လွှမ်းမိုးနိုင်စွမ်းမြင့်မားသောရတနာပစ္စည်း
Vol. 57 Ch. 794
အခန်း (၇၉၄) လွှမ်းမိုးနိုင်စွမ်းမြင့်မားသောရတနာပစ္စည်း
ပိုးသားဖြင့်ပြုလုပ်ထားသည့် သေးငယ်သောဗူးလေးကိုဖွင့်လိုက်သည့်အခါ မွှေးပျံ့သည့်ဆေးလုံးရနံ့က အသင်္ချေနဂါးနန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး နန်းတော်အတွင်းမှလူများအားလုံး သက်သောင့်သက်သာ ခံစားလိုက်ကြရသည်။
ဗူးလေးထဲတွင် ရွှေရောင်ဖျော့ဖျော့တောက်ပနေသည့် စက်လုံးအသွင်ဆေးလုံးတစ်လုံးရှိနေသည်။ ထိုဆေးလုံးထက်တွင် မှိန်ဖျော့ဖျော့ခရမ်းရောင်အလင်းတန်းများက လှည့်ပတ်လျှက် ရှိ၏။
ရန်ကျောက်ကဲ ဆေးလုံးကို စူးစိုက်ကြည့်ရင်း သူ့မျက်ဝန်းများက အတွေးထဲလွင့်မျောသွားသည်။
ဤ ပိုးသားဗူးလေးကို မဖွင့်ခင်ကတည်းက တစ်စုံတစ်ခုကို ယောင်ဝါးဝါးခံစားခဲ့မိသော်လည်း စိတ်ထင်ခြင်းဖြစ်မည်ဟုသာ တွေးခဲ့မိသည်။
သို့သော် ပိုးသားဗူးလေးကိုဖွင့်လိုက်ပြီး အတွင်းမှဆေးလုံးကို တွေ့လိုက်ရသည့်အခါ သူ့စိတ်ထဲမှသံသယများအားလုံး ရှင်းလင်းသွားတော့သည်။
“မီလောရွှေဆေး” ဟုအမည်ရသည့် ဤဆေးလုံး၏အာနိသင်က အလွန်တရာအံ့သြစရာကောင်းသည်။
သာမန်လူသားများစားသုံးမိလျှင် အသက်ရှည်ပြီး ထာဝရနုပျိုနေစေမည်။ ကောင်းကင်ဘုံကိုသိမြင်နိုင်ပြီး ကောင်းကင်ဘုံနန်းတော်၏ အမိန့်အာဏာကို ကြားသိနိုင်မည် ဖြစ်၏။
လောလောလတ်လတ်သေဆုံးသူ စားသုံးပါက ချက်ချင်းအသက်ပြန်ရှင်လာနိုင်ပြီး အရိုးကျနေသောလူသေတစ်ယောက်ကိုတိုက်ကျွေးပါက ချက်ချင်းပင် အရိုးအသားများ ပြန်လည်ဖြစ်တည်လာနိုင်သည်။
သိုင်းကျင့်ကြံသူများ စားသုံးမည်ဆိုပါက ကောင်းကင်ကိုးထပ်အထက်တွင်တည်ရှိသော အံ့သြဖွယ်ရာ အသန့်စင်ဆုံးချီစွမ်းအားဖြစ်သည့် ‘အမတချီစွမ်းအား’ နှင့် ချိတ်ဆက်နိုင်ကာ ထိုချီစွမ်းအားကို ခန္ဓာကိုယ်အတွင်း စုပ်ယူကျင့်ကြံနိုင်ပြီး နှိုင်းယှဉ်မရသော အကျိုးကျေးဇူးများ ရရှိပေမည်။
မဟာကပ်ဘေးကြီးမတိုင်ခင်က ဤဆေးလုံးသည် မိုးကောင်းကင်ခုံရုံးတွင်သာ ရှိခဲ့သည်။ မိုးကောင်းကင်ခုံရုံး၏အဂ္ဂိရတ်ခန်းမတွင် သိမ်းဆည်းထားခြင်း ဖြစ်၏။
