သွေးစုပ်ဂိုဏ်း
Vol. 43 Ch. 592
အားလုံးက ဟန်ချီကို တအံ့တဩ ကြည့်လိုက်ကြပြီး မည်သူကမှ မိုဝူကျီသည် ဟန်ချီအား လေထဲတွင် ပိတ်လှောင် ထားနိုင်လိမ့်မည်ဟု မယုံကြည်ကြပေ။ ပဉ္စမ လွတ်မြောက် အင်မော်တယ် လင်လျန့်ပင် မြေကမ္ဘာအင်မော်တယ် အဆင့် ၇ ကျင့်ကြံသူကို စွမ်းအားစက်ကွင်း အသုံးပြုပြီး လေထဲ၌ ပိတ်လှောင် မထားနိုင်ပေ။
မိုဝူကျီက ဟန်ချီကို သတ်ရန် မရည်ရွယ်သော်လည်း ထိုလူတွင် မကောင်းသည့် အကြံအစည်များ ရှိနေမှန်း သိနေသောကြောင့် နည်းနည်းပါးပါး သင်ပြပေးဖို့ လိုအပ်၏။ သူ့ဝဲကတော့ စွမ်းအားစက်ကွင်း၏ ခြေဖျက်ခြင်း စွမ်းအားကြောင့် ဟန်ချီ၏ နံရိုးတစ်ချောင်းမှာ အောက်ပြုတ်ကျ လာရသည်။ ထို့နောက် မိုဝူကျီ၏ စွမ်းအားစက်ကွင်းက ပျောက်ကွယ်သွားပြီး ဟန်ချီက မြေပြင်ပေါ် ဗုန်းခနဲ ပြုတ်ကျလာသည်။
“ဘယ်လောက်တောင် ရိုင်းစိုင်းပြီးတော့ အကျိုးအကြောင်း မသင့်တာလဲ ... အားလုံး တိုက်ခိုက်က” လင်လျန့်က ဟန်ချီ၏ နံရိုးတစ်ချောင်း ပြုတ်ထွက်လာပြီးနောက် မိုဝူကျီက စွမ်းအားစက်ကွင်းကို ဆက်လက် မထိန်းထားနိုင်တော့ကြောင်း မြင်သောအခါ လင်လျန့်က ခန့်မှန်းချက် မှားယွင်းစွာဖြင့် မိုဝူကျီကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
လင်လျန့်က လှုပ်ရှားလိုက်သည်နှင့် အခြားသော မြေကမ္ဘာ အင်မော်တယ်များလည်း တိုက်ခိုက်လိုက်ကြသည်။
မိုဝူကျီ၏ မျက်ဝန်းမှာ အေးစက်လာပြီး သူက အရမ်း အားပျော့သွားကြောင်း သိလိုက်သည်။ အခြားသော ရွမ်ရှန်းအဆင့် ကျင့်ကြံသူ ဖြစ်နေပါက သူက သွေးချောင်းစီးအောင် မသတ်လျှင်ပင် ရွမ်ရှန်းအဆင့် ကျင့်ကြံသူ တစ်ယောက်အနေနှင့် သူ့အင်အားကို ပြသရန် အနည်းဆုံး အဆင့်မြင့် ကျင့်ကြံသူများကို သတ်ပစ်လိမ့်မည်။
ပဉ္စမ လွတ်မြောက် အင်မော်တယ် ဖြစ်သည့် လင်လျန့်၏ ကျင့်ကြံဆင့်မှာ အလယ်အလတ် ကျင်းရှန်းအဆင့်အထိ တိုးသွားသော်လည်း မိုဝူကျီ၏ အမြင်အရ လင်လျန့်မှာ ကျင်းရှန်း အစစ်အမှန် ရောက်ဖို့ရာ အတော်အလှမ်းကွာ နေသေး၏။ သူ့အင်အားမှာ အစောပိုင်း ကျင်းရှန်း အဆင့်မျှနှင့်သာ နှိုင်းယှဉ်၍ ရပေသည်။ မြေကမ္ဘာအင်မော်တယ် အနေနှင့် သူတို့ကို မိုဝူကျီက မျက်လုံးထဲပင် မထည့်ပေ။
