← Chapters

အင်မော်တယ်လောကမှ ထွက်သွားရန် အာကာသလမ်းကြောင်း

Vol. 44 Ch. 609

အင်မော်တယ်လောကမှ ထွက်သွားရန် အာကာသလမ်းကြောင်း

Vol. 44 Ch. 609

မိုဝူကျီ၏ သာမာန်နှင့် တူသော ဓားမော့အလင်းမှာ မြောက်များစွာသော ဓားမော့အလင်းများအဖြစ် ရုတ်ချည်း ဖြစ်ပေါ်လာသည်။ ထိုမြောက်များစွာသော ဓားမော့အလင်းများက လွှမ်းခြုံသွားက  သဲကန္တရ တစ်ခု  ဖြစ်ပေါ်လာသည်။

ကုံဝူယုက အရူး တစ်ယောက် မဟုတ်ပေ။ မိုဝူကျီ၏ သဲကန္တရ တိုက်ခိုက်မှုမှာ ထိပ်တန်း လျို့ဝှက်ပညာရပ်တိုက်ကွက် ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။

အစပိုင်းတွင် ကုံဝူယုက မိုဝူကျီကို များများ မတွေးထားမိသော်လည်း ယခုတွင်မူ  သူမက စိုးရိမ်တကြီးဖြင့်  သူမ ကိုယ်ပိုင် မှော်ရတနာဖြစ်သည့်  ပန်းနှော ရွှေရောင်ပုံးကို ဆွဲထုတ်လိုက်သည်။

ပန်းနှော ရွှေရောင်ပုံးထွက်ပေါ်လာသည်နှင့်  ဧရာမ ပါးစပ်ပေါက်ကြီးအလား မိုဝူကျီ၏ သဲကန္တရကို ဝါးမျိုပစ်ရန် ကြိုးစားနေသည်။

သူမ၏ ပန်းနှော ရွှေရောင်ပုံးက မိုဝူကျီ၏ မဟာသဲကန္တရ ဓားချက်ကို ခုခံထားနိုင်မည်ဟု ခံစားလိုက်ရသော်လည်း  အသက်ဝဝမရှုနိုင်ခင် ကောင်းကင်ယံထက်မှ ဓားချက်က သူမ နဖူးပေါ် ကျရောက်လာကြောင်း မြင်လိုက်ရသည်။

ကြက်သီးတဖြန်းဖြန်း ခံစားချက်က သူမ တစ်ကိုယ်လုံး ပြန့်နှံ့လာပြီး  စူးစူးဝါးဝါး အော်ဟစ်လိုက်ရသည်။ သူမက  အစိမ်းရောင် လက်ကိုင်ပဝါလေး ထုတ်ကာ သွေးတစ်ပွက် အန်လိုက်ရသောကြောင့်  လက်ကိုင်ပဝါလေး၌ သွေးများ စွန်းပေကုန်လေ၏။

အရာအားလုံးကို မြင်လိုက်ရသည့် ခွမ်းပန်ဟို့က  ကုံဝူယု ရုန်းကန်နေရသည်ကို မြင်၍ ဘာမှမလုပ်ဘဲ ဆက်၍ မကြည့်နေနိုင်တော့ပေ။ နောက်အခိုက်အတန့်လေး၌ သူက  သဲနက်များကို ဆုပ်ကိုင်ကာ မိုဝူကျီဆီ အပြေးအလွှား ဝင်ရောက်လာသည်။

ဟန်လုံက မည်မျှပင် အတွေ့အကြုံနုနယ်စေကာမူ  သူမအနေဖြင့် ခွမ်းပန်ဟို့ကို  ကုံဝူယုနှင့် ရင်ဆိုင်နေရသော   မိုဝူကျီဆီ သွားခွင့်မပြုသင့်ကြောင်း သိပေသည်။ တစ်ချိန်တည်းတွင် သူမက အကြွင်းအကျန် မီးအိမ်ကို ပစ်လွှတ်ကာ ခွမ်းပန်ဟို့အား တားဆီးထားလိုက်သည်။

