ထိပ်ဆုံး နေရာတွင် ဝင်ထိုင်သော ဧည့်သည်
Vol. 43 Ch. 591
ထိုအရာမှာ သူတို့ အင်အားပြသသည့် သဘောမှန်း သိ၍ မိုဝူကျီက စိတ်ထဲ မထားပေ။ အင်မော်တယ်လောကဆီ မည်သို့ သွားနိုင်ကြောင်း မေးရန် အပြင် မိုဝူကျီ၏ နောက်ထပ် ရည်ရွယ်ချက်မှာ ရွိုက်ကောကို ဟိုင်ယီနယ်မြေဆီ ခေါ်လာသည့်သူကို ရှာရန် ဖြစ်၏။ ထိုလူကို ရှာတွေ့လျှင် သူ့အနေနှင့် ကျန်းရှင်းဆီ ပြန်နိုင်ရန် အခွင့်အရေး ရှိပေလိမ့်မည်။
“တာအိုရောင်းရင်းမို ... ကျုပ်တို့ ပုံရိပ်ယောင်တောင်ဆီ လိုက်ပြီး စကားစမြည် ပြောဖို့ ဖိတ်ကြားချင်ပါတယ် ” ထန်အန်းရွမ်က အနည်းငယ် ဦးညွှတ်လိုက်ရင်း မိုဝူကျီကို လက်ဟန် ပြလိုက်သည်။
မိုဝူကျီက ပုံရိပ်ယောင်တောင်ထဲ ဝင်ရဲလားဟု စမ်းသပ်ကြည့်နေခြင်း ဖြစ်၏။ မိုဝူကျီသာ မဝင်ရဲလျှင် ချက်ချင်း တိုက်ခိုက်ကြမည် ဖြစ်ရာ မိုဝူကျီက ဝင်ရဲခဲ့လျှင် သူတို့က အချိန် ထပ်စောင့်ကာ မိုဝူကျီက တကယ် အားကောင်းနေတာလား သို့မဟုတ် စိတ်ကြီး ဝင်နေခြင်းလားဟု သေချာ လေ့လာကြည့်ရမည် ဖြစ်၏။
မိုဝူကျီက အရမ်း ငယ်ရွယ်နေသည့်ပုံ ပေါ်နေသောကြောင့် ထိုသို့မျိုး လူငယ်တစ်ယောက် အနေဖြင့် ပုံရိပ်ယောင်တောင်မှ အဆင့်မြင့် ကျင့်ကြံသူများ ပူးပေါင်း တိုက်ခိုက်ခြင်းကို ရင်ဆိုင်နိုင်မည် ဆိုသည့် ကိစ္စအား ထန်အန်းရွမ် ကိုယ်တိုင်ပင် ယုံကြည်ရန် ခက်ခဲလှပေသည်။
မိုဝူကျီက ထန်အန်းရွမ် တွေးနေသည့်အရာများကို မသိသည့်အလား ခန်းမထဲ ဝင်သွားလိုက်သည်။
သူတို့က မိုဝူကျီ ဝင်သွားသည်ကို မြင်ကာ လွတ်မြောက် အင်မော်တယ် နှစ်ယောက်က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
မိုဝူကျီက ထိုမျှ စိတ်ကြီးဝင်နေတာလား ဒါမှမဟုတ် တကယ် အားကောင်းနေတာလား ...
