နိုင်ငံရေး
Vol. 4 Ch. 30
အမေရိကန် အိမ်ဖြူတော်ရှေ့တွင် လူအများစုဝေးနေကြသည်။
သေချာကြည့်မည်ဆိုပါက အုပ်စုနှစ်စုကွဲနေကြပြီး တစ်အုပ်စုက အသစ်ပြဌာန်းလိုက်သည့် မြူတန့်ဥပဒေအပေါ် ဆန့်ကျင်နေကြသူများဖြစ်ပြီး အခြားတစ်အုပ်စုကတော့ ဥပဒေသစ်အပေါ် ကြိုဆိုနေကြသူများဖြစ်၏။
တစ်ဖွဲ့က 'အမေရိကန်ပြည်သူများအပေါ် တရားမဝင် ထောက်လှမ်းမှုပြုလုပ်မည့်အစီအစဥ် ချက်ချင်းဖျက်။' 'ဥပဒေသစ်က ကိုယ်ရေးအချက်အလက် လွတ်လပ်ခွင့်ကို ချိုးဖောက်နေ' 'အမေရိကန်က ဖက်ဆစ်တွေအတွက် နေရာမဟုတ်' စသည့်ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားပြီး အခြားတစ်ဖွဲ့ကတော့ 'လွတ်လပ်ခွင့်ဆိုတာ လူသားတွေအတွက်' 'မီတာတွေက လူသားမဟုတ်ဘူး။' စသည်ဖြင့် ဆန္ဒပြနေကြခြင်းဖြစ်ကာ ဆူပူမှုများဖြစ်မလာစေရန် ရဲတပ်ဖွဲ့က နှစ်ဖွဲ့လုံး၏အလယ်တွင် နေရာယူထားရသည်။
...
အိမ်ဖြူတော် ပြောခွင့်ရရုံးတွင်တော့ ဂျာနယ်လစ်အများအပြားမှာ ခန်းမအတွင်း နေရာယူထားကြပြီဖြစ်ပြီး ထိုလူအုပ်အတွင်းတွင် သတင်းထောက်ပြန်လုပ်နေပြီဖြစ်သည့် မာဂရပ်လည်းပါသည်။
မာဂရပ်ကို ယခုအခါတွင် နိုင်ငံ၏ဂျာနယ်လစ်များအနက် ထက်မြက်သည့်အမျိုးသမီးဂျာနယ်လစ်တစ်ဦးအဖြစ် ယူဆနိုင်ပြီး Foxမှအလုပ်ဖြုတ်လိုက်သည့်တိုင်အောင် အခြားသတင်းဌာနများစွာက သူ့အားလိုချင်နေကြဆဲဖြစ်ပေသည်။ ယာကူဇာများနှင့်ပတ်သက်သောသတင်းကို တော်ရုံဂျာနယ်လစ်များမှာ အသက်စွန့်ပြီး မလိုက်ရဲကြသဖြင့် သတ္တိကောင်းသော ထိုမိန်းကလေးကို လေးစားကြသည့်သတင်းဌာနများ ရှိနေသည်မှာ ပုံမှန်ပင်ဖြစ်ပေသည်။
သို့သော်လည်း ယခုအထိ လေဒီဘတ်တာဖလိုင်းမှာ မာဂရပ်ဖြစ်ကြောင်း ပြည်သူအများမသိကြသေးပေ။
မာဂရပ်က သူမေးရမည့်အလှည့်သို့ရောက်လာပြီဖြစ်သဖြင့် လက်ထောင်ပြီး အိမ်ဖြူတော်ပြောခွင့်ရ ပုဂ္ဂိုလ်ကို မေးခွန်းထုတ်လိုက်သည်။
"ခွင့်ပြုပါ၊ မြူတန့်တွေရဲ့စွမ်းအားအသုံးပြုမှုကို ထောက်လှမ်းမယ့်အစီအစဥ်က နိုင်ငံသားတွေရဲ့ကိုယ်ရေးလုံခြုံခွင့်ဥပဒေကို ချိုးဖောက်ရာကျနေတာ လူတိုင်းအသိပါ။ ကျွန်မမေးချင်တာက ဒီလိုဥပဒေမျိုးကို ပြဌာန်းဖို့က တကယ်ရောသင့်တော်ရဲ့လားဆိုတာကိုပါ။"
ပြောခွင့်ရပုဂ္ဂိုလ်ကလည်း ထိုသို့သောမေးခွန်းများကို မျှော်လင့်ပြီးဖြစ်သဖြင့် တည်ငြိမ်စွာဖြင့်ပင် ရင်ဆိုင်အဖြေပေးသည်။
