မဟာယီရှန်း အဆင့်
Vol. 44 Ch. 601
“ အကြီးအကဲ စောစောလေးက မှတ်တမ်းတင်ထားတဲ့ သလင်းကျောက်ကို နောက်တစ်ခု ကူးပေးလို့ ရမလား ” အောင်းရှားက မနေနိင်ဘဲ မေးလိုက်သည်။ သူ့အစ်မဖြစ်သူက မိုဝူကျီအား အကြီးအကဲ ဟု ခေါ်ဆိုထားသောကြောင့် သူ့အနေဖြင့် “ အစ်ကိုကြီး” ဟု မခေါ်ဆိုရဲတော့ပေ။
မိုဝူကျီက သလင်းကျောက်နှစ်ခုကို ကူးပေးလိုက်ပြီး တစ်ခုကို အောင်းရှားပေးကာ နောက်တစ်ခုကို အောင်းစန်းကျီဆီ ပေးလိုက်သည်
“ ငါ့နာမည်က မိုဝူကျီပါ … နောင်ကျ အစ်ကိုလို့ပဲ ခေါ်ပေါ့ … အကြီးအကဲတော့ မဟုတ်သေးပါဘူး။ မင်းတို့နှစ်ယောက်လည်း ဒီနေရာက မြန်မြန် ထွက်သွားကြတော့ …. ငါလည်း အစီအရင် အသက်သွင်းပြီးရင် ထွက်သွားတော့မယ် ”
သူတို့နှစ်ယောက် မည်သည့်နေရာ သွားမည်ကို မမေးတော့ပေ။ ယခု သူ့တွင်လည်း ဖြေရှင်းစရာ ပြဿနာ ဒုက္ခများ ရှိနေပြီးသား မဟုတ်ပါလော။
အစီအရင်ကို အသက်သွင်းရသည်မှာ လွယ်ကူပေ၏။ အင်မော်တယ်ကျောက် တစ်ခုမှ မကုန်ပေ။ ထို့ကြောင့် အသက်သွင်းကာ သူတို့နှစ်ယောက်လုံးကို ပို့ဆောင်လိုက်တော့သည်။ မိုဝူကျီလည်း ကြာကြာမနေဘဲ လှိုင်းတွန့် သဏ္ဍာန်အစီအရင် ဂိတ်ပေါက်မှ ထွက်လာလိုက်သည်။
အောင်းစန်းကျီနှင့် အောင်းရှားတို့ကို ခေါ်ထုတ်သွားသည့် ကူးသန်းရေး အစီအရင်မှာ လျို့ဝှက်ရေအောက်တည်နေရာတစ်ခု၌ တည်ဆောက်ထားပြီး မိုဝူကျီကို ခေါ်ဆောင်သွားသည့် အစီအရင်မှာ ကူးသန်းရေး အစီအရင်တစ်ခု ဖြစ်မှန်း သိသာသော်လည်း သူ့အား ပင်လယ်အောက်ခြေသို့ ခေါ်ဆောင်သွားမည် ဖြစ်၏။
သူ အပေါ်လာတက်လာသည့်အခါ ဘေးပတ်လည်ကို မစစ်ဆေးကြည့်ရသေးခင် သတ်ဖြတ်ငွေ့က သူ့ဆီ ရောက်လာသည်ကို ခံစားမိလိုက်သည်။
မိုဝူကျီက အမြဲတမ်း သတိထားသူ ဖြစ်သောကြောင့် သတ်ဖြတ်ငွေ့ ရောက်ရှိလာသည်နှင့် သူ့စွမ်းအားစက်ကွင်းကို လက်သီးချက်နှင့်အတူ ပစ်လွှတ်လိုက်သည်။
“ ဘုန်း ” အင်မော်တယ်စွမ်းအားများက ထိတွေ့မိသည့်အခါ မီတာဆယ်ချီ မြင့်မားသည့် ဝဲကတော့များ ဖြစ်ပေါ်လာစေသည်။ မိုဝူကျီက မြန်မြန် နောက်ဆုတ်ကာ အချိန်မှီ တားဆီးထားလိုက်နိုင်သော်လည်း ထိုပြင်းထန်လှသည့် အင်မော်တယ် သဘာဝစွမ်းအားလှိုင်းများကို အပြည့်အဝ မတားဆီးထားလိုက်နိုင်ပေ။
