျန် တိုက်ပွဲဝင်ဒရုန်းတွေကို စီစစ်လိုက်ရင်းမေးတယ်။ အေမီက ရန်သူမှန်သမျှကို ဖြေရှင်းပေးနိုင်တာကြောင့် ဒရုန်းဇုန်မှာ လုပ်စရာသိပ်မရှိဘူးဖြစ်နေတယ်။ ဒီတော့ မြူနယ်မြေအကြောင်း အဖြေရှာဖို့ ခေါင်အေးအေးထားနိုင်တယ်။
အေမီကလည်း နောက်ဆုံးကျန်တဲ့ အရိုးမျက်နှာတစ်အုပ်ကို အလင်းငှက်မွှေးတောင်တွေနဲ့ ဖြေရှင်းလိုက်ရင်း ပြန်ဖြေတယ်။
"အင်း... ဗီလိန်ကွန်ယက်ရဲ့သတင်းအရတော့ ဒေါက်တာမြူက မြူရေဘဝဲကို ကြားခံအနေနဲ့သုံးပြီး ဒိုင်မေးရှင်းအခွဲတွေကို ဖြန့်ထုတ်တာ။ ဒီတော့ သီအိုရီအရ မြူရေဘဝဲကိုသတ်နိုင်ရင် ဒိုင်မေးရှင်းတွေလည်း အလိုလိုပျက်စီးသွားမှာပဲ။"
ဒရုန်းဇုန်လည်း စဥ်းစားကြည့်လိုက်တယ်။ ကြားရတာတော့ လွယ်မယောင်ဆိုပေမဲ့ တကယ်လုပ်ကြည့်ဖို့ကတော့ ခက်တဲ့ကိစ္စပါ။
"ဒါပေမဲ့ ဒီမြူတွေကြားထဲမှာ မြူရေဘဝဲကို ငါတို့ဘယ်မှာသွားရှာမှာလဲ။ ငါတို့ကိုယ်တိုင်တောင် ဘယ်ရောက်နေမှန်းမသိဘူးလေ။"
လူသားတစ်ယောက်အတွက်ဆိုရင် ဘယ်လိုနည်းလမ်းမျိုးနဲ့မှ ဒီမြူနယ်မြေထဲကနေ ထွက်သွားစရာ နည်းလမ်းမရှိတော့ပါဘူး။ လက်ပန်းကျပြီး သေမယ့်အချိန်ကိုသာ ထိုင်စောင့်နေရတော့မှာပါ။
ဒါပေမဲ့ အေမီကတော့ ထူးခြားတယ်။ သူက ဗီလိန်ကွန်ယက်ရဲ့ဒေတာတွေအားလုံးကိုတောင် ခဏလေးနဲ့ ကူးယူနိုင်တဲ့ စူပါကွန်ပျူတာတစ်လုံးလေ။ ဒရုန်းဇုန်ရဲ့စကားကိုကြားတော့ ချက်ချင်းအဖြေတွက်ချက်တဲ့အခြေအနေအတွင်းကို ဝင်ရောက်သွားတယ်။
"အရင်ဒေတာတွေအရဆိုရင် ဒေါက်တာမြူရဲ့မြူရေဘဝဲက တစ်မိုင်ပတ်လည် ဒိုင်မေးရှင်းမြူတွေကို ၁မိနစ် ၃၀စက္ကန်အတွင်း ဖြန့်ထုတ်နိုင်တယ်။
ဒါပေမဲ့ဒီကျွန်းနဲ့ပတ်ပတ်လည်ကို ဖုံးလွှမ်းထားတဲ့မြူတွေက အနည်းဆုံးရေမိုင်ရှစ်မိုင်နီးပါးရှိတယ်။ ဒိုင်မေးရှင်းအခွဲတွေ အများကြီးဖြစ်မသွားခင် မြူရေဘဝဲတစ်ကောင်ကိုသတ်လိုက်တော့ နည်းနည်းကျုံဝင်သွားပြီး ဒိုင်မေးရှင်းအခွဲတွေအများကြီးဖြစ်လာတယ်။ ဒီတော့ လက်ရှိမြူတွေဖုံးလွှမ်းနေတဲ့ဧရိယာက ခုနစ်မိုင်ပတ်လည်။
မြူရေဘဝဲတစ်ကောင်ရဲ့အစွမ်းကုန်မြူထုတ်နိုင်စွမ်းက တစ်မိုင်ပတ်လည်နဲ့ တစ်မိုင်အရွယ်ကြားခံဒိုင်မေးရှင်းကြီး ရှစ်ခု။ ဒိုင်မေးရှင်းအရွယ် ပိုသေးလေ အခွဲပိုများလေ။ တိုက်ရိုက်အချိုးကျခြင်းက ၁:၈။ လက်ရှိဒိုင်မေးရှင်းနယ်မြေရဖို့ အနည်းဆုံးမြူရေဘဝဲခုနစ်ကောင်လိုမယ်။