မီးအလင်းက  ပြန့်နှံ့လာပြီး  ခွမ်းပန်ဟို့၏ သဲနက်တိမ်တိုက်နှင့် တွေ့ဆုံသွားရာ ကောင်းကင်ယံ၌    နောက်ထပ် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာ၏။

ဟန်လုံ၏ ကျင့်ကြံဆင့်မှာ ခွမ်းပန်ဟို့ထက် အနည်းငယ် ပိုမြင့်မားသောကြောင့် ခွမ်းပန်ဟို့က  ဟန်လုံကို များများစားစား မတွေးထားလျှင်ပင် သူ့အနေဖြင့် မိုဝူကျီကို တိုက်ခိုက်ရန် လက်လျော့ပြီး ဟန်လုံအပေါ် အာရုံစိုက်ထားရုံအပြင် ရွေးချယ်စရာ မရှိပေ။

“ ဘုန်း ” မိုဝူကျီ၏ လေဟုန်ဆန် ဓားချက်မှာ  အစိမ်းရင့်ရောင် လက်ကိုင်ပဝါက ပိတ်ဆို့ထားပြီး  ဖြူဖျော့နေသည့် ကုံဝူယုက ထိုဓားချက် အားကြောင့်  ဆယ်မီတာလောက် လွှင့်စင်သွားသည်။

မိုဝူကျီက ထိုအရာမှာ သူ့လေဟုန်ဆန် ဓားချက်က မစွမ်းဆောင်နိုင်၍ မဟုတ်ဘဲ သူ့ကျင့်ကြံဆင့် မမြင့်မားသေးသောကြောင့် သူ့လေဟုန်ဆန်ဓားချက်မှာ  ပြီးပြည့်စုံရာမှ အလှမ်းကွာနေခြင်း ဖြစ်ပေသည်။

မိုဝူကျီက  နေဝင်ဓားချက်ကို ဆက်၍ မထုတ်ဖော်ပေ။ သူ့နေဝင်ဓားချက်မှာ  သူ့သေရေး ရှင်ရေး ကံကြမ္မာစက်ဝန်းနှင့် ဆင်တူလေ၏။  အားအရမ်းပြင်းရုံ သာမက  တာအိုအငွေ့အသက်များ၏ သတ်ဖြတ်ငွေ့များလည်း ပါဝင်နေသည်။

နေဝင်ဓားချက်မှာ သူ့လျို့ဝှက်တိုက်ကွက်ထဲမှ တစ်ခု ဖြစ်၍  ထုတ်မသုံးလိုပေ။ ထို့အပြင်  သူ့လေဟုန်ဆန်ဓားချက်မှာ  ပြီးပြည့်စုံခြင်းမှ အလှမ်းကွာနေသည် ဖြစ်ရာ  သူ့နေဝင်ဓားချက်ကို တစ်ခါမှ ထုတ်မသုံးဖူးသေးပေ။ မိုဝူကျီက  ကုံဝူယုကို မသတ်နိုင်လျှင် သူမအနေဖြင့် သူ့ကို  အနိုင်ယူရန် မဖြစ်နိုင်ချေ။

ကုံဝူယု၏ လက်ကိုင်ပဝါက  မိုဝူကျီ၏ လေဟုန်ဆန် ဓားချက်ကို တားဆီးထားသည့် အခိုက်အတန့်  မိုဝူကျီက  ရှေ့တိုးကာ လက်သီးတစ်ချက် ထုတ်လွှင့်လိုက်သည်။

မိုဝူကျီ  တိုက်ခိုက်လိုက်ကတည်းမှ  ကုံဝူယုက အရေးနိမ့်သည့်ဘက် ကျရောက်နေလေ၏။ တခြားစကားဖြင့်ဆိုရလျှင် မိုဝူကျီက တိုက်ခိုက်နေပြီး သူမက ကာကွယ်နေရုံ ဖြစ်၏။

