← Chapters

ရွှေရောင်ဦးချို ခရမ်းနဂါး

Vol. 43 Ch. 593

ရွှေရောင်ဦးချို ခရမ်းနဂါး

Vol. 43 Ch. 593

“ဘာကိစ္စလဲ ” မိုဝူကျီက လို့ယန်ကို ကြည့်ကာ မရေမရာ ဖြစ်သွားသည်။ အကယ်၍ အရေးကြီးကိစ္စ ဖြစ်ပါက ဤနေရာတွင် ပြော၍ မဖြစ်ပေ။ သူက ဤနေရာရှိ အားလုံးကို သတ်ပစ်ရန် မရည်ရွယ်ထားပေ။ လို့ယန်က ငယ်ရွယ်သေးသော်လည်း အခြေခံအရာများကို နားလည်သင့်ပေသည်။

“ပုံရိပ်ယောင်တောင်က ရွှေရောင်ဦးချို ခရမ်းနဂါး တစ်ကောင်ကို ဖမ်းမိထားပြီးတော့ ပုံရိပ်ယောင်တောင်ရဲ့ စိတ်ဝိညာဉ် အနှစ်သာရ ရေကန်ထဲမှာ ပိတ်ထားတယ် ” သူ့စကားအဆုံးတွင် လို့ယန်က စိုးရိမ်တကြီး ဒူးထောက်ကာ “အဲဒီရွှေရောင်ဦးချို ခရမ်းနဂါးက ကျွန်တော်ရဲ့ ကျေးဇူးရှင်ပါ။ စီနီယာ ကျေးဇူးပြုပြီး ကူညီပေးပါဦး”

ရွှေရောင်ဦးချို ခရမ်းနဂါး တကယ်ရှိနေတာလား ...

မိုဝူကျီက အသက်ပြင်းပြင်း ရှုထုတ်လိုက်မိသည်။ သူက လို့ယန်၌ ရွှေရောင်ဦးချို ခရမ်းနဂါး သွေး ပိုင်ဆိုင်သည့် အချက်ကို များများစားစား မတွေးမိခဲ့ပေ။ တစ်ခါတစ်ရံ၌ မျိုးရိုးဆက်ခံခြင်းမှာ အလွန်ရှုပ်ထွေး တတ်ပေသည်။ လို့ယန်၏ ဘိုးဘေးများက ရွှေရောင်ဦးချို ခရမ်းနဂါး ဖြစ်ကာ သွေးဆက်က မျိုးဆက်ကို ကျော်လွန်ပြီး အမွေဆက်ဆံရသည့် ကိစ္စမျိုး ရှိတတ်သည် မဟုတ်ပါလော။ မဟုတ်လျှင် ကံကောင်းမှုကြောင့် ရွှေရောင်ဦးချို ခရမ်းနဂါသွေး တချို့ကို ရရှိခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ ရွှေရောင်ဦးချို ခရမ်းနဂါးမှာ ရှေးဟောင်း နဂါးမျိုးဆက် ဖြစ်ပြီး အဖိုးမဖြတ်နိုင်ပေ။ သွေးတစ်စက်ကပင် အင်မော်တယ် အုပ်စိုးသူများ အလိုရှိကြသည့် အဖိုးမဖြတ်နိုင်သည့် ရတနာ ဖြစ်နေသည် မဟုတ်ပါလော။

ရွှေရောင်ဦးချို ခရမ်းနဂါးနှင့် ရွှေရောင်ဦးချို ခရမ်းနဂါး သွေးဆက်ရှိနေခြင်း ကိစ္စများ လုံးဝ ကွဲပြားပေသည်။

“အဲဒီရွှေရောင်ဦးချို ခရမ်းနဂါးက ကျွန်တော်ကို နဂါးသွားရည် တစ်ပုလင်း ပေးထားတာ။ အဲဒါကို သုံးပြီး ကျင့်ကြံတာဆိုတော့ ကျွန်တော်လည်း ရွှေရောင်ဦးချို ခရမ်းနဂါးရဲ့ သွေးမျိုးဆက်ကို ဆက်ခံသလို ဖြစ်သွားတာ … အဲဒါကြောင့် ကျွန်တော်ကို ဖမ်းသွားကြတာ။ ကျွန်တော့်ကို ဖမ်းပြီးသွားတော့ အဲဒီနဂါးလေး နေရာကို အတင်းကျပ်မေးတယ်။ အဲဒီနောက်ကျ နဂါးလေးကို ဖမ်းလိုက်ကြတာ ... ကျွန်တော့်ကြောင့် သူ့ကို ဖမ်းမိသွားကြတာပါ ” လို့ယန်က တစ်ခါတည်း အကုန်ပြောလိုက်သည်။