လက်ရှိငါတို့ရောက်နေတဲ့ဒိုင်မေးရှင်းရဲ့အကျယ်က မီတာနှစ်ရာ၊ တစ်မိုင်မှာ မီတာ ထောင့်ခြောက်ရာရှိတဲ့အတွက် တစ်မိုင်ရဲ့ရှစ်ပုံတစ်ပုံ။ ဒီလိုဒိုင်မေးရှင်းမျိုးကို မြူရေဘဝဲတစ်ကောင်က ၆၄ ခုဖန်တီးနိုင်တယ်။ မြူရေဘဝဲက ခုနစ်ကောင်ဆိုတော့ ၄၄၈ ခုရှိမယ်။ ဒီအတွက် လက်ရှိငါတို့ကိုချုပ်နှောင်ထားတဲ့ ဒိုင်မေးရှင်းအရေအတွက်စုစုပေါင်းက ၄၄၈။"
အေမီက တစ်ယောက်တည်း သင်္ချာထိုင်တွက်နေတုန်း ဒရုန်းဇုန်ရတော့ မျက်မှောင်ကြီးကြုတ်နေမိတယ်။ စိတ်ထဲမှာတော့ 'ငါ အေမီရဲ့တွက်ချက်ရေး logကို သွားလှန်ကြည့်မိတာလား။' ဆိုတဲ့အတွေးက အခန့်သားနေရာယူထားတယ်။ အေမီကတော့ ဆက်တွက်နေဆဲပါ။
"ဒိုင်မေးရှင်းအခုက အရှေ့၊အနောက်၊တောင်၊ မြောက်၊ အထက်၊ အောက်ဆိုပြီး အရပ်ခြောက်မျက်နှာရှိနေပြီး အရပ်မျက်နှာတိုင်းမှာ အခြားဒိုင်မေးရှင်းတစ်ခုနဲ့ဆက်သွယ်ထားတယ်။ ဒီတော့ဒိုင်မေးရှင်းအခွဲတစ်ခုရဲ့ခန့်မှန်းပုံစံက ထောင့်ရှစ်ခြောက်ထောင့်ရှိတဲ့ ဆဋ္ဌဂံအဖြစ် ယူဆလို့ရမယ်။ ဆိုလိုတာက ဒေါက်တာမြူရဲ့ဒိုင်မေးရှင်းအခွဲ ၄၄၈ ခုက ဆဋ္ဌဂံတွေ အချင်းချင်းတွဲဖက်ထားတဲ့ ပုံစံမျိုးရှိလိမ့်မယ်။"
အေမီရဲ့စိတ်ထဲမှာ ဒိုင်မေးရှင်းအခွဲတွေရဲ့သုံးဖက်မြင်မြေပုံတစ်ခု ထွက်ပေါ်လာတယ်။ အေမီက ဒရုန်းဇုန် နားလည်စေဖို့အတွက် အဲဒီမြေပုံကို ထုတ်ပြလိုက်ဲတယ်။ ဒိုင်မေးရှင်းအကုန်လုံးပေါင်းစည်းထားတဲ့ ဖြစ်နိုင်ခြေပုံစံကလည်း ဆဋ္ဌဂံအလုံးကြီးပါပဲ။
"ပြီးတော့ ဒေါက်တာမြူက အဲဒီဒိုင်မေးရှင်းအခွဲတွေကို တစ်ခုနဲ့တစ်ခုချိတ်ဆက်ပြောင်းလဲနိုင်တယ်။ ဒါပေမဲ့ အဲဒီပြောင်းလဲမှုကလည်း ပုံသေနည်းတစ်ခုရှိနေနိုင်ပြီး ဧရာမကြီးမားတဲ့ Rubik's Cube ပုစ္ဆာကြီးတစ်ခုနဲ့တူလိမ့်မယ်။ ဆိုလိုတာက ငါ့ရဲ့သီအိုရီသာမှန်ရင် ဒီဒိုင်မေးရှင်းအခွဲတွေထဲမှာ မျက်စိမလည်ဘဲ လျှောက်သွားလို့ရနိုင်ပြီ။"
အေမီက သူတို့အခုရောက်နေတဲ့ ဒိုင်မေးရှင်းကို X လို့သတ်မှတ်လိုက်တယ်။ သူတို့ရောက်နေတဲ့ဒိုင်မေးရှင်းက ၄၄၈ခုထဲက ဘယ်နှစ်ခုမြောက်မှန်းမသိတာကြောင့် မသိကိန်းထားလိုက်တယ်။ သူတို့အရှေ့ဖက်သွားလို့ ဒိုင်မေးရှင်းအခြားတစ်ခုထဲရောက်သွားရင် အဲဒါကို အေမီက X-E လို့နာမည်ပေးလိမ့်မယ်။ အနောက်ဆိုရင်တော့ X-Wပေါ့။
