တက်လှမ်းမည့် ကျင့်ကြံသူကို ရှာဖွေခြင်း
Vol. 43 Ch. 595
“သခင် … ကျွန်တော်လည်း ကျွန်တော်က ခြင်တစ်ကောင်ဆိုတာ မသိခဲ့ဘူး” ရွိုက်ကောက မိုဝူကျီ ပခုံးပေါ် နားကာ ပြောလိုက်သည်။ သူက မိုဝူကျီကို နည်းနည်း စိုးရိမ်နေမိသည်။ သူ့သခင်က သူခြင်တစ်ကောင် ဖြစ်နေ၍ ရွံ့ရှာပြီး စွန့်ပစ်လျှင် မည်သို့ လုပ်ရမည်နည်း။
မိုဝူကျီက ပုံမှန်အတိုင်း ပြောလိုက်သည် “မင်းက ခြင်တစ်ကောင် ဆိုရင်လည်း ခြင်တစ်ကောင်ပေါ့ ... ဒါပေမဲ့ မင်းက ခြင်တစ်ကောင် ဖြစ်နေရင်တောင် ငါ့ဘေးမှာ နေချင်ရင် တခြားသူရဲ့ သွေးကို လိုက်သောက်နေလို့ မရဘူး”
မိုဝူကျီက မရွံ့ရှာမှန်း ကြားသည့်အခါမှ ရွိုက်ကောက ချက်ချင်း စိတ်သက်သာရာ ရသွားပြီး “သခင်စကားကို နားထောင်ပါ့မယ် … ”
***
ပုံရိပ်ယောင်တောင် ပင်မခန်းမ
အဆင့်မြင့် အင်မော်တယ်ကျောက်များကို နေရာအနှံ့ ထားထားပြီး လူငယ်ဆယ်ယောက်နှင့် အမျိုးသမီးက နေရာသီးခြားစီ ယူထားကြသည်။ အလယ်၌ ယင်ယန်ငါး၏ ဝဲကတော့ ပုံသဏ္ဌာန် ကားချပ်ကြီး ရှိနေသည်။ ဟိုင်ယီနယ်မြေ၌ အဆင့်မြင့် အင်မော်တယ် ကျောက်များ ထောင်ချီ ထုတ်နိုင်သော တစ်ခုတည်းသော အင်အားစုမှာ ပုံရိပ်ယောင်တောင်သာ ဖြစ်၏။
ယင်ယန် ငါးပုံကားချပ်ကြီး အလယ်၌ ပိန်ချုံးချိနဲ့နေသည့် အမျိုးသား တစ်ယောက် ရပ်နေသည်။ ထန်အန်းရွမ် အပါအဝင် ပုံရိပ်ယောင်တောင်၏ ကျင့်ကြံသူ ဆယ်ယောက်က ယင်ယန်ငါးပုံ ကားချပ်ကြီး၏ လေးဖက်လေးစွန်း၌ စိုးရိမ်စွာ ရပ်နေကြသည်။
ပိန်ချုံးချိနဲ့နေသည့် လူအိုကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်ရင်း သူ့သဘာဝ စွမ်းအားများက အပြင်းအထန် ထွက်ပေါ်လာကြသည်။ သူ့ဘေးပတ်လည်မှ ကျင့်ကြံသူ ဆယ်ယောက်လည်း သဘာဝစွမ်းအားများ ထွက်ပေါ်လာကြသည်။ မကြာခင် ယင်ယန် ငါးပုံကားချပ်မှာ သဘာဝစွမ်းအား ဝဲကတော့ ဖြစ်လာ၏။ ထိုသဘာဝ ဝဲကတော့နှင့် ဝဲကတော့ ပုံကားချပ်မှာ အပြင်းအထန် လည်ပတ်နေပြီး တစ်ခုနှင့် တစ်ခု ပေါင်းစပ်ချင်နေသည့် အလား ဖြစ်ပေါ်နေ၏။