ကောင်းကင်ကိုးထပ်အထက်မှ အမြင့်ဆုံးအဆင့် အမတချီစွမ်းအားကို စုပ်ယူနိုင်စွမ်းရှိသည့် ဤအဖိုးတန်ဆေးလုံးကို ကောင်းကင်ဘုံနန်းတော်မှ အမတမျိုးနွယ်များသည်ပင် အလွန်တရာတန်ဖိုးထားကြသည်။
ကျင့်ကြံခြင်းအဆင့် မလုံလောက်သောသူများပင်လျှင့် ဤဆေးလုံး၏အာနိသင်ကို ခံစားဖူးကြသည်။ ကျင့်ကြံခြင်းအဆင့် မလုံလောက်သည့်တိုင် မီလောရွှေဆေးလုံး သေးငယ်သည့်ပမာဏကိုအသုံးပြုကာ အမတချီစွမ်းအားများကို စုပ်ယူခွင့်ရရှိလျှင် သူတို့အတွက် အလွန်တရာ အဖိုးတန်နေပေပြီ။
ယနေ့ အထက်ဘုံကမ္ဘာ၏ချီစွမ်းအားစီးဆင်းမှုက အောက်ဘုံကမ္ဘာများဖြစ်သော အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ သမုဒ္ဒရာကမ္ဘာ ၊ မျောလွင့်ဝိညာဉ်ကမ္ဘာနှင့် ယွမ်ဖူကမ္ဘာတို့၏ ချီစွမ်းအားစီးဆင်းမှုထက် အဆပေါင်းများစွာ ပိုမိုသာလွန်သည်။
အထက်ဘုံကမ္ဘာသို့ ပထမဆုံးရောက်ရှိစဉ်က မဟာကပ်ဘေးကြီးမတိုင်ခင် စကြာဝဠာကမ္ဘာသို့ ပြန်လည်ရောက်ရှိသွားသည့်အလား ခံစားခဲ့ရဖူးသည်။ သို့သော် အတိုင်းအတာတစ်ခုအထိသာ တူညီခြင်းဖြစ်ပြီး မဟာကပ်ဘေးကြီးမတိုင်ခင်က အလှဆုံးအချိန်အခါနှင့် နှိုင်းယှဉ်ပါက အထက်ဘုံကမ္ဘာသည် အနည်းငယ် နိမ့်ကျနေသေးသည်။
နောက်တစ်ချက်မှာ အရှေ့တောင်နေဝန်းပြည်နယ်ထက် အသစ်ပြန်လည်တည်ဆောက်ထားသော ခွန်လွန်တောင်တည်ရှိရာ အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်က ပိုမိုကောင်းမွန်သောဒေသတစ်ခု ဖြစ်နိုင်သည်။
သို့သော် မဟာကပ်ဘေးကြီးမတိုင်ခင် ကမ္ဘာပေါင်းအသင်္ချေ၏ပတ်ဝန်းကျင်သည်လည်း နေရာဒေသအလိုက် ၊ အဆင့်သတ်မှတ်ချက်အလိုက် ကွဲပြားမှုရှိသည်။ အထူသဖြင့် ကောင်းကင်ကိုးထပ်အထက်တွင်တည်ရှိသော ကောင်းကင်ဘုံနန်းတော်သည် မလွဲမသွေ အမြင့်မြတ်ဆုံးနေရာတစ်ခုဖြစ်ပေသည်။
ကောင်းကင်ကိုးထပ်ထက်မှ ‘အမတချီစွမ်းအား’ ဆိုသည်ကလည်း ထိပ်တန်းအဆင့် စွမ်းအားတစ်ခုဖစ်ပြီး ကောင်းကင်ဘုံနန်းတော်မှာပင် အမတမျိုးနွယ် အနည်းငယ်သာ လက်လှမ်းမီသော အရာတစ်ခု ဖြစ်၏။