မိုဝူကျီနှင့် ကုံဝူယုတို့ကြားက အင်အားမှာ  ကွဲပြားခြားနေ၍ မဟုတ်ဘဲ  ကုံဝူယုက မိုဝူကျီကို အစကတည်းက အထင်သေးခဲ့၍ ဖြစ်သည်။ အဆုံးသတ်၌ မိုဝူကျီက  လျှပ်တစ်ပြက် အငိုက်ဖမ်းကာ တိုက်ခိုက်လိုက်သောကြောင့်  သူမအနေဖြင့် ဆက်တိုက် ကာကွယ်ရုံအပြင် မတတ်နိုင်တော့ပေ။

မိုဝူကျီက တိုက်ပွဲအတွေ့အကြုံများသည့်အတွက်  ကုံဝူယုကို  ပြန်လည်တိုက်ခိုက်ခွင့် အဘယ်ကြောင့် ပေးရမည်နည်း။  စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက်အပြီးနောက် မိုဝူကျီက  အာကာသ ချုပ်နှောင်မှုကို ထုတ်သုံးလိုက်သည်။

အားနည်းနေချိန် သတ်ပစ်ရမည်……….

ဤတိုက်ပွဲတစ်လျှောက်လုံး၌ မိုဝူကျီက ထိုအကြောင်း ဆက်တိုက် နှလုံးမူထားခြင်း ဖြစ်ရာ သူမအပေါ် လုံးဝ အလျော့မပေးပေ။ ကုံဝူယု၏ ကျင့်ကြံဆင့်က ဝမ်ပင်းထက် မြင့်မားရုံသာမက  သူမအင်အားနှင့် တိုက်ပွဲအတွေ့အကြုံများကလည်း  ဝမ်ပင်း လိုက်မမှီနိုင််သော အရာ ဖြစ်၏။ အကယ်၍ ကုံဝူယူသာ မိုဝူကျီကို အထင်မသေးခဲ့ဘဲ  အစကတည်းက  လက်ဦးမှု ရယူထားလျှင် မိုဝူကျီအနေဖြင့် အသာစီး ရရှိဖို့ရာ ခက်ခဲပေလိမ့်မည်။

မိုဝူကျီဆီမှ ဓားချက်နှစ်ချက်ကို ကာပြီးနောက် ကုံဝူယုက  သတိလက်လွတ်မနေတော့ပေ။ မိုဝူကျီက သူမထက် ပို၍ အားကောင်းကြောင်း ကောင်းကောင်း သိရှိသွား၏။

သူမအနေနှင့်  တွေ့ကြုံလိုက်ရသည်က  မိုဝူကျီ၏ စွမ်းအားစက်ကွင်းမှာ  သူမ စွမ်းအားစက်ကွင်းကို ဝါးမျိုပစ်သွားခြင်း ဖြစ်၏။

ထို့အပြင် သူမအနေဖြင့် လက်သီးချက် စွမ်းအားစက်ကွင်းကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ပေသည်။

မိုဝူကျီ၏ လက်သီးချက်က  သူမ၏ စွမ်းအားစက်ကွင်းကို  ချေဖျက်နိုင်စွမ်း ရှိသည့် လက်သီးချက် စွမ်းအားစက်ကွင်း ဖြစ်နေသည်။

သူမ စွမ်းအားစက်ကွင်း ကြေမွသွားသည့်နောက် သူမ ဘေးပတ်လည်မှ နေရာတစ်ခုလုံးမှာ စတင်လှုပ်ရှားလာပြီး  သူမကို ပိတ်လှောင်ထားလိုက်သည်။

ကုံဝူယုက မှိန်ဖျော့ဖျော့ အဝါရောင်အလင်းတန်းလေး ထွေးထုတ်ရင်း  အော်ဟစ်ကာ  “ ရပ် …. ”