ပုံရိပ်ယောင်တောင်မှ လူများမှာ ဆွေးနွေးပြီးသားမှန်း သိသာလှသည်။ လင်လျန့်က မိုဝူကျီဆီ ခုန်ဝင်လိုက်သည်နှင့် တခြားသော လူများကလည်း တစ်ချိန်တည်း လှုပ်ရှားလိုက်ကြသည်။
မိုဝူကျီက မလှုပ်ရှားသေးပေ။ ဤတစ်ကြိမ် သူက သက်ညှာနေတော့မည် မဟုတ်ပေ။ သူက မှော်ရတနာပင် မထုတ်ဘဲ လျှပ်စီးဆယ်ချက်ကို ပစ်လွှတ်လိုက်သည်။
သူတို့က မြေကမ္ဘာအင်မော်တယ် အဆင့် ၁ သို့မဟုတ် အဆင့် ၉ ဖြစ်နေစေကာမူ မိုဝူကျီ၏ လျှပ်စီးချက်များ အောက်၌ မည်သူမှ ဒဏ်ရာမရရှိဘဲ မနေပေ။ တချို့မှာ တစ်ချက်တည်းဖြင့် ရှင်သန်ခွင့် ပျောက်ဆုံးသွားကြရ၏။
မိုဝူကျီထံ နံရိုးတစ်ချောင်း ဆုံးရှုံးသွားရသော ဟန်ချီမှာ ကံဆိုးနေပေသည်။ လျှပ်စီးချက်က သူ့ဦးခေါင်းကို ထိုးဖောက်သွားပြီး စိတ်နန်းတော်လည်း တစ်စစီ ကြေမွသွားသည်။ သူ့ကမ္ဘာဦး စိတ်ဝိညာဉ်ပင် မလွတ်မြောက်နိုင်ဘဲ ချက်ချင်း သေဆုံးသွားရသည်။
လင်လျန့်က သူ့ခန္ဓာကိုယ် တစ်ဝက်လောက် ဖွဲ့စည်းပြီးသွားပြီ ဖြစ်သော်လည်း လျှပ်စီးချက် နှစ်ချက်အောက်တွင် အပိုင်းပိုင်း အစစ ကြေမွသွားတော့သည်။ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ရှိသော ကမ္ဘာဦး စိတ်ဝိညာဉ်က လေထဲတွင် လွင့်မျောနေလေ၏။ မြေကမ္ဘာ အင်မော်တယ် အဆင့် ၂ ရှိ ကျင့်ကြံသူကို မိုဝူကျီက တန်းသတ်ပစ်လိုက်သည်။
မြေကမ္ဘာ အင်မော်တယ် အဆင့် ၉ ဖြစ်သော ထျန်းကျီကျောင်းက သေရာပါလောက်သည့် ဒဏ်ရာ ရကာ မိုဝူကျီ၏ လျှပ်စီးချက်ကြောင့် မြေပြင်ပေါ် လဲကျနေ၏။ သူ့ကျင့်ကြံဆင့် ပြန်လည် ရရှိနိုင်မလား ဆိုသည့် ကိစ္စမှာ သူ့ကံပေါ် မူတည်နေပေသည်။
“ပုံရိပ်ယောင်တောင်က လူတွေ ရပ်ကြတော့” နဂို ဧည့်ခန်းမတံခါး သွားပိတ်နေသည့် ပုံရိပ်ယောင်တောင်၏ ဂိုဏ်းချုပ် ထန်အန်းရွမ်က အလောတကြီး အော်ဟစ်လိုက်သည်။
