← Chapters

မိုဝူကျီ၏ ဓားမော့တာအို

Vol. 44 Ch. 602

မိုဝူကျီ၏ ဓားမော့တာအို

Vol. 44 Ch. 602

မိုဝူကျီက စိတ်ထဲ၌ သရော်လိုက်မိသည်။ အစောပိုင်း  မဟာလော့ရှန်းအဆင့်မျှလေးဖြင့် အကြောက်တရားလုံးဝ မရှိပေ။

ဤလူက သူ့ထက် ကျင့်ကြံဆင့် မြင့်နေတော့လည်း ဘာအရေးလဲ …. စွမ်းဆောင်ရည်နဲ့သာ ဆုံးဖြတ်ကြရမည်….

ထိုခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေး၏ စိတ်စွမ်းအားက အမှန်တကယ် အားကောင်းသော်လည်း မိုဝူကျီက ထိုလူမှာ သူ့ထက် အားကောင်းနေလိမ့်မည်ဟု မထင်ပေ။ သူက ဤလူရှေ့ ရပ်နေရဲသည်မှာ ထိုလူက မဟာလော့ရှန်းဖြစ်နေလျှင်ပင် မကြောက်ကြောင်း ဆိုလိုနေခြင်း မဟုတ်ပါလော။

သူက မဟာယီရှန်းအဆင့် ရောက်ရှိသွားပြီးနောက်  မိုဝူကျီက မဟာလော့ရှန်းအဆင့်ကို သူ့ဓားမော့အစွမ်း စမ်းသပ်ကြည့်ရန် ရှာနေခြင်း ဖြစ်၏။ သူ့ရှေ့တွင် ရှိသော   ဤခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးက ပြီးပြည့်စုံသည့် ပစ်မှတ် ဖြစ်ပေသည်။ အကယ်၍ သူ လုပ်လိုက်လျှင် သူ တားဆီးထားမိသော လူများလည်း ထိသွားလိမ့်မည်။ မည်သို့ပင် ဖြစ်စေ  သူက ထိုလူသုံးယောက်၏ အသက်ကို မဆုံးရှုံးစေလိုပေ။ ထိုအရာမှာ သူ့ကိုယ်ပိုင်မူနှင့် မကိုက်ညီပေ။

“ လွန်းပျံယာဉ်ကို ထားသွား  ပြီးရင် မင်းရဲ့  လက်တစ်ဖက်ကို ဖြတ်ပစ်လိုက် ” ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးက အေးစက်စွာ ပြောလိုက်သည်။

သူ့မျက်ဝန်းထဲ၌ သတ်ဖြတ်ငွေ့များ  အပြည့်ဖြစ်နေသောကြောင့် မိုဝူကျီက သူ ပြောသည့်အတိုင်း လုပ်လျှင်ပင် တစ်ဖက်လူက သူ့ကို လွတ်ပေးမည် မဟုတ်ကြောင်း ထင်ရှားနေသည်။

ဤတစ်ကြိမ် မိုဝူကျီက ပြန်ဖြေဖို့ရာပင် စိတ်ထဲ မရှိတော့ပေ။ သူ့လက်ဖဝါး ဖြန့်လိုက်သည့်အခါ ဓားမော့က ပေါ်လာလေ၏။ တစ်ပြိုင်နက်တည်း  လွှမ်းခြုံဝါးမျိုပစ်သည့် ဓားမော့အလင်းများ ထွက်ပေါ်လာသည်။

သူတို့ တိုက်ခိုက်တော့မည် ဖြစ်၍ အဘယ်ကြောင့် အာလာပ သလ္လာပ ပြောနေရဦးမည်နည်း။

ဓားမော့အလင်း ပေါက်ကွဲသွားပြီး  ကောင်းကင်တခွင် ပြည့်နှက်သွားသည့် အမှုန့်များအဖြစ် ပြောင်းလဲသွားသည်။ ထိုအမှုန့်များက ဖြည်းဖြည်းချင်း သဲကန္တရတစ်ခုအလား ဖြစ်ပေါ်လာသည်။

