ကြီးကျယ်ခမ်းနားသော ပုံရိပ်ယောင်တောင်
Vol. 43 Ch. 590
ဟူပိုက ဂုဏ်ယူစွာ ပြောလိုက်သည်
“စီနိယာက နောက်ပိုင်း မြေကမ္ဘာ အင်မော်တယ်အဆင့် မလား။ မြေကမ္ဘာအင်မော်တယ် အဆင့် ပြီးသွားရင် ကောင်းကင် အင်မော်တယ်အဆင့် ရောက်မှာပါ။ အဲဒီမှာ မြေကမ္ဘာ အင်မော်တယ် အဆင့်ရဲ့ မိုးကြိုး စမ်းသပ်ချက်ကို ခံယူပြီးတော့ အင်မော်တယ် လောကဆီ တက်လှမ်းရတယ် ... ကျင်းရှန်းအဆင့်ကတော့ ကောင်းကင်အင်မော်တယ် အဆင့်ရဲ့ အထက်ကပါ ”
ဟူပိုက သူတို့ကို ချုပ်နှောင်ရန် စွမ်းအားစက်ကွင်း သုံးလိုက်သည်မှန်း သတိပြုမိပြီး မိုဝူကျီအား နောက်ပိုင်း မြေကမ္ဘာ အင်မော်တယ်အဆင့် သို့မဟုတ် မြေကမ္ဘာအင်မော်တယ် ပြီးပြည့်စုံခြင်း အဆင့် ရောက်နေလိမ့်မည်ဟု မှန်းဆမိခဲ့ခြင်း ဖြစ်၏။ မြေကမ္ဘာ အင်မော်တယ်အဆင့် ကျင့်ကြံသူက သူ့အား ချုပ်ထိန်း ထားနိုင်သော်လည်း လွတ်မြောက် အင်မော်တယ်ရှေ့၌ မြေကမ္ဘာအင်မော်တယ် အဆင့်မှာ ဘာဆိုဘာမှ မဟုတ်ပေ။
မိုဝူကျီက လေးလေးနက်နက် မေးလိုက်သည် “ပုံရိပ်ယောင်တောင်က ဘယ်မှာရှိတာလဲ ”
“စီနီယာ … အဲဒီငှက်ကို သွေးစုပ်နေတာ ရပ်ခိုင်းပေးလို့ ရမလား”
ဟူပို စကားအဆုံးတွင် အစိမ်းရောင် ဝတ်ရုံနှင့် လူငယ်လေးက မြေပြင်ပေါ် ဖြူဖျော့ဖျော့ မျက်နှာနှင့် လဲကျလာသည်။ သူ့ပတ်လည်မှ စွမ်းအင်များမှာ သိသိသာသာ အားနည်းသွားပြီး သူ့ခန္ဓာပတ်လည်မှ ဝိညာဉ်စွမ်းအားများလည်း မရှိတော့သလို ကျင့်ကြဆင့်လည်း မကျန်ရှိတော့ပေ။
တစ်ဖက်တွင် ရွိုက်ကောက မျက်လုံးများ တဖျပ်ဖျပ် လက်ကာ ပျော်ရွင်စွာ ခုန်ပေါက်နေသည်။ သူ့တတိယခြေချောင်း မထွက်လာသေးသော်လည်း မီးခိုးရောင် ငှက်မွေးများက ပို၍ အရောင်စိုလာကာ မိုဝူကျီက ရွိုက်ကော၏ စွမ်းအားကို ယခင်ကဲ့သို့ ခံစားလာရသည်။
“သခင်ရဲ့ အမိန့်ကို နာခံပြီးတော့ ကျွန်တော် သူ့ကို မသတ်ဘဲ သွေးတွေ စုပ်လိုက်ပြီနော်” ရွိုက်ကောက မိုဝူကျီ ပခုံးဆီ ပြန်မရောက်လာခင် ဘဝင်ခိုက်စွာ ပြောလိုက်သည်။