စွမ်းအားအများစုကို ကာဆီးထားပြီးနောက် လက်ကျန် အင်မော်တယ် သဘာဝစွမ်းအားများက မိုဝူကျီ၏ အရိုးများနှင့် ချီသွေးကြောများကို စုတ်ဖြဲပစ်နေသည်။ သူ့ရင်ဘတ်ပေါ် ရိုက်ချက် ကျရောက်လာသည့်အလား သွေးတစ်ပွက် အန်လိုက်ရသည်။
“ ရပ်တော့ …. အဲလို မဟုတ်ဘူး။ ကျုပ်က နဂါးမျိုးနွယ်နဲ့ ဘာရန်ကြွေးမှ မရှိဘူး။ နဂါးမျိုးနွယ်တချို့ကိုတောင် ကယ်တင်ပေးခဲ့သေးတယ် ….” မိုဝူကျီက တတ်နိုင်သမျှ မြန်မြန် သူ့ကိုယ်သူ ကာကွယ်ပြောဆိုလိုက်ရသည်။
သူ့ကို တိုက်ခိုက်သူမှာ လှပကြော့ရှင်းသေသပ်သည့် မိန်းမငယ်လေး တစ်ဦး ဖြစ်ပြီး တစ်ချက်ကြည့်ရုံဖြင့် သူမက နဂါးမျိုးနွယ်ဝင်မှန်း သိသာစေသည်။
တစ်ဖက်လူမှာ နဂါးမျိုးနွယ်ဝင် ဖြစ်ကာ သူက အဖြစ်အပျက်အလုံးစုံကို သဘောပေါက်သွားသည်။ သူက နဂါးသွေးများဖြင့် အနောက်ပိုင်းကျုံးပင်လယ်မှ ထွက်လာသောကြောင့် သူမအနေဖြင့် သူက နဂါးမျိုးနွယ်ဝင်များကို သတ်ခဲ့ကြောင်း ယူဆထားခြင်း ဖြစ်၏။ ပို၍ အရေးကြီးသည်မှာ ထိုအမျိုးသမီးက မဟာလော့ရှန်းအဆင့် တက်ခါနီး ဖြစ်နေသောကြောင့် သူက သူမအတွက် ပြိုင်ဖက် မဟုတ်ပေ။
သို့သော်လည်း မဟာယီရှန်းအဆင့် နဂါးမိန်းမပျိုလေးက မိုဝူကျီစကားကို အဘယ်ကြောင့် နားထောင်နေမည်နည်း။ သူမက မရပ်တန့်ရုံသာမက မှော်ရတနာကိုပါ ဆွဲထုတ်လိုက်ပြီး ယခင်ကထက် သတ်ဖြတ်ငွေ့များ ပိုမို ထုတ်လိုက်သည်။
ယခု မိုဝူကျီက အကြောင်းပြချက်များမှာ သူမနှင့် အလုပ်မဖြစ်မှန်း သိလိုက်သည်။ တစ်ခါတစ်ရံ၌ အကြောင်းပြချက်များမှာ အင်အားပေါ် မူတည်၍ ဖြစ်ပေါ်လာတတ်သည် မဟုတ်ပါလော။ သူ့တွင် အင်အား မရှိသည့်အတွက် အကြောင်းပြချက် ပေးဖို့ရာ အခွင့်အရေးပင် မရှိချေ။
သူမက ရှေ့တိုးလိုက်သည့်အခါ မိုဝူကျီက လေလွတ်မြောက်ရေး နည်းစနစ်နှင့် ရွေ့ပြောင်းစွမ်းရည်ကို ချက်ချင်း အသက်သွင်းလိုက်ကာ နေရာမှ အချိန်တိုလေးအတွင်း ပျောက်ကွယ်သွားတော့သည်။ ဆက်ပြောနေခြင်းက ကိုယ်သေတွင်းကို တူးနေသလို ဖြစ်နေလိမ့်မည်။ သူ့၏ အံ့အားသင့်စရာ လေလွတ်မြောက်ရေး နည်းစနစ်ဖြင့် နေ့ဝက်အတွင်း အမျိုးသမီးကို နောက်၌ ချန်ရစ်ထားနိုင်ခဲ့လေ၏။
