ခြင်တစ်ကောင်
Vol. 43 Ch. 594
“ပထမနည်းလမ်းက တော်တော်လေး ရိုးရှင်းတယ်။ အင်မော်တယ် လောကကို တက်လှမ်းမဲ့ ကျင့်ကြံသူတွေ နောက်ကနေ လိုက်သွားဖို့ပဲ ... ဟိုင်ယီနယ်မြေရဲ့ မိုးမြေ ဥပဒေသတွေက ပြီးပြည့်စုံတယ် ဆိုတော့ နှစ်စဉ်တိုင်း လူတစ်ယောက်တော့ အင်မော်တယ်လောကဆီ ရောက်ကြတယ်။ သူတို့ တက်လှမ်းသွားတာနဲ့ ဟိုင်ယီနယ်မြေနဲ့ အင်မော်တယ် လောကကြား ပြီးပြည့်စုံတဲ့ တက်လမ်းကြောင်း ပေါ်လာလိမ့်မယ်။
ခင်ဗျားရဲ့ စွမ်းရည်နဲ့ဆိုရင် အဲဒီကျင့်ကြံသူနဲ့ အတူတူ လိုက်သွားဖို့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒီနည်းလမ်းက အန္တရာယ်ရှိတယ်” ယန်လီက အင်မော်တယ်လောကသို့ တက်လှမ်းရမည့် နည်းလမ်းများကို အသေအချာ လေ့လာထားဟန် ရှိရာ သူ့စကားများ၌ ယုံကြည်ချက် အပြည့်ရှိနေသည်။
မိုဝူကျီက တက်လှမ်းရန် လမ်းကြောင်းကို တွေးမိထား၏။ ယခု ယန်လီက ပြောလိုက်သောအခါ သူက မြန်မြန် ပြန်မေးလိုက်သည် “ဘယ်လို အန္တရာယ်မျိုးလဲ”
သူက အင်မော်တယ်လောကသို့ ရောက်ဖူးပေသည်။
ထိုအရာမှာ သူ့ကိုယ်ပိုင်နယ်မြေနှင့် ကွာခြားမည် ဖြစ်သော်လည်း အင်မော်တယ်တစ်ပိုင်း နယ်ပယ်တုန်းကလည်း အန္တရာယ် မရှိခဲ့ပေဘူးလား …
ယန်လီက ရှင်းပြလိုက်သည်
“တက်လမ်းကြောင်း တက်လှမ်းရေကန်ဆီ ဦးတည်နေတာ ဆိုတော့ အသေအချာ စောင့်ကြပ်ထားတာ။ တက်သွားတဲ့အခါ ပုံရိပ်ယောင်တောင်က လူလွှတ်ပြီး မဖြေရှင်းရင်တောင် အင်မော်တယ်လောက က တခြား ကျင့်ကြံသူတွေကို အဲဒီရေကန် သုံးခွင့် ပေးမှာ မဟုတ်ဘူ။ အင်မော်တယ်လောကမှာ နောက်ခံကောင်းကောင်း ရှိတယ်ဆိုရင်တော့ ဘယ်သူမှ မထိရဲဘူးပေါ့ ”
မိုဝူကျီက တွေးမိလိုက်သည်။ သူက အင်မော်တယ်လောက၌ နောက်ခံကောင်းကောင်း ရှိပေသည်။ သူက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ဂုဏ်ထူးဆောင် အကြီးအကဲ မဟုတ်ပါလော။ သူက ရေကန်ကို အသုံးပြုလျှင်ပင် မည်သူမှ မတားဆီးရဲလောက်ပေ။ ပုံရိပ်ယောင်တောင်ပင် သူ့အဆင့်အတန်းကို သိသားလျှင် သူ့အား ထိရဲမည် မဟုတ်တော့ပေ။
အကယ်၍ မိုဝူကျီအနေဖြင့် နတ်ဘုရား အင်မော်တယ်နယ်မြေ၏ မဟာဧကရာဇ် လွန်ချိုက်က သူ့အား အရိုးထိအောင် မုန်းတီးနေပြီး ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့က သူ့အား ပစ်ပယ်လိုက်ပြီမှန်း သိလျှင် ထိုအတွေးမျိုး တွေးမိမည် မဟုတ်ချေ။
