အခန်း (၅၈၇)
Vol. 43 Ch. 587
မိုဝူကျီ၏ မှန်းဆချက်အရ ကျင်းယီရန်မှာ နောက်ပိုင်း ရွမ်ရှန်းအဆင့် ဖြစ်သော်လည်း သူ့အနေဖြင့် ကျင်းယီရန်ကို သတ်နိုင်မည် မဟုတ်ပေ။ သူက ကျင်းယီရန်ကို ခဏတာ ဖိနှိပ် ထားနိုင်သော်လည်း ထိုလူ၏ ဒေါသကို ဆပေးသလို ဖြစ်ကာ ကျင့်ကြံဆင့် အပြည့်အဝ ပြန်ရသွားမည်ကိုလည်း စိုးရိမ်မိသည်။ ထိုလူက ကျင့်ကြံဆင့် ပြန်ရလာလျှင် မိုးမြေဖိအားကို ခံစားနေရမည်မှန်း သိသာသော်လည်း သူ့ကျင့်ကြံဆင့် ပြန်ရသွားသည်နှင့် မိုဝူကျီက ထိုလူ၏ တိုက်ခိုက်မှုအောက်မှ လွတ်မြောက်နိုင်လိမ့်မည်ဟု မယုံကြည်ရဲပေ။
မိုဝူကျီက မီးနီကျောက် ၁၁ ခု တည်နေရာအပေါ် ရပ်နေမှန်း သေချာသည်နှင့် နောက်ထပ်၍ မဆုတ်တော့ပေ။ သူ့ဓားမော့မှ ဓားအလင်းပေါင်း ထောင်ချီ၍ ထွက်ပေါ်လာသည်။
“ဘုန်း” ပြင်းထန်လှသော လှံလှိုင်းများနှင့် မိုဝူကျီ၏ ဓားမော့အလင်းတို့ တွေ့ဆုံသည့်အခါ အင်မော်တယ် သဘာဝစွမ်းအားများ ပေါက်ကွဲထွက်ကုန်သည်။
မိုဝူကျီက သူ့ဓားမော့ ပညာရပ်မှာ အပြည့်အစုံ မဟုတ်သေးသည့်အချိန် တစ်ဖက်၌ ကျင်းယီရန်၏ လှံလှိုင်းများမှာ အစစ်အမှန် လျှို့ဝှက် ပညာရပ်မှ ဖြစ်သောကြောင့် ဓားမော့အလင်းနှင့် လှံစွမ်းအားများ ထိပ်တိုက်တွေ့သည့်အခါ မိုဝူကျီက သူ့ဖက်မှ အရေးမသာကြောင်း ချက်ချင်း သိလိုက်မိ၏။
သူက သဘာဝစွမ်းအားများ ပြန်တွန်းကန်အားကို ခံစားလိုက်ရသည်။ မိုဝူကျီက သူသာ နောက်မဆုတ်လျှင် ထိုလှံစွမ်းအားကြောင့် ပျက်စီးသွားကိန်း ရှိကြောင်း မှန်းဆမိ၏။
“ဘုန်း ဘုန်း ဘုန်း” သူ့အောက်ရှိ မြေကြီးမှာ စတင်ပြိုကျလာသည်။ တစ်ချိန်တည်းတွင် မိုဝူကျီက သူ့သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းမှ အင်မော်တယ် စွမ်းအားများကို အသည်းအသန် ထုတ်လွှတ်လိုက်သည်။
သူက ဒဏ်ရာ အပြင်းအထန် ရသွားမည်ဆိုလျှင်ပင် သူ့အနေဖြင့် နောက်မဆုတ်ပေ။ သူ့အတ္တကြောင့် မဟုတ်ဘဲ မိုဝူကျီက သူနောက်ဆုတ်လိုက်သည်နှင့် ထိုနေရာကို ပြန်ရောက်ရန် မည်မျှ ခက်ခဲကြောင်း သိနေ၍ ဖြစ်သည်။