ထန်အန်းရွမ်က လို့ယန်စကားများကို ကြားသောအခါ သူ့ဦးခေါင်း၌ တဝီဝီ မြည်လာမိသည်။ ယခုလေးပင် သူ့အနေဖြင့် မိုဝူကျီက သူတို့ဂိုဏ်းကို မဖျက်ဆီးရန် စိတ်ရောကိုယ်ပါနှစ်၍ ဆုတောင်းနေသော်လည်း ရွှေရောင်ဦးချို ခရမ်းနဂါး ကိစ္စ ပေါ်ပေါက်လာရသည်။ လို့ယန်က ထုတ်ပြောလိုက်ပြီ ဖြစ်သောကြောင့် ပုံရိပ်ယောင်တောင် အနေနှင့် မည်သို့ လွတ်မြောက်နိုင်တော့မည်နည်း။

“အဲဒီရွှေရောင်ဦးချို ခရမ်းနဂါးကို ကျုပ်ခန္ဓာကို ဖွဲ့စည်းဖို့ ဖမ်းခဲ့တာ။ ကျုပ်တို့ ပုံရိပ်ယောင်တောင်ကို ဖျက်ဆီးရင်တောင် အင်မော်တယ်လောက က တစ်ယောက်ယောက်က ခင်ဗျားကို လာတွေ့မှာပဲ ... ခင်ဗျားရဲ့ မောက်မာမှုက ကြာကြာခံမှာ မဟုတ်ပါဘူး။ ကျုပ် လင်လျန့်က ခင်ဗျားကို စောင့်နေမယ်” လင်လျန့်က နောင်တရနေ၍ မထူးတော့မှန်း သိ၍ မိုဝူကျီကို ဒေါသတကြီး အော်ဟစ်ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် လင်လျန့်၏ ကမ္ဘာဦး စိတ်ဝိညာဉ်မှာ စတင်၍ ပျောက်ကွယ်လာသည်။

မိုဝူကျီက နှာခေါင်းရှံ့ကာ လျှပ်စီးချက်ကို ပစ်လွှတ်လိုက်သည်။ ကမ္ဘာဦး စိတ်ဝိညာဉ်ကို မိုဝူကျီရှေ့ ကွယ်ပျောက်ရဲသည်မှာ အိပ်မက်မက်နေခြင်းသာ ဖြစ်လိမ့်မည်။

“အား ” လင်လျန့်က ဝိညာဉ် လောင်ကျွမ်းမတတ် အော်ဟစ်လိုက်ရသည်။

“နေရာပြ” မိုဝူကျီက ထန်အန်းရွမ်ကို အေးစက်စွာ ကြည့်လိုက်သည်။ သူ့လေသံတွင် ကြင်နာမှု စိုးစဉ်းမျှ ရှိမနေတော့ပေ။

ထန်အန်းရွမ်က မိုဝူကျီ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို မည်သို့ မသိဘဲ နေမည်နည်း။ သူက မြန်မြန် ဦးညွှတ်ကာ ပြောလိုက်ရသည် “စီနီယာ ကျုပ်နောက်က လိုက်ခဲ့ပါ … ရွှေရောင်ဦးချို ခရမ်းနဂါးက အခြေအနေ ကောင်းပါတယ် … ကျုပ်တို့တွေ ဘာမှ မလုပ်ထားပါဘူး ”

“ရှေ့က လမ်းပြ ” မိုဝူကျီက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

အင်မော်တယ် လောကတွင် နေခဲ့ဖူးသည့် လူတစ်ယောက် အနေနှင့် မိုဝူကျီက ရွှေရောင်ဦးချို ခရမ်းနဂါးကို သိထားသည်။ အင်မော်တယ်လောက၌ ဤနဂါးမှာ မျိုးတုံးပျောက်ကွယ် နေလောက်လေပြီ။ ယခု ကျင့်ကြံခြင်း လောက၌ ရွှေရောင်ဦးချို ခရမ်းနဂါး တစ်ကောင် ပေါ်လာလေရာ သူက ပုံရိပ်ယောင်တောင်ကဲ့သို့ ထိုနဂါး၏ သွေးကို စုပ်ယူရန် မကြံထားပေ။ သို့သော်လည်း သူက ထိုနဂါး ဘယ်နေရာမှ ရောက်လာသည်ကိုတော့ မေးကြည့်ချင်မိသည်။