ဟူပိုက ပါးစပ်ဟောင်းလောင်းဖြင့် ကြောင်အမ်း နေမိသည်။ မိုဝူကျီ၏ ချုပ်နှောင်မှုကို ခံထားရသော လူလတ်အရွယ် အမျိုးသားက ယခု သူ့ခန္ဓာကိုယ်မှာ ချုပ်နှောင်မှု မရှိတော့မှန်း သိရသည့်အခါ အစိမ်းရောင် ဝတ်ရုံနှင့် လူငယ်လေးကို မြန်မြန် ပွေ့ချီလိုက်သည်။ ထို့နောက် သူက ဆေးလုံးတချို့ တိုက်ကျွေးလိုက်၏။
မိုဝူကျီက ရွိုက်ကောသည် သူ ပျောက်ဆုံးသွားသည့် သွေးများ သာမက အစိမ်းရောင်ဝတ်ရုံနှင့် လူငယ်လေး၏ သွေးများပါ စုပ်ယူလာကြောင်း ပြောနိုင်၏။ အကယ်၍ လူလတ် အမျိုးသားသာ သွားမကယ်လျှင် ထိုလူငယ်လေးကား အသက်ဆက်ရှင်မည် မဟုတ်ပေ။
“မင်းက အတိုးပါ ယူခဲ့တာပဲ ”
မိုဝူကျီက ကျင့်ကြံဖို့ရာ တခြားသူ၏ သွေးကို စုပ်ယူသည့် သူများကို အလွန်ရွံ့ရှာမိသည်။ အကယ်၍ လူငယ်လေးက ရွိုက်ကောသွေးကို နေ့တိုင်း သောက်လာသည့် အချက်ကြောင့်သာ မဟုတ်လျှင် ရွိုက်ကောအား ထိုမျှ အခြေအနေထိ ခွင့်ပြုပေးမည် မဟုတ်ပေ။ သို့သော်လည်း ရွိုက်ကောသာ နောင်ကျ တခြားသူများ၏ သွေးကို စုပ်ယူရဲလျှင် သူက ရွိုက်ကောကို လွတ်ပေးထားမည် မဟုတ်ပေ။
ရွိုက်ကောက မိုဝူကျီနှင့် အချိန်အကြာကြီး အတူ မရှိခဲ့သော်လည်း မိုဝူကျီ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်ပေသည်။ မိုဝူကျီက သူ့အား တခြားသူ၏ သွေးကို စုပ်ယူခွင့် ပြုမည် မဟုတ်ပေ။ ထို့ကြောင့် မိုဝူကျီ လေသံကို သတိပြုမိလိုက်သည်နှင့် သူက မြန်မြန် ပြန်ဖြေလိုက်သည်
“သခင် ... ကျွန်တော်က မတော်တဆ နည်းနည်းလေး ပိုစုပ်မိသွားတာပါ ”
“နောက်တစ်ခါဆိုရင် မင်းကို ချက်မစားခင် အရေခွာပစ်မယ်” မိုဝူကျီက တွေဝေခြင်းမရှိ ပြောလိုက်သည်။
ရွိုက်ကောက ခေါင်းကိုသာ ဆက်တိုက်ခါနေပြီး
“ကျွန်တော် မလုပ်တော့ပါဘူး ... သခင် မခိုင်းသရွေ့ ကျွန်တော် မလုပ်တော့ဘူးလေနော်”
မိုဝူကျီက ရွိုက်ကောကို ပြန်မဖြေဘဲ ဟူပိုအား ကြည့်လိုက်သည်။
ဟူပိုက သေလုနီးပါး ဖြစ်နေသည့် လူငယ်လေးကို ကြည့်ကာ ပြောလိုက်သည် “ခင်ဗျားက ကျုပ်တို့ သခင်လေးကို သတ်ပစ်တယ်”
မိုဝူကျီက ပြန်ဖြေလိုက်လေ၏
“အခု မေးခွန်းမေးနေတာ ... သူ့ကို တကယ် သတ်ပစ်လိုက်မယ် မဟုတ်တာတွေ လျှောက်ပြော မနေစမ်းနဲ့”