သူမက  တတ်နိုင်သမျှအကုန် ကြိုးစားထားပြီးသွားသော်လည်း  မိုဝူကျီက ပြန်လည် တိုက်ခိုက်နိုင်သေးလျှင် သူမအနေဖြင့်  ခံစားရရုံသာ ရှိမည်။ အကယ်၍ သူမ မလွတ်မြောက်နိုင်လျှင် သေခြင်းတရားကို စောင့်ဆိုင်းနေခြင်းနှင့်အတူတူ ဖြစ်လိမ့်မည်။

ကုံဝူယု ထွေးထုတ်လိုက်သည့် အဝါရောင်အလင်းမှာ  ဧရာမ ပိုက်ကွန်သဖွယ် ဖြစ်သွားပြီး မိုဝူကျီ၏ စွမ်းအားစက်ကွင်းချေဖျက် လက်သီးချက်အား ရစ်ပတ်သွားလေ၏။

“ ဘုန်း ” မိုဝူကျီ၏ စွမ်းအားစက်ကွင်းချေဖျက် လက်သီးချက်မှာ ချက်ချင်းဆိုသလို ပိုက်ကွန်ကြီးအား  ဖျက်စီးပစ်လိုက်ကာ   အင်မော်တယ် စွမ်းအားများ ပေါက်ကွဲမှုအောက်၌  ကုံဝူယု၏ အပြင် ဝတ်စုံပင် စုတ်ပြဲလုနီးပါး ဖြစ်သွားလေ၏။

မိုဝူကျီက ရပ်တန့်လိုက်သည်။ တိုက်ပွဲများစွာ၌ တစ်ဖက်လူများ၏ “ရပ်” ဟုသော အသံများစွာကို ကြားခဲ့ဖူးသော်လည်း  ဤတစ်ကြိမ်မှာ ပထမဆုံးအကြိမ်  လိုက်လျောပေးခြင်း ဖြစ်၏။

မိုဝူကျီ၏ စိတ်နှလုံးသားက နူးညံ့ပျော့ပျောင်း၍ မဟုတ်ဘဲ  သူ မရပ်လျှင်ပင် ကုံဝူယုကို  သတ်ရန် အားမကောင်းကြောင်း သိထား၍ ဖြစ်သည်။ သူမကို မသတ်နိုင်မှတော့  တစ်ဖက်လူက ရပ်ဖို့ ပြောစဉ်  ဆွေးနွေးကြည့်လိုက်သည်က ပို၍  အကျိုးများပေမည်။ ထို့ကြောင့် တိုက်ခိုက်မှုကို ရပ်တန့်ပြီးနောက် မိုဝူကျီ၏ အာကာသချုပ်နှောင်မှုမှာ  ကုံဝူယု၏ ခန္ဓာကိုယ်နား ရှိနေဆဲ ဖြစ်သည်။

ထိုအရာက ကုံဝူယုကို စိတ်မသက်မသာ ဖြစ်စေသည်။ သူမက မိုဝူကျီ၏ အာကာသချုပ်နှောင်မှုအတွင်း မရှိတော့သော်လည်း  သူမ ဘေးပတ်လည်မှ စွမ်းအားများက  သူမကို အချိန်မရွေး ပိတ်လှောင်ပစ်ရန် အဆင့်သင့် ဖြစ်နေဟန် ပေါ်၏။

