ပုံရိပ်ယောင်တောင်ဂိုဏ်းတစ်ခုလုံးအား အမြစ်ဖြတ် ဖြိုချခြင်း
Vol. 43 Ch. 596
“အင်မော်တယ်လောကရဲ့ အင်မော်တယ်ဧကရာဇ် လွန်ချိုက်က စီနီယာရဲ့ ဆေးစံအိမ်ကို ဖျက်ဆီးပစ်ပြီးတော့ အထဲက လူတွေကိုတောင် သတ်ပစ်လိုက်တယ်လို့ ကြားထားတယ် ” ရှုသိုက်က မိုဝူကျီအား ထိုသတင်း ပြောပြလိုက်ရ၍ စိတ်သက်သာရာ ရသွားတော့သည်။
“ဘာ” မိုဝူကျီ၏ သတ်ဖြတ်ငွေ့များက လေထုအတွင်း ပျံနှံ့လာကာ သူ့စိတ်ထဲ၌ ဖော်မပြတတ်သည့် ဒေါသတရားများ ကြီးစိုးလာမိသည်။ သူက မဟာဧကရာဇ်လွန်ချိုက်နှင့် စကားပင် မပြောဖူးပေ။ ထိုလူက အဘယ်ကြောင့် သူ့အား ဤသို့ လုပ်ရသနည်း။
မိုဝူကျီ၏ အေးစက်စက် သတ်ဖြတ်ငွေ့များကို ခံစားမိပြီး မြေကမ္ဘာအင်မော်တယ် ပြီးပြည့်စုံခြင်း အဆင့် ဖြစ်သည့် ရှုသိုက်ပင် နောက်ဆုတ်မိသွား၏။
ထိုအခါမှ မိုဝူကျီက သူ့ကိုသူ တည်ငြိမ်အောင် ထားကာ အသံနှိမ့်၍ မေးလိုက်သည် “အဲဒါ ဘယ်နေရာက ကြားတာလဲ။ အင်မော်တယ်လောကမှာ ဘယ်သူကမှ သူ့ကို မတားကြဘူးလား ”
သူက ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့၏ ဂုဏ်ထူးဆောင် အကြီးအကဲ တစ်ယောက် ဖြစ်ပေသည်။ လွန်ချိုက်က သူ့အား အတိုက်အခံပြုလျှင် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ အနေနှင့် သူ့ဖက်မှ ရပ်တည် မပေးသင့်ပေဘူးလား။
ရှုသိုက်က ဆက်ပြောလိုက်ကာ “အဲဒါတော့ ကျွန်မလည်း သေချာမသိဘူး။ စီနီယာက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့က အကြီးအကဲတစ်ယောက် ဆိုတာနဲ့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့က စီနီယာကို လက်လျှော့ပြီးတော့ လွန်ချိုက်နဲ့ သဘောတူညီမျှ ရယူလိုက်တယ် ဆိုပြီး ကြားထားတယ် ”
“ဂျွတ် ...” မိုဝူကျီက လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ မိုဝူကျီက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ကို ဝင်စဉ် ခိုလှုံခွင့်ရရန် ရည်ရွယ်ချက်ဖြင့် ဝင်ခဲ့ခြင်း ဖြစ်သော်လည်း သူက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ကို အသိအမှတ် ပြုပေသည်။ အကယ်၍ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှ သူ့အကူအညီ လိုအပ်လာလျှင် သူ့ဖက်မှ ကူညီပေးဖို့ရာ တွန့်ဆုတ်နေမည် မဟုတ်ပေ။