ပုံရိပ်ယောင်တောင်၏ တိုက်ရိုက်မျိုးဆက် ပါရမီရှင် တစ်ယောက်ကို ဖျက်ဆီးလိုက်ပြီး ဟိုင်ယီနယ်မြေ၏ နံပါတ်တစ်ဂိုဏ်းဆီ အကြောက်အလန့်မရှိ ဝင်ရဲသည်မှာ မည်သို့လူ ဖြစ်မည်နည်း။
သူက ထိုမျှ အားကောင်းနေလျှင်ပင် ထောင်ချောက်များ၊ အစီအရင်များ အပြည့် ဖြစ်နေသည့် ပုံရိပ်ယောင်တောင်ထဲ ဝင်ပြီးနောက် သူ့အင်အားမှာ တစ်ဝက်မက လျော့ကျသွားနိုင်သည်။
ထိုစဉ် မည်သူမှ မိုဝူကျီကို မတားဆီးကြပေ။ မိုဝူကျီက ပုံရိပ်ယောင်တောင်နှင့် ပြဿနာ ရှာထားသောကြောင့် ပုံရိပ်ယောင်တောင် အနေနှင့် မိုဝူကျီအား သေချာပေါက် မေးခွန်းတချို့ မေးပေလိမ့်မည်။ ပုံရိပ်ယောင်တောင်က မိုဝူကျီကို ရှာဖွေနေသည်မှာ ကြာမြင့်လှပြီ ဖြစ်ကာ မိုဝူကျီက ကိုယ်တိုင်ကိုယ်ကျ ရောက်လာလိမ့်မည်ဟု မထင်ထားမိကြပေ။
ပထမ အကြောင်းအရင်း တစ်ချက်မှာ သူတို့က ရွိုက်ကောဆီမှ မိုဝူကျီ၏ ပညာရှင်နှလုံးသား အကြောင်း မတော်တဆ သိခဲ့ရ၍ မိုဝူကျီတွင် ထိပ်တန်းမီးတောက် ရှိနေမှန်း သိနေရက်နှင့် ပုံရိပ်ယောင်တောင် အနေနှင့် မည်သို့ မလိုချင်ဘဲ နေမည်နည်း။ ဒုတိယအကြောင်းအရင်းမှာ ရွိုက်ကော၏ ဇာစ်မြစ်ကြောင့် ဖြစ်ပေ၏။ ရွိုက်ကော ကိုယ်တိုင်ပင် မိမိက ဘာမှန်း မသိလေရာ မိုဝူကျီ ရောက်လာပြီ ဖြစ်၍ သူတို့က မိုဝူကျီက အတင်းကျပ် ရှင်းပြခိုင်းရန် ရည်ရွယ်ထားကြသည်။
ပုံရိပ်ယောင်တောင်၏ ဧည့်ခန်းမကို လှပစွာ ခင်းကျင်းပြင်ဆင်ထားပြီး မိုဝူကျီ ဝင်လာသည်နှင့် ထိုခန်းမအတွင်း ထိပ်တန်း အဆင့် ထောင်ချောက် အစီအရင်တချို့ ရှိနေကြောင်း သိ၏။
သို့သော်လည်း ထိုထောင်ချောက် အစီအရင်များမှာ မိုဝူကျီအတွက် ခြိမ်းခြောက်မှု တစ်ခု မဟုတ်ပေ။ မိုဝူကျီက ဤဂိုဏ်းကို အထင်သေး လာမိသည်မှာ ဤခန်းမအတွင်းရှိ ထောင်ချောက် အစီအရင် အရေအတွက်ကြောင့် ဖြစ်၏။ ထိုအရာမှာ ဤဂိုဏ်းက မည်မျှ ရိုင်းစိုင်းကြောင်း သက်သေပြနေခြင်း မဟုတ်ပါလော။
“တာအိုရောင်းရင်းမို ကျေးဇူးပြု၍ ထိုင်ပါဗျ ” ထန်အန်းရွမ်က သူ့ပျူပျူငှာငှာ အပြုအမူကို ဆက်လက် ထိန်းသိမ်းထားကာ မိုဝူကျီအား ဧည့်ခန်းမအတွင်း ခေါ်ဆောင်လာ၏။
သူက ဘေးမှ နေရာကို ညွှန်ပြလိုက်သော်လည်း မိုဝူကျီ သူ့လက်ဟန်ကို မမြင်ဟန်ဖြင့် ထိပ်ဆုံး နေရာသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားသည်။