ခွမ်းပန်ဟို့နှင့် ဟန်လုံတို့လည်း မိုဝူကျီတို့ ရပ်တန့်လိုက်သည်ကို မြင်ပြီး  တိုက်ခိုက်မှု ရပ်လိုက်ကြကာ  ဟန်လုံက မိုဝူကျီဘေးနား ရပ်လိုက်သည်။ ခွမ်းပန်ဟို့က  ကုံဝူယုဘေးနား သွားတော့မည့်ဆဲဆဲတွင် မိုဝူကျီက အော်ပြောလိုက်သည်  “ ခွမ်းပန်ဟို့ …. ခင်ဗျား တစ်လက်မလောက် လှုပ်ရဲရင် လှုပ်ကြည့်လိုက်  ကုံဝူယု ခံစားရအောင် လုပ်ပြမယ်။  လုပ်ရဲရင် လုပ်ကြည့်လိုက်နော်  …. ကျုပ်က သူမ လက်တစ်ဖက် ပြတ်သွားဖို့ အာမခံတယ် ”

ထိုအရာက အဓိပ္ပါယ်မရှိ ခြိမ်းခြောက်မှုတစ်ခုတော့ မဟုတ်ပေ။ မိုဝူကျီက သူသာ စွမ်းအားအကုန်သုံးလျှင် ထိုသို့ လုပ်နိုင်ကြောင်း ယုံကြည်ချက် ရှိ၏။

ခွမ်းပန်ဟို့က မိုဝူကျီ၏ ခြိမ်းခြောက်စကား ကြားသည့်အခါ ရပ်တန့်လိုက်သည်။ ထိုအရာမှာ ခြောက်လန့်ရုံသပ်သပ် မဟုတ်ကြောင်း သိနေသည်။ သူက ကုံဝူယု၏ ခင်ပွန်း ဖြစ်လာသည်မှာ နှစ်များစွာ ကြာလှပြီ ဖြစ်ရာ ကုံဝူယုအနေနှင့် မသက်မသာ ခံစားနေရကြောင်း ပြောနိုင်၏။

အကယ်၍ သူမက မိုဝူကျီနှင့် မတိုက်ခိုက်ခဲ့ရလျှင် မိုဝူကျီ ပြောသမျှ စကားတိုင်းအား မရှိသည့်လေကဲ့သို့ မှတ်ယူမည် ဖြစ်သော်လည်း  ယခု သူမက မလှုပ်ရဲပေ။ မိုဝူကျီက သူပြောသည့်အတိုင်း လုပ်နိုင်ကြောင်း သေချာသိနေသည်။ မိုဝူကျီ၏ လေဟုန်ဆန်ဓားချက်မျိုး ထပ်ရှိနေကြောင်း ခံစားမိနေသည်။  ဆိုလိုသည်က မိုဝူကျီတွင် ထုတ်မသုံးရသေးသည့် လျို့ဝှက်တိုက်ကွက်များစွာ ကျန်ရှိနေသေး၏။ ထို့အပြင် မိုဝူကျီက အာကာသ ချုပ်နှောင်မှုကို သိ၍ သူမကို ချုပ်နှောင်မိသည်နှင့်  သူမလက်ကို ဖြတ်ပစ်ဖို့ရာ အသက်ရှုကြိမ် တစ်ရှိုက်စာလောက်ပင် ကြာလိုက်မည် မဟုတ်ပေ။

သူမအတွက် လက်မောင်းကို အလျှင်အမြန် ပြန်ကောင်းလာအောင် လုပ်နိုင်သော်လည်း  သူမ နဂိုလက်မောင်းနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။ သူမ က ရုပ်ခန္ဓာကိုယ်ကို မလေ့ကျင့်ခဲ့၍  သူမ ခန္ဓာကိုယ် ပျက်စီးသွားခြင်းကား  သွေးနှင့် တာအို အငွေ့အသက်များ ပျက်စီးသွားစေခြင်းနှင့် တူညီပေ၏။ သူမက  အင်မော်တယ်ဘုရင်အဆင့် တက်လှမ်းရန် ပြင်ဆင်ထားသောကြောင့်  သူမအတွက် အရေးကြီးသည့်အချိန်သို့ ကျရောက်နေလေပြီ။  သူမခန္ဓာကိုယ်သာ ထိခိုက်သွားပါက  နောက်ထပ် အဆင့်တက်ဖို့  အသင့်ဖြစ်စေဖို့ရာ  မည်မျှထပ်စောင့်ဆိုင်းရမည်နည်း။