“ဖူး” အင်မော်တယ် သဘာဝစွမ်းအား တွန်းကန်အားနှင့် ရင်ဆိုင်တွေ့ပြီးနောက် မိုဝူကျီက သွေးတစ်ပွက် အန်လိုက်ရသည်။
ထိပ်တိုက် ရင်ဆိုင်မှု တစ်ချက်တည်းဖြင့် မိုဝူကျီက ဒဏ်ရာ အပြင်းအထန် ရရှိသွားလေ၏။ ကျင်းယီရန်၏ လှံသတ်ဖြတ်ငွေ့များက မိုဝူကျီ၏ အသက်ဓာတ်နှင့် ချီသွေးကြောများကို တစ်စစီ ဆုတ်ဖြဲနေလေသည်။ အကယ်၍ တခြားသူ ဖြစ်နေပါက ထွက်ပြေးမည်သာ ဖြစ်သော်လည်း မိုဝူကျီက တစ်လှမ်းမျှ မဆုတ်ပေ။ အကြောင်းမှာ သူ့၌ အသက်ဓာတ် လမ်းကြောင်း ရှိနေ၍ ဖြစ်သည်။ ထိုစဉ် မိုဝူကျီ၏ အသက်ဓာတ် လမ်းကြောင်းမှာ သူ့ဒဏ်ရာများကို အလျင်အမြန် ပြန်လည် ကုသပေးနေပြီး တစ်ချိန်တည်း ဆိုသလို သူက ဤဂြိုဟ်ပေါက်ကွဲသွားမည့် အချိန်ကို စတင် တွက်ချက်လိုက်သည်။
ဤဂြိုဟ် ပေါက်ကွဲသွားသည်နှင့် မိုဝူကျီက မီးနီကျောက် ရှိနေသည့် အပိုင်းကို ယူပြေးမည် ဖြစ်၏။
မဟုတ်သေးပေ ... ဂြိုဟ်အပိုင်းတစ်ခုကို ယူပြေးမည် တွေးထားသော်လည်း မိုဝူကျီက ဤဂြိုဟ်မှာ တစ်ဝက်အတိ ပေါက်ကွဲသွားမည့် အကြောင်းကို ရုတ်ခြည်း တွေးမိသွားသည်။
အဲလိုဆို သူ ဘာလုပ်ရမလဲ ...
ဤဂြိုဟ်မှာ အရမ်း မကြီးမားသော်လည်း သူ့လက်ရှိစွမ်းအားဖြင့် အလွယ်တကူ ယူသွားနိုင်မည် မဟုတ်ပေ။ သူက ဂြိုဟ်တစ်ဝက်ကို ထာဝရ ကမ္ဘာထဲ ဖြည်းဖြည်းချင်း ထည့်နေသည့်အချိန် ကျင်းယီရန်က အဖြစ်အပျက် အားလုံးကို သိရှိသွားလိမ့်မည်။
အစီအရင် ခင်းကျင်းဖို့ လိုအပ်နေကာ မိုဝူကျီက ထိုအတွေးဖြင့် အစီအရင် အလံများကို ပစ်လွှင့်လိုက်သည်။
မိုဝူကျီက ယခင်ထိပ်တိုက် ရင်ဆိုင်စဉ် အရေးနိမ့် ခဲ့ရသော်လည်း ကျင်းယီရန်လည်း နောက်ဆုတ်လိုက်ရသည်။ သူက လိုအပ်၍ နောက်ဆုတ်လိုက်ခြင်း ဖြစ်ရာ မိုဝူကျီလောက် ဒဏ်ရာ အပြင်းအထန် ရပုံ မပေါ်ပေ။
“မဆိုးဘူးပဲ … မင်းမှာ သတ္တိရှိတယ်။ မင်းရဲ့ တိုက်ကွက်နဲ့ အရေးသာအောင် လုပ်နိုင်တယ်။ အဲဒါကို ထောက်ထားပြီးတော့ အရင်တိုက်ခိုက်မှု အတွက် လျော်ကြေး ပေးပါ့မယ်” ကျင်းယီရန်က မိုဝူကျီရှေ့ ရောက်လာကာ သူ့အသံ၌ အသိမှတ်ပြုမှုများ ပါဝင်နေ၏။