ထန်အန်းရွမ်က အနည်းငယ် တုန်လှုပ်မိသွားသည်။ အကြောင်းမှာ မိုဝူကျီက သတိမမူဘဲ ပုံရိပ်ယောင်တောင်ထဲ ဝင်လာနိုင်သည်ကိုက မတော်တရား ဖြစ်နေသည်ဟု ယူဆ၍ ရနေလေပြီ။ မိုဝူကျီက ထိပ်ဆုံးနေရာတွင် ဝင်၍ ထိုင်လိုက်သည်ကိုတော့ မယုံကြည်နိုင်သေးပေ။ မိုဝူကျီက ထိုမျှသေရန် စိတ်အား ထက်သန်နေသည့် အကြောင်းအရင်းကို နားမလည်ပေ။
ပုတိုတို ဟန်ချီက ဒေါသူပုန်ထတော့မည့် ဆဲဆဲတွင် ပဉ္စမ လွတ်မြောက် အင်မော်တယ် လင်လျန့်က ဟန်ချီကို ပြန်ဆွဲခေါ်ထားလိုက်သည်။ သူ့အေးစက်စက် အကြည့်တို့က မိုဝူကျီဆီ ရောက်ရှိသွားပြီး ထန်အန်းရွမ်ကို လက်ဟန်ပြလိုက်သည်။
ထန်အန်းရွမ်က ခေါင်းညိတ်ပြလိုက်ပြီး ပုံရိပ်ယောင်တောင်မှ အကြီးအကဲများလည်း ကိုယ့်နေရာကို ဝင်ထိုင်လိုက်ကြသည်။
လူဆယ်ယောက်ကျော်၌ မြေကမ္ဘာ အင်မော်တယ် ငါးယောက်၊ လွတ်မြောက် အင်မော်တယ် နှစ်ယောက်မှ လွဲ၍ ကျန်ရှိနေသော သူများမှာ လောက အင်မော်တယ်အဆင့် ဖြစ်ကြလေသည်။
လူအုပ်ကြီးက နေရာကိုယ်စီ ယူပြီးနောက် ထန်အန်းရွမ်က အားရပါးရ ရယ်မောလိုက်ပြီး စကားပြော တော့မည့်ဆဲဆဲတွင် အမျိုးသမီး ကျင့်ကြံသူ တစ်ဦးက ဦးညွှတ်ကာ ဧည့်ခန်းမအတွင်း ဝင်ရောက်လာသည်
“ဂိုဏ်းချုပ်နဲ့ အကြီးအကဲတို့ ... လို့ဖူချီနဲ့ ချွီလင်းတို့ ရောက်လာပါတယ်ရှင့် ”
“အာ ဟုတ်သား … သူတို့က ဒီတစ်ခါ မျက်မြင်သက်သေ ခေါ်လာကြရဲ့လား” ထန်အန်းရွမ်က ပြုံးကာ မေးလိုက်သည်။ သူက ဤနေရာရှိ အားလုံးကို ထိုသို့မျိုး ဆက်ဆံဟန် ပေါ်၏။
အမျိုးသမီး ကျင့်ကြံသူက ပြောလိုက်သည် “တစ်ယောက်မှ ပါမလာပါဘူး ... လင်မယား နှစ်ယောက်တည်းပါပဲ”
“သူတို့ကို အထဲခေါ်လိုက် ” ထန်အန်းရွမ်က ခေါင်းညိတ်ကာ သူ့လေသံမှာလည်း ပျော့သွား၏။
မိုဝူကျီက စကား ဝင်မပြောခြင်းမှာ သူက ဤဂိုဏ်းတစ်ခုလုံးကို သတ်မပစ်ချင်၍ ဖြစ်သည်။ ရွိုက်ကောမှာ အသက်ရှင်နေဆဲ ဖြစ်ကာ ရွိုက်ကောကြောင့် ပုံရိပ်ယောင်တောင် တစ်ခုလုံးကို အမြစ်ဖြတ် သုတ်သင်ပစ်ဖို့ရာ နည်းနည်း လွန်လွန်းရာ ကျနေပေလိမ့်မည်။ တစ်ချိန်တည်းတွင် ပုံရိပ်ယောင်တောင်က ယခုအချိန်အထိ သူ့အပြုအမူများကို သည်းခံနေကြသည်မှာ သူ့ကို မေးခွန်းမေးချင်သေး၍ ဖြစ်ကြောင်း သိထား၏။