လက်တွေ့၌ သူက ရပ်ဖို့ရာ မပြောလျှင်ပင် ပုံရိပ်ယောင်တောင်မှ ကျင့်ကြံသူ ငါးယောက်မှာ နောက်ထပ် မလှုပ်ရှားကြပေ။ ထို့အစား မိုဝူကျီက ထန်အန်းရွမ်ကို စိုက်ကြည့်လိုက်သည်။ မိုဝူကျီအနေဖြင့် ထန်အန်းရွမ်က သူ ထွက်ပြေးမည်ကို စိုးသဖြင့် တံခါး သွားပိတ်နေသည့် အကြောင်းကို သိပေသည်။ သို့သော်လည်း ကိစ္စများက စီစဉ်ထားသည့်အတိုင်း မဟုတ်တော့သောကြောင့် ပုံရိပ်ယောင်တောင်မှ လူများကို ရပ်ရန် အော်လိုက်ခြင်း ဖြစ်၏။ သူက ပုံရိပ်ယောင်တောင် အနေဖြင့် မိုဝူကျီကို မလေးမစား မပြုမူရဲတော့ကြောင်း ပြောပြနေသလား ဖြစ်၏။
ကျန်ရှိနေသော ကျင့်ကြံသူ ငါးယောက်၌ လွတ်မြောက် အင်မော်တယ် လင်လျန့်မှ လွဲ၍ မြေကမ္ဘာ အင်မော်တယ် လေးယောက်သာ ရှိပေသည်။
ထိုကြား၌ ဟန်ချီနှင့် မြေကမ္ဘာ အင်မော်တယ် အဆင့် ၂ ကျင့်ကြံသူတို့မှာ မိုဝူကျီ၏ လျှပ်စီးချက်ကြောင့် သေဆုံးသွားပြီ ဖြစ်ရာ ထျန်းကျီကျောင်းနှင့် မြေကမ္ဘာအင်မော်တယ် လေးယောက်တို့မှာလည်း မြေပြင်ပေါ်၌ မလှုပ်မရှား ရှိနေကြသည်။ ပဉ္စမ လွတ်မြောက် အင်မော်တယ် လင်လျန့် ကြိုးစားထားသော ရုပ်ခန္ဓာကိုယ်မှာလည်း ပျက်စီးသွားပြီ ဖြစ်ရာ သူ့ကမ္ဘာဦး စိတ်ဝိညာဉ်က စစ်မှန်ခြင်း နတ်ဘုရားအဆင့်အထိ ကျသွား၏။
လင်လျန့်အနေနှင့် ပြီးဆုံးသွားကြောင်း အတည်ပြုလိုက်ရသည်။ သူ့ကမ္ဘာဦး စိတ်ဝိညာဉ်မှာ မိုးကြိုးစမ်းသပ်ချက် ငါးကြိမ် ဖြတ်သန်းထားပြီး ရုပ်ခန္ဓာ ဖွဲ့စည်းထားသော်လည်း သူတစ်ယောက်တည်းသာ မည်မျှ ခက်ခဲကြောင်း သိပေသည်။ ထို့အပြင် လွတ်မြောက် အင်မော်တယ်တစ်ယောက် အနေနှင့် ရင်ဆိုင်ရသည့် အခက်အခဲများမှာ သာမန် အင်မော်တယ်များထက် ပို၍ ခက်ခဲပေသည်။ မိုဝူကျီက သူ ကြိုးစားထားသော ရုပ်ခန္ဓာကို ဖျက်ဆီး ပစ်လိုက်ခြင်းမှာ သူ့ကို အဆုံးသတ်ပစ်လိုက်ခြင်းနှင့် ညီမျှပေ၏။
“စီနီယာ သက်ညှာပါဦး” ထန်အန်းရွမ်က ယခင် အပြုအမူများ မရှိတော့ဘဲ မြေပြင်ပေါ်၌ ဒူးထောက်ကာ တောင်းဆိုလိုက်သည်။
