ရှက်စရာ ကောင်းသော ငှက်
Vol. 43 Ch. 589
“အဲဆို ကြားပါရစေဦး” အရိုးသားဆုံး ပြောရလျှင် ဟူကျန်းယွီက မိုဝူကျီကို အနည်းငယ် ဒေါသထွက်မိသည်။
ပါရမီကောင်းလှသည့် မိုဝူကျီကဲ့သို့ လူငယ် ဆေးလုံးဘုရင် တစ်ယောက်က တစ်ကိုယ်ကောင်းဆန်ကာ အဘယ်ကြောင့်များ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ သွားရတာလဲ ...
အကယ်၍ သူသာ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ မဝင်သွားခဲ့လျှင် လွန်ချိုက်အတွက် မည်မျှပင် အားကောင်းနေစေကာမူ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ကို ရန်ပြုရဲမည် မဟုတ်ပေ။
လိုင်ယီက နောက်တစ်ကြိမ် လက်နှစ်ဖက် ယှက်ကာ “မဟာဧကရာဇ်က ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ကို နတ်ဘုရားမျှော်စင် ဝင်ဖို့ နှစ်နေရာစာ ပေးမယ်လို့ ပြောလိုက်ပါတယ် ”
“တကယ်လား” ဟူကျန်းယွီက စိတ်လှုပ်ရှားမှုကြောင့် မတ်တတ်ရပ် လုမတတ် ဖြစ်သွားကာ လိုင်ယီ စကားများကို ကြားလိုက်စဉ် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်၍ပင် မရတော့ပေ။
နတ်ဘုရားမျှော်စင်မှာ နတ်ဘုရား အင်မော်တယ် နယ်မြေရှိ အလျှို့ဝှက်ဆုံးသော နေရာ ဖြစ်ကာ ကောလာဟလ သတင်းများအရ အကြွယ်ဝဆုံး နေရာတစ်ခုလည်း ဖြစ်ပေသည်။ သတင်းတွေအရ ထိုနေရာမှာ နတ်ဘုရားများ တိုက်ခိုက်သည့် နေရာ တစ်ခုဖြစ်ကာ များပြားစွာသော နတ်ဘုရားများက ထိုနတ်ဘုရား မျှော်စင်အတွင်း ကျရှုံးသွားကြခြင်း ဖြစ်သည်ဟု ဆိုကြသည်။ နတ်ဘုရားများ ကျန်ရစ်ခဲ့သော အရာများမှာ အင်မော်တယ် လောက၌ ထိပ်တန်း တည်ရှိမှုမျိုး သေချာပေါက် ဖြစ်လိမ့်မည်။
အင်မော်တယ် ဧကရာဇ် လွန်ချိုက်၏ အင်အားမှာ တခြားသော အဆင့်တူများထက် သာလွန်နေပြီး မဟာဧကရာဇ်ဟု အခေါ်ခံနေရသည့် အကြောင်းအရင်းမှာ သူက နတ်ဘုရားမျှော်စင်ကို တစ်ခါ ရောက်ရှိဖူးခဲ့၍ ဖြစ်သည်။ နတ်ဘုရားမျှော်စင်၌ သူက မဟာဧကရာဇ် ဖြစ်လာစေမည့် သူ့အမြန်နှုန်းကို ကူညီပေးနိုင်သော အခွင့်အလမ်း များစွာနှင့် ကြုံတွေ့ခဲ့ရသောကြောင့် ဖြစ်ပေသည်။
ဟူကျန်းယွီက ဤမျှ အင်အားကောင်းသည့်အထိ ကျင့်ကြံလာသော်လည်း လောက၌ သူ မရရှိနိုင်သော အရာများ ရှိနေသေး၏။ သို့သော်လည်း နတ်ဘုရားမျှော်စင် ဝင်ခွင့်နေရာမှာ သူ အလိုရှိနေသော်လည်း မရရှိနိုင်သော ကိစ္စတစ်ခု အပါအဝင် ဖြစ်ပေသည်။