"တကယ်တော့ ပြည်သူအများစုသတိမထားမိကြသေးပေမဲ့ အမေရိကန်အမိမြေကာကွယ်ရေးအေဂျင်စီက ခင်ဗျားတို့ရဲ့မိုဘိုင်းဖုန်းတွေကို လျှို့ဝှက်စောင့်ကြည့်နေတာ ကြာခဲ့ပါပြီ။ ပြီးတော့ လုံးဝကို တရားဝင်ခွင့်ပြုထားတဲ့ အခြေအနေတစ်ခုပါ။ ကိစ္စနှစ်ခုက မတူဘူးဆိုပေမဲ့ မြူတန့်စွမ်းအားသုံးခြင်းကို ထောက်လှမ်းမယ့်ဥပဒေဟာ လိုအပ်လို့ လုပ်ခဲ့တာပါ။ FBIရဲ့ယခုနှစ်စစ်တမ်းတွေအရ အမေရိကန်မှုခင်း ၆၀ ရာခိုင်နှုန်းလောက်က မြူတန့်စွမ်းအား အသုံးပြုပြီးကျူးလွန်ခဲ့တာပါ။ တရားခံ ၇၀ရါခိုင်နှုန်းလောက်က ဗီလိန်တွေနဲ့ရာဇဝတ်ဂိုဏ်းတွေကမဟုတ်ဘဲ သူလိုငါလို မြူတန့်ပြည်သူတွေဖြစ်ပါတယ်။ ခိုးမှု၊ လုယက်မှု၊ ဓားပြမှု၊ ဒေါသအလျောက် လူသတ်မှု၊ အငြိုးအတေးအရလူသတ်မှု ရာဇဝတ်မှုတွေကို ကြိုတင်တားဆီးဖို့ဆိုရင် မြူတန့်တွေကိုစောင့်ကြည့်ရပါမယ်။ မြူတန့်အများစုက ရာဇဝတ်သားတွေမဟုတ်ပေမဲ့၊ ရာဇဝတ်သားအများစုကတော့ မြူတန့်တွေဖြစ်ပါတယ်။ မြူတန့်စွမ်းအားအသုံးပြုခြင်းကို စနစ်တကျစောင့်ကြည့်ခြင်းဖြင့် မှုခင်းတွေရဲ့၄၅ ရာခိုင်နှုန်းကို လျှော့ချနိုင်လိမ့်မယ်လို့ FBIက ညွန်းကိန်းထုတ်ထားပါတယ်။"
"ရှင်ဆိုလိုတာက မြူတန့်ပြည်သူတွေကို ရာဇဝတ်မှု ကျူးလွန်နိုင်ခြေရှိသူတွေအဖြစ် အစိုးရက ယူဆတယ်ပေါ့။"
"တခြားမေးခွန်း ဆက်မေးပေးပါ။"
မာဂရပ်က ဖုန်းrecoderက အချိန်ကိုကြည့်လိုက်ရင်း သူ့မှတ်စုထဲက နောက်မေးစရာရှိတဲ့မေးခွန်းကို ဆက်သွားတယ်။
"အစိုးရအနေနဲ့ လက်ရှိစောင့်ကြည့်ဥပဒေက ဘယ်လောက်ထိသက်ရောက်မှုရှိမယ်ထင်ပါသလဲ။ အားလုံးသိကြတဲ့အတိုင်းပဲ ၁၉၁၇ အရက်တားမြစ်မှုဥပဒေက အကျင့်ပျက်ခြစားမှုတွေ၊ မလိုက်နာမှုတွေကြောင့် ကျရှုံးခဲ့ပါတယ်။ တရားဥပဒေသီအိုရီရှုထောင့်အရကြည့်ရင် မရည်ရွယ်သော အကျိုးဆက်များလို့ခေါ်မလား။ တချို့တရားဝင်ပြီးသားအရာတွေကို တရားမဝင်ဘူးလို့ ရုတ်တရက်သက်မှတ်ခြင်းက ဆိုးကျိုးတွေရှိနိုင်မယ်မဟုတ်လား။"
အမေရိကန်အစိုးရက ၁၉၁၇ ခုနစ်မှာ အရက်ကို လုံးဝတရားမဝင်ဘူးလို့ တားမြစ်ခဲ့ဖူးတယ်။ ထုတ်လုပ်ခြင်း ရောင်းချခြင်း နှစ်ခုလုံးကို ပိတ်ပင်ခဲ့ကြတာပါ။ ဒါပေမဲ့ အမှန်တကယ်လိုက်နာမှုပိုင်းမှာ အားနည်းခဲ့ပြီး ရဲဘက်နဲ့ထောက်လှမ်းရေးကို အကျင့်ပျက်စေခြင်းနဲ့ မှောင်ခိုမှုတွေ တိုးပွားလာခြင်းကိုသာ ဖြစ်ပေါ်စေခဲ့ပါတယ်။
"ဒါက မတူညီတဲ့ကိစ္စပါ၊ ကျွန်တော်ရှင်းပြပါ့မယ်။" ပြောခွင့်ရပုဂ္ဂိုလ်က သူ့စကားကို အစချီသည်။