ပဉ္စမ လွတ်မြောက် အင်မော်တယ်ပင် မိုဝူကျီကို ဘာမှ မလုပ်နိုင်ဘဲ ကျန်လူများမှာလည်း ထပင် မထနိုင်လေရာ မိုဝူကျီသာ ပုံရိပ်ယောင်တောင်ကို ဖျက်ဆီးလိုပါက အသက်ရှူကြိမ် အနည်းငယ်အတွင်း ဖြစ်လာနိုင်ပေသည်။
“အိုးဟို ... ကျုပ်ကို ဒီထဲ ပိတ်ထားမလို့ မဟုတ်ဘူးလား” မိုဝူကျီက မေးလိုက်သည်။
ထန်အန်းရွမ်က မြန်မြန် ပြန်ဖြေလိုက်ရသည် “စီနီယာက အထင်မှားနေတာပါ ... ကျုပ်က လက်ဖက်ရည်ကြမ်း ပို့ခိုင်းမလို့ လူသွား ခေါ်တာပါဗျ ”
ထန်အန်းရွမ် တစ်ကိုယ်လုံးမှာ ချွေးများ နှစ်နေပြီး သူ့ဝိညာဉ်အထဲထိ တုန်လှုပ်နေဟန် ပေါ်သည်။
လို့ဖူချီနှင့် ချွီလင်းတို့လည်း အသိပြန်ကပ် လာလေ၏။ ဤဧည့်သည်မှာ သေချာပေါက် သာမန်လူ မဟုတ်ပေ။ ပဉ္စမ လွတ်မြောက် အင်မော်တယ်ကိုပင် မျက်လုံးထဲ မထည့်ပေ။ ထိုလူမှာ နဝမ လွတ်မြောက် အင်မော်တယ် သို့မဟုတ် အစစ်အမှန် အင်မော်တယ် တစ်ယောက် ဖြစ်နိုင်ပေ၏။
သူတို့ အသိပြန်ကပ်လာသည်နှင့် နှစ်ယောက်လုံးက မိုဝူကျီကို ဦးညွှတ်ကာ “စီနီယာ ကျုပ်တို့ကို ကူညီပါဦး ”
မိုဝူကျီက မမေးခင် ထန်အန်းရွမ်က မြန်မြန် ပြောလိုက်သည် “ဒီက တာအိုရောင်းရင်းရဲ့ သခင်လေး လို့ယန်ကို မြန်မြန် သွားခေါ်ခဲ့ ”
“ဟုတ် ” လောကအင်မော်တယ် တစ်ယောက်က ခန်းအတွင်းမှ ကတိုက်ကရိုက် ထွက်သွားလေ၏။
“ရွိုက်ကောကို ပုံရိပ်ယောင်တောင်ဆီ ခေါ်လာတာ ဘယ်သူလဲ … အဲဒီသူပါ ခေါ်ခဲ့” မိုဝူကျီက အကြောင်းအရင်းမှာ အင်အားပြသရန် မဟုတ်ကြောင်း ရုတ်ခြည်း သတိရသွားလေ၏။
“စီနီယာ ... ကျုပ်က ရွိုက်ကောကို ပုံရိပ်ယောင်တောင်ဆီ ခေါ်လာတဲ့သူပါ ” ယခင် တိုက်ခိုက်မှုထဲ မပါသည့် ဒုတိယ လွတ်မြောက် အင်မော်တယ်က ရှေ့ထွက်လာကာ ပြောလိုက်သည်။
သူက မိုဝူကျီသည် လွတ်မြောက် အင်မော်တယ် မဟုတ်ဘဲ အင်မော်တယ် အစစ်အမှန် ဖြစ်ကြောင်း သေချာသိ၏။ သူ ဝင်မတိုက်လိုက်သည့် အတွက်လည်း သူ့ကိုသူ ပျော်ရွင်မိနေသည်။ ပဉ္စမ လွတ်မြောက် အင်မော်တယ်၏ ရုပ်ခန္ဓာပင် ဖျက်ဆီးခံလိုက်ရပြီး စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကမ္ဘာဦး စိတ်ဝိညာဉ်သာ ကျန်ရှိတော့သည်။ အကယ်၍ သူသာ ဝင်ပါလိုက်လျှင် ယခုအခါ အမှုန့်ဖြစ်နေရုံမှ လွဲပြီး ကျန်တာ မဖြစ်နိုင်ချေ။