နတ်ဘုရားမျှော်စင် ဖွင့်လိုက်သည့် အခါတိုင်း တခြားသော အင်မော်တယ် နယ်မြေများမှ လူများကို မဆိုထားနှင့် နတ်ဘုရားအင်မော်တယ် နယ်မြေမှ လူများအတွက် ဝင်ခွင့်နေရာပင် ကန့်သတ် ထားလေ၏။ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှ နေရာ ရဖူးသော်လည်း အင်မတန် နည်းပေသည်။
လွန်ချိုက်အတွက် နတ်ဘုရားမျှော်စင် ဝင်ခွင့် နေရာ နှစ်နေရာစာ ပေးခြင်းမှာ အလွန်ရက်ရော နေသည်ဟု ယူဆ၍ ရပေ၏။ ထိုကမ်းလှမ်းချက်မှာ လက်ခံ၍ ရသော အနေအထား ဖြစ်၏။ နတ်ဘုရားမျှော်စင်တွင် ကျင့်ကြံဆင့် မကန့်သတ်ထားလေရာ မည်သူမဆို ဝင်ခွင့် ရှိသည်။ ဟူကျန်းယွီက နတ်ဘုရားမျှော်စင်ကို ဝင်ရန် အမြဲတမ်း အခွင့်အရေးကို စောင့်မျှော်နေသော်လည်း အခွင့်အရေးကား ရောက်မလာခဲ့ချေ။
ဤတစ်ကြိမ်၌ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ကို နေရာ သုံးနေရာစာ ပေးထားသော်လည်း ထိုနေရာများမှာ အလားအလာ ကောင်းသော လူငယ်မျိုးဆက်ဆီ ပေးလေ့ ရှိသည်။ ဟူကျန်းယွီက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင် ဖြစ်လေရာ ဂျုနီယာလေးများနှင့် နေရာယှဉ် လုဝံ့လောက်သည့်အထိ အရှက်မမဲ့ပေ။ ယခု မဟာဧကရာဇ် လွန်ချိုက်က သူ့အတွက် နှစ်နေရာ ပေးနေခြင်းမှာ တန်ဖိုးကြီး ဧည့်ခံလိုက်ခြင်းနှင့် ညီမျှပေသည်။
“မဟာဧကရာဇ်က နယ်မြေကို အဓိက ထိန်းချုပ်ထားတာ ဆိုတော့ ဒီလို ဖြစ်လာဖို့ စကားနည်းနည်းပဲ ပြောဖို့ လိုတယ်။ အဲဒါကြောင့် သူက ဒီလိုကိစ္စတွေကို လိမ်ညာနေမှာ မဟုတ်ဘူး” လိုင်ယီက လေးလေးစားစား ပြောလိုက်သည်။
သူ့လေသံမှာ ပျူငှာနေဟန် ပေါ်သော်လည်း လိုင်ယီ၏ စိတ်နှလုံးသားကား အနည်းငယ် ကွဲပြားပေသည်။
ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့က ဖြစ်နေတော့လည်း ဘာအရေးလဲ ...
ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင်မှာ နတ်ဘုရားမျှော်စင် နှစ်နေရာစာ အကြောင်းကြားပြီး ထိုမျှ စိတ်လှုပ်ရှား နေလိမ့်မည်ဟု မယုံနိုင်ပေ။
“ကောင်းပြီလေ ... သူ့တောင်းဆိုချက်ကို သဘောတူပါတယ် ဒါပေမဲ့ မဟာဧကရာဇ် လွန်ချိုက်အနေနဲ့ အရမ်း မလွန်စေဖို့ပဲ မျှော်လင့်ပါတယ်” ဟူကျန်းယွီက ပြန်မဖြေခင် သူ့ကိုသူ စိတ်တည်ငြိမ်အောင် ထိန်းလိုက်သည်။