မိုဝူကျီက အရူး မဟုတ်ပေ။ ကျင်းယီရန်က သူ့အား အသိမှတ် ပြုလိမ့်မည်ဟု မထင်ထားပေ။ ကျင်းယီရန်၏ စကားများအရ ကျင်းယီရန်က နောက်ဆုတ်မည့်အစား ဒဏ်ရာရဖို့ရာသာ အလိုရှိသည့် သူ့အတ္တကို ယုံကြည်သွားကြောင်း ပြောနိုင်သည်။ ထို့ကြောင့် ကျင်းယီရန်က အသိမှတ်ပြုကာ လျော်ကြေးပေးလိုခြင်း ဖြစ်၏။ ယခင်တိုက်ခိုက်မှု၌ သူက အရေးနိမ့်ခဲ့သော်လည်း ထိုလူက သူ့ဖက်မှ အရေးသာခဲ့သည်သာ ပြောနေလေ၏။
ကျင်းယီရန်လည်း သိပေသည်။ အကယ်၍ သူတို့ ဆက်လက် တိုက်ခိုက်နေပါက ဤဂြိုဟ်မှာ ပေါက်ကွဲ ထွက်သွားနိုင်သည်။ ပေါက်ကွဲသွားသည်နှင့် အထဲတွင် မည်သို့ပင် ဖြစ်နေပါစေ ပေါက်ကွဲ ထွက်သွားမည် ဖြစ်၏။
မိုဝူကျီက အစီအရင် အလံများကို ဆက်တိုက် ပစ်လွှတ်နေပြီး သူ့အသက်ဓာတ် လမ်းကြောင်းမှာလည်း ဒဏ်ရာများကို လျင်မြန်စွာ ကုသပေးနေသည်။
မိုဝူကျီက နောက်ဆုတ်ပြီး လျော်ကြေးလက်ခံမည့် ရည်ရွယ်ချက် မရှိဘဲ အစီအရင် အလံများ ဆက်တိုက် ပစ်လွှတ်နေသည်ကို မြင်သောအခါ ကျင်းယီရန်၏ သတ်ဖြတ်ငွေ့များက နောက်တစ်ဖန် ပြန်လည် ထွက်ပေါ်လာပြန်သည်။ သူ့လက်ထဲရှိ လှံမှာ တဝီဝီ မြည်လာကာ သူ့စွမ်းအား စက်ကွင်းလည်း ထွက်ပေါ်လာသည်။
မိုဝူကျီက ယုံကြည်ထားသည့် အတိုင်း သူက မိုဝူကျီကို ခြိမ်းခြောက်မှု တစ်ခုဟု မထင်ပေ။ ယခု မိုဝူကျီက အတ္တကြီးစွာ ထိုလှံစွမ်းအင်ကို တိုက်ရိုက် ခံယူလိုက်လေသည်။ သူက သူ့လှံစွမ်းအားမှာ မိုဝူကျီ၏ ဝိညာဉ်စွမ်းအား လမ်းကြောင်းများကို ဆုတ်ဖြဲ ပစ်လိုက်ပြီမှန်း သေချာသိနေသည်။ သူက မိုဝူကျီနှင့် ဆက်မတိုက်လိုသည့် အကြောင်းအရင်းမှာ တိုက်ပွဲက ဤဂြိုဟ်အတွင်းရှိ လျှို့ဝှက်ချက်ကို ထုတ်ဖော်မိသလို ဖြစ်သွားမည်ကို ဖြစ်၏။
“ဘုန်း” စွမ်းအား စက်ကွင်းနှစ်ခု နောက်တစ်ဖန် တွေ့ဆုံသွားပြန်သည်။ မိုဝူကျီက အစောပိုင်း ရွမ်ရှန်းအဆင့်မျှ ဖြစ်ကာ ကျင်းယီရန်မှာ နောက်ပိုင်း ရွမ်ရှန်းအဆင့်ထိ အဆင့် လျော့ချထားသူ ဖြစ်၏။ မည်သည့်အမြင်မှ ကြည့်စေကာမူ မိုဝူကျီ၏ စွမ်းအားစက်ကွင်းက ကျင်းယီရန်ကို ယှဉ်၍ ရနိုင်မည် မဟုတ်ပေ။
