ကောင်းမိသားစုထံမှ ဓား
Vol. 12 Ch. 155
ကလေးမလေး သေရည်သောက်သည်ကို ကြည့်ကာ တင်းချန်ကန်းက ရယ်မောလျက် အဝေးကို ပျံသန်းထွက်ခွာသွားသည်။
ဓားကိုင်ထားသော မိန်းကလေးက သူထွက်သွားသည်ကို ကြည့်နေသည်။ ထို့နောက် သူမက မြေပြင်တွင် လဲလျောင်းနေသော လူများအား ကြည့်၏။
သူမက ဓားကို ဆွဲထုတ်ကာ ထိုလူများထံသို့ လှမ်းသွား၏။
“သတ်သင့်တဲ့သူတွေ အကုန်သတ်”
“သတ်သင့်တဲ့သူတွေ အကုန်သတ်”
“သတ်သင့်တဲ့သူတွေ အကုန်သတ်”
တင်းချန်ကန်း၏ သေရည်က မိန်းကလေးအား ဓားချီတစ်စ စုစည်းစေသည်။
ထိုဓားနှင့် မိန်းကလေး ကြီးပြင်းလာကာ သူမ၏ဓားအလင်းမှာ ပိုမိုထက်ရှလာသည်ကို ကြည့်ကာ ဟန်မူယဲ့က လောကတွင် ထိုမျှ ပါရမီမြင့်သော ကျင့်ကြံသူ တည်ရှိနေသေးကြောင်း တအံ့တဩ သိလိုက်ရသည်။
သူမသည် မည်သည့်သိုင်းပညာကိုမဆို တစ်ကြိမ်မြင်ပြီးသည်နှင့် တတ်မြောက်နိုင်စွမ်း ရှိသည်။
သူမ၏ ပုံတူကူးဓားသိုင်းသည် နှစ်ပေါင်းများစွာ လေ့ကျင့်ပြီးသော ပညာရှင်အား သတ်ဖြတ်နိုင်၏။
သံမဏိဓားကို ကိုင်ကာ သူမသည် မရေမတွက်နိုင်သော လူများအား သတ်ဖြတ်ခဲ့၏။ ဆယ်နှစ်ကြာအောင် သူမသည် သေမျိုးတို့၏ သိုင်းလောက၌ လှည့်ပတ်ကျင်လည်နေခဲ့သည်။
သွေးဓား လီရှီးရှီး။
သိုင်းလောကကို နှစ်အတော်ကြာ ကျင်လည်ပြီးနောက် သူမသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ ဝင်ရောက်ခဲ့၏။
နောက်ထပ်သုံးနှစ် ကြာပြီးနောက် သူမသည် တင်းချန်ကန်းရှေ့သို့ ရောက်လာသည်။
သူ့ရှေ့မှ မိန်းကလေးက သံမဏိဓားအား ဆွဲထုတ်ကာ စိန်ခေါ်သည်ကို တင်းချန်ကန်း မြင်သောအခါ အလွန်တရာ အံ့အားသင့်ရ၏။
လီသုံးက ချိုမြိန်စွာ ပြုံးပြ၏။
ထို့နောက် သူမ ရှုံးနိမ့်သွားခဲ့သည်။
သူမကား သူ့ကို စိန်ခေါ်ရန် ရောက်လာခြင်း မဟုတ်ပါ။
“ရှင် ကျွန်မကို အနိုင်ယူခဲ့တယ်။ သိုင်းလောက စည်းမျဉ်းအရဆို ကျွန်မက ရှင့်အပိုင်ပဲ”
ဓားကို ကိုင်ထားရင်း လီသုံးက ပြုံးလျက် ပြောသည်။
မဆိုင်းမတွပင် တင်းချန်ကန်းသည် ကြောက်လန့်တကြား ပြေးထွက်သွား၏။
အပူအပင်မဲ့ဓားအင်မော်တယ်ဟု နာမည်ကျော်ကြားသော တင်းချန်ကန်းသည် ထိုအခိုက်တွင် နောက်လှည့်မကြည့်ဘဲ ပြေးသွားပြီ ဖြစ်သည်။