မိုဝူကျီ၏ ဓားမာ့ကို မြင်ပြီး  ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးက မျက်စိမှေး၍ ကြည့်လိုက်သည်။ မိုဝူကျီ၏ ဓားမော့အစွမ်းဖြင့်  သူက ကိုင်ကွမ်းယီတို့ သုံးယောက်က မိုဝူကျီနှင့် မယှဉ်နိုင်ကြောင်း သိလိုက်သည်။

ဓားမော့မှ သဲကန္တရ ဖြစ်လာသည့်အခါ သူတိုနောက်တွင် ရှိသော  အနောက်ပိုင်းကျုံးပင်လယ်မှာ  အစအန မရှိ ပျောက်ကွယ်သွားတော့သည်။ နေရာ၌ ကြမ်းတမ်းခက်ထန်သော သတ်ဖြတ်ငွေ့များနှင့် ပြည့်နှက်သွားသည်။

မဟာသဲကန္တရအတွင်းမှ  သဲမှုန့်တိုင်းက သတ်ဖြတ်ငွေ့များနှင့် ပြည့်နှက်နေပြီး  ထိုသတ်ဖြတ်ငွေ့များနှင့် တစ်ခုနှင့် တစ်ခု  ပိုမို ခိုင်မာလာသည်။

ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးက အလေးအနက် အမူအယာ ပြောင်းသွားပြီး  အင်မော်တယ် သဘာဝစွမ်းအားများကို ထုတ်လွှင့်လိုက်သည့်အခါ  သူ့မဟာလော့ရှန်း စွမ်းအားစက်ကွင်းမှာ မိုဝူကျီထံ  လှိုင်းလုံးများသဖွယ် ပြေးဝင်သွားတော့သည်။

ထို့နောက် သူလည်း   ဓားမော့နှင့် ကာဆီးလိုက်သည်။ ထိုဓားတစ်ချက်ဖြင့်  ဓားမော့က တောက်ပြောင်နေသည့် ဖန်အရောင် ဓားချက် ထွက်ပေါ်လာကာ မိုဝူကျီ၏ သဲကန္တရာကို လွှမ်းခြုံသွားတော့သည်။

မိုဝူကျီ၏ လျို့ဝှက်ပညာရပ်မှာ အမှန်ပင် အံ့ဩစရာကောင်းသော်လည်း  ထိုခရမ်းရောင်ဝတ်ရုံနှင့်  လူငယ်လေး  အမြင်အရ မိုဝူကျီ၏ ကျင့်ကြံဆင့်မှာ သူ့လောက် မမြင့်မားသေးပေ။ သူ့ကျင့်ကြံဆင့်သာ ပိုအားကောင်းနေသရွေ့  သူ့စွမ်းအားစက်ကွင်းက မိုဝူကျီ၏ စွမ်းအားစက်ကွင်းကို ချိုးနှိမ်ထားနိုင်လိမ့်မည်။ သူ့ဖန်အရောင်ဓားချက်မှာ   မိုဝူကျီက အစစ်အမှန် ဓားမော့တာအို ဖြစ်ကြောင်း ပြောနိုင်၏။

“ ဘုန်း ”  စွမ်းအားစက်ကွင်းနှစ်ခု တွေ့ဆုံသည့်အခါ ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေး၏ လှိုင်းလုံးနှင့် တူသော စွမ်းအားစက်ကွင်းမှာ ရေကာတာဆည်နှင့် မတွေ့ဆုံဘဲ  ဝဲကတော့ကဲ့သို့သော  တွင်းနက်ကြီးနှင့် တွေ့ဆုံသွားသည်။ သူ့လှိုင်းလုံးမျာက မည်မျှပင် ကြီးမားစေကာမူ မိုဝူကျီ၏ ဝဲကတော့ စွမ်းအားစက်ကွင်းထဲ  စုပ်ယူခံလိုက်ရသည်။ တစ်စက်မျှပင် မချန်ရစ်ထားခဲ့ပေ။

ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေး စိတ်ထဲ လေးလံသွား၏။ စွမ်းအားစက်ကွင်းများ ဆုံတွေ့မှုကြောင့်  သတိဝင်လာသည်။ မိုဝူကျီက  သူ့ထက် လုံးဝ အားမနည်းပေ။ အကယ်၍ တခြားသူများသာ တိုက်ပွဲထဲ ဝင်သွားလျှင်  သူ့အနေနှင့် အရေးနိမ့်နေပေလိမ့်မည်။

ထိုစဉ် သူ့စွမ်းအားစက်ကွင်းမှာ ချိုးနှိမ်ထားခြင်း ခံထားရသောကြောင့်  ဓားမော့တာအိုချင်းသာ ယှဉ်ပြိုင်နိုင်လေ၏။

ဤခရမ်းရောင်ဝတ်ရုံနှင် လူငယ်လေးက  မိုဝူကျီ၏ ကျင့်ကြံဆင့်မှာ  မဟာလော့ရှန်းအဆင့်မျှပင် မရောက်သေးကြောင်း သေချာသိနေသည်။ မဟာလော့ရှန်းအဆင့် မရောက်သေးသည့် ကျင့်ကြံသူအနေနှင့်  သူနှင့်  ယှဉ်နိုင်ပေ၏။ အကယ်၍ ဤသတင်းများသာ ထွက်လာလျှင် သူ ဝမ်ပင်းအနေနှင့် မျက်နှာပျက်စရာ ဖြစ်မနေဘူးလား။

“ဘုန်း ဘုန်း ဘုန်း  ” မြောက်များစွာသော ဖန်အရောင် ဓားချက်များက မိုဝူကျီ၏ သဲကန္တရ သတ်ဖြတ်ငွေ့များနှင့် တွေ့သွားလေသည်။ သဲကန္တရအတွင်းမှ သတ်ဖြတ်ငွေ့များက ပျောက်ကွယ်သွားသော်လည်း သဲကန္တရမှာ ဆက်လက် ကြီးထွားနေဆဲ ဖြစ်ပြီး တစ်ချိန်တည်းတွင် ဖန်ဓားချက်များလည်း ပျောက်ကွယ်သွားတော့သည်။

“ ဖန်အရောင်ရိုက်ချက် ” ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေး၏ သတ်ဖြတ်ငွေ့များက လေထုအတွင်း ပြန့်နှံ့လာသည်။ သူက စွမ်းအားစက်ကွင်း ရင်ဆိုင်တွေ့မှု၌ အရေးမသာခဲ့သော်လည်း နောက်မဆုတ်သေးဘဲ မိုဝူကျီဆီ ခုန်ဝင်နေသေးသည်။

တောက်ပနေသော ဓားမော့အလင်းက ရုတ်ချည်း ပင်လယ်ထက်မှ ပေါ်လာသည်။ ထိုအလင်းစူးစူး၌  ထူးခြားသော စွမ်းအင်နှင့်အတူ  ဓားမော့အငွေ့အသက်များ ပါဝင်နေသည်။ ထိုစဉ်  ထိုအရာက မိုဝူကျီ၏ စိတ်စွမ်းအားပင် ဖြစ်စေ၊ စိတ်ဝိညာဉ်မျက်လုံးပင် ဖြစ်စေ ထိုအလင်းတန်းစူးစူးက  လွှမ်းခြုံသွားသည်။ သူက သူ့ဘေးပတ်လည်မှ အရာများကို အာရုံခံ၍ မရသလို ခံစား၍လည်း မရတော့ပေ။

အဝေးတစ်နေရာမှာ လူသုံးယောက်လည်း ထိုအလင်းတန်း ထွက်ပေါ်လာမှုကြောင့် လဲကျသွားကြသည်။

သူတို့က ဤမျှလှပသည့် အလင်းမျိုး  ….. မဟုတ်သေးဘူး   ဤသို့  ဓားမော့အလင်းမျိုး တစ်ခါမှ  မမြင်ဖူးပေ။ ထိုအရာမှာ  ဖန်သားအပိုင်းအစကဲ့သို့ လှပနေသည်။