“အဲဆို နောက်ထပ် နည်းလမ်းကရော” မိုဝူကျီက တက်လမ်းကြောင်းမှ အင်မော်တယ်လောကသို့ သွားရန် ဆုံးဖြတ်ပြီးပြီ ဖြစ်သော်လည်း နောက်ထပ် နည်းလမ်းတစ်ခုကို သိခြင်းက ဆိုးကျိုးမရှိပေ။
ယန်လီက ပြောလိုက်သည် “ဒုတိယနည်းလမ်းက နဂါးမျိုးနွယ်စုရဲ့ လျှို့ဝှက် နဂါးရေကန်ကနေ တစ်ဆင့် အင်မော်တယ်လောကဆီ ဝင်ဖို့ပဲ ... ”
“လျှို့ဝှက်နဂါးရေကန်လား” မိုဝူကျီက နားမလည်စွာ မေးလိုက်သည်။
ယန်လီက ဆက်ပြောလိုက်သည်
“ခင်ဗျားအနေနဲ့ အဲဒီလျှို့ဝှက်နဂါး ရေကန်အကြောင်း မသိတာ ဖြစ်သင့်ပါတယ်။ နဂါးမျိုးနွယ်ရဲ့ မျိုးဆက်တွေတောင် ကျင့်ကြံခြင်းလောကနဲ့ လျှို့ဝှက်နဂါး ရေကန်နဲ့ လမ်းကြောင်းရှိတာကို သိကြတာ မဟုတ်ဘူး။ တကယ်တမ်းကျ နဂါးမျိုးနွယ်ထဲ ထူးချွန်တဲ့ တပည့်တွေ ပေါ်လာတဲ့အခါ သူတို့ကို လျှို့ဝှက်နဂါးရေကန်ထဲ စေလွှတ်ပြီး ကျင့်ကြံခိုင်းကြတယ်။ အဲဒီနေရာက နဂါးမျိုးနွယ် ပါရမီရှင်တွေ အတွက် တော်ဝင်မြေ တစ်ခုပေါ့ ”
မိုဝူကျီက မှင်တက်မိရင်း ပြောလိုက်သည် “တကယ်လို့ ကျုပ် အဲဒီနည်းလမ်း သုံးရင် ပထမနည်းလမ်းထက် ပိုအန္တရာယ် များမနေဘူးလား ”
“အဲလိုတော့ မဟုတ်ဘူး” ယန်လီက အသေအချာ ပြောလိုက်သည်
“တက်လမ်းကြောင်းကို အသုံးပြုရင် သေချာပေါက် အန္တရာယ်ရှိလိမ့်မယ်။ ဒါပေမဲ့ လျှို့ဝှက် နဂါးရေကန်ကနေ ဝင်မယ်ဆိုရင်တော့ ခင်ဗျားကို ဘယ်သူမှ မတွေ့တာ ဖြစ်နိုင်တယ်။ လျှို့ဝှက် နဂါးရေကန်က နဂါးမျိုးနွယ်ရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ဆိုတော့ အဲဒီမှာ စောင့်ကြပ်နေတဲ့ လူတွေ ရှိမှာ မဟုတ်ဘူး။ ပြီးတော့ နဂါးမျိုးနွယ်ရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ဆိုတော့ ဘယ်သူမဆို ဝင်လာလို့ မရဘူးလေ
ဟိုးအရင်တုန်းက ကျုပ်အမေက လျှို့ဝှက် နဂါးရေကန်ထဲ ကျင့်ကြံနေတုန်း ကျင့်ကြံခြင်းလောကနဲ့ ချိတ်ဆက်ထားတဲ့ လမ်းကြောင်းကို မတော်တဆ ရှာတွေ့သွားတာ … နောက်ပိုင်းကျ ကျုပ်အမေ ကိုယ်ဝန်ရှိလာတော့ နဂါးဘုရင်က သူမကို ပြဿနာရှာပြီး ကျုပ်ကိုပါ သတ်ပစ်မှာ စိုးလို့ ဒီရေကန်ထဲမှာ မွေးဖွားပြီးတော့ ကျုပ်ကို ကျင့်ကြံခြင်း လောကဆီ ပို့ပေးခဲ့တာ ”