“ရွိုက်ကောကို ယူလာတဲ့ နေရာကို ပြပေးနိုင်တဲ့ တည်နေရာပြ သလင်းကျောက် ရှိလား” မိုဝူကျီက မေးလိုက်သည်။
“ဟုတ် ” ရှင်းဖုန်းက တည်နေရာပြ သလင်းကျောက်ကို ထုတ်ကာ မိုဝူကျီဆီ ပေးလိုက်သည်
“ဒါက ကျုပ် ဘာသာ လုပ်ထားတဲ့ တည်နေရာပြ သလင်းကျောက်ပါ။ အဲအချိန်တုန်းက ကျုပ်က ဒီနေရာကနေ ထွက်သွားဖို့ ကမ္ဘာ အက်ကြောင်းခွဲ အဆောင်ကို သုံးခဲ့ရတယ် ...”
“ခဏ ” မိုဝူကျီက လက်ကာပြပြီး တားကာ “ရွိုက်ကောကို ရလာတာက ကမ္ဘာ အက်ကွဲကြောင်း အဆောင်ကို သုံးခဲ့ရလို့ လို့ ပြောတာလား ”
ရှင်းဖုန်းက ပြန်ဖြေလိုက်သည် “ဟုတ်ပါတယ် … အဲဒီအချိန်တုန်းက ကျုပ်ဆီမှာ အသွားတစ်ခု၊ အပြန်တစ်ခု အဆောင်နှစ်ခု ရှိတာပါ”
“ကမ္ဘာအက်ကြောင်းခွဲ အဆောင်က ဘယ်အဆင့်လဲ” မိုဝူကျီ စိတ်ထဲ လေးလံမိသွားသည်။ အကယ်၍ ရှင်းဖုန်းက ကမ္ဘာအက်ကွဲကြောင်း အဆောင်ကို အသုံးပြု၍ ကျန်းရှင်းဆီ သွားနိုင်သည်ဆိုလျှင် သူ့အနေနှင့် မည်သို့ ပြန်သွားရမလဲ...
“အဲဒါက ကျုပ်တို့ကို အင်မော်တယ်လောက က ပုံရိပ်ယောင်တောင်က ပေးထားတဲ့ အဆောင်ပါ ” ရှင်းဖုန်းက ဘာကိုမှ သိုဝှက် မထားရဲပေ။
မိုဝူကျီ၏ လေသံမှာ မပျော့ပျောင်းတော့ဘဲ “အင်မော်တယ်လောက က ဒီအဆောင်တွေကို ဘာလို့ ပို့ပေးတာလဲ”
ရှင်းဖုန်းက သတိထားကာ ဖြေလိုက်ရသည် “အင်မော်တယ်လောက က ကျုပ်တို့ကို လောကထိပ်သီး အမှတ်အသားပြားကို ရှာခိုင်းထားတာ။ ဒါပေမဲ့ ကျုပ် အဲဒီနေရာကို ရောက်တော့ အဲဒီအမှတ်အသားပြားက မရှိတော့ဘူး”
မိုဝူကျီက ခေါင်းညိတ်ပြလိုက်ပြီး ရှင်းဖုန်း စကားများကို ယုံပေသည်။ အကြောင်းမှာ နိုက်ဟော်ဆိုသော မိန်းကလေးလည်း ကျန်းရှင်းသို့ ရောက်လာကာ လောကထိပ်သီး အမှတ်အသားပြားနှင့် အင်မော်တယ်ဖွေရှာ အမှတ်အသားပြားကို ရှာဖွေခဲ့ဖူးသည် မဟုတ်ပါလော။ သို့သော်လည်း ထိုအမှတ်အသားပြား နှစ်ခုလုံးမှာ သူ့လက်ထဲတွင် ဖြစ်၏။