“ မင်းက ဘာလိုချင်တာလဲ  ” ခွမ်းပန်ဟို့က ဒေါသကိုထိန်းကာ  မေးလိုက်သည်။

မိုဝူကျီက အသာပြောလိုက်သည်  “ ခင်ဗျားတို့ နှစ်ယောက်လုံးက မဟာကင်းမဲ့ပင်လယ်နယ်ပယ်ထဲ လာတဲ့သူတွေဆီကနေ အမြဲတမ်း လုယူတိုက်ခိုက်နေကြဆိုတော့ ခင်ဗျားတို့ဆီမှာ ပစ္စည်းကောင်းတွေရှိမယ်ထို့ ထင်တယ်။   ခင်ဗျားတို့ရဲ့ သိုလှောင်လက်စွပ်ထဲက  ပစ္စည်းတစ်ခု၊ နှစ်ခုလောက် ရွေးဖို့ ကျုပ်ကို ပြ … ”

“ ဟားဟား  ” ခွမ်းပန်ဟို့က  ရယ်မောကာ  “ ဒီက အရှင်က  ကျုပ်တို့နဲ့ကမ္ဘာ့ရန် ဖြစ်ချင်နေတာလား။ ကျုပ်တို့ သိုလှောင်လက်စွပ်ကို လိုချင်ရင် လာတိုက်စမ်းပါ ”

မိုဝူကျီက စိတ်ထဲမှ သရော်လိုက်သည်။ သူက ထိုလူနှစ်ယောက်ကို မသတ်နိုင်သည့်အချက်ကြောင့်သာ မဟုတ်လျှင် ထိုစကားများ လျှောက်ပြောနေစရာ မလိုအပ်ပေ။ ကမ္ဘာရန်ကြွေးအတွက် သူတို့က သူ့လမ်းကို ပိတ်ဆို့ပြီး တားဆီးလိုက်စဉ်ကတည်းက ဖြစ်ပြီးသွားလေပြီ။ မိုဝူကျီက သူ့အတွက် သူတို့လက်စွပ်ကို ရဖို့ရာ မဖြစ်နိုင်ကြောင်း သိထား၏။  ထို့ကြောင့်  သူက  ကုံဝူယု ထွက်ပြေးဖို့ ကြိုးစားသည်နှင့် သူမ လက်တစ်ဖက်ကို ဖြတ်ပစ်ဖို့ရာ  နည်းလမ်းကို တွေးတောနေမိသည်။

ကုံဝူယုက မိုဝူကျီအား စိုက်ကြည့်နေပြီး  သူမဘေးပတ်လည်မှ အပြောင်းအလဲကို အာရုံခံနေသည်။  သူမက မလှုပ်ရှားရဲသည်မှာ သူမ လှုပ်လိုက်သည်နှင့် မိုဝူကျီက တိုက်ခိုက်မည်ကို စိုးရိမ်၍ ဖြစ်၏။

သူမနှင့် သူမ ခင်ပွန်းတို့က ယနေ့ကဲ့သို့အဖြစ်အပျက်မျိုးနှင့် တစ်ခါမှ မကြုံတွေ့ဖူးပေ။ သူတို့က အမြဲတမ်း ပစ်မှတ် မှန်မှန်ကန်ကန် ရွေးချယ်နိုင်ခဲ့ပြီး တစ်ခါမှ မကျရှုံးဖူးသေးပေ။ သို့သော်လည်း ဤတစ်ကြိမ်၌  သူတို့က ပစ်မှတ်ကို မှားယွင်းစွာ ကောက်ချက်ချမိခဲ့ကြသည်။