သူက ပုံရိပ်ယောင်တောင်က လက်စားချေမည့်အစား သူ့ကို ရှာနေကြသည့် အကြောင်းကို တကယ် စိတ်ဝင်စားမိသည်။ သို့သော်လည်း သူက သူ့စိတ်ရှည်မှုကို လာစမ်းခွင့် မပြုပေ။ ပုံရိပ်ယောင်တောင် အနေနှင့် သူတို့စည်းကို မသိလျှင် ပုံရိပ်ယောင်တောင်ကို ဟိုင်ယီနယ်မြေမှ ဖယ်ရှားပစ်ရန် ဝန်မလေးပေ။
ခဏအကြာတွင် အမျိုးသမီး ကျင့်ကြံသူက အမျိုးသားနှင့် အမျိုးသမီး တစ်ဦးကို ခေါ်ဆောင်လာ၏။
အမျိုးသား မျက်နှာပေါ်တွင် အမာရွတ်ကြီး ရှိနေပြီး အားကောင်းသည့် အရိပ်အယောင်၊ ခန့်ညားချောမောသည့် အရိပ်အယောင်တို့ မရှိသော်လည်း သူ့အငွေ့အသက် ရှိနေသည်။ ထိုလူမှာ လောကအင်မော်တယ် အဆင့် ၄ ဖြစ်ပေသည်။ အမျိုးသမီး ကျင့်ကြံသူမှာ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ၅ ထက် နိမ့်ကျပေ၏။ တစ်ချက်တည်း ကြည့်ရုံဖြင့် သူမက အစိမ်းဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို ထုံးထားရာ နောက်ကျော၌ ဓားတစ်ချောင်း သယ်ဆောင်ထားသော သာမန် အမျိုးသမီး တစ်ယောက်နှင့် တူပေသည်။ သို့သော်လည်း ထိုအမျိုးသမီးမှာ အတော်လေး လှပသည်မှာ ထင်ရှားပေ၏။ ကြာကြာကြည့်လေ ပို၍ လှလေ ဖြစ်သော အလှပိုင်ရှင် ဖြစ်၏။
လူနှစ်ယောက်က ဝင်ဝင်လာချင်း ငေးမောနေမိကြသည်။ ပထမဦးစွာ ဧည့်ခန်းမ အတွင်းရှိ ထိပ်ဆုံးထိုင်ခုံ၌ သူတို့ တစ်ခါမှ မမြင်ဖူးသည့် လူငယ်လေး တစ်ယောက် ထိုင်နေသည်။ ဒုတိယအနေဖြင့် ယနေ့ ဧည့်ခန်းမအတွင်းရှိ လူများမှာ အတော်လေး ကြောက်ဖို့ ကောင်းနေလေသည်။ သူတို့ထဲ၌ မြေကမ္ဘာအင်မော်တယ် ငါးယောက်နှင့် လွတ်မြောက် အင်မော်တယ် နှစ်ယောက်ရှိကြောင်း သတိပြုမိဖို့ရာ အချိန်ယူလိုက်ရသည်။
သူတို့နှစ်ယောက်ကို ကိုင်တွယ်ဖြေရှင်းဖို့ ထိုသို့မျိုး အားကောင်းသည့် လူများကို ထားထားသည်လား ...
ယခင် သူတို့က ဟိုင်ယီနယ်မြေ၏ ကျူးဟွမ်ကို ဖိတ်ကြားခဲ့စဉ်က ပုံရိပ်ယောင်တောင် အနေနှင့် ဂိုဏ်းချုပ်နှင့် မြေကမ္ဘာအင်မော်တယ် တစ်ယောက်သာ ပို့လွှတ်လေ၏။
ဂိုဏ်းချုပ်ကိုယ်တိုင် လာတွေ့ခြင်းမှာ ပုံရိပ်ယောင်တောင်ဘက်မှ သူတို့ကို စဉ်းစားပေး၍ မဟုတ်ဘဲ ထန်အန်းရွမ်မှာ ပြုံးနေသော ကျားတစ်ကောင်မျှသာ ဖြစ်၏။ လူတိုင်းကို ယဉ်ကျေးပျူငှာနေသော သူသည် ယခင်က လူများစွာကို သတ်ဖြတ်ခဲ့ဖူး၏။