သို့သော်လည်း မိုဝူကျီ၏ စွမ်းအားစက်ကွင်းမှာ ဝဲကတော့ စက်ကွင်း ဖြစ်ရာ ဝဲကတော့၏ ကြိတ်ချေဖျက်ခြင်း စွမ်းအားများ ခိုအောင်းနေ၏။ စွမ်းအား စက်ကွင်းအပေါ် ကျင်းယီရန်၏ နားလည်မှုမှာ မိုဝူကျီထက် ဆယ်ဆမက ကျော်လွန်နေသော်လည်း စွမ်းအား စက်ကွင်းနှစ်ခု တွေ့ဆုံသည့်အခါ သူ့စွမ်းအား စက်ကွင်းမှာ အရေးသာ မနေချေ။
“မင်းမှာ …” ထိုစဉ် ကျင်းယီရန် မိုဝူကျီသည် ဤဂြိုဟ်၏ ထူးဆန်းနေမှုကို သိသားပြီလားဟု သံသယ ဝင်လာမိသည်။ သူ့လှံစွမ်းအားမှာ မိုဝူကျီ၏ တိုက်ခိုက်စွမ်းအားကို လျော့ကျသွားအောင် မစွမ်းဆောင် နိုင်သောကြောင့် သူက မိုဝူကျီကို အနည်းငယ် နားလည်လာ၏။
ကျင်းယီရန်၏ လှံစွမ်းအားမှာ အားလုံးကို ဝါးမျိုပစ်မည့် ပါးစပ်ပေါက်ကြီးအလား သိပ်သည်းလာကာ မိုဝူကျီဆီ တစ်ရှိန်ထိုး ပြေးဝင်လာသည်။
မိုဝူကျီက ကျင်းယီရန်နှင့် ရင်ဆိုင်ရင်း စွမ်းအားစက်ကွင်းကို ထိန်းချုပ်ထားစဉ် ဓားမော့ စွမ်းအားကိုလည်း စတင်၍ စုစည်းထားသည်။
ထိုစဉ် မနီးမဝေး နေရာမှ မျက်စိစူးမတတ် အလင်းရောင် တစ်ခု ပေါ်လာသည်။ သူတို့နှစ်ယောက်နှင့် အလွန်ကွာဝေး လွန်းသေးသော်လည်း တောက်ပစွာ လွှမ်းခြုံထားသော အဖြူရောင် အလင်းက နှစ်ယောက်လုံးကို ခဏတာမျှ မျက်စိမဖွင့်နိုင်အောင် ဖြစ်စေသွား၏။
ကျင်းယီရန် ဖြစ်စေ၊ မိုဝူကျီပင် ဖြစ်စေ နှစ်ယောက်လုံးမှာ တိုက်ပွဲကို ရပ်တန့်လိုက်ကြပြီး ထိုအဖြူရောင် အလင်းကိုသာ ကြည့်နေကြသည်။
ခဏအကြာတွင် အိစက်စက် သဲလွှာက ထိုအဖြူရောင်အလင်း ပေါ်လာဖို့ရာ ဖြန့်ကြက်သွားသည့်အလား အဆုံးအစမဲ့ ဆက်တိုက် ကျယ်ပြန့်သွားကာ ဧရာမ ကန္တာရကဲ့သို့ ဖြစ်လာသည်။
မကြာခင် အဖြူရောင်အလင်းက ငွေရောင် မြစ်တစ်စင်း ဖြစ်ပေါ်လာသည်။ ထိုငွေရောင်မြစ်မှာ သဲကန္တာရအထက် ဖြည်းဖြည်းချင်း လှိုင်းလုံးများ တက်လာသကဲ့သို့ ကျယ်ပြန့်လာသည်။ ထို့နောက် နောက်ထပ် အလင်းတန်းတစ်ခု ပေါက်ကွဲသွားသည်။
မိုဝူကျီက ကဗျာတစ်ပိုဒ်ကို တွေးမိသွား၏ “သဲကန္တာရထက်က ညနေ ဆည်းဆာ ကောင်းကင်ယံမှာ မီးခိုးငွေ့တွေ တလူလူ ထွက်ပေါ်လာတယ်၊ နေဝင်သွားတာနဲ့ မြစ်ဝါလည်း မှိန်ကျသွားလေတယ် ”
