ဆယ့်ကိုး၊ ဓားကူရွေးပေးပါ
Vol. 11 Ch. 154
၎င်းသည် မိုင်ပေါင်းများစွာ အဝေးမှနေ၍ စွမ်းအင်ထုတ်လွှတ်ခြင်း ဖြစ်သည်။ မည်သို့သော ကြီးမြတ်သော ကျင့်ကြံသူ ဖြစ်သနည်း။
သတ်လတ်ပိုင်းလူကြီး၏ပြုံးနေသော မျက်နှာကို ကြည့်ကာ ဟန်မူယဲ့က ဓားလက်ကိုင်ကို လွှတ်လိုက်သည်။
သတ်လတ်ပိုင်းလူကြီးက မှင်တက်သွားပြီးမှ ဟန်မူယဲ့အား အသေအချာကြည့်ကာ ပြုံးလျက် ပျောက်ကွယ်သွား၏။
အံ့ဖွယ်ကိုးပါးတောင်ကုန်းနှင့် မိုင် ထောင်ပေါင်းများစွာ အဝေးတစ်နေရာ။ အလယ်ပိုင်းကုန်းမြေ၊ နန်းမြို့တော်၌ အလွန်မြင့်မားသော စံအိမ်တစ်လုံးရှိသည်။ စံအိမ်ထဲမှ အသံတစ်သံအား ကြားရ၏။
“လာကြစမ်း… အနောက်ဘက်နယ်စပ်ကုန်းမြေက အံ့ဖွယ်ကိုးပါးတောင်ကုန်းကို တစ်ခေါက် သွားကြည့်ပေး”
ထိုအခိုက်တွင် စံအိမ်ထဲမှ စီးတော်တစ်စီး လေထဲ ပျံဝဲသွားသည်။
စံအိမ်တံခါးဝတွင်ကား ရှေးဟောင်းစာလုံးများဖြင့် ‘ဝန်ကြီးချုပ်အိမ်တော်’ ဟု ရေးထွင်းထားသည်။
…
ဓားစံအိမ်၏တတိယထပ်တွင် ဟန်မူယဲ့သည် သူ့ရှေ့မှ ဓားအား ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်နေသည်။
အံ့ဖွယ်နေမင်းကိုယ်ရံတော်၊ အံ့ဖွယ်နေမင်းဓား။
ဓားစံအိမ်အကြီးအကဲက လောကတွင် အံ့ဖွယ်နေမင်းဓား မရှိဟု ဆိုခြင်းမှာ အများသူငှာ ပြောနေကြသော အမွေအနှစ်များနှင့် ပတ်သက်နေသော အံ့ဖွယ်နေမင်းဓားမရှိဟု ဆိုလိုခြင်း ဖြစ်သည်။
သူ့ရှေ့မှ အံ့ဖွယ်နေမင်းဓားကား အလယ်ပိုင်းကုန်းမြေ၊ နန်းမြို့တော်မှ အံ့ဖွယ်နေမင်းကိုယ်ရံတော်များ ကိုင်ဆောင်သော ဓားတစ်လက်သာ ဖြစ်သည်။
ထိုကိုယ်ရံတော်များမှာ အလယ်ပိုင်းကုန်းမြေ၊ နန်းမြို့တော်မှ ဝန်ကြီးချုပ်၏လက်အောက်မှ အဖွဲ့အစည်းလည်း ဖြစ်သည်။
အကယ်၍ သူသည်သာ ဆန္ဒရှိပါက သည်ဓားဖြင့် အံ့ဖွယ်နေမင်းကိုယ်ရံတော် ဖြစ်လာနိုင်သည်။
အလယ်ပိုင်းကုန်းမြေ။
ဟန်မူယဲ့က တီးတိုးရေရွက်သည်။
“အခု အချိန်မကျသေးဘူး။ နောက်ပိုင်း တစ်ခါလောက်တော့ သွားကြည့်တာပေါ့”
…
ဖုန်းရှို့တောင်မှ ဓားများအား ပို့ဆောင်သောအခါ ဓားလာပို့သူများထံမှ သတင်းများလည်း ကြားသိကြရသည်။