"အရက်တားမြစ်ဥပဒေကိစ္စတုန်းက မတိုးတက်တဲ့ခေတ်မှာဖြစ်ပြီး ဥပဒေထိန်းသိမ်းရေးအရာရှိတစ်ယောက်က အမေရိကန်ပြည်သူ ခုနစ်သောင်းအထိကို စောင့်ကြည့်ရလောက်တဲ့အထိ ဖိအားများခဲ့တယ်။"
ပြောခွင့်ရပုဂ္ဂိုလ်က စကားကိုခဏနားလိုက်ပြီး ဆက်ပြောလိုက်သည်။ "ဒါပေမဲ့ ယနေ့ခေတ်ကတော့ နည်းပညာခေတ်ပါ။ ဥပဒေထိန်းသိမ်းရေးအရာရှိတွေအနေနဲ့ အကုန်လုံးကို ကိုယ်တိုင်စောင့်ကြည့်စရာမလိုပါဘူး။ နောက်လထဲမှာ မြူတန့်ပြည်သူတိုင်းကို ကျွန်တော်တို့က စမတ်လက်ပတ်ကလေးတွေ ပေးသွားမှာပါ။ ခန္ဓာကိုယ်အတွင်းက မြူတန့်စွမ်းအင်လှုပ်ရှားမှုကို ခြေရာခံနိုင်ပြီး ဥပဒေထိန်းသိမ်းရေးအရာရှိတွေဆီ အချိန်နဲ့တပြေးညီ သတင်းပို့နိုင်ပါတယ်။"
"ရာဇဝတ်သားတွေလိုမျိုး အချိန်နဲ့တပြေးညီစောင့်ကြည့်မှာလား။" အမေရိကန်မှာက ခံဝန်နဲ့လွတ်ထားတဲ့ ရာဇဝတ်သားတွေကို အထက်ပါနည်းပညာသုံးလက်ပတ် (သို့) ခြေကျင်းတွေကိုသုံးပြီး နေအိမ်အကျယ်ချုပ်ထား စောင့်ကြည့်လေ့ရှိပါတယ်။
ပြောရရင်တော့ မြူတန့်ပြည်သူတွေအနေနဲ့ တစ်ချိန်လုံး ရာဇဝတ်သားတွေလို စောင့်ကြည့်ခံနေရတော့မှာဖြစ်ပါတယ်။
...
သမ္မတရုံးခန်းထဲတွင်ဖြစ်သည်။
အမေရိကန်နိုင်ငံ၏ ၅၁ ဆက်မြောက်သမ္မတကြီး ဂျိုးဝဲလ်ဆင်ကတော့ သူ့ကြောင့်ဖြစ်လာသည့် ကိစ္စရပ်များကို ပြန်တွေးပြီး ဝမ်းသာအားရဖြစ်နေပုံရသည်။
အခန်းအပြင်မှနေ၍ တံခါးခေါက်သံထွက်ပေါ်လာသဖြင့် ဂျိုးဝဲလ်ဆင်မှာ ခေါင်းထောင်ကြည့်လိုက်ပြီး ပြောလိုက်၏။
"ဝင်ခဲ့ပါ။" အနောက်တိုင်းဝတ်စုံဝတ်ထားသော လူရည်သန့်လူမည်းတစ်ယောက် ဝင်လာပြီးအစီရင်ခံသည်။
"သမ္မတကြီးခင်ဗျား၊ သတင်းမီဒီယာတွေက ကျွန်တော်တို့ရဲ့ဥပဒေဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဒေါသထွက်နေကြပါတယ်။"
"ကိစ္စမရှိဘူး၊ သူတို့ခါတိုင်းလည်း အစိုးရကို ပြဿနာရှာနေကျပဲဥစ္စာ။ တစ်လနှစ်လလောက်ကြာရင် အဲဒီအကြောင်းတွေမေ့သွားရော။ ဥပဒေကဖြင့် အတည်ဖြစ်နှင့်နေပြီ။"
"ဒီမိုခရက်အမတ်တွေကလည်း အဲဒီဥပဒေကိုဆန့်ကျင်ပြီး ပြန်မဲခွဲဖို့အတွက် အောက်လွှတ်တော်မှာ တောင်းဆိုနေကြပါတယ်။"
"ဒါလည်းကိစ္စမရှိဘူး၊ ငါတို့ရီပက်ပလစ်ကန်တွေက လွှတ်တော်နှစ်ခုလုံးမှာ လူပိုများတယ်။ လစ်ဘရယ်တွေ ကြားနေနေသမျှ သူတို့မဲဘယ်လိုခွဲခွဲမနိုင်ဘူး။"
သမ္မတဂျိုးလ်ဝဲလ်ဆင်မှာ အမေရိကန်နိုင်ငံ၏ဘီလီယံတာတစ်ယောက်ဖြစ်ဖူးပြီး နိုင်ငံရေးလောကသို့ ဝင်လာသည်မှာ မကြာသေးပါ။ သို့သော်လည်း သမ္မတဖြစ်လာပြီး ၂နှစ်ခန့်ကြာသည့်အချိန်တွင် မျိုးချစ်အမေရိကန်များ၏နှုတ်ခမ်းဖျားတွင် နာမည်ကျော်ကြားလာသည်။