ရပ်တန့်လိုက်ပြီးနောက် မိုဝူကျီက အဝတ်အသစ် လဲလှယ်ဝတ်လိုက်သည်။ စိတ်ထဲ၌ သူ့က အတော်လေး စိတ်အနှောင့်အယှက် ဖြစ်နေမိသည်။ ဤနေရာမှ တတ်နိုင်သမျှ မြန်မြန် ထွက်သွားရမည်။
အဆုံးသတ်၌ သူက နဂါးမျိုးနွယ်ဝင်နှစ်ယောက်ကို ကယ်တင်ပေးလိုက်ပြီးနောက် နဂါးမျိုးနွယ်တစ်ယောက်က သူ့အား ရန်သူအဖြစ် မှတ်ယူကာ လိုက်လံ တိုက်ခိုက်နေပေသည်။ အားနည်းသူများက လူအဖြစ် မဆက်ဆံခံရပေ။ ထို့ကြောင့် သူ့အတွက် အရေးကြီးဆုံးက မဟာယီရှန်းအဆင့် တက်လှမ်းရန် နေရာရှာရန် ဖြစ်၏။
တစ်ရက်အကြာ၌ မိုဝူကျီက မျှောနေသည့် ရေခဲတုံးပေါ်၌ ရပ်တန့်လိုက်သည်။ သူက အနောက်ပိုင်းကျုံးပင်လယ်၌ လမ်းပျောက်နေပြီ ဖြစ်ရာ တစ်ခုတည်းသော ရွေးချယ်မှုကား ဤရေခဲတုံးပေါ်၌ မိုးကြိုးစမ်းသပ်ချက် ခံယူရန် ဖြစ်၏။
သူက ရွမ်ရှန်း ပြီးပြည့်စုံခြင်းအဆင့် ဖြစ်နေပြီ ဖြစ်ရာ မဟာယီ အစစ်အမှန် ဆေးလုံးတစ်လုံးဖြင့် မဟာယီရှန်းအဆင့် မိုးကြိုးစမ်းသပ်ချက်ကို နှိုးဆွနိုင်လိမ့်မည်။
အထက်ကောင်းကင်ယံ၌ တိမ်မည်းများ စုစည်းလာကာ ရက်စက်သည့် မိုးကြိုးချက်များက မိုဝူကျီ ခန္ဓာအပေါ် ကျရောက်လာသည်။ နောက်ဆုံး၌ သူ့ရုပ်ခန္ဓာ လေ့ကျင့်ခြင်း၏ အကျိုးကျေးဇူးကို ခံစားနေရလေပြီ။
အကယ်၍ သူသာ စိတ်ဝိညာဉ် ရုပ်ခန္ဓာအဆင့် ၉ မဟုတ်လျှင် ဤသို့ ရက်စက်သည့် မိုးကြိုးချက်များနှင့် ရင်ဆိုင်ရသည့်အခါ လျှပ်စီးအဆီအနှစ်များကို စုပ်ယူလျှင်ပင် ဒဏ်ရာအပြင်းအထန် ရခြင်းမှ မရှောင်ရှားနိုင်ပေ။ သူ့ထာဝရ ကမ္ဘာကို ဖွဲ့စည်းစဉ် သို့မဟုတ် ကျင်းရှန်းအဆင့်ကို တက်ရောက်စဉ် မိုးကြိုးစမ်းသပ်ချက်များနောက်၌ ဒဏ်ရာအပြင်းအထန် ရလေ့ရှိရာ နေရာမှာတင် ဖြည်းဖြည်းချင်း ပြန်ကောင်းလာလေ၏။
ထိုစဉ် သူက မဟာယီရှန်းအဆင့်သို့ အလျှင်မလိုပေ။ ထို့အစား သူ့ခန္ဓာကိုယ်ပေါ် ကျရောက်လာသော မိုးကြိုးချက်များမှ လျှပ်စီးအဆီအနှစ်များကို စုပ်ယူဖို့သာ အာရုံစိုက်ထားသည်။
မိုးကြိုးချက်များ ငါးကြိမ်မြောက်နောက်၌ မိုဝူကျီ၏ အင်မော်တယ် သဘာဝစွမ်းအား အဆီအနှစ်များက မဟာယီရှန်း အတားအဆီးများကို ချိုးဖျက်ပြီး သူ့အသိစိတ်ပင်လယ်က အလျှင်အမြန် ကျယ်ပြန့်လာသလို သူ့အင်မော်တယ် သဘာဝစွမ်းအားများက စတင်၍ မြစ်တစ်စင်းအလား စတင်ဖွဲ့စည်းလာသည်။ မိုဝူကျီက မဟာယီရှန်းအဆင့်သို့ တရားဝင် ရောက်ရှိသွားတော့သည်။