ဒိုင်မေးရှင်းတစ်ခုနဲ့ဆက်စပ်အခြားဒိုင်မေးရှင်းက ခြောက်ခုရှိနေတဲ့အတွက်ကြောင့် X,XE, XW, XN,XS, XU,XD ဆိုပြီး မသိကိန်းဒိုင်မေးရှင်းခုနစ်ခုရလာမယ်။ ဒါတွေကို အေမီက သူ့ရဲ့သီအိုရီမြေပုံထဲ ထည့်သွင်းလိမ့်မယ်။ ပြီးတော့ အဲဒီကနေဆင့်ပွားပြီး အနုမာနဆဋ္ဌဂံမြေပုံတစ်ခုကို သူရေးဆွဲနိုင်လိမ့်မယ်။
"ဒရုန်းဇုန်၊ ငါတို့ဒေါက်တာမြူရဲ့ဒိုင်မေးရှင်းပုစ္ဆာကို ဖြေရှင်းချင်ရင် ဒီနယ်မြေထဲမှာ နေရာအနှံလျှောက်ပြီး ဆဋ္ဌဂံမြေပုံကို ရာနှုန်းပြည့်ပြည့်စုံသွားတဲ့အထိ လုပ်ရလိမ့်မယ်။ မြူရေဘဝဲတွေကလည်း ဒီနယ်မြေထဲမှာပဲ ရှိနေတာဆိုတော့ ငါတို့လမ်းကြုံဝင်သတ်နိုင်တယ်။"
ဒရုန်းဇုန်လည်း ပြုံးလိုက်တယ်။ အေမီက အချိန်တော်တော်များများမှာ စိတ်မချရဘူးဆိုပေမဲ့ ဒီတစ်ခါတော့ သူတို့တစ်ဖွဲ့လုံး သူ့ကိုပဲအားအိုးရမယ့်ပုံပဲ။
"မသိကိန်းတွေချည်းပဲရှိနေတဲ့ပုစ္ဆာလား၊ စိတ်ဝင်စားစရာပဲ။"
....
ဒေါက်တာမြူ၏စောင့်ကြည့်ခန်းထဲတွင်ဖြစ်သည်။
မြူနယ်မြေထဲမှ လူတိုင်းလိုလို၏အပြုအမူနှင့်အခြေအနေများကို သူမြင်နေရသည်။ အစပိုင်းမိနစ်ကနှင့်ယှဥ်ပါက သက်ဝင်လှုပ်ရှားနေသော ဒိုင်မေးရှင်းအရေအတွက်မှာ နည်းသည်ထက်နည်းလာ၏။
ပန်ဒရာဂွန်မိသားစုမှထည့်ပေးလိုက်သော ကိုယ်ရံတော်တစ်ဝက်ခန့်မှာ သေကုန်ကြပြီဖြစ်ပြီး ယခုထိကျန်နေသေးသူများမှာ အဆင့်တစ်ခုအထိ စွမ်းအားကြီးသောသူများ ဖြစ်ကြပေသည်။ ဒိုင်မေးရှင်းတစ်ခုတွင် ရုန်းကန်နေသည့် အယ်လိုဟင်ကို ကြည့်လိုက်ရင်း ဒေါက်တာမြူက တစ်ယောက်တည်း စကားပြောလိုက်၏။
"သူတို့ထဲက အများစုက တော်တော်လေးတိုးတက်လာကြတာပဲ။ ငါက အဲဒီဆိုက်ဘော့ကို ခဏလေးနဲ့ သေသွားမယ်ထင်ထားခဲ့တာ။"
အခြားဒိုင်မေးရှင်းများတွင် ရုန်းကန်နေရသည့် အဖွဲ့ဝင်များကိုလည်းမြင်နိုင်ပြီး ပြေးလွှားနေရသည့် ငွေရောင်စစ်သည်၊ ဒဏ်ရာအချို့ရထားပြီဖြစ်သော ဥစာကီနှင့် ဓားပြရေတပ်နှင့်အသက်လုနေရသော အာကိုင်းဂါမီတို့မှာ မျက်စိအဖမ်းစားနိုင်ဆုံးပင်ဖြစ်သည်။ ဒေါက်တာမြူ၏တစ်ဖွဲ့လုံးအပေါ်ဗျူဟာက အတော်လေးရိုးရှင်းသည်ဟု ပြောရပေမည်။
