ငြိမ်းချမ်းရေး ကျွန်းဆွယ်
Vol. 44 Ch. 603
ဝမ်ပင်း၏ မျက်နှာ အမူအယာမှာ ပြောင်းလဲသွားလေ၏။ တခြားသော သုံးယောက်ကို ဂရုမစိုက်သော်လည်း မိုဝူကျီ၏ လေဟုန်ဆန်မြစ် ဓားချက်ကိုတော့ အမှန်ပင် စိုးရိမ်နေမိသည်။ အကယ်၍ မိုဝူကျီ၏ လေဟုန်ဆန်မြစ် ထပ်မံ ထွက်ပေါ်လာလျှင် သူ့အနေနှင့် အရေးနိမ့်ပြီး အဝိုင်းခံရလိမ့်မည်။
အကယ်၍ ကိုင်ကွမ်းယီဆီ ရှိနေသော ပစ္စည်းက သူ့အတွက် အရေးမကြီးလျှင် သူ ထွက်ပြေးပြီးလောက်လေပြီ။ မကြာခင် ဝမ်ပင်းက မိုဝူကျီ၏ ရိုက်ချက်မှာ လေဟုန်ဆန်မြစ် မဟုတ်ဘဲ သာမာန်အတိုင်း ဖြစ်နေသော ရိုက်ချက်သာ ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။ သူက ဖန်အရောင်ရိက်ချက် ပြန်ထုတ်လွှင့်လိုက်ပြီး သူ့စွမ်းအားစက်ကွင်းမှာ အားပြင်းပြင်းနှင့် ထွက်ပေါ်လာသည်။
“ ဘုန်း ” မိုဝူကျီ၏ ဓားမော့အလင်းက ကြေမွသွားပြီး ကောင်းကင်တစ်ခုလုံးမှာ ဝမ်ပင်း၏ ဖန်အရောင် ဓားမော့အလင်းများဖြင့် ပြည့်နှက်သွားသည်။
ဝမ်ပင်းက သူ့အနေဖြင့် မိုဝူကျီကို အထင်ကြီးမိနေကြောင်း သတိပြုမိလိုက်သည်။ မိုဝူကျီက ဓားချက်နှစ်ချက်သာ ထုတ်လွှင့်နိုင်ပြီး တတိယမြောက် ဓားချက်မှာ အလွယ်တကူ ပြိုကွဲသွားပေသည်။
“ ခွမ်း ” မိုဝူကျီ၏ ဓားမော့အလင်းမှာ ကြေမွသွားပြီးနောက် ဖန်အရောင်ဓားချက်မှာ မိုဝူကျီ၏ စွမ်းအားစက်ကွင်းအပေါ် ကျရောက်သွားသည်။ မိုဝူကျီ၏ စွမ်းအားစက်ကွင်းက ပို၍ အားကောင်းနေလျှင်ပင် ဝမ်ပင်း၏ ဖန်အရောင် ဓားချက်ကို ခုခံနိုင်မည် မဟုတ်ပေ။
အားလုံး၏ အမြင်၌ မိုဝူကျီ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ နောက်ဆုတ်ခြင်းသာ ဖြစ်ပြီး မြန်မြန် နောက်ဆုတ်လေလေ ပို၍ ကောင်းလေလေ ဖြစ်၏။ မဟုတ်လျှင် မိုဝူကျီက ဝမ်ပင်း၏ ထိန်းချုပ်မှုကို ခံရလိမ့်မည်။
