မဟာဧကရာဇ်၏ ဒေါသ
Vol. 43 Ch. 588
ဂြိုဟ်က အပိုင်းအစပေါင်း များစွာ ပေါက်ကွဲထွက်သွားပြီး ကျင်းယီရန်၏ အမူအရာမှာ ရှစ်ကွက်အင်းပြားကို ထုတ်ယူလိုက်ရင်း မှုန်မှိုင်းနေလေသည်။ သူ့ရတနာဖွေရှာ အင်းပြားမှာ ထူးခြားသည့် ရတနာကို အာရုံမခံ မိတော့လေရာ မိုဝူကျီက ထိုရတနာကို ယူသွားကြောင်း သေချာသွားသည် မဟုတ်ပါလော။
မိုဝူကျီက ရတနာပါနေသော ဂြိုဟ်အ စိတ်အပိုင်းကို မည်သို့ ရှာတွေ့သွားသည်ကို မသိသော်လည်း သူ နှစ်များစွာ ရှာဖွေလာရသည့် အရာကို တစ်ယောက်ယောက်အား ယူသွားခွင့် မပေးလိုက်နိုင်ပေ။
ထိုစဉ် သူက တွေဝေမနေတော့ဘဲ မိုဝူကျီ ထွက်ပြေးသွားရာ လမ်းကြောင်းဆီ အလျင်အမြန် လိုက်သွားလိုက်သည်။
မိုဝူကျီက ကျင်းယီရန် အနေဖြင့် သူ့ကို လွှတ်ပေးမည် မဟုတ်ကြောင်း သိ၍ လေလွတ်မြောက်ရေး နည်းစနစ်ကိုပါ အဆုံးအစွန် အထိ သုံးလိုက်၏။ သူ့အဆင့် ၇ ပျံသန်းရေး လွန်းပြန်ယာဉ်နှင့် ယှဉ်လျှင် သူ့လေလွတ်မြောက်ရေး နည်းစနစ်မှာ အစအန မကျန်ခဲ့ပေ။ အစအန နည်းနည်းလေး ကျန်နေခဲ့လျှင်ပင် သူက ကျင်းယီရန်ထက် များစွာ စောပေရာ အာကာသအတွင်းမှ စွမ်းအားများက သေချာပေါက် ထိုအစအနများကို ဖယ်ရှား ပစ်ပြီးလောက်လေပြီ။
သူက ကျင်းယီရန်ကို ဒဏ်ရာ ဆိုးဆိုးရွားရွား မရစေခဲ့သော်လည်း မိုဝူကျီက စိတ်မပျက်ပေ။ သူက မီးနီကျောက် ၁၁ ခုကို ရခဲ့ရုံသာမက သူ့ကိုယ်ပိုင် ဓားမော့ ပညာရပ်လည်း ဉာဏ်အလင်း ပွင့်ခဲ့သည်။ ပထမဓားချက်မှာ မဟာကန္တာရ ဓားချက်ဖြစ်ပြီး ဒုတိယဓားချက်မှာ လေဟုန်ဆန် ဓားချက် ဖြစ်ရာ တတိယမြောက်ကား နေဝင်ဓားချက် ဖြစ်ပေသည်။
သူက ပထမဓားချက် ကိုသာ ဉာဏ်အလင်း ပွင့်ထား၍ ကျင်းယီရန်နှင့် တိုက်ပွဲတွင် အရေးသာခဲ့ခြင်း ဖြစ်ပေသည်။ သူ့ဒုတိယမြောက် ဓားချက်နှင့် တတိယမြောက် ဓားချက်တို့ကို အပြည့်အစုံ နားမလည်သေးသောကြောင့် ထုတ်ဖော်၍ မရသေးပေ။ ထိုတိုက်ကွက်များသာ ထုတ်ဖော်နိုင်လျှင် သူ့အနေဖြင့် ထွက်ပြေးနေစရာ မလိုပေ။ အကြောင်းမှာ ထွက်ပြေးဖို့ ကြိုးစားမည့်သူမှာ ကျင်းယီရန်သာ ဖြစ်ပေလိမ့်မည်။
ရက်များစွာ ပြေးလွှားပြီးနောက် မိုဝူကျီက ကျင်းယီရန်၏ အငွေ့အသက်ကို မခံစား ရတော့သည့်အခါ အတော်အတန် လုံခြုံသွားသည်ဟု ခံစားလိုက်ရပြီး ရပ်တန့်လိုက်တော့သည်။ ထို့နောက် သူ့လွန်းပြန်ယာဉ်ကို ထုတ်ကာ အလိုလို မောင်းနှင်သည့် စနစ် ပြောင်းထားလိုက်၏။