ဟိုင်ယီနယ်မြေ၏ နံပါတ်တစ်ဂိုဏ်း ဖြစ်သည့် ပုံရိပ်ယောင်တောင် အနေနှင့် ဩဇာအာဏာတချို့ ရှိပေသည်။

သူတို့ စိတ်ဝိညာဉ် အနှစ်သာရ ရေကန်နား ရောက်လာသည့်အခါ အားလုံးက သိပ်သည်းလာသော ဝိညာဉ်စွမ်းအားများကို ခံစားမိလိုက်ကြသည်။ မိုဝူကျီက သက်ပြင်းသာ ချလိုက်တော့သည်။ သူ ကျင့်ကြံခြင်း လောကတွင် ရှိနေစဉ် ထိုသို့မျိုး စိတ်ဝိညာဉ် အနှစ်သာရ ရေကန်သာ ရှိနေလျှင် သူ့အနေဖြင့် ကျင့်ကြံရေး အထောက်အပံ့များ ရှာဖို့ရာ နေရာအနှံ့သွားဖို့ လိုခဲ့မည် မဟုတ်ပေ။

စိတ်ဝိညာဉ်အနှစ်သာရ ရေကန်ထဲမှ ဝိညာဉ်စွမ်းအားများမှာ သိပ်သည်းလွန်းကာ မြူများပင် ဖြစ်ပေါ်နေသည်။ ရေကန်အလယ်၌ ခရမ်းနဂါးကြီးက အကြမ်းဖျင်း ငါးမီတာမျှ ရှည်လျားပြီး ခြေလက်များကို ချုပ်နှောင်ထားလေသည်။

ထိုခရမ်းနဂါး၏ ဦးချိုမှာ အမှန်ပင် ရွှေရောင် ဖြစ်၏။ အမြင်နှင့်တင် ထိုအရာမှာ ရွှေရောင်ဦးချို ခရမ်းနဂါး ဖြစ်ကြောင်း သေချာသွားလေသည်။

“အစ်ကိုကြီး ခရမ်းနဂါး ... ကျွန်တော် တောင်းပန်ပါတယ်။ အစ်ကိုကြီးက ကျွန်တော့်ကို ကယ်ခဲ့ပေမဲ့ ဒီကိစ္စထဲ အစ်ကိုကြီးကို ဆွဲသွင်းမိပြီး ပုံရိပ်ယောင်တောင်မှာ အဖမ်းခံလိုက်ရတယ် ” လို့ယန်က အပြစ်ရှိစိတ်ဖြင့် အော်ဟစ်ရင်း ငိုကြွေးကာ ပြောလိုက်သည်။

“သူတို့ ငါ့ကို မသတ်ရဲပါဘူး ... တစ်ရက်ကျ ဒီဂိုဏ်းတစ်ခုလုံး ငါ့မိဘတွေလာပြီး ဖျက်ဆီးပစ်လိမ့်မယ် … အာ ဒီငှက်က သာမန် မဟုတ်ဘူးပဲ” ရွှေရောင်ဦးချို ခရမ်းနဂါက ရွိုက်ကောလို ဖြစ်ပြီး စကားပြောနိုင်ရုံသာမက မာနလည်း ကြီးသေး၏။ သူက မိုဝူကျီ ပခုံးပေါ် နားနေသည့် ရွိုက်ကောကို သတိပြုမိပြီး တအံ့တဩ ရေရွတ်လိုက်သည်။

“ခင်ဗျားက ဒီငှက်ရဲ့ ဇာစ်မြစ်ကို သိတာလား ” မိုဝူကျီက စိတ်အားထက်သန်စွာ မေးလိုက်သည်။

ရွိုက်ကောမှာ သူ့အိမ်မွေးသားရဲ ဖြစ်သော်လည်း ယခုအချိန်အထိ ရွိုက်ကောအကြောင်း မသိသေးပေ။ အကယ်၍ ဤနဂါးသာ သိခဲ့လျှင် သူ့အနေဖြင့် သိချင်မိသည်။

