နေရာတိုင်းမှာ ရန်သူတွေ
Vol. 44 Ch. 605
ထိုလူက လျှောက်ပြောနေခြင်း မဟုတ်ပေ။ ငြိမ်းချမ်းရေး ဧည့်ရိပ်သာက သာမာန် တည်းခိုဆောင်ထက် ပိုမိုကြီးမားပြီး အပြင်ဘက်၌ ဈေးဆိုင်ခန်းများလည်း ရှိပေသည်။
“ ဒီဈေးဆိုင်တွေကို တစ်ချက်ကြည့်ပါဦး … ဒါတွေအားလုံးက ပင်မလမ်းမဘက် မျက်နှာမူထားတာလေ။ ငြိမ်းချမ်းရေး ကျွန်းဆွယ်မှာ ပုံမှန်ဆိုင်တစ်ခုက တစ်ရက်ကို အင်မော်တယ်ကျောက် နှစ်ထောင်လောက် ကုန်တယ်။ ပြီးတော့ ရဖို့လည်း အတော်ခက်တယ်။ ဒီ ငြိမ်းချမ်းရေး ဧည့်ရိပ်သာမှာ နေရင် ဆိုင်တစ်ဆိုင်ကို ဌားဖို့ တစ်ရက်ကို အင်မော်တယ်ကျောက် တစ်ထောင်ပဲ လိုတယ် ” အမျိုးသားက ဆိုင်ခန်းများကို ညွှန်ပြကာ ဂုဏ်ယူစွာ ပြောလိုက်သည်။
“ ကျုပ်တို့တွေ ဒီမှာ နေကြမယ် ” မိုဝူကျီက ကိုင်ကွမ်းယီတို့ကို ပြောလိုက်သည် “ ဒီလူက အင်မော်တယ်ကျောက် အတော်လေး ရှိတယ်။ အဲကြောင့် အင်မော်တယ်ကျောက်အတွက် ခဏတော့ စိုးရိမ်စရာ မလိုသေးဘူး ”
မိုဝူကျီက ဝမ်ပင်း၏ သိုလှောင်လက်စွပ်ကို မဖွင့်ရသေးသော်လည်း ထိုစကားများကို ပြောလိုက်ခြင်းမှာ သူတို့က ဝမ်ပင်း၏ အင်မော်တယ်ကျောက်များကို ခွဲဝေသုံးစွဲကြမည် ဖြစ်ကြောင်း ဆိုလိုလိုက်ခြင်း ဖြစ်၏။
ကိုင်ကွမ်းယီက အာစရွင်သော သူ မဟုတ်ရာ မိုဝူကျီ စကားများကို ကြားသည့်အခါ သဘောတူကြောင်း ဖော်ပြလိုက်သည်။
မိုဝူကျီက ဤနေရာတွင် နေရန် သဘောတူလိုက်ကြောင်း ကြားသောအခါ အသားညိုညိုနှင့် အမျိုးသားက အားရပါးရ ပြုံးလိုက်ရင်း ပြောလိုက်သည် “ ကျုပ်တို့ဆီမှာ အတော်လေး ကောင်းတဲ့ အခန်းတွေ ရှိတယ်။ အဲထဲမှာ ဝိညာဉ်သားရဲတွေအတွက် အခန်းလည်း ပါသလို ဆေးဖော်စပ်ဖို့ အခန်း၊ ပန်းပဲအခန်း …… ”
မိုဝူကျိက ဖြတ်ပြောလိုက်သည် “ ပြောပြနေဖို့ မလိုတော့ဘူး။ တစ်ခုပဲ ပြော …. ကျုပ်တို့တွေ သာမာန်အခန်းမှာ နေရင် ကျုပ်တို့အတွက် လေးခန်းကို သုံးနှစ်စာအတွက် အင်မော်တယ်ကျောက် တစ်သန်းခွဲနဲ့ ရနိုင်မလား။ ရမယ်ဆိုရင် ကျုပ်တို့တွေ ချက်ချင်း ယူမယ် … မရရင်တော့ ထွက်သွားတော့မယ် ”
“ အာ ” ထိုလူက ကြောင်အမ်းသွား၏။
မိုဝူကျီကဲ့သို့ ဘယ်သူက ဈေးညှိမှာလဲ …..