သို့သော်လည်း သူတို့က မကြာခင် အသိပြန်ကပ်လာကြသည်။ ထိုအရာမှာ ဖန်သားပြင် မဟုတ်ဘဲ တိုက်ခိုက်မှုတစ်ခုသာ ဖြစ်ပေသည်။ ဖန်အရောင် ရိုက်ချက် ထွက်ပေါ်လာသည်နှင့် သူတို့မျက်လုံးများနှင့် စိတ်စွမ်းအားများက ထိုအလင်းမှ လွဲ၍ ကျန်သည့်အရာများကို မမြင်ရတော့ပေ။

မိုဝူကျီက သူတို့ကဲ့သို့ မဟုတ်ပေ။ သူ့မျက်လုံးက ဘာမှမမြင်ရသည့်အခါ မျက်လုံးကို ပိတ်ထားလိုက်သည်။ သူက စိတ်ဝိညာဉ်မျက်လုံးကိုလည်း  အသက်သွင်းမထားပေ။

ဤရိုက်ချက်ကို စိတ်ဝိညာဉ်မျက်လုံးဖြင့် အရာအားလုံး မြင်နိုင်သည် ဆိုသော်လည်း ထိုအရာက   မိုဝူကျီအတွက်  အရေးမကြီးပေ။

သူ့လက်ထဲမှ ခဲနက်ရောင် ဓားမော့ဖြင့်  ပိုင်းဖြတ်ချလိုက်သည်။ ထိုအရာက ဒုတိယဓားချက် လေဟုန်ဆန်မြစ် ဓားချက် ဖြစ်ပေသည်။

သူ ကျင်းယီရန်နှင့် ယှဉ်တိုက်စဉ်  သူက အင်အားအပြည့် မပြသနိုင်ခဲ့ပေ။ သို့သော်  သူက ယခင်က ကဲ့သို့ မဟုတ်တော့ပေ။ ယခု သူက မဟာယီရှန်းအဆင့် ဖြစ်ကာ  ချီသွေးကြော ကျင့်စဉ်ကို  ဖန်တီးထားသည့် မဟာယီရှန်း ကျင့်ကြံသူ တစ်ယောက် ဖြစ်၏။

ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေး၏ ဖန်အရောင်ရိုက်ချက်အောက်တွင် မိုဝူကျီ၏ မဟာသဲကန္တရကြီးမှာ ပျောက်ကွယ်သွားရသည်။ သို့သော် တစ်ချိန်တည်းတွင်  တောက်ပနေသော ငွေရောင်မြစ်ကြီးက  ဖန်အရောင်ရိုက်ချက်ကို စောင့်ကြိုနေ၏။

ပေသုံးထောင် အထက်ရှိ ရေများက ကောင်းကင်ဘုံမှ စီးကျလာသည့်အလား  တသွင်သွင် စီးဆင်းလာသည်။

ထိုစဉ် မိုဝူကျီ၏ လေဟုန်ဆန်မြစ်မှာ ကောင်းကင်ဘုံမှ စီးဆင်းလာသော ငွေရောင်မြစ်တစ်စင်း ဖြစ်နေသည်။ ဤငွေရောင်မြစ်၏ တောက်ပနေမှုက ဖန်အရောင်ဓားချက် အလင်းကို ဝါးမျိုပစ်သွားတော့သည်။

လှပကြော့ရှင်းစွာ ထွက်ပေါ်လာကာ အနည်းငယ် စိတ်ကြီးဝင်နေသည့်အလား …….