ထိုမြင်ကွင်းက ဟန်မူယဲ့အား ရယ်ချင်စိတ်ကို အတင်းမျိုသိပ်လိုက်ရသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏နံပါတ် ၁တပည့်တွင် ထိုသို့ ကြောက်လန့်ရသည့် အခိုက်အတန့်မျိုးလည်း ရှိနေသေးသည်။
“ရှီးရှီး… ငါ မြောက်ပိုင်းကုန်းမြေကို သွားမယ်”
တင်းချန်ကန်းတွင် လေးနက်သော အမူအရာများ ရှိနေသည်။
“ဂိုဏ်းချုပ်က ကောင်းကင်ဘုံတစ်ဝက်အဆင့်နဲ့ ဂိုဏ်းကို ကြာကြာ ထောက်ပံ့နိုင်မယ် မထင်ဘူး”
“ငါ မြောက်ပိုင်းကုန်းမြေမှာ သွားလေ့ကျင့်မှ ဖြစ်မယ်။ ကောင်းကင်ဘုံအဆင့်ကို ရောက်မှ ငါ ပြန်လာမယ်”
“အနောက်ဘက်နယ်စပ်ကုန်းမြေဟာ ငါတို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအတွက် ကောင်းကင်ဘုံအဆင့် တက်လှမ်းဖို့ အခွင့်အရေးပေးမှာ မဟုတ်ဘူး”
“ငါ ထွက်သွားပြီးနောက် အကြောက်ဆုံးအရာက မင်း လူထပ်သတ်မှာကိုပဲ”
တင်းချန်ကန်းက သူ၏ခါးမှ ဘူးသီးခြောက်သေရည်အိုးအား ဖြုတ်ကာ လီသုံးကို ပေးသည်။
“မင်း လူသတ်ချင်လာတဲ့အခါ သေရည်သောက်ပါ။ မင်း မူးနေရင် အားလုံးကို မေ့သွားလိမ့်မယ်”
တင်းချန်ကန်း ထွက်သွားသည်ကို ကြည့်ကာ လီသုံးက သေရည်အိုးကို ဖွင့်လျက် သောက်လိုက်သည်။
ထိုညတွင် သူမ တစ်ညလုံး မူးနေခဲ့သည်။
မျက်လုံးများကိုဖွင့်ကာ ဟန်မူယဲ့က လီသုံးအား လေးနက်စွာ ကြည့်သည်။
သူမထံတွင် ချုပ်တီးထားသော စွမ်းအားတစ်ခု ရှိနေကြောင်း သတိထားမိလာ၏။
သူမသည် ထိုစွမ်းအားကို အသားကုန် ချုပ်တီးထားရဟန်ရှိသည်။
သူမသည် ထိုစွမ်းအားကို ထုတ်လွှတ်လိုက်ပါက အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ရက်စက်ကြမ်းကြုတ်သော ဓားနတ်မယ်တစ်ဦး ထွက်ပေါ်လာမည့်ဟန်ရှိနေသည်။
“အစ်မသုံး… ဒီဓားကို အမှတ်တရအနေနဲ့ သိမ်းထားပါ။ ကျွန်တော် ဓားအသစ်တစ်လက် ရွေးပေးမယ်”
ဓားကို ပြန်ပေးလိုက်ပြီးနောက် ဟန်မူယဲ့ ဓားစံအိမ်ထဲကို ဝင်လာသည်။
သူသည် တတိယထပ်သို့အထိ တက်လာ၏။
သစ်သားစင်ပေါ်တွင် အနက်ရောင်ဓားတစ်လက် ရှိနေ၏။
အတန်ကြာ တိတ်ဆိတ်နေပြီးမှ သူက လက်လှမ်းကာ အနက်ရောင်ဓားအား ဆွဲယူလိုက်ပြီး အောက်သို့ ပြန်ဆင်းလာခဲ့သည်။
ဟန်မူယဲ့၏လက်ထဲမှ ဓားကို ကြည့်ကာ လီသုံးနှင့် လုတစ်ဆယ်တို့ မျက်မှောင်ကြုတ်လိုက်ကြသည်။
“ကြည့်ရတာ ခင်ဗျားတို့ ဒီဓားကို ကြားဖူးပုံရတယ်”
ဟန်မူယဲ့က ပြုံးလျက် ပြောသည်။
လီသုံးက ခေါင်းညိတ်ကာ ပြောသည်။