ချမ်းသာသည့်အရင်းရှင်တစ်ယောက် ဖြစ်သည့်အတွက် လူတို့၏ပါးစပ်ကို ငွေဖြင့်မည်သို့ပိတ်ရမည်သိပြီး နိုင်ငံရေးကစားကွက်နှင့်စီးပွားရေးကစားကွက်များကို လိုသလိုလှည့်ပြောင်းသုံးစွဲနိုင်ပေသည်။
လွန်ခဲ့သည့်တစ်နှစ်ကလည်း တရုတ်နိုင်ငံစီးပွားရေးတိုးတက်မှုကို ကာမိစေရန်အတွက် အမေရိကန်ကုန်ထုတ်လုပ်ငန်းဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့ပြီး စက်ရုံများတွင် လူအင်အားအစား ဉာဏ်ရည်တုနှင့်စက်ရုပ်များအစားထိုးခြင်းကို အရှိန်မြှင့်လုပ်ဆောင်စေခဲ့သေးသည်။
သာမန်အခြေခံမိသားစုများက သူ့ကိုပြဿနာရှာကြမည်ဖြစ်သော်လည်း လုပ်ခလစာစျေးကြီးမှုကြောင့် ခေါင်းကိုက်နေရသော အရင်းရှင်များအဖို့ အကြိုက်ဥပဒေဖြစ်နေ၏။ အခြားတစ်ဖက်လှည့်အနေဖြင့်မူ သမ္မတက ကျန်းမာရေးစောင့်ရှောက်မှုထောက်ပံကြေးများ တိုးပေးခြင်းဖြင့် အခြေခံလူတန်းစားများထံမှ ဒေါသကိုဖြေလျှော့ခဲ့ပါသည်။
တွေးခေါ်ပညာရှင် မက်ခယ်ဗလိက 'အုပ်ချုပ်သူသည် အနာလည်းပေး ဆေးလည်းပေးပြီး ဘက်မျှအောင်လျှောက်ရသည်။' ဟုဆိုခဲ့ဖူးပေသည်။ ဂျိုးလ်ဝဲလ်ဆင် လျှောက်နေသောလမ်းမှာ လှေနံနှစ်ဖက်ခွနင်းခြင်းဖြစ်ပြီး သူ့အတွက်အန္တရာယ်များလှပါဘိ။
"ဘာပဲပြောပြော အတိုက်အခံတွေဖက်က အင်အားများလာပြီဆိုတော့ နောက်သက်တမ်းရွေးကောက်ပွဲမှာအဆင်ပြေအောင် လုပ်ဖို့လိုသေးတယ်။ Green ပါတီဘက်ကကိစ္စရော ဘယ်လိုအခြေအနေရှိလဲ။"
လူရည်မွန်က ဦးညွှတ်လိုက်ပြီး "စက်မှုလုပ်ငန်းကြီးတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ကို ပိုဂရုစိုက်အောင် သတိပေးပေးဖို့ မျှော်လင့်နေကြပါတယ်။"
"ငါသူတို့လိုချင်တဲ့အဆိုကို လွှတ်တော်မှာတင်သွင်းပေးမယ်လို့ပြောလိုက်။ ဒါပေမဲ့ အပြန်အလှန်အနေနဲ့ သူတို့လည်း ငါလိုချင်တဲ့ထောက်ခံမဲရအောင် ကူညီပေးရမယ်။"
ဂရင်းပါတီက အမေရိကန်၏စတုတ္ထအကြီးဆုံးဟု ယူဆနိုင်သည်။ လွှတ်တော်ထဲတွင် အင်အားသိပ်မများသော်လည်း သူတို့ထောက်ခံမှုဖြင့် ရီပက်ပလစ်ကန်က ဒီမိုခရက်အမတ်များ၏ဆန္ဒမဲကို လစ်လျူရှုထားနိုင်ပါသေး၏။
'ဟားဟား.... နိုင်ငံရေးလောကဆိုတာ ဒီလိုပဲမဟုတ်လား။' လွှတ်တော်ထဲမဲခွဲအနိုင်ကျင့်သည်ဟု လူတိုင်းက အင်တာနက်ပေါ်တွင်ပြောသည့်ပို့စ်များတွေ့တိုင်း ဂျိုးဝဲလ်ဆင်ကတော့ ထိုသို့ခပ်ဟဟသာ ရယ်မောလေ့ရှိသည်။
စင်စစ် မြူတန့်စောင့်ကြည့်ရေးဥပဒေနှင့်ဟီးရိုးအစည်းအရုံးများအပေါ် ကြပ်မတ်သောဥပဒေက ပြည်သူထောက်ခံမှုမရှိဘဲ ဖြစ်လာခြင်းတော့မဟုတ်လှပေ။