တောင်ပိုင်းကုန်းမြေအား ကောင်းကင်ဘုံအဆင့်နှစ်ဦး စောင့်ကြပ်နေခဲ့ကာ ကောင်းကင်ဘုံတစ်ဝက်အဆင့်များစွာက ကျူးကျော်တိုက်ခိုက်ကြသည်။
ယခု ထိုက်ရီဓားဂိုဏ်းမှ ထူစွန်းရှစ်သည် တောင်ပိုင်းကုန်းမြေမှ ကောင်းကင်ဘုံအဆင့် ၂ဦးနှင့် ရင်ဆိုင်တိုက်ခိုက်သည့်တိုင် အရေးနိမ့်ခြင်း မရှိပေ။
ထူစွန်းရှစ်၏ အားကိုးဖြင့်လည်း အနောက်ဘက်နယ်စပ်ကုန်းမြေမှ အဆင့်နိမ့်တပည့်များသည် နိုင်ပွဲတချို့ရခဲ့ကြခြင်း ဖြစ်သည်။
ထိုအထဲတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဟယ်ရွှမ်ချီနှင့် ဝမ်ဟွေ့တို့မှာ အနောက်ဘက်နယ်စပ်ကုန်းမြေ၌ ကျော်ကြားလာခဲ့ပြီး ဖြစ်သည်။
ယန်တင်းရှန်သည်လည်း ဖုန်းရှို့တောင်တွင် ကောင်းကင်ဘုံတစ်ဝက်အဆင့်များနှင့် တိုက်ခိုက်နေခဲ့သည်။ ကံမကောင်းသည်ကား သူသည် ရန်သူများကို သတ်ဖြတ်နိုင်ခြင်း မရှိသေးပေ။
တောင်ပိုင်းကုန်းမြေမှ ကောင်းကင်ဘုံတစ်ဝက် မိစ္ဆာများမှာလည်း တိုက်ခိုက်ရေးစွမ်းအားများ ကောင်းမွန်ကြပေသည်။
ဓားစံအိမ်ကို တာဝန်ယူထားသော ဟန်မူယဲ့သည်လည်း နေ့စဉ်နေ့တိုင်း သတင်းများကို လက်ခံရရှိသည်။
“ဓားစံအိမ်ဟာ အရေးကြီးတဲ့နေရာပဲ။ ဓားလက်ခံသူပဲ ဝင်ခွင့်ရ…”
ဓားစံအိမ်အဝင်ဝတွင် လုကော၏အသံကို ကြားရသည်။
“ခင်ဗျားဟာ ဓားစစ်သည်စနစ်ကို လေ့ကျင့်တဲ့ လုကောမလား။ မဆိုးဘူး”
အသံတစ်သံအား ကြားရ၏။
တတိယထပ်တွင် ဟန်မူယဲ့သည် ထရပ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။
လုတစ်ဆယ်။
လီသုံး။
ဓားစံအိမ်ရှေ့တွင် လုတစ်ဆယ်နှင့် လီသုံးတို့သည် အဖြူရောင်နှင့် အစိမ်းရောင်ဝတ်စုံများအား အသီးသီး ဝတ်ဆင်ထားကြသည်။
“လုရိစန်း… ဂိုဏ်းရဲ့ အတွင်းစည်းတပည့်… ဓားလက်ခံဖို့ ရောက်လာပါတယ်”
လုတစ်ဆယ်က လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။
“လီရှီးရှီး… ဓားလက်ခံဖို့ ရောက်လာပါတယ်”
လီသုံးကလည်း ဟန်မူယဲ့အား ကြည့်ကာ လက်နှစ်ဖက်ဆုပ်လျက် ပြောသည်။
ဓားစံအိမ်ရှေ့တွင် လုကော ပါးစပ်ဟသွားသည်။
