စစ်ဆေးပွဲစတင်ပြီ
Vol. 2 Ch. 13
အခန်း (၁၃)
စစ်ဆေးပွဲ စတင်ပြီ
Luck တစ်ယောက် ဦးဏှောက်စားပိုးကောင်များအကြောင်း ဖတ်နေသည်။ ပြီးတော့ အန်ချင်နေသည်။
ဦးဏှောက်စားပိုးကောင်များသည် အရှည်တစ်လက်မခန့်ရှိကာ နားရွက်အတွင်းမှတဆင့် ဦးခေါင်းအတွင်း ဝင် ရောက်ကြလေသည်။ ဒဏ်ရာရှိပါက ဒဏ်ရာမှတဆင့် ဝင်နိုင်သည်။
ပျော့ပျော့အိအိ တွန့်ကွေးကွေး ထိုအကောင်များသည် ဦးဏှောက်အတွင်း ဝင်ရောက်သွားပြီးနောက် ထိုလူမှာ အသိစိတ်ပျောက်ကာ မျက်စိမှိတ် ပြီး လမ်းလျှောက်နေသကဲ့သို့ ပိုးကောင်၏စိတ်အတိုင်း ဖြစ်သွားလေသည်။ ရောဂါလက္ခဏာမှာ -
- မျက်လုံးများ နီရဲခြင်း
- အသိစိတ်မဲ့ ထင်ရာလုပ်ခြင်း
- အကြောဆွဲခြင်း
- အသားများမြင်လျှင် အစိမ်းစားခြင်းတို့ ဖြစ်သည်။
ထိုပိုးကောင်ဝင်ရောက်ခြင်းကို မသိဘဲ ပိုးသတ်ဆေးမထိုးမိပါက ဦးခေါင်းအတွင်း ဂလှိုင်ပေါက်ကြီးဖြစ်ကာ နှစ်နှစ် အတွင်း ကျိန်းသေ သေဆုံးရပေမည်။
ထိုပိုးကောင်များမှာ အသစ်တွေ့ရှိသည့် စိမ်းပြာဂြိုဟ်မှဖြစ်သည်။
စိမ်းပြာဂြိုဟ်သည် နေအဖွဲ့အစည်း အနီးရှိ ဂြိုဟ်တစ်ခုဖြစ်လေသည်။ မှတ်တမ်းများအရ စိမ်းပြာဂြိုဟ်ရှိ
ကာမင်ဟုခေါ်သော ဂြိုဟ်သားမျိုးနွယ်များက မွေးမြူကြခြင်းဖြစ်သည်။
ထိုကာမင်မျိုးနွယ်များ၏ မျိုးနွယ်သစ္စာဖောက်များ အပြစ်ကြီးလေးသော အကျဉ်းသားများကို သေဒဏ်ပေးရာတွင် ထိုပိုးကောင်ကို သုံးလေ့ရှိသည်။
ထိုမှတဆင့် ကူးစက်လာခြင်းဖြစ်ပြီး လက်ရှိကမ္ဘာပေါ်တွင် ရှိသော အကြမ်းဖက်အဖွဲ့အစည်းအချို့က အသုံးပြုကြလေသည်။
“ အမလေး တွန့်လိမ် တွန့်လိမ်နဲ့ ရွံစရာကြီး ” Luck အော်ဟစ်လိုက်သည်။
တဖြည်းဖြည်းနှင့် စစ်ဆေးရေးစာမေးပွဲရောက်ရန် သုံးရက်သာ လိုတော့သည်။
Luck တစ်ယောက် တိုက်ပွဲကွင်း ပြင်ကို မဝင်ဘဲ အိမ်မှာပဲ အပြင်းအထန် လေ့ကျင့်နေသည်။
“ S 2 လောင်ချာတစ်ခုဟာ တောင်တစ်လုံးကို ပျောက်ကွယ်အောင် လုပ်နိုင်တာပဲ ”
မနက်ဖြန် စစ်ဆေးပွဲရှိ၍ Luck တစ်ယောက် ညနေငါးနာရီလောက် ဒူဘိုင်းကို လေယာဉ်ပျံစီးရန် ထွက်လာခဲ့ သည်။ ယာဉ်ပျံအတွင်းသို့ ရောက်ပြီးနောက်
[ တီ ယာဉ်ပျံထွက်တော့မည်ဖြစ်၍ ကျေးဇူးပြုပြီး ထိုင်ပေးကြပါရှင့် ]
[ ဝိုင်နှင့် အစားအသောက်များကို ရှေ့မျက်နှာပြင်ရှိ ကွန်ပြူတာတွင် ကြည့်ရှုပြီး မှာယူနိုင်ပါတယ်ရှင့် ]
[ဆေးလိပ်သောက်ချင်သူများ Smoking Room ကို သွားပေးပါရှင့် ]
[ ကျေးဇူးတင်ပါတယ်ရှင့် ]