“ဟုတ် ... ” ဟူပိုက စိုးရိမ်တကြီး ဖြေလိုက်ရသည် “ပုံရိပ်ယောင်တောင်က ဟိုင်ယီနယ်မြေမှာ ရှိတာပါ။ ပြီးတော့ ဟိုင်ယီနယ်မြေရဲ့ နံပါတ်တစ် ဂိုဏ်းပါ”
“ဟိုင်ယီ ကျင့်ကြံသူတွေရော အင်မော်တယ် လောကဆီ တက်လှမ်းနိုင်ကြလား ” မိုဝူကျီက ဟူပိုကို ကြည့်ကာ မေးလိုက်သည်။ ထိုမေးခွန်းမှာ သူ စိတ်အဝင်စားဆုံး မေးခွန်း ဖြစ်၏။
“ဟုတ် တက်လှမ်းနိုင်ပါတယ် ” ဟူပိုက မိုဝူကျီကို လျစ်လျူရှု မထားရဲပေ။ မိုဝူကျီက သူတို့အားလုံးကို တစ်ကြိမ်တည်း အကုန်သတ်ပစ်မည်ကို စိုးရိမ်နေမိ၏။ အကယ်၍ မိုဝူကျီသာ ထိုသို့လုပ်လိုက်လျှင် လွတ်မြောက် အင်မော်တယ်များသာ လက်စားချေ ပေးနိုင်လိမ့်မည်။
“အဲဆို ရွိုက်ကောကို ဘယ်သူ ဖမ်းထားတာလဲ ” ရွိုက်ကောက သူ့လက်စားချေပြီးပြီ ဖြစ်သော်လည်း မိုဝူကျီ၏ မေးခွန်းမှာ ကျန်းရှင်းသို့ ပြန်မည့် လမ်း ရှာတွေ့စေရန်သာ ဖြစ်၏။
ဟူပိုက ရွိုက်ကောမှာ မီးခိုးရောင် ငှက်မွေးများဖြင့် ငှက်ဖြစ်ကြောင်း ခန့်မှန်းမိပြီး သနားစဖွယ် ပြန်ဖြေလိုက်၏
“တကယ်တော့ ကျုပ်တို့ ခေါ်တာတာ မဟုတ်ပါဘူး။ ဂိုဏ်းက အကြီးအကဲ ခေါ်လာခဲ့တာပါ”
မိုဝူကျီက ပုံရိပ်ယောင်တောင်ဆီ သွားရန် လိုအပ်ကြောင်းကို တွေးကာ ဆက်မေးလိုက်သည်
“အဲဆို လွတ်မြောက် အင်မော်တယ်တွေ အကြောင်း ထပ်ပြော ... လွတ်မြောက် အင်မော်တယ်က ကောင်းကင်အင်မော်တယ်တို့ ၊ ကျင်းရှန်းအဆင့် တို့ထက် ဘာလို့ အားကောင်းနေတာလဲ”
ဟူပိုက စိတ်ထဲမှ မိုဝူကျီ စကားများကို ကျိန်ဆဲလိုက်တော့သည်။ မိုဝူကျီက သူ့စကားများကို သေချာ နားထောင်ခဲ့ဟန် မပေါ်ပေ။ သူက ပဉ္စမ လွတ်မြောက် အင်မော်တယ်၏ စွမ်းအားသည် ကျင်းရှန်းအဆင့်နှင့် နှိုင်းယှဉ်၍ ရကြောင်းသာ ပြောခဲ့ပြီး လွတ်မြောက် အင်မော်တယ် တစ်ယောက်က ကောင်းကင်အင်မော်တယ် သို့မဟုတ် ကျင်းရှန်း အဆင့်ထက် အားကောင်းနေသည်ဟု မပြောခဲ့ပေ။ ထို့အပြင် ကောင်းကင် အင်မော်တယ်နှင့် ကျင်းရှန်းအဆင့်ကို မည်သို့ အဆင့်တူ ထားနိုင်မည်နည်း။
ဟူပိုက ထိုစကားများကို ထုတ်မပြောရဲပေ။ သူက သတိကြီးစွာ ထား၍ ပြန်ဖြေလိုက်ရ၏