‘အမတချီစွမ်းအား’ ရှားပါးအဖိုးတန်မှုကြောင့် မီလောရွှေဆေးလုံး၏ အဖိုးတန်မှုကို ပိုပြီးထင်ရှားစေသည်။
မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် မိုးကောင်းကင်ခုံရုံးနှင့် ကောင်းကင်ဘုံနန်းတော် ပြိုကျသွားခဲ့ပြီး ရတနာပစ္စည်းများစွာလည်း ဖျက်ဆီးခံခဲ့ရသည်။
အဂ္ဂိရတ်ခန်းမ မည်သို့ဖြစ်သွားသည်ကို ရန်ကျောက်ကဲမသိရှိသလို ထိုခန်းမအတွင်းမှ ပြဒါးဆေးလုံးများနှင့် အခြားအစွမ်းထက်ဆေးစွမ်းကောင်းများ ဘာဖြစ်သွားသည်ကိုလည်း မသိရှိခဲ့ပေ။
ယနေ့ မီလောရွှေဆေးလုံးကို တွေ့မြင်ရမည်ဟု မျှော်လင့်မထားမိပေ။
ရန်ကျောက်ကဲ မေးစေ့ကိုပွတ်သပ်လိုက်သည်။
ဤ မီလောရွှေဆေးလုံးက ချီဝေ၏ အရိပ်ကျုံ့အိတ်အတွင်းမှ အခြားသောပစ္စည်းများထက် အဆပေါင်းများစွာ ပိုမိုတန်ဖိုးကြီးမားပေသည်။
သူက အရိပ်ကျုံ့အိတ်ကို ထပ်မံရှာဖွေလိုက်ရာ ချီဝေကိုယ်တိုင်ရေးသားထားသော မှတ်စုစာအုပ်တစ်အုပ်ကို တွေ့ရသည်။ ထိုစာအုပ်ထဲတွင် အစီအရင်ပညာနှင့်ပတ်သက်ပြီး ချီဝေကိုယ်တိုင် လေ့လာထားမှုများအပြင် နယ်လှည့်ခရီးထွက်ရင်း ရရှိခဲ့သော ရှေးဟောင်းအစီအရင်အချို့ကိုလည်း မှတ်တမ်းတင်ထားသည်။
ထိုမှတ်စုများက အစီအစဉ်တကျမဟုတ်ဘဲ အဆင်သင့်သလို ရေးမှတ်ထားခြင်း ဖြစ်သည်။ ထူးခြားသည့်အစီအရင်ပညာအချို့ကိုပင် တွေ့ရသည်။
ထိုမှတ်စုများထဲတွင် ‘မီလောရွှေဆေးလုံး’ ကံကောင်းထောက်မစွာ မည်သို့မည်ပုံ ရရှိခဲ့ကြောင်းကိုလည်း မှတ်တမ်းတင်ထား၏။
ချီဝေက ထိုဆေးလုံးအကြောင်း သေသေချာချာမသိရှိသဖြင့် ထိုဆေးလုံး၏ထူးခြားသောစွမ်းအားကို ကျယ်ကျယ်ပြန့်ပြန့် နားလည်ခြင်း မရှိခဲ့ပေ။
ကျူတောပင်လယ်ဒေသသို့ ရောက်ရှိလာပြီးနောက် ချီဝေက တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းခြင်းမရှိတော့ဘဲ ‘ကောင်းကင်စွမ်းအားအစီအရင်’ ကို ဇောက်ချပြုလုပ်သည်။
မီလောရွှေဆေးလုံးရရှိခဲ့ခြင်းက အလွန်တရာထူးခြားဆန်းကျယ်ပြီး နက်ရှိုင်းလွန်းသဖြင့် သူက ထိုဆေးလုံးကို သေချာသိမ်းဆည်းထားရန် ဆုံးဖြတ်လိုက်သည်။ အသုံးမပြုခင် သေသေချာချာ သုတေသနပြုရန် စီစဉ်ထား၏။