မိုဝူကျီက သူ့လေဟုန်ဆန်မြစ်ဓားချက်ကို  ပထမအကြိမ် အပြည့်အဝ ထုတ်ဖော်ပြသနိုင်ခြင်း ဖြစ်သော်လည်း  သူ့ကိုယ်တိုင်ပင် တုန်လှုပ်နေမိသည်။ သူ မျှော်မှန်းထားသည့်ထက် ဆယ်ဆမက ပိုနေသေး၏။

ထို့အပြင် ဤဓားမော့ ရိုက်ချက်များမှာ ဤမြစ်မှ  ဉာဏ်အလင်းပွင့်လာခြင်း ဖြစ်သည်။ အပေါ်ယံဓားမော့ လျို့ဝှက်ပညာရပ်က ထိုမျှအင်အားကြီးပြီး ကြီးကျယ်ခမ်းနားနေသည်ဆိုလျှင်  သူသာ လေဟုန်ဆန်မြစ်ကို အပြည့်အဝ နားလည်သွားသည်နှင့် သူ့အနေဖြင့် အင်မော်တယ်ဘုရင်နှင့်ပင် ယှဉ်၍ ရလောက်ပေသည်။

အမြင်မှားနေခြင်း ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း  မိုဝူကျီအတွက် ရည်မှန်းချက်မြင့်မြင့် ဖြစ်သွားစေသည်။ သူက  ကြီးမားသော ရည်မှန်းချက်နှင့်အတူ သတ္တိပါ ရှိလာမိသည်။

အကယ်၍ ယခုအချိန်မတိုင်ခင် ဖြစ်နေလျှင် မိုဝူကျီအနေဖြင့်   ဤခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးမှာ  ကျင့်ကြံဆင့်သာ မြင့်မားပြီး  အားမကောင်းဘူး ဟုသာ ခံစားမိမည် ဖြစ်သော်လည်း  ယခုအခါ မိုဝူကျီက  ဤလူငယ်လေးကို အနိုင်ယူနိုင်ကြောင်း အပြည့်အဝ ယုံကြည်ချက် ရှိလာသည်။ သူ့ယုံကြည်ချက်က လက်တွေ့အင်အားနှင့် ကိုက်ညီမှု ရှိသည် ဖြစ်စေ၊ မရှိဘူး ဖြစ်စေ မိုဝူကျီက   ကမ္ဘာကြီး၏ ထိပ်ဆုံးရောက်နေသလို ခံစားနေရသည်။

“ ချွင်  ” ထိုအရာမှာ ဓားမော့အလင်း ရိုက်ချက်မျှ ဖြစ်သော်လည်း  သတ္တုအချင်းချင်း ထိတွေ့သံများက လေထုအတွင်း ထွက်ပေါ်လာသည်။

နေရာတစ်ခုလုံးမှာ တည်ငြိမ်နေကာ နဂိုအတိုင်း ရှိနေသေးသော်လည်း  တိုက်ပွဲကို လေ့လာနေကြသည့် လူသုံးယောက်က  လေထုအတွင်းမှ တုန်ယင်မှုများကို သိသိသာသာ ခံစားမိနေကြသည်။

“ ဖူး  ” ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးက  သူ့ ဖန်အရောင်ဓားချက် ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း ခံစားမိလိုက်သည်။ ထို့နောက် ဗလာနတ္ထိ ခံစားချက်က သူ့အား လွှမ်းခြုံလာပြီး  သူ့နဖူးမှ စိုစိုစွတ်စွတ် ဖြစ်လာသောကြောင့်   မြန်မြန် နောက်ဆုတ်လိုက်ရသည်။

မိုဝူကျီလည်း အခြေအနေ မကောင်းပေ။ သူ့လေဟုန်ဆန်မြစ် ဓားချက်မှာ  တစ်ဖက်လူ၏ ဖန်အရောင်ရိုက်ချက်ထက် များစွာ သာလွန်နေသော်လည်း သူ့ကျင့်ကြံဆင့် မလုံလောက်သေးမှုနှင့်  နားလည်နိုင်စွမ်းတို့မှာ အစောပိုင်းအဆင့်မျှသာ ရှိသေးသောကြောင့်  အင်အားအပြည့် မထုတ်ဖော်နိုင်လိုက်ကြောင်း ခံစားမိနေသည်။

လေဟုန်ဆန်ဓားမြစ်၌ လက်ကျန်အင်အားတချို့  ရှိနေသေးသော်လည်း  တစ်ဖက်လူကို မည်သည့်ဒဏ်ရာမှ မရစေနိုင်ပေ။