ရာဇဝတ်မှုကျူးလွန်သူအများစုမှာ မြူတန့်များဖြစ်နေသဖြင့် သာမန်အရပ်သားတော်တော်များများက စိုးရိမ်တတ်လေ့ရှိပြီး အစိုးရအပေါ် နားပူနားဆာလုပ်လေ့ရှိကြသည်။ အခြားတစ်ဖက်တွင်တော့ ဟီးရိုးများက ဗီလိန်များနှင့်တိုက်ခိုက်ရင်း အများပိုင်ပစ္စည်းများ ပျက်စီးမှုဖြစ်တတ်သည်။ ဟီးရိုးအစည်းအရုံးက ပျက်စီးမှုအားလုံးအတွက် ပြန်လျော်သည်ဆိုသော်လည်း ထိုငွေများ မည်သည့်နေရာမှလာသည်ကို သိရန်လိုပေသည်။
၂၀၀၅ ဂျနီဖာကွန်ဗန်းရှင်းအရ ဟီးရိုးအစည်းအရုံးများ၏အဓိကထောက်ပံငွေများမှာ UNငြိမ်းချမ်းရေးထိန်းသိမ်းရေးအဖွဲ့မှ လာခြင်းဖြစ်ကာ အဖွဲ့ဝင်နိုင်ငံများက ဟီးရိုးအစည်းအရုံးအတွက် နှစ်စဥ်အလျှူငွေထည့်ရသည်။ ထိုအလျှူငွေများ ဘယ်ကရလာသလဲပြန်ခြေရာကောက်ကြည့်ပါက သက်ဆိုင်ရာနိုင်ငံများမှ အခွန်ထမ်းပြည်သူများထံမှဖြစ်ပေ၏။
နှစ်ငါးဆယ်အတွင်း ဟီးရိုးအစည်းအရုံးက ကိုယ်ပိုင်လုပ်ငန်းများဖြင့် ရန်ပုံငွေရှာလာသော်လည်း အဓိကရင်းမြစ်ကို မပြောင်းလဲနိုင်သေးပါ။ သူတို့လိုအပ်သည့် ငွေကြေးအရင်းအနှီးပမာဏက များလွန်းပေသည်။
အစိုးရများက ဟီးရိုးအစည်းအရုံးများအတွက်ထောက်ပံကြေးကို သူတို့ဘဏ္ဍာငွေထဲမှ စိုက်ပေးရန်ဆန္ဒမရှိကြဘဲ ပြည်သူများသတိမမူမိခင် အခွန်များကို တိတ်တိတ်လေး တိုးကောက်ပေးရန်သာလိုပေသည်။
သို့နှင့် ဗီလိန်နှင့်ဟီးရိုးများကြောင့် မြို့ပြများပျက်စီးတိုင်း ဟီးရိုးအစည်းအရုံးက လျော်သည်၊ နိုင်ငံများက လိုသည့်ငွေကို ထောက်ပံရသည်၊ ပြည်သူများက အခွန်ပေးရသည်။ အခွန်ပိုပေးရသဖြင့် ပြည်သူများက အစိုးရကို ပြစ်တင်မောင်းမဲကြသည်။ အစိုးရမှာတော့ အခွန်ပိုကောက်သဖြင့် ဂုဏ်သိက္ခာကျနေပြီး တစ်ဖက်မှာတော့ ဟီးရိုးများက ဗီလိန်များကိုမောင်းထုတ်ပေးသူများဆိုကာ ဂုဏ်ပြုခံနေရသည်။
ထို့ကြောင့် နိုင်ငံရေးသမားအများစုက ဟီးရိုးများကို မျက်မုန်းကျိုးနေကြခြင်းဖြစ်၏။
ပြီးတော့ မျက်မုန်းကျိုးနေကြသူများက နိုင်ငံရေးသမားများတင်မကဘဲ ဌာနဆိုင်ရာများပါပါသည်။ ကျော်ကြားသည့် ဥပဒေတစ်ခုဖြစ်သော ၂၀၂၈ ဖက်ဒရယ်တရားရုံး ဟီးရိုးများအက်ဥပဒေအရ ဟီးရိုးများဟာ ဥပဒေထိန်းသိမ်းရေးဝန်ထမ်းတွေနဲ့တန်းတူအခွင့်အာဏာကို ပိုင်ဆိုင်ကြသည်။
ဆိုလိုသည်မှာ ထိုပုဂ္ဂိုလ်များက ရဲများ၊ အစိုးရအေးဂျင့်များလို လူများကို ဖမ်းဆီးစစ်ဆေးခွင့်၊ အကျဥ်းချခွင့်ကို ပိုင်ဆိုင်ထားသည်။ ရဲများ၏အခြားလုပ်ပိုင်ခွင့်ဖြစ်သော အချင်းချင်းစောင့်ကြည့်ခွင့်ပါပါသည်။