“သေချာတာပေါ့ ” လိုင်ယီက ကျေကျေနပ်နပ် ပြန်ဖြေလိုက်၏။
ဟူကျန်းယွီ၏ တောင်းဆိုချက်ကို မည်သူကမှ စိတ်ထဲ မထားပေ။ အားလုံးက ထိုတောင်းဆိုချက်မှာ ဘယ်သောအခါမှ ဖြည့်ဆည်းပေးမည် မဟုတ်ကြောင်း သိနေ၍ ဖြစ်၏။
***
မိုဝူကျီက သူ ကျင့်ကြံနေသည်မှာ မည်မျှ ကြာမြင့်သွားကြောင်း မသိသော်လည်း ရပ်တန့်ပစ်လိုက်ရုံမှ အပ ရွေးချယ်စရာ မရှိပေ။ အဓိက အကြောင်းအရင်းမှာ သူ့အင်မော်တယ် ကျောက်များ ကုန်ဆုံးသွားသောကြောင့် ဆက်လက် ကျင့်ကြံနေဖို့ရာ ဆေးလုံးများအပေါ် မှီခိုအားပြုထား၍ မဖြစ်ပေ။
ဤကျင့်ကြံလာသည့် နှစ်များအတွင်း သူက အလယ်အလတ် ရွမ်ရှန်းအဆင့်ထိ ရောက်လာကာ နောက်ပိုင်း ရွမ်ရှန်းအဆင့် ရောက်ဖို့ရာ တစ်လှမ်းမျှသာ လိုအပ်တော့သည်။
သူက ဆက်မကျင့်ကြံ နိုင်တော့သောကြောင့် ဦးတည်ချက်မရှိ ပျံသန်းနေသော လွန်းပြန်ယာဉ်ကို ထိန်းချုပ်လိုက်တော့သည်။ ထိုစဉ် အင်မော်တယ် လောကကို မဆိုထားနှင့် ကောင်းကင်ကျီး ဂြိုဟ်ဆီပင် ပြန်သွားနိုင်တော့မည် မဟုတ်ပေ။
သူ ကျင့်ကြံနေစဉ် လမ်းပျောက်နေသည့် အချက်ကို သိပ်အာရုံ မရှိသော်လည်း ကျင့်ကြံခြင်း ရပ်တန့်လိုက်သည်နှင့် စတင်၍ စိုးရိမ်လာမိသည်။ တစ်လ၊ နှစ်လ လမ်းပျောက်ခြင်းမှာ ကိစ္စမရှိသော်လည်း အကျိုးမရှိ တစ်နှစ်တာ ကုန်ဆုံး သွားရသောအခါ မိုဝူကျီ၏ သဘောထားလည်း ပြောင်းလဲသွားတော့သည်။
အကယ်၍ သူသာ ဤသို့ ဆက်နေနေလျှင် ဤကျယ်ပြောလှသော စကြဝဠာကြီးထဲ၌ အသက်ကြီးရင့်ကာ သေဆုံးသွားပေလိမ့်မည်။
နောက်ထပ် တစ်လ ကြာမြင့်သွား၏။ မိုဝူကျီက ကံကို စမ်းကြည့်ပြီး အာကာသ အက်ကြောင်းရှာရန် စဉ်းစားကြည့်နေစဉ် ရင်းနှီးသော စွမ်းအင် အငွေ့အသက်ကို ခံစားမိလိုက်သည်။
သူ ခံစားမိလိုက်သော စွမ်းအင်မှာ အင်မတန် အားနည်းသော်လည်း မိုဝူကျီက ခံစားမိဆဲ ဖြစ်ကာ လွန်းပြန်ယာဉ်ကို ထိုနေရာဆီ ဦးတည်လိုက်သည်။ ထိုစဉ် သူက ကျင်းယီရန်နှင့် တွေ့လျှင်ပင် မိုဝူကျီက စကားပြောကြည့်ရန် နည်းလမ်း ရှာကြည့်ရမည်။
“ရွိုက်ကောလား” မိုဝူကျီကို အံ့ဩသွားစေသည်မှာ ရွိုက်ကောကို မြင်တွေ့လိုက်ရ၍ ဖြစ်သည်။ ရွိုက်ကောက သင်္ဘောပျံတစ်စင်း ကုန်းပတ်ပေါ်၌ တွန့်လိမ်နေပြီး သူ့ရှေ့၌ အဆင့်မြင့် ဝိညာဉ်ဆေးပင်များ ရှိနေသည်။