“ကောလာဟလတွေအရတော့ အံ့ဖွယ်နေမင်းဓားမှာ လျှို့ဝှက်ချက်ရှိတယ်ပြောတယ်။ ဒီဓားကို ရရင် အမွေအနှစ်တွေကိုလည်း ရနိုင်တယ်။ ဒါ့အပြင် ဒီဓားဟာ အလယ်ပိုင်းကုန်းမြေနဲ့လည်း ဆက်စပ်နေတယ်”
အနောက်ဘက်နယ်စပ်ကုန်းမြေသည် အလယ်ပိုင်းကုန်းမြေနှင့် အလွန်ဝေးကွာလွန်းသည်။
အလယ်ပိုင်းကုန်းမြေနှင့် ပတ်သက်သော သတင်းများလည်း သိပ်မရှိပါ။
လုတစ်ဆယ်ကဲ့သို့ တိုက်ရိုက်တပည့်သည်ပင် အလယ်ပိုင်းကုန်းမြေနှင့် ပတ်သက်၍ သိပ်မသိပေ။
“အလယ်ပိုင်းကုန်းမြေရဲ့ နန်းမြို့တော်ဟာ အနက်ရောင်ချပ်ဝတ်၊ အနက်ရောင်ဓားတွေ ပိုင်ဆိုင်တဲ့ အံ့ဖွယ်နေမင်းကိုယ်ရံတော်အဖွဲ့ ရှိတယ်။ ဒီဓားနဲ့ တစ်စုံတစ်ယောက်ဟာ အံ့ဖွယ်နေမင်းကိုယ်ရံတော် ဖြစ်လာနိုင်ပြီး မကောင်းဆိုးဝါးမိစ္ဆာတွေကို ရှင်းလင်းနိုင်တယ်”
ဟန်မူယဲ့က ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ လီသုံးထံသို့ လှမ်းလာသည်။
ဟန်မူယဲ့၏အမြင်တွင် ဓားသည် လီသုံးနှင့် အလွန်သင့်တော်၏။
စီနီယာအစ်ကိုတင်းချန်ကန်း၏ သေရည်သည် လီသုံး၏သတ်ဖြတ်လိုသော ဆန္ဒအား မေ့ဖျောက်ကာ ချိုးနှိမ်ထား၏။ သို့သော် သူမသည် မည်မျှ ကြာကြာ ချိုးနှိမ်နိုင်မည်နည်း။ သူမသည် ဓားသမား ဖြစ်သည်။
ထက်ရှမှု ပျောက်ဆုံးသွားသော ဓားတစ်လက်သည် ဓားဟု ခေါ်နိုင်ပါဦးမည်လား။
အံ့ဖွယ်နေမင်းဓားသည် အမှန်တရားကို ကိုယ်စားပြုကာ လောက၏မိစ္ဆာများအား ရှင်းလင်းသုတ်သင်သည်။
သူမ၏သတ်ဖြတ်လိုစိတ်မှာ ချိုးနှိမ်ရန် ခက်ခဲမှတော့ စိတ်ရှိသလို သတ်ဖြတ်ရန် လိုသည်။
လီသုံး၏မျက်လုံးများ နီရဲလာသည်။
သူမက လက်လှမ်းကာ ဓားကို တင်းတင်းဆုပ်ကိုင်လိုက်၏။
သူမခန္ဓာကိုယ်မှ အနီရောင်အငွေ့အသက်များ စတင်ထွက်ပေါ်လာ၏။
သို့သော် သူမ၏မျက်လုံးများမှာ အလွန်ကြည်လင်တောက်ပ၏။
“ကောင်းပြီ… ငါ ဒီဓားကို ယူမယ်။ ငါ မင်းကို သေရည်တစ်ဝက်ပေးမယ်”
လီသုံး၏လက်ထဲတွင် သေရည်အိုးငယ်တစ်လုံး ပေါ်လာ၏။
ဟန်မူယဲ့က သေရည်အိုးကို ယူလိုက်ကာ ပါးစပ်ဟလိုက်သည်။
ဒါက တစ်ဝက်လား…
သေရည်အိုးတွင်ကား မြစ်တစ်စင်းမျှ ကြီးမားသော သေရည်ပမာဏ ရှိနေသည်။
ထိုစဉ်က စီနီယာအစ်ကိုတင်းချန်ကန်းသည် အသဲကွဲသေရည် မည်မျှ ချန်ထားရစ်ခဲ့သနည်း။
လုကောသည် အစားအသောက်သေတ္တာများဖြင့် ရောက်လာသောအခါ လီသုံးနှင့် လုတစ်ဆယ်တို့မှာ ပုံမှန်အတိုင်း တည်ငြိမ်စွာ ရပ်နေကြသည်။