ခနနေတော့ Luck တစ်ကိုယ်လုံး ငြိမ့်ခနဲတစ်ချက် တုန်သွားလေသည်။ ယာဉ်ပျံ စထွက်လေပြီ။ တစ်ပေပတ်လည် ခန့်ရှိသော ရှေ့ A.I မျက်နှာပြင်တွင် ကမ္ဘာအနှံ့က ထူးခြားဒေသများကို တီဗွီလိုင်းက ပြသနေသည်။
အရှေ့ဘက်ကုန်းမြင့်ဒေသကြီးများ၏ သူရဲကောင်းစစ်ဆေးပွဲကို ဒူဘိုင်းဒေသကြီးတွင် ပြုလုပ်လေ့ရှိပြီး အနောက်ဖက်ကျွန်းစုဒေသများ၏ ပွဲကိုတော့ ဘာလင်တွင် ပြုလုပ်လေ့ရှိသည်။
ဖြေးဖြေးမှန်မှန် မောင်းနှင်လာသော ယာဉ်ပျံကြီးသည် ရုတ်တရက် ခရမ်းပြာလင်းနို့အုပ်ကြီးဖြင့် တိုက်မိလေ သည်။
“ ဝေါ ဝေါ ဝုန်း ဝုန်း ”
ယာဉ်ပျံတစ်စီးလုံး တုန်ခါသွားလေသည်။
“ အမလေး လုပ်ကြပါအုံး ဘာဖြစ်တာလဲ ”
လင်းနို့များက မှန်များကို ထိုးခွဲရန် ကြိုးစားနေသည်။
ယာဉ်ပျံမောင်းသူအခန်းတွင် ဖြစ်သည်။ ကပ္ပတိန်က အော်ဟစ်လိုက်သည်။
“ ဟမ် ဒီကောင်တွေ သေချင်နေတာပဲ ”
ကပ္ပတိန်က အနီရောင်ခလုတ်တစ်ခုကို နှိပ်လိုက်သည်။
“ တွီ တွီ ရွှစ် ဝှမ်း ” လေထဲရှိယာဉ်ပျံ၏ ဆယ့်ငါးပေပတ်လည်တွင် ဝါထိန်နေသော လေဆာအစီအရင် စက်ကွင်းပေါ်လာပြီး အနီးတွင်ရှိသော လင်းနို့များ အမှုန့်ဖြစ်သွားလေသည်။ ကြောက်လန့်နေကြသော မကျင့်ကြံ နိုင်သူများကလည်း အခုမှ ငြိမ်သက်သွာကြလေသည်။
ထို့နောက် Luck တို့ ငြိမ်းချမ်းစွာဖြင့် ဆက်လက် ပျံသန်းလာခဲ့ ရာ မကြာမီ ဒူဘိုင်းသို့ ရောက်ရှိလေသည်။
ခေတ်မီတိုးတက်လှသော ဒူဘိုင်းမြို့ကြီးကို ကြည့်ပြီး
“ အိုး တစ်မြို့လုံး လင်းထိန်နေတာပဲ လှလိုက်တာ အေးလည်း အေးနေတယ် ” Luck ရေရွတ်လိုက်သည်။
ဒူဘိုင်းဒေသ၏ ပူပြင်းခြောက်သွေ့သော ကန္တာရကြီးများနှင့် ဒေသကြီးတစ်ခုလုံး၏ မြို့များကို လေအေးပေးစက် တပ်ဆင်ထားလေသည်။ ရောင်စုံအလှမီးအိမ်များကလည်း ရှုမငြီးသဖွယ် လှပနေလေသည်။ ဒူဘိုင်းကို အဓိက ဓာတ်အားထောက်ပံ့ပေးနေသည်မှာ မိုးမျှော်လေစွမ်းအားစက်ရုံများမှ ဖြစ်သည်။
Luck တစ်ယောက် စစ်ဆေးပွဲစတင်ရာကို အမြန်သွားလိုက်သည်။ ရောင်စုံမီးများ ထွန်းလင်းနေသော အပန်းဖြေဥယျာဉ်ကြီးတစ်ခုအတွင်း လူများ ရောက်ရှိနေကြသည်။ အမျိုးသား အမျိုးသမီးများ အဖွဲ့လိုက် ရပ်၍ စကားပြောနေကြသည်။
လူ လေးသောင်းခန့်လောက်ရှိမည်ဟု ထင်ရသည်။ Luck က ရေရွတ်လိုက် သည်။
“ အိုး ဖြေမဲ့သူတွေက မနည်းပါလား ”
“ တွင် ဝှီး ကလစ် ”
ရုတ်တရက် ကောင်းကင်ပေါ်တွင် ခြေနင်းစကိတ်ပြားလို ယာဉ်တစ်စီး ဖျက်ခနဲ ပေါ်လာသည်။ ထိုယာဉ်ပေါ် တွင်တော့ အသက်ခြောက်ဆယ်အရွယ် လူအိုကြီးတစ်ယောက် မတ်တပ်ရပ်၍ လိုက်ပါလာသည်။