သူက တစ်ခါတည်းဖြင့် အင်မော်တယ်ကျောက် တစ်သိန်းခွဲကို ဆစ်ချလိုက်ခြင်း ဖြစ်ပေရာ တစ်ဖက်လူကို ညှိနှိုင်းခွင့်ပင် မပေးပေ။ ထို့အပြင် မိုဝူကျီ ပြောလိုက်သော ဈေးမှာ သေချာပေါက် မဖြစ်နိုင်ချေ။
“ ဒါပေါ့ ရတာပေါ့ ….. လေးခန်းကို သုံးနှစ်တာ တစ်သန်းခွဲနဲ့ ရတာပေါ့ …. ” ကြည်လင်ပြတ်သားသည့် အသံလေး ထွက်ပေါ်လာပြီးနောက် မိန်းမချောလေး တစ်ဦး လျှောက်လှမ်းလာသည်။
သူက ထိုအမျိုးသမီးကို မြင်လိုက်သည့်အခါ မိုဝူကျီစိတ်ထဲ ပေါ်လာသူက လို့ယွဲ့ရွမ်း ဖြစ်၏။ ဤအမျိုးသမီးမှာ အလွန်လှပသော်လည်း လို့ယွဲ့ရွမ်းကဲ့သို့ ရင်ဘတ်ပြားပြား ဖြစ်နေသည်။ သူမက အမှန်တကယ် မိန်းမချောလေး တစ်ဦး ဖြစ်သော်လည်း ရှေ့၌ သစ်သားပြားလို ဖြစ်နေသည်မှာ အလွန်နှမြောဖွယ် ကောင်းလှသည်။
သူမက မိုဝူကျီ အင်မော်တယ်ကျောက်များ ပေးချေရန် စောင့်ဆိုင်းနေပြီး လေသံတိုးတိုးလေးဖြင့် ပြောလိုက်သည် “ ကျမ နာမည် ဟန်လုံပါ။ ဒီမှာ တာဝန်ယူထားတဲ့ သူပေါ့ ။ နောင်ကျ ကျမ ရှင့်အကူအညီ လိုလာနိုင်တယ် ”
“ ကျုပ်ကို သိတယ်လား ” မိုဝူကျီက မျက်မှောင်ကျုတ်ကာ မေးလိုက်သည်။
ဟန်လုံက ပြုံးကာ “ အရိုးသားဆုံးပြောရရင် ကျမ မသိပါဘူး။ ဒါပေမဲ့ ကျမက အင်မော်တယ်နယ်မြေတွေဆီ ခရီးတွေ သွားလာတာဆိုတော့ ရှင့်ကို အရမ်းရင်းနှီးနေသလို ခံစားရလို့ပါ … တကယ်လို့ ရှင် စိတ်မရှိရင် ကျမ နောက်မှ လာတွေ့ပါဦးမယ် ”
ကိုင်ကွမ်းယီက အတွေ့အကြုံ ကြွယ်ဝသူ ဖြစ်၍ ဘာမှ မပြောဘဲ မိုဝူကျီကို နှုတ်ဆက်ကာ ကျန်နှစ်ယောက်ကိုလည်း သူတို့အခန်းထဲ ပို့လိုက်တော့သည်။
မိုဝူကျီက စိတ်ထဲ မထားပေ။ သူက အခန်းပြန်ရောက်သည့်အခါ ရွိုက်ကောကို ခေါ်ထုတ်လိုက်၏။
တစ်နှစ်ကို အဆင့်မြင့်အင်မော်တယ်ကျောက် တစ်သိန်းကျော်မှာ တခြားသောအင်မော်တယ်နယ်မြေများနှင့် ယှဉ်လျှင် ဈေးနှုန်းကား မဆိုးလှပေ။ သို့သော်လည်း ဤနေရာရှိ အခန်းမှာ သိပ်မကျယ်ဝန်းသော်လည်း မိုဝူကျီ၏ အကြမ်းဖျင်း ခန့်မှန်းချက်အရ အများဆုံး မီတာ ၂၀ ပတ်လည်သာ ရှိပေလိမ့်မည်။
မိုဝူကျီ ပထမဆုံး လုပ်သည့်အရာမှာ ကာကွယ်ရေး အစီအရင်နှင့် သတိပေး အစီအရင်ကို တပ်ဆင်လိုက်ခြင်း ဖြစ်၏။ ဤနေရာ၌ တိုက်ခိုက်ခြင်းကို ခွင့်မပြုထားသော်လည်း အကာအကွယ်မဲ့ မနေနိုင်ပေ။
