မိုးကောင်းကင်ခုံရုံးရှိကောင်းကင်ဘုံနန်းတော်မှနတ်ဆေးလုံး
Vol. 57 Ch. 793
အခန်း (၇၉၃) မိုးကောင်းကင်ခုံရုံးရှိကောင်းကင်ဘုံနန်းတော်မှနတ်ဆေးလုံး
“ဝမ်လေးကလည်း ကျွန်မလိုပဲ မိဘမဲ့တစ်ယောက်ပါ...”
ဖန်းယွင်ရှန်းက ပြန်ဖြေသည်။
“ဒီတော့ သူက သူ့ဆရာနဲ့အရမ်းသံယောဇဉ်ရှိတယ် ၊ တကယ့်သားအမိအရင်းတွေလိုပဲ”
ရန်ကျောက်ကဲက...
“သူ့မိဘရင်းတွေအကြောင်း သူက ပြောမပြဖူးဘူးလား”
ဖန်းယွင်ရှန်းက ခေါင်းခါယမ်းရင်း...
“ဝမ်လေးပြောပြတာတော့... သူ့မိအရင်းတွေကို မမှတ်မိတော့ဘူးတဲ့ ၊ သူ လူမှန်းသိတတ်စကတည်းက သူက မိဘမဲ့တစ်ကောင်ကြွက် ၊ ဆွေမျိုးသားချင်းတွေလည်းမရှိဘူးတဲ့”
သူမက ရန်ကျောက်ကဲကိုကြည့်ရင်း...
“ဘာလို့ ရုတ်တရက်ကြီး ဒီအကြောင်းမေးရတာလဲ”
ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...
“ဒီလိုပဲမေးလိုက်တာ ၊ ဒီအတိုင်းဆိုရင် မန်ဝမ်က အထက်ဘုံကမ္ဘာကလူတစ်ယောက်လည်း ဖြစ်နိုင်တာပဲလေ”
အစွန်းရောက်ရှစ်ပါးကမ္ဘာသမိုင်းတွင် ကျန်းချောင်က အထက်ဘုံကမ္ဘာသို့ ပထမဆုံးတက်ရောက်နိုင်သည့် သိုင်းသူတော်စင် ဖြစ်သည်။
မန်ဝမ် ၊ ထန်ယုံဟောင် ၊ ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့က နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်မဖြစ်သေးသည့်တိုင် ကောင်းကင်အက်ကွဲကြောင်းကို ဖြတ်သန်းပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာမှ အထက်ဘုံကမ္ဘာသို့တက်လာသည့် ပထမဆုံးအသုတ်ဖြစ်သည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာမှ အထက်ဘုံကမ္ဘာသို့တက်ရောက်ရန် ခက်ခဲသော်လည်း အထက်ဘုံကမ္ဘာမှ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဆင်းသက်လာသူကတော့ များစွာရှိသည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ထူးကဲယန်စည်းတံဆိပ်နှင့် ထူးကဲယင်သရဖူကိုချန်ထားခဲ့သည့် တန်ခိုးစွမ်းအားရှင်များရှိခဲ့သလို ပန်းချီဆရာသူတော်စင် အဘိုးအို’မော့’ သည်လည်း မကြာသေးခင်ကမှ အထက်ဘုံကမ္ဘာမှ ဆင်းသက်လာသူ ဖြစ်၏။
ထို့ကြောင့် ယုတ္တိကျကျဆိုရသော် မန်ဝမ်သည် ကျွမ်းကျောင်းဟွေနှင့် တစ်ခါမှမတွေ့မြင်ဖူးပေ။ ရေအောက်နန်းတော်ထဲရောက်မှသာ ကျွမ်းကျောင်းဟွေက မန်ဝမ်ကို သတိထားမိခြင်း ဖြစ်သည်။ ကျွမ်းကျောင်းဟွေ၏ စကားများအရ သူက အောက်ဘုံကမ္ဘာမှ အစွန်းရောက်ရှစ်ပါးကမ္ဘာဆိုသည်ကို ရောက်ဖူးရန်အသာထား ၊ ကြားပင်ကြားဖူးဟန် မရှိပေ။
