မိုဝူကျီကို သတ်ပစ်ရမယ်
Vol. 43 Ch. 598
ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်ရှိ အင်မော်တယ် ဝိညာဉ်စွမ်းအားများ သိပ်သည်းနေသော ဂူမှာ သူ့အလိုလို ပွင့်လာပြီး မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်လေး ထွက်လာသည်။ ထိုလူငယ်တွင် ထူးချွန်ထက်မြက်သည့် ကြင်အင် လက္ခဏာရှိပြီး ခန္ဓာကိုယ် ထောင်ထောင်မောင်းမောင်း မဟုတ်သော်ငြား ကျစ်ကျစ်လျစ်လျစ် ရှိလှသည်။
“မဟာမိတ်အဖွဲ့ ခေါင်းဆောင် တံခါးပိတ် ပြီးမြောက်သွားတဲ့ အတွက် ဂုဏ်ပြုပါတယ်” လူငယ်လေး ထွက်လာသည်နှင့် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် ဆေးလုံးဆရာ ဆယ်ယောက်ကျော်က လေးလေးစားစား ဦးညွှတ်လိုက်ကြသည်။ ထိုလူငယ်လေးမှာ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ရှောင်လီရှီ ဖြစ်ပြီး မဟာမိတ်အဖွဲ့၌ အဆင့်မြင့်ဆုံး လူတစ်ယောက် ဖြစ်လေသည်။ သူက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ အင်မော်တယ် ဧကရာဇ် တစ်ယောက်လည်း ဖြစ်ပေ၏။ အကယ်၍ သူ့စိတ်နှလုံးသား တစ်ခုလုံးကို ဆေးလုံးတာအို အပေါ်၌ နှစ်မြှုပ်မထားလျှင် အရည်အချင်း၊ နောက်ခံ ရှိသည့် သူ့လိုလူမျိုးမှာ ဟိုးစဉ်ကတည်းမှ မဟာအင်မော်တယ် ဧကရာဇ်အဆင့်ထဲ ရောက်နေလောက်လေပြီ။
ရှောင်လီရှီ၏ အမူအရာမှာ မပြောင်းမလဲ ရှိနေပြီး တည်တည်ငြိမ်ငြိမ်သာ ရှိနေသည်။ သူ့ခန္ဓာကိုယ်ပေါ်၌ ဖုန်မှုန့်တစ်စက်ပင် ရှိမနေချေ။ အကယ်၍ သူစိမ်းများက သူ့အား မြင်ပါက နှစ်ထောင်ချီ တံခါးပိတ် လေ့ကျင့်နေရာမှ ထွက်လာသည်ဟု မထင်လောက်ပေ။ ထို့အစား သူ့အိပ်ခန်းမှ ထလာသည်ဟုသာ ထင်မှားကြလိမ့်မည်။
“အားလုံး ကျုပ်ကို ကြိုဆိုပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ အရင်ဆုံး ဆေးလုံး တာအိုခန်းမထဲ သွားကြတာပေါ့ ” ရှောင်လီရှီက လက်ကို မြှောက်ကာ ပျူပျူငှာငှာ ပြောလိုက်သည်။
ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ အဆင့် ၇ ဆေးလုံးဧကရာဇ် ကုန်းယန်ရွယ်က ဆေးလုံးများအကြောင်း စွဲလမ်းလေရာ သူတို့ ဆေးလုံးတာအို ခန်းမသို့ မရောက်ခင် သူက မနေနိုင်ဘဲ မေးလိုက်သည် “မဟာမိတ်ခေါင်းဆောင် အဆင့် ၉ ဆေးလုံး ဧကရာဇ်အဆင့် အတားအဆီးကို ကျော်ဖြတ် နိုင်သွားပြီလား ”
