ငြိမ်းချမ်းရေးက ပတ်သတ်ဆက်နွယ်နေတယ်
Vol. 44 Ch. 604
“ ကောင်းပါပြီ ” ကိုင်ကွမ်းယီက သဘောတူလိုက်သည်။ ထို့နောက် သူက တစ်ခုခုကို အမှတ်ရသွားဟန်ဖြင့် ဆက်ပြောလိုက်သည်
“ ညီလေးမို …. ငြိမ်းချမ်းရေး ကျွန်းဆွယ်က အနောက်ပိုင်းကျုံးပင်လယ်နဲ့ မဟာကင်းမဲ့ပင်လယ်နယ်ပယ်ကြားက ပင်လယ်ကွေ့မှာ ရှိတာ … တကယ်လို့ ကျုပ်တို့ကို ကျယ်ပြောပင်လယ်အင်မော်တယ်ကျောင်းတော်က ရှာတွေ့သွားရင် ကျုပ်တို့တွေ မဟာကင်းမဲ့ ပင်လယ်နယ်ပယ်ဆီ သွားပုန်းနေလို့ ရတယ် ”
“ မဟာကင်းမဲ့ ပင်လယ်နယ်ပယ်လား ” မိုဝူကျီက ကိုင်ကွမ်းယီအား နားမလည်စွာ ကြည့်လိုက်သည်။
ကို်ငကွမ်းယီက ရှင်းပြလိုက်သည်
“ မဟာကင်းမဲ့ပင်လယ်နယ်ပယ်ဆိုတာက အဆုံးမဲ့ ပင်လယ်ကြီးတစ်ခုပါ။ အတားအဆီးမရှိဘူး ကန့်သတ်ချက်မရှိဘူး …. အင်မော်တယ်လောကထဲက တချို့ပဲ မဟာကင်းမဲ့ပင်လယ်နယ်ပယ်ကို ဖြတ်နိုင်ကြတာ။
မဟာကင်းမဲ့ ပင်လယ်နယ်ပယ်အနက်ပိုင်းမှာ ရတနာတွေနဲ့ အခွင့်အရေးတွေအများကြီး ရှိပေမဲ့ အန္တရာယ်ကလည်း ကြီးမားတယ်။ ပြောကြတာတော့ မဟာကင်းမဲ့ ပင်လယ်နယ်ပယ်မှာ ဆယ်နှစ်လောက်နေနိုင်ရင် ကံအရမ်းကောင်းတယ်လို့ ယူဆလို့ ရတယ်တဲ့ ။ ကျုပ်တို့တွေ ငြိမ်းချမ်းရေး ကျွန်းဆွယ်ကို ထွက်လာတာက မဟာကင်းမဲ့ ပင်လယ်နယ်ပယ်ကို သွားဖို့ ရည်ရွယ်ချက်နဲ့လေ … ”
“ဘာလို့လဲ …. ငြိမ်းချမ်းရေး တည်းခိုဆောင် ရှိတယ်ဆိုပြီး ပြောလိုက်တယ် မဟုတ်ဘူးလား ” မိုဝူကျိက အတော်အတန် စိတ်ရှုပ်ထွေးနေမိသည်။ ငြိမ်းချမ်းရေး တည်းခိုဆောင်က အင်မော်တယ် ဧကရာဇ်ကို တားဆီးထားပေးနိုင်ရာ အဘယ်ကြောင့် ငြိမ်းချမ်းရေး ကျွန်းဆွယ်မှ ထွက်သွားဖို့ လိုမည်နည်း။
ကိုင်ကွမ်းယီက မချိတင်ကဲ ရယ်မောလိုက်ပြီး
“ ညီလေးမို မသိတာ ရှိသေးတယ်။ အဲဒီငြိမ်းချမ်းရေး တည်းခိုဆောင်ရဲ့ ဈေးနှုန်းက ခေါင်ခိုက်နေတာလေ။ တစ်ရက်ကို အဆင့်မြင့်အင်မော်တယ်ကျောက် တစ်သောင်း ပေးရတယ်။ ဘယ်သူက အဲလောက် တတ်နိုင်မှာလဲ ”
မိုဝူကျီက လေအေးများ မှုတ်ထုတ်လိုက်သည်။
တစ်ရက်ကို အဆင့်မြင့်အင်မော်တယ်ကျောက် တစ်သောင်းတဲ့လား ….. တစ်နှစ်ကို သန်းနဲ့ချီပြီး ကုန်ကျမှာပဲ …..