သို့သော် ယခုတွင် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့က သူ သေဆုံးပြီဟု ယုံကြည်ကာ အမှန်ပင် သစ္စာဖောက်သွားလေ၏။
အင်မော်တယ် လောက၌ မိမိဘာသာ မှီခိုအားထား သင့်ပေသည်။ အပြင်အင်အားများမှာ ပုံရိပ်တစ်ခုမျှသာ ဖြစ်၏။ သူတို့၏ စိတ်ဝင်စားမှု အတွင်း ရှိနေလျှင် ကူညီပေးမည် ဖြစ်ပြီး ဘာအဓိပ္ပာယ်မှ မရှိတော့လျှင် အမှိုက်ကန်ထဲ ပစ်ချခံလိုက်ရမည်သာ ဖြစ်၏။
မိုဝူကျီက သုန်မှုန်စွာ သက်ပြင်းချလိုက်သည်။ ထိုစဉ် သူက အင်မော်တယ်လောကဆီ တကယ်သွားပြီး အင်မော်တယ် ဧကရာဇ်လွန်ချိုက်၏ လည်ပင်းဆီ သူ့ပညာရှင် နှလုံးသားနှင့် လောင်ကျွမ်းပစ်လိုက်ချင်သည်။
မိုဝူကျီက သူ့ကိုသူ တည်ငြိမ်အောင် ထိန်းနိုင်သွား၏။ မဟာဧကရာဇ် လွန်ချိုက်ပင် ဖြစ်စေ၊ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ပင် ဖြစ်စေ သူ့တို့အတွက် သူက ပုရွက်ဆိတ်တစ်ကောင် သို့မဟုတ် ပုရွက်ဆိတ်လောက်ပင် ရှိမည် မဟုတ်ပေ။ အကယ်၍ သူ လက်စားချေလိုပါက အင်မော်တယ် ဧကရာဇ်အဆင့်ထိ တက်လှမ်းဖို့ လိုအပ်ပေသည်။
ကမ္ဘာကြီးထဲ၌ မြောက်မြားစွာသော ပါရမီရှင်များ ရှိကြသော်လည်း အများစုမှာ တစ်ဘဝလုံး အင်မော်တယ် ဧကရာဇ်အဆင့်ထိ မတက်လှမ်း နိုင်ကြပေ။ အကယ်၍ သူ အင်မော်တယ် ဧကရာဇ်အဆင့် ရောက်လိုပါက အချိန်များစွာ ကြာပေလိမ့်မည်။
သူ့စိတ်ထဲမှ ဒေါသမီးတောက်ကို ချိုးနှိမ်ထားရင်း ရှုသိုက်ကို ကြည့်ကာ မေးလိုက်သည် “အဲဆို အဲဒါတွေကို ဘယ်လို သိတာလဲ အခု ပြောပြချိန်တန်ပြီ ”
ရှုသိုက်က ထိုအကြောင်း ကြားသောအခါ မျက်လုံးများက နီရဲလာပြီး အသက်ရှူမမှန် ဖြစ်လာသည်။ အချိန်ခဏ အကြာတွင် သူမက ပြောလိုက်သည် “အဲအကြောင်းတွေကို ကျွန်မ ညီမလေး ပြောပြတာပါ။ ကျွန်မတို့ ညီမနှစ်ယောက်လုံးက ကျောက်စိမ်း မိန်းမပျိုလေးဂိုဏ်း ကပါ။
နှစ်ယောက်လုံးမှာ လျှို့ဝှက်ချက် ရှိတယ်။ ကျမတို့ မသေခင် ကမ္ဘာဦး စိတ်ဝိညာဉ်ကို အသုံးပြုပြီး တစ်ယောက်ဆီကို သတင်းပို့ ပေးနိုင်ကြတယ်။ အဲဒီမတိုင်ခင်တုန်းက ကျွန်မ ညီမလေးက သူမကို ပုံရိပ်ယောင်တောင်က အင်မော်တယ် လောကနဲ့ ဆက်နွှယ်ဖို့ သွေးစတေးမှု လုပ်ဖို့ ဖမ်းခေါ်သွားတယ် ဆိုပြီး ရုတ်တရက် သတင်းပို့လာတယ် ...