သို့ဖြစ်ရာ ဖြစ်နိုင်ခြေရှိသော တစ်ခုတည်းသောအဖြေမှာ ကျွမ်းကျောင်းဟွေ သို့မဟုတ် တောင်ပိုင်းထိပ်တန်းအရှင်သခင်သည် မန်ဝမ်နှင့် ပတ်သက်သည့် တစ်စုံတစ်ဦးကို သိနေခြင်းဖြစ်နိုင်သည်။
တစ်စုံတစ်ယောက်က အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ဆင်းလာခဲ့ပြီး မန်တမ်ကိုမွေးဖွားခဲ့သည်။ သို့မဟုတ် လူတစ်ယောက်က မန်ဝမ်ကိုအစွန်းရောက်ရှစ်ပါးကမ္ဘာသို့ခေါ်လာပြီး ထိုနေရာတွင် ထားရစ်ခဲ့သည်။
ထိုသူက မည်သည့်နေရာရောက်သွားသည်လည်းမသိပေ။ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် နေထိုင်ခြင်းမရှိဘဲ အထက်ဘုံကမ္ဘာသို့ ပြန်တက်သွားခြင်းလည်း ဖြစ်နိုင်သလို သေဆုံးသွားခြင်းလည်း ဖြစ်နိုင်၏။
ရန်ကျောက်ကဲက...
“နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုရှိသေးပေမယ့်... ဖြစ်နိုင်ခြေတော့နည်းတယ်”
သူက ဆက်ပြောသည်။
“မန်ဝမ်မှာ ဘယ်သူမှမသိအောင် လျှို့ဝှက်ထားတဲ့ အရည်အချင်း ဒါမှမဟုတ် ရတနာပစ္စည်းတစ်ခုခု ရှိနေတာမျိုးပေါ့ ၊ ထန်ယုံဟောင် ဇာမဏီအရိုးရသွားသလိုမျိုးလေ ၊ ဒါမှမဟုတ် ကျင့်ကြံခြင်းနဲ့ပတ်သက်တဲ့ ထူးခြားတဲ့ခန္ဓာကိုယ် ရှိနေတာမျိုးပေါ့ ၊ ငါတို့မသိတာကို ကျွမ်းကျောင်းဟွေကသိသွားပြီး မန်ဝမ်ကို အကျိုးအမြတ်ရဖို့အပြင် တခြားရည်ရွယ်ချက်မရှိဘဲ ဖမ်းဆီးသွားတာ ဖြစ်နိုင်တယ်”
ဖန်းယွင်ရှန်းက ခဏမျှ စဉ်းစားရင်း...
“ဒီဖြစ်နိုင်ခြေကတော့ အတော်နည်းတယ်”
ရန်ကျောက်ကဲက လက်နှစ်ဖက်ဖြန့်ကားရင်း...
“ဒါကြောင့် ပထမဖြစ်နိုင်ခြေက အဖြစ်နိုင်ဆုံးပဲ ၊ မန်ဝမ်မွေးဖွားလာတာနဲ့ပတ်သက်လို့ တိုက်ဆိုင်တဲ့အကြောင်းရင်းတစ်ခု ရှိရမယ် ၊ ကြည့်ရတာ မင်းရဲ့ညီမလေးက အရမ်းကိုထင်ရှားတဲ့နောက်ခံတစ်ခုရှိရမယ် ၊ အခက်အခဲတွေကြောင့် အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ လာပြီးစွန့်ပစ်ခံရတဲ့ မင်းသမီးလေးတစ်ပါးများ ဖြစ်နေသလားပဲ”
ဖန်းယွင်ရှန်းက ထူးဆန်းစွာပြုံးလိုက်ရင်း...
“ဟုတ်ပ... တကယ့်ကိုကြုံတောင့်ကြုံခဲဒဏ္ဍာရီတစ်ပုဒ်ပါပဲရှင်...”