ကြည့်ရသည်မှာ မိုးသောက် မီးတောက်ကြယ် သို့မဟုတ် နေ အဖွဲ့အစည်းမှ ကြယ်တစ်လုံးလုံး ပေါက်ကွဲသွားဟန် ပေါ်၏။ မိုဝူကျီက ထိုပေါက်ကွဲမှုမှာ သူ့ခြေထောက်အောက်ရှိ ဂြိုဟ်နှင့် ပတ်သက်ဆက်နွှယ်နေကြောင်း မှန်းဆနေမိသည်။
သူက လှိုင်းလုံးနှင့်တူသော ကန္တာရ ပျောက်ကွယ်သွားသည်ကို မြင်သောအခါ မိုဝူကျီ စိတ်ထဲ ဉာဏ်အလင်းတစ်ခု ပွင့်လာလေ၏။
သူ့လက်ထဲမှ ဓားမော့မှာ ဝေဝေဝါးဝါး ဖြစ်လာပြီး မြောက်မြားစွာသော ဓားမော့ အလင်းမှုန့်များကဲ့သို့ ဖြစ်ပေါ်လာဟန် ရှိသည်။
သူ့သတ်ဖြတ်ငွေ့က ထိုမြောက်မြားစွာသော ဓားအလင်းမှုန့်များကို ဖြည်းဖြည်းချင်း စုစည်းလိုက်ပြီး သူ့စွမ်းအား စက်ကွင်းနှင့် ပေါင်းစပ်သွားပေသည်။
ကျင်းယီရန်က မိုဝူကျီ၏ ပြောင်းလဲမှုကို ချက်ချင်း သတိပြုမိလိုက်သည်။ သူ့မျက်ဝန်း၌ အံ့ဩမှု အရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း သူက အင်မော်တယ် အုပ်စိုးသူအဆင့် ဖြစ်နေဆဲ ဖြစ်သည်။ မိုဝူကျီ၏ ဓားမော့မှ တိုက်ကွက် မထွက်လာသေးသော်လည်း သိသိသာသာ ပြောင်းလဲမှု ဖြစ်ပေါ်လာမှန်း မည်သို့ မပြောနိုင်ဘဲ နေမည်နည်း။
သူက ကြယ်တစ်လုံး ပေါက်ကွဲမှုမှ ဉာဏ်အလင်းပွင့်လာတာလား... ဒီလို လူမျိုး ကမ္ဘာမှာ ရှိလို့လား ...
မိုဝူကျီက ဓားမော့ကို လှုပ်ရှားလိုက်သည့်အတွက် သူ့အနေနှင့် ဆက်တွေးနေရန် အချိန်မရှိတော့ချေ။ သူ့ဓားမော့ လှုပ်ရှားလိုက်သည်နှင့် သဲလှိုင်းကြီး ဖြစ်ပေါ်လာပြီး နေရာတစ်ခုလုံးကို သဲကန္တာရအဖြစ် ပြောင်းလဲလိုက်သလို ဖြစ်လာကာ ကန္တာရ တစ်ခုလုံး၌ သတ်ဖြတ်ငွေ့များဖြင့် ပြည့်နှက်နေ၏။
မြောက်မြားစွာသော ဓားမော့အလင်းမှုန့်နှင့် ရင်ဆိုင်တွေ့သည့်အခါ ကျင်းယီရန်က အသက်ရှူရသည်ပင် ပို၍ ခက်ခဲလာကြောင်း ခံစားမိလိုက်သည်။ သူက ဘာကိုမှ ဆက်မတွေးနိုင်တော့ဘဲ အရာအားလုံးကို ဝါးမျိုပစ်မည့် လှံကိုသာ ထုတ်လိုက်သည်။ လှံမှာ အာကာသတစ်ခွင်ကို ထိုးဖောက်တော့မည့် အလား ဖြစ်နေ၏။
ထိုစဉ် မိုဝူကျီ၏ စိတ်ထဲ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။ သူ့ဓားမော့မှာ သဲကန္တာရကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရပြီး သူက ထိုကန္တာရ၏ အရှင်သခင် ဖြစ်၏။ သူ့လမ်းတွင် ပိတ်ဆို့နေသည့် အရာအားလုံးမှာ ထိုသဲကန္တာရမှ ဝါးမျိုပစ်လိမ့်မည်။