ထိုမျှတင် မကဘဲ သူ့လက်များလည်း အနည်းငယ် တုန်ယင်နေလေ၏။ သူက တတိယဓားချက် ဖြစ်သည့် နေဝင်ဓားချက်ကို ဆက်လက် မ‌ဖော်ထုတ်နိုင်တော့ပေ။

မိုဝူကျီက အသက်ပြင်းပြင်း ရှုလိုက်ပြီး  နေဝင်ဓားချက်ကိုသာ ထုတ်သုံးနိုင်လျှင် လူငယ်လေးမှာ ဝေးဝေးမသွားနိုင်တော့ဘဲ သူ့ဓားချက်အောက်၌ ပျောက်ကွယ်သွားလိမ့်မည် ဖြစ်ကြောင်း သေချာသိနေသည်။  မဟုတ်သေးဘူး  …. သူ့အနေနှင့် နေဝင်ဓားချက်ကိုပင် သုံးဖို့ မလိုပေ။ အကယ်၍ လေဟုန်ဆန်မြစ်ဓားချက်ကိုသာ  အပြည့်အဝ ထုတ်ဖော်နိုင်ခဲ့လျှင်  ထိုဓားချက်မှာ  လူငယ်လေး၏ နဖူးပေါ် သွေးရာထင်ကျန်ရုံမျှ  ခြစ်ရာ မဖြစ်သွားဘဲ ခန္ဓာကိုယ်နှစ်ပိုင်းသာ ပြတ်သွားပေလိမ့်မည်။

“ မင်းက အရမ်းအားကောင်းတယ် … ဒါပေမဲ့ ငါ ဘယ်သူလဲဆိုတာ သိရဲ့လား ” ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးက ယခင်ကလို ဆက်၍ မမောက်မာနိုင်တော့ပေ။ သူ့နဖူးပေါ်မှ သွေးစီးကြောင်းရာက ပျောက်ကွယ်သွားပြီ ဖြစ်၏။

မိုဝူကျီက သူ့လောက် အားမကောင်းမှန်း သိသော်လည်း သူ့အနေဖြင့် မိုဝူကျီကို ဤနေရာ၌  ထိန်းထားနိုင်ဖို့ မဖြစ်နိင်ပေ။ မိုဝူကျီကို ဤနေရာ၌ ထိန်းထားမည့် အကြောင်းကို ဆိုမထားနှင့်  သူ့အတွက် မိုဝူကျီကို အနိုင်ယူဖို့ပင် မဖြစ်နိုင်ပေ။ သူ့နဖူးပေါ်မှ သွေးစီးကြောင်းရာက  အရာအားလုံးကို ရှင်းရှင်းလင်းလင်း ဖြစ်သွားစေသည် မဟုတ်ပါလော။ သူ့ရှေ့တွင် ရှိနေသော လူငယ်လေး၏ ဓားမော့တာအိုက သူ့ထက် ပို၍ အားကောင်းနေပေသည်။ သူ့ကျင့်ကြံဆင့် မြင့်မားနေသည့် အချက်ကြောင့်သာ မဟုတ်လျှင် သူ ဝမ်ပင်းအနေဖြင့် အသက်အတွက် ထွက်ပြေးနေရလိမ့်မည်။

မိုဝူကျီက ခပ်ယဲ့ယဲ့ ပြုံးလိုက်သော်လည်း ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးကို ကြည့်မနေပေ။ ထို့အစား လက်ထဲမှ ခဲနက်ရောင်ဓားမော့ကိုသာ ကြည့်နေ၏။

အရိုးသားဆုံး ပြောရလျှင် သူ့ဓားမော့က အနည်းငယ် လိုအပ်နေသေး၏။ ယခု သူက တစ်ဖက်လူအပေါ် အရေးသာမှု မရခဲ့ခြင်းမှာ  သူ့ဓားမော့ကြောင့်လည်း တစိတ်တပိုင်း ပါဝင်နေသည်။ ထိုဓားမော့အဆင့်က သူ့လျို့ဝှက်ပညာရပ်အတွက် အဆင့်နိမ့်နေသေး၏။