အတွင်းစည်းဂိုဏ်း၏ အဆင့် ၅၊ လုရိစန်း။
အတွင်းစည်းဂိုဏ်း အဆင့် ၂၊ လီရှီးရှီး။
တိုက်ရိုက်တပည့်အဆင့်အတန်းများမှာ ပုံမှန်အားဖြင့် ဂိုဏ်းမှ အကြီးအကဲများသာ သိခွင့်ရပေသည်။ ပုံမှန်အားဖြင့် သူတို့ကို လူအများက အတွင်းစည်းတပည့်များအဖြစ်သာ သိကြ၏။
ဥပမာအားဖြင့် ဟန်မူယဲ့သည် ဂိုဏ်း၏ ဆယ့်ကိုးယောက်မြောက် တိုက်ရိုက်တပည့်ဖြစ်ကြောင်း အပြင်လူများနှင့် သာမန်ဂိုဏ်းဝင်များ မသိကြပေ။
“အစ်မသုံး၊ အစ်ကိုတစ်ဆယ်… ခင်ဗျားတို့ တောင်ပေါ်က ဆင်းမလို့လား”
ဟန်မူယဲ့က သူတို့နှစ်ယောက်အား တီးတိုးမေးသည်။
“ငါတို့ ဖုန်းရှို့တောင်ကို စစ်ကူသွားပေးရမယ်”
လုတစ်ဆယ်က တည်ငြိမ်စွာ ပြောသည်။
“အစ်မသုံးနဲ့ အစ်ကိုတစ်ဆယ်တို့ ဘယ်တော့ သွားမလဲ”
ဟန်မူယဲ့က ထပ်မေးသည်။
“မနက်ဖြန်…”
လီသုံးက အေးစက်သော လေသံဖြင့် ပြောသည်။
လျှို့ဝှက်နယ်မြေမှ ထွက်လာသော လီသုံးသည် ထက်ရှသော အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။
“အစ်ကိုလု… စားပွဲတစ်ခု ပြင်ဆင်ပေးပါ”
ဟန်မူယဲ့က ကောင်းကင်ကို ကြည့်လျက် ပြောသည်။
“ကျုပ်တို့က အစ်ကိုတစ်ဆယ် ပြင်ဆင်ပေးတဲ့ အစားအသောက်ကိုပဲ အမြဲစားခဲ့ရတယ်။ ဒီနေ့ ကျုပ် အစ်ကိုနဲ့ အစ်မတို့ကို ပို့ဆောင်ပါ့မယ်”
လုကော ခေါင်းညိတ်ကာ အပြေးအလွှား ထွက်ခွာသွားသည်။
လုတစ်ဆယ်နှင့် လီသုံးတို့ အချင်းချင်း ကြည့်ကာ ခေါင်းညိတ်ကြ၏။
“အစ်ကိုတစ်ဆယ်… ခင်ဗျား ဘယ်ဓားပုံစံမျိုး သဘောကျလဲ။ အဆင်ပြေရင် ခင်ဗျား အားသန်တဲ့ ဓားသိုင်းကို ကစားပြကြည့်မလား”
ဟန်မူယဲ့က လုတစ်ဆယ်ကို ကြည့်ကာ ပြောသည်။
“ဟဟ… ဓားစံအိမ်က စီနီယာအစ်ကိုဟန်ဟာ ဓားသိုင်းမျိုးစံကို သိနားလည်တယ်လို့ နာမည်ကြီးတယ်။ ဒါဆိုလည်း ပြရသေးတာပေါ့”
သူက ပြောပြီးသည်နှင့် ဓားကို ထုတ်ကာ ဝှေ့ယမ်းလိုက်သည်။
ဓားအလင်းသည် မြစ်ရေလှိုင်းအလား လှုပ်ရှားသွား၏။
အံ့ဖွယ်နံပါတ် ၃၊ မြစ်ရေလျှံဓားသိုင်း။
ဓားသိုင်းကိုယ်တိုင်က ရေဓာတ်နှင့် ပေါင်းစပ်ထားကာ အဆုံးမဲ့သော စွမ်းအားများအား ထုတ်ဖော်နိုင်သည်။