လူအိုကြီးက လက်ကို ဝှေ့ကာ လေဟုန်ခွင်းကာ ဖြတ်သွားသည့် စွမ်းအားဓားတစ်လက် ပစ်လွှတ်လိုက်သည့် အချိန် လူငယ်ဆယ်ယောက်နှင့် အမျိုးသမီးတို့က လည်ပင်းပြတ်ကာ လဲကျသွားတော့သည်။ သွေးစီးကြောင်း ဆယ်ချောင်း ထွက်ပေါ်လာပြီး လူအိုကြီး၏ ဝဲကတော့အတွင်း ချက်ချင်း စီးဝင်သွားတော့သည်။
ဝဲကတော့အတွင်းမှ ယင်ယန်ငါးမှာ စတင်၍ အသံမြည်လာသည်။ အချိန်မမှန်း နိုင်လောက်တော့သည့် အချိန်၌ ယင်ယန်ငါး အထက် လေထု၌ မှိန်ဖျော့ဖျော့ ပုံရိပ်တစ်ခု ပေါ်လာသည်။ အင်မတန် လေးနက်သော အသံထွက်ပေါ်လာကာ “အင်မော်တယ် လောကနဲ့ ဆက်သွယ်ဖို့ ပုံရိပ်ယောင်တောင်က သွေးစတေးခြင်း နည်းလမ်းကိုတောင် အသုံးပြုတယ်ဆိုတော့ ဘာဖြစ်လို့လဲ ”
ထန်အန်းရွမ်က မြန်မြန် ဒူးထောက်ကာ ပြောလိုက်သည်
“စီနီယာအဘိုးလေးကို နှုတ်ဆက်ပါတယ် … ပုံရိပ်ယောင်တောင်က အခုတလော ဖျက်ဆီး ခံထားရပါတယ်။ ပဉ္စမ လွတ်မြောက် အင်မော်တယ် အကြီးအကဲ လင်လျန့်လည်း အသတ်ခံလိုက်ရတယ်။ အကြီးအကဲ ထျန်းကျီကျောင်းနဲ့ ဟန်ချီ၊ ဖေပင်းတို့လည်း အသတ် ခံလိုက်ရပါတယ်။
သခင်လေး ထျန်းကျစ်ခို့လည်း ကျင့်ကြံဆင့် ဖျက်ဆီး ခံလိုက်ရပြီးတော့ ရွှေရောင်ဦးချို ခရမ်းနဂါးလည်း အလုယူခံလိုက်ရတယ် ... ဂိုဏ်းရဲ့ ကာကွယ်ရေး အစီအရင်လည်း တစစီ ဖြစ်သွားပြီးတော့ အင်မော်တယ် ရေကန်လည်း ...”
ထန်အန်းရွမ် စကားမဆုံးခင် ဒေါသတကြီး အသံတစ်ခု ထွက်ပေါ်လာပြီး
“ဘယ်သူက လုပ်ရဲတာလဲ ... သာမန်ကျင့်ကြံသူ တစ်ယောက်က ငါ့ပုံရိပ်ယောင်တောင်ကို ဘယ်လိုလုပ် လာဖျက်ဆီးရဲတာလဲ ”
ထန်အန်းရွမ်က လက်ကို မြှောက်လိုက်သည့်အခါ လေထဲ၌ ပုံရိပ်တစ်ခု ပေါ်လာသည်
“ဒီလူပါ ... သူ့နာမည်က မိုဝူကျီပါ ... သူလည်း အင်မော်တယ်လောက က ဖြစ်ပါလိမ့်မယ်။ သူက အတော်လေး အင်အားကောင်းတယ် အကြီးအကဲ လင်လျန့်ကို မှော်ရတနာ မသုံးဘဲ သတ်ပစ်လိုက်တာ … အဓိက တိုက်ခိုက်နည်းလမ်းက လျှပ်စီးချက်တွေပါ”
“မိုဝူကျီလား ... ရင်းနှီးနေတဲ့ နာမည်တစ်ခုပဲ”ထိုမှိန်ဖျဖျ ပုံရိပ်က ထိုစကားကို ပြောပြီးနောက် တိတ်ဆိတ်သွားလေ၏။ အချိန်ခဏအကြာတွင် သူက တုန်လှုပ်စွာဖြင့် မေးလိုက်သည် “တကယ်ကြီး မိုဝူကျီလား”