သူမကို အခြားလူငယ်လေး ကိုးယောက်နဲ့ အမျိုးသမီး နဲ့အတူတူ လည်ပင်းကို လှီးဖြတ်ခံရပြီးတော့ ပုံရိပ်ယောင်တောင်ကို အစီအရင် အသက်သွင်းဖို့ အသွေးအသား ပေးဆပ်ကြရတယ်။ ကမ္ဘာဦး စိတ်ဝိညာဉ်လေး မပျောက်ဆုံးခင် သူမက အားလုံးကို ပြောပြသွားတာ ”
မိုဝူကျီက ရှုသိုက်အနေဖြင့် သူ့ကို လိမ်ညာနေခြင်း မဟုတ်ကြောင်း သိလိုက်သည်။ သူမ စွမ်းရည်ဖြင့် ရှုသိုက်က သူ့ကို လိမ်ညာနိုင်မည် မဟုတ်ပေ။ ထို့အပြင် ရှုသိုက်က လွန်ချိုက်ကိုလည်း သိမည် မဟုတ်ပေ။
သူက ရုတ်တရက် နောင်တ ရလာမိသည်။ ပုံရိပ်ယောင်တောင်ကို ဖျက်ဆီးပစ်ဖို့ရာ အသည်းမမာ နိုင်သည့်အတွက် နောင်တရမိ၏။ သူက ရွိုက်ကောကို ကြည့်ကာ အနည်းငယ် အပြစ်ရှိစိတ် ခံစားမိလာ၏။ အကြောင်းမှာ သူက ရွိုက်ကောအပေါ် သိပ်ဂရုမစိုက်မိပေ။ အကယ်၍ ပုံရိပ်ယောင်တောင်က ချိန်စုယင် သို့မဟုတ် ယန်အာကို ဖမ်းဆီးထားပြီး သွေးစုပ်နေသည် ဆိုလျှင် ဒေါသကို ထိန်းထားပြီး ပုံရိပ်ယောင်တောင်ကို မဖျက်ဆီးဘဲ နေနိုင်မည်လား။ သေချာပေါက် မနေနိုင်ပေ။ သူက ပုံရိပ်ယောင်တောင်ကို သေချာပေါက် မီးလောင် တိုက်သွင်းပစ်မည် ဖြစ်၏။
“ပုံရိပ်ယောင်တောင်ကို ဖျက်ဆီးပစ်ဖို့ ကူညီပေးစေချင်လား ” မိုဝူကျီက မေးလိုက်သည်။
အကယ်၍ ရှုသိုက်က ပုံရိပ်ယောင်တောင်ကို ဖျက်ဆီးပစ်ချင်လျှင် သူက ကူညီဖို့ရာ ဝန်မလေးပေ။ သူက ထိုသို့ဂိုဏ်းမျိုးကို ဖျက်ဆီးပစ်၍ မည်သည့် အပြစ်ရှိစိတ်မှ ခံစားရမည် မဟုတ်ပေ။
ရှုသိုက်က ခေါင်းခါကာ
“ကျွန်မ မလုပ်ရဲပါဘူး … ကျွန်မ သေမှာ ကြောက်လို့ မဟုတ်ဘူး။ ဒါပေမဲ့ ပုံရိပ်ယောင်တောင်ကို စီနီယာနဲ့အတူတူ ဖျက်ဆီးလိုက်ရင် ကျွန်မရဲ့ ကျောက်စိမ်း မိန်းမပျိုလေးဂိုဏ်းအပေါ် သေချာပေါက် သက်ရောက်မှု ရှိလိမ့်မယ် ... ဂိုဏ်းချုပ်ကိုယ်တိုင် ကျွန်မကို ပြုစုပျိုးထောင်လာတာ အဲဒါကြောင့် ကျွန်မ မလုပ်နိုင်ဘူး”
မိုဝူကျီက ခေါင်းညိတ်ကာ “ကျုပ် နားလည်ပြီ ... အဲဆိုလည်း တက်လှမ်းဖို့ ပြင်ဆင်တော့ .. ကျုပ်တော့ ကျုပ်ဘာသာ ပုံရိပ်ယောင်တောင်ကို ဖျက်ဆီးပစ်မယ် ”
ထိုစဉ် မိုဝူကျီ စိတ်နှလုံးသား၌ သတ်ဖြတ် လိုစိတ်များနှင့်သာ ပြည့်နေသည်။ ယခင်သက်ညှာမှု အားလုံးလည်း အစအနမရှိ ပျောက်ကွယ်သွားပြီ ဖြစ်၏။ ယခင် သူ သက်ညှာပေးခဲ့သည်ကို ပုံရိပ်ယောင်တောင်က နားလည်ပုံ မရဘဲ သူ့ကို မဟာရန်သူတော်ကြီး အဖြစ် သတ်မှတ်လိုက်သေး၏။ ဤသို့ဆိုမှတော့ သူ့အနေနှင့် အဘယ်ကြောင့် သက်ညှာ ပေးနေရဦးမည်နည်း။