ရှောင်လီရှီက သက်ပြင်းချကာ ပြန်ဖြေပေးလိုက်သည် “ကျုပ် နှစ်ထောင်ချီပြီး တံခါးပိတ် လေ့ကျင့်ခဲ့ပေမဲ့ ကျုပ် အတားအဆီး အစွန်းများနား ရောက်တိုင်း နည်းနည်း လိုအပ်နေတုန်းပဲ ... ဖြစ်နိုင်တာက နောက်ထပ် နှစ်ပေါင်း သိန်းချီကြာရင်တောင် ကျုပ် အဲဒီအတားအဆီးကို ကျော်ဖြတ်နိုင်ဦးမှာ မဟုတ်ဘူး ”
ထိုသို့ကြားပြီး ကုန်းယန်ရွယ် အမူအရာမှာ သုန်မှုန်သွားလေ၏။
ရှောင်လီရှီက ကုန်းယန်ရွယ်၏ စရိုက်ကို ကောင်းကောင်း သိသည့်အတွက် ပြုံးကာ ပြောလိုက်သည် “ဆေးလုံးဆရာကုန်း … ကျုပ်က အဆင့် ၉ ဆေးလုံး ဧကရာဇ်အဆင့် မတက်လှမ်း နိုင်ခဲ့ပေမဲ့ အင်မော်တယ် လောကမှာ အကောင်းဆုံး ဆေးလုံးဆရာ ဖြစ်နေဆဲပဲလေ။ ဒီတစ်ခါ တံခါးပိတ် လေ့ကျင့်ပြီးတော့ ကျုပ် ဆေးလုံးတာအို အပေါ် နားလည်မှုက ပိုပြီး တိုးတက်လာတယ်။ ပြီးတော့ နောက်နှစ်တစ်သောင်း ဆိုရင်တောင် အဆင့် ၉ ဆေးလုံး ဧကရာဇ် ပေါ်လာဦးမှာ မဟုတ်ဘူး ”
သို့သော်လည်း ကုန်းယန်ရွယ်က ရှောင်လီရှီသည် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ ခေါင်းဆောင် ဖြစ်နေသည့် အချက်ကို လျစ်လျူရှုထားဟန်ဖြင့် ခေါင်းခါကာ တွေဝေခြင်းမရှိ ပြောလိုက်သည် “အဲလိုတော့ မဟုတ်လောက်ဘူး။ အဲဒီမိုဝူကျီက နှစ်တစ်ရာတောင် မရှိသေးပေမဲ့ ဂုဏ်ထူးဆောင် အဆင့် ၅ ဆေးလုံးဘုရင် ဖြစ်နေပြီ။ အင်မော်တယ် ဆေးပင်တွေအပေါ် သူ့နားလည်နိုင်စွမ်းက ပိုကြောက်ဖို့ ကောင်းတယ်။ သူက ကျောက်စိမ်းတလည်း အပင်ကို ရာနှုန်းပြည့်နီးပါးအထိ သန့်စင်နိုင်တယ်။ သူ ဆေးလုံးဧကရာဇ် ဖြစ်လာဖို့ အချိန်တစ်ခုပဲ လိုမှာ ... ”
“မိုဝူကျီက ဘယ်သူလဲ ... နှစ်တစ်ရာတောင် မရှိသေးဘဲ ဂုဏ်ထူးဆောင် ဆေးလုံးဘုရင် ဖြစ်နေပြီလား … ကျောက်စိမ်းတလည်း အပင်ကို တကယ်ကြီး ရာနှုန်းပြည့် သန့်စင်နိုင်ခဲ့တာလား” ရှောင်လီရှီက ရပ်လိုက်ပြီး လုံးဝ အံ့ဩသွားဟန်ဖြင့် မေးခွန်းမျာ တရစပ် မေးလိုက်သည်။