“လွတ်မြောက် အင်မော်တယ်ဆိုတာက မြေကမ္ဘာအင်မော်တယ် မိုးကြိုး စမ်းသပ်ချက်မှာ ကျရှုံးခဲ့ပေမဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်ကို ထိန်းထားနိုင်သေးတဲ့ သူတွေပါ။ ပထမ လွတ်မြောက် အင်မော်တယ်က ပထမအကြိမ် မိုးကြိုး စမ်းသပ်ချက်ကို ခံယူထားတဲ့ မြေကမ္ဘာ အင်မော်တယ် ကမ္ဘာဦး စိတ်ဝိညာဉ်အဆင့်ကို ပြောတာပါ။
ဒုတိယ လွတ်မြောက် အင်မော်တယ်ဆိုတာက ဒုတိယအကြိမ် မိုးကြိုး စမ်းသပ်ချက်ကို ခံယူထားပြီး ရောက်လာတဲ့ အဆင့်ပါ”
“ကမ္ဘာဦး စိတ်ဝိညာဉ် မိုးကြိုး စမ်းသပ်ချက်လား” မိုဝူကျီက အံ့ဩတကြီး မေးလိုက်ရသည်။ အကြောင်းမှာ ပုံပန်းသဏ္ဌာန် အကောင်အထည် မရှိသည့် ကမ္ဘာဦး စိတ်ဝိညာဉ်က မိုးကြိုးစမ်းသပ်ချက် ခံယူသည်တဲ့လား ... ထို့အပြင် ကမ္ဘာဦး စိတ်ဝိညာဉ်က မိုးကြိုး လျှပ်စီးကို အကြောက်ရွံ့ဆုံး ဖြစ်၏။
ဟူပိုက မိုဝူကျီသည် နားမလည်သေးကြောင်း သေချာသိ၍ စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်
“ကမ္ဘာဦး စိတ်ဝိညာဉ် မိုးကြိုးစမ်းသပ်ချက်က ကောင်းကင်အင်မော်တယ် တစ်ယောက်ရဲ့ မိုးကြိုးစမ်းသပ်ချက်နဲ့ မတူညီပေမဲ့ အားတော့ မနည်းဘူး။ လွတ်မြောက် အင်မော်တယ်တွေက အဖိုးတန် ရတနာတွေရော၊ မှော်ရတနာတွေရော လုံလုံလောက်လောက် ပြင်ဆင်ထားရတယ်။ အဲဒါမှ မိုးကြိုးစမ်းသပ်ချက် အောင်မြင်နိုင်ခြေ ရှိတာ ...
မိုးကြိုးစမ်းသပ်ချက် အောင်မြင်လာတိုင်း လွတ်မြောက် အင်မော်တယ်ရဲ့ ခန္ဓာကိုယ်က ပိုပိုပြီး ပုံပေါ်လာတယ်။ မိုးကြိုးစမ်းသပ်ချက် ကိုးကြိမ် အောင်မြင်ပြီးသွားရင် လွတ်မြောက် အင်မော်တယ်က သူ့ရုပ်ခန္ဓာကိုယ်ပါ ဖွဲ့စည်းနိုင်ပြီးတော့ အင်မော်တယ် လောကကို မဟာယီရှန်း အဖြစ်နဲ့ တက်လှမ်းနိုင်လိမ့်မယ် ဆိုပြီး ကြားဖူးတယ်”
“မဟာယီရှန်းအကြောင်းကို ဘယ်လိုသိတာလဲ” မိုဝူကျီက ပိုပို၍ အံ့ဩလာကာ အင်မော်တယ် လောကကို တက်လှမ်းလိုက်သည်နှင့် မဟာယီရှန်း ဖြစ်နိုင်ချေ ရှိသည့်အကြောင်းကို မျှော်လင့် မထားခဲ့ပေ။ ထိုအရာမှာ ကောင်းကင်ဘုံကို သွေဖယ်နေခြင်း ဖြစ်၏။