မိုဝူကျီကို အံ့အားသင့် သွားစေသည်မှာ ရွိုက်ကော၏ အင်အားမှာ သူတို့ ခွဲခွာ သွားကတည်းမှ တိုးတက် မလာသေးပေ။ ရွိုက်ကော၏ ပါရမီအရ မိုဝူကျီက ရွိုက်ကောမှာ ယခု အဆင့် ၉ သားရဲ ဖြစ်နေလျှင်ပင် ထူးဆန်းမည်ဟု မထင်မိလောက်ပေ။ သူတို့ ခွဲခွာသွားစဉ် ရွိုက်ကောက အဆင့် ၄ သားရဲ ဖြစ်နေပြီ ဖြစ်၏။ ဤနှစ်များအတွင်း ရွိုက်ကောက အဆင့် ၄ သားရဲသာ ဆက်ဖြစ်နေပြီး သူ့အနီးအနား၌ အားနည်းသော စွမ်းအားများ ရှိနေသည။
မိုဝူကျီက ရွိုက်ကော၏ စရိုက်အကြောင်း ကောင်းကောင်း သိထားသည်။ သို့သော်လည်း သူက မီးခိုးရောင် ငှက်မွေးများဖြင့် ယခင်ကထက် ပို၍ ရုပ်ဆိုးလာလေသည်။ ယခင် သူက ခြေထောက်သုံးချောင်း ရှိသော်လည်း ယခုအခါ တစ်ချောင်းကား ပျောက်သွားပြီး ခြေနှစ်ချောင်း သားရဲ ဖြစ်လာ၏။ ထိုအရာမှ လွဲလျှင် သူက စွမ်းအား သို့မဟုတ် စိတ်ဝိညာဉ် မရှိတော့သည့်အလား ပေါ်နေသည်။
ပုံမှန်အတိုင်း ပြောရလျှင် ရွိုက်ကော၏ လက်ရှိပတ်ဝန်းကျင်မှာ မဆိုးရွားလှပေ။ အကြောင်းမှာ သူက သင်္ဘောပျံ ကုန်းပတ်ပေါ် ထိုင်ကာ စိတ်ဝိညာဉ်ဆေးပင်များ စားသောက်နေနိုင်သည် မဟုတ်ပါလော။
အဘယ်ကြောင့်များ မတိုးတက်လာရတာလဲ ...
ထို့အပြင် မိုဝူကျီက ရွိုက်ကောကို အာရုံခံမိပြီ ဖြစ်ကာ ရွိုက်ကောက သားရဲဖြစ်သောကြောင့် ပို၍ အာရုံခံနိုင်စွမ်း ကောင်းသော်လည်း မိုဝူကျီကို အာရုခံမိဟန် မပေါ်သေးပေ။
မိုဝူကျီက လွန်းပြန်ယာဉ်ကို ချက်ချင်း သိမ်းထားကာ သင်္ဘောပျံဆီ ဆင်းသက်လိုက်သည်။ သင်္ဘောပျံပေါ်ရှိ အတားအဆီးများမှာ မိုဝူကျီအတွက် အလှပြတန်ဆာ တစ်ခုအဖြစ် မပိုပေ။
“သခင် ...” စိတ်ဓာတ်ကျကာ ချုံးချုံးကျနေသော ရွိုက်ကောက မိုဝူကျီကို မှတ်မိသွားကာ မိုဝူကျီ၏ ပခုံးပေါ် ရောက်ရှိလာသည်။ သူက ငှက်တစ်ကောင်မျှ ဖြစ်သော်လည်း သူ့မျက်ဝန်းမှ စိတ်လှုပ်ရှားမှုမှာ အတိုင်းသာ မြင်နေရသည်။
“ဘယ်သူလဲ” အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် လူငယ်လေးက ထွက်လာလေသည်။ ထိုလူက ခန့်ညားရုံသာမက ယုံကြည်ချက် ပြင်းထန်လွန်းနေပြီး လျှောက်လှမ်းလာတိုင်း ခံညားထည်ဝါနေဟန် ရှိသည်။ ဝိညာဉ်စွမ်းအား အရိပ်အယောင်များက သူ့ခန္ဓာပတ်လည်၌ ရှိနေပြီး မကျင့်ကြံရသေးသည့် လူများပင် ထိုလူငယ်လေးမှာ မည်မျှ ထူးခြားကြောင်း ပြောနိုင်လိမ့်မည်။