သူပင် မတတ်နိုင်ပေ။ အကောင်းဆုံး နမူနာမှာ အင်မော်တယ် ဧကရာဇ်ပင် တတ်နိုင်မည် မဟုတ်ပေ။ အကယ်၍ ထိုသို့ဆိုပါက ငြိမ်းချမ်းရေး တည်းခိုဆောင်က ထိုနာမည်နှင့် မထိုက်တန်ပေ။
ကိုင်ကွမ်းယီက ခါးသီစွာ ပြုံးလိုက်ပြီး
“ အဲဒီမှာ နေနိုင်ကြတဲ့ လူတချို့တော့ ရှိတာပေါ။ လူအများစုက အနီးအနားက တည်းခိုဆောင်တွေမှာပဲ နေကြတယ်လေ။ သူတို့တွေ အင်မော်တယ် ဧကရာဇ် လာတာကို သတိပြုမိတဲ့အခါမှ ငြိမ်းချမ်းရေး တည်းခိုဆောင်ဆီ ပြေးကြတာပဲ။ အဲဒီနည်းနဲ့ သူတို့က အင်မော်တယ်ကျောက်တွေကို ချွေတာလိုက်နိုင်တယ်လေ …. အဲနည်းလမ်းက အန္တရာယ်တော့ ရှိတာပေါ့ ”
“ သူက တကယ်ပိုက်ဆံအရှာကြမ်းတာပဲ ” မိုဝူကျီက မပြောဘဲ မနေနိုင်တော့ချေ။ ထိုကျော့ဖျင်အန်းက ဤသို့မျိုးနည်းလမ်းဖြင့် အင်မော်တယ်ကျောက်များစွာ ဝင်နေသည် မဟုတ်ပါလော။ ထိုအရာမှာ သူ့ကိုယ်ပိုင်စွမ်းရည်ပေါ် မူတည်ပြီး ရလာခြင်းသာ ဖြစ်နေသည်။
“ ကျုပ်ကြားတာတော့ အဲဒီမှာ အကြာကြီး နေနေတဲ့ သူတွေလည်း ရှိတယ်တဲ့ ။ အကြာဆုံးက ရာစုနှစ် တစ်ခုအထိပဲ …. အဲဒီလူက အခုထိလည်း ထွက်မသွားသေးဘူးတဲ့ ” ကိုင်ကွမ်းယီက မိုဝူကျီ၏ ရေရွတ်မှုကို ကြားသည့်အခါ အားဖြည့်ပြောလိုက်သည်။
ရာစုနှစ်တစ်ခုတဲ့လား …….. အဲဆို အင်မော်တယ်ကျောက်တွေ ဘယ်လောက်တောင်ပါ့လိမ့် …. သန်းထောင်ချီနေပေမည် ….