မြေကမ္ဘာ အင်မော်တယ် မိုးကြိုးစမ်းသပ်ချက် ကျရှုံးပြီးနောက် လွတ်မြောက် အင်မော်တယ် ဖြစ်လာနိုင်ချေ ရှိနေသေး၏။ ထိုအရာမှာ ကောင်းကင်ဘုံ၏ ကြင်နာသော အပြုအမူတစ်ခု ဖြစ်ပေသည်။ မိုဝူကျီက လွတ်မြောက် အင်မော်တယ်များမှာ မိုးကြိုးစမ်းသပ်ချက် ကျရှုံး၍ ဖြစ်လာသူများ ဖြစ်ကာ နယ်လှည့် အင်မော်တယ်များက ဂိုဏ်းမရှိသူများ ဖြစ်ရာ ထိုနှစ်ခုမှာ မတူညီကြပေ။
(မှတ်ချက် - လွတ်မြောက် အင်မော်တယ်နှင့် နယ်လှည့်အင်မော်တယ် တို့ကို စကားလုံးတူ သုံးထားပါတယ်။ မြန်မာလိုကျ အဓိပ္ပာယ်ကွဲနေသောကြောင့် တစ်ခါတည်း တန်းရေးပေးထားပါတယ် )
ဟူပိုက ဆက်ပြောလိုက်သည်
“ပုံရိပ်ယောင်တောင်ရဲ့ ကျင့်စဉ်က လွတ်မြောက် အင်မော်တယ်တွေ အတွက် အသင့်တော်ဆုံးလေ။ အဲကြောင့် ပုံရိပ်ယောင်တောင်မှာ လွတ်မြောက် အင်မော်တယ် အများဆုံး ရှိနေတာပဲ။
ပြီးတော့ လွတ်မြောက် အင်မော်တယ်တွေရဲ့ ကြီးမားတဲ့ အင်အားနဲ့ စွမ်းအားတို့ကြောင့် သူတို့က အင်မော်တယ်လောကရဲ့ ပုံရိပ်ယောင်တောင်နဲ့ ဆက်သွယ်နိုင်စွမ်း ရှိကြတယ်။ အဲကြောင့် ကျုပ်တို့က အင်မော်တယ်လောကရဲ့ လှုပ်ရှားမှုတွေ၊ ကိစ္စတွေအကြောင်း သိနေကြတာ”
အင်မော်တယ် လောကမှာ ပုံရိပ်ယောင်တောင် ရှိတယ်လား …… မိုဝူကျီက ထိုသို့ဂိုဏ်းမျိုး မကြားဖူးပေ။
ဟူပိုက မိုဝူကျီ၏ မျက်နှာပေါ်မှ စိတ်ရှုပ်ထွေးနေသည့် အမူအရာကို မြင်လိုက်ရသည်။ သို့သော်လည်း သူက လေးလေးစားစား ပြန်ဖြေလိုက်ရသည်
“ဟုတ်ပါတယ် အင်မော်တယ်လောကမှာ ပုံရိပ်ယောင်တောင် ဆိုပြီး ဂိုဏ်းရှိပါတယ်။ အတော်အသင့် ကြီးမားတဲ့ ဂိုဏ်းတစ်ခုပါ ”
“ပုံရိပ်ယောင်တောင်မှာ လွတ်မြောက် အင်မော်တယ် ဘယ်လောက်ရှိလဲ။ လွတ်မြောက် အင်မော်တယ်ရဲ့ အမြင့်ဆုံးအဆင့်က ဘာလဲ ” မိုဝူကျီက ဟိုင်ယီနယ်မြေသို့ သွားရန် ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်ရာ သူ့အနေဖြင့် ဟိုင်ယီနယ်မြေမှ အင်မော်တယ်လောကကို ပြန်သွားနိုင်မလား သိချင်နေရုံသာမက ရွိုက်ကောကို ဖမ်းဆီးခဲ့သည့် ကျင့်ကြံသူကိုလည်း ရှာချင်၍ ဖြစ်သည်။