လူလတ်အရွယ် အမျိုးသားက မိုဝူကျီ အခြေအနေကို သေချာမြင်လိုက်ရသည်။ မိုဝူကျီ နောက်ဆုတ်လိုက်သည်နှင့် သူတို့သုံးယောက်မှာ ဝမ်ပင်း၏ ဓားချက်အောက် လည်စင်းခံရမည့် သတ္တဝါလေးများအလား ဖြစ်သွားကြလိမ့်မည်။ ထိုစဉ် သူတို့သုံးယောက်အတွက် အကောင်းဆုံး ရွေးချယ်မှုမှာ နောက်ဆုတ်ရန်သာ ဖြစ်၏။ သို့သော်လည်း လူလတ်အရွယ် အမျိုးသားက သူတို့နောက်ဆုတ်လိုက်သည်နှင့် မိုဝူကျီက ဝမ်ပင်း၏ ဓားချက်ပါ သေရာပါ ဒဏ်ရာရသွားစေမည်မှန်း သိပေ၏။
သူ ကိုင်ကွမ်းယီက သူ့စရိုက်မှာ ဖြောင့်မှန်သည့်သူ ဖြစ်ရာ ယခုအချိန် ထွက်သွားလိုက်ခြင်းက သူတို့မဟာမိတ်ကို သစ္စာဖောက်သလို ဖြစ်နေလိမ့်မည်။ အကယ်၍ သူသာ နောက်ဆုတ်လိုက်လျှင် သူတို့ကို ကူညီပေးနေသည့် လူငယ်လေးအနေဖြင့် ဒဏ်ရာအပြင်းအထန် ရသွားစေလိမ့်မည်။ ထိုသို့ ဖြစ်လာပါက သူတို့လည်း ထွက်ပြေးလွတ်မြောက်
နိုင်မည် မဟုတ်ပေ။
သူက ထိုအတွေးဖြင့် မထွက်ပြေးဘဲ မှော်ရတနာကို ဆွဲကာ အင်မော်တယ်သဘာဝစွမ်းအားများ စုစည်းထားလိုက်သည်။
မိုဝူကျီက သူတို့ရောက်ရှိနေသည့် အခြေအနေကို ကောင်းကောင်း သိပေသည်။ ထို့ကြောင့် ကိုင်ကွမ်းယီ ဆုံးဖြတ်ချက်ကို အမှန်တကယ် လေးစားမိသည်။ ထိုအရာမှာ ဖြောင့်မှန်ပြီး ထိုလူက အနည်းဆုံးတော့ အခွင့်အရေးကို ယူကာ သူ့ကိုယ်သူ လွတ်မြောက်ဖို့ မကြိုးစားပေ။
မိုဝူကျီက ဝမ်ပင်းကို သတ်ရန် ဆုံးဖြတ်ထားသောကြောင့် ဒဏ်ရာရာပြီး နောက်ဆုတ်ရမည့်သူက မည်သို့ သူ ဖြစ်ရမည်နည်း။ သူသာ နောက်မဆုတ်ဘဲ ရှေ့ပင် တိုးလိုက်သေးသည်။ သူက ဖန်အရောင်ဓားချက်ဆိ ခုန်ဝင်လိုက်သည်။
ရုတ်ချည်းဆိုသလို ယင်ယန်ထိုက်ကျိ ချိတ်တံဆိပ်က သူ့လက်သီးရှေ့ ပေါ်လာလေ၏။ ထိုချိတ်တံဆိပ်မှာ အလျှင်အမြန် ကျယ်ပြန့်လာပြီး ဧရာမ ခဲနက်စွမ်းအားများ ထွက်ပေါ်လာသည်။
ဤသေခြင်းတရား စွမ်းအားများက လေထုအတွင်း ပြန့်နှံ့လာသည်။ ထိုစဉ် နေရာတစ်ခုလုံး၌ သေခြင်းတရားစွမ်းအားများဖြင့် တောက်လောင်နေသည်။ မိုဝူကျီ၏ မျက်လုံးများက ပိတ်ကျသွားပြီး မျက်နှာမှာ ဖြူဖျော့နေသည်။ များပြားစွာသော အင်မော်တယ် သဘာဝစွမ်းအားများ၊ စိတ်စွမ်းအားများနှင့် အသက်ဓာတ်များမှာ ထိုလက်သီးချက်ကြောင့် စုပ်ယူခြင်း ခံလိုက်ရသည်။