“အစ်ကိုကြီးခရမ်းနဂါး … ဒီစီနီယာက အစ်ကိုကြီးကို ကယ်ဖို့ ရောက်လာတာပါ ” လို့ယန်က နဂါး၏ မာနကြီးမှုကို သိ၍ မိုဝူကျီအား စိတ်အနှောင့်အယှက် ပေးမိသည်ကို စိတ်ပူကာ စိုးရိမ်တကြီး ဝင်ပြောလိုက်သည်။

ခရမ်းနဂါးက ဘာမှမပြောခင် မိုဝူကျီက လက်ကို မြှောက်ကာ လှုပ်ရှားမှု တစ်ခု ပြုလုပ်လိုက်သည်။ ခြေလက်များကို ချုပ်နှောင်ထားသော အစီအရင်များမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး ခရမ်းနဂါးမှာ ရေကန်ဆီ ဘေးကင်းကင်း ဆင်းသက်လိုက်လေ၏။

“တာအိုရောင်းရင်းက တကယ် အားကောင်းတာပဲ ... ကျုပ်ကို ကယ်တဲ့အတွက် ကျေးဇူးတင်ပါတယ်” ခရမ်းနဂါး၏ ဆက်ဆံရေးမှာ မနိမ့်ကျပေ။ သူ့ကို လွှတ်ပေးလိုက်သည်နှင့် ပြုံးကာ မိုဝူကျီအား ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။

“ဒီနေရာက ထွက်သွားပြီးမှ ဆက်ပြောကြတာပေါ့” မိုဝူကျီက နတ်ဘုရားသားရဲ ကဲ့သို့သော ခရမ်းနဂါးမှာ သာမန်နှင့် အလှမ်းကွာကြောင်း သိထားသည်။ သူက ခရမ်းနဂါးကို မေးချင်သည့် အရာများစွာ ရှိသော်လည်း ဤနေရာ၌ အချိန်ဖြုန်းနေ၍ မဖြစ်ပေ။

“ခဏ” ရွှေရောင်ဦးချို ခရမ်းနဂါးက အော်ပြောလိုက်ပြီးနောက် လှည့်ကာ အားရပါးရ စုပ်ယူလိုက်တော့သည်။ သိပ်သည်းနေသော ဝိညာဉ်စွမ်းအားများမှာ ချက်ချင်းဆိုသသလို စုပ်ယူခြင်း ခံလိုက်ရတော့သည်။

ဤရေကန်အတွင်းမှ ဝိညာဉ်စွမ်းအားများမှာ သိသိသာသာ အားပျော့လာလေ၏။ သို့သော်လည်း နဂါးက ထွက်မသွားသေးဘဲ ဆက်လက် စုပ်ယူလိုက်သည်။

သနားစဖွယ် ထန်အန်းရွမ်နှင့် အခြားလူများက နဂါးမှာ စိတ်ဝိညာဉ် အနှစ်သာရ ရေကန်မှ တစ်ဝက်ခန့် စုပ်ယူသွားကြောင်း မြင်လိုက်ရသည်။ ထိုအခါမှ သူက ပါးစပ်ပိတ်လိုက်ပြီး ပြောလိုက်သည် “အခု သွားကြတာပေါ့”

ရွိုက်ကောက ရွှေရောင်ဦးချို ခရမ်းနဂါးအား အားကျတကြီး စိုက်ကြည့်နေသည်။ ကံမကောင်းစွာ သူက ထိုနဂါးလောက် စွမ်းဆောင်နိုင်ခြင်း မရှိပေ။

အကယ်၍ စွမ်းဆောင်နိုင်ပါက ဤသခင်ကြီး ရှိနေရက်နှင့် ဤသို့ နဂါးပေါက်စက ဝိညာဉ်စွမ်းအားများကို ဘယ်လိုများ စုပ်ယူခွင့် ရလာနိုင်မှာလဲ ...