“ သုံးယောက်လုံး ဘာလို့ မသွားသေးတာလဲ  ” မိုဝူကျီက လူ သုံးယောက်ဘက် လှည့်ကာ မေးလိုက်သည်။

လူလတ်အရွယ် အမျိုးသားက မြန်မြန် ရှေ့ထွက်လာပြီး မိုဝူကျီအား ဦးညွှတ်ကာ  “ ဒီက မိတ်ဆွေက ကျုပ်တို့သုံးယောက်လုံးကို ကူညီပေးခဲ့ပါတယ်။ တကယ်လို့ ကျုပ်တို့ သုံးယောက်က ထွက်ပြေးသွားရင် ဘယ်လိုလုပ် လူအဖြစ် ယူဆလို့ ရပါ့မလဲ …..  ကျုပ်တို့က  ဘာအကူအညီမှ မဖြစ်မှန်း သိပေမဲ့  ဒီက မိတ်ဆွေ ထွက်သွားပြီးမှပဲ ထွက်သွားပါ့မယ် ”

သူတို့အနေဖြင့် ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးနှင့် ပြိုင်ဖက် မဟုတ်ကြောင်း သိထားသော်လည်း  ဤသို့ စကားမျိုး ပြောသေး၏။ ထိုအရာက မိုဝူကျီ၏ အမြင်ကို ပြောင်းလဲသွားစေသည်။

မိုဝူကျီက သူ့ကို လျစ်လျူရှုထားသည်ကို မြင်သောအခါ ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးက ဒေါသပေါက်ကွဲလာသည်။ သို့သော်လည်း  မိုဝူကျီက သူ့အား မကြောက်သောကြောင့်  ကူကယ်ရာမဲ့နေလေ၏။  သူစိတ်ထဲမှ ဒေါသမီးတောက်ကို ချိုးနှိမ်ထားပြီး ပြောလိုက်သည်  “  ဒီက အင်မော်တယ်က ဝမ်ပင်းပဲ  …. ကျုပ်က ဗလာကောင်းကင်အင်မော်တယ်နယ်မြေရဲ့ ကျယ်ပြောပင်လယ်အင်မော်တယ်ကျောင်းတော်ကပဲ  …. မိတ်ဆွေက ကျုပ်တို့ ကျယ်ပြောပင်လယ်အင်မော်တယ်ကျောင်းတော်နဲ့  ရန်သူ ဖြစ်ချင်နေတာလား ”

ထိုသူက  “ ကျယ်ပြောပင်လယ်အင်မော်တယ်ကျောင်းတော်” ကို မပြောလိုက်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။ မိုဝူကျီက ထိုကျောင်းတော်နာမည်  ကြားသည်နှင့် သူ့စိတ်ထဲမှ သတ်ဖြတ်လိုစိတ်များက ပေါက်ကွဲထွက်လာသည်။

သူက ကျယ်ပြောပင်လယ်အင်မော်တယ်ကျောင်းတော်မှ ပိုင်ချီထျန်းကို သတ်လိုက်သူ ဖြစ်ပြီး  ယုံရင်အင်မော်တယ် ဆေးပညာပြိုင်ပွဲ၌  သူက ဝမ်ဖန်၏ လိုက်ဖမ်းခြင်း ခံရ၍ သေလုနီးပါး ဖြစ်ခဲ့ရသည်။ အကယ်၍ သူ့လွန်းပျံယာဉ်ကြောင့်သာ မဟုတ်လျှင်  သူ့အနေနှင့် ဝမ်ဖန်လက်ထဲ သေသွားလောက်လေပြီ။

ကျယ်ပြောပင်လယ်အင်မော်တယ်ကျောင်းတော်က ဖြစ်နေတော့လည်း ဘာအရေးလဲ ….  သူတို့က မိုဝူကျီကို သတ်ချင်လျှင် အနည်းဆုံး တန်ဖိုးတစ်ခုတော့ ပေးဆပ်ရသင့်ပေသည်။