ထိုစဉ် တိုက်ခိုက်မှု၏ ပစ်မှတ်ဖြစ်သော ဝမ်ပင်းအကြောင်း ပြောနေစရာပင် မလိုတော့ပေ။ မိုဝူကျီနှင့် အဖွဲ့ဖွဲ့ထားသော လူသုံးယောက်လည်း သူတို့စိတ်နှလုံးသား အေးစက်စက် ဖြစ်သွားသည်ကို ခံစားမိလိုက်ကြသည်။ အပြီးသတ်သွားသည့် ခံစားချက်က ကြီးစိုးလာပြီး သူတို့စိတ်ထဲ၌ စိတ်ပျက်မှုများ အပြည့်ဖြစ်လာကြသည်။
မဟုတ်သေးပေ ….. စိတ်ပျက်မှုနှင့် သေခြင်းတရားကြား၌ ရှင်သန်မှု အရိပ်အယောင်တချို့ ရှိနေသည်။ သို့သော်လည်း ထိုရှင်သန်မှု အရိပ်အယောင်မှာ ဆုပ်ကိုင်ဖို့ရာ ကွာဝေးပြီး ခက်ခဲလွန်းလှပေသည်။
“ဘယ်လို လက်သီးချက်မျိုးလဲ ” ဝမ်ပင်းက သူ့ဖန်အရောင် ဓားချက်က မိုဝူကျီပေါ် ကျရောက်သွားပြီး သွေးများ ထွက်လာစေသည်ကို လုံးဝမေ့လျော့သွားပြီး သူ့စိတ်ထဲကား ထိုလက်သီးချက်အပေါ်သာ အာရုံရောက်နေတော့သည်။
ထိုလက်သီးချက်၌ ရှင်သန်မှုလည်း ပါရှိနေသည်။ ထိုအရာမှာ သူနှင့် လက်မအချို့သာ ကွာဝေးနေသော်လည်း အဆုံးမရှိသည့် ချောက်နက်ကြီးသဖွယ် ကွာဝေးနေသည်ဟု ခံစားနေရသည်။ ရှင်သန်မှုအပြင် သေခြင်းတရားများ ပါရှိနေသေး၏။ ထိုလက်သီးချက်မှာ မကျရောက်လာသော်လည်း ဝမ်ပင်းက သေခြင်းတရားများ လွှမ်းခြုံလာသည်ကို ခံစားနေရသည်။
မိုဝူကျီ၏ မျက်နှာမှာ အင်မတန် ဖြူဖျော့သွား၏။ သူ့တွင် အသက်ဓာတ် လမ်းကြောင်း ရှိသော်လည်း ဝမ်ပင်းကဲ့သို့ မဟာလော့ရှန်းအဆင့်ကို ရင်ဆိုင်ဖို့ရာ ထောက်ပံ့ထားနိုင်ဖို့ အမှန်တကယ် ခက်ခဲလှပေသည်။
“ သေခြင်း ရှင်ခြင်း ကံကြမ္မာစက်ဝန်း …. ခင်ဗျားကို ငရဲပို့ဖို့ ဒီလက်သီးချက်ကို ထုတ်သုံးတာ ဂုဏ်ယူသင့်တယ် ” မိုဝူကျီ၏ အသံမှာ အနည်းငယ် လည်ချောင်းသံ ဖြစ်နေသော်လည်း သူ့လက်သီးချက်ကဲ့သို့ ရှင်သန်မှု ကင်းမဲ့နေသည်။
ဝမ်ပင်းက သူ့ဖန်အရောင်ဓားချက်နှင့် ခုခံသော်လည်း သေခြင်းတရား စွမ်းအားများက ဖိနှိပ်ထား၏။ သူ့စွမ်းအားများမှာ ဖိနှိပ်ခံထားရသောကြောင့် သူ့လက်နက်ကိုပင် သေချာ မမြောက်နိုင်တော့ပေ။