“ဟုတ်ပါတယ် သူ့ကို မိုဝူကျီလို့ ခေါ်ပါတယ် ” ထန်အန်းရွမ်က စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။
“ဟားဟား” ထိုပုံရိပ်က စိတ်ပျော်ဖွယ် အဖြစ်အပျက်နှင့် တွေ့လာသည့်အလား အားရပါးရ ရယ်မောလိုက်၏။
ထန်အန်းရွမ်နှင့် ပုံရိပ်ယောင်တောင်၏ အမျိုးမျိုးသော အကြီးအကဲများက အချင်းချင်း နားမလည်စွာ ကြည့်လိုက်ကြသည်။ ထန်အန်းရွမ်က မနေနိုင်ဘဲ မေးကြည့်လိုက်သည် “စီနီယာအဘိုးလေး … သူက မိုဝူကျီဆိုတာနဲ့ ဘာလို့ ရယ်နေရတာပါလဲ ”
သွေးစတေးခြင်း အစီအရင်ထဲမှ ပုံရိပ်က တည်ငြိမ်လာကာ ရယ်မောလိုက်ပြီး
“ပြောပုံအရဆိုရင် မင်းတို့က ကိုယ့်ဘာသာ ဖျက်ဆီးနေကြတာပဲ။ အဲဒီလူက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့က အကြီးအကဲ တစ်ယောက်ပဲ ... ဒါပေမဲ့ မဟာဧကရာဇ် လွန်ချိုက်ကို ရန်စမိထားတယ် ဆိုတော့ မဟာဧကရာဇ် လွန်ချိုက်ရဲ့ ဒေါသကြောင့် သူက မိုဝူကျီရဲ့ ဆေးဆိုင် တစ်ခုလုံးကို ဖျက်ဆီးပစ်ပြီးတော့ အထဲက လူတွေကိုရော သတ်ပစ်ခဲ့တယ်။
မိုဝူကျီက ကျင့်ကြံခြင်းလောကထဲ ရောက်နေတာသိရင် မဟာဧကရာဇ် လွန်ချိုက်က လွတ်ပေးမှာ မဟုတ်ဘူး။ သူ့တည်နေရာကို မြန်မြန် ရှာပြီး သတင်းပို့ ... လတိုင်း ငါတို့တွေ အင်မော်တယ်လောကနဲ့ ပုံရိပ်ယောင်တောင်ကြား ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်ကြမယ် ”
အကယ်၍ အင်မော်တယ် ဧကရာဇ်တစ်ယောက်သာ ကျင့်ကြံခြင်းလောကဆီ လာချင်သည်ဆိုလျှင် အမှန်ပင် နည်းလမ်း ရှိ၏။
***
မိုဝူကျီက လျှို့ဝှက် နဂါးရေကန်ကို ရှာရန် ယီပင်လယ်ဆီ မသွားပေ။ သူ့အတွက် ရိုးရှင်းသော နည်းလမ်း ရှိနေလေရာ အဘယ်ကြောင့် လျှို့ဝှက် နဂါးရေကန်ကို သွားရှာ နေရနည်နည်း။ တက်လှမ်းရေကန်ကို အသုံးပြုခြင်းက အရိုးရှင်းဆုံး နည်းလမ်း ဖြစ်ပသည်။