အဆင့် ၉ ဆေးလုံးဧကရာဇ် အဆင့် တက်လှမ်းခါနီး ဖြစ်နေသည့် ဆေးလုံးဆရာ တစ်ယောက်အနေနှင့် ရှောင်လီရှီက သက်တမ်း တစ်ရာအောက် ဂုဏ်ထူးဆောင် အဆင့် ၅ ဆေးလုံးဘုရင်မှာ မည်သို့အရာဖြစ်ကြောင်း အားလုံးထက် ပိုသိပေသည်။ အကယ်၍ သူ ဆိုလျှင်ပင် ဆေးလုံး ဖော်စပ်ခြင်း၌ အခက်ခဲဆုံးအပိုင်းမှာ အင်မော်တယ် ဆေးပင်များ သန့်စင်ဖို့ရာ ဖြစ်ပြီး ကျောက်စိမ်းတလည်း အပင်မှာ အဆင့်မမြင့်သော်လည်း သန့်စင်ရာ၌ ခက်ခဲမှုမှာ အများသိကြ၏။ ဤသို့သော အင်မော်တယ်ဆေးပင်ကို သူကိုယ်တိုင်ပင် ရာနှုန်းပြည့်နီးပါး ရောက်အောင် မသန့်စင်နိုင်ပေ။
အကယ်၍ ဤသို့လူမျိုး တည်ရှိနေလျှင် ထိုလူ၏ ဆေးလုံး ဖော်စပ်ခြင်းက မည်မျှပါရမီ ကောင်းနေသနည်း။ မဟုတ်သေးဘူး ... ဆေးလုံး ဖော်စပ်ခြင်းတွင်ပင် မကပေ။ ကျင့်ကြံခြင်း၌လည်း ပြိုင်ဘက်ကင်းပေလိမ့်မည်။
ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင် ဟူကျန်းယွီက ရှေ့တက်လာကာ ပြောလိုက်သည် “ခေါင်းဆောင် … အဲဒီနောက်က ဇာတ်ကြောင်းက ရှည်ပါတယ် ... ခန်းမထဲ ရောက်ရင် ဆက်ပြောပြပါ့မယ်”
ရှားလီရှီက ဟူကျန်းယွီကို ဘာမှပြန်မပြောဘဲ ကုန်းယန်ရွယ်ကို ကြည့်ကာ “ဒီကျုပ်တို့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှာ အသက်တစ်ရာအောက် ဂုဏ်ထူးဆောင် အဆင့် ၅ ဆေးလုံးဘုရင် ရှိတယ်ဆိုရင် သူက သေချာပေါက် အင်မော်တယ် လောကရဲ့ ဆေးလုံးတာအိုမှာ နံပါတ်တစ်ဆိုတာ အသေအချာပဲ။ မဟုတ်သေးဘူး ပြောရရင် ကျင့်ကြံဆင့်မှာရော သူ့ကို ကျော်နိုင်တဲ့သူ များများစားစား ရှိမှာ မဟုတ်ဘူး”
ရှောင်လီရှီအတွက် အဆင့် ၅ ပြိုင်ဘက်ကင်း ဆေးလုံးများကို ဖော်စပ်နိုင်ရန် အနည်းဆုံး မဟာယီရှန်းအဆင့် ရောက်ဖို့ လိုအပ်ပေသည်။ သူက မိုဝူကျီသည် သေမျိုး ဝိညာဉ်ကြောရှိပြီး ချီသွေးကြော ၁၀၈ ခုနှင့် ချီသွေးကြော ကျင့်စဉ်ကို ကျင့်ကြံမှန်း မသိသည်မှာ ပုံမှန်ကိစ္စသာ ဖြစ်၏။ သူ့ဆေးလုံး တာအိုမှာလည်း တခြားသူများနှင့် ကွဲပြားနေပေသည်။
မည်သူကများ အင်မော်တယ် ဆေးပင်များကို ရာနှုန်းပြည့် သန့်စင်နိုင်မည်နည်း။ မိုဝူကျီမှ လွဲ၍ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းကို အသုံးပြုပြီး ဆေးလုံး ဖော်စပ်နိုင်မည်နည်း။ မိုဝူကျီ တစ်ယောက်သာ ရှိ၏။