မိုဝူကျီက အစီအရင် ခင်းကျင်းမှု မပြီးဆုံးသေးခင် တံခါးပေါ်မှ အတားအဆီးမှာ လှုပ်ရှားလာလေ၏။ မိုဝူကျီက အတားအဆီးကို ဖြေခေလျာ့လိုက်သည့်အခါ ဟန်လုံတစ်ယောက် အပြုံးလေးဖြင့် ရပ်နေသည်ကို မြင်လိုက်ရသည်။
“ အကြောင်းမကြားဘဲ ရောက်လာတာ အားနာပါတယ်။ ဆေးလုံးဆရာမို နားလည်ပေးဖို့ မျှော်လင့်ပါတယ် ” သူမ ပါးစပ်ဖွင့်ဟလိုက်သည့်အခါ မိုဝူကျီ၏ ဆေးလုံးဆရာအဖြစ်ကို ထုတ်ဖော်လိုက်၏။ ထိုအရာမှာ မိုဝူကျီအနေဖြင့် တစ်ဖက်လူမှာ သူ့ကို မှတ်မိနေကြောင်း သေချာသွားလေသည်။
“ တာအိုရောင်းရင်းဟန် … ဝင်လာပါ ” မိုဝူကျီက ခေါင်းညိတ်ကာ ဟန်လုံအား ဝင်ခွင့် ပြုလိုက်သည်။
ဟန်လုံက သတိကြီးစွာ မပြုမူဘဲ သူမဘာသာ ဝင်ထိုင်လိုက်သည်။ မိုဝူကျီက အခန်းတံခါးပေါ် အတားအဆီးကို ပြန်လည် တင်းကျပ်ပြီးနောက် သူမက ပြောလိုက်သည်
“ ဆေးလုံးဆရာမိုက ကိုယ့်ပြဿနာကို သိထားပါရဲ့လား ”
မိုဝူကျီက လက်နှစ်ဖက် ဆုပ်ကာ ပြောလိုက်သည် “ ပြောပြပါဦး ”
ဟန်လုံအသံမှာ လေးနက်သွားပြီး “ ဆေးလုံးဆရာမို …. မကြာသေးခင်က ကျမ အင်မော်တယ်နယ်မြေတွေဆီ သွားခဲ့တယ်။ သတင်းဆိုးလေး ပြောပြပါရစေ … အင်မော်တယ် ဧကရာဇ် လွန်ချိုက်က ရှင် အသက်ရှင်နေတာကို သိထားတော့ နေရာတိုင်းမှာ လိုက်ရှာနေတယ်။ ကြားတာတော့ ယုံရင်အင်မော်တယ်နယ်မြေရဲ့ ကောင်းကင်ဧကရာဇ် ကွေ့ဖုန်းယွင်နဲ့ ကျယ်ပြောပင်လယ် အင်မော်တယ်ကျောင်းတော်ကလည်း ရှင့်ကို ရှာနေကြတဲ့ပုံပဲ။ သူတို့ ပြောတာတော့ ပိုင်ချီထျန်းရဲ့ သေဆုံးမှုနဲ့ ရှင်က ပတ်သတ်နေတယ်တဲ့ ….. ပြီးရင် ပုံရိပ်ယောင်တောင်လို့ ခေါ်တဲ့ ဂိုဏ်းကလည်း ရှင့်ကို လိုက်ရှာနေကြတယ်။ ရှင်က သူတို့ဂိုဏ်းကို ဖျက်စီးသွားလို့တဲ့ ပြောနေကြတယ် … ”
“ အဲဆို ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့ကရော ” မိုဝူကျီက ထိုလူများ လိုက်လံရှာဖွေနေသည်ကို လုံးဝ မအံ့ဩမိပေ။ သူက ဟိုင်ယီနယ်မြေ၏ ပုံရိပ်ယောင်တောင်ကို ဖျက်စီးခဲ့၍ အင်မော်တယ်လောကရှိ ပုံရိပ်ယောင်တောင်က သူ့အသက်ရှင်နေသေးသည့်သတင်းကို ဖွလိုက်ကြခြင်း ဖြစ်ပေမည်။
ဟန်လုံက ပြောလိုက်သည် “ ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့က ဘာမှလည်း မပြောသလို ဘာမှလည်း ဝင်မရှုပ်ကြဘူး ”