“ မိတ်ဆွေ … ကျယ်ပြောပင်လယ်အင်မော်တယ်ကျောင်းတော်ရဲ့ မဟာအကြီးအကဲ ကျင်းယုရှန်းက အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် ရောက်နေပြီ။ ပြီးတော့ ကျယ်ပြောပင်လယ်အင်မော်တယ်ကျောင်းတော် ဒုကျောင်းအုပ် ဝမ်ဖန်က  ဝမ်ပင်းရဲ့ ဦးလေးလေ …. သူက  အင်မော်တယ် အုပ်စိုးသူ ပြီးပြည့်စုံခြင်းအဆင့် ရောက်နေပြီ။ အင်မော်တယ် ဧကရာဇ်အဆင့် ရောက်ဖို့  နည်းနည်းပဲ လိုတော့တယ် ” လူလတ်အရွယ် အမျိုးသားက မိုဝူကျီဆီ မြန်မြန် စိတ်နှင် ဆက်သွယ်ကာ ပြောလိုက်ရသည်။

မိုဝူကျီက ဝမ်ပင်းကို ကြည့်လိုက်ပြီး  စိတ်ထဲ၌ တွေးလိုက်မိသည်။

ဤလူက တကယ်သေချင်နေတာပဲ ….  ဘယ်လိုဖြစ်ဖြစ် ဒီလူကို သတ်ပစ်ရမယ် …..

ထိုအတွေးဖြင့်  သူက လူလတ်အရွယ် အမျိုးသားဆီ ပြန်ပို့လိုက်သည်  “ ကျုပ် လှုပ်ရှားရင် ခင်ဗျားတို့ သုံးယောက်က  ဒီလူကို ထိန်းထားဖို့ ကူညီပေးရမယ်။ တကယ်လို့ ခင်ဗျားတို့ သုံးယောက်က ကျယ်ပြောပင်လယ်အင်မော်တယ်ကျောင်းတော်ကို စိတ်အနှောင့်အယှက် မပေးရဲဘူးဆိုရင်တော့ အရင်ထွက်သွားကြပါ …. ကျုပ်ဘာသာ တစ်ယောက်တည်း နေခဲ့မယ် ”

လူလတ်အရွယ် အမျိုးသားက ရယ်မောကာ  “ ဒီက မိတ်ဆွေက ကျုပ်တို့ သုံးယောက်ကြောင့် ရောက်နေတာဆိုတာကို ထည့်မပြောနဲ့ဦး။ ခင်ဗျား မပါရင်တောင်  ကျုပ် ကိုင်ကွမ်းယီက  ကျယ်ပြောပင်လယ်အင်မော်တယ်ကျောင်းတော်က သူနဲ့ တိုက်မှာကို မကြောက်ပါဘူး …..  ဝူနျန် …. ကျီချိုက် ….  ငါတို့တွေ အတူတူ တိုက်ကြမယ် ”

သူ့စကားအဆုံးတွင် မိုဝူကျီကိုပင် မစောင့်တော့ဘဲ  ဝမ်ပင်းဆီ ပြေးဝင်သွား၏။

မိုဝူကျီ၏ စိတ်ထဲ  လေးစားမိသွားသည်။ ထိုလူက ဉာဏ်ကောင်းရုံ သာမက  ဆုံးဖြတ်ချက်လည်း ပြတ်သား၏။ သူက မိုဝူကျီသည် ဝမ်ပင်းကို ဘယ်လိုဖြစ်ဖြစ် သတ်ပစ်မည်ကို သိနေသောကြောင့် ရှေ့မှ အရင် ပြေးဝင်သွားခြင်း ဖြစ်ပေသည်။ မိုတူကျီက သူတို့သုံးယောက်လုံးကို သေတွင်းဆီ ပို့မည် မဟုတ်ပေ။ သူက သူတို့ကြား ဖြတ်ဝင်ပြီး  ဓားချက်နှင့် ပိုင်းချလိုက်သည်။

***

All Chapters