ရန်ကျောက်ကဲက ရယ်မောရင်း...
“မင်းတို့နှစ်ယောက် ညီအစ်မရင်းတွေလိုပဲ ချစ်ခင်ကြတာ ၊ သူ့ဇာစ်မြစ်က ဂုဏ်သိက္ခာရှိတယ်ဆိုရင် မကောင်းဘူးလား ၊ ဒါမှ သူ့လိုထူးခြားတဲ့သူတစ်ယောက်ကို ကျွမ်းကျောင်းဟွေ မကောင်းကြံနိုင်မှာ မဟုတ်တော့ဘူးလေ ၊ ကျွမ်းကျောင်းဟွေက မန်ဝမ်ကိုတန်ဖိုးထားတယ်ဆိုရင် သူလည်းအန္တရယ်ကင်းမှာပေါ့”
“ဒါပေမဲ့ မန်ဝမ်သာ ဒီလိုမြင့်မားတဲ့အခြေအနေရောက်သွားရင် သူ့ရဲ့ဂုဏ်အဆင့်အတန်းကိုအသုံးပြုပြီး နေသူတော်စင်ဂိုဏ်းကို ပြန်တည်ထောင်ပြီး အင်အားကြီးမားလာအောင် လုပ်လာမလား မပြောနိုင်ဘူး”
ရန်ကျောက်ကဲက လက်နှစ်ချောင်းထောင်လိုက်ရင်း...
“ကြီးမြတ်တဲ့ပုဂ္ဂိုလ်တွေက ဆုံးရှုံးသွားခဲ့တဲ့ သူတို့သားသမီးတွေကိုပြန်တွေ့တဲ့အခါ သဘောထားနှစ်မျိုးထားကြတယ်”
သူက ဆက်ပြောသည်။
“တချို့က အဲဒီသားသမီးနဲ့ရင်းနှီးတဲ့ဆက်ဆံရေးကို မမျှဝေချင်တော့တာကြောင့် လျစ်လျူရှုလိုက်ကြတယ် ၊ တချို့ကတော့ သားသမီးတွေကို စွန့်ပစ်မိတဲ့အတွက် နောင်တရသက်သာစေဖို့ သူတို့ကို အစွမ်းကုန်လိုက်လျောဖြည့်ဆည်းပေးကြတယ်”
ဖန်းယွင်ရှန်းက ရန်ကျောက်ကဲကို အချိန်အတန်ကြာစိုက်ကြည့်ရင်း ရယ်ရမလား ငိုရမလားမသိတော့ပေ။
“စည်းဘောင်တွေနဲ့ ကန့်သတ်မထားဘဲ ဖောက်ထွက်တွေးခေါ်တဲ့နေရာမှာ သိပ်တော်တယ်လို့ ကျွန်မကိုယ်ကျွန်မ အမြဲအထင်ကြီးခဲ့တယ် ၊ ဒါပေမဲ့ ရှင်က ကျွန်မထက်တောင် ပိုတော်နေသေးတယ် ၊ ရှင့်စကားတွေက ကျွန်မကို ဝမ်လေးအတွက်စိတ်မပူတော့ဘဲ ဝါဒတောင်အတွက်စိတ်ပူပေးဖို့ တစ်ခါတည်းဆွဲဆောင်သွားတော့တာပဲ”
ရန်ကျောက်ကဲက ရယ်မောရင်း...
“ဝါဒတောင်ကိုစိုးရိမ်ရမှာမဟုတ်ဘူးလေ ၊ ငါ့ကို စိုးရိမ်ပေးရမှာ... တွေ့လား မင်းက ငါ့ကိုကျ စိုးရိမ်တဲ့ပုံလည်းမပေါ်ပါဘူး ၊ အေးပေါ့လေ... ဘဝကြီးက ချောချောမွေ့မွေ့အဆင်ပြေနေပြီဆိုတော့ ငါ့အတွက် စိတ်မပူတော့ဘဲ မန်ဝမ်အတွက်ပဲစိတ်ပူပြီး ကြိုတင်ခန့်မှန်းချက်တွေ စဉ်းစားနေတော့တာပေါ့”
ဖန်းယွင်ရှန်းက ခေါင်းခါယမ်းရင်း...