“အဲဒီလိုမျိုး အမှတ်အသားပြားတွေ ရှိနေသေးတာလား ” မိုဝူကျီက မေးလိုက်သည်။
ရှင်းဖုန်းက ခေါင်းခါကာ
“မရှိတော့ပါဘူး … အင်မော်တယ် လောကထဲမှတောင် ကမ္ဘာအက်ကွဲကြောင်း အဆောင်တွေက တော်တော်လေး အဖိုးတန်တယ်။ ကျုပ် နှစ်များစွာ ရှာပြီးတော့ မတွေ့တာနဲ့ အင်မော်တယ်လောကရဲ့ ပုံရိပ်ယောင်တောင်လည်း ကျုပ်ကို ဆက်မရှာခိုင်းတော့ဘူး ”
မိုဝူကျီက စိတ်ပျက်သွားသော်လည်း ဆက်မေးလိုက်သည် “အဲဆို အင်မော်တယ်လောကနဲ့ ဆက်သွယ်နိုင်လား ”
“ကျုပ် မလုပ်နိုင်သေးဘူး … ပဉ္စမ လွတ်မြောက်အင်မော်တယ်နဲ့ အထက်ပဲ အင်မော်တယ်လောကနဲ့ ဆက်သွယ်နိုင်ကြတာ …” ရှင်းဖုန်းက ပြောလိုက်ရင်း စစ်မှန်ခြင်း နတ်ဘုရားအဆင့်သာ ကျန်တော့သည့် ကမ္ဘာဦး စိတ်ဝိညာဉ်ကို ကြည့်လိုက်သည်။
မိုဝူကျီက အင်မော်တယ်လောကနှင့် ဆက်သွယ်နိုင်သည့် တစ်ဦးတည်းသော သူကို သတ်ပစ်လုနီးပါး ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သူက ခေါင်းခါကာ နောင်တတော့ မရပေ။ ဤကမ္ဘာကြီးထဲ၌ အင်မော်တယ်လောကသို့ တက်လှမ်းနိုင်သည့် လူများ ရှိနေသေးရာ အင်မော်တယ်လောကဆီ ပြန်ဖို့ရာ နည်းလမ်း ရှိပေလိမ့်မည်။
ထိုစဉ် လောကအင်မော်တယ် တစ်ယောက်က အသက် နှစ်ဆယ်ပင် မကျော်သေးသည့် လူငယ်လေးကို ခေါ်ကာ ပြန်ရောက်လာသည်။
မိုဝူကျီက ထိုလူငယ်လေးကို ကြည့်လိုက်ပြီး သူ့သတ်ဖြတ်ငွေ့များက ပြင်းထန်လာပြန်သည်။ ထိုလူငယ်လေးမှာလည်း ရွိုက်ကောကဲ့သို့ အသက်သွေးများ စုပ်ယူခြင်း ခံထားရပြီး ညှိုးနွမ်း ခြောက်ကပ်နေသည့် ခန္ဓာကိုယ်သာ ကျန်ရှိတော့သည်။
“အာ … မင်းက ရွှေရောင်ဦးချို ခရမ်းနဂါးရဲ့ သွေးမျိုးဆက်လား”လူငယ်လေး ဝင်လာသည်နှင့် ရွိုက်ကောက တအံ့တဩ ရေရွတ်လိုက်သည်။
မိုဝူကျီက ချက်ချင်း နားလည်သွားကာ ထန်အန်းရွမ်ကို အေးစက်စွာ ကြည့်၍ ပြောလိုက်သည်
“ဆိုတော့ ဒါက သွေးစုပ်ဂိုဏ်းကိုး ... ခင်ဗျားက သားရဲတွေရဲ့ သွေးကို စုပ်ရုံတင် မကဘူး။ လူသားသွေးကိုလည်း စုပ်တာပဲ “