ဟိုင်ယီနယ်မြေ၏ မိုးမြေ စည်းမျည်းများမှာ ပြီးပြည့်စုံပြီး ဝိညာဉ်စွမ်းအားမှာ လုံလောက်သော်လည်း တက်လှမ်းမည့် ကျင့်ကြံသူကို ရှာတွေ့ဖို့ရာ မလွယ်ပေ။ ထို့အပြင် မိုဝူကျီက ဟိုင်ယီနယ်မြေနှင့် မရင်းနှီးသေးပေ။ နှစ်အနည်းငယ် အတွင်း ဟိုင်ယီနယ်မြေ၌ တက်လှမ်းမည့် ကျင့်ကြံသူ ရှိသင့်သော်လည်း လက်တွေ့၌ ဆယ်စုနှစ် ကြာလျှင်ပင် တစ်ယောက်မှ မရှိခြင်း ဖြစ်နိုင်သလို တစ်နှစ်တည်း သုံးလေးယောက် တက်လှမ်းနိုင်သည့် ကိစ္စလည်း ဖြစ်နိုင်ပေသည်။
ဟိုင်ယီနယ်မြေ၌ လများစွာ လှည့်လည် သွားလာပြီးနောက် မိုဝူကျီက တက်လှမ်းတော့မည့် ကျင့်ကြံသူအကြောင်း သတင်းသိလာရသည်။ သို့သော်လည်း မိုဝူကျီက ထိုကျင့်ကြံသူမှာ ကျောက်စိမ်း မိန်းမပျိုလေးဂိုဏ်းမှ ဖြစ်နေ၍ မိုဝူကျီအား နည်းနည်း စိတ်အနှောင့်ယှက် ဖြစ်စေသည်။
သူက အချိန်အတော်ကြာ ရှိနေခဲ့ပြီ ဖြစ်ရာ မိုဝူကျီက ကျောက်စိမ်းမိန်းမပျိုလေး ဂိုဏ်းအကြောင်း အကြမ်းဖျင်း နားလည်လာ၏။ ထိုဂိုဏ်းတွင် ယောက်ျားသား မရှိချေ။ အမျိုးသားတပည့်ကို လက်မခံရုံသာမက သူတို့ဂိုဏ်း ပတ်လည် မိုင်တစ်ရာအတွင်း မည်သည့် အမျိုးသားကိုမှ ဝင်ခွင့်မပြုပေ။ ဂိုဏ်းနားရောက်လာသော ယောက်ျားသားများကို ဂိုဏ်းအား မထီမဲ့မြင် ပြုမူသည်ဟုသာ သတ်မှတ်ထား၏။
မိုဝူကျီ၏ စွမ်းဆောင်ရည်ဖြင့် ကျောက်စိမ်း မိန်းမပျိုလေးဂိုဏ်း အတွင်း ထင်ထင်သာသာ ဝင်သွားလျှင်ပင် မည်သူမှ တားဆီးမည် မဟုတ်ပေ။ လအနည်းငယ်မျှသာ ကြာမြင့်သေးသော်လည်း မိုဝူကျီ၏ နာမည်မှာ ဟိုင်ယီနယ်မြေတစ်ခွင် ကျော်ကြားနေပြီ ဖြစ်၏။ ပုံရိပ်ယောင်တောင်၏ အကြီးအကဲများကို အလွယ်တကူ သတ်ပစ်နိုင်သော ဤအဆင့်မြင့် ကျင့်ကြံသူကို မည်သူကမှ မလေးမစား မပြုမူရဲကြပေ။
မိုဝူကျီက ကျောက်စိမ်း မိန်းမပျိုလေးဂိုဏ်းကို ဝင်ဖို့ရာ ထိုသို့ လူမိုက်နည်းလမ်းကို မသုံးလိုပေ။ ကျောက်စိမ်း မိန်းမပျိုလေးဂိုဏ်းကို သူ ဝင်လိုက်ခြင်းမှာ သူ့အတွက် ဘာမှ မဟုတ်သော်လည်း ထိုဂိုဏ်း၏ ဂုဏ်သတင်းအပေါ် သက်ရောက်မှု ရှိလာလိမ့်မည်။
မိုဝူကျီ၏ ကျင့်ကြံဆင့်ဖြင့် ကျောက်စိမ်းမိန်းမပျိုလေးဂိုဏ်း၏ ကာကွယ်ရေး အစီအရင်မှာ ပို၍ အားကောင်းနေလျှင်ပင် သူ့အား တားဆီးထားနိုင်မည် မဟုတ်ပေ။