“အဲဆို လျှို့ဝှက် နဂါးရေကန်ကို ခင်ဗျားနဲ့ ခင်ဗျားအမေပဲ သိတာလား ” မိုဝူကျီက တအံ့တဩ မေးလိုက်သည်။
ယန်လီက မသေမချာ ပြန်ဖြေလိုက်သည်
“အဲဒါတော့ မသေချာဘူး။ လျှို့ဝှက် နဂါးရေကန်ထဲ ဝင်ဖူးတဲ့ ပါရမီရှင်တွေ အများကြီး ရှိခဲ့တယ်။ တကယ်လို့ ကျုပ်အမေသာ ရှာတွေ့တယ်ဆိုရင် တခြားသူတွေလည်း တွေ့နိုင်ခြေ ရှိတာပဲ “
မိုဝူကျီက ယန်လီအနေဖြင့် အဘယ်ကြောင့် အောင်းမျိုးရိုးကို မယူထားလဲဆိုသည့် အကြောင်းအရင်းကို နားလည်သွားပေသည်။ ယန်လီက လူတစ်ယောက်၏ သားဖြစ်ပြီး ယန်လီ ဖခင်မှာ နဂါးမျိုးနွယ်နှင့် ဘာမှ ပတ်သက်မှု မရှိသူသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ယန်လီက နဂါးမျိုးနွယ်စု အတွက် ခံစားချက်မရှိဘဲ လျှို့ဝှက်နဂါးရေကန် အကြောင်းကိုပါ ထုတ်ဖော်ပြောခြင်း ဖြစ်လိမ့်မည်။
မိုဝူကျီက ယန်လီအား မိသားစု အကြောင်းအရာများကို မမေးပေ။ ယန်လီအား လျှို့ဝှက် နဂါးရေကန် သွားမည့် လမ်းကြောင်းကို မေးမည့်ဆဲဆဲတွင် ယန်လီက သူ့အား မြေပုံတစ်ခု ထုတ်ပေးလာပြီး
“ဒါက ဟိုင်ယီနယ်မြေရဲ့ လျှို့ဝှက် နဂါးရေကန်ရဲ့ တည်နေရာပဲ။ သမုဒ္ဒရာကြောင့် ဟိုင်ယီနယ်မြေထဲမှာ ရှိနေတာ ... ဒီမြေပုံအတိုင်း လိုက်သွားရင် အစ်ကိုမို ရှာတွေ့ပါလိမ့်မယ်”
မိုဝူကျီက မြေပုံကို လက်ခံပြီးနောက် ယန်လီက နဂါးကြေးခွံတစ်ခု ယူကာ မိုဝူကျီဆီ ပေးလိုက်၏
“အစ်ကိုမိုက ကျုပ်အသက်ကို ကယ်ပေးခဲ့တယ်။ ပြီးတော့ စရိုက်ကလည်း ကျုပ်လေးစားမှုနဲ့ ထိုက်တန်တယ် ဆိုတော့ ဒီနဂါးကြေးခွံကို ပေးလိုက်မယ် ... နောင်ကျ အင်မော်တယ် လောကမှ ပြန်ဆုံကြတာပေါ့ ”
“အင်မော်တယ် လောကမှာ ကျင့်ကြံတာက ဒီထက် ပိုကောင်းတာကို ဘာလို့ ကျင့်ကြံခြင်း လောကမှာပဲ ဆက်နေနေတာလဲ” မိုဝူကျီက နဂါးကြေးခွံကို လက်ခံပြီးနောက် ကျေးဇူးတင်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။
ယန်လီက ကူကယ်ရာမဲ့စွာ ပြောလိုက်၏
“တကယ်လို့ ကျုပ် အရွယ်မရောက်ခင် အင်မော်တယ် လောကဆီ သွားမယ်ဆိုရင် တစ်ယောက်ယောက်ရဲ့ နေ့လယ်စာ ဖြစ်သွားမှာပေါ့။ ပြီးတော့ ကျင့်ကြံခြင်း လောကမှာ ကျင့်ကြံတာက ပိုပြီး နေသားကျလာပြီးတော့ မိုးမြေရဲ့ စည်းမျည်း ဥပဒေသကိုလည်း ပိုပြီး နားလည်လာတယ် ”