“ မဟုတ်ဘူး မင်း ငါ့ကို သတ်လို့ မရဘူး …” ဝမ်ပင်း မျက်လုံးများ၌ အကြောက်တရားများဖြင့် ဂနာမငြိမ် ဖြစ်နေသည်။ သူ့လို လူငယ်လေးတစ်ယောက်အတွက် ဤအမူအယာမှာ ပို၍ လိုက်ဖက်ညီပေသည်။
“ မင်းက ငါ သတ်ခဲ့တဲ့ ကျယ်ပြောပင်လယ်အင်မော်တယ်ကျောင်းတော်က ပထမဆုံးသူ မဟုတ်ဘူး …. နောက်ဆုံးလည်း ဟုတ်မှာ မဟုတ်ဘူး။ သွားပေတော့ ဘာကိုမှ နောက်ဆံ တင်းမနေနဲ့ ….. ”
“ ဘုန်း ”
မိုဝူကျီ စကားများ ထွက်ပေါ်လာသည်နှင့် သေခြင်း ရှင်ခြင်း ကံကြမ္မာစက်ဝန်းက ဝမ်ပင်းပေါ် ကျရောက်သွားတော့သည်။ ဝမ်ပင်း၏ မျက်လုံးများက မှိန်ဖျော့သွားပြီး ခန္ဓာကိုယ်မှာ မီးခိုးရောင် သမ်းကာ ပြောင်းလဲသွား၏။ အချိန်တိုလေးအတွင်း သေခြင်းတရား စွမ်းအားများက သူ့အသက်ကို နှုတ်ယူသွားလေပြီ။
“ ဖူး ” ခန္ဓာကိုယ်မှာ ပေါက်ကွဲထွက်သွားသည်။ မိုဝူကျီက လက်ကို ဆန့်ထုတ်၍ ဝမ်ပင်း၏ သိုလှောင်လက်စွပ်ကို ယူထားလိုက်သည်။ ဝမ်ပင်းက ခန္ဓာကိုယ်ရော၊ ဝိညာဉ်ပါ သေဆုံးသွားလေပြီ။ သူ့ဖန်အရောင်ဓားမော့မှာ အနောက်ပိုင်းကျုံးပင်လယ်ထဲ ကျသွားသောကြောင့် မိုဝူကျီက ကောက်ယူဖို့ရာ အာရုံမရှိတော့ပေ။
ထိုစဉ် သူက မီးစာပြတ်သွားသည့် မီးအိမ်တစ်လုံးသဖွယ် ဖြစ်နေလေပြီ။ သူ့အသက်ဓာတ်လမ်းကြောင်းကြောင့်သာ မဟုတ်လျှင် သေခြင်း ရှင်ခြင်း ကံကြမ္မာ စက်ဝန်းကို ထုတ်သုံးရဲမည် မဟုတ်ပေ။
သူ့အသက်ဓာတ်လမ်းကြောင်းမှာ မိုဝူကျီ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန်လည် အားဖြည့်ပေးနေသည်။ အသက်ဓာတ်လမ်းကြောင်းက ဘေးနားမှ အသက်ဓာတ်များပါ ဆွဲယူပြီး မိုဝူကျီကို အားဖြည့်ပေးနေ၏။
မိုဝူကျီ၏ မီးခိုးရောင်သမ်းနေသော မျက်နှာ၊ ခြောက်ကပ်သွားသော စိတ်စွမ်းအားများပါ အလျှင်အမြန် ပြန်ကောင်းလာနေသည်။ သို့သော်လည်း သူက မလှုပ်ရှားနိုင်သေးပေ။ ဝမ်ပင်းမှာ အားမနည်းလှပေ။ ဝမ်ပင်းကို သတ်ဖို့ရာ သူ့အင်အားအများစုကို အသုံးပြုလိုက်ရသည်။
ကိုင်ကွမ်းယီနှင့် အခြားလူများက မိုဝူကျီကို စိုက်ကြည့်နေကြပြီး အချိန်အတော်ကြာသည့်အထိ စကားတစ်ခွန်းမှ မပြောကြပေ။