မိုဝူကျီက သူ့ထာဝရ ကမ္ဘာထဲ ဝင်ကာ သူပို့ထားသော ဂြိုဟ်ကို တစ်ချက်ကြည့်လိုက်သည်။ မီးနီကျောက် ၁၁ ခုအပြင် ကျန်အရာအားလုံးမှာ သာမာန်သာ ဖြစ်၏။
အတားအဆီးများကို ဖယ်ရှားပြီးနောက် မိုဝူကျီက မီးနီကျောက် ၁၁ ခုအတွင်း ထူးခြားမှု တစ်ခုမျှ မခံစားမိပေ။ အနီရောင်မှာ မီးတောက်ကဲ့သို့ အနီရောင် ဖြစ်သော်လည်း လောင်ကျွမ်းနေသည့် ခံစားချက်ကို မခံစားရချေ။
မီးနီကျောက် ၁၁ ခုကို အောက်ချထားလိုက်ပြီး မိုဝူကျီ မခွဲခြားနိုင်သည့် စွမ်းအင် အမျိုးအစားမှ လွဲ၍ အင်မတန် နွေးထွေးသော ခံစားချက်လည်း ရှိနေသည်။ တစ်ခုတည်းသော ထူးခြားချက်မှာ မီးနီကျောက် တစ်ခုစီတိုင်းမှာ ကြာပွင့်လွှာ သဏ္ဌာန် ရှိနေခြင်း ဖြစ်၏။
အကယ်၍ သူက မီးနီကျောက် တစ်ခုကို ထပ်ရရှိပြီး ၁၂ ခုကို အတူတူ ထားလိုက်လျှင် အဆင့် ၁၂ ကံကြမ္မာ ကြာနီနှင့် ဆင်တူလာလိမ့်မည်။ သို့သော်လည်း မိုဝူကျီက ထိုအရာမှာ မဖြစ်နိုင်ကြောင်း ကောင်းကောင်း သိထားပြီး ထိုအဆင့် ၁၂ ကံကြမ္မာ ကြာနီမှာ ထိုသို့ ခွဲခြား၍ မရပေ။ ထို့အပြင် မိုဝူကျီက ကံကြမ္မာ ကြာနီကို မြင်တွေ့ဖူးလေရာ သူ မြင်ဖူးသည့်အရာမှာ အစစ်အမှန် ဖြစ်နေလျှင် ကံကြမ္မာ ကြာနီမှာ ကျိုးပျက်ကမ္ဘာ တတိယ အလွှာတွင် ရှိပေလိမ့်မည်။
မီးဓာတ် သဘာဝ အမြုတေက ထိုကျောက်များနှင့် ဆက်နွှယ်နေကြောင်း တွေးမိလျှင် မိုဝူကျီက ကျောက်တစ်ခုကို ကောက်ကာ သူ့ပညာရှင်နှလုံးသားကို ဆွဲထုတ်လိုက်သည်။
ပညာရှင်နှလုံးသားကို ဆွဲထုတ်လိုက်သည်နှင့် ဘဝအသစ်တစ်ခု ရှိလာသည့်အလား စူးစူးဝါးဝါး အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် အစိမ်းရောင်မီးတောက်မှာ ချက်ချင်းဆိုသလို မီးနီကျောက်ကို ရစ်ပတ်သွား၏။
ပညာရှင် နှလုံးသားက မီးတောက်နှလုံးသား ကျောက်တုံးဖြင့် အဆင့် တက်လာစဉ်နှင့် ကွဲပြားပေသည်။ ပညာရှင်နှလုံးသား မီးတောက်မှာ ပျံ့နှံ့လာပြီး လှုပ်ရှားမှုမရှိ အစိမ်းရောင် မီးပိုးအိမ်အဖြစ် ပြောင်းလဲသွားသည်။ မိုဝူကျီ၏ စိတ်စွမ်းအားမှာ အစိမ်းရောင် မီးပိုးအိမ်ထဲ စိမ့်ဝင်သွားပြီး သူ မြင်လိုက်သည့်အရာမှာ အစိမ်းနှင့် အနီ စွမ်းအား သန့်သန့်သာ ဖြစ်နေ၏။ သူက အဖြစ်အပျက် အသေးစိတ်ကို သေချာ မမြင်ရပေ။