“ဝမ်လေးက ကျွန်မနဲ့ ယှဉ်ပြိုင်တိုက်ခိုက်တာကလွဲလို့ တခြားကိစ္စတွေမှာ သစ္စာရှိခဲပါတယ် ၊ ကျွန်မ ဝါဒတောင်ကိုရောက်သွားတဲ့နောက် သူ ကျွန်မတို့ဂိုဏ်းကို အန္တရယ်မပြုခဲ့ဘူး ၊ ဂိုဏ်းတူအစ်ကို’ထန်’ လည်း ဒီလိုပါပဲ ၊ သူတို့စိတ်ထဲ နေသူတော်စင်ဂိုဏ်းကို ပြန်တည်ထောင်ချင်တာပဲ ရှိနေမှာပါ”
“ပြီးတော့... ဝမ်လေးရဲ့ အကြီးကျယ်ဆုံးစိုးရိမ်ပူပန်မှုက သူ့ဆရာဘယ်လိုနေသလဲ ဆိုတာပါပဲ”
ဖန်းယွင်ရှန်းက သက်ပြင်းချရင်း...
“ကျွန်မက ဒီအတိုင်းပဲ လျှောက်တွေးပြီးစိုးရိမ်ပူပန်နေတာမဟုတ်ပါဘူး ၊ သူ အန္တရယ်ကျရောက်မှာကို စိတ်ပူမိတာပါ”
ရန်ကျောက်ကဲက...
“ဒီကိစ္စတွေပြီးရင် ငါ အရှေ့တောင်ထိပ်တန်းအရှင်သခင်ဆီကိုသွားရမယ် ၊ အဲဒီကိုရောက်ရင် ကျွမ်းကျောင်းဟွေက မန်ဝမ်ကို ဘာလို့ဖမ်းခေါ်သွားရသလဲဆိုတာ သဲလွန်စရရင်ရနိုင်မယ် ၊ အကြောင်းရင်းသိရရင် သူအန္တရယ်ကင်းရဲ့လားဆိုတာ အတည်ပြုနိုင်မှာပါ”
ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...
“ပြီးတော့ တခြားနေရာတွေမှာလည်း စုံစမ်းကြည့်လို့ရနိုင်ပါတယ် ၊ တကယ်လို့ မန်ဝမ်က အထက်ဘုံကမ္ဘာကလူဆိုရင် သူ့ကိုမှတ်မိတဲ့သူက ကျွမ်းကျောင်းဟွေတစ်ယောက်တည်း မဖြစ်နိုင်ဘူးလေ”
ကွမ်းမင်ဂိုဏ်းနှင့် တာ့ရွှမ်တိုင်းပြည်၏ ခြိမ်းခြောက်မှုက ရှိနေသေးသော်လည်း အရင်ကလို ကြီးမားသည့်ဖိအား မရှိတော့ပေ။
ထို့ကြောင့် ရန်ကျောက်ကဲက ကျူတောပင်လယ်ဒေသမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ အနည်းဆုံးတော့ ဤနေရာတွင် အမြဲတမ်းကျောက်ချမနေဘဲ ခရီးထွက်သင့်သည် မဟုတ်ပါလား။
အရင်က ကွမ်းမင်ဂိုဏ်းနှင့် တာ့ရွှမ်တိုင်းပြည်တို့က အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် ဝါဒတောင်ကို အချိန်မရွေးဘေးအန္တရယ်ကျရောက်စေနိုင်သော ဓားထက်ထက်များပမာ ဖြစ်ခဲ့ကြသည်။
ထိုသို့သောအခြေအနေမျိုးတွင် အခြားကိစ္စများကိုလုပ်ဆောင်ရန် အားလပ်ချိန် မရှိခဲ့ပေ။ ယခုတော့ အခြေအနေပေးသည်ဖြစ်ရာ အထက်ဘုံကမ္ဘာတစ်ခွင် ခရီးနှင်ရန် အားလပ်သွားပြီ ဖြစ်၏။