ကုန်းယန်ရွယ်က အာဏာကို စိတ်မဝင်စားပေ။ သူ့စိတ်ဝင်စားသည့် အရာမှာ ဆေးလုံးတာအိုသာ ဖြစ်၏။ သူ့အတွက် မိုဝူကျီ သတင်းမှာ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ အကြီးအကဲ တစ်ဦး ပျောက်ကွယ်သွားသည့် သတင်းဖြစ်ရုံ အပြင် မပိုပေ။ သူ့အနေဖြင့် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့နှင့် လွန်ချိုက်တို့ကြားမှ အပေးအယူကိုလည်း မသိသလို သိလည်း မသိချင်ပေ။
ရှောင်လီရှီ ပြောလိုက်သည့် စကားမှာ ဟူကျန်းယွီအား ရည်ရွယ်နေမှန်း သိသာလှသည်။ သူ့စကားအဆုံးတွင် ဟူကျန်းယွီဘက် လှည့်ကာ တစ်ခွန်းသာ ပြောလိုက်သည်
“ပြော ”
သူ့စိတ်ထဲ၌ ဟူကျန်းယွီက လန့်ဖြတ်မိသွား၏။ ခေါင်းဆောင် စကားများကို မည်သို့ နားမလည်ဘဲ နေမည်နည်း။ ရှောင်လီရှီက ကုန်းယန်ရွယ်မှာ ဆေးလုံးတာအို အပေါ်၌သာ အာရုံစိုက်ထားပြီး တခြားဘာကိုမှ ဂရုမစိုက်ကြောင်း သေချာ သိနေသည်။ ထိုသို့ဆိုလျှင်ပင် ခေါင်းဆောင်က ဤသို့ ပြောသည်မှာ ခေါင်းဆောင် အနေနှင့် သူ့ကို မကျေနပ်ကြောင်း ပြသနေသည် မဟုတ်ပါလော။ ရှောင်လီရှီက ထိုအရာမှာ အရေးကြီးသည်ဟု ခံစားမိသော်လည်း ဟူကျန်းယွီက အရေးမကြီးသည့် အလား ပြောခဲ့သောကြောင့် ရှင်းပြဖို့ရာ ခက်ခဲနေပေသည်။
ထို့ကြောင့် ဟူကျန်းယွီက လျှောက်မပြောရဲတော့ဘဲ တင်ပြလိုက်သည် “မိုဝူကျီရဲ့ ဆေးလုံးတာအို အပေါ် နားလည်နိုင်စွမ်းက အတော်လေး ကြောက်စရာ ကောင်းပါတယ်။ သူ ပထမဆုံးအကြိမ် ဆေးလုံးဘုံ စစ်ဆေးမှုကို ဝင်ဖြေဖြေချင်းကို ဂုဏ်ထူးဆောင် အဆင့် ၄ ဆေးလုံးဘုရင် တန်းဖြစ်လာခဲ့တယ်။ ကျုပ်တို့ရဲ့ အကြီးအကဲ ဖြစ်သလို စူးခရာ အင်မော်တယ် အဖွဲ့ခွဲရဲ့ အကြီးအကဲလည်း ဖြစ်လာခဲ့တယ် ... ”
မိုဝူကျီက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ အကြီးအကဲဖြစ်ကြောင်း ကြားသောအခါ ရှောင်လီရှီက သက်ပြင်း ချလိုက်မိသည်။ သူ လုပ်ဖို့ လိုသည့်အရာမှာ မိုဝူကျီနှင့် တွေ့ဆုံရန်သာ ဖြစ်၏။
သို့သော် ဟူကျန်းယွီ ပြောလိုက်သည့် စကားမှာ သူ့အား မျက်နှာပုပ်သိုး သွားစေသည်။ မိုဝူကျီက စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း ရေကန်မှာ သေဆုံးသွားပြီး ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ အနေနှင့် မဟာဧကရာဇ် လွန်ချိုက်နှင့် သဘောတူညီမှု ရယူထားကာ မိုဝူကျီ အနီးအနားမှ လူများကို ရှင်းပစ်လိုက်ကြောင်း ကြားသောအခါ ရှောင်လီရှီက သည်းမခံနိုင်တော့ဘဲ ရှေ့တိုးကာ ပါးရိုက် ချလိုက်တော့သည်။