မိုဝူကျီက စိတ်ထဲမှ အေးစက်စွာ ရယ်မောမိလိုက်သည်။ ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့က သူ့ကို လုံးဝ စွန့်ပစ်လိုက်ပြီ ဖြစ်ပေသည်။
“ အဲဆို ကျုပ်ရဲ့ တျန်းဂျီဆေးဆိုင်ကရော ” မိုဝူကျီက မေးလိုက်သည်။ ဟန်လုံ လေသံအရ ဟန်လုံက သူ့အကြောင်း သေချာစုံစမ်းထားဟန် ပေါ်သည်။
ဟန်လုံက ဖြေလိုက်၏ “ တျန်းဂျီဆေးဆိုင်ကို အင်မော်တယ် ဧကရာဇ် လွန်ချိုက်ကြောင့် ပျက်စီးသွားပြီ။ ကျမ ကြားတာတော့ လူလေးယောက်ကို သတ်ပစ်လိုက်တယ်တဲ့ ”
မိုဝူကျီက ရုတ်ချည်း ထရပ်လိုက်သည်။ အင်မော်တယ် ဧကရာဇ် လွန်ချိုက်က သူ့လူများကို သတ်ပစ်လိုက်မှန်း သိထားသော်လည်း ထပ်မံကြားရသည့်အခါ အင်မော်တယ် ဧကရာဇ်လွန်ချိုက်အား သတ်ပစ်ချင်စိတ်ကို ထိန်းချုပ်၍ မရသေးပေ။
ဟန်လုံက ဘာမှမလုပ်ပေ။
မိုဝူကျီ ဤနေရာ ရောက်လာသည်မှာ ဘာမှအလောတကြီး ပြန်မလုပ်သေးကြောင်း ဆိုလိုနေသည် မဟုတ်ပါလော။
မိုဝူကျီက ဟန်လုံ တွေးထားသကဲ့သို့ သူ့ရန်သူများလက်မှ ရှောင်ပြေးရန် ရောက်လာခြင်း မဟုတ်သော်လည်း သူက တည်ငြိမ်နေဆဲ ဖြစ်သည်။ အင်မော်တယ် ဧကရာဇ် လွန်ချိုက်မှာ သူ ရင်မဆိုင်နိုင်သေးသည့် လူတစ်ယောက် ဖြစ်ပြီး အင်မော်တယ် ဧကရာဇ်လွန်ချိုက်ကို မဆိုထားနှင့် သူ့နောက်မှ လိုက်လာသော သူများအထဲ တစ်ယောက်မှ သူ ရင်မဆိုင်နိုင်သေးပေ။
တျန်းဂျီဆေးဆိုင်မှ လေးယောက် အသတ်ခံလိုက်ရသည်မှာ တုံ့ဟွားလုံ၊ ယီလန်နဲ့ အခြားသူများ သေဆုံးသွားခြင်း ဖြစ်နိုင်လောက်သည်။ မိုဝူကျီက စိတ်ထဲ၌ သက်ပြင်းသာ ချလိုက်သည်။ သူက တျန်းဂျီဂိုဏ်းမှ ရှင်ကျန်ရစ်သည့်သူများကို သူ့ဆေးဆိုင်တွင် ကာကွယ်ထားရန် ရည်ရွယ်ထားသော်လည်း မျှော်လင့်မထားသည့်အရာ ဖြစ်ပျက်လာခဲ့ပြီး သူတို့အားလုံးကို ပါဝင်ဆွဲသွင်းမိခဲ့လေ၏။ ထိုအရာက သူ့စိတ်နှလုံးသားထဲ အပြစ်ရှိစိတ်နှင့် မသက်သာမှုကို ဖြစ်စေသည်။
“ တကယ်လို့ ကျမသာ ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့ ဖြစ်မယ်ဆိုရင် ဂုဏ်ထူးဆောင် အဆင့် ၅ ဆေးလုံးဘုရင်တစ်ယောက်အတွက် ရှေ့ထွက်လာပြီး ကာကွယ်ပေးမိမှာပဲ။ အင်မော်တယ် ဧကရာဇ် လွန်ချိုက်နဲ့ တခြားသူတွေ ဆက်လိုက်လံရှာဖွေနေတာကို ခွင့်ပြုမှာ မဟုတ်ဘူး ” ဟန်လုံက မိုဝူကျီ တည်ငြိမ်သွားသည်ကို မြင်ပြီး မိုဝူကျီဖက်မှ ဝင်ပြောပေးလိုက်သည်။