မိုဝူကျီက ပညာရှင်နှလုံးသားကို မထဘဲ ကျန်ရှိနေသော မီးနီကျောက် ၁၀ ခုကို ကျောက်စိမ်းသေတ္တာထဲ ထည့်လိုက်ပြီး ပိတ်ထားလိုက်သည်။ ထို့နောက် သူက အာကာသယာဉ်ပျံကို သွားစစ်ဆေးကြည့်လိုက်သည်။
မိုဝူကျီက ထိုအာကာသယာဉ်ပျံ ပျက်စီးနေခြင်းမှာ တိုက်ပွဲကြောင့် ဖြစ်ကြောင်း ပြောနိုင်သည်။ ကြမ်းပြင်ပေါ်တွင် ကျနေသော လေဆာ သေနတ်များနှင့်အတူ သွေးကွက်များပါ ရှိနေသည်။
မိုဝူကျီက ဇီဝဗေဒ ပညာရှင်နှင့် ဆေးဝါးသုတေသန ပညာရှင် ဖြစ်ရာ အာကာသယာဉ်ပျံကို မှတ်မိသော်လည်း ဤသို့ နည်းပညာနှင့် မရင်းနှီးပေ။ နေ့တစ်ဝက်တာ ကြည့်ရှုပြီးနောက် သူက ကမ္ဘာမြေနှင့် သက်ဆိုင်သည့် ထောင့်အနေအထားနှင့် ကိုဩဒိနိတ်များလည်း ရှာမတွေ့ပေ။ စာလုံးကို အရင်းပြု၍ သူက ဤအာကာသယာဉ်ပျံမှာ ကမ္ဘာမြေမှ အဖွဲ့အစည်းတစ်ခုမှ ဖြစ်ကြောင်း သတိပြုမိခဲ့ခြင်း ဖြစ်ပေသည်။ ကမ္ဘာမြေမှာ ထိုသို့ အဖွဲ့အစည်းရှိသည့် အကြောင်းကိုတော့ မိုဝူကျီက သိလည်း မသိသလို သိလည်း မသိချင်ပေ။
နောက်တစ်ခေါက် ထပ်စစ်ဆေးပြီးနောက် မိုဝူကျီက ထိုယာဉ်ပျံကို သုံး၍ ကမ္ဘာမြေကို ပြန်ရန် မဖြစ်နိုင်ကြောင်း အတည်ပြု နိုင်လိုက်သည့်အခါ စိတ်ဝင်စားမှု လျော့ကျသွားတော့သည်။
မိုဝူကျီက ရှားရိုယင်နှင့် ပတ်သက်သည့် မှတ်ဉာဏ်များကို လွှင့်ပစ်ရန် ဆုံးဖြတ်ထားပြီးပြီ ဖြစ်ရာ ကမ္ဘာမြေကို ပြန်ဖို့ စိတ်အား မထက်သန်တော့ပေ။ သူက အင်မော်တယ်လောကဆီ ပြန်ရန် စိတ်အား ထက်သန်နေမိသည်။ အကြောင်းမှာ သူ့မိတ်ဆွေများနှင့် အနာဂတ်က ထိုနေရာ၌ ရှိနေသည် မဟုတ်ပါလော။ ယနေ့အထိ မိုဝူကျီက အင်မော်တယ် လောကဆီ မည်သို့ ပြန်ရမှန်း လုံးဝ မသိပေ။
ကျင်းယီရန်တွင် အင်မော်တယ်လောကဆီ ပြန်ဖို့ နည်းလမ်း ရှိနေမှန်း တွေးမိသောအခါ မိုဝူကျီက ကူကယ်ရာ မဲ့သလို ခံစားလိုက်ရသည်။ ထိုသူမှာ သူ့ရန်သူ ဖြစ်နေရာ နောက်တစ်ကြိမ် ပြန်တွေ့ပါက စကားကောင်း ပြောနိုင်ကြမည် မဟုတ်ပေ။
စကြဝဠာကြီးမှာ ကြီးမားကျယ်ပြော လွန်းလေရာ သူ့ကဲ့သို့ ရွမ်းရှန်း အဆင့်လေးမျှဖြင့် ပြန်သွားဖို့ရာ စွမ်းအား အကုန်သုံးရလျှင် အချည်းနှီး ဖြစ်သွားလိမ့်မည်။