“ဖြောင်း” ဟူကျန်းယွီက ရှောင်လီရှီ၏ ရိုက်ချက်ကြောင့် လွှင့်ထွက်သွားကာ သွားများပင် ပြုတ်ကျလာသည်။
ဟူကျန်းယွီက ရှောင်လီရှီမှာ သူ့ကို လျှော့ပေးထားကြောင်း သိပေသည်။ မဟုတ်လျှင် အင်မော်တယ်ဧကရာဇ် တစ်ယောက်အနေနှင့် သူ့ကို ရိုက်ချဖို့ တစ်စက္ကန့်မျှ လိုအပ်နေမည်နည်း။
“ခေါင်းဆောင် ... သူ မသေသေးတာတော့ ကျုပ်လည်း မသိပါဘူး” ဟူကျန်းယွီက အခြားလူများ ရှေ့တွင် ခက်ထန်ကြမ်းတမ်းဟန် ရှိသော်လည်း ရှောင်လီရှီရှေ့၌ ထိုသို့ မလုပ်ရဲပေ။
ရှောင်လီရှီက သက်ပြင်းချလိုက်ပြီး ပြောလိုက်သည် “မင်းက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် အဖွဲ့ရဲ့ ဒုခေါင်းဆောင် မဖြစ်ထိုက်တော့ဘူး။ မင်းကို မိုဝူကျီ သေလို့ ရိုက်လိုက်တယ် ထင်နေတာလား။ ငါတို့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့က အင်မော်တယ် လောကရဲ့ ထိပ်ဆုံးမှာ နှစ်များစွာ ရပ်တည်ခဲ့တာ ငါတို့အဖွဲ့သားတွေ အားလုံးက ပံ့ပိုးပေးခဲ့လို့ပဲ ... အခု မင်း ဘာလုပ်လိုက်ပြီတုန်း ... နတ်ဘုရားမျှော်စင် ဝင်ခွင့်က ဘယ်လောက် အဖိုးတန်တန် ငါတို့ နှစ်များစွာ တည်ဆောက်လာခဲ့တဲ့ ဂုဏ်သတင်းကို လက်လျှော့ရအောင် အဖိုးတန်လို့လား
မဟာဧကရာဇ် လွန်ချိုက်က အားကောင်းနေရင်လည်း ဘာအရေးလဲ ... ငါတို့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ကို ဘယ်သူမှ မခြိမ်းခြောက်ဖူးဘူး။ ငါတို့တွေ ကြောက်ရွံ့ရတဲ့ တည်ရှိမှုမျိုး ဖြစ်လာတာက ဆေးလုံးတာအိုက လွဲရင် ငါတို့ရဲ့ အင်အားကြောင့်ပဲ ... မဟာဧကရာဇ်က ငါတို့အဖွဲ့ကို လာခြိမ်းခြောက်ရဲတယ် ဆိုရင် ငါတို့အနေနဲ့ ဆက်လက် တည်ရှိနေဖို့ အကြောင်းအရင်း မရှိတော့ဘူး
ဟူကျန်းယွီ … မင်းရဲ့ ဆုံးဖြတ်ချက်ကြောင့် ငါတို့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ ဘယ်လောက် ပျက်စီးသွားတုန်း သိလား။ မိုဝူကျီရဲ့ အနီးကလူတွေ အသတ်ခံရတာက မဟာမိတ်အတွင်းမှာ သွေးကွဲမှု ဖြစ်လာလိမ့်မယ်။ အဲဒီသွေးကွဲမှုက ပြင်ပကြောင့် မဟုတ်ဘဲ အတွင်းလူကြောင့်ပဲ ဖြစ်လိမ့်မယ် …