မိုဝူကျီက နှစ်သန်းတစ်ထောင် သက်တမ်းရှိ သစ်သား အဆီအနှစ် တစ်ပုလင်းကို ထုတ်ကာ ယန်လီဆီ ပေးလိုက်ပြီး “ဒါက ကျုပ် ရလာတဲ့ ပစ္စည်းကောင်းလေးပါ။ မင်းကို ပေးမယ်”
“နှစ်သန်းတစ်ထောင် သက်တမ်းရှိ သစ်သား အဆီအနှစ်လား” ယန်လီက ပုလင်းကို ဖွင့်ကြည့်လိုက်သည်နှင့် သူက တအံ့တဩ ရေရွတ်လိုက်သည်။ ထိုအရာမှာ အလွန်အဖိုးတန် လွန်းပေသည်။ သူ့အတွက် နှစ်သန်းတစ်ထောင် သက်တမ်းရှိ သစ်သား အဆီအနှစ်မှာ ဝယ်ချင်လျှင်ပင် ဝယ်မရနိုင်သည့် ရတနာမျိုး ဖြစ်၏။
သူက ပုလင်းလေးကို အသေအချာ သိမ်းဆည်းထားပြီးနောက် ကျေးဇူးတင်စွာ ပြောလိုက်သည်
“အစ်ကိုကြီးက ကျုပ်ကို အကြီးကြီး ကူညီပေးလိုက်တာပဲ။ ဒီသစ်သား အဆီအနှစ်က ကျုပ်အတွက် အရမ်း အသုံးဝင်တယ်”
မိုဝူကျီက ယန်လီ၏ တဲ့တိုးဆန်မှုကို ရယ်မောလိုက်ပြီး ပြုံးကာ ပြောလိုက်သည်
“မင်းက နဂါးကြေးခွံကို ပေးပြီးတော့ လျှို့ဝှက်နဂါးရေကန် အကြောင်းတောင် ပြောပြတယ်လေ။ ဒီသစ်သား အဆီအနှစ်က ဘာမှ မဟုတ်ပါဘူး။ ကောင်းကောင်း ကျင့်ကြံပြီးတော့ အင်မော်တယ် လောကဆီကို သွား ... ကျုပ်မှာ လုပ်စရာလေးတွေ ရှိနေသေးလို့ ဒီမှာ ကြာကြာနေနိုင်မှာ မဟုတ်ဘူး ”
မိုဝူကျီက အင်မော်တယ်လောကဆီ ပြန်ရန် ကတိုက်ကရိုက် ဖြစ်နေသည်။ သူက ချိန်စုယင်၏ အခြေအနေကို မသိသလို သူမက အောင်အောင်မြင်မြင် အသက်ပြန်ရှင်လာလား ဆိုသည့် အကြောင်းကိုလည်း မသိလိုက်ရပေ။
ယန်လီက ပုလဲစိမ်းတစ်ခုကို အန်ထုတ်ကာ မိုဝူကျီဆီ ပေးလိုက်ပြီး
“အစ်ကိုကြီး … ဒါက ကျုပ်အမေ ပေးခဲ့တာပါ။ တကယ်လို့ ကျုပ်အမေကို မြင်ခဲ့ရင် ဒီဟာလေး ပြန်ပေးပြီးတော့ ကျုပ် ကောင်းကောင်း အဆင်ပြေနေပါတယ် မစိုးရိမ်ပါနဲ့လို့ ပြောပေးပါ”
“မင်း အမေကို တွေ့ရင် သေချာပေါက် ပြောလိုက်ပါ့မယ် ” မိုဝူကျီက ယန်လီ၏ တောင်းဆိုမှုကို မငြင်းပယ်ဘဲ ပုလဲကို သိမ်းထားလိုက်သည်။
ယန်လီ၏ မိခင်မှာ ယန်လီနှင့် အငွေ့အသက်တူ ရှိပေလိမ့်မည်။ သူမကို မြင်သည်နှင့် မှတ်မိနိုင်လောက်၏။