လုတစ်ဆယ်၏ဓားအလင်းသည် ဓားဆန္ဒအား စုစည်းလုနီးပါး ဖြစ်သည်။ ၎င်းသည် မြစ်ရေလှိုင်းအလား အရာအားလုံးကို ချိုးဖက်သွားတော့မည့် ခံစားချက်အား ပေး၏။
“အစ်ကိုတစ်ဆယ်ရဲ့ မြစ်ရေလျှံဓားသိုင်းဟာ ကျွမ်းကျင်အဆင့်ကို ရောက်နေပြီပဲ။ ဓားချက်တိုင်းက တောင်ကုန်းနဲ့ မြစ်ချောင်းတွေကို ပိုင်းဖြတ်သွားနိုင်တယ်”
ဟန်မူယဲ့က အထင်ကြီးစွာ ပြောသည်။
“အစ်ကိုတစ်ဆယ်… ခင်ဗျားရဲ့ မြစ်ရေလျှံဓားသိုင်းဟာ ကောင်းမွန်ပေမဲ့ ဓားဆန္ဒဖွဲ့စည်းဖို့တော့ အခွင့်အလမ်းတစ်ချို့ လိုသေးတယ်။ နောက်ပိုင်း ဓားမာဟုန်အဆင့်ကို ရောက်ဖို့တော့ အတော်လေး ကြိုးစားဖို့ လိုတယ်”
ဟန်မူယဲ့၏စကားက လုတစ်ဆယ်အား မျက်မှောင်ကြုတ်စေသည်။
“ဆယ့်ကိုးပြောတာ မှန်တယ်။ ငါ့ဓားစနစ်ဟာ ပြည့်စုံဖို့ လိုသေးတယ်လို့ ဆရာ ပြောတယ်”
ဟန်မူယဲ့က ခေါင်းယမ်းကာ လုတစ်ဆယ်၏လက်ထဲမှ ဓားကို ယူလျက် ဓားစံအိမ်ထဲကို ဝင်သွားသည်။
အတန်ကြာလျှင် သူသည် နောက်ထပ်ဓားတစ်လက်ဖြင့် ပြန်ရောက်လာသည်။
ထိုဓားပုံစံကို မြင်လျှင် လုတစ်ဆယ်က ထူးဆန်းသော အမူအရာဖြင့် ကြည့်သည်။
လီသုံးကလည်း ဟန်မူယဲ့၏လက်ထဲမှ ဓားကို အံ့အားသင့်စွာ ကြည့်၏။
“ဝိညာဉ်တစ်ဝက်အဆင့်ဓား… နှစ် ၅၀၀ အကြာက ဂိုဏ်းအကြီးအကဲဟောင်း စွေ့ယိုကျင်းရဲ့ဓား၊ သန့်စင်ရေလှိုင်းဓား”
ဟန်မူယဲ့က ဓားကို ကိုင်ကာ တည်ငြိမ်စွာ ပြောသည်။
“အကြီးအကဲစွေ့… ရေဓာတ်မျိုးဆက်က ကောင်းကင်ဘုံတစ်ဝက်အကြီးအကဲ”
လုတစ်ဆယ် အံ့အားသင့်သွား၏။
“မှန်တယ်…”
ဟန်မူယဲ့က ခေါင်းညိတ်ကာ ဓားကို ကမ်းပေးလိုက်သည်။
“ဓားဟာ သုံးပေတစ်လက်မ ရှည်တယ်။ ငါးပေါင်လေးပြီးတော့ ဓားအရွက်ဟာ ၂ လက်မ ကျယ်တယ်”
လုတစ်ဆယ်က ဓားကို ဆွဲထုတ်လိုက်၏။ ဓားကား ပါးလျကာ နှစ်လက်မသာ ကျယ်သည်။
“ဆယ့်ကိုး… မင်း ငါ့ကို ဒီဓား သုံးစေချင်တာပေါ့”
လုတစ်ဆယ်က မျက်မှောင်ကြုတ်သည်။
သည်ဓားကား သူ၏ဓားကြီးထက် များစွာ ပေါ့ပါးကာ ပါးလျသည်။
သူကား သိပ်အသားမကျပါ။
“ပေါ့ပါးတာ၊ လေးလံတာကို မေ့ဖျောက်နိုင်တဲ့ ဓားကျွင်းကျင်မှုအဆင့်ဟာ အစ်ကိုတစ်ဆယ် ရောက်နှင့်ပြီးသားပဲ”