မိခင်ဖြစ်သူ ရွှယ်ချူးချင် မည်သည့်နေရာတွင်ရှိသည်က သူ့အတွက်အမြဲတမ်း လျှို့ဝှက်ဆန်းကျယ်မှုတစ်ခု ဖြစ်နေခဲ့သည်။ ယခုတော့ ရန်ကျောက်ကဲအနေဖြင့် မိခင်ဖြစ်သူကိုရှာဖွေဖို့ အခွင့်အရေး ရရှိပေပြီ။
နေရာဒေသများစွာသို့ လှည့်လည်ရင်း မန်ဝမ်အကြောင်းကိုလည်း စုံစမ်းမေးမြန်းနိုင်သည်ပင်။ သို့မဟုတ် လင်ဟန့်ဟွာနှင့် မုကျွင်းတို့ထံမှလည်း သတင်းစုံစမ်း၍ ရနိုင်သည်။
ကျူတောပင်လယ်ဒေသတစ်ခုလုံးမှာပင် လူပေါင်းများစွာရှိသည်ဖြစ်ရာ အချိန်မရွေး မေးမြန်းကြည့်နိုင်သည်။
ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကို နှစ်သိမ့်ပေးရင်း အသေင်္ချနဂါးနန်းတော်ကို ထိန်းချုပ်လျှက် ရန်တိစောင့်နေသည့် ဝိညာဉ်နယ်မြေသို့ ပြန်လာခဲ့သည်။
အပြန်လမ်းတွင် ရန်ကျောက်ကဲမှာ ငိုရမလားရယ်ရမလားမသိသော ကိစ္စတစ်ခု ကြုံရသေး၏။
တောင်းတျဲသတ္တဝါ၏နှလုံးသားဖြစ်သော သွေးရေကန်ကို မျိုချပြီးသည့်နောက် ပန်ပန်မှာ အလွန်တရာကြီးမားလာခဲ့သည်။ မိစ္ဆာချီများအလွန်များပြားနေသဖြင့် ပန်ပန်မှာ ဒေါသတကြီးပုံစံပေါက်နေပြီး ဖိနှိပ်ရန်လည်း ခက်ခဲနေသည်။
သွေးသန့်စင်သော ဖီရှိုးသတ္တဝါဖြစ်သည့်ပန်ပန်သည် ကြီးမားသောအခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားသည်။ သို့သော် ပင်လယ်ရေနက်ထဲတွင် သေဆုံးခဲ့ပြီးသော တောင်းတျဲသတ္တဝါနှင့်ယှည်လျှင် သူ၏ကျင့်ကြံခြင်းအဆင့်က အလွန်နည်းပါးနေသေးသည်။
ထို့ကြောင့် တောင်းတျဲမိစ္ဆာနှလုံးသားကိုမျိုချပြီး မချေဖျက်နိုင်ဖြစ်ကာ မရှုနိုင်မကယ်နိုင် ဖြစ်နေခြင်းပင်။
ဖီရှိုးသည်လည်း အရာအားလုံးကို စုပ်ယူမျိုချနိုင်သည့် ပင်ကိုယ်အစွမ်းသတ္တိကို ပိုင်ဆိုင်ထားသည်။ တောင်းတျဲသတ္တဝါလောက် နာမည်မကြီးသည့်တိုင် မိုးအောက်မြေပြင်မှ အရာအားလုံးကို လောဘကြီးစွာ စားသောက်ရာတွင် နာမည်ကြီးဆဲ ဖြစ်၏။
ထိုအချက်ကြောင့်သာ ပန်ပန်တစ်ကောင် ကံကောင်းသွားခြင်း ဖြစ်သည်။ အခြားသော မိစ္ဆာသားရဲဖြစ်ပါက တောင်းတျဲသတ္တဝါ၏နှလုံးသားမှ မိစ္ဆာစွမ်းအားဒဏ်ကိုမခံနိုင်ဘဲ အသက်ပျောက်သွားမည် ဖြစ်၏။