ထန်အန်းရွမ်က မိုဝူကျီ စကားများကြားသောအခါ သူ့တစ်ကိုယ်လုံးမှာ အကြောက်တရားဖြင့် တုန်လှုပ်လာသည်။ သူက မြန်မြန် ဒူးထောက်ကာ ပြောလိုက်သည်
“စီနီယာ အထင်မှားနေတာပါ ... ပုံရိပ်ယောင်တောင်ထဲက ထျန်းမျိုးနွယ်ကပဲ သွေးစုပ်သူ မျိုးဆက်တွေပါ။ ပုံရိပ်ယောင်တောင် ကျင့်စဉ်ကို ကျင့်ကြံဖို့ ထိပ်တန်းအဆင့် သားရဲသွေးကို လိုအပ်ပါတယ်။
ရွိုက်ကောနဲ့ လို့ယန်တို့က ရှေးဟောင်းသားရဲ သွေးမျိုးဆက်တွေမလို့ ပုံရိပ်ယောင်တောင်ရဲ့ လက်ရှိ ထျန်းမျိုးနွယ်စု သခင်လေးက သူတို့ကို သုံးပြီး ပုံရိပ်ယောင်တောင် ကျင့်စဉ်ကို ကျင့်ကြံဖို့ လုပ်နေတာပါ။ အခြားသူတွေက ပုံရိပ်ယောင်တောင် ကျင့်စဉ်ကို ကျင့်ကြံကြပေမဲ့ ဘယ်သူသွေးကိုမှ မစုပ်ကြပါဘူး”
“ခင်ဗျားက ကျုပ်သတ်လိုက်တဲ့ အဲဒီအမှိုက်ကို ပြောနေတာလား ” မိုဝူကျီက မထူးမခြားနား ပြောလိုက်သည်။
“ဟုတ်ပါတယ် ... သူက ပုံရိပ်ယောင်တောင်ရဲ့ လက်ရှိ ထျန်းမျိုးနွယ်စု အမွေဆက်ခံသူ ထျန်းကျစ်ခို့ပါ။ စီနီယာကြောင့် သူက အမှိုက် ဖြစ်သွားပြီဆိုတော့ ပုံရိပ်ယောင်တောင်မှာ ထျန်းမျိုးနွယ်စုရဲ့ ဆက်ခံသူ မရှိတော့ပါဘူး ...”
မိုဝူကျီက လဲကျနေသော မြေကမ္ဘာအင်မော်တယ် အဆင့် ၉ ထျန်းကျီကျောင်းကို ကြည့်ကာ “ကြည့်ရတာ ဒီလူလည်း ထျန်းမျိုးနွယ်စုရဲ့ မျိုးဆက် ဖြစ်ပုံပဲ “
“ဟု … ဟုတ်ပါတယ် ... ”
ထန်အန်းရွမ်က တစ်ခွန်းသာ ပြောလိုက်သည့်အချိန် လျှပ်စီးချက်က ထျန်းကျီကျောင်းဆီ ရောက်ရှိသွားတော့သည်။ ထျန်းကျီကျောင်းက ဒဏ်ရာ အပြင်းအထန် ရထားသော်လည်း ယခုအခါ နောက်ထပ် လျှပ်စီးချက်ဖြင့် အသားစိုင်ရည်အဖြစ် ပြောင်းလဲသွားတော့သည်။ သူက သနားညှာတာပေးရန် တောင်းပန်ခွင့်ပင် မရရှိလိုက်ပေ။
“အင်မော်တယ် လောကမှာ ပုံရိပ်ယောင်တောင်က ကျင့်ကြံသူတွေ ရှိလား” မိုဝူကျီက မေးလိုက်သည်။