“ဂိုဏ်းချုပ်ထန်၊ အကြီးအကဲများနဲ့ စီနီယာ လွတ်မြောက် အင်မော်တယ် နှစ်ယောက်ကိုလည်း နှုတ်ခွန်းဆက်ပါတယ် ” လူနှစ်ယောက်က အဝင်ဝကတည်းမှ လေးလေးစားစား နှုတ်ဆက်လိုက်ကြသည်။
သူက မိုဝူကျီကို ဆက်ဆံသည့်အတိုင်း ထန်အန်းရွမ်က ခေါင်းညိတ်ကာ သူတို့ကိုလည်း နေရာယူရန် ဖိတ်ကြားလိုက်သည်။ ကျန်လူများမှာ ထိုလင်မယားအား အာရုံစိုက်ဟန် မပေါ်ပေ။
လို့ဖူချီနှင့် ချွီလင်းတို့က ပထမဆုံးအကြိမ် အေးစက်စက် ဆက်ဆံခံရခြင်း မဟုတ်၍ စိတ်ထဲ မထားဘဲ မိုဝူကျီဘက် ဦးညွှတ်ကာ ပြောလိုက်သည် “ကျုပ်တို့က ရှပ်ပြာရှပ်ပြာနဲ့မလို့ ဒီက တာအိုရောင်းရင်းကို သတိမပြုမိလိုက်ဘူး ... အားနာပါတယ်ဗျာ”
မိုဝူကျီကို သတိပြုမိသည် ဖြစ်စေ၊ မပြုမိသည် ဖြစ်စေ သူတို့က ထိပ်ဆုံးနေရာ၌ ထိုင်နေသည့်သူကို ရန်မစရဲသောကြောင့် ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်လေသည်။
မိုဝူကျီက သူတို့ကို အနည်းငယ် သဘောကျမိသွား၏။ အကြောင်းမှာ ထိုသူနှစ်ယောက်မှာ သူ့ကို မသိသေးခင် ကတည်းမှ ဂုဏ်ယူပါသည်ဟု ပြောခဲ့သည့် ထန်အန်းရွမ်ကဲ့သို့ မဟုတ်ကြပေ။
“ကျုပ်လည်း ခင်ဗျားတို့လိုပါပဲ ... ဒီကို လာရောက် လည်ပတ်တာပါ။ ကျုပ်ကလည်း ဧည့်သည်ဆိုတော့ ကျုပ်ကို စိတ်ထဲ မထားပါနဲ့ ထိုင်ကြပါ ” မိုဝူကျီက အသိမှတ်ပြုကာ ပြောလိုက်သည်။
“ဖူး ” မိုဝူကျီ၏ စကားများကို ကြားပြီး ဟန်ချီက မကျေမနပ် ဖြစ်မိသွားသည်။
လို့ဖူချီနှင့် ချွီလင်းတို့က ဟန်ချီ၏ အသံကို ကြားသောအခါ ကြောင်အမ်း သွားကြသည်။ မိုဝူကျီသည် သူတို့ကဲ့သို့ မကြိုဆိုသည့် ဧည့်သည် ဖြစ်ကြောင်း သိလိုက်မိသည်။ အကယ်၍ သူ့ကို မကြိုဆိုလျှင် အဘယ်ကြောင့် ထိပ်ဆုံးနေရာ၌ ထိုင်ခွင့် ပြုထားသနည်း။
နှစ်ယောက်လုံးက အခြေအနေမှာ သူတို့ ဝင်ပါသင့်သည့် နေရာ မဟုတ်ကြောင်း သိ၍ နေရာသာ မြန်မြန် ယူလိုက်ကြသည်။
ခန်းမအတွင်းရှိ လေထုမှာ ပို၍ ထူးဆန်းလာပြီး လို့ဖူချီက သူတို့ ကြာကြာနေနေလေ ပို၍ အရေးနိမ့်လေလေ ဖြစ်နိုင်ကြောင်း သိ၍ ထရပ်ကာ ဦးညွှတ်လိုက်ရင်း “ကျုပ်သားက မျက်လုံးတွေ ကန်းနေလို့ ပုံရိပ်ယောင်တောင်က တပည့်ကို ရန်စမိခဲ့တာပါ။ ဒါပေမဲ့လည်း ကျုပ်တို့တွေ တစ်ခါတည်းဆိုပြီး ကတိစကားလည်း ပေးပါတယ်။ ဂိုဏ်းချုပ်ထန် ဆီကနေ ဘယ်လိုတောင်းဆို တောင်းဆို ကျုပ်တို့တွေ ဘာမှ ထပ်မပြောပါဘူး ... ကျုပ်တို့ကို ညှာတာပေးဖို့ ခွင့်လွှတ်မှု တောင်းခံပါတယ် ”