မဟာဧကရာဇ် လွန်ချိုက်က ငါတို့အဖွဲ့မှာ အကြာကြီး ရှိလာတဲ့ အကြီးအကဲတွေအပေါ် လှုပ်ရှားလာခဲ့ရင် ဆေးလုံးဆရာတွေနဲ့ ကာကွယ်သူတွေ အနေနဲ့ တစ်ချက်ကို နားလည်ရမယ်။ သူတို့တွေ တစ်ခုခု ဖြစ်သွားရင် ငါတို့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့က အကူအညီအတွက် ဘယ်အပေါ်မှ မှီခိုလို့ မရတော့ဘူး။ ဒီလို အဖွဲ့အစည်းအတွက် ဘယ်သူကများ သူတို့အားလုံး ပေးအပ်ကြမှာလဲ”
သို့သော်လည်း ဟူကျန်းယွီက ရှောင်လီရှီ ပြောသည့်အရာများကို သဘောမတူပေ။ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှာ အင်မော်တယ်လောက၌ ထူးခြားသော တည်ရှိမှုမျိုး ဖြစ်ပေသည်။ အင်မော်တယ်လောက၌ လွှမ်းမိုးမှု ပျောက်ကွယ်သွားပြီး ထိန်းချုပ်ခံရမည့် အဖွဲ့အစည်းမျိုး မဟုတ်ပေ။
ထိုအရာမှာ သူ့အတွေးမျှသာ ဖြစ်သော်လည်း ဟူကျန်းယွီက ပြန်ဖြေလိုက်၏ “ကျုပ် မိုဝူကျီကို အင်မော်တယ် လောကဆီ ဘေးကင်းကင်း ပြန်ခေါ်လာပါ့မယ်။ ပြီးရင် သူ့အဆင့်အတန်းကို ပြန်ပေးလိုက်ပါ့မယ်”
ထိုစကားများကြောင့် ရှောင်လီရှီက နောက်တစ်ဖန် သက်ပြင်း ချလိုက်ပြန်သည် “မင်းကို ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ ဒုခေါင်းဆောင် ခန့်လိုက်တာက ငါ့ဘဝရဲ့ အကြီးမားဆုံး အမှားပဲ ... ငါက မိုဝူကျီကို မတွေ့ဖူးပေမဲ့ အဆင့် ၅ ဂုဏ်ထူးဆောင် ဆေးလုံးဘုရင်က မင်းလိုမျိုး တုံးအနေမယ်လို့ ထင်နေလား။ တကယ်လို့ လွန်ချိုက်က မလှုပ်ရှားသေးဘဲ သူ့မိတ်ဆွေတွေကို မသတ်ရသေးရင် မင်းရဲ့ အပြုအမူတွေကို လက်ခံပေးလို့ ရကောင်းရနိုင်ပေမဲ့ အခု အားလုံးလည်း သေကုန်ပြီ။ ငါတို့တွေ ဒူးထောက်ပြီး တောင်းပန်ရင်တောင် ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး။ သူ့လိုမျိုး ပါရမီရှင်က ပိုပြီးတော့တောင် မောက်မာပြီး အတ္တကြီးဦးမယ် ... သူ့စိတ်နှလုံးသားထဲ ဘယ်လို အရိပ်မည်းမှ ဖြစ်ပေါ်လာ ခွင့်ပြုမှာ မဟုတ်ဘူး။ ငါတို့တွေ အဲလိုလူမျိုးကို ရန်စမိထားမှတော့ နည်းလမ်းတစ်ခုပဲ ရှိတော့တယ်”
ဆက်မပြောတော့ဘဲ အားလုံးက ရှောင်လီရှီ ဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်သွားပေသည်။ ဆေးလုံးတာအို အင်မော်တယ်အဖွဲ့က မိုဝူကျီကို သတ်ပစ်မည် ဖြစ်၏။