မိုဝူကျီက သူ့ကိုယ်သူ ချမ်းသာကြွယ်ဝနေသည်ဟု တွေးမိသော်လည်း ထိုသူကြွယ်များရှေ့၌ သူက ဘာဆိုဘာမှ မဟုတ်သေးပေ။
ငြိမ်းချမ်းရေး တည်းခိုဆောင်က မည်မျှပင် ဈေးကြီးစေကာမူ မိုဝူကျီက တစ်ချက်တော့ သွားကြည့်ရမည်။ သူ ရန်စမိထားသော သူများအားလုံးမှာ အားအတော်ကောင်းသော အင်အားစုများ ဖြစ်ကြလေ၏။
မိုဝူကျီက သုံးယောက်လုံးကို သူ့လွန်းပျံယာဉ်ဆီ ဖိတ်ခေါ်လိုက်သည်။ သူ့လွန်းပျံယာဉ်မှ အဆင့်၇ ပျံသန်းရေး ယာဉ် ဖြစ်ပြီး အနောက်ပိုင်းကျုံးပင်လယ်ထဲ၌ သားရဲများ မရှိသောကြောင့် ခရီးကို ချောချောမွေ့မွေ့ သွားလာနိုင်ပေသည်။ ရက်တချို့အကြာ၌ သူတို့စကားပြောနေကြစဉ် မိုဝူကျီ၏ စိတ်စွမ်းအား၌ ကုန်းမြေတစ်ခုကို အာရုံခံမိလိုက်သည်။
မိုဝူကျီ၏ အမြင်အရ ပင်လယ်အတွင်းမှ ကုန်းမြေမှာ ကျွန်းတစ်ခု သို့မဟုတ် သန္တကျောက်တန်းသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူက ငြိမ်းချမ်းရေး ကျွန်းဆွယ်လည်း ဖြစ်နိုင်ကြောင်း မျှော်လင့်ထားမိသည်။ သူ့စိတ်စွမ်းအားအတွင်း မြင်လိုက်ရသည်မှာ သာမာန်မြို့တစ်ခုနှင့်တူသော ကျွန်းတစ်ကျွန်း ဖြစ်ပေ၏။ ငေါထွက်နေသည့် တောင်တန်းများလည်း မရှိသလို ပင်လယ်ပြင်ပေါ်၌ ဆောက်ထားသော မြို့လေးမျှသာ ဖြစ်၏။ ထိုမျှတင် မကပေ။ ကုန်းမြေမှာ ပင်လယ်နှင့် ရေပြင်ညီ ဖြစ်နေသေး၏။
ငြိမ်းချမ်းရေး ကျွန်းဆွယ်ကို အစီအရင်များနှင့် ကာကွယ်ထားသောကြောင့် ပြင်းထန်သော လှိုင်းလုံးကြီးများက စီးဝင်မလာနိုင်ပေ။
“ ညီလေးမို … ကျုပ်တို့တွေ လွန်းပျံယာဉ်ကို ဒီနေရာမှာ ရပ်ကြတာပေါ့။ ငြိမ်းချမ်းရေး ကျွန်းဆွယ်က ပင်လယ်ပြင်က သင်္ဘောတွေကို ဝင်ခွင့်ပြုထားပေမဲ့ ကောင်းကင်ကို ဖြတ်ပျံရတဲ့ ယာဉ်တွေကို ခွင့်မပြုထားဘူး ” ကိုင်ကွမ်းယီက ဘေးမှ ရှင်းပြလိုက်သည်။
ကိုင်ကွမ်းယီ ရှင်းပြချက် မပါလျှင်ပင် မိုဝူကျီက သူ့လွန်းပျံယာဉ်ကို ရပ်လိုက်ပြီ ဖြစ်၏။ သူက စည်းမျည်းများကို သိနေ၍ မဟုတ်ဘဲ သူစိတ်စွမ်းအား၌ ကြီးမားသော အမြင်တစ်ခု အာရုံခံမိ၍ ဖြစ်သည်။ ငြိမ်းချမ်းရေး ကျွန်းဆွယ် အလွန်၌ ပင်လယ်တစ်ခု ထပ်ရှိနေသည်။ သို့သော်လည်း ထိုပင်လယ်ရေ မှာ အနီနက်ရောင် သမ်းနေလေ၏။
“ အစ်ကိုကိုင် ... အဲဒါက မဟာကင်းမဲ့ ပင်လယ်နယ်ပယ်များလား ” မိုဝူကျီက တအံ့တဩ မေးလိုက်သည်။
ကိုင်ကွမ်းယီက ခေါင်းညိတ်ကာ “ ဟုတ်တယ် … မဟာကင်းမဲ့ ပင်လယ်နယ်ပယ်ရဲ့ ပင်လယ်ရေ တစ်ခုလုံးက အနီနက်ရောင်ပဲလေ ”