“ဒါပေမဲ့ မင်း ဒီအဆင့်ကိုဖြတ်ကျော်နိုင်ရင် ဘဝအသစ်ပြန်လည်မွေးဖွားလာသလို ကြီးမားတဲ့အပြောင်းအလဲတွေ ခံစားရလိမ့်မယ်”
ရန်ကျောက်ကဲက ပန်ပန်ကို လက်ဖြင့်အသာဖွဖွပွတ်သပ်လိုက်ပြီးနောက် သူ၏ ခြေလက် (၄)ချောင်း ၊ ရင်ဘတ် ၊ နောက်ကျောနှင့် ဦးခေါင်းနေရာတို့တွင် အင်းသင်္ကေတ (၇)ခု ရေးဆွဲပေးလိုက်သည်။
ဤ အင်းသင်္ကေတများအားလုံးထဲတွင် ‘ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ’ ၏ နက်နဲသောသဘောတရားများ ပါဝင်နေသည်။ ရန်ကျောက်ကဲက ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာကို မကျင့်ကြံရသေးသော်လည်း ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ အခြေခံအုတ်မြစ်ရှိသဖြင့် အနည်းငယ် တတ်ကျွမ်းနေဆဲ ဖြစ်သည်။
အင်းသင်္ကေတ (၇)ခု၏ အကူအညီကြောင့် ပန်ပန် ချက်ချင်းပင် သက်သောင့်သက်သာ ဖြစ်လာသည်။
ထို့နောက် ရန်ကျောက်ကဲက ရေအောက်နန်းတော်သို့သွားရောက်ရာမှ ရရှိခဲ့သော အကျိုးအမြတ်များဖြစ်သည့် ချီဝေ၏ အရိပ်ကျုံ့အိတ်ကို စစ်ဆေးကြည့်လိုက်သည်။
“အင်း... ချီဝေမှာ အဖိုးတန်ပစ္စည်းတွေရှိမှာပဲ ၊ ပန်ပန်ရေ... မင်း ခံစားနေရတာသက်သာအောင် သူ့ပစ္စည်းတွေထဲမှာ အသုံးဝင်တာဘာတွေရှိလဲ ငါ ကြည့်လိုက်ဦးမယ်”
ချီဝေက သိုင်းသူတော်စင် ပဉ္စမအဆင့် ကျင့်ကြံသူဖြစ်သလို အစီအရင်ပညာရှင်တစ်ယောက်လည်းဖြစ်လေရာ များပြားလှစွာသော ရတနာပစ္စည်းများပိုင်ဆိုင်ထားသည်။
“ဟမ်...”
အဖိုးတန်ရတနာပစ္စည်းများစွာ ရရှိသဖြင့် အလွန်ပျော်ရွှင်နေသည့်ရန်ကျောက်ကဲမှာ ရုတ်တရက် လှုပ်ရှားမှုရပ်တန့်သွားသည်။
သူ၏မျက်လုံးများ မှေးစင်းသွားပြီး အရိပ်ကျုံ့အိတ်အတွင်းမှ သေးငယ်သည့်ဗူးလေးတစ်ခုကိုထုတ်ယူလိုက်ပြီး ဖွင့်ကြည့်လိုက်ရာ အတွင်းထဲတွင်ဆေးလုံးတစ်လုံးရှိနေကြောင်း တွေ့ရသည်။
“မီလောရွှေဆေးလုံး... ဒါက မိုးကောင်းကင်ခုံရုံးက ကောင်းကင်ဘုံနန်းတော်မှာပဲရှိတဲ့ နတ်ဆေးလုံးပဲ ၊ ဒီ ချီဝေမှာ ဒီလိုဆေးလုံးမျိုးရှိနေမယ်လို့ ထင်မထားမိဘူး”