သူက ဆုလာဘ်တချို့ ရလာသည်က ကံကောင်းလှပေသည်။ ပထမဆုံးအရာမှာ သူ့ကျင့်စဉ်မှာ မိုးမြေ ဥပဒေသနှင့် ကန့်သတ်ထားခြင်း မခံရကြောင်း ကောင်းကောင်း သိလိုက်ရသည်။ ဒုတိယအနေနှင့် သူက ခန္ဓာကျင့်စဉ် ရရှိခဲ့ပြီး ဓားမော့ လျှို့ဝှက်ပညာရပ်လည်း ဉာဏ်အလင်း ပွင့်ခဲ့လေသည်။ တတိယအနေဖြင့် သူက အဖိုးတန် မီးနီကျောက် ၁၁ ခုကို ရရှိခဲ့သေးသည်။
သူက ဆက်လက် ကျင့်ကြံရန် ဆုံးဖြတ်လိုက်ခြင်းမှာ သူ့၌ အင်မော်တယ်ကျောက် အပုံလိုက် ရှိနေသေး၍ ဖြစ်၏။ ထို့အပြင် သူ့တွင် ယွင်ရှန့်တောင်ကြားမှ ထွက်လာပြီးနောက် အင်မော်တယ်ဆေးလုံး မြောက်များစွာလည်း ရှိနေသေးရာ အချိန်တစ်ခုအထိ ကျင့်ကြံဖို့ရာ လုံလောက်ပေသည်။
တစ်ရက်ကျ မဟာယီရှန်းအဆင့် ရောက်ရှိကာ မိုးမြေ ဖိအားကို ခံစားရပြီး အင်မော်တယ်လောကဆီ ဆွဲခေါ်ခံရနိုင်သည် မဟုတ်ပါလော။
မိုဝူကျီက အလွန် အကောင်းမြင်နေခြင်း ဖြစ်၏။ လွန်းပြန်ယာဉ်ကို ကိုယ်တိုင် မောင်းနှင်ခြင်းနှင့် အလိုလို မောင်းနှင်ခြင်း အစီအရင် ထားထားခြင်းမှာ ခြားနားမှု မရှိကြောင်း သိထား၏။ အကြောင်းမှာ သူ့တွင် သွားရမည့် ဦးတည်ချက် မရှိသေးပေ။
သို့သော်လည်း မိုဝူကျိက လွန်းပြန်ယာဉ်ထဲတွင် မကျင့်ကြံသလို ထာဝရ ကမ္ဘာအတွင်းလည်း မကျင့်ကြံဘဲ လွန်းပြန်ယာဉ် ကုန်းပတ် အပေါ်မှာသာ ကျင့်ကြံရန် ရွေးချယ်လိုက်သည်။ သူက ကာကွယ်ရေး အစီအရင်သာ ခင်းကျင်းထားပြီး ဖုံးကွယ်ရေး အစီအရင် မလုပ်ထားပေ။ အကြောင်းမှာ သူက လူအများကို သတိပြု မိစေလို၍ ဖြစ်သည်။ သူက အာကာသအတွင်း ကျင့်ကြံသူ တစ်ယောက်နှင့် တွေ့ပါက အင်မော်တယ်လောကဆီ ပြန်မည့် လမ်းကို ရှာတွေ့ နိုင်လောက်ပေသည်။
***
နတ်ဘုရား အင်မော်တယ်နယ်မြေ၊ အနှောင်အဖွဲ့ကင်း ဧကရာဇ်နန်းတော်
အင်မော်တယ် ဧကရာဇ် သရဖူ ဆောင်းထားသော ပိန်ပါးပါး၊ အရပ်ရှည်ရှည် အမျိုးသားက သူ့ရှေ့တွင် ဒူးထောက်နေသော လူများကို ခက်ထန်စွာ ကြည့်နေသည်။ ထိုပိန်ပါးပါး အမျိုးသားမှာ နတ်ဘုရား အင်မော်တယ် နယ်မြေ၏ ထိပ်တန်း အင်မော်တယ် ဧကရာဇ် ဖြစ်သည့်အပြင် မဟာဧကရာဇ်လည်း ဖြစ်သည့် လွန်ချိုက်သာ ဖြစ်၏။
သာမန်အခြေအနေ အောက်၌ အင်မော်တယ် ဧကရာဇ်အဆင့် တကယ်လှမ်းနိုင်သူကို အင်မော်တယ်လောက၌ မဟာဧကရာဇ်ဟု ခေါ်ဆိုရန် အရည်အချင်း ပြည့်မီပေသည်။ သို့သော်လည်း အမှန်တရားမှာ မဟာဧကရာဇ် တစ်ယောက်ချင်းစီမှာ သူတို့နယ်မြေ အတွင်း အားအကောင်းဆုံးထဲမှ တစ်ယောက် ဖြစ်ကြသည်။ အကြောင်းမှာ အစစ်အမှန် စွမ်းရည် မရှိလျှင် တခြားသူများက သူ့အား မဟာဧကရာဇ်ဟု ခေါ်ဆိုမည် မဟုတ်သလို အသိမှတ်လည်း ပြုကြမည် မဟုတ်ပေ။ အင်မော်တယ် လောက၌ မဟာဧကရာဇ်မှာ အများက လေးစားရသည့် ပုဂ္ဂိုလ် ဖြစ်ပြီး အစစ်အမှန် အာဏာနှင့် စွမ်းအား၏ ပြယုတ်အဖြစ် ယူဆ၍ ရပေသည်။