“လွတ်မြောက် အင်မော်တယ် သုံးယောက် ရှိပါတယ် ... ပဉ္စမ လွတ်မြောက် အင်မော်တယ် တစ်ယောက်၊ ဒုတိယ လွတ်မြောက် အင်မော်တယ်နဲ့ ပထမ လွတ်မြောက် အင်မော်တယ် တစ်ယောက်စီ ရှိတယ် ” ဟူပိုက အမှန်အတိုင်း ဖြေလိုက်သည်။
“ဒီလိုဆိုမှတော့ ရှေ့ကနေ လမ်းပြ … ကျုပ် ဟိုင်ယီနယ်မြေဆီ သွားချင်တယ် ” အဋ္ဌမနှင့် နဝမ လွတ်မြောက် အင်မော်တယ် မရှိကြောင်း ကြားသောအခါ မိုဝူကျီက ဟူပိုအား ချက်ချင်း အမိန့်ပေးလိုက်တော့သည်။
အဋ္ဌမနှင့် နဝမ လွတ်မြောက် အင်မော်တယ်တို့ကို မကြောက်ရွံ့သော်လည်း သတိကြီးကြီး ထားခြင်းက ပို၍ ကောင်းပေသည်။
“စီနီယာက ဟိုင်ယီနယ်မြေကို သွားချင်တာလား ” ဟူပိုက မိုဝူကျီအား တအံ့တဩ မေးလိုက်သည်။
“ခင်ဗျား လုပ်ဖို့လိုတာက ရှေ့ကနေ ဦးဆောင်သွားဖို့ပဲ ... အပိုတွေ ပြောမနေနဲ့” မိုဝူကျီက ပျူငှာခြင်းမရှိ ပြန်ဖြေလိုက်၏။
ဟူပိုက သူ့ခန္ဓာကိုယ် ပတ်လည်မှ နေရာ ဖြေလျော့သွားသည်ကို ခံစားမိပြီး မိုဝူကျီအား မြန်မြန် ဦးညွှတ်ကာ သင်္ဘောပျံဆီ ပြေးလိုက်တော့သည်။
သူတို့သာ ပုံရိပ်ယောင်တောင်ဆီ မြန်မြန် သွားနိုင်လျှင် သခင်လေးကို ကယ်တင်နိုင်မည့် အခွင့်အရေး ရှိနေသေး၏။
***
နယ်မြေကို ဟိုင်ယီဟု ခေါ်ဆိုသော်လည်း စကြဝဠာကြီးထဲမှ ဂြိုဟ်တစ်လုံးမျှသာ ဖြစ်ပေသည်။ ဟူပို၏ သင်္ဘောပျံက ဟိုင်ယီနယ်မြေထဲ ဝင်သွားသည်နှင့် မိုဝူကျီ၏ စိတ်စွမ်းအား၌ ဤဂြိုဟ်မှာ ကျန်းရှင်းထက် များစွာ ကြီးမားကြောင်း အာရုံခံစားမိလိုက်သည်။
ဤနေရာရှိ ဝိညာဉ် စွမ်းအားများမှာ ကျန်းရှင်းထက် စာလျှင် ပို၍ ထူးခြားနေ၏။ ဤသို့မျိုး နေရာ၌ ကျင်းရှန်းအဆင့် ကျင့်ကြံသူများစွာကို မွေးထုတ် ပေးနိုင်သည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။ သူတို့စွမ်းအားကို အင်မော်တယ် စွမ်းအားအဖြစ် မပြောင်းလဲ ရသေးသော ကျင့်ကြံသူအတွက် ဤနေရာမှာ ကျင့်ကြံခြင်းအတွက် မြင့်မြတ်နယ်မြေ တစ်ခု ဖြစ်ပေသည်။
ပုံရိပ်ယောင်တောင်၏ ဝင်ပေါက်မှာ ပို၍ ကြီးကျယ်ခမ်းနား နေသေး၏။ ဟူပိုက မိုဝူကျီကို ပုံရိပ်ယောင်တောင်၏ အစွန်းဖျားပိုင်း နေရာသို့ ခေါ်လာသည့်အခါ လူဆယ်ယောက်ကျော် ထွက်လာလေ၏။