သူတိုက မိုဝူကျီ ဒဏ်ရာအပြင်းအထန် ရသွားမည်ဟု ထင်ခဲ့ကြပြီး အဆိုးဆုံးကိုသာ မျှော်လင့်ထားကြသည်။ သို့သော်လည်း တစ်ချက်တည်းဖြင့် လူငယ်လေးက မဟာလော့ရှန်း ကျင့်ကြံသူကို သတ်ပစ်နိုင်လိမ့်မည်ဟု မထင်ထားကြပေ။ သူတို့ကိုယ်တိုင်ပင် ထိုလက်သီးချက်က မည်မျှကြောက်မက်ဖို့ ကောင်းကြောင်း သိထားကြရာ သေခြင်းတရားနှင့် ရှင်သန်ခြင်းကြားမှ အငွေ့အသက်များ လွှမ်းခြုံလာသလို ခံစားလိုက်ရသည် မဟုတ်ပါလော။
အကယ်၍ ဤလက်သီးချက်သာ သူတို့ကို ပစ်မှတ်ထားလျှင် တစ်ယောက်မှ ရှင်မည် မဟုတ်ပေ။ အကယ်၍ လူတစ်ယောက်က ဤသို့သေစေလောက်သည့် လက်သီးချက်ကို ထုတ်လွှင့်နိုင်လျှင် ထိုလူက မည်မျှ ကြောက်မက်ဖို့ ကောင်းကြောင်း မြင်နိုင်သည် မဟုတ်ပါလော။
အမွေးတိုင်တစ်ဝက်စာကြာချိန်၌ မိုဝူကျီက မျက်လုံး ပြန်ပွင့်လာပြီး ကိုင်ကွမ်းယီတို့ကို လှည့်ကြည့်လိုက်သည်။
“ မိတ်ဆွေ … စောစောက ကူညီပေးတာ ကျေးဇူးတင်ပါတယ်။ မိတ်ဆွေသာ မကူညီပေးရင် ကျုပ်တို့သုံးယောက်လုံး ဝမ်ပင်းလက်ထဲ ရောက်နေလောက်ပါပြီ ” ကိုင်ကွမ်းယီက မိုဝူကျီ ကုစားမှု ပြီးဆုံးသွားသည်ကို သတိပြုမိပြီး ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။
မိုဝူကျီက ပြုံးကာ “ အပြန်ပြန်အလှန်လှန်ပါပဲ …. ခင်ဗျားတို့ သုံးယောက်သာ မကူညီခဲ့ရင် ဝမ်ပင်းက လွတ်သွားလောက်ပြီ။ ကျုပ်နာမည် မိုဝူကျီပါ …. ဒီက သုံးယောက်ကို ဘယ်လိုများ ခေါ်ရမလဲ ”
မိုဝူကျီက စကားများကို လောကွတ်ချော်ပြောနေခြင်း မဟုတ်ပေ။ ဝမ်ပင်းနှင့် တိုက်ခိုက်စဉ် သူတို့သုံးယောက်ကြောင့် ဝမ်ပင်းအနေနှင့် သူအင်အား၏ ၇၀ ရာခိုင်နှုန်းလောက်သာ ထုတ်သုံးနိုင်ပေသည်။ မိုဝူကျီက ဝမ်ပင်းထက် အားမနည်းပေရာ ဝမ်ပင်းက အားအပြည့် မထုတ်သုံးနိုင်သောကြောင့် သူ့သတ်ဖြတ်ရေး အကွက်ဖြစ်သည့် သေခြင်း ရှင်ခြင်း ကံကြမ္မာ စက်ဝန်းက ဝမ်ပင်းအား အောင်အောင်မြင်မြင် သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်၏။
လူလတ်အရွယ် အမျိုးသားက မြန်မြန် ပြောလိုက်သည် “ ကျုပ်က ကိုင်ကွမ်းယီပါ ”