မိုဝူကျီက ထိုလူအား တိတ်တဆိတ် ချီးကျူးလိုက်သည်။ သူက အများဆုံး ၂၀ မျှသာ ရှိသေးသော်လည်း စစ်မှန်ခြင်း နတ်ဘုရားအဆင့် ၇ သို့ ရောက်ရှိနေလေပြီ။ ကျန်းရှင်း တစ်ခုလုံး၌ သူ့လောက် ပါရမီကောင်းသူ မရှိလောက်ပေ။
တစ်ဖက်လူက မည်မျှ ယုံကြည်ချက်ရှိပြီး အံ့အားသင့်စရာ ကောင်းနေစေကာမူ မိုဝူကျီက သူ့ကို အာရုံမစိုက်ဘဲ ရျွိုက်ကောကို သယ်ကာ ကုန်းပတ်ပေါ် ချပြီး ပြောလိုက်သည် “ရွိုက်ကော ... မင်းက ဇာစ်မြစ်ကောင်းတဲ့ ငှက်တစ်ကောင်လေ။ ဒီလောက်နှစ်တွေအကြာကြီး ခွဲထားရတာတောင် အဆင့်တိုးမလာဘဲ ခြေတစ်ချောင်းတောင် ပျောက်သွားရတာတုန်း။ လူတစ်ယောက် အဲလေ ငှက်တစ်ကောင်အနေနဲ့ ဘယ်လောက် ရှက်စရာကောင်းလဲ”
ရွိုက်ကောက ခြေချောင်းတစ်ဖက်ဖြင့် မျက်လုံးကို သုတ်ကာ ပြောလိုက်သည် “သခင်ကို ဒီနေ့သာ မတွေ့ရရင် ကျွန်တော်တော့ သေတော့မှာ … အဲဒီခွေးကောင်က ကျွန်တော့်ကို နေ့တိုင်း အစားကောင်းကောင်း ကျွေးပြီး သွေးကို ယူတယ်။ အဲဒီလူက ကျွန်တော့်သွေးကို နေ့တိုင်း တစ်ခွက်စီ သောက်တယ်။ ကျွန်တော် ဘယ်လောက်ပဲ အားကောင်းလာလာ အဲဒီအမှိုက်ကြောင့် သွေးကို မကျန်တော့ဘူး။ ကျွန်တော့်ရဲ့ ခြေချောင်းတစ်ချောင်း ပျောက်သွားတာက ခန္ဓာကိုယ်ထဲမှာ သွေးမကျန်တော့လို့ ... ဝါး ... သခင် ကျွန်တော်အတွက် မျှတအောင် လုပ်ပေးရမယ်နော် ”
ဝိညာဉ်ဆေးပင်များ၌ သွေးအားပြန်ဖြည့်ပေးသည့် ဆေးပင်နှစ်မျိုး ပါဝင်နေလေရာ မိုဝူကျီ၏ မျက်ဝန်း၌ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာသည်။ သူက ချက်ချင်း မပြုမူသေးဘဲ အေးစက်စက် ပြောလိုက်သည်
“အရင် မင်းကို လျှပ်စီးဇာစ်မြစ် အပြင်ဘက်မှာ စောင့်ခိုင်းထားတာ မဟုတ်ဘူးလား။ ဘာလို့ ထွက်သွားတာလဲ ... မင်းကို အကြာကြီး ရှာနေခဲ့တာ ”
“ကျွန်တော့်ဘာသာ ထွက်သွားတာ မဟုတ်ပါဘူး အဲဒီအမှိုက်တွေက ကျွန်တော့်ကို ခေါ်သွားတာ … ကျွန်တော်က ရှေးဟောင်းသားရဲ အမျိုးအစားမလို့ သွေးကို လိုတယ်ဆိုပြီး အဟင့်ဟင့် ... ”
ရွိုက်ကောက အဖြစ်အပျက်ကို မရှင်းပြရသေးခင် မိုဝူကျီက အရာအားလုံးကို နားလည်သွားလေ၏။ သူက အစိမ်းရောင် ဝတ်ရုံနှင့် လူငယ်ကို ကြည့်ကာ အေးစက်စွာ ရေရွတ်လိုက်သည် “မင်းက ရွိုက်ကောဆီကနေ ဆယ်နှစ်လုံးလုံး သွေးကို ယူခဲ့တဲ့ သူလား ”