သူ မဟာယီရှန်းအဆင့် ရောက်သွားသည်နှင့် မိုးကြိုးချက်များက ရုတ်ချည်း အားလျော့ကျသွားပြီး အင်မာ်တယ် စိတ်ဝိညာဉ် သက်တန့်က ကောင်းကင်ယံမှ ဆင်းသက်လာကာ ပျောက်လုနီးပါး ဒဏ်ရာများကို ကုစားပေးသွားသည်။
ငါးရက်အကြာတွင် မိုဝူကျီက ပင်လယ်မျက်နှာပြင်၌ မတ်တတ်ရပ်လိုက်သည်။ ရေခဲတုံးကြီးမှာ မိုးကြိုးချက်များကြောင့် တစစီ ပဲ့ထွက်နေပြီ ဖြစ်၏။
မိုးကြိုးစမ်းသပ်ချက် ခံယူပြီးနောက် သူ့ကျင့်ကြံဆင့်မှာ မဟာယီရှန်းအဆင့် ရောက်ရှိသွားရုံ သာမက သူ့ရုပ်ခန္ဓာအဆင့်လည်း တိုးတက်လာလေ၏။ သို့သော်လည်း မိုဝူကျီက ထိပ်တန်းရတနာကိုသာ မသုံးလျှင် သူ့ခန္ဓာကိုယ်မှာ အင်မော်တယ်ဘုရင်အဆင့် မရောက်ခင် အင်မော်တယ် ရုပ်ခန္ဓာအဆင့် ရောက်ဖို့ရာ ခက်ခဲမည် ဖြစ်ကြောင်း ကောင်းကောင်း သိ၏။
သူ မဟာယီရှန်းအဆင့် ရောက်ရှိသွားသောကြောင့် မိုဝူကျီက သူ့ရုပ်ခန္ဓာကိုယ်ကိုလည်း အင်မော်တယ် ရုပ်ခန္ဓာအဆင့် ရောက်ရှိလိုသည်မှာ ပုံမှန်ကိစ္စ ဖြစ်၏။ သူက အင်မော်တယ်ဘုရင်အဆင့် မည်သည့်အချိန်မှ ရောက်မည်ကို မသိသောကြောင့် စောင့်မနေချေ။ သူ့ရုပ်ခန္ဓာကိုယ်ကို အင်မော်တယ် ရုပ်ခန္ဓာအဆင့် ရောက်ရှိစေနိုင်မည့် အကောင်းဆုံး အင်မော်တယ် ဆေးပင်မှာ အာကာပြင် နိဗာနမြစ်ဥ သာ ဖြစ်၏။ ထိုအရာမှာ အင်မတန် အဖိုးတန်ပြီး အဆင့် ၉ အင်မော်တယ် ဆေးပင်များထက် အဆင့်လွန်နေသော တည်ရှိမှုမျိုး ဖြစ်ပေသည်။
အင်မော်တယ် ဆေးပင်က သူ့ရုပ်ခန္ဓာကိုယ်ကို ကူညီပေးနိုင်ရုံ သာမက ရုပ်ခန္ဓာကျင့်ကြံထားသော သူများကို အင်မာ်တယ် ရုပ်ခန္ဓာအဆင့် အပြည့်အဝ ရောက်ရှိစေနိုင်သည်။ သို့သော် ခန္ဓာကိုယ် ပေါင်းစပ်ဖို့လည်း အသုံးပြုနိုင်ပေသည်။ သူတို့ခန္ဓာကိုယ် ပျောက်ဆုံးသွားသော ကျင့်ကြံသူများအတွက် အာကာပြင် နိဗာန မြစ်ဥကို သုံး၍ သူတို့ခန္ဓာကိုယ်နှင့် ပြန်လည် ပေါင်းစပ်ဖို့ရာ သုံးလျှင် တခြားသော အင်မော်တယ်ဆေးပင်များထက် ပို၍ အကျိုးကျေးဇူးများပေသည်။
အာကာပြင် နိဗာန မြစ်ဥမှ လွဲ၍ ထာဝရ တော်ဝင်ဝါးပင်လည်း ရှိသေးသည်။ သူ့အင်မော်တယ် ရုပ်ခန္ဓာအဆင့် တက်လှမ်းဖို့ရာ အသုံးပြုနိုင်သလို ရရှိဖို့ရာလည်း ခက်ခဲပေသည်။ အကြောင်းမှာ ထိုအရာက အဆင့် ၉ အင်မော်တယ်ဆေးပင် ဖြစ်၏။