အကြောင်းမှာ သူတို့က ဂရုမမူမိ၍ မဟုတ်ဘဲ မိုဝူကျီက သာမာန်ဖြစ်လွန်းနေ၍ ဖြစ်၏။ မိုဝူကျီက  သူမကို ဤမျှအထိ ဒဏ်ရာရစေခဲ့သော်လည်း သူမအနေဖြင့်  မိုဝူကျီမှာ မည်မျှအန္တရာယ်များကြောင်း မပြောနိုင်သေးပေ။ တခြားနည်းဖြင့်  သူမရှေ့တွင် ရှိနေသော လူငယ်လေးက သေမျိုးတစ်ယောက်အဖြစ် ပြုမူနေလျှင်ပင် သူမက သံသယဝင်မိမည် မဟုတ်ပေ။

ခွမ်းပန်ဟို့က အားရပါးရ ရယ်မောလိုက်ပြီး  လေထုထဲ ပစ္စည်းသုံးမျိုး ပစ်လွှင့်လိုက်သည်  “ တစ်ခုကို ရွေးလိုက် ”

အဆင့် ၆ အင်မော်တယ် ပစ္စည်း၊ အဆင့် ၇ အင်မော်တယ် အသီးနှင့် အဆင့် ၇ သတ္တုတို့ ဖြစ်၏။

သာမာန် မဟာယီရှန်းအဆင့် တစ်ယောက်အတွက်  ထိုအရာမှာ ထိပ်တန်းရတနာများ ဖြစ်သော်လည်း မိုဝူကျီအတွက် ထိုအရာအားလုံးမှာ အမှိုက်သာ ဖြစ်၏။

မိုဝူကျီက  လက်ကို မြှောက်ကာ ထိုပစ္စည်းသုံးမျိုးလုံးကို ပစ်လွှင့်လိုက်သည်။ အင်မော်တယ် အသီးမှာ သူ့သတ်ဖြတ်ငွေ့ကြောင့် အပိုင်းပိုင်းအစစ ပျက်စီးသွားပြီး  မိုဝူကျီက ထိုလူနှစ်ယောက်ကို ပညာပေးရန် ဆုံးဖြတ်လိုက်သည်။ မိုဝူကျီက  ဝဲကတော့ စွမ်းအားစက်ကွင်းအတွင်း စိတ်စွမ်းအား အသုံးပြုသည်မှာ ပထမဆုံးအကြိမ် ဖြစ်၏ ။ နေရာတစ်ခုလုံးမှာ အပြင်းအထန် တုန်ခါလာလေသည်။ ကုံဝူယုက  နာကျင်စွာ အော်ပြောလိုက်သည်  “ ရပ်ပါတော့  … အင်မော်တယ်လောက ကနေ ထွက်သွားနိုင်တဲ့ အာကာသလမ်းကြောင်းကို  သိတယ်  ”

အင်မော်တယ်လောက ကနေ ထွက်သွားနိုင်တဲ့ အာကာသလမ်းကြောင်းတဲ့လား ….

မိုဝူကျီ၏  သတ်ဖြတ်ငွေ့များမှာ ပြင်းထန်လာလေ၏။

ခွမ်းပန်ဟို့၏ မျက်နှာမှာ  ဖြူဖျော့သွားကာ  ထိုလူငယ်လေးက ဤမျှအထိ မောက်မာလိမ့်မည်ဟု မထင်ထားမိပေ။ သူ့ပစ္စည်းသုံးမျိုးကို အမှိုက်သဖွယ် သဘောထားနေ၏။ ထိုပစ္စည်းများက သူ့ဆီ ရှိသော အကောင်းဆုံး ပစ္စည်းများ မဟုတ်သော်လည်း သာမာန်ကျင့်ကြံသူများအတွက် အဖိုးတန်ရတနာအဖြစ် သတ်မှတ်၍ ရပေသည်။