အစိမ်းရောင် ဝတ်ရုံနှင့် လူငယ်လေးက မျက်မှောင်ကြုတ်လိုက်သည်။ အကြောင်းမှာ မိုဝူကျီသာ သူ့သင်္ဘောပျံပေါ် သတိမထားမိဘဲ ပေါ်မလာခဲ့လျှင် သူက မိုဝူကျီကို ကန်ထုတ်လိုက်ပြီးပြီ ဖြစ်၏။
“ဟူပို ..” အစိမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးက ပြန်ဖြေမည့်အစား အော်ခေါ်လိုက်သည်။
အားနည်းနေဟန် ရှိသည့် လူအိုကြီးက ကုန်းပတ်ပေါ် ရောက်ရှိလာပြီး သူ့ဘေးတွင် လူလတ်အရွယ် အမျိုးသား တစ်ယောက်လည်း ပါရှိ၏။ အားနည်းနေသည့် လူအိုကြီးက မိုဝူကျီကို ခြုံငုံကြည့်လိုက်ပြီး မိုဝူကျီနှင့် သာမန်သေမျိုး တစ်ယောက်ကြားမှ ကွာခြားချက်ကို မပြောနိုင်ပေ။
“မိတ်ဆွေ နားလည်မှု လွဲတာများ ရှိနေတာလား ” ဟူပို အမည်ရှိ အားနည်းနေသော လူအိုကြီးက လက်နှစ်ဖက် ယှက်ကာ ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်။
မိုဝူကျီ၏ ဇာစ်မြစ်မှာ ထူးဆန်းလွန်းလေရာ သူ့သခင်လေး၏ သင်္ဘောပျံပေါ်ရှိ အတားအဆီးမှာ အဆင့်နိမ့် မဟုတ်ကြောင်း သိသင့်ပေသည်။ ထို့ကြောင့် မိုဝူကျိက သတိမပြုမိဘဲ ဝင်လာနိုင်ခြင်းမှာ အင်မတန် အံ့ဩဖို့ ကောင်းနေပြီ ဖြစ်၏။
မိုဝူကျီက ခက်ထန်စွာ ပြန်ဖြေလိုက်သည် “ခင်ဗျားက ကျုပ်မိတ်ဆွေဖြစ်ဖို့ မတန်ဘူး … ကျုပ် မေးခွန်းကိုသာ ဖြေစမ်းပါ ”
“အဲဒီ အိမ်မွေး တိရစ္ဆာန်ဆီက သွေးသောက်တော့ ဘာဖြစ်လဲ” အစိမ်းရောင် ဝတ်ရုံနှင့် လူငယ်လေးက မှော်ရတနာကို ဆွဲထုတ်ရင်း ခပ်ပြတ်ပြတ် ဝင်ပြောလိုက်သည်။
“ရွိုက်ကော ... သူ ယူထားတဲ့ သွေးတွေအားလုံး ပြန်သွားသောက်ချည် ... အပိုမသောက်နဲ့ … မင်း ကုန်ဆုံးထားသလောက်ပဲ သောက် ” မိုဝူကျီက အသာပြောလိုက်၏။
“မင်းက သေချင်နေတာပဲ” အစိမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးက မိုဝူကျီစကားကို ကြားသောအခါ ဒေါသူပုန် ထလာပြီး သူ့လက်ထဲမှ လခြမ်းကွေးဓားကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သူက တစ်လက်မမှ လှုပ်မရကြောင်း သိကာ တုန်လှုပ်သွားတော့သည်။ မမြင်ရသည့် ထောင်ချောက်အတွင်း ကျရောက်သွားသည့် အလား သူ့ခေါင်းထဲမှ အတွေးများနှင့် ပါးစပ်မှ လွဲ၍ ဘာမှ လှုပ်ရှား၍ မရတော့ပေ။