မိုဝူကျီက လူအုပ်ကြီးကို တွေ့ပြီး ဟူပိုမှာ ဂိုဏ်းအကြောင်း အပိုပြောနေခြင်း မဟုတ်ကြောင်း သိလိုက်သည်။
လူဆယ်ယောက်ကျော် အုပ်စု၌ မြေကမ္ဘာ အင်မော်တယ်အဆင့် ကျင့်ကြံသူ ငါးယောက် ပါပြီး ခန္ဓာကိုယ် ပုံပန်းတစ်ဝက်ခန့် ရှိနေပြီး အင်မော်တယ် စွမ်းအားများ ဖုံးလွှမ်းနေသည့် လူနှစ်ယောက်ကိုလည်း မြင်လိုက်ရသည်။ သူတို့ အရှိန်အဝါမှာ မြေကမ္ဘာ အင်မော်တယ် ငါးယောက်ထက် ပိုအားကောင်းနေသောကြောင့် ထိုလူနှစ်ယောက်မှာ လွတ်မြောက် အင်မော်တယ်များ ဖြစ်နိုင်ကြောင်း မှန်းဆမိလိုက်၏။
“ပုံရိပ်ယောင်တောင်ရဲ့ ဂိုဏ်းချုပ် ကျုပ် ထန်အန်းရွမ်က တာအိုရောင်းရင်း ရောက်လာတာကို ကြားပေမဲ့ ကျုပ် ထန်အန်းရွမ်က ထွက်လာပြီး မတွေ့နိုင်တဲ့ အတွက် တာအိုရောင်းရင်းရဲ့ ခွင့်လွှတ်မှုကို တောင်းခံပါတယ်” ပြောလိုက်သူမှာ မြေကမ္ဘာအင်မော်တယ် အဆင့် ၄ ရှိသည့် အမျိုးသား ဖြစ်ပြီး ထိုလူက အစိမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးကို သတိထားမိသော်လည်း သူ့လေသံမှာ အလွန်အမင်း ပျူငှာနေဆဲ ဖြစ်၏။
မိုဝူကျီက ခေါင်းညိတ်ကာ လွတ်မြောက် အင်မော်တယ်နှစ်ယောက်ကို ကြည့်လိုက်သည်။ ဤနေရာသို့ ရောက်လာသည့် အဓိက ရည်ရွယ်ချက်မှာ လွတ်မြောက် အင်မော်တယ်အနေဖြင့် အင်မော်တယ်လောကနှင့် မည်သို့ ဆက်သွယ်သလဲ မေးမြန်းရန် ဖြစ်ပေသည်။ ပုံရိပ်ယောင်တောင်က သူ့ကို ချိုချိုသာသာ ပြောနေမည် မဟုတ်ကြောင်း သိထား၏။
မိုဝူကျီက ခေါင်းညိတ်ပြရုံ ပြုမူသည်ကို မြင်ကာ ထန်အန်းရွမ်နောက် ရပ်နေသည့် ပုတိုတို အမျိုးသားက သတ်ဖြတ်ငွေ့များ စတင်၍ ထွက်ပေါ်လာသည်။
မိုဝူကျီက ပုတိုတို အမျိုးသားမှာ မြေကမ္ဘာ အင်မော်တယ် အဆင့် ၇ ဖြစ်ကြောင်း ပြောနိုင်၏။ ထိုသူမှာ ထန်အန်းရွမ်ထက် အဆင့်နည်းနည်း ပိုမြင့်ပေသည်။
ထန်အန်းရွမ်၏ အဆင့်အတန်းမှာ သူ့ထက် များစွာ ပိုမြင့်ကြောင်း သိသာနေပေရာ သူက လက်ကာပြလိုက်ရုံဖြင့် ထိုပုတိုတို အမျိုးသားက သတ်ဖြတ်ငွေ့များကို ပြန်ရုတ်သိမ်းသွားလေသည်။