မဟာဧကရာဇ် လွန်ချိုက်က အင်မော်တယ်လောကမှ သူ့နေရာကို ဖျက်ဆီးပစ်ခဲ့ပြီး ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့က သူ့အား ကန်ထုတ်ပစ်ခဲ့သည်။ ယခု ပုံရိပ်ယောင်တောင်က သူ့အား အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်ပြလေရာ သူ့စိတ်ထဲမှ မီးတောက်ကို မည်သို့ ငြိမ်းသတ်နိုင်မည်နည်း။
ရှုသိုက်က မြန်မြန် ပြောလိုက်သည်
“စီနီယာ ကျွန်မလည်း ကျွန်မ ညီမအတွက် လက်စားချေပါ့မယ်။ ညီမလေးကို သတ်သွားတဲ့သူက ပုံရိပ်ယောင်တောင်ရဲ့ အကြီးအကဲ တိုင်ချီပါ။ သူ က မြေကမ္ဘာအင်မော်တယ် အဆင့် ၉ ဆိုတော့ မကြာခင် အင်မော်တယ်လောကဆီ ရောက်လာလိမ့်မယ်။ သူ့ကို အင်မော်တယ်လောက က စောင့်နေပြီး သတ်ပစ်မယ်။ ကျွန်မ ကျင့်ကြံဆင့် မြင့်လာတဲ့အခါကျ ပုံရိပ်ယောင်တောင်ကို ဖျက်ဆီးလိုပါတယ် …
အဲဒီအခါကျ စီနီယာ ကူညီပေးနိုင်မလား ”
မိုဝူကျီက ရယ်မောလိုက်ပြီး သူ့စိတ်ထဲမှ တင်းကျပ်မှု အားလုံးကို ဖြေလျော့ကာ
“ကျုပ်အတွက် အခု လက်စားချေနိုင်မယ် ဆိုရင် မနက်ဖြန်ကို မစောင့်ဘူး။ မနက်ဖြန်မှ လက်စားချေနိုင်မယ် ဆိုရင် သန်ဘက်ခါကို မစောင့်ဘူး ... နောင် အင်မော်တယ်လောကရဲ့ ပုံရိပ်ယောင်တောင်ကို ဖျက်ဆီးချင်ရင် ကျုပ် ကူညီပေးမယ်။
အခုတော့ ကျင့်ကြံခြင်း လောကရဲ့ ပုံရိပ်ယောင်တောင်ကို အမြစ်ကနေ ဖယ်ရှားပစ်ရမယ်။ တကယ်လို့ အလျင်မလိုရင် ဒီမှာ ကျုပ်ကို စောင့်နေပါ့လား”
မိုဝူကျီ စကားဆုံးသည်နှင့် သူက ရှုသိုက် အမြင်ရှေ့မှ ပျောက်ကွယ်သွားတော့သည်။
ယခု သူက သတ်ဖို့ရာ လိုအပ်နေ၏။
သူက ခြေဆယ်လှမ်းဖြင့် လူတစ်ယောက် မသတ်ဘဲ တစ်လှမ်းချင်းစီတွင် ဆယ်ယောက်မက သတ်ပစ်ချင်နေသည်။ ပုံရိပ်ယောင်တောင်ကို အမြစ် ဖြတ်ဖယ်ရှားဖို့ရာ စတင်နေလေပြီ။
ရှုသိုက် အသိပြန်ကပ်လာသည့် အချိန် မိုဝူကျီက မရှိတော့ချေ။
သူမက မိုဝူကျီနောက် လိုက်ကာ လက်စားချေလိုသော်လည်း သူမ မလုပ်လိုက်ပေ။ အကြောင်းမှာ သူမ သေရမည်ကို ကြောက်ရွံ့၍ မဟုတ်ဘဲ ကျောက်စိမ်း မိန်းမပျိုလေးဂိုဏ်း အနေဖြင့် ပါဝင်ပတ်သက် သွားမည်ကို စိုးရိမ်၍ ဖြစ်၏။