သူက ကျောက်စိမ်း မိန်းမပျိုလေးဂိုဏ်းကို ပွင့်လင်းမြင်သာ ဝင်မသွားနိုင်သောကြောင့် မိုဝူကျီက ခိုးဝင်ပြီး ထိုတက်လှမ်းမည့် အမျိုးသမီး ကျင့်ကြံသူနှင့် တွေ့ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူက သူမနောက်မှ လိုက်ကာ အင်မော်တယ်လောကသို့ ပြန်သွားရမည်။
မိုဝူကျီက သူ့ဆီ ရှိနေသော ဆေးလုံးများ၊ ရတနာများဖြင့် ထိုဆွေးနွေးမှု၌ ပြဿနာမရှိကြောင်း ယုံကြည်၏။
***
ကျောက်စိမ်း မိန်းမပျိုလေးဂိုဏ်း
ဟိုင်ယီနယ်မြေ၌ အလယ်အလတ်ဂိုဏ်း တစ်ခုအဖြစ် သတ်မှတ်၍ ရပေသည်။ ထိုဂိုဏ်း၌ တက်လှမ်းမည့် ကျင့်ကြံသူ မရှိသည်မှာ နှစ်တစ်ရာကျော် ကြာမြင့်လှပြီ ဖြစ်ရာ ဤတစ်ကြိမ်၌ ကျောက်စိမ်းမိန်းမပျိုလေး ရှုသိုက် တက်လှမ်းမည် ဖြစ်၏။ ထို့ကြောင့် ကျောက်စိမ်း မိန်းမပျိုလေးဂိုဏ်း အတွက် ရက်ကြီးရက်မြတ် ဖြစ်ပေသည်။
ရှုသိုက်က ကျောက်စိမ်း မိန်းမပျိုလေးဂိုဏ်း ဝင်လာသည်မှာ သိပ်မကြာသေးပေ။ အကယ်၍ သူမ နေလာသည့် နှစ်များစွာကို ရေတွက်ကြည့်လျှင် တစ်ရာပင် ပြည့်ဦးမည် မဟုတ်ပေ။ ရာစုနှစ်တစ်ခုအတွင်း ရှုသိုက်က မြေကမ္ဘာအင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံနိုင်ခဲ့ပြီး အင်မော်တယ်လောကသို့ တက်လှမ်းတော့မည့်ဆဲဆဲ ဖြစ်၏။ သူမ အရည်အချင်းမှာ သေချာပေါက် ထိပ်တန်း ဖြစ်ပေလိမ့်မည်။
ထိုသို့ အရည်အချင်းမျိုးဖြင့် ကျောက်စိမ်း မိန်းမပျိုလေးဂိုဏ်း အတွက် နောက်တစ်လှမ်းမှာ အလွန် ရိုးရှင်းပေသည်။ ရှုသိုက်အတွက် သူမ မိုးကြိုးစမ်းသပ်ချက် ပြင်ဆင်ဖို့ရာ ဖြစ်ပြီး ရှုသိုက် တက်လှမ်းရာ၌ ကာကွယ်ပေးဖို့ ဂိုဏ်းထဲမှ အဆင့်မြင့် ကျင့်ကြံသူများကို စုစည်းထားလိမ့်မည်။
သို့သော် လက်တွေ့၌ ကျောက်စိမ်းမိန်းမပျိုလေးဂိုဏ်းက ရှုသိုက်အတွက် တောင်တစ်လုံး ပြင်ဆင်မထားပေ။ ထိုစဉ် ကျောက်စိမ်းမိန်းမပျိုလေးဂိုဏ်း၏ ဂိုဏ်းချုပ် ဟွမ်းလော မျက်နှာ၌ စိတ်ပူပင်မှုများ ရှိနေသည်။ အကြောင်းအရင်းမှာ ရှုသိုက်က သူမ မိုးကြိုးစမ်းသပ်ချက်ကို ဂိုဏ်းအပြင်၌ ခံယူလို၍ ဖြစ်သည်။