မိုဝူကျီက ထိုစကားများ ကြားသောအခါ ဤနေရာ၌ ထိုလင်မယားကို အဘယ်ကြောင့် ကြိုဆိုမခံရကြောင်း နားလည်သွား၏။ ကြည့်ရသည်မှာ သူတို့သားဖြစ်သူက ပုံရိပ်ယောင်တောင် အတွင်း အဖမ်းခံထားရန်ဟန် ပေါ်သည်။ လို့ချီဖူက မည်သည့် တောင်းဆိုမှုမဆို လက်ခံရန် ဆန္ဒရှိကြောင်း ပြောသည်မှာ လောကအင်မော်တယ်နှင့် စစ်မှန်ခြင်း နတ်ဘုရား အဆင့်မျှဖြင့် ဤနေရာ၌ ဘာကိုများ ထပ်ပြော နိုင်ဦးမည်နည်း။
ထန်အန်းရွမ် အသံမှာ တိုးလာကာ “တခြားကိစ္စတွေကို မေ့ပေးတာ တာအိုရောင်းရင်းလို့ အပေါ် လေးစားမှု ရှိလို့ပါ … ဒါပေမဲ့ ခင်ဗျားသား လို့ယန်က ကျုပ်တို့ ပုံရိပ်ယောင်တောင်ရဲ့ အမျိုးသမီးကို နှောင့်ယှက်ခဲ့တယ်။ အဲအတွက် ခွင့်လွှတ်ပေးလို့ မရဘူး ... ခင်ဗျားတို့ နှစ်ယောက်လုံး ပြန်သင့်ပြီ ... မဟုတ်ရင် ပုံရိပ်ယောင်တောင်က အားနည်းတဲ့ သူတွေကို အနိုင်ကျင့်တယ် ဆိုပြီး လာမစွပ်စွဲနဲ့”
ထန်အန်းရွမ်က သူ့စကားဆုံးသည်နှင့် ဟန်ချီက ထပ်ပြောလိုက်သည် “ဒါက နောက်ဆုံး တစ်ကြိမ် ဖြစ်ပါစေ မဟုတ်ရင် ပုံရိပ်ယောင်တောင်ကို နောက်တစ်ကြိမ် ရောက်လာခဲ့ရင် ပြန်လမ်းဆိုတာ ရှိမှာ မဟုတ်ဘူး”
ချွီလင်းက မြန်မြန် ထရပ်က “ကျွန်မရဲ့ လို့ယန်လေးက အဲလို လုပ်မှာ မဟုတ်ဘူးဆိုတာ ယုံတယ်။ ဂိုဏ်းချုပ်ထန် လို့ယန်ကို ကိုယ်တိုင် ပြောခွင့် ပေးလိုက်ပါ့လား ”
ထန်အန်းရွမ်၏ ပြုံးနေသော မျက်နှာမှာ ချက်ချင်း လေးနက်သွားပြီး “ဘာလို့လဲ ... တာအိုရောင်းရင်းချွီက ကျုပ်တို့ ပုံရိပ်ယောင်တောင်က ခင်ဗျားရဲ့ သားကို စွပ်စွဲနေတယ်လို့ ထင်တာလား။ ကျုပ်တို့ ပုံရိပ်ယောင်တောင်က ဟိုင်ယီနယ်မြေရဲ့ နံပါတ်တစ်ဂိုဏ်းပါ ... ခင်ဗျားသားလိုမျိုး အစစ်အမှန် ရေအဆင့်က လူကို ဘာလို့ စွပ်စွဲနေရမှာလဲ”
သူတို့ကြားမှ စကားဝိုင်းအရ မိုဝူကျီက တစ်ခုတော့ သေချာသွားမိသည်။ လို့ယန်က ပုံရိပ်ယောင်တောင်၏ အမျိုးသမီးကို နှောင့်ယှက်မိပြီး မည်သူမှ အဖမ်းခံရသည့် အကြောင်းအရင်းကို မေးခွန်း မထုတ်ခဲ့ကြပေ။ သို့သော်လည်း အဓိကအချက်မှာ ပုံရိပ်ယောင်တောင်က လို့ယန်အား သူ့မိဘများနှင့် တွေ့ခွင့်ပေးရန် ငြင်းဆိုနေပေသည်။
အရူးပင် တစ်ခုခု လွဲမှားနေကြောင်း ပြောနိုင်ပေသည်။