မိုဝူကျီက လက်ကိုမြှောက်ကာ ဆွဲဆုတ်လိုက်သည်။ ပုံရိပ်ယောင်တောင် ဂိုဏ်း၏ ကာကွယ်ရေး အစီအရင်မှာ စက္ကူပါးလွှာလေး ကဲ့သို့ ဖြစ်၍ မိုဝူကျီက အလွယ်တကူ ဆုတ်ဖြဲပစ်လိုက်သည်။ ထို့နောက် မိုဝူကျီက လက်တစ်ချက် အဝှေ့ဖြင့် လို့မိသားစုနှင့် နဂါးကို ခေါ်ကာ အစအနမရှိ ပျောက်ကွယ်သွားတော့သည်။

မိုဝူကျီ ထွက်သွားသည်ကို မြင်၍ ထန်အန်းရွမ်က မြန်မြန် ပြောလိုက်သည် “ငါတို့ ပုံရိပ်ယောင်တောင်ကို လာဖျက်ဆီးသွားတယ် ဆိုတဲ့ အကြောင်းကို အင်မော်တယ်လောကဆီ အကြောင်းကြားလိုက် ”

“ဒါပေမဲ့ စီနီယာဦးလေး လင်လျန့် မရှိတော့ဘူးဆိုတော့ ကျုပ်တို့တွေက အင်မော်တယ် လောကကို ဆက်သွယ်ဖို့ စွမ်းရည် မရှိဘူး” ရှင်းဖုန်းက မသက်မသာ ပြောလိုက်သည်။

“ငါတို့တွေ သွေးအစီအရင်ကို အသက်သွင်းရမယ် ဆိုရင်တောင် ဒီကိစ္စကို အင်မော်တယ် လောကဆီ လှမ်းအကြောင်းကြားရမယ်။ မဟုတ်ရင် ငါတို့ ပုံရိပ်ယောင်တောင်က အမြစ်ဖြတ် သုတ်သင်ခံရတာနဲ့ မဝေးတော့ဘူး ... အဲဒီလူက ဘယ်သူဖြစ်ဖြစ် ငါတို့ ပုံရိပ်ယောင်တောင်ကို ရန်စရဲမှတော့ သေချာပေါက် လွှတ်ပေးလို့ မရဘူး ” ထန်အန်းရွမ်က အံ့ကို ကြိတ်ကာ ပြောလိုက်သည်။ မိုဝူကျီ အနားရှိနေလျှင် သူက သေချာပေါက် ချီးကျူးမိလိမ့်မည်။

ဒီလူရဲ့ အမူအရာက စက္ကန့်ပိုင်းလေးအတွင်း ပြောင်းလဲနိုင်တာပဲ …

***

ဆယ်သက်ရှိုက်စာ ကြာချိန်၌ မိုဝူကျီက တောင်ကြီးတစ်လုံး ထိပ်၌ ရပ်လိုက်ပြီး လို့မိသားစုကိုလည်း ဘေးမှာ ချပေးလိုက်သည်။ ရွှေရောင်ဦးချို ခရမ်းနဂါး ဆင်းသက်လာသည်နှင့် သူက တအံ့တဩ မေးလိုက်သည် “တာအိုရောင်းရင်းက ကျင့်ကြံခြင်းလောက က မဟုတ်ဘဲ အင်မော်တယ်လောက က ရောက်လာတာ မလား ”

ထိုအရာက အတော်လေး အသိဉာဏ် များပေ၏။ မိုဝူကျီက ခေါင်းညိတ်ကာ “ဟုတ်တယ် ... ကျုပ်လည်း ခင်ဗျားကို မေးချင်တာလေး ရှိတယ်”

လို့ဖူချီနှင့် သူ့ဇနီးဖြစ်သူတို့က အခွင့်အရေးကို ယူလိုက်သည်။ သူတို့က မိုဝူကျီအနေဖြင့် နဂါးလေးနှင့် ပြောစရာ ရှိနေမှန်း သိလိုက်ကြဿ သူတို့က မြန်မြန် ကျေးဇူးတင်ကာ နှုတ်ဆက်စကားဆိုလိုက်ကြသည်။

မိုဝူကျီက သင်္ဘောပျံတစ်စင်း ထုတ်ပေးကာ လို့ဖူချီအား ပေးလိုက်ရင်း “ဒါက အဆင့်၂ အင်မော်တယ် သင်္ဘောပျံပဲ … ခင်ဗျားကို ပေးမယ် ”

“အာ …” ချွီလင်းက တအံ့တဩ ရေရွတ်လိုက်သည်။ ပုံရိပ်ယောင်တောင်၌ အင်မော်တယ် ပစ္စည်းများမှာ ဂိုဏ်းရတနာများ ဖြစ်ကြသည်။ အဓိက အကြောင်းအရင်းမှာ အင်မော်တယ်လောကမှ အင်မော်တယ် ပစ္စည်းများကို ကျင့်ကြံခြင်းလောကဆီ ယူဆောင်လာဖို့ အင်မတန် ခက်ခဲပေသည်။