တခြားသူများက အန္တရာယ်ကင်းကင်း တက်လှမ်းနိုင်ဖို့ရာ ဂိုဏ်း၌သာ တက်လှမ်းချင်ကြသော်လည်း ရှုသိုက်က တခြားတစ်မျိုး တွေးမိ၏။ ထို့ကြောင့် ဟွမ်းလော၏ မျက်နှာ၌ ခါးသီးသည့် အမူအရာ ရှိနေသည်မှာ မထူးဆန်းတော့ပေ။
ကျောက်စိမ်းမိန်းမပျိုလေးဂိုဏ်းအတွက် တက်လှမ်းမည့် ကျင့်ကြံသူ ရှိလာဖို့ရာ လွယ်နေသည်လား …
ရှုသိုက်အတွက် ဂိုဏ်းအပြင်ဘက် တက်လှမ်းဖို့ရာ ပို၍ အန္တရာယ် များပေသည်။ အကယ်၍ ဆိုးသွမ်းသော ကျင့်ကြံသူနှင့် တွေ့လာလျှင် ရှုသိုက်ကို ဒုက္ခပေးလာ နိုင်ပေသည်။ ထို့အပြင် ဂိုဏ်းအတွင်း မြေကမ္ဘာ အင်မော်တယ် မိုးကြိုးစမ်းသပ်ချက် ခံယူခြင်းမှာ ဂိုဏ်းသားများအနေနှင့် ဖြစ်စဉ်ကို လေ့လာနိုင်ပြီး ဂိုဏ်းအတွက် အထောက်အကူ ပြုပေသည်။
“ဂိုဏ်းချုပ် … ကျွန်မ ဂိုဏ်းအပြင်ဘက်မှာ မိုးကြိုးစမ်းသပ်ချက် ခံယူတဲ့ အကြောင်းအရင်းက အလွယ်တကူ ဆုံးဖြတ်ထားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်လိုဖြစ်ဖြစ် ကျွန်မ ရှုသိုက်က ကျောက်စိမ်း မိန်းမပျိုလေးဂိုဏ်းသူ ဖြစ်နေဦးမှာပါ ” ပိန်ရှည်ရှည် သေးသွယ်သွယ် အမျိုးသမီးက ဂိုဏ်းချုပ် ဟွမ်းလောကို ဦးညွှတ်ကာ ပြောလိုက်သည်။ သူမ လေသံ၌ လေးနက်မှုများ ပါဝင်နေပြီး သဘောမတူသည့် အရိပ်အယောင်များ ပါဝင်နေသည်။
ဟွမ်းလောက သက်ပြင်းချကာ ပြောလိုက်ရသည် “ဂရုစိုက်ရမယ်နော် ... မိုးကြိုးစမ်းသပ်ချက် မခံယူခင် ဘေးပတ်ဝန်းကျင်ကို သေချာကြည့်ဦးနော်”
“ဟုတ်ကဲ့ တပည့် နားလည်ပါပြီ။ တပည့် အခုထွက်သွားပါတော့မယ် … နောင်ကျ ဂိုဏ်းချုပ်တို့၊ အကြီးအကဲတို့နဲ အင်မော်တယ်လောကမှာ လာတွေ့ပါ့မယ် ” ရှုသိုက်က လှည့်ကာ ပြောလိုက်သည်။ သူမက ဓားပျံတစ်စင်း ထုတ်ကာ ထိုဓားပျံဖြင့် အဝေးတစ်နေရာသို့ ပျံသန်းသွားလိုက်သည်။
ကျောက်စိမ်း မိန်းမပျိုလေးဂိုဏ်း အပြင်ဘက်၌ ပုန်းကွယ်နေသော မိုဝူကျီက ထွက်ခွာသွားသော ရှုသိုက်ကို လှမ်းကြည့်လိုက်သည်။ သူက စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
ရှုသိုက်က ဂိုဏ်းထဲမှာ မိုးကြိုးစမ်းသပ်ချက် ခံယူမှာ မဟုတ်ဘူးလား ...