အချင်းချင်းစောင့်ကြည့်ခွင့်ဆိုသည်မှာ မိမိလုပ်ဖော်ကိုင်ဘက်များအနက် အကျင့်ပျက်အရာရှိများရှိနေပါက အထက်သို့တိုက်ရိုက်တိုင်ကြားနိုင်ကြခြင်းဖြစ်ပေသည်။ တစ်နည်းရဲများကို ဟီးရိုးများက အကျင့်ပျက်ဥပဒေများဖြင့် အရေးနိုင်ကြ၏။ တစ်ဖက်တွင်တော့ ရဲများက ဟီးရိုးများကို အလွယ်တကူမထိနိုင်ကြပေ။
ရဲများမှာ ရှေးကတည်းက အကျင့်ပျက်တတ်ကြသူများဖြစ်သဖြင့် ရဲတစ်ယောက်အကျင့်ပျက်ပြီး အရေးယူခံရပါက သိပ်မထူးခြားပေ။ အခြားတစ်ဖက်တွင်တော့ ဟီးရိုးများက ပြည်သူအများစုချစ်ခင်ခြင်းခံရပြီး ဟီးရိုးများကို အရေးယူရန်ကြိုးစားပါက မီဒီယာနှင့်ရော ပြည်သူနှင့်ပါ ထိပ်တိုက်တွေ့နိုင်ပေသည်။
ရဲနှင့်ဟီးရိုးတန်းတူသည်ဆိုပါ အခြေအနေက ဖန်တီးပေးလိုက်သော ကမောက်ကမဖြစ်ရပ်များက ရဲအရာရှိများကို ဟီးရိုးများအားမုန်းရန် သင်ကြားပေးသလိုဖြစ်လာ၏။
ထိုပွတ်တိုက်မှုများသာမရှိပါက ဂျိုးဝဲလ်ဆင်အနေနှင့် အထူးရဲတပ်ဖွဲ့ကို အမိန့်ပေးစေခိုင်းပြီး နယူးယောက်အစည်းအရုံးအား ဖမ်းခိုင်းရန်မဖြစ်နိုင်ပေ။ သာမန်အခြေအနေများတွင်ဆိုပါက ဂုဏ်သိက္ခါနှင့်သက်ဆိုင်သဖြင့် အပြစ်မဲ့သူများကို ဖမ်းဆီးရန် ရဲအရာရှိများက သေချာပေါက်ဆန့်ကျင်ကြမည်ဖြစ်ပေလိမ့်မည်။
ဂျိူးဝဲလ်ဆင်အနေဖြင့် မြူတန့်စောင့်ကြည့်ရေးဥပဒေအတွက် လူထုဆန္ဒကောက်ယူပွဲလုပ်ခဲ့စဥ်ကလည်း မပြဋ္ဌာန်းရသေးသည့် ဥပဒေမှဖြစ်လာနိုင်သော အကျိုးဆက်များကို မတွေးဘဲ ထောက်ခံမဲထိုးကြသူအများအပြားရှိခဲ့ဖူးသည်။
ထိုအထဲတွင် မိသားစုအတွင်းမြူတန့်သားသမီးရှိနေသော မိဘများပင်ပါကြပြီး သူတို့သားသမီးကိုလူဆိုးတစ်ယောက်ကို စောင့်ကြည့်သလိုလုပ်မည်ဆိုခါမှ ပြန်ကန့်ကွက်ကြခြင်းဖြစ်၏။
'တော်တော် ကစားလို့ကောင်းတဲ့လူတွေ၊ ဒီလူတွေလောက် တုံးတဲ့လူရှိမယ်မထင်ဘူး။' ဥပဒေမူကြမ်းမှ အသေးစိတ်အကြောင်းအရာများကို မကျေနပ်ကြောင်း ပြည်သူတို့ အွန်လိုင်းပေါ်တွင် ပေါက်ကွဲနေကြချိန်တွင် ဂျိုးဝဲလ်ဆင်၏မူကြမ်းကတော့ ရီပက်ပလစ်ကန်များကြီးစိုးသည့် လွှတ်တော်တွင်ရောက်နေပြီဖြစ်ပြီး လစ်ဘရယ်နှင့်ဒီမိုခရက်များ ဆန့်တောင်မဆန့်ကျင်နိုင်ခဲ့ကြပေ။
"တခြားဘာပြောစရာရှိသေးလဲ။" အတွေးလွန်နေသည့် သမ္မတဝဲလ်ဆင်က သတိပြန်ဝင်လာပြီး မေးငေါ့ပြသည်။ လူရည်သန့်ကလည်း လည်ချောင်းရှင်းရန် ချောင်းဟန့်လိုက်ပြီး...