မိုဝူကျီက မထူးမခြားနား ပြန်ပြောလိုက်သည် “ တကယ်လို့ တျန်းဂျီဆေးဆိုင်ထဲက တစ်ယောက်မှ အသတ်မခံလိုက်ရရင် သူတို့ကို ခွင့်လွှတ်ပေးမိမယ် ဆိုပေမဲ့ အခုတော့ လုံးဝ ခွှင့်မလွတ်နိုင်ဘူး။ ကျုပ် ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့ကို လက်စားမချေပေမဲ့ သူတို့နဲ့ တစ်သားတည်းဖြစ်ဖို့က လုံးဝ မဖြစ်နိုင်တော့ဘူး။ ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့က ဘာမှ ဝင်မလုပ်ပေးဘူးဆိုကတည်းက ကျုပ်နဲ့ ဘာမှမပတ်သတ်ကြောင်း သိနေပြီးသား ဖြစ်လိမ့်မယ် ”
အကယ်၍ မိုဝူကျီသာ ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်ခေါင်းဆောင် ရှောင်လီရှီ ပြောစကားများသာ သိလျှင် ရှောင်လီရှီ မည်မျှကြောက်ဖို့ကောင်းကြောင်းကို သေချာပေါက် တုန်လှုပ်မိသွားလိမ့်မည်။ ရှောင်လီရှီက သူနှင့် တစ်ခါမှ မတွေ့ဖူးသော်လည်း မိုဝူကျီ တွေးထားသကဲ့သို့ အကုန်ရှင်းလင်းပစ်ပြီးသား ဖြစ်၏။
တစ်ခုတည်းသော ခြားနားချက်မှာ မိုဝူကျီက ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့အား ရန်လုပ်ရန် မကြံစည်ထားပေ။ ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အနေဖြင့် မိုဝူကျီမှာ သူတို့အတွက် နောင်ဖြစ်လာမည့် မီးစဟုသာ တွေးတောပြီး ထိုမီးစ ကြီးထွားမလာခင် အပြတ်ရှင်းပစ်နေခြင်း ဖြစ်၏။
“အဲဆို ဆေးလုံးဆရာမို ဒီ ငြိမ်းချမ်းရေး ကျွန်းဆွယ်မှာ နေတာ အပြည့်အဝ မလုံခြုံသေးဘူး။ ငြိမ်းချမ်းရေး တည်းခိုဆောင်တစ်ခုပဲ ရှင့်ရဲ့ ဘေးကင်းမှုကို အာမခံပေးနိုင်လိမ့်မယ် ” ဟန်လုံက ပြောလိုက်သည်။
မိုဝူကျီက ဟန်လုံကို မရေမရာ ကြည့်ကာ “ ကျုပ်က အခု ခင်ဗျားတို့ တည်းခိုဆောင်ရဲ့ ဧည့်သည် ဖြစ်နေပြီလေ … အဲဒါကို ငြိမ်းချမ်းရေး တည်းခိုဆောင်မှု နေဖို့ အကြံပြုနေတာလား ”
ဟန်လုံက သက်ပြင်းချကာ “ ကျမက အမှန်တိုင်း ပြောနေတာလေ။ တစ်လအတွင်း မရေတွက်နိုင်တဲ့ လူတွေက ငြိမ်းချမ်းရေး ကျွန်းဆွယ်ဆီ လာပြီး ရှင့်ကို လာရှာလိမ့်မယ်။ တကယ်လို့ အင်မော်တယ် ဧကရာဇ်တစ်ယောက်က ရှင့်ကို ငြိမ်းချမ်းရေး ဧည့်ရိပ်သာကနေ ခေါ်ထုတ်သွားရင် ကျမတို့ ငြိမ်းချမ်းရေး ဧည့်ရိပ်သာအတွက်လည်း ထိခိုက်စေလိမ့်မယ်။ ကျမ ဂုဏ်သတင်းလျော့ကျတာကို ပြောနေတာတော့ မဟုတ်ပါဘူး ”