ထိုဆေးလုံးနှင့်ပတ်သက်သည့် သုတေသနတွေ့ရှိချက်များကိုလည်း ချီဝေက မှတ်စုထဲတွင် ချရေးထားသည်။
စိတ်မကောင်းစရာမှာ သူက အစီအရင်ကိစ္စနှင့်ပတ်သက်ပြီး အလုပ်များနေရသဖြင့် သေသည်အထိ ထိုဆေးလုံး၏ သဘောသဘာဝအစစ်အမှန်ကို သိရှိသွားခဲ့ခြင်း မရှိပေ။
ရန်ကျောက်ကဲက ပိုးသားသေတ္တာလေးကို လက်ဖဝါးထက်တွင်ကိုင်ထားရင်း တိတ်ဆိတ်စွာ စဉ်းစားနေသည်။
‘မီလောရွှေဆေးလုံး’ ဆိုသည်က သူ့အတွက်ပင် အလွန်တရာတန်ဖိုးရှိသော ထိပ်တန်းပစ္စည်း ဖြစ်သည်။
အခြားသောရှုထောင့်မှကြည့်လျှင် ဤဆေးလုံးက အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုထက် တန်ဖိုးကြီးမားသော်လည်း ဆေးလုံးကိုသောက်သုံးပြီးနောက် အကျိုးအမြတ် ဘယ်လောက်ရသည်အပေါ်မူတည်ပြီး ဆုံးဖြတ်ရမည့်ကိစ္စ ဖြစ်သည်။
အချိန်မရွေးအသုံးပြုနိုင်သည့် အစွမ်းထက်လက်နက်များဖြစ်သော အထွတ်ထိပ်မှော်ဝင်ပစ္စည်းများနှင့်မတူညီဘဲ လုံလောက်သည့်ကျင့်ကြံခြင်းအဆင့်သို့ရောက်ရှိသည်နှင့် ဆေးလုံးကိုသောက်သုံးနိုင်မည် ဖြစ်သည်။ ကျင့်ကြံခြင်းအဆင့် မလုံလောက်သည့်တိုင် ထိုဆေးလုံးကိုသောက်သုံးထားပါက ရေရှည်တွင် ဆေးလုံးစွမ်းအားကို ခန့်မှန်းရခက်လှသည်။
သို့သော် ရန်ကျောက်ကဲပိုပြီးစိတ်ဝင်စားသည်မှာ ဤဆေးလုံးကို ချီဝေက မည်သည့်နေရာက ရရှိခဲ့ပါသနည်း ဆိုသည့်အချက်ပင်။
မိုးကောင်းကင်ခုံရုံးရှိ အဂ္ဂိရတ်ခန်းမဆိုသည်က သိုင်းကျမ်းစာကြည့်တိုက်ကဲ့သို့ပင် တုနှိုင်းမရသည့် ဘဏ္ဍာတိုက်တစ်ခု ဖြစ်၏။ ထိုခန်းမထဲတွင်ရှိနိုင်သော ပစ္စည်းများအကြောင်း တွေးတောမိသည့်အခါ ရန်ကျောက်ကဲ ခေါင်းများပင် မူးဝေချင်လာသည်။
အဂ္ဂိရတ်ခန်းမပျက်ဆီးသွားပြီဖြစ်သည့်တိုင် ယခင်ကရှိခဲ့သော ဆေးဝါးများကို ရှာဖွေတွေ့ရှိပါက ပြိုင်ဘက်မရှိသော ရတနာသိုက်တွေ့ရသည့်အလား ဖြစ်မည်မှာ သေချာသည်။
ရန်ကျောက်ကဲက မီလောရွှေဆေးလုံးနှင့်ပတ်သက်ပြီး ချီဝေရေးသားထားသောမှတ်စုကို သေသေချာချာ ဖတ်ရှုကြည့်သောအခါ တစ်စုံတစ်ခုကို တွေ့ရှိလိုက်ရသည်။