မိုဝူကျီက သက်ပြင်းချလိုက်သည်။ အမှန်ပင် ထူးဆန်သော နေရာတစ်ခု ဖြစ်၏။ မိုဝူကျီက ပင်လယ်နီကို သွားဖူးသော်လည်း ထိုပင်လယ်နီ၏ အနီရောင်မှု ပင်လယ်ရေညှိအမှုန့်များကြောင့် ဖြစ်လာခြင်း ဖြစ်ကာ ကွဲပြားပေသည်။ ထို့အပြင် ရာသီတစ်ခုရောက်မှ အနီရောင်ပြောင်းသွားခြင်း ဖြစ်ပြီး ပင်လယ်တစ်ခုလုံးကို မဖုံးလွှမ်းနိုင်ပေ။ ဤမဟာကင်းမဲ့ပင်လယ်နယ်ပယ်မှာ ပင်လယ်နီထက် များစွာ ကြီးမားကျယ်ဝန်းသော်လည်း ထိုအနီနက်နက်အရောင်မှာ ပင်လယ်ရေညှိအမှုန့်များကြောင့် မဟုတ်ချေ။
ကိုင်ကွမ်းယီက လှေအသေးလေးကို ထုတ်ယူလိုက်ပြီး ထိုလှေကား လူခုနှစ်ယောက်၊ ရှစ်ယောက် ဆန့်ပေသည်။
ငြိမ်းချမ်းရေး ကျွန်းဆွယ်၏ ဆိပ်ကမ်းမှာ မကြီးမားလှပေ။ ထို့အပြင် မိုဝူကျီက ထိုဆိပ်ကမ်း၌ ကျောက်ချထားသော လှေ၊ ရေယာဉ်၊ သင်္ဘော တစ်ခုတစ်လေမျှ မမြင်မိပေ။
ကိုင်ကွမ်းယီ၏ လှေလေးက ဆိပ်ကမ်းဆီ ချည်းကပ်လာပြီး ထိုဆိပ်ကမ်း၌ သာမာန်ပုံစံဖြင့် ကျင့်ကြံသူ အစောင့်တစ်ယောက်သာ ရှိပေသည်။
လေးယောက်သား ဆိပ်ကမ်းပေါ် တက်ပြီးနောက် အစောင့်က သူတို့လေးယောက်လုံးကို စစ်ဆေးကြည့်ပြီး ပြောလိုက်သည် “ မဟာယီရှန်းအဆင့်နဲ့အထက်ဆိုရင် တစ်ယောက်ကို အဆင့်မြင့်အင်မော်တယ်ကျောက် ငါးသောင်း ပေးရမယ် ”
ကိုင်ကွမ်းယီက အရင်ဦးစွာ သိုလှောင်လက်စွပ်တစ်ကွင်း ထုတ်ပေးလိုက်ပြီး ပြောလိုက်သည် “ ကျုပ်တို့လေးယောက်က ငြိမ်းချမ်းရေး ကျွန်းဆွယ်မှာ အချိန်တစ်ခုအထိ နေဖို့ ကြံရွယ်ထားပါတယ်။ ဒီမှာ အဆင့်မြင့်အင်မော်တယ်ကျောက် နှစ်သိန်းပါ ”
အစောင့်က ကိုင်ကွမ်းယီ၏ သိုလှောင်လက်စွပ်ကို လက်ခံပြီးနောက် ကျောက်စိမ်းပြား လေးခုကို ထုတ်ပေးကာ “ အဲဆို ဝင်လို့ ရပါပြီ။ ကံကောင်းစေဖို့ ဆုတောင်းပေးပါတယ် …. ကျောက်စိမ်းပြားပေါ်မှာ နာမည်ရေးဖို့ မမေ့ကြနဲ့ဦး ”
သူတို့ ဆိပ်ကမ်းမှ ထွက်လာသည့်အခါ မိုဝူကျီက မေးကြည့်လိုက်သည် “ အစ်ကိုကိုင် …. အားလုံးက ဝင်ဖို့ အဆင့်မြင့်အင်မော်တယ်ကျောက် ငါးသောင်းပေးဖို့ လိုတာလား ”
ကိုင်ကွမ်းယီက ခေါင်းညိတ်ကာ
“ ဟုတ်တယ် … အဲဒါ တစ်ခုတည်း မဟုတ်သေးဘူး။ ပြီးသွားရင် နောက်ထပ်တွေ လာဦးမှာ …. နမူနာအနေနဲ့ဆိုရင် နေစရိတ်၊ ကျင့်ကြံစရိတ်၊ ဘေးကင်းလုံခြုံမှု စရိတ်တွေ ….. အခု ငါးသောင်းက ဝင်ကြေးပဲ ရှိသေးတာ ”
မိုဝူကျီက စိတ်ထဲမှ ငြီးတွားလိုက်သည်။ ဘယ်လောက်တောင် ရက်စက်လိုက်တဲ့ လူ လဲ …… ဒီလိုနည်းလမ်းနဲ့ ကျော့ဖျင်အန်းအတွက် မချမ်းသာဖို့ အတော်လေး ခက်ဦးမယ် ….