တိုက်တိုက်ဆိုင်ဆိုင် မိုဝူကျီတွင် ထာဝရ တော်ဝင်ဝါးပင် သုံးပင် ရှိနေပြီး ယွင်ရှန့်တောင်ကြားမှ ရရှိလာခြင်း ဖြစ်၏။ ဤသို့မျိုး ထာဝရ တော်ဝင်ဝါးပင်ကို သ့ထာဝရ တာအို ဆေးလုံးအဖြစ် ဖော်စပ်နိုင်ပေသည်။ အကယ်၍ သူက အာကာပြင် နိဗာန မြစ်ဥကို ရှာမတွေ့လျှင် သူက ထာဝရ တော်ဝင်ဝါးပင်ကို သုံးရန် ကြံစည်ထား၏။
မိုဝူကျီ စိတ်စွမ်းအားအတွင်း ပုံရိပ်တချို့ ခံစားမိလိုက်၍ အတွေးဆက်များ ပြတ်တောက်သွားတော့သည်။ ထိုအရာကို အာရုံခံမိပြီးနောက် လွန်းပျံယာဉ်ကို ထုတ်ကာ နောက်မှ လိုက်သွားလိုက်သည်။
သူက အနောက်ပိုင်းကျုံးပင်လယ်၌ လမ်းပျောက်နေလေရာ နောက်ဆုံး၌ လူတချို့၏ အရိပ်အယောင်ကို တွေ့ခဲ့ခြင်း ဖြစ်သောကြောင့် ဤအခွင့်အရေးကို လက်လွတ်မခံနိုင်ပေ။
မိုဝူကျီ၏ လွန်းပျံယာဉ်မှာ အဆင့် ၇ အင်မော်တယ် ပစ္စည်းဖြစ်သောကြောင့် ဖြတ်သန်းသွားသည့် ပျံသန်းရေး ရတနာထက် ပို၍ မြန်ဆန်ပေသည်။ အမွေးတိုင်တစ်တိုင်စာအတွင်း ထိုသင်္ဘောပျံမှာ သူ့မြင်ကွင်းထဲ ရောက်ရှိလာသည်။
မိုဝူကျီက လိုက်လာသည်ကို အာရုံခံမိသည့်နှယ် သင်္ဘောပျံက အရှိန်မြင့်လိုက်သည်။ သို့သော် မည်မျှပင် မြန်မြန် သွားစေကာမူ မိုဝူကျီ၏ လွန်းပျံယာဉ် အမြန်နှုန်းကို မယှဉ်နိုင်သေးချေ။ မိုဝူကျီဆီမှ မလွတ်မြောက်နိုင်မှန်း သိသည့်အခါမှ ရပ်တန့်လိုက်သည်။
“ မိတ်ဆွေ ကျုပ် သင်္ဘောပျံနောက်မှ ဘာလို့ လိုက်လာတာလဲ ” သင်္ဘောပျံပေါ်၌ လူသုံးယောက်ပါရှိပြီး မုတ်ဆိတ်မွေးများနှင့် လူလတ်အရွယ် အမျိုးသားတစ်ဦး၊ ပိန်သွယ်သွယ် ကြော့ရှင်းရှင်း အမျိုးသမီး တစ်ဦးနှင့် အရပ်ရှည်ရှည် ခန္ဓာကိုယ်ထွားထွား လူငယ်လေးတစ်ဦးတို့ ပါကြသည်။ ပြောလိုက်သူမှာ လူလတ်အရွယ်အမျိုးသား ဖြစ်ပြီး မိုဝူကျီက လွန်းပျံယာဉ်မှ ထွက်လာသည်ကို မြင်သည့်အခါမှ စိတ်သက်သာရာ သက်ပြင်းချလိုက်တော့သည်။ မိုဝူကျီ၏ ကျင့်ကြံဆင့်မှာ သူတို့ထက် အဆင့်မမြင့်ပေ။