“အိုး... ကောင်းကင်မီးတောက်သစ်ပင်တွေနဲ့ ပြည့်နေတယ်ဆိုပဲ... ကောင်းကင်မီးတောက်သစ်ပင်ဆိုတာက ကျူတောပင်လယ်ဒေသက ရာသီဥတုမှာတော့ ပေါက်ပွားနိုင်စွမ်း မရှိဘူး ၊ ဒါပေမဲ့ သူတို့က အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ရဲ့ တစ်နေရာရာမှာများ ရှိနိုင်သလား”
“နောက်မှပဲ အဲဒီသစ်ပင်တွေ ဘယ်မှာပေါက်တတ်သလဲ မေးမြန်းကြည့်ရမှာပဲ”
ရန်ကျောက်ကဲ အတွေးများကိုရပ်တန့်လိုက်ပြီး ဆေးလုံးထည့်ထားသည့် ပိုးသားသေတ္တာငယ်လေးကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။
လောလောဆယ် ထိုဆေးကိုစားရန် သူ့အတွက် အချိန်ကောင်းမဟုတ်သေးပေ။ ထို့ကြောင့် လောလောဆယ် သိမ်းဆည်းထားရန်သာ လိုအပ်သည်။ ဆေးကိုသိမ်းဆည်းပြီးသည်နှင့် ရန်ကျောက်ကဲက သူ့ကိုယ်သူတည်ငြိမ်စေလိုက်ပြီး ချီဝေ၏ အရိပ်ကျုံအိတ်အတွင်းမှ ကျန်ရှိသောပစ္စည်းများကို ဆက်လက်စစ်ဆေးလိုက်သည်။
ထို့နောက် ကပ်ဘေးဖြေလျှော့သလင်းကျောက်နှင့် ကျောက်စိမ်းမြက်တို့ကိုယူပြီး ပန်ပန်ပါးစပ်ထဲထည့်ပေးလိုက်၏။
ပန်ပန်က သူ့ပါးစပ်ကြီးကိုဖြဲပြီး ထိုပစ္စည်းများကို မျိုချလိုက်သည်။ တစ်ခဏအတွင်း အတော်လေး နေသာထိုင်သာရှိသွားဟန်တူသည်။
အင်းသင်္ကေတ (၇)ခုကလည်း သူ၏ ဦးခေါင်း ၊ ရင်ဘတ် ၊ နောက်ကျော ၊ ခြေလက် (၄)ချောင်းပေါ်တွင် တိတ်ဆိတ်စွာ ပျံ့နှံ့သွားပြီး အသက်ဓာတ်စွမ်းအားမြင့်တက်လာရန်ကူညီပေးကာ တောင်းတျဲ၏နှလုံးသားမှ မိစ္ဆာစွမ်းအားများကိုသန့်စင်ရန် ကူညီပေးလိုက်သည်။
ခဏအကြာမှာတော့ ပန်ပန်၏ခန္ဓာကိုယ်ထက်တင် ဖောင်းကြွနေသောသွေးကြောများ ပြေလျော့သွားပြီး သူ၏ ကြီးမားသောခန္ဓာကိုယ်ကြီးသည်လည်း ပြန်လည်ကျုံ့ဝင်သွားသည်။
ပန်ပန်မျက်တောင်တစ်ချက်ခပ်လိုက်ပြီး သမ်းဝေလိုက်ကာ ပက်လက်လန်ပြီး တချိုးတည်း အိပ်ပျော်သွားလေတော့သည်။
ရန်ကျောက်ကဲ ပြုံးလိုက်ပြီး ပန်ပန့်ဦးခေါင်းကြီးကို ပွတ်သပ်ပေးလိုက်သည်။
ထိုအချိန် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည်လည်း တင်ပျဉ်ခွေထိုင်ပြီး ကျင့်ကြံလျှက် ရှိသည်။