ကိုင်ကွမ်းယီက ကျောက်စိမ်းပြားကို ထုတ်ပေးကာ “ ကိုယ့်နာမည်ကို ရေးဖို့ မမေ့ကြနဲ့ဦး ”
မိုဝူကျီက ကျောက်စိမ်းပြားကို လက်ခံလိုက်သည်။ ထိုအပေါ်၌ ယနေ့ရက်စွဲ ပါရှိ၏။ အမြင်နှင့်တင် မည်သည့်နာမည်မဆို ရေးထွင်းနိုင်ကြောင်း သိသာနေသည်။ ငြိမ်းချမ်းရေး ကျွန်းဆွယ်က နာမည်ကို ဂရုမစိုက်ဘဲ မည်မျှကြာကြာ နေမည်ကိုသာ ဂရုစိုက်၏။
မိုဝူကျီက သူ့နာမည်ကို ရေးထွင်းပြီးနောက် ပြောလိုက်သည် “ အစ်ကိုကိုင်ကို ပြီးရင် အဆင့်မြင့်အင်မော်တယ်ကျောက် ငါးသောင်း ပြန်ပေးမယ်နော် ”
ကိုင်ကွမ်းယီက လက်ကာပြကာ “ ညီလေးမို ကျုပ်တို့က တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေရတဲ့သူတွေလေ။ ငြိမ်းချမ်းရေး ကျွန်းဆွယ်ဆီ လာဖို့အတွက် ကျုပ်က အင်မော်တယ်ကျောက် လုံလုံလောက်လောက် ပြင်ဆင်ထားပါတဘ်။ အဆင့်မြင့်အင်မော်တယ်ကျောက် ငါးသောင်းလောက်တော့ တတ်နိုင်ပါတယ် ”
ကိုင်ကွမ်းယီက ထိုသို့ ပြောလိုက်သောကြောင့် မိုဝူကျီက ဘာမှဆက်၍ မပြောတော့ပေ။ သူက ဤနေရာ၌ စုံစမ်းမှုတချို့ ပြုလုပ်ချင်ပြီး မြန်မြန် မထွက်သွားသေးပေ။ သူ ထွက်သွားသည့်အခါမှ ကိုင်ကွမ်းယီဆီ အင်မော်တယ်ကျောက်တချို့ ပေးခဲ့လိုက်မည်။
“ ဘုန်း ” ရင်ဆိုင်တွေ့မိသည့် အင်မော်တယ် သဘာဝစွမ်းအားများက ပြန့်နှံ့သွားသည်။ မိုဝူကျီတို့အဖွဲ့က ချက်ချင်း ရပ်လိုက်ကြသည်။ မိုဝူကျီက မနီးမဝေးနေရာတွင် တိုက်ခိုက်နေကြသော ကျင့်ကြံသူနှစ်ဦးကို မြင်လိုက်ရ၍ အံ့ဩမိသွားသည်။ ဘေးနားတွင် ကြည့်နေကြသော လူတချို့လည်း ရှိနေသေး၏။ အရေးနိ့မ်နေသည့် ကျင့်ကြံသူက သွေးများ ဖုံးလွှမ်းနေသည်။