“သူက အပြစ်ကို ကျူးလွန်မှတော့ သေဖို့ တန်ပါတယ်။ ဒါပေမဲ့ အားလုံးကို အမှန်အတိုင်း သိအောင် ထုတ်ဖော်သင့်တယ် မလား ... ကျုပ်က မျက်မြင်သက်သေ လုပ်ပေးမှာမလို့ လို့ယန်ကို ခေါ်ထုတ်ခဲ့ပါ” မိုဝူကျီက ကစားပွဲကို ပြောင်းလဲလိုက်ရင်း ရယ်သံစွက်ကာ ပြောလိုက်သည်။
အကယ်၍ သူ ဝင်မပါလျှင် ထိုလင်မယားမှာ သူတို့ ဝင်လာသည့်အတိုင်း ထွက်သွားကြရတော့မည်။ သူတို့က ပုံရိပ်ယောင်တောင်ကို စိတ်ဆိုး ဒေါသထွက်မိအောင် လုပ်မိလိုက်သည်နှင့် သူတို့လည်း အဖမ်းခံရနိုင်သည်။
မိုဝူကျီ အကူအညီကို ကြားသောအခါ လို့ဖူချီနှင့် ချွီလင်းတို့က အံ့ဩတကြီး ဖြစ်သွားကာ မိုဝူကျီအား တောင်းဆိုသည့်နှယ် အားကိုးတကြီး ကြည့်လိုက်ကြသည်။
“ဟားဟား ” ဟန်ချီက သူ့ကိုသူ မထိန်းနိုင်တော့ဘဲ အားရပါးရ ရယ်မောကာ မိုဝူကျီအား အော်ဟစ် ပြောလိုက်သည် “မင်းက ဘာမလို့လဲ ... မင်းက ငါတို့ ပုံရိပ်ယောင်တောင်ရဲ့ မျိုးဆက် ပါရမီရှင်ကို သတ်ပြီးတော့ ဒီနေရာမှာလာပြီး မောက်မောက်မာမာ လာပြောရဲတယ်လား ... မင်း ဘယ်လောက် အားကောင်းလဲ ကြည့်ကြတာပေါ့”
ထိုသို့ပြောပြီးနောက် ဟန်ချီက မိုဝူကျီဆီ ခုန်ဝင်လာသည်။
ဤတစ်ကြိမ်၌ ထန်အန်းရွမ်ပင် သူ့ကို မတားဆီးတော့ပေ။ အားလုံးက ဟန်ချီကို ကြည့်နေကြ၏။ ဤနေရာရှိ အားလုံးက မိုဝူကျီ မည်မျှ စွမ်းဆောင်နိုင်ကြောင်း သိချင်ကြသည်။ သူတို့နှစ်ယောက်၏ တိုက်ပွဲမှ လေ့လာရန် အကောင်းဆုံး နေရာ ဖြစ်ပေ၏။
သိပ်မကြာခင် ဟန်ချီက လေထဲတွင် ပိတ်မိနေပြီး မည်မျှ ကြိုးစား ကြိုးစား မလှုပ်ရှားရတော့ကြောင်း သိလိုက်ရ၍ တုန်လှုပ်မိသွားသည်။
ဤနေရာရှိ အားလုံးက သူ့အား မြေကမ္ဘာအင်မော်တယ် အဆင့်အဖြစ် သိထားကြပြီး အဆင့် ၇ သို့ ရောက်နေပြီ ဖြစ်သည်။ ကောင်းကင် အင်မော်တယ် အစစ်အမှန်ပင် သူ့အား ပိတ်လှောင်ထားနိုင်မည် မဟုတ်ပေ။
နောက် အခိုက်အတန့်လေး၌ ပုံရိပ်ယောင်တောင်၏ တိုက်ရိုက်မျိုးဆက် ပါရမီရှင်ကို ဖျက်ဆီးပစ်ရဲပြီး ထိပ်ဆုံးနေရာ၌ ဝင်ထိုင်ရဲသူမှာ မရိုးရှင်းကြောင်း သတိပြုမိသွားသည်။
ထို့အပြင် ဤလူမှာ အရမ်းငယ်ရွယ်နေသောကြောင့် အစစ်အမှန် နတ်ဘုရားများ ဖြစ်နေမလား
ထိုစဉ် ဟန်ချီ၏ စိတ်ထဲ အလွန်အမင်း အေးစက်လာကာ သူ စတင် ကျင့်ကြံစဉ်ကတည်းမှ ထိုသို့မျိုး အကြောက်တရား ခံစားဖူးသည်ကို မမှတ်မိတော့ပေ။
***