ထိုမြင်ကွင်းမှာ မိုဝူကျီ၏ စိတ်အတွင်း ပေါက်ဖွားလာခြင်း ဖြစ်ပြီး ဓားမော့ အမျိုးအစား လျှို့ဝှက်ပညာရပ်မှာ ထွက်ပေါ်လာပြီး ပုံစံ အပြည့်အဝလည်း ဖြစ်ပေါ်လာသည်။
“ဘုန်း ဘုန်း ဘုန်း” ကန္တာရနှင့် ကျင်းယီရန်၏ လှံနီနှင့် တွေ့ဆုံသောအခါ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
အင်မော်တယ် သဘာဝ စွမ်းအားများနှင့် သတ်ဖြတ်ငွေ့များက အာကာသတစ်ခွင် ထွက်ပေါ်နေပြီး တွန့်ကြောင်းများပင် ဖြစ်ပေါ်လာ၏။ ထိုတွန့်ကြောင်းများမှာ ချက်ချင်း ပျောက်ကွယ်သွားသော်လည်း သူတို့ ဘေးပတ်လည်မှ နေရာမှာ တိုက်ပွဲကို တောင့်မခံ ထားနိုင်ကြောင်း သိသာနေသည်။
“ဝုန်း” သူတို့အောက်မှ မြေကြီးမှာ စတင်အက်ကွဲလာ၍ ကျင်းယီရန်က အလျင်အမြန် နောက်ဆုတ်လိုက်ရသည်။ မိုဝူကျီ၏ ယခင် ရည်ရွယ်ချက်အရ မီးနီကျောက် ၁၁ ခု ပါဝင်နေသော ဂြိုဟ်အစိတ်အပိုင်းကို ယူပြေးရန် ဖြစ်သည်။
သို့သော်လည်း ဓားမော့ ကန္တာရကို ဉာဏ်အလင်းပွင့်လာသော မိုဝူကျီက ယုံကြည်ချက်အပြည့် ရှိနေသည်။ သူက နဂိုအစီအစဉ် အတိုင်း လိုက်မလုပ်ရုံ သာမက ကျင်းယီရန် နောက်ဆုတ်စဉ် သူက ဓားမော့ကို ဆတ်ခနဲ လှုပ်ရှားလိုက်သည်။ အာကာသအတွင်းမှ ကန္တာရမှာ တည်တည်ငြိမ်ငြိမ် ရှိနေသေးသော်လည်း ဓားမော့ သတ်ဖြတ်ငွေ့နှင့် ဓားမော့ အလင်းများက ငွေရောင်မြစ်တစ်စင်း ဖြစ်ပေါ်လာစေသည်။
ထိုအရာမှာ မိုဝူကျီ ဉာဏ်အလင်း ပွင့်ထားသော ဒုတိယမြောက် လှုပ်ရှားကွက် ဖြစ်၏ “လေဟုန်ဆန် မြစ် ဓားချက်”
ဓားမော့က ငွေရောင်မြစ်အဖြစ် ပြောင်းလဲသွားပေသည်။ မြစ်မှာ ကောင်းကင်ယံ မိုးသောက်အလင်းရောင်မှ တွဲလောင်း ကျနေသည့်အလား ဓားချက်ပေါင်း မြောက်မြားစွာ ထွက်ပေါ်လာသည်။
ထိုစဉ် မိုဝူကျီက သူအသိစိတ် ပင်လယ်အတွင်း နာကျင်မှုကို ခံစားလိုက်ရ၏။ သူ့လေဟုန်ဆန် မြစ် ဓားချက်၏ သတ်ဖြတ်ငွေ့မှာ အားမာန်မရှိ နှေးကွေးသွားကာ သူ့ဓားချက်များမှာလည်း ပျောက်ကွယ်သွား၏။
မကောင်းတော့ဘူး ...