“အဲဆို အစ်ကိုကြီးကို လိုက်ပို့ပေးပါ့မယ် ” ယန်လီက မိုဝူကျီအား သူ့အကောင်းဆုံး မိတ်ဆွေအဖြစ် သတ်မှတ်ပြီးလေပြီ။ နဂါးမျိုးနွယ်၏ မိတ်ဆွေဖွဲ့ခြင်းမှာ ခြားနားလှပေသည်။ သူတို့က အသိမှတ် ပြုသည်နှင့် တကယ့် အစစ်အမှန် မိတ်ဆွေလိုမျိုး ဆက်ဆံပေလိမ့်မည်။ မဟုတ်လျှင် သူတို့က လုံးဝ စိတ်ထဲ မထားပေ။
မိုဝူကျီက ရယ်မောကာ
“ယန်လီ … မင်း ကျင့်ကြံဖို့ နေရာကောင်းကောင်း ရှာသင့်တယ်။ ဒီနေရာမှာ အဆင့်မြင့် ကျင့်ကြံသူတွေ အများကြီးရှိတာ ဆိုတော့ နောက်တစ်ခါ ဖမ်းမိသွားရင် လွတ်ဖို့ လွယ်မှာ မဟုတ်ဘူး။ ဒါနဲ့ မေးဖို့ မေ့နေတာ ... ရွိုက်ကောရဲ့ ဇာစ်မြစ်ကို သိထားလား … သူက ခြေသုံးချောင်း ရွှေကျီးလား ”
မိုဝူကျီက ရွိုက်ကောသည် ခြေသုံးချောင်း ရွှေကျီး ဖြစ်လိမ့်မည်ဟု အမြဲသံသယ တင်မိခဲ့သည်။ ရွိုက်ကောတွင် မီးသဘာဝ ရှိနေပြီး ကျီးတစ်ကောင်နှင့် တူကာ ခြေသုံးချောင်းလည်း ရှိနေသည် မဟုတ်ပါလော။ ခြေသုံးချောင်း ရွှေကျီးနှင့် တစ်ခုတည်းသော ကွာခြားချက်မှာ ဦးခေါင်းပေါ်၌ ဦးချိုသုံးခု ပါနေခြင်း ဖြစ်၏။
ရွိုက်ကောက မိုဝူကျီ သူ့ဇာစ်မြစ်အကြောင်း မေးသည်ကို ကြားလိုက်သောအခါ နားစိုက်ထောင်ပြီး ယန်လီအား ကြည့်လိုက်သည်။ သူ့မှတ်ဉာဏ်ထဲတွင် ရွှေရောင်ဦးချို ခရမ်းနဂါးအကြောင်း ရှိနေသော်လည်း သူ့ကိုယ်ပိုင် ဇာစ်မြစ်ကိုတော့ မသိပေ။ အနည်းဆုံး သူ့အမွေအနှစ်များက အပြည့်အဝ ပေါ်မလာသေးပေ။
ယန်လီက ရွိုက်ကောအား သုံးသပ်လိုက်ပြီး
“အစ်ကိုကြီး ဒီငှက်က သန္ဓေပြောင်း ခြေသုံးချောင်း ရွှေကျီးနဲ့ တူတယ်ဆိုပေမဲ့ တကယ်တမ်းကျ ခြေသုံးချောင်း ရွှေကျီး မဟုတ်ဘူး။ ပြောရရင်တော့ ကြမ်းကြုတ်တဲ့ ရှေးဟောင်းပိုးကောင် တစ်မျိုးပဲ ... ”
“ဟေး ... ခရမ်းနဂါးပေါက်စ ပါးစပ်ထဲ ရှိတာ လျှောက်ပြော မနေစမ်းနဲ့ ... ငါလေးက အရမ်းချစ်ဖို့ ကောင်းတာ ဘယ်လိုလုပ် ကြမ်းကြုတ်ရမှာတုန်း။ ငါ့သခင်ကို လိမ်ဖို့ ကြိုးစား မနေစမ်းနဲ့” ရွိုက်ကောက ယန်လီ စကားကို ကြားသောအခါ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ကြမ်းကြုတ်တဲ့ ရှေးဟောင်း ပိုးကောင်တဲ့လား ” မိုဝူကျီက ထိုအရာမှာ အတော်ရယ်ဖို့ ကောင်းကြောင်း တွေးမိလိုက်သည်။ ရွိုက်ကောမှာ အလွန်ရုပ်ဆိုးသော်လည်း သေချာပေါက် ငှက်တစ်ကောင်တော့ ဖြစ်နေသေး၏။
ဘယ်လိုလုပ် ရှေးဟောင်းပိုးကောင် ဖြစ်နိုင်မှာလဲ ...