ထို့နောက် ကြည့်ကောင်းသည့် အမျိုးသမီးကို ညွှန်ပြကာ “ ဒါက ဝမ်နျန်ပါ … သူမဘေးက ကောင်လေးက ကျီချိုက်ပါ ”
ကျီချိုက်က လူကောင်ထွားထွားကြီး ဖြစ်ရာ နှစ်မီတာကျော် မြင့်မားပြီး အားကောင်းသည့် ရုပ်ခန္ဓာမျိုး ဖြစ်၏။
“ အရင် ဝမ်ပင်းပြောတော့ ခင်ဗျားတို့ သုံးယောက်လုံးက ငြိမ်းချမ်းရေး ကျွန်းဆွယ်ဆီ သွားနေကြတယ်ဆို …. ငြိမ်းချမ်းရေး ကျွန်းဆွယ်ဆိုတာ ဘယ်လိုနေရာမျိုးလဲ …. ဒီနဲ့ နီးရဲ့လား …” မိုဝူကျီက အင်မော်တယ်လောက၌ သိပ်ကြာကြာမနေရသေးသည့်အပြင် ခဏတာနေပြီးနောက် အပြင်ပြန်ရောက်သွားသောကြောင့် ဤနေရာရှိ နေရာများနှင့် မရင်းနှီးသေးပေ။
“ ညီလေးမိုက ငြိမ်းချမ်းရေး ကျွန်းဆွယ်ကို မသိဘူးလား ” ကိုင်ကွမ်းယီက အံ့ဩမိသွားသည်။ မိုဝူကျီက ငြိမ်းချမ်းရေး ကျွန်းဆွယ်ကို မသိသည်မှာ အနောက်ပိုင်းကျုံးပင်လယ်တွင် လမ်းပျောက်သည်ထက် ပို၍ မယုံနိင်ဖွယ် ဖြစ်ရသည်။
မိုဝူကျီက မြန်မြန် ပြောလိုက်သည် “ ကျုပ် အင်မော်တယ်လောကကို ရောက်ကတည်းက အမြဲတမ်း တံခါးပိတ် ကျင့်ကြံနေတာဆိုတော့ ဒီနေရာတွေနဲ့ သိပ်မသိဘူး ”
မိုဝူကျီ စကားများက မည်သို့ပင် ဖြစ်စေကာမူ ကိုင်ကွမ်းယီက မေးခွန်းမထုတ်ဘဲ စိတ်ရှည်ရှည်ဖြင့် ရှင်းပြပေးလိုက်သည်
“ ညီလေးမို … အဲဒီဝမ်ပင်းက ကျယ်ပြောပင်လယ်အင်မော်တယ်ကျောင်းတော်မှာ အရေးပါတဲ့လူတစ်ယောက်ပဲ။ တကယ်လို့ ညီလေးမိုက ဂိုဏ်းအကြီးကြီး က လူမဟုတ်ရင် ညီလေးမိုလည်း ကျုပ်တို့နဲ့အတူတူ ငြိမ်းချမ်းရေးကျွန်းဆွယ်ဆီ လိုက်ခဲ့ပါ့လား ”
“ အဲဒီနေရာအကြောင်း အသေးစိတ် သိချင်ပါတယ် ” မိုဝူကျီက လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။
ကိုင်ကွမ်းယီက ဆက်ပြောလိုက်သည်
“ ငြိမ်းချမ်းရေးကျွန်းဆွယ်က သတ်ဖြတ်ခြင်းကို တားမြစ်ထားတဲ့ နေရာတစ်ခုပေါ့။ အဲဒီနေရာမှာ မကျေနပ်ချက်တွေရှိရင်တောင် သတ်ဖြတ်တာကို လုံးဝ ခွင့်မပြုထားဘူး။ အင်မော်တယ် ဧကရာဇ်လိုမျိုး အားကောင်းတဲ့သူမျိုးကို ရန်မစမိသရွေ့ ငြိမ်းချမ်းရေးကျွန်းဆွယ်ဆီ ရောက်ရင် အန္တရာယ်ကင်းလိမ့်မယ်။ ဘယ်သူမှ လာထိရဲမှာ မဟုတ်ဘူး ”