ထန်အန်းရွမ်က တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေလိုက်သည် “ထျန်းကျီကျောင်းရဲ့ ဘိုးဘေး စီနီယာ ထျန်းတိုင်က အင်မော်တယ် ဘုရင်အဆင့်ပါ”
မိုဝူကျီက အင်မော်တယ် ဘုရင်အဆင့်ကို မျက်လုံးထဲ မထည့်ပေ။ သူက လို့ဖူချီနှင့် ချွီလင်းတို့ကို ကြည့်ကာ “ပုံရိပ်ယောင်တောင်က ခင်ဗျားတို့ရဲ့ သားသွေးကို စုပ်ထားတယ်။ ခင်ဗျားတို့ ဘာလုပ်ချင်လဲ”
လို့ဖူချီက မိုဝူကျီအနေဖြင့် သူတို့ကို ကူညီပေးနေမှန်း သိပေသည်။ သူသာ သဘောတူသရွေ့ မိုဝူကျီက ပုံရိပ်ယောင်တောင် တစ်ခုလုံးကို အမြစ်ဖြတ် ရှင်းလင်းပစ်မည် ဖြစ်သည်။
သူ့သားက ဤသို့ ဆက်ဆံခံထားရခြင်းမှာ ရွှေရောင်ဦးချို ခရမ်းနဂါးသွေးမျိုးဆက် ဖြစ်သည့် အကြောင်းအရင်းကြောင့် ဆိုသည့်အချက်မှာ လက်ခံပေးနိုင်စရာ မဟုတ်ပေ။ သူ လို့ဖူချီ အနေဖြင့် ထိုဒေါသကို မထိန်းချုပ်နိုင်ပေ။ အကယ်၍ မည်သူမှ မကူညီလျှင် သူ့အနေဖြင့် ဘာမှ မလုပ်နိုင်သော်လည်း ယခုအခါ မိုဝူကျီဘက်မှ ကူညီပေးနေသည် ဖြစ်ရာ ဤအခွင့်အရေးကို မည်သို့ လက်လွှတ်ခံရမည်နည်း။
သို့သော်လည်း သူ မပြောနိုင်ခင် ချွီလင်းက ဒူးထောက်ကာ ပြောလိုက်သည်
“စီနီယာက ကျွန်မတို့ မိသားစု ပြန်ဆုံနိုင်အောင် ကူညီပေးတဲ့အတွက် ကျေးဇူးအမျာကြီး တင်ပါတယ်။ ကျွန်မသားနဲ့ ဒီအတိုင်း ထွက်သွားရဖို့ပဲ အလိုရှိပါတယ် ... ကျန်တာတွေ အားလုံးက အရေးမကြီးပါဘူး”
သူ့ဇနီးဖြစ်သူ၏ စကားကို ကြားပြီး လို့ဖူချီက သက်ပြင်းချလိုက်သည်။ ယနေ့ မတိုင်ခင်အထိ ပုံရိပ်ယောင်တောင်မှာ အားကောင်း လွန်းခဲ့ပေသည်။ ပုံရိပ်ယောင်တောင် တစ်ခုလုံး ဖျက်ဆီး ခံလိုက်ရလျှင်ပင် ယခုအခါ ဤနေရာ၌ မရှိနေသည့် ကျင့်ကြံသူများ ရှိနေပေဦးမည်။ တချို့သော ကျင့်ကြံသူများက သူ့မိသားစုအား အလွယ်တကူ ဖျက်ဆီး ပစ်နိုင်လိမ့်မည်။ စီနီယာမိုကလည်း သူတို့ဘေး၌ နေပြီး တစ်ချိန်လုံး ကာကွယ်မပေးနိုင်ပေ။
ဖြူဖျော့ဖျော့ လို့ယန်က အခြေအနေ အားလုံးကို သဘောပေါက် နားလည်သွားကာ မြန်မြန် ပြောလိုက်သည် “စီနီယာ … ဂျူနီယာလေးက အရေးတကြီး ပြောစရာ ရှိပါတယ် ”
***