မိုဝူကျီက ကိုင်ကွမ်းယီကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး “ အစ်ကိုကိုင် …. ဒါက ငြိမ်းချမ်းရေး ကျွန်းဆွယ် မဟုတ်ဘူးလား။ ဘာလို့ တိုက်ခိုက်နေကြတာလဲ ”
ကိုင်ကွမ်းယီက ခါးသက်စွာ ပြုံးလိုက်ရင်း
“ ညီလေးမို မသိတာ ကျန်သေးတယ်။ ငြိမ်းချမ်းရေး ကျွန်းဆွယ်မှာ တိုက်ခိုက်ကြတာက ပုံမှန်ကိစ္စပဲ။ ငြိမ်းချမ်းရေး တည်းခိုဆောင်မှာ နေရင်သာ ဘယ်သူမှ ရန်စမရဲတာ။ ဒါပေမဲ့လည်း ဒီတိုက်ခိုက်မှုတွေက တရားဝင်တော့ မဟုတ်ဘူးပေါ့။
တကယ်လို့ ငြိမ်းချမ်းရေး ကျွန်းဆွယ်မှာ လူတစ်ယောက်ကို သတ်မိရင် ကိုယ်လည်း အသတ်ခံရလိမ့်မယ်။ ဒီတိုက်ခိုက်မှုတွေက အပေါ်ယံ ဒဏ်ရာရရုံလောက်၊ ခန္ဓာကိုယ် အစိတ်အပိုင်း ပျောက်ဆုံးရုံလောက်ပေါ့ … အဲလို တိုက်ခိုက်မှုတွေက လျော်ကြေးပေးချေလိုက်ရင် ရပြီလေ ”
ကိုင်ကွမ်းယီ စကားအဆုံးတွင် ဒဏ်ရာရထားသော ကျင့်ကြံသူက သိုလှောင်အိတ်ကို တဖက်လူဆီ ပစ်ပေးလိုက်သည်။ သိုလှောင်အိတ် ရရှိပြီးနောက် ထိုလူက မြန်မြန်ဆန်ဆန် ထွက်သွားတော့သည်။ တိုက်ပွဲက ပြီးဆုံးသွားပြီ ဖြစ်သောကြောင့် လေ့လာသူများလည်း ကိုယ်စီ ကိုယ်စီ ထွက်သွားကြတော့သည်။
မိုဝူကျီက ပြောစရာ ရှာမတွေ့ ဖြစ်မိသွားသည်။
ဒီက ဘယ်လိုလုပ် အပေါ်ယံ ဒဏ်ရာ ဖြစ်ရမှာလဲ ….
ဒဏ်ရာရသွားတဲ့ ကျင့်ကြံသူက ကြွက်သားတွေနဲ့ အရိုးတွေ ပျက်စီးသွားပြီး သူ့စွမ်းအင်ဗဟိုချက်တောင် ဒဏ်ရာရာသွားတာလေ … သူတိုကို ပြန်ကုသနိုင်ရင်တောင် ဒီဒဏ်ရာတွေအတွက် ဈေးကြီးတဲ့ အင်မော်တယ်ဆေးလုံးတွေ လိုမှာပဲ ….