"အာ... နာဂါနိုတိုက်ပွဲမှာ ကျွန်တော်တို့ရှုံးခဲ့မှန်း သမ္မတကြီးသိလောက်မှာပါ။ အခုစွမ်းအားကြီး ဟီးရိုးအများစုက ဗီလိန်တွေရှိရာကို သွားနေကြပြီ။"
နာဂါနိုဖြစ်ရပ်မှာ အမေရိကန်ထောက်လှမ်းရေးနှင့် အစိုးရတို့ပူးပေါင်းလုပ်ဆောင်သည့် အမိမြေကာကွယ်ရေး လျှို့ဝှက်အစီအစဥ်များအနက်တစ်ခုဖြစ်ကာ ကျရှုံးခဲ့သည့် ဖြစ်ရပ်အနည်းငယ်မှတစ်ခုသာဖြစ်ပေသည်။
ဝဲလ်ဆင်က... "အမေရိကန်ရဲ့ကမ္ဘာ့စူပါပါဝါနေရာကို ထိန်းသိမ်းဖို့ဆိုရင် ဟီးရိုးအစည်းအရုံးက နိုင်ငံမဟုတ်တဲ့ စူပါပါဝါဖြစ်လာနေတာကို တားဆီးဖို့လိုတယ်။ အခုမြေထဲပင်လယ်မှာ ဗီလိန်တွေရောဟီးရိုးတွေပါ စုဆုံနေကြပြီဆိုတော့..."
ဝဲလ်ဆင်က စကားကိုတစ်ဝက်တပြတ်နှင့်ရပ်ကာ နားရွက်တက်ချိတ်လုမတတ် ပြုံးလိုက်ပေသည်။ "ငါတို့သူတို့ကို အပြတ်ရှင်းသင့်တယ်။"
"ဒါပေမဲ့ ဘယ်လိုအပြတ်ရှင်းမှာလဲ၊ ကျွန်တော်တို့မှာ စွမ်းအားအကြီးဆုံးဗီလိန်တွေနဲ့မြူတန့်တွေကို တစ်ပြိုင်တည်းဖြေရှင်းနိုင်စွမ်းမရှိဘူး။"
ဗီလိန်များ၏Project Vကိစ္စကို အမေရိကန်အစိုးရ သတိထားမိနေသည်မှာ ကြာပြီဖြစ်ပြီး အခုရက်ပိုင်းလှုပ်ရှားမှုများကြောင့် ဗီလိန်ကွန်ဂရပ်ကျင်းပမှုကိုလည်း သိနေသည်။ ယခုမြေထဲပင်လယ်တွင် ဗီလိန်နှင့်မြူတန့် အင်အားကြီးနှစ်ဖွဲ့လုံးရှိနေပြီး တစ်ခါတည်းအပြတ်ရှင်းနိုင်ရန် အခွင့်အရေးတစ်ခုဖြစ်ပေါ်လာပါသည်။
သို့သော်လည်း အမေရိကတွင် ထိုသို့လုပ်နိုင်သည့်အင်အားမျိုး ကျန်ရောကျန်ပါသေးရဲ့လား။
"ငါတို့ရဲ့မြူတန့်ဌာနစိတ်ခေါင်းဆောင်က ဒဏ်ရာရထားတယ်၊ ကပ္ပတိန်စတိတ်မန်းကိုလည်း ငါတို့ကိုယ်တိုင်ဖမ်းထားတာဆိုတော့.... လက်ရှိငါတို့မှာ မြူတန့်ချင်းလွှတ်ပြီး ဖြေရှင်းနိုင်တဲ့အင်အားမရှိဘူး။"
ဝဲလ်ဆင်က စိတ်အာရုံကို စုစည်းသည့်အနေဖြင့် တစ်ခဏလောက် တိတ်တိတ်နေလိုက်သည်။ သူ၏တိတ်ဆိတ်နေပုံမှာ ငြိမ်းချမ်းဟန်ရှိသော်လည်း မုန်းတိုင်းမတိုက်ခင် လေပြေလာနေခြင်းမျိုး ဖြစ်ပေ၏။
လူရည်သန့်မှာလည်း ထိုပုံစံကြောင့် ချွေးစေးများပင် ပြန်လာပေသည်။ 'ဒီလူက တကယ့်ကိုအန္တရာယ်များပြီး သံမဏိနဲ့တူတဲ့လူပဲ။' ဒါကတော့ သူ့ရဲ့အတွေးပါ။