သူက လေဟုန်ဆန်မြစ် ဓားချက်ကို မထုတ်ဖော် နိုင်သေးပေ။ အကြောင်းမှာ သူက အားမကောင်း၍ မဟုတ်ဘဲ ထိုဓားချက်အကြောင်း အပြည့်အဝ နားမလည်သေး၍ ဖြစ်သည်။
အကယ်၍ သူက ဒုတိယဓားချက်ကို မပြသနိုင်လျှင် တတိယမြောက် ဖြစ်သည့် နေဝင်ဓားချက် အကြောင်းကို ပြောနေဖို့ရာ မလိုတော့ပေ။ မိုဝူကျီက ထပ်မတွေးနေတော့ဘဲ အစီအရင် အလံများသာ ပစ်လွှတ်လိုက်ကာ မီးနီကျောက်များ ရှိနေသော ဂြိုဟ်အစိတ်အပိုင်းကို သူ့ထာဝရ ကမ္ဘာထဲ ထည့်သိမ်း ထားလိုက်တော့သည်။ ထို့နောက် သူက ရွှေ့ပြောင်းစွမ်းရည်ကို သုံးပြီး ထွက်ပြေးလိုက်၏။
မိုဝူကျီ၏ ပထမဓားချက် မဟာသဲကန္တာရ ဓားချက်မှာ ကျင်းယီရန်ကို ဒဏ်ရာရစေခဲ့သည်။ မိုဝူကျီ၏ ဒုတိယဓားချက်မှာ ပထမဓားချက်ထက် အားကောင်းနေသည်ကို မြင်သောအခါ သူက အသည်းအသန် နောက်ဆုတ်လိုက်သည်။
တိုက်ပွဲအတွင်း မိုဝူကျီက ဓားမော့ လျှို့ဝှက်ပညာရပ် အကြောင်း ဉာဏ်အလင်း ပွင့်လာခဲ့သည်ကိုက အတော် ကြောက်ဖို့ ကောင်းနေပြီ ဖြစ်၏။ မိုဝူကျီက လှုပ်ရှားမှု တိုက်ကွက်များ အားလုံး သင်ယူ ပြီးသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကျင်းယီရန်၏ ထိုးထွင်းသိမြင်နိုင်သည့် အမြင်မှာလည်း အားမနည်းပေ။ မိုဝူကျီ၏ မြစ်သာ သူ့စွမ်းအား စက်ကွင်းနှင့် ထိပ်တိုက် တွေ့သွားပါက သေချာပေါက် ဒဏ်ရာ အပြင်းအထန် ရမည်ကို သိထားသည်။
သူက မြန်မြန် နောက်ဆုတ်လိုက်သည်။ သူ့တိုက်ခိုက်နိုင်စွမ်းဖြင့် မိုဝူကျီ၏ ဓားမော့အလင်းကို ရှောင်ကာ ဖြည်းဖြည်းချင်း ပြန်လည် တိုက်ခိုက်နိုင်မည်မှန်း သိ၏။ မိုဝူကျီက ဗလာအခွံဖြစ်ကြောင်း ပြောနိုင်သည်။ အကယ်၍ သူတို့ တကယ် တိုက်ခိုက်ပါက မိုဝူကျီက သူနှင့် မယှဉ်နိုင်ပေ။ လျှို့ဝှက်ပညာရပ်က မည်မျှ အားကောင်း နေစေကာမူ အသစ် သင်ယူထားသော လျှို့ဝှက်ပညာရပ်၌ ကန့်သတ်ချက် ရှိပေသည်။ သူ နောက်ဆုတ်လိုက်သည့် အကြောင်းအရင်းမှာ ဒဏ်ရာအကြီးအကျယ် ရခြင်းမှ ကာကွယ်ရန် ဖြစ်၏။
သို့သော်လည်း ထိုစဉ် သူက သွေးအန်လုမတတ် ဖြစ်သွားသည်။ မိုဝူကျီက ဂြိုဟ်ကို အလစ် သုတ်သွားသည်ကို မြင်တွေ့လိုက်ရသည်။
သူက အရူး ဖြစ်နေလျှင်ပင် ကျင်းယီရန်က မိုဝူကျီသည် သူနှင့် ရည်ရွယ်ချက်တူမှန်း သိလိုက်သည်။ အဓိက ရည်ရွယ်ချက်မှာ ဤဂြိုဟ်ပေါ်ရှိ ရတနာ ဖြစ်ပေသည်။ သူ့အတွေ့အကြုံမှာ မှန်ကန်ပေ၏။ မိုဝူကျီ၏ လျှို့ဝှက်ပညာရပ်မှာ အပြည့်အစုံ မဖြစ်သေးပေ။ အခွင့်အရေးကို လက်လွတ်သွားခြင်းမှာ သူ့သတိကြောင့် ဖြစ်၏။
***