ဤသို့ဆိုလျှင် သူ့အတွက် ပို၍ ကောင်းသွားပေ၏။ ကျောက်စိမ်းမိန်းမပျိုလေး ဂိုဏ်းအတွင်း ခိုးဝင်စရာ မလိုတော့ပေ။
မိုဝူကျီက ရှုသိုက်ကို မတားဆီးပေ။ ထို့အစား သူမနောက်မှ တိတ်တဆိတ် လိုက်ပါသွားလိုက်သည်။ သူ့အမြင်အရ ရှုသိုက်မှာ မိုးကြိုးစမ်းသပ်ချက် ခံယူဖို့ ပြင်ဆင်နေသောကြောင့် လူသူကင်းလွတ်သည့် နေရာသို့ သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် အနည်းဆုံး ရက်အနည်းဆုံး ပျံသန်းရလိမ့်မည်။ မိုဝူကျီ မျှော်လင့်မထားသည့် ကိစ္စမှာ လေးနာရီအကြာ၌ ရှုသိုက်က တောင်ကြားတစ်ခု အပြင်ဘက်၌ ရပ်တန့်လိုက်ခြင်း ဖြစ်ပေသည်။
ဤနေရာမှာ မိုးကြိုး စမ်းသပ်ချက်အတွက် မသင့်တော်ပေ။ ရှုသိုက် မိုးကြိုးစမ်းသပ်ချက် ခံယူသည် ဖြစ်စေ၊ မခံယူဘူး ဖြစ်စေ မိုဝူကျီက ရှေ့ထွက်လာပြီး စကားပြောရန် ဆုံးဖြတ်လိုက်သည်။
သူက ရှုသိုက်ရှေ့ ရောက်လာပြီး လက်နှစ်ဖက် ဆုပ်ကာ “တာအိုရောင်းရင်း ရှုသိုက်လား ”
ရှုသိုက်က မြေကမ္ဘာ အင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့် ဖြစ်ပေသည်။ လွတ်မြောက် ကျင့်ကြံသူများမှ လွဲ၍ သူမက ဤဂြိုဟ်ပေါ်၌ အဆင့်မြင့်ဆုံး တည်ရှိမှုမျိုး ဖြစ်ပေသည်။ သို့သော် မိုဝူကျီက သူမရှေ့ ပေါ်မလာခင်အထိ သူမက လုံးဝ အာရုံမခံမိပေ။ သူမ မျက်နှာ အမူအရာမှာ ပြောင်းလဲသွားပြီး မှော်ရတနာကို ဆွဲထုတ်လိုက်သည်။
မိုဝူကျီက မြန်မြန် ပြောလိုက်သည် “တာအိုရောင်းရင်းရှု ကျေးဇူးပြုပြီး နားလည်မှု မလွဲပါနဲ့ ...ကျုပ်မှာ ဘာအကြံအစည်မှ မရှိပါဘူး။ ကျုပ်က ဆွေးနွေးချင်လို့ပါ ”
“ဘာကိုလဲ” ရှုသိုက်က မိုဝူကျီအား သတိထားကာ ကြည့်လိုက်သည်။ သူမက မိုဝူကျီ၏ ကျင့်ကြံဆင့်ကို မမြင်နိုင်ပေ။
သူက အားကောင်းသည့် လွတ်မြောက် အင်မော်တယ်များ ဖြစ်နေမလား …
“ကျုပ်က မိုဝူကျီပါ ... ကျုပ် ...”