***
လွန်ခဲ့သည့် လအနည်းငယ်ခန့်က ပုံရိပ်ယောင်တောင်၏ အဆင့်မြင့် ကျင့်ကြံသူများစွာ အသတ်ခံလိုက်ရသော်လည်း ထန်အန်းရွမ်က စိတ်ဓာတ် ကျမနေပေ။ စိတ်အနှောင့်အယှက် ပေးသော ထျန်းကျစ်ခို့က အမှိုက်ဖြစ်သွားပြီး အားကောင်းသော အကြီးအကဲတချို့ အသတ်ခံလိုက်ရသည်။
ထိုမျှတင် မကပေ။ သူက အင်မော်တယ်လောကမှ ကျင့်ကြံခြင်း အထောက်အပံ့များစွာ ရရှိလိုက်၏။ ဤလပိုင်းအတွင်း သူ့ကျင့်ကြံဆင့်မှာ မြေကမ္ဘာ အင်မော်တယ်အဆင့် ၄ မှ အဆင့် ၅ သို့ ရောက်ရှိသွားလေသည်။ နောင်နှစ် အနည်းငယ်ကြာလျှင် သူ ထန်အန်းရွမ်က မြေကမ္ဘာအင်မော်တယ် ပြီးပြည့်စုံခြင်း အဆင့် ရောက်ရှိလာမည် ဖြစ်ကြောင်း သေချာ၏။
ပုံရိပ်ယောင်တောင်က အမှန်ပင် အင်မတန် အားကောင်းပေသည်။ တခြား မည့်သည့် ဂိုဏ်းကများ ပုံရိပ်ယောင်တောင် ဂိုဏ်းကဲ့သို့ အင်မော်တယ်လောကနှင့် မကြာခဏ ဆက်သွယ်နိုင်မည်နည်း။ ပုံရိပ်ယောင်တောင် တစ်ဂိုဏ်းတည်းသာ ထိုသို့ လုပ်ဆောင်နိုင်လေသည်။ အကြောင်းမှာ ပုံရိပ်ယောင်တောင်၏ ကျင့်စဉ်က ထိုမျှ အံ့အားသင့်စရာ ကောင်းနေ၍ မဟုတ်ဘဲ ပုံရိပ်ယောင်တောင်တွင် ကမ္ဘာကူး ဆက်သွယ်ရေး လျှို့ဝှက်ချက် ရှိနေ၍ ဖြစ်သည်။
ယနေ့ ထန်အန်းရွမ်က အတော်လေး ပျော်ရွှင်မိနေသည်။ အကြောင်းမှာ ပုံရိပ်ယောင်တောင်၏ ကာကွယ်ရေး အစီအရင်ကို အပြည့်အဝ ပြန်လည် ပြင်ဆင်ပြီးတော့မည် ဖြစ်၏။
ထိုအခိုက်အတန့်လေး၌ ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။
“ဘာတွေ ဖြစ်နေတာလဲ ”ထန်အန်းရွမ်က အဝင်ဝဆီ ချက်ချင်း ပြေးသွားလိုက်သည်။ သူ ပထမဆုံး မြင်လိုက်ရသည့်သူမှာ မိုဝူကျီ ဖြစ်၏။
ယခင်အချိန်များနှင့် ကွဲပြားစွာ မိုဝူကျီက မှော်ရတနာ ကိုင်ဆောင်ထားပြီး ထိုမှော်ရတနာမှာ ဓားမော့တစ်ချောင်း ဖြစ်၏။ ယခု ပေါက်ကွဲမှုမှာ မိုဝူကျီက ဂိုဏ်း၏ ကာကွယ်ရေး အစီအရင်ကို ဓားမော့နှင့် ဖျက်ဆီးပစ်လိုက်၍ ဖြစ်သည်။
“စီနီယာမို ဘာလို့များ ရောက်လာတာလဲ” ထန်အန်းရွမ်၏ စိတ်ထဲ လေးလံမိသွားသည်။ သူက လူများလွှတ်၍ မိုဝူကျီ၏ တည်နေရာကို စုံစမ်းခဲ့သော်လည်း သူ မလိုချင်ဆုံး အရာမှာ မိုဝူကျီက ပုံရိပ်ယောင်တောင်ဆီ နောက်တစ်ဖန် ရောက်ရှိလာသည့် ကိစ္စ ဖြစ်၏။
မိုဝူကျီက သူ့ကို ပြန်ဖြေဖို့ရာပင် အာရုံမရှိချေ။ သူက ဓားမော့ကို ယမ်းလိုက်သည့်အခါ အဖြူရောင် အလင်းတန်းက ဖျတ်ခနဲ ဖြတ်ပြေးသွား၏။
ထန်အန်းရွမ်၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်း ပြတ်သွားသည်။