ကျင့်ကြံဆင့်အရ မိုဝူကျီက လူလတ်အမျိုးသားလောက်ပင် အဆင့်မမြင့်သေးပေ။ သူက မဟာယီရှန်းအဆင့် ရောက်ခါစ ဖြစ်ပြီး သူ့ကျင့်ကြံဆင့်မှာ အခြေခိုင်သော်လည်း သူ့ခန္ဓာကိုယ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအား အရိပ်အယောင်များမှာ မသိသာသလို ထူးဆန်းနေသည့်အရာလည်း မရှိပေ။ သူက အပြင်ပန်းအရ သာမာန်ကျင့်ကြံသူ တစ်ယောက်အဖြစ်သာ ဖြစ်၏။
“ မိုဝူကျီက တာအိုရောင်းရင်းတို့ကို နှုတ်ဆက်ပါတယ် …. ကျုပ်က အနောက်ပိုင်းကျုံးပင်လယ်ထဲမှာ လမ်းပျောက်နေလို့ လမ်းညွှန်ချက်လေး မေးချင်လို့ပါ …” မိုဝူကျီက လေးလေးစားစား ဦးညွှတ်ရင်း မေးလိုက်သည်။
သူ့ခန့်မှန်းချက်အရ မုတ်ဆိတ်မွေး လူလတ်အမျိုးသားမှာ မဟာကျီရှန်းအဆင့်မျှသာ ဖြစ်ပြီး ဘေးနားမှ အမျိုးသမီးနှင့် လူငယ်လေးတို့မှာ မဟာယီရှန်းအဆင့်သာ ဖြစ်၏။
သူက လမ်းပျောက်နေတာလား ….
သုံးယောက်လုံးက အချင်းချင်း ကြည့်ပြီးနောက် မိုဝူကျီကို ခြုံငုံကြည့်လိုက်သည်။
အနောက်ပိုင်းကျုံးပင်လယ်ထဲ ရောက်လာသည့် ကျင့်ကြံသူက လမ်းပျောက်နေသည်ဆိုလျှင် ဟာသတစ်ခုသာ ဖြစ်လိမ့်မည်။ အနောက်ပိုင်းကျုံးပင်လယ်မှာ ကြီးမားသော်လည်း အင်မော်တယ်တစ်ယောက် လမ်းပျောက်အောင်အထိ မစွမ်းဆောင်နိုင်ပေ။ အနောက်ပိုင်းကျုံးပင်လယ်၏ မြေပုံမှာ နေရာတကာ ရရှိနေသည့်အတွက် ဈေးနည်းနည်းဖြင့် ဝယ်ယူနိုင်လေ၏။ အနောက်ပိုင်းကျုံးပင်လယ်၌ ဖြစ်ပျက်လာသည့် တစ်ခုတည်းသော အရာမှာ သားရဲများ အစားခံရခြင်း သို့မဟုတ် အသတ်ခံရခြင်း သာ ဖြစ်ကာ လမ်းတော့ မပျောက်နိုင်ပေ။
အမှန်တကယ် လမ်းပျောက်သွားပါက အနောက်ပိုင်းကျုံးပင်လယ်တွင် မဟုတ်ဘဲ အနောက်ပိုင်းကျုံးပင်လယ်အလွန်တွင် ရှိသော မဟာ ကင်းမဲ့ပင်လယ်နယ်ပယ်၌သာ ဖြစ်လိမ့်မည်။ မဟာကင်းမဲ့ ပင်လယ်နယ်ပယ်နှင့် နှိုင်းယှဉ်လျှင် အနောက်ပိုင်းကျုံးပင်လယ်မှာ မပြောပလောက်သော အစက်အပြောက်မျှ ဖြစ်၏။ အကယ်၍ မိုဝူကျီက ထိုစကားများကို မဟာကင်းမဲ့ပင်လယ်နယ်ပယ်၌ ပြောခဲ့လျှင် ပို၍ ယုံကြည်ဖွယ် ကောင်းလိမ့်မည်။
“ ကျုပ်ဆီမှာ ပင်လယ် မြေပုံ ရှိတယ်။ တာအိုရောင်းရင်း လိုရင် ကူးယူလိုက်ပါ ” မုတ်ဆိတ်နှင့် အမျိုးသားက သလင်းကျောက်ကို ထုတ်ကာ မိုဝူကျီဆီ ပေးလိုက်သည်။
“ ကျေးဇူးအများကြီးတင်ပါတယ် ” မိုဝူကျီက သလင်းကျောက်ကို ထုတ်ကာ အထဲတွင် ပါသော မှတ်တမ်းများကို ကူးယူလိုက်သည်။