မိုဝူကျီက နာမည် ပြောလိုက်ပြီးနောက် မည်သည့်နေရာမှ ရောက်လာကြောင်း မပြောရသေးခင် ရှုသိုက်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး မှော်ရတနာကို မြန်မြန် သိမ်းကာ ပြောလိုက်သည် “စီနီယာက အင်မော်တယ်လောက က မိုဝူကျီလား ... ပုံရိပ်ယောင်တောင် တစ်ခုလုံးကို ရှင်းပစ်ခဲ့တဲ့ မိုဝူကျီလား ”
ထိုစကားများမှာ ရှုသိုက် မည်မျှ စိတ်လှုပ်ရှားကြောင်း သိသာနေ၏။
မိုဝူကျီက အတော်လေး စိတ်ရှုပ်ထွေးသွားကာ ခေါင်းညိတ်ပြလိုက်ပြီး “ဟုတ်ပါတယ် … ကျုပ်က အဲဒီမိုဝူကျီပါ... ခင်ဗျားက ကျုပ်ကို ရှာနေတဲ့ပုံပဲ”
မိုဝူကျီက ရှုသိုက်အနေဖြင့် သူ့အကြောင်း ကြားဖူးသည်ကို မအံ့ဩပေ။ ပုံရိပ်ယောင်တောင်နှင့် အဖြစ်အပျက်မှာ ဟိုင်ယီနယ်မြေတခွင် သိကြပေသည်။
သူ့ကို စိတ်ရှုပ်ထွေးသွားစေသည်က တစ်ယောက်နှင့် တစ်ယောက် မသိကြသော်လည်း ရှုသိုက်က အဘယ်ကြောင့် စိတ်လှုပ်ရှားနေတာလဲ
“ဂျုနီယာက စီနီယာကို ရှာနေတာပါ ” ရှုသိုက်က လေးလေးစားစား ပြောလိုက်သည်။
“ဘာဖြစ်လို့လဲ ... တကယ်လို့ ကျုပ် ကူညီနိုင်ရင် ကျုပ်တာအို စံနမူနာတွေနဲ့ မဆန့်ကျင်နေရင် သေချာပေါက် ကူညီပါ့မယ်” မိုဝူကျီက ပြောလိုက်သည်။ သူက ဤနေရာသို့ ရှုသိုက်ဆီ အကူအညီတောင်းရန် ရောက်လာခြင်း ဖြစ်ရာ ရှုသိုက် အနေဖြင့် သူ့အကူအညီလိုလျှင် ငြင်းပယ်မည် မဟုတ်ပေ။
ရှုသိုက်က အသက်ပြင်းပြင်းရှူကာ “စီနီယာက အင်မော်တယ်လောကမှာ အင်မော်တယ်ဧကရာဇ် လွန်ချိုက်ကို ရန်စမိခဲ့သေးလား ”
ယခု မိုဝူကျီက ပို၍ ရှုပ်ထွေးသွား၏။ သူက အင်မော်တယ်ဧကရာဇ် လွန်ချိုက်အကြောင်း ကြားဖူးပေသည်။ သူ့ကိုယ်လုပ်တော် နေမကောင်း ဖြစ်နေ၍ အင်မော်တယ် သမားတော်များကို စစ်ဆေးရန် အတင်းကျပ် ခေါ်ဆောင်သွားဖူးသည်။ မိုဝူကျီက ထိုသို့လူမျိုး ဆိုးပေနေသည့်သူကို အမှန်ပင် အထင်မကြီးပေ။
သို့သော်လည်း သူက လွန်ချိုက်ကို မတွေ့ဖူးလေရာ မည်သို့များ ရန်စမိမည်နည်း။
***