နောက်ကွယ်မှ အကြောင်းအရင်းမှာ ရိုးရှင်းပေသည်။ မိုဝူကျီကဲ့သို့ အံ့အားသင့်စရာ ကောင်းသူမှာ အဆင့် တက်လှမ်းပြီးနောက် ပို၍ ထူးခြားသောသူ ဖြစ်လာလိမ့်မည်။ အကယ်၍ သူက ဤသို့မျိုး လူများနှင့် မိတ်ဆွေ မဖွဲ့နိုင်လျှင် အနည်းဆုံးတော့ ရန်မစမိစေဖို့ လိုအပ်၏။ ရန်စမိသည်နှင့် တစ်ခုတည်းသော ရွေးချယ်စရာမှာ အမြစ် ဖြတ်ရှင်းပစ်ရန် ဖြစ်ပေသည်။
အားလုံးက အကုန်အတူတူ ဖြစ်ပေရာ ရှောင်လီရှီလည်း မိုဝူကျီအကြောင်း ဆက်မပြောတော့ပေ။
ဟူကျန်းယွီက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင်နေရာ မဟုတ်တော့ကြောင်း သေချာသိလိုက်သည်။ သူ့ကိုသူ သက်ပြင်းချလိုက်ပြီးနောက် ဦးညွှတ်ကာ “ကျန်းယွီက အသေအချာ မစဉ်းစားမိခဲ့ဘူး … ကျေးဇူးပြုပြီး အပြစ်ပေးပါ”
ရှောင်လီရှီက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏ “အဲဆို အဲဒီနေရာ နှစ်နေရာစာကို စွန့်လွှတ်ပြီးတော့ အဖွဲ့က အလားအလာ ကောင်းတဲ့သူကို ပေးရမယ်။ ပြီးသွားရင် ဒုခေါင်းဆောင်နေရာက နုတ်ထွက်ပြီးတော့ ဆေးလုံးတာအိုအပေါ်မှာပဲ အာရုံစိုက်ထားရမယ်”
“နာခံလျက်ပါ ” သူက ရလဒ်အကြောင်း မခံမရပ်နိုင် ခံစားမိသော်လည်း သဘောတူလိုက်ရုံ အပြင် မတတ်နိုင်ပေ။ ခက်ခက်ခဲခဲ ရထားသော ထိုနေရာ နှစ်နေရာမှာ သူ့ရာထူးနှင့်အတူ ပါသွားတော့သည်။ အဆုံးသတ်၌ သူက နတ်ဘုရား မျှော်စင်သို့ မသွားနိုင်သေးပေ။
ထိုထက် ပိုခံပြင်းစရာ ကောင်းသည့် အရာ ရှိပါ့ဦးမလား ...
မိုဝူကျီ၏ အရိုးထဲ၌ ဓားအလင်းတန်း ဆယ်ချက်ကျော် စိုက်ဝင်နေပြီး ခန္ဓာကိုယ်မှာ ဖြည်းဖြည်းချင်း နှေးကွေးသွားသည်။ ထိုဓားချက်များ သူ့အရိုးများကို တစ်စစီ လုပ်မပစ်ခင် သူ့အသက် ဓာတ်လမ်းကြောင်းက ပင်မလှည့်ပတ် လမ်းကြောင်းနှင့်အတူ စတင်လည်ပတ်လာ၏။ တစ်ချိန်တည်းတွင် သူ့ခန္ဓာကျင့်စဉ်မှာ အဆုံးအစွန်း အထိ ရောက်ရှိနေလေပြီ။ ထိုကျင့်စဉ်အောက်၌ ဓားချက်များမှာ အင်မော်တယ် အဆီအနှစ်များကဲ့သို့ ဖြစ်ပြီး မိုဝူကျီ ခန္ဓာကိုယ်ထဲ ပေါင်းစပ်သွားတော့သည်။
သူ့အရိုးတွေက မီးပွားများအလား တစ်စစီ ဖြစ်လာသည့်အခါ မိုဝူကျီက သူ့ခန္ဓာပေါ် နှစ်သန်းတစ်ထောင် သစ်သား အဆီအနှစ်ကို လောင်းချလိုက်သည်။ ထိုသို့မျိုး လေ့ကျင့်ခြင်းဖြင့် သူ့ခန္ဓာကိုယ်မှာ စိတ်ဝိညာဉ် ရုပ်ခန္ဓာအဆင့် ၉ သို့ ရောက်ရှိသွားတော့သည်။
***