“ဟူပို ကယ်ပါဦး ...” လူငယ်လေး မျက်ဝန်း၌ အကြောက်တရားများ ရှိနေပြီး ကျင့်ကြံဆင့်ပင် မှန်းမရလောက်သည့် အထိ အားကောင်းနေသည့် ကျင့်ကြံသူ ရှိနေလိမ့်မည်ဟု မထင်ထားပေ။
ဟူပိုက အစောပိုင်း လောကအင်မော်တယ် အဆင့်မျှ ဖြစ်သော်လည်း ထောင်ချောက်ထဲ ဝင်မှန်း သတိမပြုမိဘဲ ရှေ့တစ်လှမ်း တိုးမိလိုက်သည်။
“စီနီယာ ကျုပ်တို့ကို ချမ်းသာပေးပါ။ ကျုပ်တို့က ပုံရိပ်ယောင်တောင် ကပါ။ ပုံရိပ်ယောင်တောင်မှာ ပဉ္စမ လွတ်မြောက် အင်မော်တယ် ရှိပါတယ် …” ဟူပိုက တစ်ခါတည်းဖြင့် အားလုံးကို ပြောချလိုက်သည်။
ရွိုက်ကောက သူ့ကို ပျော်ပျော်ရွှင်ရွှင် ငေးကြည့်နေသည်ကို သတိပြုမိပြီး မိုဝူကျီက ကန်ကာ ပြောလိုက်သည် “သွား … သွေးသောက်ချည် ... အချိန် ထပ်ဖြုန်းမနေနဲ့”
“ဟုတ်ကဲ့ သခင်” ရွိုက်ကောက စိတ်လှုပ်ရှားစွာဖြင့် လူငယ်လေး နဖူးဆီ ရောက်သွားလေ၏။ တစ်ခါတည်းဖြင့် ရွိုက်ကောက လူငယ်လေး၏ နဖူးကို ကိုက်ချလိုက်သည်။
သွေးများက ပန်းထွက်လာပြီး ရွိုက်ကောပါးစပ်ထဲ စီးဝင်လာတော့သည်။
“စီနီယာ သူ့ကို ညှာတာပေးပါ။ သူက ကျုပ်တို့ ပုံရိပ်ယောင် တောင်က သခင်လေးပါ ...” ရွိုက်ကောက တကယ် သွေးစုပ်ယူနေသည်ကို မြင်ကာ ဟူပိုက သွေးအန်လုမတတ် ဖြစ်သွားကာ သူ့လေသံမှာ အဆီအငေါ် မတည့်တော့ပေ။
မိုဝူကျီက ထိုစကားများကို ဂရုမစိုက်ဘဲ ပြန်မေးလိုက်သည် “ပုံရိပ်ယောင်တောင်က ဘယ်မှာလဲ။ ပြီးတော့ လွတ်မြောက် အင်မော်တယ်က ဘာလဲ”
ဟူပိုက အသက်ပြင်းပြင်း ရှူလိုက်သည်။ ရွိုက်ကောကို မြန်မြန် ရပ်ခိုင်းရမည်မှန်း သိ၏။ မဟုတ်လျှင် သူ့သခင်လေးက အသက်ရှင်လျှင်ပင် အသုံးမကျသည့်သူ ဖြစ်လာလိမ့်မည်။
“စီနီယာ … ပထမ လွတ်မြောက် အင်မော်တယ်က အစောပိုင်း ကောင်းကင်အင်မော်တယ် အဆင့်နဲ့ ညီမျှပြီးတော့ ပဉ္စမ အဆင့်ဆိုရင် အလယ်အလတ် ကျင်းရှန်းအဆင့် ကျင့်ကြံသူနဲ့ ညီမျှပါတယ် …” ဟူပိုက မြန်မြန် ရှင်းပြလိုက်သည်။
“ကောင်းကင် အင်မော်တယ်၊ ကျင်းရှန်းလား” မိုဝူကျီက ဟူပိုကို ကြည့်လိုက်သည်။ ထိုလူက အင်မော်တယ်လောက က ဖြစ်နေမလားဟု သံသယ ဝင်လာမိသည်။ မဟုတ်လျှင် ကောင်းကင် အင်မော်တယ်နှင့် ကျင်းရှန်းအဆင့်ကို သိနေမည် မဟုတ်ပေ။ သူ ကျန်းရှင်းတွင် ရှိစဉ် ထိုအဆင့်များအကြောင်း မသိခဲ့ပေ။
***