မိုဝူကျီက ဘယ်လိုလူမျိုးလဲ ……
သူက ဟန်လုံ၏ ရည်ရွယ်ချက်များကို တန်းမြင်နေ၍ “ တာအိုရောင်းရင်းဟန် …. တည့်တိုးသာ ပြောပါတော့ ။ ဒီဟာတွေ ပြောဖို့ ရောက်လာတာတော့ မဟုတ်လောက်ဘူး ”
ဟန်လုံက မိုဝူကျီ စကားများ ကြားသောအခါ သူမက ထရပ်ပြီး မိုဝူကျီကို ဦးညွှတ်ကာ “ ဆေးလုံးဆရာမို …. ကျမ ဒီကို လာပြီး အကူအညီလာတောင်းတာပါ။ ရှင့်အကြောင်း ပိုသိနေတာက ရှင့်အကြောင်း သေချာ စုံစမ်းခဲ့လို့ပါ …. ဒါပေမဲ့ ရှင့်ရဲ့ တည်နေရာကို မသိခဲ့ရဘူး။ စိတ်ပျက်လက်ပျက် ဒီကို ပြန်လာတော့ ရှင့်ကို တွေ့တာပဲ …. ဒါက ကံတရားများလား ”
မိုဝူကျီက ဘာမှမပြောပေ။ သူက ဟန်လုံ၏ ပြားချပ်ချပ် ရင်ဘတ်ကို ကြည့်ကာ အနည်းငယ် စိတ်ရှုပ်ထွေးနေမိသည်။ ဟန်လုံက မဟာလော့ရှန်း ပြီးပြည့်စုံခြင်း အဆင့် ဖြစ်ပေရာ သူမသာ ပြည့်ပြည့်ဖောင်းဖောင်း ရင်သားကို အလိုရှိပါက သူမအနေဖြင့် သူ့ကို ရှာနေစရာ မလိုပေ။
ဟန်လုံက မိုဝူကျီ အကြည့်ကို သတိပြုမိပြီး ခေါင်းခါကာ ပြောလိုက်သည် “ ဆေးလုံးဆရာမို … ကျမရဲ့ ရင်ဘတ်ကို ပြောနေတာ မဟုတ်ပါဘူး။ ရှင်က ဂုဏ်ထူးဆောင် အဆင့် ၅ ဆေးလုံးဆရာ ဖြစ်မှန်း သိပေမဲ့ မကြာခင် အဆင့် ၆ အင်မော်တယ်ဆေးလုံး ဖော်စပ်နိုင်လာမှာပါ ”
မိုဝူကျီက ဟန်လုံ၏ စကားကို ဖြတ်ပြောကာ “ တာအိုရောင်းရင်ဟန် ပြောတာ မှားနေပြီ။ ကျုပ်က ဂုဏ်ထူးဆောင် အဆင့် ၅ ဆေးလုံးဘုရင် မဟုတ်တော့ဘူး အဆင့် ၆ ဆေးလုံးဘုရင်အဆင့် ရောက်နေပြီ ”
ရွမ်ရှန်းအဆင့်တွင် ရှိစဉ် မိုဝူကျီက အဆင့်နိမ့် အဆင့် ၆ အင်မော်တယ်ဆေးလုံးကို ဖော်စပ်နိုင်ခဲ့ပြီ ဖြစ်၏။ ယခု သူက မဟာယီရှန်းအဆင့် ရောက်သွားပြီ ဖြစ်ရာ သူက ဆေးလုံးမဖော်စပ်ကြည့်ရသေးသော်လည်း မိုဝူကျီက အဆင့်မြင့် အဆင့် ၆ ဆေးလုံးများကို ဖော်စပ်နိုင်မည် ဖြစ်ကြောင်း ယုံကြည်ချက် ရှိပေသည်။
မိုဝူကျီက ဟန်လုံသည် သူနှင့် တစ်ခုခု လဲလှယ်ရန် အလိုရှိကြောင်း ခန့်မှန်းမိ၏။ ထိုသို့ဆိုမှတော့ သူ့အတွက် များများစားစား ရသည်က ပို၍ ကောင်းပေသည်။ ဟန်လုံက သူ့ပြဿနာကို သိလျှက်နှင့် အလဲအလှယ် လုပ်ချင်နေဆဲ ဖြစ်သောကြောင့် ဆိုးလှသည်တော့ မဟုတ်ပေ။