ကိုင်ကွမ်းယီက မိုဝူကျီစိတ်ကို သိသည့်ဟန်ဖြင့် ရှင်းပြလိုက်သည် “ တကယ်တော့ တခြားသူတွေနဲ့ ပြဿနာ ဖြစ်တာ ရှောင်ရှားလို့ ရတဲ့ နည်းလမ်း ရှိတယ်။ အဲဒါက တည်းခိုဆောင်ထဲမှာ တနေကုန်နေပြီး ကျင့်ကြံနေဖို့ပဲ …. ”
မိုဝူကျီ နှုတ်ခမ်းများက တွန့်ချိုးသွားပြီး မေးလိုက်သည် “ ဒါပေမဲ့ တည်းခိုဆောင်မှာ နေဖို့ကလည်း ဈေးမချိုဘူး မလား ”
ကိုင်ကွမ်းယီက သက်ပြင်းချကာ
“ဈေးအချိုဆုံးက တစ်နှစ်ကို အဆင့်မြင့်အင်မော်တယ်ကျောက် တစ်သိန်းလောက် ကျတယ်။ အဲဒါကြောင့် လူတော်တော်များများက ရောင်းချဖို့ ပစ္စည်းတွေ ရှာရအောင် မဟာကင်းမဲ့ပင်လယ်နယ်ပယ်ဆီ အရဲစွန့်သွားနေကြတာ မဟုတ်လား။
တစ်ခုက ဒီငြိမ်းချမ်းရေး ကျွန်းဆွယ်ကနေ ထွက်သွားတိုင်း အဆင့်မြင့်အင်မော်တယ်ကျောက် တစ်သိန်းပေးဖို့ လိုတယ် ”
မိုဝူကျိက နောက်ဆုံး၌ နားလည်သွားတော့သည်။ ငြိမ်းချမ်းရေး ကျွန်းဆွယ်တွင် နေဖို့ရာ အင်မော်တယ်ကျောက်များများစားစား လိုအပ်ပေ၏။ အင်မော်တယ်ကျောက်များ မရှိခြင်းသည် သေခြင်းတရားကို စောင့်ဆိုင်းနေခြင်းနှင့်အတူတူ ဖြစ်လိမ့်မည်။ အရှင်းဆုံးပြောရလျှင် ပျော်ရွင်မှု မပါရှိဘဲ ပိုက်ဆံဖြုန်းတီးရေး တစ်ခုသာ ဖြစ်၏။
“ အစ်ကိုကိုင် … ညီမတို့ကို ဘာလို့ ပြဿနာ လာမရှာကြတာလဲ ။ ပုံမှန်ဆိုရင် ညီမတို့က လူသစ်တွေဆိုတော့ ပစ်မှတ်ဖြစ်ဖို့ လွယ်ကူမနေဘူးလား ” ဝမ်နျန်က မေးလိုက်သည်။
ကိုင်ကွမ်းယီက ရှင်းပြလိုက်သည်
“ ကျုပ်တို့က လူသစ်တွေဆိုတော့ ဘယ်သူမှ ပြဿနာ မရှာရဲကြတာလေ။ ပထမလမှာ ကျုပ်တို့တွေ ဘာပြဿနာမှ ကြုံရမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒုတိယမြောက် လ ရောက်ရင် ဘယ်သူက ပြဿနာ လာရှာမလဲဆိုတာ ကိုယ်တိုင် သိလာလိမ့်မယ်။
ပုံမှန်ဆိုရင် အားနည်းတဲ့ ကျင့်ကြံသူတွေက ဒီငြိမ်းချမ်းရေး ကျွန်းဆွယ်ကို လာဖို့ အင်မော်တယ်ကျောက်တောင် မရှိကြဘူးလေ။ ဒီကမ္ဘာကြီးထဲမှာ ငြိမ်းချမ်းရေးကလည်း ဆက်နွယ်နေတယ်။ ဘယ်လိုလုပ် ထာဝရ ငြိမ်းချမ်းရေးဆိုတာ ရှိမှာလဲ ”
မိုဝူကျီက ကိုင်ကွမ်းယီ စကားများကို အသိမှတ်ပြု၏။ ဤကမ္ဘာကြီးထဲ၌ ငြိမ်းချမ်းရေးမှာ ဆက်နွယ်နေလေသည်။