အင်မော်တယ် ဧကရာဇ် လွန်ချိုက်မှာ နောက်ပိုင်း အင်မော်တယ် ဧကရာဇ် အဆင့် ရောက်နေပြီ ဖြစ်ရာ တုန်လှုပ်ဖွယ် အားကောင်းလှပေသည်။
အမွှေးတိုင် တစ်တိုင်စာ အကြာတွင် အင်မော်တယ် ဧကရာဇ်က လေးလေးနက်နက် ပြောလိုက်သည် “လိုင်ယီ … မိုဝူကျီက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ထဲ သွားတာ သေချာလား ”
လူငယ်လေးက ရှေ့တိုးလာကာ ဦးညွှတ်လိုက်ပြီး “ဟုတ်ပါတယ် ... သူ ဝင်သွားပြီးတော့ ပြန်မထွက်လာ နိုင်ပါဘူး ”
လွန်ချိုက်က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်နှင့် အလွန်ရင်းနှီးရာ လူငယ်လေးအား စစ်ဆေး ပြီးပြီလားဟု မေးမနေတော့ပေ။ အကယ်၍ မိုဝူကျီကဲ့သို့ ရွမ်ရှန်းအဆင့် ကျင့်ကြံသူက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းရေကန်ဆီ ဝင်သွားသည်မှာ သေချင်နေ၍သာ ဖြစ်ရမည်။
အင်မော်တယ် ဧကရာဇ် လွန်ချိုက်၏ မျက်နှာအမူအယာမှာ လေးနက်လာပြီး သူ့အသံမှာလည်း ပို၍ ဒေါသသံ စွက်လာကာ “ဟုန်လင်း ... မင်း တွေ့ပြီလား ”
ဆံနီမိန်းကလေးက မြန်မြန် ပြောလိုက်သည်
“အဲဒီမိုဝူကျီက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ ဆေးလုံးဘုရင် ဖြစ်ပြီးတော့ အကြီးအကဲလည်း ဟုတ်ပါတယ်။ သူက ယုံရင်အင်မော်တယ် နယ်မြေရဲ့ ဆေးပညာ ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီးတော့ ယွင်ရှန့်တောင်ကြားဆီ ဝင်သွားခဲ့ပါတယ်။ အဲဒါအပြင် သူက စူးခရာ အင်မော်တယ် မြို့ဟောင်းမှာ တျန်းဂျီဆေးဆိုင် ဆိုပြီး ဆိုင်ဖွင့်ထားပါတယ် ”
လွန်ချိုက် အသံမှာ အေးစက်လာကာ
“ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ကို လှမ်းအကြောင်းကြားလိုက် ... မိုဝူကျီ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်မှာ သေသွားတာက ကိစ္စအသေးလေး ဆိုပေမဲ့ သူက ငါ့ရဲ့ အဖိုးတန် ကိုယ်လုပ်တော်လေးရဲ့ အသက်အပေါ် သက်ရောက်မှု ဖြစ်စေခဲ့တယ်။ သူ့အနီးအနားက လူအားလုံးကို ငါ့ကိုယ်လုပ်တော်လေး အတွက် မြေမြှုပ်ပစ်ရမယ် ...
ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ကို လေးစားလို့ သူတို့နဲ့ ဘာမှတော့ တွက်ချက် မနေတော့ဘူး။ ဒါပေမဲ့ မိုဝူကျီရဲ့ ဆေးဆိုင်နဲ့ သူ့ဘေးနားက လူအားလုံးကို ဖယ်ရှားပစ်တဲ့အခါ ဆေးလုံးတာအို အင်မော်တယ်မဟာမိတ် အဖွဲ့အနေနဲ့ ဝင်မပါဖို့ မျှော်လင့်တယ် ...
မဟုတ်ရင် သူတို့ဖက် လှည့်လာတဲ့အတွက် ငါ့ကို အဆိုးမဆိုနဲ့ ... ပြီးတော့ မိုဝူကျီကို စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ နေရာတစ်နေရာစာ ပေးတဲ့ နတ်ဆိုးစန္ဒာ အင်မော်တယ် ကျောင်းတော်က တာဝန်ယူရမယ်”
အကယ်၍ မိုဝူကျီသာ ရှိနေလျှင် ထိုအကျိုးအကြောင်း ဆင်ခြင်မှု မရှိသော လူကို မြင်ကာ ကြောင်အမ်း နေမိလောက်သည်။ သူက အင်မော်တယ် ဧကရာဇ်ကို တွေ့လည်း မတွေ့ဖူးသလို ကတိစကားလည်း မပေးထားဖူးပေ။ သူ့တွင် ဆေးပညာ အရည်အချင်း တချို့ရှိ၍ အင်မော်တယ် ဧကရာဇ် လွန်ချိုက်အား ဒေါသထွက်စေ၍ သူ့လူများကို သတ်ပစ်ရန် ကြံရွယ်နေခြင်းသာ ဖြစ်၏။
မိုဝူကျီအနေဖြင့် လွန်ချိုက် သူ့အား ရှာနေသည့် အကြောင်းပင် မသိခဲ့ပေ။
***
ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှာ အင်မော်တယ်လောက အတွင်း ကြီးမားသော တည်ရှိမှုကြီး တစ်ခု ဖြစ်၏။ လွန်ချိုက် အကျိုးအကြောင်းမရှိ ပြုမူနေသည့် အကြောင်းမှာ မိုဝူကျီ သေဆုံးသွား၍ ဖြစ်၏။
လက်ရှိ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် အဖွဲ့ချုပ်၌ ဒုခေါင်းဆောင် ဟူကျန်းယွီမှာ အမူအရာ ပျက်ယွင်းနေလေ၏။ အဓိက အကြောင်းအရင်းမှာ အင်မော်တယ် ဧကရာဇ်၏ လေးစားမှု မရှိသည့် အကြောင်း အပြင် မျှော်လင့်ချက်များစွာ ထားထားသော မိုဝူကျီက သေဆုံးသွား၍ ဖြစ်သည်။
သူက လိုင်ယီဟု ခေါ်သော လူငယ်လေးကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်
“ကျုပ်တို့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့က လွန်ချိုက် အပြုအမူကို ငြင်းဆိုမယ်ဆိုရင် လွန်ချိုက်က ကျုပ်တို့ဆီ ရောက်လာမှာလား … ကျုပ်တို့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ အနေနဲ့ တံခါးအရှေ့အထိ လာခြိမ်းခြောက်တဲ့ ဒီလို ရန်သူမျိုးကို မတွေ့သေးဘူး”
လိုင်ယီက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်