ဟန်မူယဲ့က ဓားကို လက်ညိုးထိုးပြကာ ပြောသည်။
“ဒီဓားနဲ့ လုပ်စေချင်တာက သတ်ဖြတ်ဖို့ပဲ”
သတ်ဖြတ်ရန်…
လုတစ်ဆယ်က ပြန်ကြည့်သည်။
“အစ်ကိုတစ်ဆယ်… ခင်ဗျားရဲ့ အရင်ဓားမှာ သတ်ဖြတ်ခြင်းအငွေ့အသက်မရှိဘူး”
ယခင်က အကြီးအကဲစွေ့သည် ကျူးယန်ဓားဂိုဏ်းအား သည်ဓားဖြင့် ဖျက်ဆီးခဲ့ကာ ကျင့်ကြံသူ ၃၀၀ ကျော်အား သတ်ဖြတ်ခဲ့သည်။
ဟန်မူယဲ့၏အာရုံ၌ ထိုမြင်ကွင်း ပေါ်လာသောအခါ သူသည် အတော်လေး ထိတ်လန့်ခဲ့၏။
ဓားကျင့်ကြံခြင်း၊ သတ်ဖြတ်ခြင်း။
သတ်ဖြတ်ခြင်း မရှိပါလျှင် ဓားကျင့်ကြံခြင်းက ဘာအတွက်လဲ။
ထိုအခိုက်တွင် သူ နားလည်သွားသည်။
နောက်လှည့်ကာ ဟန်မူယဲ့က လီသုံးအား ကြည့်သည်။
“အစ်မသုံး… အစ်ကိုတစ်ဆယ်အတွက် ရွေးပေးတဲ့ဓားအပေါ် ဘယ်လိုမြင်လဲ”
လီသုံးက ခေါင်းညိတ်သည်။
“အဆင်ပြေတယ်”
“ဒီအကောင်က ပုံမှန်ဆိုရင် သားကောင်တွေ အမဲလိုက်တယ်။ ဒါပေမဲ့ လူတော့ မသတ်ဖူးဘူး”
ဘေးတွင် ရပ်နေသော လုတစ်ဆယ်သည် မျက်နှာနီမြန်းသွားကာ တီးတိုးရေရွက်သည်။
“ကျုပ် သတ်မယ်… သတ်မယ်…”
ဟန်မူယဲ့ ခေါင်းယမ်းသည်။
လူမသတ်ဖူးသော ဓားသမားတွင် မည်သို့ ဓားဆန္ဒ စုစည်းနိုင်မည်နည်း။
လီသုံးက မျက်တောင်ပင့်ကာ ဟန်မူယဲ့အား ကြည့်သည်။
“ဆယ့်ကိုး… ငါ့အတွက်လည်း ဓားတစ်လက် ရွေးပေးပါ”
သူမက လက်မြှောက်ကာ သူမ၏လက်ထဲမှ ဓားကို ဟန်မူယဲ့ထံသို့ ပစ်ပေးလိုက်၏။
“ငါလည်း ဓားလဲရမယ့် အချိန်ရောက်လာတာပါပဲ”
လီသုံးပစ်ပေးလိုက်သော ဓားကို လှမ်းယူလိုက်ကာ ဟန်မူယဲ့က သူမအား ကြည့်သည်။
“မင်း ငါ့အတွက် ဓားကောင်းကောင်းရွေးပေး။ ငါ မင်းအတွက် သေရည်တစ်ဝက်ပေးမယ်”
လီသုံးက ညင်သာစွာ ပြောသည်။
အသဲကွဲသေရည်။
စီနီယာအစ်ကိုတင်းချန်ကန်းက လီသုံးအတွက် ထားခဲ့သော သေရည်။
ထိုသေရည်သည် ဓားချီကို စုစည်းကာ ပိုမိုသန့်စင်စေနိုင်သည်။
လောကတွင် ဓားချီကို ပိုမိုစုစည်းသန့်စင်နိုင်သော နည်းလမ်းများ ရှိသော်လည်း သည်အသဲကွဲသေရည်မှာ အစွမ်းသတ္တိအရှိဆုံးဟု ဟန်မူယဲ့ ယူဆသည်။
“ကောင်းပါပြီ”