"ရန်သူတွေကို ရှင်းပစ်ဖို့အသင့်တော်ဆုံးနည်းလမ်းက သူတို့အားနည်းချက်နဲ့ တိုက်ရိုက်ရင်ဆိုင်ခွင့်ပေးတာပဲ။" လူအုပ်ကြီးနှင့်ယှဥ်ပြိုင်တိုက်ခိုက်ရာတွင် အခက်တွေ့နိုင်သော ငွေရောင်စစ်သည်ထံ အရိုးမျက်နှာ တစ်အုပ်ကြီးလွှတ်လိုက်ခြင်း၊ စွမ်းအားကြီးသည့် ပြိုင်ဖက်များကို တန်းတူရင်ဆိုင်ရာတွင် အားနည်းသည့် Archmegaကို ရေဘဝဲနှင့်ရင်ဆိုင်စေခြင်းတို့က သူ့ဗျူဟာကို သိသာစေပေသည်။
ဥစာကီသည်ပင် တဖြည်းဖြည်းအားနည်းလာသည်ကို စောင့်ကြည့်ခန်းထဲမှ ဒေါက်တာမြူမြင်နေရ၏။ "သိုင်းပညာကို အဓိကအားကိုးတဲ့ ဟီးရိုးတစ်ယောက်အနေနဲ့ ဥစာကီက သက်လုံပိုင်းအားနည်းတယ်။ သူ့ကို နည်းနည်းနဲ့ဖြည်းဖြည်းချင်းခြွေရမယ်။"
"အယ်လိုဟင်မှာက သယ်နိုင်တဲ့လက်နက်အကန့်အသတ်ရှိတယ်။ သူကျည်ပိုဖြုန်းမိအောင် ခိုးချောင်ခိုးဝှက် တိုက်ခိုက်ရမယ်။"
"အာကိုင်းဂါမီ... အား... ဒီကောင်က နည်းနည်းခက်ပေမဲ့ သူ့ကိုအချိန်ဆွဲဖို့ အင်အားကြီးကြီးနဲ့ဖိနှိပ်ထားလို့ရတယ်။ ဆွေးနွေးပွဲမှာ တခြားဗီလိန်တွေလက်ခံတာနဲ့ စမစ်က ဒီကိုရောက်လာပြီး အန်းနပ်စ်နဲ့ သူ့ခေါင်းကိုဖိချေပစ်မှာပဲဥစ္စာ။"
သို့သော်လည်း အေမီနှင့်ဒရုန်းဇုန်စုပြီးသွားပြီး တစ်ခုခုပေါင်းကြံနေသည်ကို မြင်ရချိန်တွင်တော့ Mad doctor စဥ်းစားရကျပ်သွားသည်။
"ဟမ်... နေစမ်းပါဦး၊ အဲဲဒီသုံးစားမရတဲ့ အိမ်သန့်ရှင်းရေးစက်ရုပ်မက ဘယ်လိုလုပ်ပြီး S rank အဆင့်တိုက်ခိုက်ရေးစွမ်းအားကို ရုတ်တရက်ရသွားတာလဲ။"
မြူတန့်သိပ္ပံအနေနှင့် သတင်းရယူနိုင်စွမ်းတွင် အားမနည်းခဲ့သော်လည်း အေမီအဆင့်တက်သွားခြင်းကို သူတို့သိခြင်းမရှိခဲ့ပါ။ စင်စစ် နာဂါနိုတိုက်ပွဲတွင် အေမီပေါ်လာသည့်တိုင်အောင် ကောင်းကင်ပေါ်မှငွေအလင်းမှာ ယခင်က B rank တစ်ယောက်သာဖြစ်သော အိမ်စေစက်ရုပ်ဖြစ်နိုင်သည်ဟု ကောက်ချက်ဆွဲရန် မြူတန့်သိပ္ပံအနေဖြင့် တတ်နိုင်သောအရာဟုတ်မနေပါ။
"ဘာလို့ သူတို့တွေက ဒိုင်မေးရှင်းတစ်ခုနဲ့တစ်ခုကြားအပျော်လိုသဘောထားပြီး ကူးနေကြတာလဲ။ ဝင်လိုက်ထွက်လိုက်တောင် လုပ်နေသေးတယ်။"
ပုံမှန်အားဖြင့် ဒိုင်မေးရှင်းများအတွင်းရှိဟီးရိုးများမှာ ရန်သူများလိုက်သဖြင့် ပြေးနေကြခြင်းသာဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိဖြင့် ဒိုင်မေးရှင်းများကို ခုန်ကူးနေကြခြင်းမဟုတ်ကြရာ အလျင်းသင့်သလိုသွားလာနေကြခြင်းဖြစ်၏။