“ တကယ်လို့ ကျုပ်က အင်မော်တယ် ဧကရာဇ်ကို ရန်စမိခဲ့ရင်ရော ….” မိုဝူကျီက မေးကြည့်လိုက်သည်။ သူက အင်မောတ်ယ်ဧကရာဇ် တစ်ယောက်ကို ရန်စမိခဲ့သည် မဟုတ်ပါလော။ သူက အဘယ်ကြောင့် ရန်စမိမှန်း မသိသေးသော်လည်း အင်မော်တယ် ဧကရာဇ် လွန်ချိုက်က သူ့လူများကို သတ်သွားသည့်အတွက် ဤကိစ္စအား ကျော်မပစ်နိုင်ပေ။
ကိုင်ကွမ်းယီက မိုဝူကျီ တစ်ယောက် အင်မော်တယ် ဧကရာဇ်လွန်ချိုက်အား ရန်စမိသည်ကို မသိဘဲ ဝမ်ပင်းအား သတ်ထားသည့် ကိစ္စကိုသာ တွေးမိလေ၏။ ဝမ်ပင်းမှာ ကျယ်ပြောပင်လယ်အင်မော်တယ်ကျောင်းတော်၏ ပါရမီရှင် ဖြစ်ပြီး ကျယ်ပြောပင်လယ်အင်မော်တယ်ကျောင်းတော်၌ အင်မော်တယ် ဧကရာဇ် ရှိနေ၏။ ထို့ကြောင့် မိုဝူကျီက အင်မော်တယ် ဧကရာဇ်အား ရန်စမိသည်ဟု ဆိုလျှင် မှားယွင်းနေခြင်းတော့ မဟုတ်ပေ။
“ တကယ်လို့ အင်မော်တယ် ဧကရာဇ်ကို ရန်စထားမိရင်တော့ ငြိမ်းချမ်းရေး ကျွန်းဆွယ် ရဲ့ ငြိမ်းချမ်းရေး တည်းခိုဆောင်ကို သွားနိုင်တယ်။ အဲဒီတည်းခိုဆောင်ရဲ့ ပိုင်ရှင်က ကျော့ဖျင်အန်းပဲ ။ အဲဒီငြိမ်းချမ်းရေး တည်းခိုဆောင်ထဲ သွားတာနဲ့ သူ့အကာအကွယ်အောက် ရောက်သွားတာနဲ့အတူတူပဲ။ အဲဒီတည်းခိုဆောင်မှာ တိုက်ရဲတဲ့သူအတွက် စကားတစ်ခွန်းပဲ ရှိတယ် …. သေခြင်းတရားပဲ ….
နှစ်ပေါင်းမြောက်များစွာအထိ ငြိမ်းချမ်းရေး တည်းခိုဆောင်က လိုက်ဖမ်းခံရတဲ့ ကျင့်ကြံသူ တော်တော်များများကို ကာကွယ်ပေးထားတာ
ငြိမ်းချမ်းရေး တည်းခိုဆောင်ရဲ့ တည်ရှိမှုကြောင့် ငြိမ်းချမ်းရေး ကျွန်းဆွယ်က ဖြစ်လာတာ …. နောက်ပိုင်းကျ ငြိမ်းချမ်းရေး ကျွန်းစွယ်မှာ မသတ်ရဘူးဆိုတဲ့ စည်းမျည်းပါ ဖြစ်လာတာပဲ ။ အဲဒီစည်းမျည်းက အင်မော်တယ် ဧကရာဇ်တွေအထိတော့ သက်ရောက်မှု မရှိဘူးပေါ့။ ဒါပေမဲ့ အင်မော်တယ် ဧကရာဇ်တွေလည်း ငြိမ်းချမ်းရေး တည်းခိုဆောင်ထဲမှာဆိုရင် ဘာမှ မလုပ်နိုင်ကြဘူး ” ကိုင်ကွမ်းယီက ရှင်းပြလိုက်သည်။
အရမ်းအံ့ဩဖို့ ကောင်းတာပဲ …..