အတူ စားသောက်ကြသောအခါ လင်းရှန်သည် တံခါးပိတ်ကျင့်ကြံနေကာ အပြင်သို့ ထွက်မလာပေ။ ဟွမ်လောင်လျှိုသည်သာ မည်သည့်နေရာက ထွက်လာမှန်းမသိ ထွက်လာသည်။
သူ့ထံမှ မည်သည့်ချီအငွေ့အသက်မှ မရပေ။ သူကား သေမျိုးတစ်ယောက်နှင့်သာ တူ၏။
ဟန်မူယဲ့က စားသောက်ကြသောအခါ လီသုံးနှင့် လုတစ်ဆယ်တို့အား ဓားစံအိမ်မှ လူများနှင့် မိတ်ဆက်ပေးသည်။
ဂိုဏ်း၏တိုက်ရိုက်တပည့်များဖြစ်သော လီသုံးနှင့် လုတစ်ဆယ်တိုသည် ဟွမ်လောင်လျှိုအား ယခင်ကတည်းက ကြားဖူးကြပေသည်။
သူတို့က အချင်းချင်း ရယ်မောပြောဆိုကာ စားသောက်ကြ၏။
“သေရည်ကောင်းပဲ…”
အသဲကွဲသေရည်တစ်ခွက်အား သောက်ပြီးနောက် ဟွမ်လောင်လျှို၏မျက်နှာ နီမြန်းသွားကာ ဝမ်းသာအားရ ပြောသည်။
“ကောင်လေးဟန်… မင်း ငါ့အတွက် နည်းနည်း ချန်ထားသင့်တယ်။ နောက်ပိုင်း ငါ ကျန်းယင်မြို့ကို သွားရင် မင်းမရီးသောက်ဖို့ နည်းနည်း ယူသွားရမယ်”
ဟွမ်လောင်လျှိုက ဟန်မူယဲ့၏သေရည်အိုးထံသို့ လက်လှမ်းလိုက်၏။
ဟန်မူယဲ့က သေရည်အိုးအား အလျင်အမြန် သိမ်းဆည်းလိုက်ရသည်။
ဟသပဲ…
ဤသေရည်များကား သူ၏ဓားချီများကို စုစည်းရန် ဖြစ်သည်။
သေရည်ခွက်အနည်းငယ် သောက်ပြီးနောက် ဟွမ်လောင်လျှို သေချာပေါက် မူးသွားပေသည်။ သူက လုတစ်ဆယ်နားသို့ ကပ်ကာ ကျင်းယန်မြို့သို့ ရောက်ပါက သူက နယ်မြေကို မည်သို့ ကာကွယ်စောင့်ရှောက်မည့်အကြောင်း ပြောပြနေသည်။
သူက လီသုံးကိုလည်း နောင်တွင် ကျင်းယန်မြို့သို့ ဧည့်သည်အဖြစ် လာရောက်ရန် ဖိတ်ကြားနေသည်။
“ကောင်းပြီ… နောက်ပိုင်း အခွင့်အရေးရှိရင် ကျွန်မ ကျင်းယန်ကို လာခဲ့မယ်။ ကျွန်မက လူဆိုးတွေကို ကူဖမ်းပေးမယ်”
လီသုံးကလည်း သေရည်တစ်ခွက်သောက်ကာ ပြောသည်။
“ဟုတ်တယ်… ပြီးတော့ ကျုပ်မှာ သမီးလေးရလာရင် မင်းကို ဆရာအဖြစ် တင်ခိုင်းမယ်”
ဟွမ်လောင်လျှိုက အာလေးလျှာလေးဖြင့် ပြောသည်။
ဘေးတွင် လုကောက နားမလည်စွာ ကြည့်သည်။
ဟွမ်လောင်လျှိုနှင့် လီသုံးတို့နှစ်ယောက်လုံး မူးနေသည်ဟု သူ ခံစားရသည်။
ညနေစာ ပြီးနောက်တွင် မူးနေသော ဟွမ်လောင်လျှိုသည် သူ့သမီး၏အနာဂတ်ဆရာအား အတင်းလိုက်ပို့လိုနေသည်။
“စိတ်မပူနဲ့… ဖုန်းရှို့တောင်မှာ ကောင်းကောင်းတိုက်ခိုက်ပါ”