သလင်းကျောက်ကို ပြန်ပေးပြီးနောက် သူက ဟားတိုက်ရယ်မောသံကို ကြားလိုက်ရသည် “ ပါးမွှားသုံးကောင်က ဒီအထိ လိုက်ဖမ်းရအောင် လုပ်လိုက်တာပဲ …. မင်းတို့တွေက ငြိမ်းချမ်းရေး ကျွန်းဆွယ်ကို သွားမလို့မလား ….. မင်းတို့သုံးယောက် ငါ့ ဖန်ဓားချက်ကနေ ဘယ်လိုလွတ်နိုင်မလဲ ကြည့်ရတာပေါ့ ”
ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးက ရှေ့ထွက်လာပြီး မိုဝူကျီနှင့် လူလတ်အရွယ် အမျိုးသားကြား ဆင်းသက်လိုက်သည်။
ထိုအရာက လူလတ်အမျိုးသား၏ မျက်နှာပေါ်မှ အမူအယာကို ဆိုးရွားသွားစေသည်။ သူက ချက်ချင်းဆိုသလို နောက်ဆုတ်လိုက်ပြိး မိုဝူကျီနှင့် တတ်နိုင်သမျှ ဝေးဝေးနေလိုက်သည်။ မိုဝူကျီက သူတို့ကို လိုက်ဖမ်းနေသည့် သူများအနက် တစ်ယောက် ဖြစ်နေလားဟု သံသယဝင်လာမိသည်။
မိုဝူကျီက အဖြစ်အပျက်ကို နားလည်သွားပေသည်။ မုတ်ဆိတ်မွေးနှင့် အမျိုးသားက မြန်မြန် သွားနေသည်မှာ အံ့ဩစရာတော့ မရှိပေ။ သူတို့နောက်မှ လိုက်ဖမ်းခံနေရခြင်း ဖြစ်၏။ ဤခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးက အနည်းဆုံး မဟာလော့ရှန်းအဆင့် ဖြစ်ကာ သူတို့ သုံးယောက်လုံးပေါင်းလျှင်ပင် သူနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။
မည်သိုပင် ဆိုစေကာမူ ဤပြဿနာမှာ သူ့ကြောင့် ဖြစ်လာခြင်း ဖြစ်၏။ သူသာ မရပ်တန့်ခိုင်းလျှင် သူတို့ လွတ်မြောက်ပေလိမ့်မည်။
မိုဝူကျီက ထိုအကြောင်း တွေးမိပြီး ရှေ့ထွက်လာကာ ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးအား ဦးညွှတ်လိုက်ပြီး “ တာအိုရောင်းရင်း … ကျုပ်က သူတို့သုံးယောက်ကို ရပ်တန့်လိုက်တဲ့သူပါ။ တစ်ခုခု ဖြစ်မယ်ဆိုရင် ကျုပ် အပြစ်လည်း မကင်းဘူး …. အဲဒါကြောင့် ဒီလူတွေကို အချိန်တစ်ခုအထိ လွတ်ပေးလိုက်ပြီးမှ ပြန်လိုက်ဖမ်းရင်ရော ဘယ်လိုလဲ …. ”
“ ငါ ဘာလုပ်ရမယ်ဆိုတာ လာထိန်းချုပ်ရအောင် မင်းက ဘယ်သူလဲ … အာ မင်းရဲ့ လွန်းပျံယာဉ်က မဆိုးဘူးပဲ ….” ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးက မိုဝူကျီအား အော်ဟစ်လိုက်ပြီးနောက် သူ့အကြည့်များက မိုဝူကျီ၏ လွန်းပျံယာဉ်အပေါ် ရောက်သွားသည်။
***