လို့ဖူချီက အဆင့် ၂ အင်မော်တယ် ပစ္စည်းဖြစ်ကြောင်း ကြားလိုက်သည့်အချိန် ဝမ်းသာမိသွားသော်လည်း သူက မြန်မြန် ငြင်းဆန်လိုက်ပေသည် “စီနီယာ ဒါက အရမ်းများလွန်း နေပါပြီ။ ကျုပ် လက်မခံရဲပါဘူး ... စီနီယာရဲ့ ကျေးဇူးကြွေးကိုတောင် ပြန်မဆပ်ရသေးတာ ဘယ်လိုလုပ် စီနီယာရဲ့ ရတနာကို လက်ခံရမှာလဲ”

မိုဝူကျီက ပြုံးကာ လက်ကို ဝှေ့လိုက်ရင်း “ဒီပစ္စည်းက ကျုပ်အတွက် အဖိုးမတန်ပါဘူး။ သိမ်းထားလိုက်ပါ ... ပုံရိပ်ယောင်တောင်က လူတွေက အကြံဆိုးတွေရှိရင် အနည်းဆုံးတော့ ထွက်ပြေးလို့ ရတာပေါ့ ”

အကယ်၍ သူက တစ်ယောက်ယောက်ကို ကူညီမည်ဆိုလျှင် အဆုံးအစွန်အထိ ကူညီမည် ဖြစ်၏။ ဤအဆင့် ၂ အင်မော်တယ် ပစ္စည်းမှာ မိုဝူကျီအတွက် ဘာမှ မဟုတ်ပေ။ သူ့ယာဉ်ပျံမှာ အဆင့် ၇ မဟုတ်ပါလော။

သူက မိုဝူကျီ နည်းလမ်းများကို ပြန်အမှတ်ရရင်း လို့ဖူချီက မိုဝူကျီသည် အမှန်အတိုင်း ပြောနေခြင်း ဖြစ်ကြောင်း နားလည်သွားပေသည်။ သူ့မိသားစုမှာ မိုဝူကျီကို ပြန်ပေးစရာ ဘာဆိုဘာမှ မရှိကြောင်း သိပေသည်။ ကျေးဇူးတင်ပြီးနောက် ချွီလင်းနှင့် လို့ယန်ကို ခေါ်ကာ ထွက်သွားလိုက်တော့သည်။

“ကျုပ်နာမည်က မိုဝူကျီပါ” လို့မိသားစုတို့ ထွက်သွားပြီးနောက် မိုဝူကျီက မြန်မြန် လက်နှစ်ဖက် ဆုပ်ကာ ပြောလိုက်သည်။

ဤရွှေရောင်ဦးချို ခရမ်းနဂါး၏ အင်အားမှာ သူ့နှင့် အလှမ်းကွာသော်လည်း ထိုအရာက ကောင်းကင်ဘုံ သွေဖည်နေသည့် တည်ရှိမှုမျိုး ဖြစ်ပေသည်။ မိုဝူကျီက ထိုတည်ရှိမှုမျိုးကို စိတ်မပျော်မရွှင် မဖြစ်လို၍ ယဉ်ကျေးနေရခြင်း ဖြစ်၏။

“ကျုပ်က ယန်လီပါ ... ကျုပ်ကို ကယ်ပေးတဲ့အတွက် နောက်ထပ် ကျေးဇူးတင်ပါတယ် ” နဂါးက ပျူပျူငှာငှာ ပြန်ဖြေလိုက်သည်။ သူ့စကားအဆုံးတွင် သူ့ခန္ဓာကိုယ်ကို ကျောက်တုံးကြီးပေါ် ထားထားရင်း မိုဝူကျီ၏ စကားကို စောင့်မျှော်နေလေ၏။

“နဂါးတွေရဲ့ မျိုးရိုးနာမည်က အောင်း မဟုတ်ဘူးလား ” မိုဝူကျီက မရေမရာ မေးလိုက်သည်။

ယန်လီက ပြန်ပြောလိုက်သည် “ကျုပ်တို့ ရွှေရောင်ဦးချို ခရမ်းနဂါး မျိုးရိုးက အမြဲတမ်း ယန် ပဲ … အောင်းက ဘာလုပ်ရမှာလဲ”