“တောင်ပိုင်းကုန်းမြေက ဘယ်လိုလုပ် အနောက်ဘက်နယ်စပ်ကုန်းမြေကို သိမ်းပိုက်နိုင်ပါ့မလဲ”
“မဟုတ်ရင် အလယ်ပိုင်းကုန်းမြေက လာပြီး သိမ်းပိုက်တာ ကြာလှပေါ့”
ဟွမ်လောင်လျှိုက လုတစ်ဆယ်၏ပုခုံးကို ပုတ်ကာ ပြောသည်။
“မိစ္ဆာတွေကို သတ်ဖြတ်တာ သားကောင်တွေ အမဲလိုက်တာနဲ့ အတူတူပဲ။ ဒီအတိုင်း မျက်လုံးမှိတ်ပြီးသာ သတ်လိုက်”
ဟန်မူယဲ့က ယိမ်းယိုင်နေသော ဟွမ်လောင်လျိုမှာ သူ့ထက်ပို၍ လူ့သဘော လူ့မနောကို နားလည်သည်ဟု ခံစားနေရသည်။
၎င်းသည် သေမျိုးပညာရှိဟု ခေါ်ဆိုနိုင်ပါသလော။
သေမျိုးလောကသို့ သွားရန် ကြံနေသော အစ်ကိုဟွမ်သည် ကျင့်ကြံခြင်းလောကကို သူ့ထက် ပို၍ နားလည်သဘောပေါက်နေသည်များလား။
…
နောက်ရက်ပိုင်းအတွင်း ဟန်မူယဲ့သည် ဓားစံအိမ်တွင်သာ ကျင့်ကြံနေခဲ့သည်။
အံ့ဖွယ်နေမင်းကျင့်စဉ်မှ စုစည်းပေးသော ချီများသည် ပိုမိုသန့်စင်ကာ စုစည်း၏။ ယခုတွင် သူသည် ချီစုစည်းခြင်း သတ္တမအဆင့်သို့ တက်လှမ်းခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း လက်ရှိတွင် သူသည် ခန္ဓာကိုယ်ကျင့်ကြံခြင်းအား တိုးတက်အောင် လုပ်ရန် လိုနေသည်။ သို့သော်လည်း သူက ကျောက်ဖူ တံခါးပိတ်ကျင့်ကြံခြင်း ပြီးဆုံးအောင် စောင့်ဆိုင်းကာ သူ၏အတွေးအကြံတချို့အား သူနှင့် ဆွေးနွေးပြီးမှ သံမဏိနွားသိုးကျင့်စဉ်ကို ဆက်လက်ကျင့်ကြံလိုသည်။
“အစ်ကိုဟွမ်… ကျုပ်တို့ ဓားလာပို့တာပါ”
ဓားစံအိမ်မှ အသံတစ်သံကို ကြားရသည်။
ကောင်းမိသားစုထံမှ ဓားလာပို့ခြင်း ဖြစ်သည်။
လတ်တလောတွင် ကောင်းမိသားစုမှ ပို့ဆောင်သော ဓားများမှာ ပိုမို အရည်အသွေး ကောင်းလာသည်။
အောက်ထပ်တွင် ဟွမ်လောင်လျှိုသည် ဓားများကို စတင်၍ စစ်ဆေးကြည့်နေသည်။
အတန်ကြာလျှင် ဓားလာပို့သော ကောင်းဖေးက ကျယ်လောင်စွာ ပြောသည်။
“အစ်ကိုဟွမ်… ဒီဓားကို သခင်မလေးက စီနီယာအစ်ကိုဟန်ကိုယ်တိုင် လက်ခံဖို့ မှာကြားလိုက်ပါတယ်”
ငါကိုယ်တိုင် လက်ခံရမယ့်ဓားလား။ ဓားက ထိုမျှ ထူးခြားသည်လား။
နေမင်းရောင်ဝါကျင့်စဉ်အား လေ့ကျင့်ပြီးနောက် ဟန်မူယဲ့သည် အောက်ထပ်သို့ ဆင်းလာခဲ့သည်။
ဓားစံအိမ်အဝင်ဝသို့ ထွက်လာလျှင် ကောင်းဖေးက ဓားကို ကမ်းပေးကာ ဟန်မူယဲ့အား ပြုံးလျက် ပြောသည်။