“ ပြော … ဒါက ခင်ဗျားရဲ့ နောက်ဆုံးအခွင့်အရေးပဲ။ တတိယအကြိမ်တော့ သေချာပေါက် ရပ်မှာ မဟုတ်တော့ဘူး  ” မိုဝူကျီက ပြောရင်း  သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှာ သေရေး ရှင်ရေး ကံကြမ္မာစက်ဝန်း အမှတ်အသာကို ထုတ်ပြီးလေပြီ။

ယခင် မိုဝူကျီ၏ သေရေး ရှင်ရေး ကံကြမ္မာ စက်ဝန်းကို  ပွင့်လင်းမြင်သာ ထုတ်ဖော်ခဲ့သော်လည်း  ဤတစ်ကြိမ်၌  စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းနှင့် သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းတို့ကို အသုံးပြုရန် ကြံရွယ်ထား၏။ ဤနည်းလမ်းကို အသုံးပြုလိုက်ခြင်းမှာ ထိရောက်မှု လျော့ပါးသွားနိုင်သော်လည်း ထိုအမျိုးသမီး၏ လက်တစ်ဖက် ဖြတ်ပစ်ဖို့ရာ လုံလောက်သည်ထက် ပိုပေသည်။ သူမကို သတ်ဖို့ရာ ကျရှုံးခဲ့၍ သူ့အပေါ် ပြန်လည် သက်ရောက်မည် ဆိုလျှင်ပင် မိုဝူကျီက အရေးမစိုက်ပေ။ တခြားလူများက သေရေး ရှင်ရေး ကံကြမ္မာ စက်ဝန်း ထုတ်သုံးလျှင် တစ်ယောက်က အသက်ရှင်၍ နောက်တစ်ယောက်က သေဆုံးရမည်။ သူတွင် အသက်ဓာတ်လမ်းကြောင်း  ရှိနေသောကြောင့် တစ်ဖက်လူ မသေလျှင်ပင် သူက သေမည် မဟုတ်ပေ။

အပေါ်ယံ၌ မိုဝူကျီက  တိုက်ခိုက်မှု ရပ်တန့်လိုက်ဟန် ပေါ်နေသော်လည်း  သူ့သေစေလောက်သည့် စွမ်းအားများက အပြင်းအထန်  လှည့်ပတ်နေကြသည်။ မိုဝူကျီဘေးနား ရပ်နေသည့် ဟန်လုံပင် သေစေလောက်သည့် စွမ်းအားများကို ခံစားမိပြီး နောက်သို့ ဆုတ်လိုက်ရသည်။

ဖြူဖျော့ဖျော့ ခွမ်းပန်ဟို့က  ပို၍ အခြေအနေဆိုးလာကာ  မိုဝူကျီ လုပ်နေသည့်အရာကို မမြင်လိုက်သော်လည်း ခံစားမိနေသည်။

ပစ်မှတ်ထားခံရသည့် ကုံဝူယုက ပို၍ သိသိသာသာ ခံစားမိနေပြီး  စိုးရိမ်တကြီး ပြောလိုက်ရသည်

“ မဟာကင်းမဲ့ပင်လယ်နယ်ပယ် အနက်ပိုင်းမှာ အင်မော်တယ်လောက ကနေ ထွက်သွားလို့ရတဲ့ အာကာသ လမ်းကြောင်းတစ်ခု ရှိတယ်။ ဘယ်ကို ဦးတည်နေတာလဲဆိုတာတော့ ကျမလည်း သေချာမသိဘူး။ ဒါက ကျမဘာသာ လုပ်ထားတဲ့ မြေပုံပါ …. ”

သူမက ပြောလိုက်ရင်း မိုဝူကျီဆီ သလင်းကျောက်ကို ပစ်ပေးလိုက်သည်။ သူမ စတင် ကျင့်ကြံစဉ်ကတည်းက  သူမဘေးနားမှ သေစေလောက်သည့် ဤသို့ စွမ်းအားများကို  မခံစားမိဖူးပေ။

***

All Chapters