လွတ်မြောက် အင်မော်တယ် နှစ်ယောက်က မိုဝူကျီကို သတိမပြုမိသည့် အလား တိတ်တဆိတ် ရပ်နေသည်။
“ဒီက တာအိုရောင်းရင်းကို ဘယ်လိုများ ခေါ်ရမလဲ” ထန်အန်းရွမ်က အပြုံး ချိတ်ဆွဲထားဆဲ ဖြစ်၏။
“မိုဝူကျီ ” မိုဝူကျီက ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။
“တွေ့ရတာ ဂုဏ်ယူပါတယ်” ထန်အန်းရွမ်က အဘယ်ကြောင့် ဂုဏ်ယူကြောင်း မသိသော်လည်း ဆက်ကာပြောလိုက်သည်
“တာအိုရောင်းရင်း မိုကို လူတချို့နဲ့ မိတ်ဆက်ပေးပါရစေ ... ဒါက ပဉ္စမ လွတ်မြောက် အင်မော်တယ် ပုံရိပ်ယောင်တောင်ရဲ့ အကြီးအကဲ လင်လျန့်ပါ ”
မိုဝူကျီက လင်လျန့်သည် မိုဝူကျီကို မကြည့်ဘဲ တိတ်တဆိတ် ရပ်နေသည်ကို သတိပြုမိလိုက်သည်။ ထို့အပြင် သူ့၌ ရက်စက်တတ်သော သွင်ပြင်ရှိပြီး အင်မတန် ကြည့်ကောင်းသော လက်ဖဝါးနှင့်အတူ လက်ချောင်းလှလှလေးများ ရှိ၏။ သူ့လက်မှာ အမျိုးသမီးတစ်ယောက် လက်နှင့် ဆင်တူနေပေသည်။
သာမန်လူများက မပြောနိုင်ကြသော်လည်း မိုဝူကျီက တစ်ချက်ကြည့်ရုံဖြင့် ထိုလူ၏ ရုပ်ခန္ဓာမှာ အပြည့်အဝ မဖွဲ့စည်းရသေးကြောင်း သိ၏။ ကြည့်ရသည်မှာ ဟူပို၏ ပြောပြချက်မှာ လွတ်မြောက် အင်မော်တယ် တစ်ယောက်က ကမ္ဘာဦး စိတ်ဝိညာဉ်မှ ဖြစ်တည်လာသည်မှာ မှန်ကန်နေကြောင်း သိသာနေသည်။
မိုဝူကျီက လင်လျန့်အား ဂရုမစိုက်သည်ကို သတိပြုမိပြီး ထန်အန်းရွမ်၏ စိတ်နှလုံးသားမှာ အေးစက်သွားသော်လည်း သူက ကျန်လူများနှင့် မိတ်ဆက်ပေးဖို့ရာ ကိစ္စမရှိတော့ကြောင်း ပေါ်နေသည်။
ထျန်းကျီကျောင်းမှာ ဆံပင်တိုတိုနှင့် မြေကမ္ဘာ အင်မော်တယ်အဆင့် ၉ ရှိ အကြီးအကဲ တစ်ယောက် ဖြစ်ပေသည်။ သတ်ဖြတ်ငွေ့များ ထုတ်လွှင့်သည့် ပုတိုတို အမျိုးသားမှာ ဟန်ချီဟု အမည်ရပြီး မြေကမ္ဘာအင်မော်တယ် အဆင့် ၇ ဖြစ်၏။ ထိုလူနှစ်ယောက်လုံးမှာ ပုံရိပ်ယောင်တောင်၏ ပထမနှင့် ဒုတိယ အကြီးအကဲများ အသီးသီး ဖြစ်ကြသည်။ ပိန်ပါးပါးနှင့် လွတ်မြောက် အင်မော်တယ်မှာ ရှင်းဖုန်း ဖြစ်၏။
သူတို့က မိုဝူကျီကို ကြိုဆိုရန် ထွက်လာသည့်ဟန် ပေါ်သော်လည်း ထန်အန်းရွမ် မိတ်ဆက်ပေးသည့်အခါ မည်သူကမှ ကြိုဆိုကြောင်း မဖော်ပြကြပေ။
***