“စီနီယာအစ်ကိုဟန်… ဒီဓားဟာ သခင်မလေးကိုယ်တိုင် သွန်းလုပ်ထားတာပါ။ စီနီယာအစ်ကိုဟန်က အကဲဖြတ်ပေးဖို့ မှာကြားလိုက်ပါတယ်”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
ဓားကား သာမန်ပုံစံသာ ဖြစ်သည်။ သို့သော်လည်း များစွာသော အင်းအိုင်အစီအရင်များဖြင့် လင်းလက်နေ၏။
ဓားကို ကိုင်လိုက်ပြီးသည့်တိုင် ဟန်မူယဲ့၏အမူအရာက မပြောင်းလဲပါ။
“ဒါက ရွှေမီးနဲ့ ပေါင်းစပ်ထားတာပဲ။ သွန်းလုပ်တဲ့အခါလည်း ပိုပြီး သေသပ်လာတယ်။ မိန်းကလေးကောင်းရဲ့ ပညာက ပိုတိုးတက်လာတာပဲ”
ဟန်မူယဲ့က ဓားကို ကိုင်ကာ ဓားစံအိမ်ထဲသို့ ဝင်လာသည်။
“ဟဟ… ညီလေးဟန် သဘောကျနိုင်တဲ့ ဓားက ရှားပါးလာတာပဲ”
ဟွမ်လောင်လျှိုက ရယ်မောသည်။
ကောင်းဖေးက ခေါင်းညိတ်ကာ ဓားစံအိမ်ထဲကို ဝင်သွားသော ဟန်မူယဲ့အား ကြည့်သည်။ ထို့နောက် ဟွမ်လောင်လျှိုအား နှုတ်ဆက်ကာ သူ့လူများနှင့် ပြန်လည်ထွက်ခွာသွား၏။
ဟန်မူယဲ့ ဓားစံအိမ်ထဲကို ရောက်သွားပြီးနောက်တွင် မျက်လုံးများ စူးရှသွားသည်။
သူက ဓားကို သစ်သားစင်ပေါ်တွင် တင်လိုက်ကာ ပြောသည်။
“အစ်ကိုဟွမ်… ကျုပ် အပြင်ကို သွားမယ်”
သူ့စကားကို ကြားလျှင် ဟွမ်လောင်လျှိုက ရယ်မော၏။
“ကောင်းမိသားစုဆီကိုလား”
ဟန်မူယဲ့က သူ့အား ကြည့်သည်။
“မင်းက ဓားအကဲဖြတ်စွမ်းရည်ကောင်းတာ သိတယ်။ ဒါတောင် သူတို့က ဓားစုတ်တစ်လက်ကို ပို့လိုက်တယ်။ ကောင်းအီ ဘာတွေ တွေးနေလဲ ငါ မင်းကို ပြောပြရဦးမလား”
ဟွမ်လောင်လျှိုက လက်ဝှေ့ယမ်းကာ ပြောသည်။
“အစ်ကိုလုကော… သူနဲ့လိုက်သွားလိုက်။ သူ့ကို သေချာစောင့်ကြည့်။ ကောင်းမိသားစုအိမ်တော်မှာ ညမအိပ်ခိုင်းစေနဲ့”
လုကော ပြုံးရယ်ကာ ဟန်မူယဲ့နောက်မှ လိုက်ပါလာခဲ့သည်။
ဟန်မူယဲ့ ခေါင်းယမ်းကာ တောင်အောက်သို့ ဆင်းလာခဲ့သည်။
“ကောင်းမိသားစုမှာ ဘာဖြစ်နေတာလဲ”
ဓားစံအိမ်တွင် ဟွမ်လောင်လျှို၏မျက်နှာမှ အပြုံး ပျောက်ကွယ်သွားကာ လေးနက်လာသည်။ သူက ခေါင်းယမ်းကာ ဓားများကို စတင်၍ စာရင်းမှတ်၏။
တောင်ကုန်းဂိတ်တံခါးမှ ထွက်လာရင်း လုကောက ပြောသည်။
“အစ်ကိုဟန်… ခင်ဗျားက ကောင်းမိသားစုသခင်မလေးကို တကယ်ပဲ သွားကြည့်ချင်တာလား”
ဟန်မူယဲ့က လက်ဝှေ့ယမ်းကာ ပြောသည်။
“ကျုပ်တို့ ကောင်းမိသားစုအိမ်တော်ဆီကို မသွားဘူး။ ကောင်းမိသားစုရဲ့ ကျောက်စိမ်းသံမဏိမိုင်းတွင်းကို သွားမယ်။ အဲဒီမှာ ကောင်းမိသာစု ပြဿနာတစ်ခုခု ဖြစ်နေတယ်”