ယန်လီက ရွိုက်ကောစကားကို အလေးမထားဘဲ ဆက်ပြောလိုက်သည် “တကယ်တမ်း သွေးဆာ ခြင်နက် တစ်ကောင်ပဲ ”
“ဘာကြီး” မိုဝူကျီက တုန်လှုပ်တကြီး ဖြစ်မိသွားသည်။ ထိုအဖြေက သူ့အား မယုံကြည်နိုင်ဖွယ် ဖြစ်သွားစေ၏။
သွေးဆာခြင်နက်က ဘာကြီးလဲ ...
သူက ထိုအရာကို သေချာသိထား၏။ သူ မကျင့်ကြံခင် ကတည်းမှ စတင် သိရှိခဲ့သည်။
ထိုအချိန် သူက ကမ္ဘာမြေပေါ်တွင် ပညာရှင်တစ်ဦး ဖြစ်ပေသည်။ တရုတ် ဒဏ္ဍာရီထဲ၌ သွေးဆာခြင်နက်မှာ အကြမ်းတမ်းဆုံး ပိုးကောင်ထဲမှ တစ်မျိုး ဖြစ်ပြီး လိပ်စိတ်ဝိညာဉ် ကိုတောင် အခွံသာ ကျန်သည့်အထိ စုပ်ယူနိုင်ကြသည်။ ထို့အပြင် အဆင့် ၁၂ မွန်မြတ် ရွှေကြာကိုပင် သုံးဆင့်အထိ စုပ်ယူပစ်နိုင်ပြီး အဆင့် ၉ အထိ ကျသွားစေနိုင်သည်။ တောင်ပံခြောက်ခု ကောင်းကင်ပိုးကောင်၊ မျက်လုံးရာချီ ကင်းခြေများ၊ အမြီးကိုးခု ကင်းမြီးကောက်၊ ခေါင်းကိုးလုံး တီကောင်နှင့် သွေးဆာခြင်နက်တို့မှာ အကြမ်းတမ်းဆုံး ပိုးကောင်ငါးမျိုး ဖြစ်ကြသည်။
ဒါပေမဲ့ အဲဒါက ဒဏ္ဍာရီလေ …
မဟုတ်သေးပါဘူး ...
မိုဝူကျီက အဆင့် ၁၂ ကံကြမ္မာ ကြာနီကို အမှတ်ရလိုက်မိသည်။ ထိုအဆင့် ၁၂ ကံကြမ္မာ ကြာနီကို မြင်တွေ့ဖူးသောကြောင့် သွေးဆာခြင်နက်မှာလည်း မယုံကြည် နိုင်လောက်ဖွယ်တော့ မဟုတ်ပေ။
ကံကြမ္မာ ကြာနီမှာ ဒဏ္ဍာရီလာ အဝါရောင် စမ်းချောင်းမှ ပစ္စည်းတစ်မျိုး ဖြစ်သော်လည်း ကျိုးပျက်ကမ္ဘာ တတိယအလွှာ၌ ပေါ်လာသည် မဟုတ်ပါလော။
ရွိုက်ကောလည်း အဲဒီ ထူးကဲတဲ့ ခြင်များ ဖြစ်နေမလား ...