ကောင်းကင်ဝါးမျိုဓားသေတ္တာကိုအသုံးပြုပြီး ပန်ပန်ထံမှ မိစ္ဆာစွမ်းအားများကိုစုပ်ယူခဲ့ရသဖြင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ခန္ဓာကိုယ်ထဲသို့ တောင်းတျဲမိစ္ဆာသွေးများ တချို့တစ်ဝက် ဝင်ရောက်သွားသဖြင့် ပြန်လည်သန့်စင်နေခြင်း ဖြစ်၏။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကိုကြည့်ရင်း ရန်ကျောက်ကဲ စဉ်းစာလိုက်သည်။
“မဟာခွန်ဖိန်သိုင်းပညာကို အခြေခံအုတ်မြစ်ထားပြီး နဂါးအစစ်တွေရဲ့သွေးတွေကိုသန့်စင်ကျင့်ကြံခဲ့တယ် ၊ အခုလည်း တောင်းတျဲသွေးကိုကျင့်ကြံနေတယ်ဆိုတော့ သူလည်း မတူကွဲပြားတဲ့လမ်းတစ်ခုကို လျှောက်လှမ်းနေပြီ”
အသင်္ချေနဂါးနန်းတော်က သူတို့ကို သဘာဝပသာဒနယ်မြေအတွင်းမှ ခေါ်ထုတ်သွားပြီး ကန္တာတောင်နယ်မြေကိုဖြတ်ကျော်ကာ ဝိညာည်နယ်မြေသို့ ရောက်ရှိလာသည်။
ဝိညာဉ်နယ်မြေဒေသက အစောပိုင်းဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် ကြီးမားသောပျက်ဆီးဆုံးရှုံးမှုများ ခံစားခဲ့ရပြီး ပတ်ဝန်းကျင်ပင်လယ်ရေများသည်ပင် လုံးဝခမ်းခြောက်လုနီးပါး ဖြစ်ခဲ့ရသည်။
ထို့နောက်မှာတော့ ပတ်ဝန်းကျင်မှ ပင်လယ်ဒီရေများ သဘာဝအတိုင်း ပြန်လည်ဝင်ရောက်လာခဲ့သည်။
သို့ပေသိ ကြီးမားသောအတိုင်းအတာဖြင့် မုန်တိုင်းများ ၊ ဆူနာမီများ အဆက်မပြတ်ဖြစ်ပေါ်နေသဖြင့် ဤနေရာ၏ရာသီဥတုက အလွန်ဖရိုဖရဲဖြစ်နေကာ ယခုအချိန်ထိ ငြိမ်သက်ခြင်း မရှိသေးပေ။
သို့သော် သဘာဝပသာဒနယ်မြေမှ အဆုံးမဲ့သံလိုက်မုန်တိုင်းများနှင့် နှိုင်းယှဉ်ပါက အသေးအဖွဲမျှသာ ဖြစ်သည်။
ရန်ကျောက်ကဲတို့အုပ်စုက ကွမ်းမင်ဂိုဏ်းတည်ရှိခဲ့ဖူးသော နေလတောင်ထွတ်ကို ဖြတ်ကျော်လာသည်။ ယခုတော့ နေလတောင်ထွတ်ပြိုကျသွားပြီဖြစ်ရာ မြေပြင်ပကတိဖြစ်နေပြီး ကွမ်းမင်ဂိုဏ်းဌာနချုပ်တည်ရှိခဲ့သည်ဆိုသော သဲလွန်စပင် မကျန်ခဲ့တော့ပေ။
မကြာမီ မြောက်ပိုင်းကောင်းကင်မှ ကောင်းကင်အက်ကွဲကြောင်းကို ထင်ထင်ရှားရှားတွေ့မြင်လာရသည်။
ထိုကောင်းကင်အက်ကွဲကြောင်းနှင့် သိပ်မဝေးသောနေရာတွင် တင်ပျဉ်ခွေထိုင်လျှက် ဒူးထက်တွင်ဓားကိုကန့်လန့်ဖြတ်တင်ထားသော လူရွယ်တစ်ယောက်ရှိနေသည်။
အခြားသူမဟုတ် ၊ “ရန်တိ” ပင် ဖြစ်လေ၏။