ထွက်လာကြသော အကြီးအကဲ တချို့က စကားပြောချိန်ပင် မရလိုက်ဘဲ သူတို့သည်လည်း နှစ်ပိုင်း ပြတ်ကုန်ကြသည်။
“ဘုန်း ဘုန်း ဘုန်း” ထိုစဉ် ပုံရိပ်ယောင်တောင် တစ်ခုလုံး ဆူညံနေလေ၏။ ဂိုဏ်းချုပ်၊ အကြီးအကဲ၊ ဂိုဏ်းသား မည်သူပင် ဖြစ်စေ သူတို့ပေါ်လာသည်နှင့် အဖြူရောင် အလင်းတန်းကြောင့် နှစ်ပိုင်း ပြတ်ကုန်ကြရသည်။
နှစ်များစွာ ကြာမြင့်ခဲ့သော ဂိုဏ်းတစ်ခုမှာ ယခုအခါ မိုဝူကျီ၏ ဓားမော့လက်ချက်ဖြင့် ဖုန်မှုန့်ဘဝ ရောက်ရှိသွားတော့သည်။ ကျင့်ကြံသူ တချို့က မိုဝူကျီ ရောက်ရှိလာသည်ကို ကြား၍ လေ့လာရန် ရောက်လာကြ၏။ ထိုကျင့်ကြံသူများက မိုဝူကျီသည် အင်မော်တယ်လောကမှ ဖြစ်သောကြောင့် ပုံရိပ်ယောင်တောင်ရှိ ရတနာများမှာ မိုဝူကျီအတွက် အမှိုက်သာသာ ဖြစ်ကြောင်း သိကြ၏။
သို့သော်လည်း သူတို့အတွက် ကွဲပြားပေသည်။ သူတို့က ကျင့်ကြံခြင်း လောကမှ ဖြစ်ပြီး မိုဝူကျီ ထွက်သွားသည်နှင့် ပုံရိပ်ယောင်တောင်မှ ရတနာများကို ကောက်ယူရန် ရောက်နေကြခြင်း ဖြစ်ပေသည်။
မိုဝူကျီက ပုံရိပ်ယောင်တောင်တွင် ကြာကြာမနေဘဲ အမွှေးတိုင်တစ်ဝက်စာ ကြာချိန်လေးအတွင်း ပုံရိပ်ယောင်တောင်၏ ဂိတ်တံခါးနှင့် ဂိုဏ်းကာကွယ်ရေး အစီအရင်တို့မှာ ဖုန်မှုန့်အဖြစ် ပြောင်းလဲ သွားတော့သည်။ ပုံရိပ်ယောင်တောင်၏ တောင်ဆယ်လုံးမှာ မြေပြင်ပေါ် ပြားပြားဝပ်နေပြီ ဖြစ်၏။ ဆေးလုံးခန်းမများ၊ စာကြည့်တိုက်များ၊ စိတ်ဝိညာဉ် အနှစ်သာရ ရေကန်တို့မှာ အမှုန့်ဖြစ်ကုန်ကြသည်။
မိုဝူကျီ ထွက်သွားသည့်အခါ မြောက်မြားစွာသော ကျင့်ကြံသူများက ဝင်လာကြသည်။ ထိုစဉ် ပုံရိပ်ယောင်တောင်မှာ လျှို့ဝှက်နယ်မြေ တစ်ခုကဲ့သို့ ဖြစ်နေပြီး အရင်ဝင်သည့်သူ ရတနာ ပိုရလေ ဖြစ်၏။
တချို့ အဆင့်နိမ့် တပည့်ဂိုဏ်းသားများကို မိုဝူကျီကို သတ်ရန် အာရုံမရှိပေ။ သူတို့က ချက်ချင်း ပြေးဝင်လာကြသော လူအုပ်ကြီးနှင့် ရင်ဆိုင်ရသောကြောင့် ခါးသက်သက် ဖြစ်နေကြသည်။ တချို့သော တပည့်ဂိုဏ်းသားများက ဂိုဏ်းသား ဝတ်ရုံများကို ချွတ်ပစ်ပြီး ဖျက်ဆီးသည့်အထဲ ပါဝင်လိုက်ကြသည်။
ပုံရိပ်ယောင်တောင် ဖျက်ဆီးခံလိုက်ရသည့် သတင်းမှာ ဟိုင်ယီနယ်မြေ အတွင်း ပျံ့နှံ့သွားလေ၏။ မြောက်မြားစွာသော ကျင့်ကြံသူများက ပုံရိပ်ယောင်တောင်ဆီ အပြေးအလွှား ရောက်လာပြကြီး ရတနာ လာရှာကြသည်။ အများစုက ပုံရိပ်ယောင်တောင်၏ မိုင်းတွင်းများနှင့် ကုန်သည် အိမ်တော်များကို ဝင်ရောက်ယူကုန်ကြသည်။