သမ္မတဝဲလ်ဆင်ပြောခဲ့သလိုပဲ ခုနစ်ပိုင်းတွေမှာ အမေရိကန်ရဲ့နိုင်ငံရေးဩဇာသက်ရောက်မှုက ကျဆင်းနေတာအမှန်ပါ။ ဟီးရိုးအစည်းအရုံးကို ထည့်မတွက်ရင်တောင် တရုတ်ရဲ့စီးပွားရေးတိုးတက်မှုက အဓိကခြမ်းခြောက်မှုဖြစ်နေဆဲပါ။ အခုဆိုရင်အမေရိကန်နဲ့တရုတ်ရဲ့ကမ္ဘာစီးပွားရေးလွှမ်းမိုးမှုက ၅ ရာခိုင်နှုန်းပဲကွာတော့တာ။
တခြားတစ်ဖက်မှာလည်း ရုရှားက အကြီးအကျယ်ကျဆင်းနေပြီဖြစ်ပြီး စူပါပါဝါအဖြစ် ယူဆမရနိုင်တော့တဲ့အထိ ဖြစ်နေပါပြီ။ အဓိကလက်သည်က ဟီးရိုးအစည်းအရုံးပါ။ ဒါက ဝဲလ်ဆင်နဲ့ရီပက်ပလစ်ကန်တွေရဲ့အကြောက်တရားကို လှုပ်နှိုးလိုက်သလိုပဲ။
'အမေရိကန်ကိုကာကွယ်ဖို့ ခြိမ်းခြောက်မှုတွေကို ရှင်းထုတ်ရမယ်။' ဝဲလ်ဆင်က ဒိကတိကဝတ်နဲ့အတူ အမေရိကန်သမ္မတဖြစ်လာတာပါ။ အမေရိကန်ရဲ့လုပ်ခလစာကြီးမြင့်မှုကို လျှော့ချဖို့ စက်တွေအစားထိုးပြီး စျေးပေါတဲ့ထုတ်ကုန်တွေထုတ်ဖို့ကြိုးစားတာဟာ တရုတ်ရဲ့စီးပွားရေးအရလိုက်မီလာတာကို ဖြေရှင်းတဲ့နည်းဖြစ်ပြီး တကယ်လည်းအလုပ်ဖြစ်ပါတယ်။
မြူတန့်တွေအပေါ်စောင့်ကြည့်မှုတိုးတာကလည်း ဟီးရိုးအစည်းအရုံးရဲ့နိုင်ငံမဟုတ်တဲ့ကမ္ဘာ့စူပါပါဝါအခြေအနေကို ဖြေရှင်းဖို့ကြိုးစားနေတာဖြစ်ပြီး အခုဆိုရင် ဟီးရိုးအစည်းအရုံးက လက်တင်အမေရိက နိုင်ငံအများစုရဲ့နိုင်ငံရေးဇာတ်ခုံပေါ်ကနေ ရှင်းထုတ်ခံလိုက်ရပြီ။ နယူးယောက်အစည်းအရုံးကလည်း သူတို့လက်ခုပ်ထဲက ရေလို့ဆိုနိုင်ပါတယ်။
ပြီးတော့ အခုမြေထဲပင်လယ်မှာစုဝေးနေကြတဲ့ အင်အားစုနှစ်ခုလုံးကို ဖြေရှင်းနိုင်မယ်ဆိုရင် နောက်ထပ် စူပါပါဝါဖြစ်လာဖို့ကြိုးစားနေတဲ့ ဗီလိန်တွေကိုရော စူပါပါဝါဖြစ်လုနီးပါးဖြစ်နေတဲ့ ဟီးရိုးတွေကိုပါ တစ်ချက်ခုတ် နှစ်ချက်ဖြတ်နိုင်လိမ့်မယ်။
ဝဲလ်ဆင်က အသက်ကိုပြင်းပြင်းရှုလိုက်ပြီး စကားပြန်စတယ်။
"ငါတို့မှာ မြေထဲပင်လယ်တပ်ဖွဲ့ရှိတယ်မဟုတ်လား၊ နျူကလီးယားဒုံးတွေရော သူတို့မှာရှိလား။"
"ဟုတ်ကဲ့၊ လေယာဥ်တင်သင်္ဘော USS Harry S. Truman ဦးဆောင်တဲ့ ခရူဇာသင်္ဘောအုပ်စုက မြေထဲပင်လယ်မှာ တာဝန်ထမ်းဆောင်ဖို့အသင့်ပါ။ ဒါပေမဲ့ နျူကလီးယားကုတ်တွေက..."
ဝဲလ်ဆင်က လက်ကာပြလိုက်ပြီး... "မပူနဲ့၊ ငါကာလုံခေါ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနအတွင်းရေးမှူးနဲ့ လွှတ်တော်ဥက္ကဋ္ဌကို ခေါ်လိုက်မယ်။"