မိုဝူကျီ၏ စကားများက ဟန်လုံ ခန့်မှန်းချက်အတွင်း ရှိပေသည်။ မိုဝူကျီက ဂုဏ်ထူးဆောင် အဆင့် ၅ ဆေးလုံးဘုရင် ဖြစ်ရာ အဆင့် ၆ အင်မော်တယ်ဆေးလုံးများကို မည်သို့ မဖော်စပ်နိုင်ဘဲ နေမည်နည်း။ သူမက ခေါင်းညိတ်ကာ “ ဆေးလုံးဆရာမို …. ကျမကို ကူပြီးတော့ အင်မော်တယ်ဘုရင် ဆေးလုံးကို ဖော်စပ်ပေးစေချင်တယ်။ ဒါပေမဲ့ ကျမဆီမှာ အင်မော်တယ်ဘုရင်အသီး မရှိဘူး ”
မိုဝူကျီက မျက်မှောင်ကျုတ်ကာ “ တာအိုရောင်းရင်းဟန် …. ကျုပ်က အဆင့် ၆ ဆေးလုံးဘုရင် ဆိုပေမဲ့ အင်မော်တယ်ဘုရင်ဆေးလုံးကို မဖော်စပ်နိုင်သေးဘူး ”
ဟန်လုံက လက်ရှိ မဟာလော့ရှန်း ပြီးပြည့်စုံခြင်းအဆင့် ဖြစ်ပေရာ သူမအနေနှင့် အင်မော်တယ်ဘုရင်ဆေးလုံးကို အလိုရှိနေခြင်းက မျှော်လင့်မထားခြင်းတော့ မဟုတ်ပေ။ သို့သော်လည်း မိုဝူကျီက ထိုသို့မျိုး တောင်းဆိုချက်ကို လက်ခံမည် မဟုတ်ပေ။ သူက အင်မော်တယ်ဘုရင် ဆေးလုံးကို မဖော်စပ်နိုင်ခြင်းမှာ အမှန် ဖြစ်သော်လည်း သူ လုပ်နိုင်လျှင်ပင် သဘောတူမည် မဟုတ်ပေ။
သူ့ကျင့်ကြံဆင့်မှာ မမြင့်သေးသည့်အပြင် ရန်သူများစွာလည်း ရှိနေသေး၏။ အကယ်၍ သူက အင်မော်တယ်ဘုရင်ဆေးလုံး ဖော်စပ်နိုင်ကြောင်း သတင်းထွက်သွားသည်နှင့် ကိုယ့်သေတွင်းကို တူးနေသလို ဖြစ်မနေဘူးလား။ ထို့အပြင် ဟန်လုံတွင် အဓိက ပါဝင်ပစ္စည်းလည်း မရှိချေ။ သို့သော် သူမက ဆေးလုံးတောင်းဆိုနေလေရာ အတော်လေး လွန်လွန်းနေပေ၏။
ဟန်လုံက မိုဝူကျီ စိတ်ကို မသိဟန်ဖြင့် ဆက်ကာ ပြောလိုက်သည် “ ဆေးလုံးဆရာမိုက အင်မော်တယ်ဘုရင်ဆေးလုံးကို မဖော်စပ်နိုင်သေးတာကို ကျမ သိပါတယ်။ ဒါပေမဲ့ ဆေးလုံးဆရာမိုဆီမှာ အင်မော်တယ်ဘုရင်အသီးတွေ အများကြီး ရှိတာကိုတော့ ကျမ သိထားတယ် ”
မိုဝူကျီ ထိုစကားကို ကြားသောအခါ သူ့မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွား၏။ ယခင် သူက ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့ နောက်ခံ ရှိပေရာ အင်မော်တယ်ဘုရင်အသီးများ ရှိနေခြင်းက သူ့အတွက် ပြဿနာ မဟုတ်ပေ။ သို့သော် ယခုတွင်မူ အကယ်၍ အားလုံးက သူ့တွင် အင်မော်တယ်ဘုရင်အသီးများ ရှိနေမှန်း သိသွားကြလျှင် မည်မျှကြောက်ဖို့ ကောင်းလိုက်မည်နည်း။
***