မိုဝူကျီက ကမ္ဘာမြေတွင် ကြည့်ခဲ့သည့် ဇာတ်ကားတစ်ခုကို ပြန်လည် တွေးတောမိလိုက်သည်။ ထိုဇာတ်ကားမှာ ငြိမ်းချမ်းရေး ဟိုတယ် ဟု အမည်ရပြီး ထိုဟိုတယ်ထဲ ရောက်သွားသူတိုင်းကို တိုက်ခိုက်ခြင်း တားမြစ်ထား၏။
မိုဝူကျိက ထိုသို့မျိုး တည်းခိုဆောင်ကို စီမံနိင်သူမှာ အလွန်အားကောင်းကြောင်း အသေအချာ သိနေသည်။ သို့သော်လည်း သူက နောက်တစ်ချက်ကို သိနေသေး၏။ ထိုသို့မျိုး ဟိုတယ်ကို ဖွင့်ထားသူလည်း ဖြည်းဖြည်းချင်း အသတ်ခံရမည် ဖြစ်၏။
“ညီလေးမို …. ကျယ်ပြောပင်လယ်အင်မော်တယ်ကျောင်းတော်က ဝမ်ပင်းရဲ့ သေဆုံးမှုအရင်းအမြစ်က ခင်ဗျားဆိုတာ သေချာပေါက် ခြေရာခံမိမှာပဲ။ ဝမ်ပင်းလို ပါရမီရှင်မျိုး အသတ်ခံလိုက်ရတာက သတ်လိုက်တဲ့သူကို ခြိမ်းခြောက်မှုတွေ ရှိလာနိုင်တယ်။
စီနီယာအကြောင်း မပြောနဲ့ဦး ကျုပ်တို့ သုံးယောက်အပေါ်မှာတင် အမှတ်အသားတွေ ရှိရင် ရှိနေလောက်မှာ ” မိုဝူကျီ တိတ်ဆိတ်နေသည်ကို မြင်ပြီး ကိုင်ကွမ်းယီက ဆက်ပြောလိုက်သည်။
မိုဝူကျီက ကိုင်ကွမ်းယီမှာ မျက်လုံးစုံမှိတ် လျှောက်ပြောနေခြင်း မဟုတ်ကြောင်း ယုံကြည်သည်။ ကိုင်ကွမ်းယီ၏ စကားများမှာ သဘောသဘာဝကျ၏။ သူက အစီအရင်ဆရာ တစ်ယောက် ဖြစ်သောကြောင့် သူ့ကိုယ်တိုင်ပင် အမှတ်အသားများအကြောင်း သေချာလေ့လာဖူး၏။ ကျန်းရှန်းတွင် ရှိစဉ် သူက ကျိုးပျက်ဂိုဏ်း၏ အမှတ်အသားအောက် ခံစားရသည် မဟုတ်ပါလော။ သူ့လက်ရှိအနေထားနှင့် ချီသွေးကြော ၁၀၈ ခုဖြင့် ကျယ်ပြောပင်လယ် အင်မော်တယ်ကျောင်းတော်မှာ သူ့အပေါ် မည်သည့် အမှတ်အသားမှ ထား၍ ရမည် မဟုတ်ပေ။ သို့သော်လည်း ငြိမ်းချမ်းရေး ကျွန်းဆွယ်က သူ့အာရုံကို စွဲဆောင်နေလေ၏။
သူက လူများစွာကို ရန်စမိခဲ့သည်။ တစ်ရက်ကျ သူ့တွင် သွားစရာလမ်းမရှိတော့သည့်အခါ ငြိမ်းချမ်းရေး ကျွန်းဆွယ်ဆီ သွားဖြစ်လောက်ပေသည်။
ထိုအတွေးဖြင့် မိုဝူကျီက လက်နှစ်ဖက် ဆုပ်ကာ “ အဲဆို အစ်ကိုကိုင်တို့ကို လမ်းပြဖို့ ဒုက္ခပေးရတော့မှာပဲ …. ကျုပ်လည်း ငြိမ်းချမ်းရေး ကျွန်းဆွယ်ဆီ လိုက်ခဲ့ပါ့မယ် ”
***