အမှန် ဖြစ်ဟန် ပေါ်ပေသည်။ သူ ထျန်းကျစ်ခို့၏ သွေးများကို စုပ်ယူစဉ် အတွေ့အကြုံ ကြွယ်ဝနေဟန် ပေါ်နေပြီး အမြင်နှင့်တင် သွေးစုပ်ခြင်းမှာ သူ့အသွေးအသားဗီဇထဲ ပါလာခြင်းသာ ဖြစ်ရမည်။
မိုဝူကျီက စိတ်ခံစားချက်မျိုးစုံဖြင့် သက်ပြင်းသာ ချလိုက်တော့သည်။ တခြားလူများက နဂါး၊ ကျား၊ ကျားသစ်တို့အား အိမ်မွေးသားရဲအဖြစ် မွေးနေကြစဉ် သူ့ဆီမှာ ခြင်တစ်ကောင် ရှိနေလေ၏။
မိုဝူကျီက မယုံမကြည် ဖြစ်နေစဉ် ယန်လီက ဆက်ပြောလိုက်သည် “ရွိုက်ကောက ဒဏ္ဍာရီထဲက သွေးဆာခြင်နက်တော့ မဟုတ်ဘူး။ ဒါပေမဲ့ သွေးမျိုးဆက်တော့ ပါတယ်။ သွေးမျိုးဆက်ထဲမှာ ခြေသုံးချောင်း ရွှေကျီးနဲ့ သံလိုက်ဓာတ်လည်း ပါဝင်နေသေးတယ်။ ဒါပေမဲ့ ဒီလိုဆိုရင်တောင် သွေးဆာခြင်နက် ဆိုတဲ့ အချက်က ပြောင်းမသွားဘူး။ နောက်နှစ် အနည်းငယ်ကြာရင် အစ်ကိုကြီးလည်း သိလာပါလိမ့်မယ် ”
ရွိုက်ကောက ခေါင်းငုံ့သွားပြီး စိတ်ဓာတ် ကျသွားလေ၏။ ယန်လီ ပြောစကားများက မှန်ကန်နေကြောင်း ခံစားနေရသည်။ သူ့ခန့်ချောကြီး ရုပ်ရည်ဖြင့် ခြင်တစ်ကောင် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုမျှတင် မကသေးဘဲ ယန်လီ စကားများအရ သူ့မျိုးနွယ်မှာ ခက်ထန်ကြမ်းကြုတ်ပြီး နာမည်ဆိုးဖြင့် ကျော်ကြားနေဟန် ရှိ၏။
သူ့ခန့်ချောကြီး ရုပ်ရည်မှာ သူ့ဘာသာ ဆုံးဖြတ်ထားခြင်း ဖြစ်၏။
မိုဝူကျီက ရွိုက်ကောမှာ ခြင် ဟုတ်၊ မဟုတ် ကိစ္စအား စဉ်းစား မနေတော့ပေ။ သူက ယန်လီကို ထိုမေးခွန်း မေးလိုက်ခြင်းမှာ သူက ရွိုက်ကောကို တစ်ခုခု လုပ်ချင်၍ မဟုတ်ဘဲ ရွိုက်ကော၏ ဇာစ်မြစ် အကြောင်းကို သိချင်၍သာ ဖြစ်၏။
“ယန်လီ ရွိုက်ကောရဲ့ အကြောင်းကို ပြောပြပေးတဲ့ အတွက် ကျေးဇူးပါ ။ အခု ငါတို့ သွားတော့မယ် ... နောင်ကျ အင်မော်တယ်လောကမှာ ပြန်တွေ့ကြတာပေါ့” ထိုသို့ပြောပြီး မိုဝူကျီက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေ၏။
မိုဝူကျီက ယန်လီအပေါ် အမြင်ကောင်းများ ရှိ၏။ ယန်လီက သူ့အား နည်းလမ်းနှစ်မျိုးကို ပြောပြပေးရုံ သာမက ယန်လီက လို့ယန်ကို ကယ်တင်ပြီး လို့ယန်အား သူ့နဂါးသွားရည်ပါ ပေးခဲ့သေး၏။ ထိုအရာမှာ မည်မျှ ကြီးမြတ်သည့် နှလုံးသားရှိကြောင်း ပြသနေခြင်း ဖြစ်ပေသည်။
မိုဝူကျီ ပျောက်ကွယ်သွားသည်ကို မြင်ပြီး ယန်ယီက သက်ပြင်းချကာ “ဒီလိုဖြောင့်မတ်တဲ့ လူသား ရှိနေဦးမယ်လို့ မထင်ထားမိဘူး ... ဒီအစ်ကိုကြီးက တကယ်မဆိုးဘူး …”
***