“မဟာမိတ်ခေါင်းဆောင် ဟူရဲ့ စကားတွေက ပြင်းထန် လွန်းနေပါပြီ။ မိုဝူကျီက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ အကြီးအကဲ ဖြစ်နေမှတော့ သူက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်နေပြီလေ။ ဒါပေမဲ့လည်း သူက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ သဘောထားကို မလေးစားဘဲနဲ့ သူ့သဘောနဲ့သူ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ သွားခဲ့လို့ သေဆုံး သွားခဲ့တယ်။ ဒီက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ အပေါ်မှာ လေးစားမှု မရှိတာပဲ မဟုတ်ဘူးလား ... မဟာဧကရာဇ် လွန်ချိုက်က ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ အနေနဲ့ ခွင့်ပြုပေးမယ် ဆိုရင် မဟာဧကရာဇ် ဘက်ကနေ …”
“ဟင်း” လိုင်ယီ စကားမဆုံးခင် ဟူကျန်းယွီက အေးစက်စက် ပြန်ပြောလိုက်သည်
“ဘာလဲ … ငါတို့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ကို မဟာဧကရာဇ်နဲ့ လာခြိမ်းခြောက်နေတာလား။ ငါတို့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့က အင်မော်တယ် လောကထဲ အချိန်အကြာကြီး ရပ်တည်နေနိုင်တာ ဘယ်ခြိမ်းခြောက်မှုကိုမှ မကြောက်လို့ပဲ”
လိုင်ယီက မြန်မြန် ပြောလိုက်ရသည်
“ကျုပ်တို့ အနှောင်အဖွဲ့ကင်း ဧကရာဇ်နန်းတော်က ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ကို အမြဲလေးစား ခဲ့တာပါ။ အဲဒါကြောင့် ကျုပ်တို့က မဟာမိတ်အဖွဲ့ကို ဘယ်တော့မှ ခြိမ်းခြောက်မှာ မဟုတ်ပါဘူး။ မဟာဧကရာဇ်က ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ အနေနဲ့ သဘောမတူရင်လည်း အဆင်ပြေပါတယ် ဆိုပြီး ပြောခိုင်းလိုက်ပါတယ် ”
မဟာဧကရာဇ် လွန်ချိုက်၏ စကားများမှာ လိုင်ယီ ပြောသကဲ့သို့ ညင်သာခြင်း မရှိသလို ယဉ်ကျေးမှုလည်း မရှိချေ။ အကြောင်းမှာ လွန်ချိုက်က ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် အဖွဲ့ဘက်မှ မျက်နှာသာ မပေးလျှင် သူ့ဘက်မှလည်း ညင်သာနေမည် မဟုတ်ကြောင်း အမှန်တကယ် ပြောခဲ့သည်။ လိုင်ယီက နဂိုအတိုင်း သေချာပေါက် ပြောမည် မဟုတ်ပေ။ သူသာ ပြောခဲ့လျှင် ဖြစ်လာမည့် တိုက်ပွဲအား ရှောင်လွှဲ၍ ရမည် မဟုတ်တော့ပေ။
“မဟာမိတ် ဒုခေါင်းဆောင် ... မဟာဧကရာဇ်ရဲ့ အပေးအယူကို ဘာလို့နားထောင် မကြည့်တာလဲ” မျက်လုံးမှေးမှေးနှင့် အလွန်ဝနေသည့် လူတစ်ယောက်က ထွက်လာကာ ပြောလိုက်သည်။
ထိုဝတုတ်တုတ် အမျိုးသားမှာ ရန်ချင် ဖြစ်ပြီး ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ အကြီးအကဲလည်း ဖြစ်သလို အဆင့် ၇ အင်မော်တယ် ဧကရာဇ်လည်း ဖြစ်၏။ သူက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၌ အဆင့်အတန်း မြင့်ကာ ဒုခေါင်းဆောင်ထက် အနည်းငယ်သာ နိမ့်ကျ၏။ အကြီးအကဲများကြား သူက လုပ်ပိုင်ခွင့် အရှိဆုံး သူလည်း ဖြစ်ပေသည်။
***