“ ခင်ဗျားတို့က လူသစ်တွေ ဖြစ်မယ် ထင်တယ်။ ကျုပ်တို့ ငြိမ်းချမ်းရေး ဧည့်ရိပ်သာကို မလာတာလဲ။ ကျုပ်တို့ ငြိမ်းချမ်းရေး ဧည့်ရိပ်သာမှာ ကြွယ်ဝတဲ့ အင်မော်တယ် ဝိညာဉ်စွမ်းအားတွေ ရှိတယ်။ ဝန်ဆောင်မှုလည်း အကောင်းဆုံးပဲ ….. အဲဒီမှာ ကျင့်ကြံတာက အပြင်ဘက်မှာ ကျင့်ကြံတာထက် အဆများစွာ ပိုသာတယ် ” အနည်းငယ် အသားညိုနေသည့် အမျိုးသားက သူတို့လေးယောက်ဆီ လျှောက်လာကာ တတွတ်တွတ်ပြောရင်း မိတ်ဆက်လိုက်သည်။
ကိုင်ကွမ်းယီ၏ ယခင်ရှင်းပြချက်အရ ငြိမ်းချမ်းရေး ကျွန်းဆွယ်ရှိ တည်းခိုဆောင်တိုင်း၌ တိုက်ခိုက်ခြင်းကို တားမြစ်ထားကြောင်း နားလည်၏။ ထို့ကြောင့် ဤလူမှာ အင်မော်တယ် ဝိညာဉ်စွမ်းအားများနှင့် ဝန်ဆောင်မှုများကို အသုံးချကာ ဧည့်သည်များကို ဆွဲဆောင်နေခြင်း ဖြစ်၏။ လက်တွေ့၌ ငြိမ်းချမ်းရေး ကျွန်းဆွယ်ရှိ အင်မော်တယ် ဝိညာဉ်စွမ်းအားများမှာ အလွန်ရှားပါးပေသည်။ ငြိမ်းချမ်းရေး ကျွန်းဆွယ်ထက် များစွာ ပိုသာနေလျှင်ပင်တ တည်းခိုဆောင်က ထိုမျှအထိ ကောင်းဦးမည် မဟုတ်ပေ။
ကိုင်ကွမ်းယီက မေးလိုက်သည် “ ခင်ဗျားတို့ ငြိမ်းချမ်းရေး ဧည့်ရိပ်သာက တစ်နှစ်ကို ဘယ်လောက်ကျလဲ သိပါရစေ ”
ထိုလူက မြန်မြန် ရယ်မောရင်း “ သိပ်မကုန်ပါဘူး … တစ်ယောက်ကို အင်မော်တယ်ကျောက် တစ်သိန်းခွဲလောက်ပါပဲ။ တကယ်လို့ လေးယောက်လုံးလာလို့ လေးခန်းယူပြီး အတူတူ ပေးမယ်ဆိုရင်တော့ တစ်နှစ်ကို အင်မော်တယ်ကျောက် ငါးသိန်းခွဲပဲ ကျမှာပါ ”
ကိုင်ကွမ်းယီက ခေါင်းခါကာ “ အရမ်းဈေးကြီးလွန်းတယ် … ကျုပ်တို့တွေ မတတ်နိုင်ဘူး ”
ထိုလူက အလွယ်တကူ လက်လျော့မည့်သူ မဟုတ်ပေ။ သူက ရှေ့တစ်လှမ်းတိုးကာ ပြောလိုက်သည်
“ငြိမ်းချမ်းရေး ကျွန်းဆွယ်မှာ ဈေးအချိုဆုံး တည်းခိုဆောင်တောင် တစ်နှစ်ကို တစ်သိန်းလောက် ကျနေတာလေ ။ ပြီးတော့ လိုအပ်ချက်တွေကလည်း များသေးတယ်။ ကျုပ်တို့ ငြိမ်းချမ်းရေး ဧည့်ရိပ်သာက သာယာတဲ့ ပတ်ဝန်းကျင်ရှိတယ်။ အခန်းတွေကလည်း ကျယ်ဝန်းတယ်။
ပြီးတော့ ခင်ဗျားတို့ ရောင်းချတာ ရောင်းလို့ရအောင်လည်း စီစဉ်ပေးသေးတယ်။ အဲဒါတွေက တစ်ရက်မှ အဆင့်မြင့် အင်မော်တယ်ကျောက် တစ်ထောင်ပဲ ကျတာလေ ”
ကိုင်ကွမ်းယီက တစ်ခုခု ပြန်ပြောမည့်ဆဲဆဲတွင် မိုဝူကျီက ပြုံးကာ ပြောလိုက်သည် “ သွားကြည့်ကြတာပေါ့ ”
***