ဟန်မူယဲ့က ပြုံးလျက် ဓားကို ဓားအိမ်ထဲမှ ထုတ်လိုက်သည်။
သံမဏိဓား။
ဤသည်ကား သာမန်သံမဏိဓားတစ်လက်သာ ဖြစ်သည်။
ဓားတွင် ဒဏ်ချက်အများအပြား ရှိရာ ဓားမှာလည်း တာရှည်ခံနိုင်တော့မည့်ပုံ မပေါ်ပါ။
သံမဏိဓားအား သွန်းလုပ်သော စနစ်မှာလည်း သေမျိုးလောကမှ သာမန်ပန်းပဲသမားများ သုံးသော စနစ်ဖြစ်သည်။
သူ အလွန်စိတ်ဝင်စားသွားသည်။ လီသုံးက သည်သာမန်သံမဏိဓားဖြင့် မည်သို့ အတွင်းစည်းဂိုဏ်း၏ထိပ်ဆုံးနံပါတ် ၃နေရာသို့ ရောက်လာသနည်း။
ဓားချီသည် ဓားထံသို့ စီးဆင်းသွားသည် ဓားမှာ ညင်သာစွာ တုန်ခါသွား၏။
ဟန်မူယဲ့က ဓားချီအများအပြားကို မပို့လွှတ်ရဲပါ။ မဟုတ်လျှင် ဓားသည် ပျက်စီးသွားပေမည်။
ဓားချီသည် ဓားထံသို့ စီးဆင်းသွားသောအခါ ဓားထံမှ ငြင်းပယ်မှုကို ခံစားရသော်လည်း ပုံရိပ်တချို့ကိုတော့ မြင်ရသည်။
“ကလေးမ… ဒီဓားက မင်းကို ကာကွယ်ပေးလိမ့်မယ်”
အသက် ၇ နှစ် သို့ ၈ နှစ် အရွယ် မိန်းကလေးတစ်ဦး ကြောက်လန့်တုန်ရီနေသည်။ သူမရှေ့တွင် ဘူးသီးခြောက်သေရည်အိုးတစ်လုံးကို ခါးတွင် တွဲထားသော လူငယ်တစ်ဦးအား တွေ့ရသည်။
အနီးအနားတွင်ကား လူသေအလောင်းများ။
“ငါ့နာမည် တင်းချန်ကန်း… အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့တပည့်တစ်ယောက်”
“မင်း ငါ့ကို မြင်လား။ ငါက ဓားအင်မော်တယ်ပဲ”
“ဒီဓားနဲ့ ငါ လောကကြီးကို ခြေဆန့်ခဲ့ဖူးတယ်”
“ဒီနေ့ ငါ မင်းကို ဒီဓားပေးမယ်။ ဆိုလိုတာက အနာဂတ်မှာ မင်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမယ်။ ဒီဓားနဲ့ မင်းကို ထိခိုက်အောင် လုပ်မယ့်လူတွေကို သတ်ရမယ်”
“မင်း နားလည်လား”
လူငယ်က ပြောကာ သူ၏ခါးမှ သေရည်အိုးထဲမှ သေရည်တစ်ကျိုက် မော့သောက်လိုက်သည်။
“ဒီမှာ… တစ်ကျိုက်လောက် မော့ကြည့်။ ဒါဆို မင်း သိပ်ကြောက်တော့မှာ မဟုတ်ဘူး”
မိန်းကလေးကလည်း ကမ်းပေးသော သေရည်အိုးအား လက်နှစ်ဖက်ဖြင့် ယူကာ မော့ချလိုက်သည်။ သူမက ပါးစပ်ဟကာ လူငယ်အား စူးစိုက်ကြည့်၏။ ထို့နောက် သူမ၏လက်ထဲမှ ဓားကို တင်းတင်းဆုပ်ကိုင်လိုက်သည်။