မိုဝူကျီက ပြန်လည်မချေပ၍ မဟုတ်ဘဲ လုပ်ဖို့ရာ စိတ်မပါ၍ ဖြစ်သည်။ သူက တဲ့တိုးသာ မေးလိုက်သည်

“ရွှေရောင်ဦးချို ခရမ်းနဂါးက ကျင့်ကြံခြင်းလောကမှာ မရှိတာတော့ သိတယ်။ အင်မော်တယ် လောကမှာတောင် အတော်လေး ရှားတဲ့ တည်ရှိမှုမျိုးပဲ ... ဘယ်လိုလုပ် ဟိုင်ယီနယ်မြေဆီ ရောက်နေတာလဲ ”

ယန်လီ၏ ဉာဏ်ရည်က မနိမ့်ကျပေ။ သူက မိုဝူကျီ မေးခွန်းကို မဖြေဘဲ မိုဝူကျီကို ပြန်မေးလိုက်သည်

“တာအိုရောင်းရင်းမို … တကယ်လို့ ကျုပ်သာ မမှားရင် တာအိုရောင်းရင်းလည်း အင်မော်တယ်လောက က ဖြစ်လိမ့်မယ်။ ပြီးတော့ အဲကို ဘယ်လို ပြန်သွားရမလဲဆိုပြီး မေးချင်တာမလား ”

မိုဝူကျီက လက်နှစ်ဖက် ဆုပ်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်

“အတိအကျပါပဲ။ ကျုပ် မတော်တဆ အင်မော်တယ်လောက က ထွက်လာမိပြီးတော့ ပြန်လမ်းကို မသိတော့လို့ပါ။ တာအိုရောင်းရင်းယန် အနေနဲ့ အင်မော်တယ် လောကဆီ ပြန်လမ်းကို သိလား ”

ယန်လီက ခဏတာ တိတ်ဆိတ်သွားပြီးနောက် မိုဝူကျီအား ခြုံငုံကြည့်ကာ

“တာအိုရောင်းရင်းမိုက ကျုပ်ရဲ့ သွေးကို မသောက်ချင်ဘူးလား ... ကျုပ်ရဲ့ သွေးကို နည်းနည်းတောင် မမေးပါ့လား ”

မိုဝူကျီက အားရပါးရ ရယ်မောကာ

“ကျုပ်ကို ပုံရိပ်ယောင်တောင် လိုမျိုး ထင်နေတာလား။ ခင်ဗျားကို ကယ်ဖို့ ကျုပ်အတွက် ဘာမှ ပြဿနာ မများဘူးလေ။ ခင်ဗျားက နတ်ဘုရားသားရဲ ဆိုတာကို မပြောနဲ့ဦး ကမ္ဘာဦး နတ်ဘုရားသားရဲ ဆိုရင်တောင် ခင်ဗျားရဲ့ သွေးကို သောက်မှာ မဟုတ်ဘူး ”

“တာအိုရောင်းရင်းမိုရဲ့ စကားက အမှန်ပဲလား” ယန်လီက ကျောက်တုံးကြီးကို ရစ်ပတ်ရင်း စိတ်မချစွာ မေးလိုက်သည်။

မိုဝူကျီက လေးလေးနက်နက် ပြန်ဖြေလိုက်သည် “အမှန်ပါပဲ ... ကျုပ် မိုဝူကျီက မလိမ်ပါဘူး”

“ကောင်းပြီ … အစ်ကိုမို အခု ခင်ဗျားက ကျုပ် မိတ်ဆွေပဲ ... တကယ်တော့ ကျုပ် အင်မော်တယ် လောကဆီ ဘယ်လိုသွားရမလဲ ဆိုတာ နည်းလမ်း တစ်ခုအပြင် သိထားတယ် …” ယန်လီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သူ့အသက်သွေးကို မလိုချင်သည့်သူ ရှိနေလိမ့်မည်ဟု မထင်ထားပေ။

“ကျုပ်ကို မြန်မြန် ပြောပြပါဦး” မိုဝူကျီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူက ကျင့်ကြံခြင်းလောကထဲ ခြေဦးတည့်ရာ သွားလာနေရသည့် နေ့ရက်များ အဆုံးသတ်တော့မည်ဟု ခံစားမိလာသည်။

***

All Chapters