သို့သော်လည်း အေမီတို့အုပ်စုရတော့ ဒိုင်မေးရှင်းတစ်ခုကိုရောက်သည်နှင့် အခြားဆက်စပ်ဒိုင်မေးရှင်းများသို့ပါ ဝင်လိုက်ထွက်လိုက် ပြုမူနေကြသည်။
"ငါ တခြားအဓိကအဖွဲ့ဝင်တွေကို အာရုံစိုက်နေမိပြီး သူတို့ကို လုံလုံလောက်လောက် ဖိအားမပေးမိလို့ ပျင်းနေကြတာများလား။"
ဒေါက်တာမြူလည်း အကြံဆိုးကြီးဖြင့် တစ်ချက်ပြုံးလိုက်ပြီးနောက် နောက်မှတစ္ဆေပင်လယ်ဓားပြ ခေါင်းဆောင်တစ်ယောက်ကို အမိန့်ပေးလိုက်တော့သည်။
"မင်းတို့သင်္ဘောတစ်စီးနဲ့ အဲဒီမြာလေးနှစ်ယောက်ကို လိုက်ဖမ်းချေ။ တစ်ယောက်က S rank ဆိုပေမဲ့ မြူအကာအရံတွေထဲမှာ ဖရီးဂိတ်တစ်စင်းကို ဖျက်ဆီးနိုင်လောက်အောင်တော့ အားရှိမှမဟုတ်ဘူး။ မြူရေဘဝဲကလုန်းတချို့က မင်းတို့ကိုကာပေးမယ်။ ဖမ်းမိရင် ကြိုက်သလိုသာလုပ်။"
"ခင်ဗျားစိတ်ကြိုက်ဖြစ်စေရမယ်..." ဓားပြများက ပျော်ရွှင်စွာသဘောတူလိုက်ရင်း စစ်သင်္ဘောတစ်စီးကို မြူပင်လယ်ကြီးထဲ မောင်းနှင်သွားလိုက်သည်။
ခဏကြာတော့ ဒေါက်တာမြူဆီကို စမစ်ဆီမှဖုန်းဝင်လာသည်။ အစည်းအဝေးပွဲက စဖို့အချိန်တန်ပြီဖြစ်၏။
"ဟေး၊ ဒေါက်တာမြူ။ တိုက်ပွဲမှာ ငါတို့အောင်ပွဲခံနေတဲ့အကြောင်း တခြားအဖွဲ့တွေသိအောင်လို့ Hightlight ပြဖို့စီစဥ်လိုက်တော့။ လူအထင်ကြီးမယ့်ဟာမျိုးပဲ လိုချင်တယ်။ အာကိုင်းဂါမီခံနေရတဲ့ပုံကို သေချာရိုက်ပြထား။ အဲဒီကောင်ကို တုန်နေအောင်ကြောက်တဲ့ ဗီလိန်တွေများတယ်။"
ဒေါက်တာမြူကလည်း အားရပါးရရယ်လိုက်ပြီး။ "ကောင်းပြီ၊ ကျုပ်ကြိုးစားလိုက်ပါ့မယ်။ သူတို့ကို နည်းနည်းပိုဖိပြီးတော့ ရိုက်ကွက်ကောင်းလေးတွေ ဖန်တီးလိုက်မယ်လေ။ ဪ၊ ဒါနဲ့.... သွေးထွက်သံယိုမြင်ကွင်းတွေဘာတွေလည်း ပြလို့ရတယ်မဟုတ်လား။"
"ဒါပေါ့၊ ငါတို့က ဇာတ်ကားရုံတင်နေတာ မဟုတ်ဘူးလေ။ ဘာဖြစ်လို့လဲ။" ဒေါက်တာစမစ်၏စကားကြောင့် ဒေါက်တာမြူက ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။
"ဘာမှမဟုတ်ပါဘူး... မိတ်ဆွေဟောင်းတစ်ယောက်ကို နှုတ်ဆက်ချင်လို့ပါ။" ဒေါက်တာမြူ၏မျက်လုံးများကတော့ ဒိုင်မေးရှင်းတစ်ခုထဲတွင် ရုန်းကန်နေသည့် စကော်ပီယိုထံ ရောက်ရှိသွားပြီး ရက်စက်တော့မည့်ဟန်ဖြင့် နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်လေသည်။