တစ်ညတာအတွင်း ဟိုင်ယီနယ်မြေ၏ အားအကောင်းဆုံး ဂိုဏ်းမှာ တိမ်တိုက်လို ပျောက်ကွယ် သွားရသည်။ ဤသို့ ဂိုဏ်းမျိုးကို တည်ထောင်ရန် နှစ်များစွာ ကြာသော်လည်း ဖျက်ဆီးဖို့ရာ အမွှေးတိုင် တစ်ဝက်စာခန့်သာ လိုအပ်၏။
***
ရှုသိုက်က ပုံရိပ်ယောင်တောင် ဖျက်ဆီး ခံလိုက်ရပြီ ဆိုသော သတင်းကို လက်ခံလိုက်ရစဉ် မိုဝူကျီက သူမရှေ့ ပြန်ရောက်လာ၏။
“စီနီယာက ပုံရိပ်ယောင်တောင်ကို မြန်မြန် ဖျက်ဆီး ပစ်နိုင်ခဲ့တာပါ့လား” ရှုသိုက်အသံမှာ တုန်ယင်နေပေသည်။ သူမက မယုံမကြည်နိုင် ဖြစ်နေဆဲ ဖြစ်၏။ သူမက သူမဂိုဏ်းဆီမှ ပုံရိပ်ယောင်တောင်မှာ မိုဝူကျီကြောင့် မြေပေါ် ပြားပြားဝပ်သွားပြီ ဖြစ်ကြောင်း၊ ပုံရိပ်ယောင်တောင်မှ ကျင့်ကြံသူများစွာ အသတ် ခံလိုက်ရကြောင်း သတင်းရလာခါစ ဖြစ်၏။ ပြောရလျှင် ဟိုင်ယီနယ်မြေ၏ ပုံရိပ်ယောင်တောင်မှာ လုံးဝ ပြီးဆုံးသွားလေပြီ။
မိုဝူကျီက ရှုသိုက်အား သိုလှောင်လက်စွပ် တစ်ကွင်းပေးကာ “ကျုပ် အသက်ကို ကယ်ပေးတာ ကျေးဇူးတင်ပါတယ်။ တကယ်လို့ အဲဒီအကြောင်းသာ မပြောပြခဲ့ရင် ကျုပ် သေသွားလောက်တယ်။ ဒီလက်စွပ်က ကျုပ် ကျေးဇူးတင်တဲ့ အနေနဲ့ ပေးတာပါ ... မိုးကြိုး စမ်းသပ်ချက်အတွက် ခင်ဗျားရဲ့ ဂိုဏ်းဆီ ပြန်တာက ပိုကောင်းမယ်လို့ ထင်တယ် … ”
မိုဝူကျီက အပို ပြောမနေပေ။ လက်ရှိ အခြေအနေများအရ သူ အင်မော်တယ်လောကထဲ ဝင်လိုက်သည်နှင့် ဖမ်းချုပ်ကာ မဟာဧကရာဇ် လွန်ချိုက်ဆီ ပို့ဆောင် ခံရလောက်ပေသည်။
ယခင် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ အဆင့်အတန်းကို အသုံးပြုဖို့ ကြံရွယ်ထားသည်မှာ တကယ်ကို ရယ်စရာ ဖြစ်နေ၏။ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့က သူ့အား လက်လျှော့လိုက်ပြီ ဖြစ်ရာ သူ အသက်ရှင်နေမှန်း သိလျှင်ပင် သူတို့နှင့် တစ်သားတည်း ဖြစ်ကြောင်း တွေးရအောင် ရူးမိုက်မည် မဟုတ်ပေ။ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ အနေနှင့် သူအား အတိုက်အခံ ပြုလောက်ပေသည်။ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ ကဲ့သို့ ကြီးမားသည့် အဖွဲ့အစည်းက သူ့ကဲ့သို့ ဘဝင်မကျသည့် ပါရမီရှင် ဆေးလုံးဆရာ တစ်ယောက်ကို အသက်ရှင်ခွင့် ပေးမည် မဟုတ်ချေ။
***