စိမ်းပြာရောင် အနောက်တိုင်းဝတ်စုံပြည့် ဝတ်ဆင်ထားလေသည်။ ထိုလူက ချောင်းတစ်ချက် ဟန့်လိုက်ပြီး -
“ အဟမ်း ကျနော်က စစ်ဆေးပွဲ ပထမအဆင့်ရဲ့ ကြီးကြပ်သူ ဖြစ်ပါတယ် ”
“ ကျနော့်ကို လူအိုကြီး ထန်လို့ ခေါ်နိုင်ပါတယ် ”
“ အားလုံးပဲ စည်းကမ်းများကို သိရှိကြပြီဖြစ်မယ်လို့ ထင်ပါတယ် ”
“ အချင်းချင်း ရန်လုံးဝမဖြစ်ရပါဘူး ကန့်သတ်ထားသော နေရာများကိုလည်း လုံးဝမ၀င်ရပါဘူး ”
“ ပထမစစ်ဆေးမှုက ရှင်းပါတယ် ကျနော်နဲ့အတူ လိုက်ပြေးဖို့ပါပဲ ”
နားထောင်နေသော ဖြေဆိုသူများ အံ့အားသင့်သွားကြသည်။
“ ဘာလဲဟ သူနဲ့လိုက်ပြေးရမှာလား ”
Luck က စိတ်ထဲတွင် ပြောလိုက်သည် “ ဒီလောက် မရိုးရှင်းနိုင်ဘူး ”
“ ကဲ စပြီ ”
ထို့နောက် လူအိုကြီးထန်က စတင်ပြေးလေတော့သည်။
“ ပြေး ပြေး မှီအောင် လိုက်ကြဟေ့ ”
လူများကလည်း အော်ဟစ်လိုက်ကြသည်။
ဥယျာဉ်၏ အနောက်ဖက်တောင်တန်းတလျှောက် အုပ်စုလိုက်ကြီးပြေးလာကြသည်။ ဆယ့်ငါးမိနစ်ခန့်ကြာသော်
“ မရောက်သေးဘူးလားဟ ” လူတစ်ချို့မှာ မောပန်းလာပြီး ငြီးတွားအော်ဟစ်ကြတော့သည်။
လူအိုကြီးထန်က ပြုံး၍ “ ဒါ အစပဲ ရှိသေးတယ် ”
“ မင်းတို့ ငါ့နောက်လိုက်နေရုံပဲလေ ဟား ဟား ဟား ”
“ ရှေ့မှာ တွင်းတွေရှိတယ် သတိထားကြအုံး ”
Luck တို့ မကြာမီ မြေနီချိုင့်ဝှမ်းကြီးတစ်ခုကို ရောက်ရှိလာလေသည်။
မိနစ်သုံးဆယ်ခန့် ကြာပြီးနောက် လူအုပ်ကြီးမှာ တစ်ဝက်ခန့် လျော့ကျသွားသည်။ ပြေးလာရင်း သူတို့မြင်လိုက်ရတာကတော့ သုံးပေခန့်နက်သည့် တွင်းကြီးများဖြစ်ပြီး ထိုအထဲတွင် တောင်ပံနီပုရွက်ဆိတ်များနှင့် ပြည့်နေလေသည်။
“ အမ် ဒီတွင်းကြီးတွေကို ငါတို့ ဖြတ်ပြေးရမှာလား ငါတို့တော့ မချောင်ဘူးဟေ့ ”
လူတစ်ယောက်က ပြောလိုက်ရာ ဂျပန်ကီမိုနိုဝတ်စုံ ဝတ်ထားသော ၂၂နှစ်အရွယ် ကောင်မလေးတစ်ယောက်က လည်း ထောက်ခံလိုက်သည်။
“ အဲဒီတောင်ပံနီပုရွက်ဆိတ်ကိုက်ရင် သေနိုင်တယ် မသေရင်တောင် တစ်ကိုယ်လုံး ဖောင်းပွပြီး ရောင်ကိုင်းလာတာပဲ ”
မျက်လုံးတစ်ဖက်ကို ရွှေကြိုးပြားတစ်ခုဖြင့် တစောင်းပတ်ထားသော လူသန်ကြီးတစ်ယောက်က ပြောလိုက် သည်။
“ ဟ ဟ ငါက အဆိပ်မျိုးနွယ်စုကပဲ ဒီအဆိပ်လောက်က အေးဆေးပဲ မင်း ဖြေဆေးကြိုလိုချင်ရင် တစ်ခုခုတော့ ပေးဆပ်လိုက် ငှဲ ငှဲ ”
အဆီပြန်သော မျက်နှာဖြင့် ကောင်မလေးအား ကြည့်နေသည်။
ဆက်ရန်